Monday, January 31, 2011

တန်ခိုးထက်မြက်သည့် တရားတော် ဂါထာတော် သင်ကြားပို့ချချက်များ - အရှင်ဣန္ဒက

၁၉၇၉ ခုနှစ် ဧပြီလတွင် မဟာစည်ဆရာတော်ဘုရားကြီး နယူးယောက်မြို့သို့ ကြွရောက်လာသောအခါ နယူးယောက်မြို့၌ ဗုဒ္ဓဘာသာအသင်းအဖွဲ့တစ်ခု၊ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်း ဖြစ်မြောက်အောင် တိုက်တွန်း သြဝါဒ မြွက်ကြားခဲ့၏။

ဦးဟန်ကြူ၊ ဒေါက်တာဦးလှဖေ၊ ဒေါက်တာဦးအောင်သိန်း၊ ဦးဌေး၊ ဦးအေးကြူ ဦးဆောင်သော လူကြီးများက အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်းကို ဖွဲ့စည်း တည်ထောင်ခဲ့ကြပြီး၊ ၁၉၈၁ ခုနှစ် သြဂုတ်လ ၂၁ ရက်နေ့တွင် နယူးယောက်ပြည်နယ် အစိုးရ အသိအမှတ်ပြု အဖွဲ့အစည်းတစ်ခု ဖြစ်လာခဲ့သည်။

၁၉၈၃ ခုနှစ် ဇူလိုင်လ ၁၆ ရက်၊ အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်း၏ ပထမ ဝါဆိုပွဲသို့ ကြွရောက်လာခဲ့သော ဆရာတော် အရှင်ဣန္ဒကမှာ အသင်း၏ ပဓာနနာယကဆရာတော် ဖြစ်လာခဲ့ပြီး ယခုတိုင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်းတွင် သီတင်းသုံးလျက် သာသနာအကျိုး သည်ပိုး ထမ်းဆောက်လျက် ရှိပါသည်။

ယခုနှစ် သြဂုတ်လတွင် အသင်း၏ သက်တမ်း နှစ် ၃၀ ပြည့်မည်ဖြစ်ရာ လွန်ခဲ့သော ၁၉၈၅ ခုနှစ်က လောကချမ်းသာဆရာတော်၏ တိတ်ခွေဖြင့် သင်ကြား ပို့ချချက်များကို အမှတ်တရ ပြန်လည် ဖော်ပြလိုက်ပါသည်။


တန်ခိုးထက်မြက်သည့် တရားတော် ဂါထာတော်များ (၁၈-မတ်-၁၉၈၅)
Download for CD quality (128kbps)

Tuesday, January 25, 2011

သစ္စာလေးပါးနှင့် ဘယ်အရိပ်ခိုမလဲ ... အို ယောဂီ

သစ္စာလေးပါး

အဲဒီကနောက် မြတ်စွာဘုရား .. ဘာကို ဟောပြန်သလဲလို့ဆိုတော့ -

“ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခံ အရိယသစ္စံ၊
ဇာတိပိ ဒုက္ခာ၊
ဇရာပိ ဒုက္ခာ၊
ဗျာဓိပိ ဒုက္ခော၊
မရဏမ္ပိ ဒုက္ခံ၊
အပ္ပိယေဟိ သမ္ပယောဂေါ ဒုက္ခော၊
ပိယေဟိ ဝိပ္ပယောဂေါ ဒုက္ခော၊
ယမ္ပိစ္ဆံ န လဘတိ တမ္ပိ ဒုက္ခံ၊
သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ”
လို့ တစ်ချက် ဟောခဲ့တယ်။

“ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခသမုဒယံ အရိယသစ္စံ၊
ယာယံ တဏှာ ပေါနောဗ္ဘဝိကာ နန္ဒီရာဂသဟဂတာ တတြတတြာဘိနန္ဒိနီ၊
သေယျထိဒံ -
ကာမတဏှာ၊
ဘဝတဏှာ၊
ဝိဘဝတဏှာ”
လို့ သမုဒယသစ္စာ ဒီဟာတစ်ချက် ဟောခဲ့တယ်။

“ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခနိရောဓံ အရိယသစ္စံ၊
ယော တဿာ ယေဝ တဏှာယ အသေသဝိရာဂနိရောဓော စာဂေါ ပဋိနိဿဂ္ဂေါ မုတ္တိ အနာလယော”
လို့ နိရောဓသစ္စာအတွက် တစ်ချက် ဟောခဲ့တယ်။

“ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စံ၊
အယေ မေဝ အရိယော အဋ္ဌင်္ဂိကော မဂ္ဂေါ။
သေယျထိဒံ -
သမာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပေါ၊
သမ္မာဝါစာ၊ သမ္မာကမ္မန္တော၊ သမ္မာအာဇီဝေါ၊
သမ္မာဝါယာမော၊ သမ္မာသတိ၊ သမ္မာသမာဓိ”
လို့ မဂ္ဂသစ္စာအတွက် တစ်ချက် ဟောတယ်။

သစ္စာလေးပါးတရားသာ ကျင့်စရာ

ဘုန်းကြီးအနေနဲ့ ဆိုလို့ရှိရင် အခု တရားနာတဲ့ ပရိသတ်တွေ ယခုပါဠိကနောက် တိုးပြီးတော့ မသွားကြနဲ့တော့။
ဒီပါဠိတော် လေးခုထဲတွင်ပဲ လှည့်ပြီးတော့ ထားကြတော့။ စိတ်ကိုပေါ့လေ။
ဘာပြုလို့လဲ?
သုတ္တန်တစ်ခုကို ကြားတယ် နာတယ်။
အဲဒီသုတ္တန်ထဲမှာ အလုပ်လုပ်ဖို့ရန်အတွက် သုတ္တန်ထဲက အလုပ် ဘယ်လိုထွက်ရမလဲ?
အလုပ်ကို ဘယ်လို ရှာယူရမလဲလို့ ကြည့်လေ။

ဟောဒီ ပါဠိလေးခုရဲ့ နောက်မှာဆိုလို့ရှိရင် တရားနာပရိသတ်တွေအဖို့ အလုပ်တစ်ခုမှ မရှိဖူးနော်။

ဘာနဲ့တူသလဲလို့ဆိုတော့ အဲဒီက နောက်မှာ -
ဣဒံ ဒုက္ခံ အရိယသစ္စန္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု ... အစရှိသည်ဖြင့် လာတာက ဘုရားကိုယ်တော်မြတ်က ငါဘုရားမှာ ရှေးအလောင်းတော် ဖြစ်စဉ်ကာလက မကြားဖူး မမြင်ခဲ့ဖူးတဲ့ တရားတွေပေါ်မှာ ဒုက္ခသစ္စာ၌ ဒုက္ခပဲလို့ သိတဲ့ သစ္စဉာဏ်၊ ပရိညေယျတရားပဲလို့ သိတဲ့ ကိစ္စဉာဏ်၊ ငါ့မှာ ပိုင်းခြား၍ သိပြီးပြီဟု သိတဲ့ ကတဉာဏ်ဆိုတဲ့ ဒုက္ခသစ္စာအပေါ်၌ ဉာဏ်သုံးပါး၊ သမုဒယသစ္စာပေါ်၌ ဉာဏ်သုံးပါး၊ နိရောဓ, မဂ္ဂသစ္စာပေါ်၌ ဉာဏ်သုံးပါးစီ ဖြစ်တာကို ဘုရားဟောတာ။

ကိုယ်တော်မြတ်သန္တာန် သစ္စာလေးပါးတို့တွင် တစ်ပါး တစ်ပါး၌ သစ္စဉာဏ်၊ ကိစ္စဉာဏ်၊ ကတဉာဏ်ဆိုတဲ့ ဉာဏ်သုံးပါးစီ ဖြစ်တာကို ဟောပြီးတော့ -
ယာဝကီဝဉ္စ မေ ဘိက္ခဝေ ဣမေသု စတူသု အရိယသစ္စေသု ဧဝံ တိပရိဝဋ္ဋံ ... အစရှိသော ပါဠိဖြင့် သစ္စာလေးပါးမှာ တစ်ပါး တစ်ပါး၌ သုံးချက်စီ သုံးချက်စီ အပြန်ရှိတဲ့ ဒွါဒသာကာရ = တစ်ဆယ့်နှစ်ပါး အခြင်းအရာရှိတဲ့ သစ္စဉာဏ်၊ ကိစ္စဉာဏ်၊ ကတဉာဏ်ဆိုတဲ့ ပစ္စဝေက္ခဏာ ဉာဏ်အမြင်တွေ မပိုင်သေးသမျှဖြင့် သမ္မာသမ္ဗုဒ္ဓဘုရားပဲလို့ ငါဘုရား ဝန်မခံသေးဘူး။

အဲဒီ ဉာဏ်အမြင် တစ်ဆယ့်နှစ်ပါး ပစ္စဝေက္ခဏာဆင်ခြင်လို့ ပိုင်နိုင်ပြီဆိုတဲ့ ကာလကျမှ သမ္မာသမ္ဗုဒ္ဓ သဗ္ဗညုမြတ်စွာဘုရား ဖြစ်ကြောင်းကိုပါ ဘုရားဝန်ခံတယ်။
ဒါပဲ ... အဲဒါ ဘုရားကိုယ်တော်မြတ်က ကိုယ်တော်မြတ်ရဲ့အကြောင်း ပြောတာ။

အခုနတုန်းက စာလေးပိုဒ်က ဘာကို ပြောတာလဲလို့ဆိုတော့ -
မဇ္ဈိမပဋိပဒါဆိုတာ ဘယ်သူ့ခေါ်တုန်း။
မဇ္ဈိမပဋိပဒါဆိုတာ မဂ္ဂင်ရှစ်ပါးကို ခေါ်တယ်။

ဒါဖြင့် မြတ်စွာဘုရား ... တပည့်တော်တို့ မဇ္ဈိမပဋိပဒါ မဂ္ဂင်ရှစ်ပါး လမ်းစဉ်လိုက်ချင်လို့ရှိရင် တပည့်တော်တို့ တချိန်တည်း၌ အလုပ်ရှစ်မျိုး လုပ်နေရမှာလား မြတ်စွာဘုရားလို့ မေးစရာ ရှိတယ်။

သမ္မာဒိဋ္ဌိပိုင်နိုင်အောင် ကိုင်ကြလေ

မဟုတ်ဘူး တဲ့။
အလုပ်တစ်ခုကို သင်ချစ်သားတို့ လုပ်ခြင်းဖြင့် မဇ္ဈိမပဋိပဒါ မဂ္ဂင်ရှစ်ပါး သင်ချစ်သားတို့ ပြည့်စုံစေမယ်။

ဘယ်လို လုပ်ရမှာတုန်း ... မြတ်စွာဘုရား။

အဲဒီ မဂ္ဂင်ရှစ်ပါးထဲ၌ သမ္မာဒိဋ္ဌိဖြစ်အောင် သင်ချစ်သားတို့ ပွားများကြိုးကုတ် အားထုတ်လို့ရှိရင် သမ္မာဒိဋ္ဌိနဲ့ တွဲလာတဲ့ သမ္မာသင်္ကပ္ပက ဘယ်တော့မှ မိစ္ဆာသင်္ကပ္ပ ဖြစ်လို့ မရဘူး။

သမ္မာဒိဋ္ဌိနဲ့ ယှဉ်ဘက် တွဲစပ်၍ ဖြစ်ပေါ်လာတဲ့ ဝါစာက သမ္မာဝါစာပဲ ဖြစ်ရမယ်ပေါ့။

သမ္မာကမ္မန္တလည်း မိစ္ဆာကမ္မန္တ မဖြစ်ဘူး။ သမ္မာကမ္မန္တ။

သမ္မာဒိဋ္ဌိရှိတဲ့ ပုဂ္ဂိုလ်မှာ မိစ္ဆာအာဇီဝ ဖြစ်၍ မရဘူး။ သမ္မာအာဇီဝပဲ လာမယ်။

မိစ္ဆာဝါယာမ၊ မိစ္ဆာသတိ၊ မိစ္ဆာသမာဓိဆိုတဲ့ မိစ္ဆာမဂ္ဂင်တွေ ဖြစ်၍ မရဘူး။
သမ္မာဒိဋ္ဌိတစ်ခု သင်ချစ်သားတို့ ပိုင်လို့ နိုင်လို့ရှိပြီဆိုရင် သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိတို့လည်းပဲ သင်ချစ်သားတို့ သန္တာန်မှာ ဖြစ်လာလိမ့်မယ်။

စိတ်အာရုံ မပြားနဲ့ သင်ချစ်သားတို့။ မများချင်နဲ့။
အလုပ်ကိစ္စတွေ ထွေပြား များမနေချင်နဲ့။
ငါးကြင်းခေါင်းကိုင်တဲ့နည်းလို သမ္မာဒိဋ္ဌိပိုင်နိုင်အောင် သင်ချစ်သားတို့ ကိုင်ကြလေ။

သင်ချစ်သားတို့ သမ္မာဒိဋ္ဌိမဂ္ဂင်ဆိုတဲ့ ပထမမဂ္ဂင်ဖြစ်လို့ရှိရင် ကျန်တဲ့ မဂ္ဂင်ခုနစ်ပါး၊ ဒီနောက်က ရေလိုက်လာသလို အကုန်လုံး စုံလျက် ပြုန်လျက် မခေါ်ဘဲနဲ့ လိုက်ပါလာပါလိမ့်မယ်။

ဒါကြောင့် သင်ချစ်သားတို့သည် -

ဒုက္ခေ ဉာဏံ၊ ဒုက္ခသမုဒယေ ဉာဏံ၊ ဒုက္ခနိရောဓေ ဉာဏံ၊ ဒုက္ခနိရောဓဂါမိနိယာ ပဋိပဒါယ ဉာဏံ၊ အယံ ဝုစ္စတိ သမ္မာဒိဋ္ဌိ ဆိုတဲ့ သစ္စဉာဏ်၊
သစ္စာလေးပါးကို ဆင်ခြင် စဉ်းစားတဲ့ ဒုက္ခဉာဏ်၊ သမုဒယဉာဏ်၊ နိရောဓဉာဏ်၊ မဂ္ဂဉာဏ် ပေါ်အောင် သင်ချစ်သားတို့ အားထုတ်လေ။

ဒုက္ခဉာဏ်ပေါ်အောင် အားထုတ်ခြင်း

ဒုက္ခဉာဏ်ပေါ်အောင် တပည့်တော်တို့ ဘယ်လို အားထုတ်ရမတုန်းဆိုတော့ ဒုက္ခဉာဏ်ဆိုတာ ဟောတာကို ခေါ်တယ်လို့ လက်ဆုပ်လက်ကိုင် ကိုင်ပြသောအနေနဲ့ -

“ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခံ အရိယသစ္စံ၊
ဇာတိပိ ဒုက္ခာ၊
ဇရာပိ ဒုက္ခာ၊
ဗျာဓိပိ ဒုက္ခော၊
မရဏမ္ပိ ဒုက္ခံ၊
အပ္ပိယေဟိ သမ္ပယောဂေါ ဒုက္ခော၊
ပိယေဟိ ဝိပ္ပယောဂေါ ဒုက္ခော၊
ယမ္ပိစ္ဆံ န လဘတိ တမ္ပိ ဒုက္ခံ၊
သံခိတ္တေန ပဉ္စုပါဒါနက္ခန္တာ ဒုက္ခာ”


ဒုက္ခဆိုတာ အဲဒီရှစ်ပါးကို ခေါ်တာပဲ ချစ်သားတို့။
အဲဒီရှစ်ပါးကို ဒုက္ခပဲလို့ သင်ချစ်သားတို့က သိလေ။
ဒုက္ခကို ဒုက္ခပဲလို့ သိရမှာ ဘာအဆန်းလဲဘုရားဆိုတော့ ...
ဒုက္ခကိုပင် ချစ်သားတို့က အနမတဂ္ဂ အစမထင် သံသရာတစ်ခွင်ကြီးပတ်လုံး သုခလို့ သိခဲ့လို့ သင်ချစ်သားတို့ ဘဝသံသရာ ဒီလောက်ကြီး လည်နေရတာ။

ဇာတိကို သင်ချစ်သားတို့က သုခလို့ ထင်ပါတယ်။
ဒုက္ခလို့ မထင်ခဲ့ဘူး။
စင်စစ်ကား ဇာတိကား ဒုက္ခပဲ။

ပဋိသန္ဓေတည်နေရခြင်းဟာ ဘယ်ပဋိသန္ဓေတည်နေရခြင်းမှ ချမ်းသာတာ မဟုတ်ဘူး။
အခုတော့ ဆုတောင်းတာကိုက နတ်ဘဝပဋိသန္ဓေ တည်နေရပါလို၏၊ ဗြဟ္မာပြည် ပဋိသန္ဓေ တည်နေရပါလို၏၊ ဥပပတ်ပဋိသန္ဓေ တည်နေရပါလို၏လို့ ပဋိသန္ဓေကို မှားပြီးတော့ သင်ချစ်သားတို့က ချမ်းသာသုခ ထင်နေတာတဲ့။
ဒုက္ခကို ဒုက္ခမထင်လို့တဲ့။
ဒုက္ခမှန်း သင်ချစ်သားတို့ သိအောင် ဒုက္ခပဲလို့ ဆင်ခြင်ကြ သိမြင်ကြ ရှုကြ စိတ်ထဲမှာ မြင်အောင် စဉ်းစားကြ။
အသိဉာဏ်ပေါ်အောင် သင်ချစ်သားတို့ ကြည့်ကြ။

အိုရတဲ့ ဇရာကိုလဲ ဒုက္ခအနေနဲ့ သင်ချစ်သားတို့ ကြည့်ကြ။
အိုတာ ဘယ်သူမှ သုခလို့ မမှတ်ပါဘူး ..ဆို။
အိုတာ၏အရသာကို သုခအနေနဲ့ သုံးစွဲကြသေးတယ်နော်။ အချို့လည်း ရှိသေးတယ်။
အဲဒါကြောင့် အိုတာကိုလည်း ဒုက္ခအနေနဲ့ မှတ်။

ဗျာဓိပိ ဒုက္ခော၊ မရဏမ္ပိ ဒုက္ခံ။
ဓမ္မစက္ကပ္ပဝတ္တနသုတ္တန်မှ (ဇာတိ၊ ဇရာ၊ ဗျာဓိ၊ မရဏ) ဒီလေးဌာနကိုတော့ ခေါင်းရင်းမှာ စာအုပ်ရှိကြပါတယ်။ တချို့မှာ ရင်ထဲ ဝမ်းထဲ ဗိုက်ထဲမှာပဲ ဒီအနက်တွေ ရှိကြပါတယ်။
အဲဒါကြောင့်မို့လို့ ဒီလေးချက်ကိုတော့ ပါဠိကိုလည်း မပြတ် မပြတ် ရွတ်။
အနက်ကိုလည်း မပြတ် မပြတ် ရွတ်ပြီးတော့ ဆင်ခြင်။

‘ဘိက္ခဝေ’ ဖြုတ်ကြစို့။ ကိုယ်တိုင် ဆင်ခြင်တဲ့အခါကာလကျတော့ -

“ဣဒံ ခေါ ပန ဒုက္ခံ အရိယသစ္စံ = ဤဆိုလတံ့သော တရားအစုသည်ကား ဒုက္ခအရိယသစ္စာ မှန်လှပေ၏။
ဇာတိရယ်၊
ဇရာရယ်၊
ဗျာဓိရယ်၊
မရဏရယ်၊
အပ္ပိယေဟိ သမ္ပယောဂ၊
ပိယေဟိ ဝိပ္ပယောဂ၊
ဣစ္ဆာ အလာဘ၊
အကျဉ်းချုပ်အားဖြင့် ဥပါဒါနက္ခန္ဓာ ငါးပါးသည် ဒုက္ခသစ္စာပဲလို့ အဲဒီလို ဆင်ခြင်ခြင်းဟာဖြင့် ဒုက္ခဉာဏ်ပဲ။

ဒုက္ခေဉာဏံ ဆိုတဲ့ သမ္မာဒိဋ္ဌိ ဖြစ်ကရော။
ဒုက္ခေဉာဏံ ဆိုတဲ့ သမ္မာဒိဋ္ဌိဖြစ်ဖို့ရန် မြတ်စွာဘုရားက ဤပါဠိကို ဟောတာ။
ဒါဖြင့်ရင် နှလုံးသွင်းတဲ့အနေနဲ့ ဘယ်လို သွင်းရမတုန်း။

ပဋိသန္ဓေနေရခြင်း၊ အိုရခြင်း၊ နာရခြင်း၊ သေရခြင်း၊
ဇာတိ, ဇရာ, ဗျာဓိ, မရဏ အဲဒီလေးခုကား ဒီဘဝမှာဖြင့် အရင်းအမြစ် ဒုက္ခပဲ။

“ပဋိသန္ဓေ
အို, နာ, သေဟု
လေးထွေရင်းမြစ်
ဒုက္ခဖြစ်၏။”


မရှောင်နိုင် မလွှဲနိုင်တဲ့ ဒုက္ခကြီးပဲနော်။ ဟိုနောက်ဒုက္ခကတော့။

“မချစ်ယှဉ်တွဲ
ချစ်သူကွဲနှင့်
လိုလည်းမရ။”


အဲဒီအရာကတော့ ‘လိုချင်တာကို မရတာက ဒုက္ခ’ဆိုတာ မလိုချင်အောင် နေရင် ဒီဒုက္ခက တော်သေးတယ်။ မဖြစ်ဘူး။

မချစ်ယှဉ်တွဲ - မချစ်တဲ့သတ္တဝါ သင်္ခါရတို့နဲ့ ယှဉ်တွဲရတဲ့ ဒုက္ခကို ကိုယ်က လွတ်အောင် ရှောင်လို့ရှိရင် ရသေးတယ်။

ချစ်သူကွဲနှင့် - အစတည်းက ချစ်သူနဲ့ မနေရင် ချစ်သူနဲ့ ကွဲခြင်းဆိုတဲ့ ဒုက္ခ မဖြစ်ဘူး။

“ပဋိသန္ဓေ
အို, နာ, သေဟု
လေးထွေရင်းမြစ်
ဒုက္ခဖြစ်၏။
မချစ်ယှဉ်တွဲ
ချစ်သူကွဲနှင့်
လိုလည်းမရ
အကျဉ်းပြသော်
ပဉ္စဥပါဒါ ငါးခန္ဓာ
သစ္စာဒုက္ခ မှန်မောလှ။”


အဲဒီလို စိတ်ထဲမှာ အာရုံပြုပြီးတော့ စဉ်းစားရင် စဉ်းစားတဲ့ ဆင်ခြင်တဲ့ ပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ ဒုက္ခေဉာဏံအရ ဒုက္ခဉာဏ်ခေါ်တဲ့ သမ္မာဒိဋ္ဌိ မဇ္ဈိမပဋိပဒါ ဖြစ်နေပါတယ်။

သမုဒယသစ္စာဉာဏ်ပေါ်အောင် အားထုတ်ခြင်း

“ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခသမုဒယံ အရိယသစ္စံ၊
ယာယံ တဏှာ ပေါနောဗ္ဘဝိကာ နန္ဒီရာဂသဟဂတာ၊ တတြတတြာဘိနန္ဒိနီ။
သေယျထိဒံ -
ကာမတဏှာ၊
ဘဝတဏှာ၊
ဝိဘဝတဏှာ။”


အာရုံငါးပါး တွယ်ကပ် တပ်မက်တဲ့ ကာမတဏှာ၊
သဿတဒိဋ္ဌိနဲ့ တွဲဖြစ်တဲ့ ဘဝတဏှာ၊
ဥစ္ဆေဒဒိဋ္ဌိနဲ့ တွဲဖြစ်တဲ့ ဝိဘဝတဏှာလို့ အကျဉ်းချုပ် သုံးပါး။

အကျယ်အားဖြင့် တဏှာအစစ် တစ်ရာ့ရှစ်ပြားတဲ့ နောက်တဖန် ဘဝသစ်ကို ဖြစ်စေတတ်တဲ့ လောဘကား ဒုက္ခသမုဒယ။
ဒုက္ခဖြစ်ကြောင်း မကောင်းတဲ့ တဏှာလောဘ သမုဒယသစ္စာလို့ အဲဒီလို အာရုံပြုတဲ့ -

“ဒုက္ခဖြစ်ကြောင်း
မကောင်းတဏှာ
လောဘမှာ
သစ္စာသမုဒယ မှန်မောလှ။”


နိရောဓသစ္စာဉာဏ်ပေါ်အောင် အားထုတ်ခြင်း

“ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခနိရောဓံ အရိယသစ္စံ၊
ယော တဿာယေဝ တဏှာယ အသေသဝိရာဂနိရောဓော၊


တဏှာ၏ အကြွင်းအကျန် မရှိရာ ချုပ်ရာ သဘာဝဟာဖြင့် ဒုက္ခနိရောဓ=ဒုက္ခ၏ ချုပ်ရာ နိရောဓသစ္စာပဲလို့ ဟောထားတယ်။
တဏှာ၏ ချုပ်ခြင်းဖြင့် ဒုက္ခ၏ ချုပ်ခြင်းကို ဖော်ပြတယ်။

“တဏှာချုပ်ရာ
နိဗ္ဗာန်မှာ
သစ္စနိရောဓ မှန်မောလှ။”


အဲဒီလို စဉ်းစားဆင်ခြင်လို့ ရှိရင်ဖြင့် နိရောဓေဉာဏံဆိုတဲ့ သမ္မာဒိဋ္ဌိ ဖြစ်နေတာပဲနော်။
ဟိုဘက် သွားလိုက်အုန်း။

မဂ္ဂသစ္စာဉာဏ်ပေါ်အောင် အားထုတ်ခြင်း

“ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စံ၊
အယေမေဝ အရိယော အဋ္ဌင်္ဂိကော မဂ္ဂေါ။
သေယျထိဒံ -
သမ္မာဒိဋ္ဌိ၊ သမ္မသင်္ကပ္ပေါ၊
သမ္မာဝါစာ၊ သမ္မာကမ္မန္တော၊ သမ္မာအာဇီဝေါ၊
သမ္မာဝါယာမော၊ သမ္မာသတိ၊ သမ္မာသမာဓိ။”


“နိဗ္ဗာန်ရောက်ကြောင်း
ကောင်းသောအသိ
ကောင်းဘိ အကြံ
ကောင်းသံ ဆိုပြော
ကောင်းသော အပြု
ကောင်းမှု သက်မွေး
ကောင်းရေး လုံ့လ
ကောင်းထ သတိ
ကောင်းဘိ တည်စွာ
ဤရှစ်ဖြာ
သစ္စမဂ္ဂ မှန်မောလှ။”


ကောင်းသော အာရုံကို ကြံစည်ခြင်း၊ သစ္စာလေးချက်ကို ကြံစည်ခြင်းပေါ့နော်။
ကောင်းသောအကြံ = သမ္မာသင်္ကပ္ပ၊
ကောင်းသံဆိုပြော = သမ္မာဝါစာ၊
ကောင်းသောအပြု = သမ္မာကမ္မန္တ၊
ကောင်းမှုသက်မွေး = သမ္မာအာဇီဝ၊
ကောင်းမှုလုံ့လ = သမ္မာဝါယာမ၊
ကောင်းထသတိ = သမ္မာသတိ၊
ကောင်းဘိတည်စွာ = သမ္မာသမာဓိ၊
ဤရှစ်ဖြာ သစ္စာမဂ္ဂ မှန်မောလှ။

အဲဒီ ရှစ်ခုကို မဂ္ဂသစ္စာလို့ အောက်မေ့ပြီးတော့၊ ဆင်ခြင်ပြီးတော့ ပွားများနေလို့ရှိရင်ဖြင့် ဒုက္ခေဉာဏံ၊ ဒုက္ခသမုဒယေဉာဏံ၊ ဒုက္ခနိရောဓေဉာဏံ၊ ဒုက္ခနိရောဓဂါမိနိယာပဋိပဒါယဉာဏံ ဆိုတဲ့ သစ္စဉာဏ်လေးချက်တို့တွင် စတုတ္ထဉာဏ် ဖြစ်တာပဲ။
သမ္မာဒိဋ္ဌိဖြစ်တာပဲနော်။

ဆင်ခြင်ဖွယ် တရားအနှစ်

ဒီတော့ ဘုန်းကြီးအလိုတော့ တရားနာပရိသတ်တွေသည် ရှေ့ကို မလှမ်းကြပါနဲ့တော့။
အခု အဲဒီလေးဌာနကနေပြီးသကာလ ပါဠိလိုတသွယ်၊ မြန်မာလိုတသွယ်၊ လင်္ကာလိုတသွယ် ကိုယ်စီကိုယ်ငှ ဆင်ခြင်ပြီးတော့ပဲ တရားပွဲ သိမ်းကြပါစို့လို့ ဒီလိုပဲ ပြောချင်တယ်။

(၁၉၅၆ ခုနှစ်တွင် မင်းကွန်းဆရာတော်ဘုရားကြီး ဟောကြားတော်မူခဲ့သော “ဓမ္မစကြာတရားတော်” မှ)

+++

ဒုက္ခသစ္စာ

“ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခံ အရိယသစ္စံ၊
ဇာတိပိ ဒုက္ခာ၊
ဇရာပိ ဒုက္ခာ၊
ဗျာဓိပိ ဒုက္ခော၊
မရဏမ္ပိ ဒုက္ခံ၊
အပ္ပိယေဟိ သမ္ပယောဂေါ ဒုက္ခော၊
ပိယေဟိ ဝိပ္ပယောဂေါ ဒုက္ခော၊
ယမ္ပိစ္ဆံ န လဘတိ တမ္ပိ ဒုက္ခံ၊
သံခိတ္တေန ပဉ္စုပါဒါနက္ခန္တာ ဒုက္ခာ”


ရဟန်းတို့ - ဤသည်ကား အရိယာတို့ သိအပ်တဲ့ ဆင်းရဲအမှန် ဖြစ်ပေသည်။
ဘဝသစ်ဖြစ်ခြင်းလည်း ဆင်းရဲပင်၊
အိုခြင်းလည်း ဆင်းရဲပင်၊
နာခြင်းလည်း ဆင်းရဲပင်၊
သေခြင်းလည်း ဆင်းရဲပင်၊
မချစ်မနှစ်သက်အပ်တဲ့ အာရုံဝတ္ထုများ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံရခြင်းလည်း ဆင်းရဲပင်၊
ချစ်ခင်နှစ်သက်အပ်တဲ့ အာရုံဝတ္ထုများ ပုဂ္ဂိုလ်များနှင့် ကွဲကွာရခြင်းလည်း ဆင်းရဲပင်၊
အလိုရှိတာကို မရခြင်း, မရနိုင်တာကို လိုချင်ခြင်းသည်လည်း ဆင်းရဲပင်၊
အကျဉ်းချုပ်အားဖြင့်ဆိုလျှင် ငါ, ငါ့ဥစ္စာဟု ထင်မှတ် စွဲလမ်းနိုင်တဲ့ ခန္ဓာငါးပါး ရုပ်နာမ်များသည် ဆင်းရဲချည်းပင် ဖြစ်သည်။

“ပဋိသန္ဓေ
အို, နာ, သေဟု
လေးထွေရင်းမြစ်
ဒုက္ခဖြစ်၏။
မချစ်ယှဉ်တွဲ
ချစ်သူကွဲနှင့်
လိုလည်းမရ
အကျဉ်းပြသော်
ပဉ္စဥပါဒါ ငါးခန္ဓာ
သစ္စာဒုက္ခ မှန်မောလှ။”


သမုဒယသစ္စာ

“ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခသမုဒယံ အရိယသစ္စံ၊
ယာယံ တဏှာ ပေါနောဗ္ဘဝိကာ နန္ဒီရာဂသဟဂတာ၊ တတြတတြာဘိနန္ဒိနီ။
သေယျထိဒံ -
ကာမတဏှာ၊
ဘဝတဏှာ၊
ဝိဘဝတဏှာ။”


ရဟန်းတို့ - ဤသည်ကား အရိယာတို့ သိအပ်တဲ့ ဆင်းရဲဖြစ်ပွားကြောင်း အမှန် ဖြစ်ပေသည်။
အကြင် တဏှာသည် တဖန် ဘဝသစ်ကို ဖြစ်ပေါ်စေတတ်၏။
နှစ်သက် တပ်စွဲခြင်း သဘောရှိ၏။
ထိုထို ရရာအာရုံ ရရာဘဝတို့၌ နှစ်သက်ပျော်မွေ့လျက် ရှိ၏။
ထိုတဏှာမှာ သရုပ်အားဖြင့် -
ကာမဂုဏ်၌ တပ်မက်သော တဏှာ၊
ဘဝ၌ တပ်မက်သော တဏှာ၊
သူ့အလိုလို ဘဝပြတ်ခြင်း၌ တပ်မက်သော တဏှာ ဟူ၍ ၃-ပါး အပြား ရှိ၏။

“ဒုက္ခဖြစ်ကြောင်း
မကောင်းတဏှာ
လောဘမှာ
သစ္စာသမုဒယ မှန်မောလှ။”


နိရောဓသစ္စာ

“ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခနိရောဓံ အရိယသစ္စံ၊
ယော တဿာ ယေဝ တဏှာယ အသေသဝိရာဂနိရောဓော စာဂေါ ပဋိနိဿဂ္ဂေါ မုတ္တိ အနာလယော”


ရဟန်းတို့ - ဤသည်ကား အရိယာတို့ သိအပ်တဲ့ ဆင်းရဲချုပ်ငြိမ်းရာအမှန် ဖြစ်ပေသည်။
၎င်းမှာ ယင်း တဏှာ ၃-ပါး၏ အကြွင်းမဲ့ ပျက်ပြယ် ချုပ်ငြိမ်းသွားခြင်း၊ ယင်းတဏှာကို စွန့်ခြင်း၊ လွတ်ထွက် စွန့်ခြင်း၊ ယင်းတဏှာမှ လွတ်မြောက်ခြင်း၊ ယင်းတဏှာဖြင့် မငြိတွယ်ခြင်းပင် ဖြစ်ပေသည်။

“တဏှာချုပ်ရာ
နိဗ္ဗာန်မှာ
သစ္စနိရောဓ မှန်မောလှ။”


မဂ္ဂသစ္စာ

“ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စံ၊
အယေမေဝ အရိယော အဋ္ဌင်္ဂိကော မဂ္ဂေါ။
သေယျထိဒံ -
သမ္မာဒိဋ္ဌိ၊ သမ္မသင်္ကပ္ပေါ၊
သမ္မာဝါစာ၊ သမ္မာကမ္မန္တော၊ သမ္မာအာဇီဝေါ၊
သမ္မာဝါယာမော၊ သမ္မာသတိ၊ သမ္မာသမာဓိ။”


ရဟန်းတို့ - ဤသည်ကား အရိယာတို့ သိအပ်တဲ့ ဆင်းရဲချုပ်ငြိမ်းရာသို့ ဆိုက်ရောက်သွားတဲ့ အကျင့် လမ်းမှန်အစစ် ဖြစ်ပေသည်။
၎င်းမှာ အင်္ဂါရှစ်ပါးရှိတဲ့ ဤအရိယာမဂ်ပင် ဖြစ်ပေသည်။
အင်္ဂါရှစ်ပါးမှာ -
(၁) မှန်စွာ သိမြင်ခြင်း၊
(၂) မှန်စွာ ကြံခြင်း၊
(၃) မှန်စွာ ပြောဆိုခြင်း၊
(၄) မှန်စွာ ပြုလုပ်ခြင်း၊
(၅) မှန်စွာ အသက်မွေးခြင်း၊
(၆) မှန်စွာ အားထုတ်ခြင်း၊
(၇) မှန်စွာ အမှတ်ရခြင်း၊
(၈) မှန်စွာ စူးစိုက် တည်ကြည်ခြင်းတို့ပင် ဖြစ်သည်။

“နိဗ္ဗာန်ရောက်ကြောင်း
ကောင်းသောအသိ
ကောင်းဘိ အကြံ
ကောင်းသံ ဆိုပြော
ကောင်းသော အပြု
ကောင်းမှု သက်မွေး
ကောင်းရေး လုံ့လ
ကောင်းထ သတိ
ကောင်းဘိ တည်စွာ
ဤရှစ်ဖြာ
သစ္စမဂ္ဂ မှန်မောလှ။”


+++

စာကိုး
မဟာစည်ဆရာတော်ဘုရားကြီး၏ “ဓမ္မစကြာတရားတော်” (အသံလွှင့်)
မင်းကွန်းဆရာတော်ဘုရားကြီး၏ “ဟောစဉ်တရားတော်များ (ဒသမတွဲ)”
(မဟာစည်ဆရာတော်ဘုရားကြီး၏ မြန်မာပြန်နှင့် မင်းကွန်းဆရာတော်ဘုရားကြီး၏ လင်္ကာ)

+++++

၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၂၂ ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ စနေနေ့ ဓမ္မသင်တန်းနှင့် တရားပွဲကို မွန်းလွဲ ၃ နာရီမှ ညနေ ၆ နာရီထိ ကျင်းပ ပြုလုပ်၏။

ရှေးဦးစွာ မွန်းလွဲ ၃ နာရီ၌ အရှင်ဝိမလက ဓမ္မစကြာတရားတော်ကို သင်ကြား ပို့ချပေး၏။




ညနေ ၅ နာရီတွင် လောကချမ်းသာ စနေနေ့ ဆည်းဆာတရားပွဲကို အရှင်နန္ဒဝံသက “ဘယ်အရိပ်ခိုမလဲ ... အို ယောဂီ”တရားတော်ကို လင်္ကာအသွယ်သွယ်ဖြင့် ဟောကြား ချီးမြှင့်၏။




လင်္ကာများ

သူတော်ကောင်းနှင့် ပေါင်းသောအခါ
သူတော်ကောင်းဓာတ် ပါ။
သူယုတ်မာနှင့် နေသော်လည်း
ယုတ်မှာ မုချပဲ။

+++

မိမိကို ကယ်၊ သူ့ကို ကယ်၊ အကယ် နှစ်မျိုးပေ။
သူက ကိုယ့်ကယ်၊ ဘဝဝယ်၊ လွတ်နယ် မရှိပေ။

+++

ကြွက်လေးမျိုး

မဖောက်မအောင်း၊ မဖောက်အောင်း
ဖောက်အောင်း,မအောင်း၊ ကြွက်လေးမျိုး။

မိုးနှင့်သရက်၊ အိုးနှင့်ကြွက်သို့
ထိုနဲ(နည်း)မလွဲ၊ လူခပဲလည်း၊ လေးမျိုးရှိ၏။

+++

ဒါနတရား၊ ကြိုးစားနေသူ
ကုသိုလ်ပုည၊ နိစ္စမဟူ
ဓမ္မတွင်းခေါင်း၊ ခိုအောင်းနေသူ
အပယ်ဘေး ကင်းဝေးကြမည့်သူ။

+++

နေမင်းအရောင်၊ အလင်းဆောင်၊ အမှောင်ဖြိုခွင်းသည်။
လမင်းတန်ဆောင်၊ အလင်းရောင်၊ အမှောင်ဖြိုခွင်းသည်။
မီး၏အရောင်/မီး၏တန်ဆောင်၊ အလင်းရောင်၊ အမှောင်ဖြိုခွင်းသည်။
နေ့မှာသာလင်း၊ ညမလင်း၊ နေမင်း သူစွမ်းဆောင်။
ညမှာသာလင်း၊ နေ့မလင်း၊ လမင်း သူစွမ်းဆောင်။
ထွန်းရာ၌သာ၊ လင်းနိုင်ခါ၊ မီးမှာ သူစွမ်းဆောင်။

+++

ကိုယ်တိုင်ပြုထား၊ ကံတရား၊ သိငြား မူလစင်။
ဝိပဿနာ၊ မြတ်ပညာ၊ မှတ်ပါ အလယ်စင်။
မဂ်ဉာဏ်ဖိုလ်ဉာဏ်၊ အသိဉာဏ်၊ မှတ်ရန် တတိယဆင့်။
အသိသုံးဖြာ၊ တိုးပွားလာ၊ လူမှာ ဂုဏ်ရည်မြင့်။

+++

လမ်းနှစ်သွယ်

ကာမ,ဓမ္မ၊ နှစ်ဝနှစ်လီ
ကာမလိုက်စား၊ မိုက်မှားပေမည်
ဓမ္မလမ်းမှ၊ အေးချမ်းပေမည်
အဆုံးဖြတ် သုံးသပ် လူတို့ပြည်။

တိုက်တွန်းချက်

မသိတုန်းက၊ ချိန်ဖြုန်းရက်ကြာ
သိလျက်ပယ်မှု၊ ဘယ်သူ့တွက်တာ
ကိုယ့်အရေးမို့၊ ကိုယ်တွေးခါခါ
မြတ်တရား ပွားများကြစမ်းပါ။

+++

တရားပွဲပြီးသော် ၅-မိနစ်ခန့် တရားရှုမှတ်ကြပြီး ကောင်းမှုကုသိုလ် အဝဝတို့ကို အများသတွာတို့အား အမျှပေးဝေကြလေသည်။

သာဓု ... သာဓု ... သာဓု။

Friday, January 21, 2011

ဓမ္မစကြာတရားတော်ကြီး(အသံလွှင့်) - မဟာစည်ဆရာတော်ဘုရားကြီး

ဂုဏ်တော် ၉-ပါးနှင့် ပြည့်စုံတော်မူသော ဘုရားရှင်အား ရှိခိုးပါ၏။

(၁၃၁၉-ခုနှစ် ဝါဆိုလပြည့်နေ့ညတွင် ဟောတော်မူသည်။)

နိဒါန်း

ဒီကနေ့ဟာ (ဓမ္မစကြာတရားတော်ကြီးကို စတင်ပြီး ဟောခဲ့တဲ့ နေ့က စ၍ ရေတွက်လျှင် ၂၅၄၆-နှစ်မြောက်) ဓမ္မစကြာအခါတော်နေ့ ဖြစ်ပါတယ်။
(မြန်မာနှစ် ၁၃၇၂ ခု၊ ခရစ်နှစ် ၂၀၁၁ ခု၊ ယခုအခါ၌ လွန်ခဲ့သောနှစ်ပေါင်း ၂၅၉၉-နှစ်က ဖြစ်၏။)

ဒါကြောင့် ဒီကနေ့ ဓမ္မစကြာအခါတော် အထိမ်းအမှတ်အဖြစ်ဖြင့် ဓမ္မစကြာတရားတော်ကြီးကို ဟောကြားမယ်။

ဒီတရားတော်ကြီးကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၄၆-နှစ်က ဗုဒ္ဓမြတ်စွာဘုရား ကိုယ်တော်တိုင် စတင်ပြီး ဟောကြားတော်မူခဲ့ပါတယ်။

ဒီတရားတော်ကြီးကို ပါဠိဘာသာဖြင့် “ဓမ္မစက္ကပဝတ္တန”လို့ ခေါ်ပါတယ်။
“တရားစက်ဘီးကို စတင်ပြီး လည်စေတဲ့ တရားတော်”လို့ ဆိုလိုပါတယ်။

စတင် လည်စေပုံကို ထင်ရှား သိပြီး၊ ကြည်ညိုရအောင် ရှေးဦးစွာ ဒီတရားတော်ရဲ့ နိဒါန်း အကြောင်း အတ္ထုပ္ပတ္တိကို အကျဉ်းချုပ် ဖော်ပြပါဦးမယ်။

ဗုဒ္ဓမြတ်စွာဘုရားရဲ့ အလောင်းတော်ဟာ ကမ္ဘာပေါင်း လေးအသင်္ချေနှင့် တစ်သိန်း ကာလပတ်လုံး ဗုဒ္ဓဘုရားဖြစ်ရန်အတွက် ပါရမီတွေကို ဖြည့်ကျင့် ဆည်းပူးခဲ့ပါတယ်။

ဒီလို ပါရမီဖြည့်လို့ ပြည့်စုံတဲ့အခါ နောက်ဆုံးဘဝမှာ လွန်ခဲ့တဲ့ ၂၅၈၁-နှစ်က ကပိလဝတ်ပြည့်ရှင် ခမည်းတော်ဘုရင် သုဒ္ဓေါဒနမင်းကြီးနှင့် မယ်တော် မာယာဒေဝီတို့ရဲ့ သားတော် “သိဒ္ဓတ္ထ”မည်တဲ့ မင်းသား ဖြစ်ခဲ့ပါတယ်။

ထိုစဉ်ကာလက ကပိလဝတ် ခေါ်တဲ့ တိုင်းပြည်ရဲ့ တည်နေရာ ဒေသကတော့ ယခုခေတ်အခါမှာ အိန္ဒိယပြည်၏ မြောက်ဘက် နယ်စပ် နီပေါပြည်နယ်ထဲမှာ တည်ရှိနေပါတယ်။

ဘုရားအလောင်းတော် သိဒ္ဓတ္ထ မင်းသားကလေး ၁၆-နှစ် အရွယ်ရောက်သောအခါမှာ မယ်တော် ခမည်းတော်များက ယသော်ဓရာ ခေါ်တဲ့ မင်းသမီးကလေးနှင့် လက်ထပ် ထိမ်းမြားပြီး အင်မတန် ကြီးကျယ်တဲ့ ထီးနန်းစည်းစိမ်ကို ခံစားစေခဲ့ပါတယ်။

အသက်တော် ၂၉-နှစ် အရွယ်သို့ ရောက်တဲ့အခါမှာ သူအို၊ သူနာ၊ သူသေ၊ ရဟန်းဆိုတဲ့ နိမိတ်ကြီး လေးပါးကို တွေ့မြင်ရတဲ့အတွက် အိုတတ်၊ နာတတ်၊ သေတတ်တဲ့ လောကကြီးကို အရွံကြီး ရွံမုန်း စက်ဆုပ်ပြီး အလွန်ပင် သံဝေဂတရား ရတော်မူခဲ့ပါတယ်။

ဒါကြောင့် လူ့ဘောင်မှ ထွက်ခွာပြီး ရဟန်းပြုကာ အိုခြင်း၊ နာခြင်း၊ သေခြင်း ကင်းတဲ့ နိဗ္ဗာန်တရားကို ရှာမှီးတော်မူခဲ့ပါတယ်။

ဥရုဝေလတောအရပ်မှာ “ဒုက္ကရစရိယာ” ခေါ်တဲ့ အကျင့်များကိုလည်း ကျင့်သုံးနေခဲ့ပါတယ်။

ဒုက္ကရစရိယာအကျင့်

ကျင့်သုံးပုံကတော့ ထွက်သက် ဝင်သက်များကို လုံးဝ မထွက်ရ မဝင်ရအောင် အောင့်ချုပ်ပြီးတော့လည်း ကျင့်ခဲ့ပါတယ်။

သို့ပေမယ့် ဒီလိုကျင့်တဲ့အတွက် ဘယ်လို အကျိုးထူးကိုမျှ မရခဲ့ပါဘူး။ ကိုယ်ပင်ပန်း ဆင်းရဲရုံမျှသာ ရှိခဲ့ပါတယ်။

ပြီးတော့ အစာကိုလည်း ဖြတ်တောက်ပြီးတော့ ခြိုးခြံစွာ ကျင့်ခဲ့ပါတယ်။ တစ်နေ့လျှင် ပဲပြုတ်ရည် လက်တစ်ဆွမ်းမျှကိုသာ သုံးဆောင်ပြီးတော့လည်း နေခဲ့ပါတယ်။
ဒီလို အစာကို ဖြတ်တောက်ပြီး ကျင့်တဲ့အတွက်လည်း ဘာအကျိုးထူးကိုမျှ မရခဲ့ပါဘူး။ ကိုယ်ပင်ပန်း ဆင်းရဲရုံမျှသာ ရှိခဲ့ပါတယ်။

ဒီလို ကိုယ်ပင်ပန်းအောင် ကျင့်ရတဲ့ အကျင့်မျိုးတွေကတော့ ထိုစဉ်ကာလက အိန္ဒိယနိုင်ငံတဝှန်းလုံးမှာ အကျင့်ကောင်းအနေနဲ့ ခေတ်စားနေတဲ့ “အတ္တကိလမထာနုယောဂ” အကျင့်တွေပါပဲ။
ယခုလည်း ဒီအကျင့်မျိုးတွေဟာ အချို့ဘာသာဝင်တွေထဲမှာ ခေတ်စားနေတုန်းပါပဲ။

ဘုရားအလောင်းတော်မှာ ဒီလို ၆-နှစ်တိုင်တိုင် ကျင့်လို့ ဘာမျှ အကျိုးထူး မပေါ်တဲ့အခါမှာ ဒုက္ကစရိယာအကျင့်တွေကို စွန့်လွှတ်လိုက်ပါတယ်။
အာနာပါနဈာန်ကို ပွားနိုင်စေရန်အတွက် ကာယဗလအင်အား ပြည့်စေရန် အစာအာဟာရကို ပြန်လည် သုံးဆောင်ခဲ့ပါတယ်။

ထိုစဉ်အခါက ပဉ္စဝဂ္ဂီ ခေါ်တဲ့ ပုဂ္ဂိုလ်ငါးဦးဟာ ဘုရားအလောင်း ဘုရားဖြစ်တဲ့အခါ တရားဦးနာရန် ရည်ရွယ်ပြီး ဘုရားအလောင်းထံမှာ ဝတ်ကြီးဝတ်ငယ် ပြုစုနေကြပါတယ်။

ဘုရားအလောင်း အစာအာဟာရ ပြန်လည် သုံးဆောင်တာကို မြင်ရတော့ “ပဓာန”အလုပ်က ထွက်တယ်၊ ဘုရား မဖြစ်နိုင်တော့ဘူးလို့ အထင်မှားပြီးတော့ သူတို့က ဘုရားအလောင်းအပေါ်မှာ မြှော်လင့်ချက် မရှိဘဲ ဖြစ်သွားကြပါတယ်။

ဒါကြောင့် ပဉ္စဝဂ္ဂီငါးဦးဟာ ဘုရားအလောင်းကို စွန့်ပစ်ခဲ့ပြီး ဗာရာဏသီပြည် မိဂဒါဝုန်တောမှာ သွားရောက် နေထိုင်ကြပါတယ်။

ဗုဒ္ဓဘုရားအဖြစ်သို့ ရောက်တော်မူခြင်း

ဘုရားအလောင်းတော်လည်း အစာအာဟာရ သုံးဆောင်လို့ ကာယဗလ အားရှိတဲ့အခါမှာ “အာနာပါနဈာန်”များကို ဖြစ်ပွားစေပါတယ်။

ထို့နောက် ယခု ဗုဒ္ဓဂယာ ခေါ်တဲ့ နေရာတွင် “ဗောဓိညောင်ပင်ကြီး”အောက်မှာ ထက်ဝယ်ဖွဲ့ခွေ ထိုင်နေတော်မူကာ အကြောင်းအကျိုး အဆက်ဆက် ပဋိစ္စသမုပ္ပါဒ်တရားများကို ဆင်ခြင်ပြီးတော့ ဥပါဒါနက္ခန္ဓာငါးပါး ရုပ်နာမ်တရားတို့၏ အဖြစ်အပျက်ကို ဝိပဿနာရှုသဖြင့် သစ္စာလေးပါး တရားအလုံးစုံကို အကုန်သိမြင်တော်မူတဲ့ ဗုဒ္ဓဘုရားအဖြစ်သို့ ရောက်တော်မူခဲ့ပါတယ်။

ဒီလို ဘုရားဖြစ်တော်မူပြီးတဲ့နောက် ဝိမုတ္တိသုခ ခေါ်တဲ့ ဖလသမာပတ်ချမ်းသာကို ခံစားတော်မူကာ ၇-ပါးသော ဌာနတို့၌ ၇-ရက်စီ အားလုံးပေါင်း ၄၉-ရက် သီတင်းသုံး နေတော်မူခဲ့ပါတယ်။

တရားဦးဟောရန် ကြွချီတော်မူခြင်း

ဒီလို နေတော်မူပြီးတဲ့အခါမှာ တရားဦးဟောရန်အတွက် ပဉ္စဝဂ္ဂီတို့၏နေရာ မိဂဒါဝုန်တောသို့ ကြွချီတော်မူခဲ့ပါတယ်။
ဗုဒ္ဓဂယာမှ မိဂဒါဝုန်တောအထိ ၁၈-ယူဇနာ ဝေးကွာတယ်လို့ အဋ္ဌကထာများမှာ ပြဆိုထားပါတယ်။ ယခုခေတ် ရထားလမ်းမိုင်အားဖြင့်ဆိုလျှင် ၁၄၂-မိုင် ရှိတယ်လို့ ဆိုထားပါတယ်။

ပဉ္စဝဂ္ဂီတို့၏နေရာသို့ ရောက်တဲ့အခါ အသင့်ခင်းထားတဲ့ နေရာမှာ ထိုင်နေတော်မူပါတယ်။
ဒီလို ထိုင်နေတဲ့အခါမှာ ပဉ္စဝဂ္ဂီတို့က ဘုရားဖြစ်လာမှန်း မသိကြသေးတဲ့အတွက် “ငါ့ရှင် ဂေါတမ၊ ငါ့ရှင် ဂေါတမ”လို့ ရှေးကလိုပင် ပြောနေကျအတိုင်း မရိုမသေ သူငယ်ချင်းပြော ပြောဆိုနေကြပါတယ်။

တရားနာရန် ညွှန်ကြားခြင်း

ဒါကြောင့် မြတ်စွာဘုရားက မိမိဟာ ဘုရားအစစ်ဖြစ်လာတဲ့အကြောင်းကို ထုတ်ဖော်ပြီး ဒဲ့ဒိုးပဲ မိန့်ကြားတော်မူရပါတယ်။

မိန့်ကြားပုံကတော့ - ပဉ္စဝဂ္ဂီရဟန်းတို့၊ ရှေးဘုရားတို့နှင့် အလားတူဖြစ်တဲ့ ငါဘုရားကို ငါ့ရှင်ဟူ၍ မခေါ်ကြနဲ့။ ဂေါတမဟူ၍လည်း အမည်ထုတ်ပြီး မခေါ်ကြနဲ့။ ရဟန်းတို့ - ငါသည် ပူဇော်အထူးကို ခံတော်မူထိုက်တဲ့၊ တရားအလုံးစုံကို ကိုယ်ပိုင်ဉာဏ်ဖြင့် မှန်ကန်စွာ သိတဲ့ ရှေးဘုရားတို့နှင့် အလားတူဖြစ်တဲ့ ဘုရားစင်စစ် ဖြစ်လာပြီ။ နားစိုက်ကြလော့ ... “သေခြင်းကင်းတဲ့ အမြိုက်နိဗ္ဗာန်”ကို ငါသိလာပြီ။ သင်တို့အား ငါ သွန်သင် ညွှန်ပြပေးမည်။ တရားတော်ကို ငါဟောမည်။ သွန်သင်ညွှန်ပြတဲ့အတိုင်း လိုက်နာ၍ ကျင့်သုံးကြမယ်ဆိုလျှင် သင်တို့ဟာ ရဟန်းပြုခြင်းရဲ့ ရည်မှန်းချက် အကျိုးလည်းဖြစ်၊ အကျင့်မြတ်ရဲ့ အဆုံးပန်းတိုင်လည်းဖြစ်တဲ့ အမြင့်ဆုံးတရားကို ယခုဘဝ မကြာခင်အတွင်းမှာပဲ သင်တို့ကိုယ်တိုင်ပင် မျက်မှောက်တွေ့ပြီး နေကြရပါလိမ့်မယ်လို့ ဒီလို ရဲရဲကြီး ဝန်ခံချက်ပေးပြီး မိန့်ကြားတော်မူပါတယ်။

ဒီလို မြတ်စွာဘုရားက တည့်တည့်ကြီး ပြောပြပေမယ်လို့ ပဉ္စဝဂ္ဂီငါးဦးတို့က မရိပ်မိကြသေးဘူး။
ဒါကြောင့် သူတို့က ဒီလို ပြန်လှန်ပြီး ကန့်ကွက် ပြောဆိုကြပြန်တယ်။

“ငါ့ရှင်ဂေါတမ - သင်ဟာ ဟိုတုန်းက အစာကို ဖြတ်ပြီး ဒုက္ကရစရိယာအကျင့်ကို ကျင့်နေတာတောင်မှ ပကတိလူသာမန်တရားထက် သာလွန် ထူးမြတ်တဲ့ အရိယာဉာဏ်အမြင် တရားထူးကို မရခဲ့ဘူး မဟုတ်လား။ ဒီတော့ ယခုလို ပဓာနလုပ်ငန်းက ထွက်ပြီး ပစ္စည်းများအောင် အားထုတ်နေတဲ့အခါမှာ အရိယာအမြင် တရားထူးကို ဘယ်မှာ ရနိုင်ပါ့မလဲ”လို့ ဒီလို ကန့်ကွက် ပြောဆိုကြပြန်တယ်။

ဒီတော့ မြတ်စွာဘုရားက မိမိဟာ ဘုရားအစစ်ဖြစ်လာတဲ့အကြောင်းကို သုံးကြိမ်တိုင်တိုင် ထပ်မံပြီး မဟာကရုဏာတော်ဖြင့် မိန့်ကြားတော်မူပါတယ်။
ပဉ္စဝဂ္ဂီတို့ကလည်း သုံးကြိမ်စလုံးပဲ ကန့်ကွက်နေကြပြန်ပါတယ်။

ဒီတော့ မြတ်စွာဘုရားက သတိပေးတဲ့အနေနဲ့ “ပဉ္စဝဂ္ဂီတို့ စဉ်းစားကြလော့။ ရှေးအခါက ငါဒီလိုပြေားဖူးတာကို သင်တို့ ကြားဖူးပါသလား”လို့ မေးတော်မူလိုက်တယ်။
ဒီတော့မှ ပဉ္စဝဂ္ဂီတို့က သတိရသွားကြတယ်။

“ဟို ဒုက္ကရစရိယာအကျင့်ကို ကျင့်နေတုန်းကတော့ ဘုရားမဖြစ်သေးလို့ ဘာမျှ မပြောခဲ့ပေဘူး။ ယခုပြောတာကတော့ တကယ့်ကို ဘုရားဖြစ်လာလို့ ပြောတာ ဟုတ်ပေလိမ့်မယ်”လို့ သဘောပေါက်ပြီးတော့ “ဟိုတုန်းက ဒီလို မပြောခဲ့ဖူးကြောင်း” ပြန်ကြား လျှောက်ထားကြပါတယ်။

ဆက်လက်ပြီး မိန့်ကြားမယ့် တရားကို နာကြားရန်လည်း ရိုရိုသေသေ နားစိုက်နေကြပါတယ်။

ထိုအခါမှာ မြတ်စွာဘုရားက ဓမ္မစကြာတရားတော်ကြီးကို ဒီလို စတင်ပြီး ဟောကြားတော်မူပါတယ်။

၁ - အယုတ်တရား နှစ်ပါး

ရဟန်းတို့ - ရှင်ရဟန်းဖြစ်တဲ့ သူဟာ ဤအဖို့နှစ်ပါး လမ်းမှားနှစ်သွယ်ကို မမှီဝဲအပ်ဘူး။

ဘယ်ဟာနှစ်ပါးကိုလည်း ဆိုလျှင် ဝတ္ထုအာရုံ ကာမဂုဏ်တို့၌ ကိလေသာ ကာမချမ်းသာကို ခံစားနေတာလည်း ပဌမလမ်းမှား အဖို့တစ်ပါး ဖြစ်ပေသည်။

ဒီ ကာမချမ်းသာကို သာယာခံစားမှုဟာ ယုတ်ညံ့ပါသည်။
ရွာသူရွာသားတို့ရဲ့ အလေ့အလာ ဖြစ်ပါသည်။
အရိယာသူမြတ်တို့ရဲ့ အကျင့်မဟုတ်ပါ။
သေခြင်းကင်းရန်အတွက် အကျိုးစီးပွား အစစ်အမှန်ဖြစ်တဲ့ သီလ သမာဓိ ပညာတို့နှင့်လည်း ဘာမျှ မသက်ဆိုင်ပါ။

ထို့ပြင် သပ္ပါယဖြစ်တဲ့ အစားအစာ, အဝတ်အရုံ, ဥတု, ဣရိယာပုတ်များကိုတောင်မှ မမှီဝဲတော့ဘဲ ကိုယ်ပင်ပန်းအောင် အားထုတ်တဲ့ အကျင့်ကလည်း ဒုတိယလမ်းမှား အဖို့တစ်ပါး ဖြစ်ပေသည်။

ဒီကိုယ်ပင်ပန်းအောင် ကျင့်မှုဟာလည်း ပင်ပန်းဆင်းရဲရုံမျှသာ ရှိပါသည်။
အရိယာသူမြတ်တို့၏ အကျင့်ကောင်းကား မဟုတ်ပါ။
အကျိုးစီးပွား အစစ်အမှန်ဖြစ်တဲ့ သီလ သမာဓိ ပညာတို့နှင့်လည်း ဘာမျှ မသက်ဆိုင်ပါ။

၂ - မဇ္ဈိမပဋိပဒါ အလယ်လမ်း အကျင့်တရား

ရဟန်းတို့ - ငါဘုရားသည် အဲဒီ အဖို့နှစ်ပါး လမ်းမှားနှစ်သွယ်ကို မချဉ်းမကပ်ဘဲ ရှောင်ကြဉ်ပြီးလျှင် အလယ်လမ်းအကျင့်ကို သိမြင်လာပြီး၊ ငါသိလာတဲ့ ဒီအလယ်လမ်း အကျင့်ဟာ ပညာမျက်စိကိုလည်း ပွင့်လင်းစေပါသည်။
အသိဉာဏ်ကိုလည်း ဖြစ်ထွန်းစေပါသည်။
ကိလေသာငြိမ်းဖို့ အထူးသိဖို့ ထိုးထွင်းသိဖို့ နိဗ္ဗာန်ကို မျက်မှောက်ပြုဖို့လည်း ဖြစ်ပါပေသည်။

ရဟန်းတို့ - ငါသိလာပြီဆိုတဲ့ ထိုအလယ်လမ်းအကျင့်က ဘယ်ဟာလဲဆိုလျှင် အင်္ဂါရှစ်ပါးရှိတဲ့ ဤအရိယာမဂ်လမ်းပင် ဖြစ်ပေသည်။

အင်္ဂါရှစ်ပါးဟူသည်မှာ -
(၁) သမ္မာဒိဋ္ဌိ - မှန်စွာ သိမြင်ခြင်း၊
(၂) သမ္မာသင်္ကပ္ပ - မှန်စွာ ကြံခြင်း၊
(၃) သမ္မာဝါစာ - မှန်စွာ ပြောဆိုခြင်း၊
(၄) သမ္မာကမ္မန္တ - မှန်စွာ ပြုလုပ်ခြင်း၊
(၅) သမ္မာအာဇီဝ - မှန်စွာ အသက်မွေးခြင်း၊
(၆) သမ္မာဝါယာမ - မှန်စွာ အားထုတ်ခြင်း၊
(၇) သမ္မာသတိ - မှန်စွာ အမှတ်ရခြင်း၊
(၈) သမ္မာသမာဓိ - မှန်စွာ စူးစိုက် တည်ကြည်ခြင်း ဆိုတဲ့ ဤရှစ်ပါးပင် ဖြစ်ပေသည်။

ရဟန်းတို့ - ငါဘုရားသိလာတဲ့ “ဤမဂ္ဂင်ရှစ်ရပ် အလယ်လမ်း အကျင့်မြတ်”သည် ပညာမျက်စိကိုလည်း ပွင့်လင်းစေပါသည်။
အသိဉာဏ်ကိုလည်း ဖြစ်ထွန်းစေပါသည်။
ကိလေသာငြိမ်းဖို့ အထူးသိဖို့ ထိုးထွင်းသိဖို့ နိဗ္ဗာန်ကို မျက်မှောက်ပြုဖို့လည်း ဖြစ်ပါပေသည်။

အဓိပ္ပာယ်ဖော်ပြချက်

ဟော ... ဒီနေရာမှာတော့ မြတ်စွာဘုရားရဲ့ အလိုတော်ကို အနည်းငယ် ဖွင့်ပြီး ပြောရလိမ့်မယ်။

မြတ်စွာဘုရားဟာ အလောင်းတော်ဘဝက အသက်တော် ၂၉-နှစ်တိုင်အောင် ကာမသုခလ္လိကလမ်းကို လိုက်ခဲ့တယ်။
ဒုက္ကရစရိယာ ကျင့်နေတဲ့အခါမှာ အတ္တကိလမထလမ်းကို လိုက်ခဲ့တယ်။
နောက်ကာလမှာ ထိုလမ်းမှားနှစ်ခုလုံးကို ပယ်စွန့်ပြီး မဇ္ဈိမပဋိပဒါ ခေါ်တဲ့ အလယ်လမ်းမှန်အတိုင်း ကျင့်ပြီး သမ္မာသမ္ဗုဒ္ဓ ဘုရားအဖြစ်သို့ ရောက်တော်မူခဲ့တယ်။

ဒါကို ရည်ပြီးတော့ “ဧတေ ခေါ ဘိက္ခဝေ ဥဘော အန္တေ အနုပဂမ္မ မဇ္ဈိမာ ပဋိပဒါ တထာဂတေန အဘိသမ္ဗုဒ္ဓါ” = “ငါဘုရားသည် အဲဒီအဖို့နှစ်ပါး လမ်းမှားနှစ်သွယ်ကို မချဉ်းမကပ်ဘဲ ရှောင်ကြည်ပြီးလျှင် အလယ်လမ်း အကျင့်ကို သိမြင်လာပြီ ရဟန်းတို့”ဟု ဟောတော်မူခဲ့ပါတယ်။

မြတ်စွာဘုရား သိလာတဲ့ မဇ္ဈိမပဋိပဒါ အလယ်လမ်းအကျင့်ဆိုတာဟာ မဂ္ဂင်ရှစ်ပါးပင် ဖြစ်ပါတယ်။
မဂ္ဂင်ရှစ်ပါးထဲက “သမ္မာဒိဋ္ဌိ” တစ်ခုကို ပြောလိုက်လျှင် သူရဲ့နောက်ပါ အခြံအရံဖြစ်တဲ့ အင်္ဂါ ၇-ပါးကိုလည်း ပြောပြီးသား ဖြစ်သွားပါတယ်။

ဒါကြောင့် သမ္မာဒိဋ္ဌိ တစ်ခုကိုပဲ အနည်းငယ် ထုတ်ဖော်ပြီး ပြောပြမယ်။

အဋ္ဌကထာများမှာ သမ္မာဒိဋ္ဌိ ၆-မျိုး ဝေဘန်ပြထားပါတယ်။
(၁) ကမ္မဿကတာသမ္မာဒိဋ္ဌိ
(၂) ဈာနသမ္မာဒိဋ္ဌိ
(၃) ဝိပဿနာသမ္မာဒိဋ္ဌိ
(၄) မဂ္ဂသမ္မာဒိဋ္ဌိ
(၅) ဖလသမ္မာဒိဋ္ဌိ
(၆) ပစ္စဝေက္ခဏာသမ္မာဒိဋ္ဌိ ဆိုတဲ့ ဒီခြောက်ပါးပင် ဖြစ်ပါတယ်။

ဒီအထဲမှာ ဖလသမ္မာဒိဋ္ဌိနှင့် ပစ္စဝေက္ခဏာသမ္မာဒိဋ္ဌိဆိုတာတွေကတော့ အရိယာမဂ်ရဲ့ အကျိုးတရားများ ဖြစ်နေတဲ့အတွက် ဒီမဇ္ဈိမပဋိပဒါ အကျင့်ထဲမှာ ထည့်သွင်းပြောဖို့ မလိုပါဘူး။
ကျန်တဲ့ ၄-ပါးကိုသာ ပြောဖို့ လိုပါတယ်။

အဲဒီ ၄-ပါးထဲမှာ “ကမ္မဿကတာသမ္မာဒိဋ္ဌိ”ဆိုတာ မိမိကိုယ်တိုင် ပြုထားတဲ့ ကောင်းမှုကံ၊ မကောင်းမှုကံ အားလျော်စွာ ကောင်းကျိုးဆိုးကျိုးကို ခံစားရတယ်လို့ ယုံကြည် သိမြင်တာကိုပဲ ဆိုလိုပါတယ်။

ဒီ ကံ, ကံ၏အကျိုးကို ယုံကြည် သိမြင်တဲ့ သမ္မာဒိဋ္ဌိဟာ အရေးကြီးပါတယ်။
ဒီသမ္မာဒိဋ္ဌိအယူရှိပါမှ ဒါန သီလ စသော ကောင်းမှုတွေ ကောင်းကောင်း ဖြစ်ပွားနိုင်ပါတယ်။
ဘာဝနာကို အားထုတ်ပြီး မဂ်ဖိုလ်ကိုလည်း ရနိုင်ပါတယ်။
ဒါကြောင့် မဂ်ဖိုလ်နိဗ္ဗာန်ကို ရည်မှန်းပြီး ဒါန သီလစသော ကုသိုလ်ကို ပြုတိုင်း ပြုတိုင်း ဒီ ကမ္မဿကတာသမ္မာဒိဋ္ဌိဟာ သမ္မာသင်္ကပ္ပစသော သူ့အခြံအရံ မဂ္ဂင်များနှင့်တကွ ဖြစ်ပွားနေပါတယ်။
ဒီမဂ္ဂင်တရားများရဲ့ အစွမ်းကြောင့် အဲဒီ ဒါန သီလကုသိုလ်များက ယခုဘဝလို မဂ်ဖိုလ်ရနိုင်တဲ့ ဘဝကောင်းကို ပို့ပေးနိုင်ပါတယ်။
ဒါကြောင့် ဒီ “ကမ္မဿကတာသမ္မာဒိဋ္ဌိကိုလည်း နိဗ္ဗာန်ရောက်ကြောင်း တရား”လို့ မှတ်ယူရပါတယ်။

ရူပဈာန် အရူပဈာန်များမှာ ပါတဲ့ ဉာဏ်ပညာကို ဈာနသမ္မာဒိဋ္ဌိလို့ ခေါ်ပါတယ်။
ဒီဈာနသမ္မာဒိဋ္ဌိဟာလည်း ဝိပဿနာရဲ့ အခြေခံဖြစ်လျှင် နိဗ္ဗာန်ရောက်ကြောင်းတရား ဖြစ်ပါတယ်။
ယခု ပြောခဲ့တဲ့အတိုင်း ကမ္မဿကတာသမ္မာဒိဋ္ဌိနှင့် ဈာနသမ္မာဒိဋ္ဌိဟာ မဂ်ဖိုလ်နိဗ္ဗာန်ကို ရဖို့ အခြေခံတရားများ ဖြစ်နေတဲ့အတွက် ဒီသမ္မာဒိဋ္ဌိနှစ်ပါးကို “မူလမဂ္ဂင်”လို့ မှတ်ရပါတယ်။

ဝိပဿနာသမ္မာဒိဋ္ဌိဆိုတာကတော့ ဝိပဿနာဉာဏ်ပါပဲ။
ဒီဝိပဿနာက ပြည့်စုံတဲ့အခါမှာ မဂ္ဂသမ္မာဒိဋ္ဌိ ခေါ်တဲ့ အရိယာမဂ်ဉာဏ် ဖြစ်ပေါ်လာပါတယ်။
ဒါကြောင့် ဝိပဿနာသမ္မာဒိဋ္ဌိကို ပုဗ္ဗဘာဂမဂ္ဂင်လို့လည်း ခေါ်ရပါတယ်။
အရိယာမဂ်ရဲ့ ရှေ့သွားမဂ္ဂင်မို့ ရှေ့ပိုင်းမဂ္ဂင်လို့ ဆိုလိုပါတယ်။

ဝိပဿနာဆိုတာ ဒွါရ ၆-ပါးမှာ ထင်ပေါ်လာသမျှ ရုပ်နာမ်တွေကို ရှုမှတ်ပြီးတော့ အနိစ္စ ဒုက္ခ အနတ္တသဘောကို အမှန်အတိုင်း သိတဲ့ ဉာဏ်ပင် ဖြစ်ပါတယ်။
ဒါကြောင့် ဝိပဿနာဉာဏ်နဲ့ ဒီလို သဘောမှန်ကို သိနေလျှင် သာယာဖွယ် အာရုံနှင့် တွေ့ရသော်လည်း သာယာမှု ရာဂ မဖြစ်တော့ဘဲ ငြိမ်းနေပါတယ်။
ဒီလို သာယာမှု ငြိမ်းနေတဲ့အတွက် သုံးဆောင်သင့်တဲ့ ဆွမ်း သင်္ကန်း စသည်တို့ကို သုံးဆောင်သော်လည်း ကာမချမ်းသာကို သာယာ ခံစားတဲ့ ကာမသုခလ္လိကာနုယောဂလည်း မဖြစ်ဘူး။
လုံးလုံး မသုံးဆောင်ဘဲ နေတာ မဟုတ်လို့ ကိုယ်ပင်ပန်းအောင် ကျင့်တဲ့ အတ္တကိလမထာနုယောဂလည်း မဖြစ်ဘူး။

ဒါကြောင့် ကိုယ်မပင်ပန်းရအောင် သုံးဆောင်သင့်တဲ့ ဆွမ်း သင်္ကန်း စသည်ကိုလည်း သုံးဆောင်ရမယ်။
သုံးဆောင်တဲ့အခါမှာလည်း ကိလေသာ မဖြစ်ရအောင် ဝိပဿနာသမ္မာဒိဋ္ဌိနဲ့ ရှုရှုပြီး သုံးဆောင်ရမယ်ဆိုတဲ့ ဒီအကျင့်လမ်းဟာ အတ္တကိလမထလမ်းလို တင်းလွန်းတာလည်း မဟုတ်ဘူး။ ကာမသုခလ္လိကလမ်းလို လျော့လွန်းတာလည်း မဟုတ်ဘူး။
ဒီလို မလျော့လွန်း မတင်းလွန်း အလယ်အလတ် ဖြစ်နေတဲ့အတွက် မဇ္ဈိမပဋိပဒါလမ်းလို့ ခေါ်ရပါတယ်။
ဒီ မဇ္ဈိမပဋိပဒါ နည်းလမ်းအရ ဒွါရ ၆-ပါးမှာ ပေါ်လာသမျှ အာရုံတွေကို ရှုရှုနေလျှင် ရှုတိုင်း ရှုတိုင်း သမ္မာဒိဋ္ဌိမဂ္ဂင်ဟာ သူ့အခြံအရံ မဂ္ဂင်များနှင့်တကွ ဖြစ်ပွားနေပါတယ်။
ဒီလို ဖြစ်ပွားလို့ ဝိပဿနာမဂ္ဂင်က ပြည့်စုံတဲ့အခါမှာ အရိယာမဂ္ဂင်များ ဖြစ်ပေါ်ပြီး သေခြင်းကင်းတဲ့ နိဗ္ဗာန်ကို မျက်မှောက်တွေ့ကာ သစ္စာလေးပါးကို သိမြင်ရပါတယ်။
ဒါကြောင့် ဒီမဇ္စိမပဋိပဒါ အကျင့်ဖြင့် ကိုယ်တော်တိုင် သိမြင်လာခဲ့တဲ့ သစ္စာလေးပါးကို ဒီလို ထုတ်ဖော်ပြီး ဟောတော်မူပါတယ်။

၃- ဒုက္ခသစ္စာ

ရဟန်းတို့ - ဤသည်ကား အရိယာတို့ သိအပ်တဲ့ ဆင်းရဲအမှန် ဖြစ်ပေသည်။

ဘဝသစ်ဖြစ်ခြင်းလည်း ဆင်းရဲပင်၊
အိုခြင်းလည်း ဆင်းရဲပင်၊
နာခြင်းလည်း ဆင်းရဲပင်၊
သေခြင်းလည်း ဆင်းရဲပင်၊
မချစ်မနှစ်သက်အပ်တဲ့ အာရုံဝတ္ထုများ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံရခြင်းလည်း ဆင်းရဲပင်၊
ချစ်ခင်နှစ်သက်အပ်တဲ့ အာရုံဝတ္ထုများ ပုဂ္ဂိုလ်များနှင့် ကွဲကွာရခြင်းလည်း ဆင်းရဲပင်၊
အလိုရှိတာကို မရခြင်း, မရနိုင်တာကို လိုချင်ခြင်းသည်လည်း ဆင်းရဲပင်၊
အကျဉ်းချုပ်အားဖြင့်ဆိုလျှင် ငါ, ငါ့ဥစ္စာဟု ထင်မှတ် စွဲလမ်းနိုင်တဲ့ ခန္ဓာငါးပါး ရုပ်နာမ်များသည် ဆင်းရဲချည်းပင် ဖြစ်သည်။

၎ - သမုဒယသစ္စာ

ရဟန်းတို့ - ဤသည်ကား အရိယာတို့ သိအပ်တဲ့ ဆင်းရဲဖြစ်ပွားကြောင်း အမှန် ဖြစ်ပေသည်။

အကြင် တဏှာသည် တဖန် ဘဝသစ်ကို ဖြစ်ပေါ်စေတတ်၏။
နှစ်သက် တပ်စွဲခြင်း သဘောရှိ၏။
ထိုထို ရရာအာရုံ ရရာဘဝတို့၌ နှစ်သက်ပျော်မွေ့လျက် ရှိ၏။
ထိုတဏှာမှာ သရုပ်အားဖြင့် -
ကာမဂုဏ်၌ တပ်မက်သော တဏှာ၊
ဘဝ၌ တပ်မက်သော တဏှာ၊
သူ့အလိုလို ဘဝပြတ်ခြင်း၌ တပ်မက်သော တဏှာ ဟူ၍ ၃-ပါး အပြား ရှိ၏။

ဤတဏှာသည် ဆင်းရဲဖြစ်ပွားကြောင်း အမှန် ဖြစ်ပေသည်။

၅ - နိရောဓသစ္စာ

ရဟန်းတို့ - ဤသည်ကား အရိယာတို့ သိအပ်တဲ့ ဆင်းရဲချုပ်ငြိမ်းရာအမှန် ဖြစ်ပေသည်။

၎င်းမှာ ယင်း တဏှာ ၃-ပါး၏ အကြွင်းမဲ့ ပျက်ပြယ် ချုပ်ငြိမ်းသွားခြင်း၊ ယင်းတဏှာကို စွန့်ခြင်း၊ လွတ်ထွက် စွန့်ခြင်း၊ ယင်းတဏှာမှ လွတ်မြောက်ခြင်း၊ ယင်းတဏှာဖြင့် မငြိတွယ်ခြင်းပင် ဖြစ်ပေသည်။

၆ - မဂ္ဂသစ္စာ

ရဟန်းတို့ - ဤသည်ကား အရိယာတို့ သိအပ်တဲ့ ဆင်းရဲချုပ်ငြိမ်းရာသို့ ဆိုက်ရောက်သွားတဲ့ အကျင့် လမ်းမှန်အစစ် ဖြစ်ပေသည်။

၎င်းမှာ အင်္ဂါရှစ်ပါးရှိတဲ့ ဤအရိယာမဂ်ပင် ဖြစ်ပေသည်။
အင်္ဂါရှစ်ပါးမှာ -
(၁) မှန်စွာ သိမြင်ခြင်း၊
(၂) မှန်စွာ ကြံခြင်း၊
(၃) မှန်စွာ ပြောဆိုခြင်း၊
(၄) မှန်စွာ ပြုလုပ်ခြင်း၊
(၅) မှန်စွာ အသက်မွေးခြင်း၊
(၆) မှန်စွာ အားထုတ်ခြင်း၊
(၇) မှန်စွာ အမှတ်ရခြင်း၊
(၈) မှန်စွာ စူးစိုက် တည်ကြည်ခြင်းတို့ပင် ဖြစ်သည်။

အဓိပ္ပာယ်ဖော်ပြချက်

ယခု ပြောပြခဲ့တဲ့ စကားရပ်များဖြင့် ကိုယ်တော်တိုင် သိမြင်လာတဲ့ သစ္စာလေးပါးကို ဖော်ပြပါတယ်။

ဒီလို သိရာမှာ သစ္စာလေးပါးရဲ့ သဘောသဘာဝ အသီးသီးကို သိတဲ့ သစ္စဉာဏ်က ၄-ပါး၊ ပြုသင့်တဲ့ကိစ္စ ၄-ပါးကို သိတဲ့ ကိစ္စဉာဏ်က ၄-ပါး၊ ကိစ္စ ၄-ပါးလုံး ပြီးစီးကြောင်းကို ပြန်လှည့် ဆင်ခြင်တဲ့ ကတဉာဏ်က ၄-ပါးအားဖြင့် ဉာဏ် ၁၂-ပါး ပါဝင်နေပါတယ်။

အဲဒီဉာဏ် ၁၂-ပါး ဖြစ်ပုံကို ဒီလို ဆက်လက်ပြီး ဟောသွားပြန်ပါတယ်။

၇ - ဒုက္ခသစ္စာ၌ သစ္စဉာဏ်

“ဤသည်ကား အရိယာတို့ သိအပ်တဲ့ ဆင်းရဲမှန် ဖြစ်သည်”ဟု ငါ့မှာ ရှေးက မကြားဖူးသေးတဲ့ တရားများအပေါ်မှာ -

ပညာမျက်စိ ဖြစ်ပေါ်ခဲ့ပြီ၊
အသိဉာဏ် ဖြစ်ပေါ်ခဲ့ပြီ၊
အပြားအားဖြင့် သိတဲ့ ပညာ ဖြစ်ပေါ်ခဲ့ပြီ၊
ထင်ရှားစွာ သိတဲ့ ဝိဇ္ဇာဉာဏ် ဖြစ်ပေါ်ခဲ့ပြီ၊
ဉာဏ်အလင်းရောင် ဖြစ်ပေါ်ခဲ့ပေပြီ ရဟန်းတို့။

၈ - ဒုက္ခသစ္စာ၌ ကိစ္စဉာဏ်

“ထိုအရိယာတို့ သိအပ်တဲ့ ဆင်းရဲမှန်တရားကို ပိုင်းခြား၍ သိသင့်သည်”ဟု ငါ့မှာ ရှေးက မကြားဖူးသေးတဲ့ တရားများအပေါ်မှာ -

ပညာမျက်စိ ဖြစ်ပေါ်ခဲ့ပြီ၊
အသိဉာဏ် ဖြစ်ပေါ်ခဲ့ပြီ၊
အပြားအားဖြင့် သိတဲ့ ပညာ ဖြစ်ပေါ်ခဲ့ပြီ၊
ထင်ရှားစွာ သိတဲ့ ဝိဇ္ဇာဉာဏ် ဖြစ်ပေါ်ခဲ့ပြီ၊
ဉာဏ်အလင်းရောင် ဖြစ်ပေါ်ခဲ့ပေပြီ ရဟန်းတို့။

၉ - ဒုက္ခသစ္စာ၌ ကတဉာဏ်

“ထိုအရိယာတို့ သိအပ်တဲ့ ဆင်းရဲမှန်တရားကို ပိုင်းခြား၍ သိပြီးပြီ”ဟု ငါ့မှာ ရှေးက မကြားဖူးသေးတဲ့ တရားများအပေါ်မှာ -

ပညာမျက်စိ ဖြစ်ပေါ်ခဲ့ပြီ၊
အသိဉာဏ် ဖြစ်ပေါ်ခဲ့ပြီ၊
အပြားအားဖြင့် သိတဲ့ ပညာ ဖြစ်ပေါ်ခဲ့ပြီ၊
ထင်ရှားစွာ သိတဲ့ ဝိဇ္ဇာဉာဏ် ဖြစ်ပေါ်ခဲ့ပြီ၊
ဉာဏ်အလင်းရောင် ဖြစ်ပေါ်ခဲ့ပေပြီ ရဟန်းတို့။

၁၀ - သမုဒယသစ္စာ၌ သစ္စဉာဏ်

“ဤအရိယာတို့ သိအပ်တဲ့ ဆင်းရဲဖြစ်ပွားကြောင်း တရားမှန် ဖြစ်သည်”ဟု ငါ့မှာ ရှေးက မကြားဖူးသေးတဲ့ တရားများအပေါ်မှာ -

ပညာမျက်စိ ဖြစ်ပေါ်ခဲ့ပြီ၊
အသိဉာဏ် ဖြစ်ပေါ်ခဲ့ပြီ၊
အပြားအားဖြင့် သိတဲ့ ပညာ ဖြစ်ပေါ်ခဲ့ပြီ၊
ထင်ရှားစွာ သိတဲ့ ဝိဇ္ဇာဉာဏ် ဖြစ်ပေါ်ခဲ့ပြီ၊
ဉာဏ်အလင်းရောင် ဖြစ်ပေါ်ခဲ့ပေပြီ ရဟန်းတို့။

၁၁ - သမုဒယသစ္စာ၌ ကိစ္စဉာဏ်

“ထိုအရိယာတို့ သိအပ်တဲ့ ဆင်းရဲဖြစ်ပွားကြောင်း တရားမှန်ကို ပယ်သင့်သည်”ဟု ငါ့မှာ ရှေးက မကြားဖူးသေးတဲ့ တရားများအပေါ်မှာ -

ပညာမျက်စိ ဖြစ်ပေါ်ခဲ့ပြီ၊
အသိဉာဏ် ဖြစ်ပေါ်ခဲ့ပြီ၊
အပြားအားဖြင့် သိတဲ့ ပညာ ဖြစ်ပေါ်ခဲ့ပြီ၊
ထင်ရှားစွာ သိတဲ့ ဝိဇ္ဇာဉာဏ် ဖြစ်ပေါ်ခဲ့ပြီ၊
ဉာဏ်အလင်းရောင် ဖြစ်ပေါ်ခဲ့ပေပြီ ရဟန်းတို့။

၁၂ - သမုဒယသစ္စာ၌ ကတဉာဏ်

“ထိုအရိယာတို့ သိအပ်တဲ့ ဆင်းရဲဖြစ်ပွားကြောင်း တရားမှန်ကို ပယ်ပြီးပြီ”ဟု ငါ့မှာ ရှေးက မကြားဖူးသေးတဲ့ တရားများအပေါ်မှာ -

ပညာမျက်စိ ဖြစ်ပေါ်ခဲ့ပြီ၊
အသိဉာဏ် ဖြစ်ပေါ်ခဲ့ပြီ၊
အပြားအားဖြင့် သိတဲ့ ပညာ ဖြစ်ပေါ်ခဲ့ပြီ၊
ထင်ရှားစွာ သိတဲ့ ဝိဇ္ဇာဉာဏ် ဖြစ်ပေါ်ခဲ့ပြီ၊
ဉာဏ်အလင်းရောင် ဖြစ်ပေါ်ခဲ့ပေပြီ ရဟန်းတို့။

၁၃ - နိရောဓသစ္စာ၌ သစ္စဉာဏ်

“ဤသည်ကား အရိယာတို့ သိအပ်တဲ့ ဆင်းရဲချုပ်ငြိမ်းရာ တရားမှန် ဖြစ်သည်”ဟု ငါ့မှာ ရှေးက မကြားဖူးသေးတဲ့ တရားများအပေါ်မှာ -

ပညာမျက်စိ ဖြစ်ပေါ်ခဲ့ပြီ၊
အသိဉာဏ် ဖြစ်ပေါ်ခဲ့ပြီ၊
အပြားအားဖြင့် သိတဲ့ ပညာ ဖြစ်ပေါ်ခဲ့ပြီ၊
ထင်ရှားစွာ သိတဲ့ ဝိဇ္ဇာဉာဏ် ဖြစ်ပေါ်ခဲ့ပြီ၊
ဉာဏ်အလင်းရောင် ဖြစ်ပေါ်ခဲ့ပေပြီ ရဟန်းတို့။

၁၄ - နိရောဓသစ္စာ၌ ကိစ္စဉာဏ်

“ထိုအရိယာတို့ သိအပ်တဲ့ ဆင်းရဲချုပ်ငြိမ်းရာ တရားမှန်ကို မျက်မှောက်ပြုသင့်သည်”ဟု ငါ့မှာ ရှေးက မကြားဖူးသေးတဲ့ တရားများအပေါ်မှာ -

ပညာမျက်စိ ဖြစ်ပေါ်ခဲ့ပြီ၊
အသိဉာဏ် ဖြစ်ပေါ်ခဲ့ပြီ၊
အပြားအားဖြင့် သိတဲ့ ပညာ ဖြစ်ပေါ်ခဲ့ပြီ၊
ထင်ရှားစွာ သိတဲ့ ဝိဇ္ဇာဉာဏ် ဖြစ်ပေါ်ခဲ့ပြီ၊
ဉာဏ်အလင်းရောင် ဖြစ်ပေါ်ခဲ့ပေပြီ ရဟန်းတို့။

၁၅ - နိရောဓသစ္စာ၌ ကတဉာဏ်

“ထိုအရိယာတို့ သိအပ်တဲ့ ဆင်းရဲချုပ်ငြိမ်းရာ တရားမှန်ကို မျက်မှောက်ပြုပြီးပြီ”ဟု ငါ့မှာ ရှေးက မကြားဖူးသေးတဲ့ တရားများအပေါ်မှာ -

ပညာမျက်စိ ဖြစ်ပေါ်ခဲ့ပြီ၊
အသိဉာဏ် ဖြစ်ပေါ်ခဲ့ပြီ၊
အပြားအားဖြင့် သိတဲ့ ပညာ ဖြစ်ပေါ်ခဲ့ပြီ၊
ထင်ရှားစွာ သိတဲ့ ဝိဇ္ဇာဉာဏ် ဖြစ်ပေါ်ခဲ့ပြီ၊
ဉာဏ်အလင်းရောင် ဖြစ်ပေါ်ခဲ့ပေပြီ ရဟန်းတို့။

၁၆ - မဂ္ဂသစ္စာ၌ သစ္စဉာဏ်

“ဤသည်ကား ဆင်းရဲချုပ်ငြိမ်းရာသို့ ဆိုက်ရောက်သွားတဲ့ အရိယာတို့ သိအပ်တဲ့ အကျင့်လမ်းမှန် ဖြစ်သည်”ဟု ငါ့မှာ ရှေးက မကြားဖူးသေးတဲ့ တရားများအပေါ်မှာ -

ပညာမျက်စိ ဖြစ်ပေါ်ခဲ့ပြီ၊
အသိဉာဏ် ဖြစ်ပေါ်ခဲ့ပြီ၊
အပြားအားဖြင့် သိတဲ့ ပညာ ဖြစ်ပေါ်ခဲ့ပြီ၊
ထင်ရှားစွာ သိတဲ့ ဝိဇ္ဇာဉာဏ် ဖြစ်ပေါ်ခဲ့ပြီ၊
ဉာဏ်အလင်းရောင် ဖြစ်ပေါ်ခဲ့ပေပြီ ရဟန်းတို့။

၁၇ - မဂ္ဂသစ္စာ၌ ကိစ္စဉာဏ်

“ထိုဆင်းရဲချုပ်ငြိမ်းရာသို့ ဆိုက်ရောက်သွားတဲ့ အရိယာတို့ သိအပ်တဲ့ အကျင့်လမ်းမှန်ကို မိမိသန္တာန်၌ ဖြစ်ပွားစေသင့်သည်”ဟု ငါ့မှာ ရှေးက မကြားဖူးသေးတဲ့ တရားများအပေါ်မှာ -

ပညာမျက်စိ ဖြစ်ပေါ်ခဲ့ပြီ၊
အသိဉာဏ် ဖြစ်ပေါ်ခဲ့ပြီ၊
အပြားအားဖြင့် သိတဲ့ ပညာ ဖြစ်ပေါ်ခဲ့ပြီ၊
ထင်ရှားစွာ သိတဲ့ ဝိဇ္ဇာဉာဏ် ဖြစ်ပေါ်ခဲ့ပြီ၊
ဉာဏ်အလင်းရောင် ဖြစ်ပေါ်ခဲ့ပေပြီ ရဟန်းတို့။

၁၈ - မဂ္ဂသစ္စာ၌ ကတဉာဏ်

“ထိုဆင်းရဲချုပ်ငြိမ်းရာသို့ ဆိုက်ရောက်သွားတဲ့ အရိယာတို့ သိအပ်တဲ့ အကျင့်လမ်းမှန်ကို မိမိသန္တာန်၌ ပွားစေပြီးပြီ”ဟု ငါ့မှာ ရှေးက မကြားဖူးသေးတဲ့ တရားများအပေါ်မှာ -

ပညာမျက်စိ ဖြစ်ပေါ်ခဲ့ပြီ၊
အသိဉာဏ် ဖြစ်ပေါ်ခဲ့ပြီ၊
အပြားအားဖြင့် သိတဲ့ ပညာ ဖြစ်ပေါ်ခဲ့ပြီ၊
ထင်ရှားစွာ သိတဲ့ ဝိဇ္ဇာဉာဏ် ဖြစ်ပေါ်ခဲ့ပြီ၊
ဉာဏ်အလင်းရောင် ဖြစ်ပေါ်ခဲ့ပေပြီ ရဟန်းတို့။

၁၉ - ရှေးက ဘုရားဖြစ်ကြောင်း ဝန်မခံခဲ့ပုံ

ရဟန်းတို့ - ဤအရိယသစ္စာ ၄-ပါး၌ ယခု ပြောခဲ့ပြီးတဲ့အတိုင်း အပြန် ၃-ပါး၊ အခြင်းအရာ ၁၂-ပါး ရှိတဲ့ ယထာဘူတဉာဏ်အမြင် ငါ့မှာ ကောင်းကောင်း မစင်ကြယ်သေးသမျှ ကာလပတ်လုံး “အလွန်အကဲမရှိ အမြတ်ဆုံးဖြစ်တဲ့ သမ္မာသမ္ဗောဓိဉာဏ်=ဘုရားဉာဏ်ကို ငါရပြီ၊ ငါဘုရားဖြစ်ပြီ”ဟု ဝန်မခံခဲ့သေးပါ ရဟန်းတို့။

၂၀ - ယခုမှ ဘုရားဖြစ်ကြောင်း ဝန်ခံပုံ

ရဟန်းတို့ - ငါ့မှာ ဤအရိယသစ္စာ ၄-ပါး၌ ယခုပြောခဲ့ပြီးတဲ့အတိုင်း အပြန် ၃-ပါး၊ အခြင်းအရာ ၁၂-ပါး ရှိတဲ့ ယထာဘူတဉာဏ်အမြင် ကောင်းစွာ သန့်ရှင်း စင်ကြယ်ပြီးတဲ့အခါကျမှသာလျှင် နတ်နှင့်တကွ မာရ်နတ်နှင့်တကွ ဗြဟ္မာနှင့်တကွဖြစ်သော လောကကြီးထဲ၌ ရဟန်း၊ ပုဏ္ဏားနှင့်တကွ နတ်လူတို့နှင့်တကွဖြစ်သော သတ္တဝါများထဲ၌ အလွန်အကဲမရှိ အမြတ်ဆုံးဖြစ်တဲ့ သမ္မာသမ္ဗောဓိ=ဘုရားဉာဏ်ကို ငါရပြီ၊ ငါဘုရားဖြစ်ပြီဟု ဝန်ခံခဲ့ပါသည် ရဟန်းတို့။

အနုသန္ဓေစကား

ဒီလို ဝန်ခံရာမှာလည်း ပစ္စဝေက္ခဏာဉာဏ်နဲ့ ဆင်ခြင်ပြီးတော့ အတိအကျ မှန်ကန်စွာ သိပြီး ဖြစ်ကြောင်းကို ထပ်လောင်းပြီး နိဂုံးချုပ်အနေနဲ့ ဒီလို မိန့်ကြားတော်မူပြန်ပါတယ်။

၂၁ - ပစ္စဝေက္ခဏာဉာဏ်ဖြင့် သိပုံ

“ငါ၏ ကိလေသာမှ လွတ်မြောက်မှုဟာ တဒင်္ဂလွတ်ခြင်း, ဝိက္ခမ္ဘနလွတ်ခြင်း မဟုတ်ဘဲ သမုစ္ဆေဒလွတ်ခြင်း, ပဋိပဿဒ္ဓိလွတ်ခြင်း ဖြစ်၍ ဘယ်သောအခါမျှ မပျက်နိုင်တော့ပြီ။
ယခု လက်ရှိဘဝဟာ အဆုံးစွန်သောဘဝ ဖြစ်ပေသည်။
ယခုအခါ တဖန်ဖြစ်ပေါ်မည့် ဘဝသစ် ငါ့မှာ မရှိတော့ပြီ”ဟု ဆင်ခြင်ပြီး မှန်ကန်စွာ သိမြင်တဲ့ ပစ္စဝေက္ခဏာဉာဏ်အမြင်လည်း ငါ့မှာ ဖြစ်ပေါ်ခဲ့ပြီ ရဟန်းတို့ဟု မိန့်တော်မူကာ ဓမ္မစကြာတရားဒေသနာတော်ကြီးကို အပြီးသတ် နိဂုံးချုပ်တော်မူခဲ့ပါသည်။

အရှင်ကောဏ္ဍည သောတာပန်ဖြစ်ပုံ (အကျိုးပြစကား)

ထိုစဉ်အခါက ဒီဓမ္မစကြာတရားတော်ကြီးကို ကြားနာရတဲ့အတွက် ဗြဟ္မာ ၁၈-ကုဋေနှင့် အတိုင်းမသိ များစွာသော နတ်များ မဂ်ဖိုလ်တရားထူးကို ရသွားကြပါတယ်။

လူသားဖြစ်တဲ့ ပဉ္စဝဂ္ဂီရဟန်းငါးဦးထဲက အရှင်ကောဏ္ဍညမှာ “ဖြစ်ပေါ်တဲ့ တရားဟူသမျှဟာ ချုပ်ဆုံးခြင်း သဘောရှိတာချည်းပဲ”လို့ သိမြင်တဲ့ တရားမျက်စိ ခေါ် “သောတာပတ္တိဉာဏ်” ဖြစ်ပေါ်ပြီး “သောတာပန်” ဖြစ်သွားပါတယ်။

မြတ်စွာဘုရား ဥဒါန်းကျူးပုံ

ဒီလို အရှင်ကောဏ္ဍညမှာ တရားမျက်စိပွင့်ပြီး သောတာပန်ဖြစ်သွားတာကို မြင်တော်မူတဲ့အတွက် မြတ်စွာဘုရားက “အညာသိ ဝတ ဘော ကောဏ္ဍညော၊ အညာသိ ဝတ ဘော ကောဏ္ဍညော” = “ကောဏ္ဍည သိသွားပေပြီ အချင်းတို့၊ ကောဏ္ဍည သိသွားပေပြီ အချင်းတို့”ဟု ပီတိ သောမနဿအစွမ်းဖြင့် ဥဒါန်းကျူးတော်မူခဲ့ပါတယ်။

ဧဟိဘိက္ခု ရဟန်းအဖြစ် ရပုံ

ထိုအခါမှ အရှင်ကောဏ္ဍညက မြတ်စွာဘုရားထံမှာ ရဟန်းအဖြစ်ကို လျှောက်တောင်းပါတယ်။

မြတ်စွာဘုရားက “ဧဟိ ဘိက္ခု သွာက္ခာတော ဓမ္မော၊ စရ ဗြဟ္မစရိယံ သမ္မာ ဒုက္ခဿ အန္တကိရိယာထ” = “လာလော့ ရဟန်း၊ တရားတော်မှာ ကောင်းမွန် မှန်ကန်စွာ ဟောထားတဲ့ သွာက္ခာတ တရားတော် ဖြစ်သည်။ အမှန်စင်စစ် ဆင်းရဲကုန်ဆုံးခြင်းကို ပြုနိုင်အောင် မြတ်သော အကျင့်ကို ကျင့်လှည့်ပါလော့”ဟု ခေါ်တော်မူကာ ဧဟိဘိက္ခု ရဟန်းအဖြစ်နဲ့ ရဟန်းပြုပေးတော်မူခဲ့ပါတယ်။

ကဲ ... တရားတော်ကို အဆုံးသတ်တော့မယ်။
ဒီဓမ္မစကြာတရားဒေသနာတော်မှာ ဖော်ပြထားတဲ့ မဂ္ဂင်ရှစ်တန် မဇ္ဈိမပဋိပဒါ အကျင့်လမ်းမှန်ကို မှန်ကန်စွာ ကျင့်နိုင်ကြ၍ အရိယသစ္စာလေးတန် တရားမှန်ကို အလျင်အမြန် သိမြင်ကြပါစေသတည်း။

Monday, January 17, 2011

တရားဦး

ဘုရားဖြစ်ခါ၊ မိဂဒါသို့
စကြာရွှေဘွား၊ ဖြန့်ချီသွား၍
ငါးပါးဝဂ္ဂီ၊ စုံအညီနှင့်
မဟီတသောင်း၊ တိုက်အပေါင်းမှ
ခညောင်းကပ်လာ၊ နတ်ဗြဟ္မာအား
ဝါဆိုလပြေ့(ပြည့်)၊ စနေနေ့ဝယ်
ကြွေ့ကြွေ့လျှံတက်၊ ဓမ္မစက်ကို
မိန့်မြွက်ထွေပြား၊ ဟောဖော်ကြားသည်
တရားနတ်စည် ရွမ်းတယ်ကို။

(မဟာသက္ကရာဇ် ၁၀၃-ခု ဝါဆိုလပြည့် စနေနေ့၌ ဓမ္မစကြာတရားတော်ကို ဟောတော်မူခဲ့သည်။)

(လယ်တီဆရာတော်ဘုရားကြီး၏ခုနစ်နေ့ဗုဒ္ဓဝင်ဘုရားရှိခိုးမှ)

+++++

ဓမ္မစကြာဒေသနာသည် ဘုရားရှင်အနန္တတို့၏ တရားဦး ဖြစ်၏။
အဘိဓမ္မာခုနစ်ကျမ်း၏ သည်းခြေ ဖြစ်၏။
ဓမ္မက္ခန္ဓာရှစ်သောင်းလေးထောင်၏ မိခင်ပမာ မာတိကာ ဖြစ်၏။
လေးဆယ့်ငါးဝါပတ်လုံး ဟောသမျှသည် သစ္စာလေးပါးမှ လွတ်သည် မရှိ။
နတ်ဗြဟ္မာတို့ ရှေးဦးစွာ မြိန်မြိန်ယှက်ယှက် ခံစားရသော ကနဦးတရား ဖြစ်၏။
ရွတ်ဖတ်သံကြားတိုင်း နတ်တို့နား၌ မရိုး။ ဝမ်းမြောက်စွာ မြတ်နိုးကုန်၏။
တနင်္ဂနွေစသော အခါခုနစ်နေ့တို့တွင်မူ စနေနေ့ကို မြေတုန်အောင် ထင်ရှားစေ၏။ စနေနေ့ကို ရိုသေစွာ အလေးပြုသူတို့အား ကောင်းကျိုးတိုးစေသော ဓမ္မစကြာသည် အလွန် ရခဲ၏။
ဘုရားရှင်တစ်ဆူပွင့်မှ တစ်ကြိမ်သာ ပေါ်လာ၏။
ထို့ကြောင့် ဤဓမ္မစကြာကို အဘယ်သို့သောသူ မရွတ်ဖတ်ချင်ဘဲ ရှိအံ့နည်း။
နေ့စဉ် ရွတ်ဖတ်ချင်မည်သာတည်း။

(ညောင်လေးပင်ဆရာတော်ဘုရားကြီး၏မဟာဓမ္မစကြာအရသာမှ)

+++++

... ဘုန်းကြီးတို့ မင်းကွန်းမှာ သီတင်းသုံးတော်မူသွားတဲ့ ချမ်းသာကြီးဆရာတော်ဘုရားကြီး သက်တော်ထင်ရှားရှိစဉ်က မိန့်ကြားတော်မူဖူးတယ်။

“လူဆိုတာကွယ် .. တဲ့၊ ကျန်းမာချင်လို့ရှိရင်တဲ့ နေ့တိုင်း နေ့တိုင်း သွေးဆေးရှူပေးရတယ်တဲ့။
နှစ်ရက်တစ်ပတ် သုံးရက်တစ်ပတ် ဆေးဝါကြီးများ သောက်ပေးရတယ်။
ခုနစ်ရက်တစ်ပတ်လောက် ငန်းဆေးများလည်း သောက်ပေးရတယ် တဲ့။
အဲဒါလိုပဲတဲ့ ‘တစ်ထောင့်ငါးရာ ကိလေသာတည်းဟူသော အနာရောဂါ’ ကင်းချင်လို့ရှိရင်တဲ့ နေ့တိုင်း နေ့တိုင်း သွေးဆွေးနဲ့တူသော ဓမ္မစကြာကို ရွတ်ရတယ် နာရတယ်” တဲ့။

(အသံသွင်း) ကြိုးထဲ သွင်းထားပြီးတော့ပေါ့လေ ... နာလည်း နာကြပေါ့။



(မင်းကွန်းဆရာတော်ဘုရားကြီး၏ဓမ္မစကြာမှ)

++++++

“ဓမ္မစကြာ”ဟု ခေါ်သော တရားဦးဒေသနာမှာ အရေးကြီးလှသည်။
တရားရှင်ဖြစ်သော ပုဂ္ဂိုလ်၏ လောကကြီးနှင့်ပတ်သက်သော အယူအဆနှင့် သတွာအားလုံးတို့ အာသာပြင်းပြင်းဖြင့် တောင့်တနေကြသော ချမ်းသာစစ် ချမ်းသာမှန်ကို ရအောင် လုပ်ကိုင် ကျင့်ကြံနည်းကို ဤဒေသနာတွင် ဖော်ပြထားပေသည်။
လောက၌ အစိုးရသစ်သော်လည်းကောင်း၊ အဖွဲ့အစည်းသစ်သော်လည်းကောင်း ပေါ်ပေါက်လာလျှင် ၎င်းအစိုးရ သို့မဟုတ် အဖွဲ့အစည်းသစ်၏ ဝါဒလမ်းစဉ်ကို အများပြည်သူတို့ သိမြင် အကဲခတ်နိုင်ရန် ကြေညာရသလိုပင် “ကမ္ဘာလောက၌ ဗုဒ္ဓဘာသာခေါ်သော ဘာသာစစ် ဘာသာမှန်ကြီးတစ်ခု ပေါ်ပေါက်လာပြီ”ဟု ကြေညာဖို့ရန် ဤတရားဦးကို ထုတ်ဖော်ခြင်းပင် ဖြစ်လေသည်။
ထို့ကြောင့် ဗုဒ္ဓ၏ ဝါဒကို နားလည်လိုသောသူတို့သည် ဤတရားဦးကို ပိုင်နိုင်စွာ လေ့လာရပေမည်။

(အရှင်သီလာနန္ဒာဘိဝံသ ၏တရားဦးမှ)

+++++

၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၁၅ ရက် စနေနေ့တွင် လောကချမ်းသာဆရာတော် မြန်မာပြည်သို့ ခေတ္တ ပြန်လည် ကြွရောက်သွားရာ ယခုအပတ် လောကချမ်းသာ စနေနေ့ ဓမ္မသင်တန်း၌ အရှင်စက္ကိန္ဒက မြတ်စွာဘုရားရှင်၏ တရားဦးဖြစ်သော “ဓမ္မစကြာ”ကို သင်ကြား ပို့ချပေး၏။



+++++

စနေနေ့ လောကချမ်းသာ ဆည်းဆာတရားပွဲကိုလည်း အရှင်စက္ကိန္ဒကပင် ညနေ ၄ နာရီခွဲ၌ ဟောကြားရာ ‘ကိလေသာပယ်နည်း ၅-မျိုး’အကြောင်းကို ဟောကြား ချီးမြှင့်၏။




ကိလေသာ ၃-မျိုး

‘လွန်ကျူး’,‘ဆူပွက်’၊ ‘မျိုးမပျက်’၊ သုံးချက် ကိလေသာ။

‘သီလ’,‘သမာ၊ ဓိ’ ‘ပညာ’၊ သတ်ရာ သုံးသိက္ခာ။

အနာနှင့်ဆေး၊ သင့်အောင်ပေး၊ ပျောက်ရေး မခက်ပါ။

(၁) ဝီတိက္ကမကိလေသာ

ကိုယ်နှုတ်တို့ဖြင့် ကျူးလွန်သော ကာယဒုစရိုက်၊ ဝစီဒုစရိုက်များ ဖြစ်၏။ ဤဝီတိက္ကမကိလေသာများ မပေါ်စေရန် သီလသိက္ခာဖြင့် ထိန်းသိမ်း ကာကွယ်ရ၏။

(၂) ပရိယုဋ္ဌာနကိလေသာ

ကိုယ်နှုတ်တို့ဖြင့် ကျူးလွန်သောအဆင့် မရောက်ဘဲ စိတ်နှလုံးတွင် ထကြွသောင်းကျန်း ပေါ်ပေါက်သော မနောကံ မနောဒုစရိုက်များ ဖြစ်၏။ အဘိဇ္ဈာ, ဗျာပါဒ, မိစ္ဆာဒိဋ္ဌိ ဟူသော လောဘ, ဒေါသ, မောဟ ဖြစ်ပေါ်လာခြင်းကို ဆိုလိုသည်။
ဤဆူပွက်မှု ပရိယုဋ္ဌာနကိလေသာများ မဖြစ်ပေါ်စေရန် သမာဓိသိက္ခာဖြင့် ထိန်းသိမ်း ကာကွယ်ရ၏။

(၃) အနုသယကိလေသာ

အကုသိုလ်ကိလေသာစိတ်များ ဖြစ်ပေါ်လာသော အဆင့်သို့ မရောက်မီ၊ ယင်းအကုသိုလ်ကိလေသာများ ဖြစ်ပေါ်နိုင်ခွင့် အခြေအနေသဘောကို ဆိုလို၏။
ဤအနုသယကိလေသာကို ပညာသိက္ခာဖြင့်သာ ထိန်းသိမ်း ကာကွယ်နိုင်၏။

ကိလေသာပယ်နည်း ၅-မျိုး

(၁) တဒင်္ဂပဟာန် = ကာမကုသိုလ်တရားစုဖြင့် ပြုဆဲခဏ၌ ပယ်ခြင်း။
(၂) ဝိက္ခမ္ဘနပဟာန် = မဟဂ္ဂုတ်ကုသိုလ်စုဖြင့် နည်းပါးအောင် ပြုခြင်း။
(၃) သမုစ္ဆေဒပဟာန် = မဂ်ကုသိုလ်စုဖြင့် အပြတ်ပယ်ခြင်း။
(၄) ပဋိပဿဒ္ဓိပဟာန် = ဖိုလ်တရားစုဖြင့် ငြိမ်းအေးမှု ပြုခြင်း။
(၅) နိဿရဏပဟာန် = ပရိနိဗ္ဗာနဓာတ်ဖြင့် ဖြတ်တောက် ထွက်မြောက်သွားခြင်း။

ကိလေသာမှ လွတ်မြောက်ခြင်း ၅-မျိုး

(၁) တဒင်္ဂဝိမုတ္တိ = ကာမကုသိုလ်ဖြင့် ကိလေသာမှ အခိုက်အတန့် လွတ်မြောက်ခြင်း။
(၂) ဝိက္ခမ္ဘနဝိမုတ္တိ = မဟဂ္ဂုတ်ကုသိုလ်ဖြင့် ဖယ်ခွာ လွတ်မြောက်ခြင်း။
(၃) သမုစ္ဆေဒဝိမုတ္တိ = မဂ်ကုသိုလ်ဖြင့် အကြွင်းမဲ့ ပယ်ဖြတ် လွတ်မြောက်ခြင်း။
(၄) ပဋိပဿဒ္ဓိဝိမုတ္တိ = ဖိုလ်စိတ်ဖြင့် အေးငြိမ်း လွတ်မြောက်ခြင်း။
(၅) နိဿရဏဝိမုတ္တိ = သံသရာမှ လွတ်မြောက်ခြင်း။

+++++

တရားပွဲပြီးသော် ၁၅ မိနစ်ခန့် တရားရှူမှတ်ကြပြီး ကောင်းမှုကုသိုလ် အဖို့အစုတို့ကို အားလုံးသော သတ္တဝါတို့အား အမျှပေးဝေကြလေသည်။

သာဓု ... သာဓု ... သာဓု။

Wednesday, January 12, 2011

Lokachantha Pagoda and Temple in the snow (12-Jan-2011)

၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၁၁-၁၂ ရက်တို့တွင် နယူးယောက်-နယူးဂျာစီတို့၌ နှင်းမုန်တိုင်းကျရောက်ပြန်ရာ နယူးဂျာစီမဟာစည်သတိပဋ္ဌာန်ရိပ်သာရှိ လောကချမ်းသာစေတီတော်နှင့် ဆောက်လုပ်ဆဲ ဓမ္မာရုံ ယောဂီဆောင် ကျောင်းဆောင်တို့ကို ဖူးမြော် တွေ့မြင်ရစဉ်။







ရုပ်သာနွမ်းစေ စိတ်မပန်းစေနဲ့

၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၈ ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ မွန်းလွဲ ၂ နာရီမှ ၄ နာရီအထိ လောကချမ်းသာဆရာတော်က မဟာသတိပဋ္ဌာနသုတ်သင်တန်းကို ပို့ချပေးပြီး၊ ညနေ ၄ နာရီခွဲမှ ၆ နာရီအထိ အရှင်ဝဏ္ဏိတက လောကချမ်းသာ စနေနေ့ ဆည်းဆာတရားပွဲကို ဟောကြား ချီးမြှင့်၏။

+++++

ညောင်လေးပင်ဆရာတော်ဘုရားကြီး၏ “သတိပဋ္ဌာန်အရသာ”မှ ‘ဝေဒနာရှုနည်း’နှင့် ‘စိတ်ရှုနည်း’

ဝေဒနာရှုနည်း

သုခ နှစ်ပါးတို့တွင် တစ်ပါးပါးဖြစ်သောအခါ “ငါသည် သုခဝေဒနာကို ခံစား၏”ဟု သိသောသူသည် ‘သုခဝေဒနာနုပဿီပုဂ္ဂိုလ်’ မည်၏။

မေး။ ။ ဤသို့သော သိခြင်းမျိုးကို ဘုရားတရား မကြားဖူးသော သာသနာပ လူရိုင်း, နို့စို့အရွယ်သူငယ်, အပါယ်လေးဘုံသားတို့ပင်လျှင် သိနိုင်ကြသည် မဟုတ်လော။ ဤဝေဒနာနုပဿီပုဂ္ဂိုလ်နှင့် သိခြင်း အဘယ်သို့ ထူးခြားသနည်းဟု မေးဖွယ် ရှိ၏။

ဖြေ။ ။ လူရိုး, သူငယ်, အပါယ်သားတို့သည် “ငါ သုခခံစား၏”ဟု သိသော်လည်း သတ္တဝါဟူသော အမှတ်သညာကို မစွန့်မခွာမူ၍ သိကြ၏။ ကမ္မဋ္ဌာန်း မဖြစ်။ ဝေဒနာနုပဿီပုဂ္ဂိုလ်ကား သတ္တဝါဟူသော အမှတ်သညာကို စွန့်ခွာ၍ သိ၏။ ကမ္မဋ္ဌာန်း ဖြစ်၏။ ဤသို့ ထူးခြား၏။

သတ္တဝါသညာ စွန့်ခွာပုံကား - ဝေဒနာသည်သာလျှင် ခံစားလျက် ဖြစ်သည်ကို “ငါခံစားသည်”ဟူ၍ ဝေါဟာရစကား ပြောဆိုခြင်းမျှသာတည်း - ဟု သိရမည်။ ဤသို့ သိလျှင် သတ္တဝါသညာကို စွန့်ခွာသည် မည်၏။

ရှင်းဦးအံ့။

(၁) ဤဝေဒနာကို အဘယ်သူ ခံစားသနည်း။ ခံစားတတ်သော ပုဂ္ဂိုလ် သတ္တဝါ မရှိ။

(၂) ဤဝေဒနာကို အဘယ်သူ အစိုးတရ ပိုင်ဆိုင်သနည်း။ ပိုင်ဆိုင်သူ မရှိ၊ အစိုးရသူ မရှိ။

(၃) ဤဝေဒနာသည် ပုဂ္ဂိုလ်သတ္တဝါတို့အလိုကြောင့် ဖြစ်သလော။ မဖြစ်၊ ဝတ္ထုအာရုံကြောင့်သာ ဖြစ်သည်။

ထို့ကြောင့် ဝေဒနာသာလျှင် ခံစားလျက် ဖြစ်သည်ကို ငါခံစားသည် ဟူ၍ ပြောဆိုခြင်းမျှသာ ဖြစ်သည်။
စင်စစ် ခံစားသောသူ မရှိ။
ဤသို့ သတ္တဝါ သညာကို စွန့်ခွာ၍ သိမှသာလျှင် ကမ္မဋ္ဌာန်း ဖြစ်သည်။
သတ္တဝါ သညာ မစွန့်နိုင်လျှင် သိရုံမျှဖြင့် ကမ္မဋ္ဌာန်း မဖြစ်သေး။

(ဒုက္ခဝေဒနာကို ငါခံစား၏၊ အဒုက္ခ မသုခ ဝေဒနာကို ငါခံစား၏ ဟု သိရာ၌လည်း ဤအတူ သတ္တဝါ သညာ စွန့်ခွာ၍ သိရမည်သာတည်း။)

ခံစားသူ မရှိပုံ ဝတ္ထု

စိတ္တလတောင်၌ မထေရ်တစ်ပါး လေနာနှိပ်စက်၍ ငြီးတွားစဉ် ရဟန်းငယ်တစ်ပါးက “အရှင်ဘုရား ... အဘယ်နေရာ နာပါသနည်း”ဟု လျှောက်၏။

“ငါ့ရှင် ... နာသောနေရာ ပြစရာ သီးခြား မရှိ။ အာရုံကို အာရုံပြုလျက် ဝေဒနာသာလျှင် ခံစား၏”ဟု ဖြေလတ်သော် -

“ဤသို့ သိလျှင် သည်းခံသင့်သည် မဟုတ်ပါလော”ဟု လျှောက်၏။

“ကောင်းပြီ၊ သည်းခံတော့မည် ငါ့ရှင်”ဟု ဆိုလတ်သော် -

“သည်းခံခြင်းသည် အလွန်ကောင်းပါသည် ဘုရား”ဟု လျှောက်၏။

မထေရ်သည် မငြီးမတွား သည်းခံလျက် နေစဉ် လေသည် ရင်ကို ခွဲ၏။ အူခွေသည် အပသို့ ထွက်၍ ညောင်စောင်း၌ တည်၏။

“ငါ့ရှင် ... ဤမျှသော သည်းခံခြင်းသည် သင့်လျော်ပြီ မဟုတ်လော”ဟု ဆိုလတ်သော် - ရဟန်းငယ်သည် ဆိတ်ဆိတ်သာ နေလေ၏။

မထေရ်သည် ဝီရိယ, သမာဓိ ညီမျှအောင် ယှဉ်စေသဖြင့် ပဋိသမ္ဘိဒါပတ္တ ရဟန္တာဖြစ်၍ သမသီသီပုဂ္ဂိုလ်အဖြစ်ဖြင့် ပရိနိဗ္ဗာန်စံတော်မူ၏။

(ဤ၌ လွန်စွာ သည်းခံခြင်းကြောင့် သည်းခံခြင်းသည်ပင် လွန်ကဲသော ဝီရိယ မည်၏။ ဝီရိယရှိသလောက် သမာဓိကို ဖြစ်စေခြင်း, သမာဓိရှိသလောက် ဝီရိယကို ဖြစ်စေခြင်းသည် ညီမျှအောင် ယှဉ်စေသည် မည်၏။)

xxx

စိတ်ရှုနည်း

မိမိသန္တာန်၌ ရာဂရှိသော စိတ်ဖြစ်သောအခါ “ငါ၏ စိတ်သည် ရာဂရှိ၏။ ငါ့အား ရာဂရှိသော စိတ်ဖြစ်၏”ဟု သိသောသူသည် စိတ္တာနုပဿီပုဂ္ဂိုလ် မည်၏။
“ရှေး၌ မဖြစ်၊ ယခုမှ ဖြစ်ဆဲ”ဟု သိသော သူသည်လည်း စိတ္တာနုပဿီပုဂ္ဂိုလ် မည်၏။

ဤသို့ စိတ်ကို အကြိမ်ကြိမ် ရှု၍ နာမ်ကို သိမ်းဆည်း၍လည်းကောင်း၊ နာမ်ရုပ်ကို သိမ်းဆည်း၍လည်းကောင်း၊ အကြောင်းရှာ၍လည်းကောင်း၊ စူဠသောတာပန် ဖြစ်စေ၍လည်းကောင်း ပွားများပုံနည်းတို့ကို ဝေဒနာနုပဿနာ၌ ဆိုပြီးသည်ကို မှီး၍ သိအပ်ကုန်၏။
ကြွင်းသော စိတ်ရှုပုံ, ဗဟိဒ္ဓရှုပုံ, အဇ္ဈတ္တဗဟိဒ္ဓရှုပုံတို့လည်း သိလွယ်သော သဘော ရှိကုန်ပြီ။

အားရှိဖွယ်

ဤစိတ္တာနုပဿနာနည်းကို သိသောသူသည် ထူးသော အရသာကို ရလေ၏။
မီးသွေးမည်းညစ်ကို ရွှေ ငွေ စိန်ကျောက် ဖြစ်စေသကဲ့သို့ အကုသိုလ်တရားညစ်ကို စိတ္တာနုပဿနာရှုခြင်းဖြင့် အဖိုးတန်တရား ဖြစ်စေနိုင်ပြီ။

မိမိရင်ဝသို့ ချိန်လွှတ်သော လက်နက် ဦးချွန်ကို ရွှေခြေနင်း ရွှေရထား ဖြစ်စေသကဲ့သို့ အပါယ်သံသရာ၌ နှစ်မြှုပ်လတံ့သော တရားဖျင်း တရားညံ့တို့ကို သံသရာမှ လွတ်ကြောင်း မဂ္ဂင်ရထား တရားထူး တရားမြတ် ဖြစ်စေနိုင်ပြီ။

ဥယျာဉ်မှူးတို့သည် လင်းနို့ အညစ်အကြေး ရွံဖွယ်ကို သစ်ပင်သန်အောင် ဝဲပေးကုန်၏။ (ဝါ) မြေစာကျွေးကုန်၏။
အမျိုးကောင်းသား အမျိုးကောင်းသမီးတို့သည် လောဘ, ဒေါသ စသော အကုသိုလ်စိတ် ရွံဖွယ်ကို စိတ္တာနုပဿနာ ဘာဝနာသန်အောင် ဝဲပေးကုန်၏။ (ဝါ) အာရုံစာ ကျွေးကုန်၏။

ရှေးအခါ လယ်သမားတစ်ယောက် သူတပါး၏ ရေကို ခိုးသောက်၏။
ထိုနောက် ဤလောဘသည် အဖော်ရလျှင် ငါ့ကို အပါယ်ချလတံ့ဟု စဉ်းစားမိ၍ -
“ဤလောဘစိတ်သည် ရှေး၌ မဖြစ်၊ ယခု ဖြစ်သည်၊ အမြဲ မရှိ၊ အနိစ္စ, ဒုက္ခ, အနတ္တ”ဟု ဆင်ခြင်စဉ် ပစ္စေကဗောဓိဉာဏ် ရသတတ်။

လောဘကြောင့် ပြိတ္တာ၊
ဒေါသ - ငရဲ၊
မောဟ - တိရစ္ဆာန်၊
မာန - အမျိုးယုတ်၊
ဣဿာ - အရုပ်ဆိုး၊
မစ္ဆရိယကြောင့် အမွဲ ဖြစ်တတ်သည်။

ထို့ကြောင့် ပြိတ္တာ, ငရဲ စသည်တို့မှ လွတ်လိုသော သူသည် ဤနည်းသိသည်မှ စ၍ လောဘ, ဒေါသ စသည် ဖြစ်သမျှကို သတိရတိုင်း စိတ္တာနု ထက်သန်ရေး ဘာဝနာ မြေစာကျွေး၍ ဝဲပေးလိမ့်မည် စင်းစင်းတည်း။

+++++

လောကချမ်းသာ ဆည်းဆာတရားပွဲကို အရှင်ဝဏ္ဏိတက “ရုပ်သာနွမ်းစေ စိတ်မပန်းစေနဲ့” ဒုက္ခဝေဒနာတရားတော်ကို ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ တရားတော်ဆောင်ပုဒ် လင်္ကာများဖြင့် ဟောကြား ချီးမြှင့်၏။


ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ “သလ္လသုတ်တရားတော်” ဆောင်ပုဒ်များ

ခြားနားချက်

ဝေဒနာများ၊ တွေ့ခံစားလျှင်
တရားအသိ၊ မပြည့်ဝသူ
ပြည့်ဝသူ၊ ထူးမူ ဘယ်သို့နည်း။

တရားအသိ မပြည့်ဝသူ

တရားအသိ၊ မပြည့်ဝမူ
ထိုသည့်သူကား၊ တွေ့မူဆင်းရဲ
မရှုဘဲမို့၊ ကိုယ်လဲညှိုးနွမ်း
စိတ်ပင်ပန်း၊ ချမ်းသာ မရပြီ။

ဆူးတစ်ချောင်းစူးလျှင်၊ နောက်ဆူးထွင်၊ နာကျင် ထပ်ဆင့်ပွား
ကိုယ်၌ဆင်းရဲ၊ မရှုဘဲ၊ စိတ်ထဲ ပင်ပန်းငြား။
ကိုယ်လဲဆင်းရဲ၊ စိတ်ဆင်းရဲ၊ ဆင်းရဲ ထပ်ဆင့်ပွား။
ဆင်းရဲကိုသာ၊ မခံသာ၊ စိတ်မှာ လွန်ထိပါး။

စိတ်မှာခိုက်ထိ၊ ဆင်းရဲဘိ၊ ပဋိဃာနုသယ ပွား။
ထိုဆင်းရဲမှ၊ လွတ်လိုလှ၍၊ ကာမချမ်းသာ၊ တောင့်တပါ၊ ရာဂါနုသယ ပွား။
ထို‘ဝေ’နှစ်ဆစ်၊ ဖြစ်ချုပ်သာယာ
ပြစ်နာဆာနှင့်၊ လွတ်ရာစင်စစ်
ဉာဏ်မဆစ်၍၊ ဥပေက် ဝေဒနာ
ဖြစ်ပေါ်လာ၊ အဝိဇ္ဇာနုသယ ပွား။

ယင်းသို့ဖြစ်ငြား၊ ထိုသူစားက
သုံးပါးဝေဒနာ၊ ခံစားရာ၌
ယှဉ်ကာကိလေ၊ ခံစားပေ၍
များထွေဒုက္ခ၊ မလွတ်ရသည်
သုတကင်းသူ သဘောတည်း။

တရားအသိ ပြည့်ဝသူ

တရားအသိ၊ ပြည့်ဝဘိမူ
ထိုသည့်သူကား၊ တွေ့မူဆင်းရဲ
ရှုမှတ်မြဲ၍၊ စိတ်ထဲမပန်း
ရုပ်သာနွမ်း၊ ရွှင်လန်း ကြည်တော့သည်။

ဆူးတစ်ချောင်းစူးလျှင်၊ နောက်မထွင်၊ နာကျင့် ဆင့်မပွား။
ကိုယ်၌ဆင်းရဲ၊ ရှုမှတ်မြဲ၊ ဆင်းရဲ အသိပွား။
စိတ်မဆင်းရဲ၊ မထိဘဲမို့
မစွဲနုသယာ၊ ဝေဒနာ၏
ငါးဖြာဖြစ်သော၊ ထိုသဘောကို
နက်နောပိုင်ပိုင်၊ သိမြင်နိုင်၊ မြဲခိုင် ဉာဏ်တိုးပွား။

ယင်းသို့ဖြစ်ငြား၊ ထိုသူစားက
သုံးပါးဝေဒနာ၊ ခံစားရာ၌
ကင်းကွာကိလေ၊ ခံစားပေ၍
များထွေဒုက္ခ၊ ကင်းလွတ်ရသည်၊ သုတရှိသူ သဘောတည်း။

တရားပွဲပြီးသော် မိနစ် ၂၀ ခန့် တရားရှုမှတ်ကြပြီး ကောင်းမှုကုသိုလ်တို့ကို အမျှပေးဝေကြလေသည်။

သာဓု ... သာဓု ... သာဓု။

Thursday, January 6, 2011

အေဘီဘီအေ နှစ်သစ် ဆုတောင်း မေတ္တာပို့သပွဲ

၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၂ ရက် တနင်္ဂနွေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ နှစ်သစ် ဆုတောင်း မေတ္တာပို့သပွဲကို ကျင်းပ ပြုလုပ်၏။

ဘုရားအမှူးရှိသော သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်ကြပြီး၊ သံဃာတော်များက ပရိတ်တရားတော်များ ရွတ်ဖတ်ခြင်း၊ သံဃာတော်များ ဦးဆောင်၍ ဆုတောင်း မေတ္တာပို့သကြခြင်း၊ လောကချမ်းသာဆရာတော်က အနုမောဒနာတရားတော် ဟောကြား ချီးမြှင့်ခြင်းနှင့် ဘုန်းကြီး ဦးအဘယာလင်္ကာရက ရေစက်ချအစီအစဉ်ကို ဆောင်ရွက်ပေးခြင်းများကို ပြုလုပ် ကျင်းပကြ၏။

ကြွရောက်လာကြသော ဧည့်ပရိသတ်များအား မုန့်ဟင်းခါး၊ မြန်မာမုန့်များဖြင့် ဧည့်ခံ ကျွေးမွေး၏။

ပွဲတော်အလှူရှင်မှာ ဦးသိန်းဝင်း-ဒေါ်စန်းစန်းဌေးနှင့် သမီးများဖြစ်ကြသော ဂရေ့စ်နှင့် အိန်ဂျလာ မိသားစု ဖြစ်၏။

























သစ္စာပန်းများ ပွင့်စေခြင်း

၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၁ ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ ၂၀၁၁ ခုနှစ်၏ ပထမဦး ဓမ္မသင်တန်းနှင့် စနေနေ့ ဆည်းဆာတရားပွဲကို ပြုလုပ် ကျင်းပ၏။

လောကချမ်းသာဆရာတော်က မွန်းလွဲ ၂ နာရီမှ ၄ နာရီအထိ မဟာသတိပဋ္ဌာနသုတ်၊ ကာယာနုပဿနာ၊ ဓာတုမနသိကာရပိုင်းနှင့် နဝသိဝထိကပိုင်းတို့ကို ပို့ချပေး၏။

ညနေ ၄ နာရီခွဲတွင် လောကချမ်းသာ စနေနေ့ ဆည်းဆာ တရားပွဲကို ကျင်းပရာ အရှင်ပညာနန္ဒက ‘သစ္စာပန်းများ ပွင့်စေခြင်း’တရားတော်ကို ၂ နာရီခန့် ဟောကြား ချီးမြှင့်၏။



တရားပွဲ မစမီ စကားလက်ဆောင်အဖြစ် မေတ္တာထားသူ၊ ဒေါသပွားသူတို့တွင် မိမိကိုယ်တိုင် မေတ္တာအကျိုး၊ ဒေါသအပြစ်တို့ကို ရှေးဦးစွာ ခံစားရပုံအကြောင်း ရှင်းပြ ဟောပြော၏။

ထိုနောက် -

လူလည်းဖြစ်ခဲ၊ သက်ရှင်ခဲ၏
သက်လည်းရှင်ပြန်၊ လူဖြစ်ပြန်က
တွေ့ရန် သာသနာ၊ ခက်ခဲပြန်၏
သာသနာလည်၊ တွေ့ခဲ့ပြန်က
တွေ့ခဲတရား၊ နာနိုင်ငြား၏
နာကားနာပေ၊ သိခဲပေ၏
သိပေပြန်လည်း၊ ကျင့်နိုင်ခဲသည်
ခက်ခဲ ဒုလ္လဘပါတကား ... ဟူသည်နှင့်အညီ ရခဲ ကြုံခဲ အခွင့်ခါကောင်းကြီးနှင့် တွေ့ကြုံနေကြခိုက် သံဃာတော်များက -

‘သိ’ ‘ပယ်’ ‘ဆိုက်’ ‘ပွား’၊ ဟောစဉ်ထား၍ ညွှန်ကြား ပြသနေကြသည့်အတိုင်း

‘ပွား’ ‘သိ’ ‘ပယ်’ ‘ဆိုက်’၊ ကျင့်စဉ်လိုက် ကြမည်ဆိုပါလျှင် သစ္စာပန်းများ ဖူးပွင့် ဝေဆာမည် အမှန်ဖြစ်ကြောင်း ဟောကြား၏။

တရားပွဲပြီးသော် ၅ မိနစ်ခန့် တရားရှုမှတ်ကြပြီး၊ ကောင်းမှုကုသိုလ် အစုစုတို့ကို အများသတ္တ ဝေနေယျတို့အား အမျှပေးဝေကြလေသည်။

သာဓု ... သာဓု ... သာဓု။