Thursday, January 6, 2011

သစ္စာပန်းများ ပွင့်စေခြင်း

၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၁ ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ ၂၀၁၁ ခုနှစ်၏ ပထမဦး ဓမ္မသင်တန်းနှင့် စနေနေ့ ဆည်းဆာတရားပွဲကို ပြုလုပ် ကျင်းပ၏။

လောကချမ်းသာဆရာတော်က မွန်းလွဲ ၂ နာရီမှ ၄ နာရီအထိ မဟာသတိပဋ္ဌာနသုတ်၊ ကာယာနုပဿနာ၊ ဓာတုမနသိကာရပိုင်းနှင့် နဝသိဝထိကပိုင်းတို့ကို ပို့ချပေး၏။

ညနေ ၄ နာရီခွဲတွင် လောကချမ်းသာ စနေနေ့ ဆည်းဆာ တရားပွဲကို ကျင်းပရာ အရှင်ပညာနန္ဒက ‘သစ္စာပန်းများ ပွင့်စေခြင်း’တရားတော်ကို ၂ နာရီခန့် ဟောကြား ချီးမြှင့်၏။



တရားပွဲ မစမီ စကားလက်ဆောင်အဖြစ် မေတ္တာထားသူ၊ ဒေါသပွားသူတို့တွင် မိမိကိုယ်တိုင် မေတ္တာအကျိုး၊ ဒေါသအပြစ်တို့ကို ရှေးဦးစွာ ခံစားရပုံအကြောင်း ရှင်းပြ ဟောပြော၏။

ထိုနောက် -

လူလည်းဖြစ်ခဲ၊ သက်ရှင်ခဲ၏
သက်လည်းရှင်ပြန်၊ လူဖြစ်ပြန်က
တွေ့ရန် သာသနာ၊ ခက်ခဲပြန်၏
သာသနာလည်၊ တွေ့ခဲ့ပြန်က
တွေ့ခဲတရား၊ နာနိုင်ငြား၏
နာကားနာပေ၊ သိခဲပေ၏
သိပေပြန်လည်း၊ ကျင့်နိုင်ခဲသည်
ခက်ခဲ ဒုလ္လဘပါတကား ... ဟူသည်နှင့်အညီ ရခဲ ကြုံခဲ အခွင့်ခါကောင်းကြီးနှင့် တွေ့ကြုံနေကြခိုက် သံဃာတော်များက -

‘သိ’ ‘ပယ်’ ‘ဆိုက်’ ‘ပွား’၊ ဟောစဉ်ထား၍ ညွှန်ကြား ပြသနေကြသည့်အတိုင်း

‘ပွား’ ‘သိ’ ‘ပယ်’ ‘ဆိုက်’၊ ကျင့်စဉ်လိုက် ကြမည်ဆိုပါလျှင် သစ္စာပန်းများ ဖူးပွင့် ဝေဆာမည် အမှန်ဖြစ်ကြောင်း ဟောကြား၏။

တရားပွဲပြီးသော် ၅ မိနစ်ခန့် တရားရှုမှတ်ကြပြီး၊ ကောင်းမှုကုသိုလ် အစုစုတို့ကို အများသတ္တ ဝေနေယျတို့အား အမျှပေးဝေကြလေသည်။

သာဓု ... သာဓု ... သာဓု။

No comments: