Friday, June 25, 2010

ရုပ် ၂၈-ပါး

၂၀၁၀ ခုနှစ် ဇွန်လ ၁၉ ရက် စနေနေ့တွင် လောကချမ်းသာဘုရားကျောင်း၌ အရှင်သီလာနန္ဒာဘိဝံသ၏ အဘိဓမ္မာသင်တန်းပို့ချချက်များ အပတ်စဉ် (၃၇) ရုပ်ပိုင်း ပို့ချချက်များကို လေ့လာ သင်ယူကြရ၏။
ဦးစွာ လောကချမ်းသာဆရာတော်က ရုပ် ၂၈-ပါးအကြောင်းကို ရှင်းလင်း သင်ကြားပေးပြီး၊ ဆရာတော် အရှင်သီလာနန္ဒာဘိဝံသ၏ အသံသွင်းပို့ချချက်များကို နာယူ မှတ်သားကြရ၏။

+++++



ရုပ် ၂၈-ပါး


ရုပ် = မျက်မြင် ထင်ထင်ရှားရှား ဖောက်ပြန်တတ်သော သဘောတရား


“အေးတဲ့အခါ ရုပ်အစဉ်ကတစ်မျိုး မနေဘူးလား၊ ပူတဲ့အခါကျတော့ ရုပ်အစဉ်က တစ်မျိုးနေတယ်။
ဆာတဲ့အခါကျတော့ တစ်မျိုး၊
ရေငတ်နေတဲ့အချကျတော့ တစ်မျိုး၊
ပိုးကောင်တွေ အကိုက်ခံရတဲ့အခါ တစ်မျိုး နေတယ်။

အဲဒီလို ရှေ့ရုပ်အစဉ်နဲ့ မတူတဲ့ နောက်ရုပ်အစဉ်ဖြစ်တာ၊ အဲသလို ဖြစ်တာကိုပဲ ဖောက်ပြန်တယ်လို့ ခေါ်တယ်။
ဒါကြောင့် ရုပ်ဆိုတာ ဖောက်ပြန်တတ်တဲ့ သဘောတရားလို့ မှတ်ရမယ်။”


“ရုပ်ဟာ ဖောက်ပြန်တတ်တဲ့ သဘောတရားဆိုရင် စိတ်ကော မဖောက်ပြန်ဘူးလား၊ ရှေ့စိတ်အစဉ်နဲ့ မတူတဲ့ နောက်စိတ်အစဉ်တွေ ဖြစ်နေတာပဲ။ ဝီထိတွေ ဖြစ်နေတာပဲ။ ဒါပေမယ်လို့ ဒီနေရာမှာ မျက်မြင် ထင်ထင်ရှားရှား ဖောက်ပြန်တာကို ဆိုလိုတယ်။ စိတ်က လူသိတာမှ မဟုတ်ပဲ။ တစ်ထိုင်ထဲ အမျိုးမျိုး ဖြစ်နေတာ ဘယ်သူသိကြလဲ။ ရုပ်ကျတော့ သိတယ်။”


“သူများက ကြည့်လိုက်ရင် ဒီပုဂ္ဂိုလ်ဟာ ဆာလောင်နေတယ်၊ ချမ်းနေတယ်၊ အိုက်နေတယ် စသည်ဖြင့် အမျိုးမျိုး သိကြတယ်။ ဒါကြောင့်မို့ ထင်ရှားတဲ့ ဖောက်ပြန်မှုမျိုးကို ရည်ရွယ်ပြီးတော့ ဖောက်ပြန်တတ်သောကြောင့် ရုပ်လို့ ဒီလိုခေါ်ရတယ်။”


+++++


အဘိဓမ္မာသဘောအရ၊ အဘိဓမ္မာသင်ကြားချက်အရ ရုပ်ပေါင်း ၂၈-ပါး ရှိ၏။

ထို ရုပ် ၂၈-ပါးကို အစုကလေးများ ခွဲပြီး လေ့လာရ၏။


မဟာဘုတ် ၄-ပါး


အခြေခံအကျဆုံး ဖြစ်၏။ ဓာတ်ကြီး ၄-ပါးဟုလည်း ခေါ်၏။

ပထဝီဓာတ်’၊ ‘အာပေါဓာတ်’၊ ‘တေဇောဓာတ်’၊ ‘ဝါယောဓာတ်’ဟု ပါဠိအစဉ်အတိုင်း မှတ်သားနိုင်၏။


ပထဝီဓာတ် = မာမှု, ပျော့မှု, ကြမ်းတမ်းမှု, နူးညံ့မှု သဘော

အာပေါဓာတ် = ယိုစီး ဖွဲ့စည်းတတ်သော သဘော

တေဇောဓာတ် = ပူမှု အေးမှု သဘော

ဝါယောဓာတ် = တွန်းကန် ထောက်ကန်တတ်သော သဘော


ဤအခြေခံဓာတ်ကြီး ၄-ပါးကို အမှီပြုပြီး ဖြစ်သော ကျန်ရုပ် ၂၄-ပါးကို ‘ဥပါဒါရုပ်’ဟု ခေါ်၏။



ပသာဒရုပ် ၅-ပါး


‘ပသာဒ’ ဆိုသည်မှာ ကြည်လင်ခြင်းကို ခေါ်၏။

(၁) စက္ခုပသာဒ = မျက်စိအကြည်
(၂) သောတပသာဒ = နားအကြည်
(၃) ဃာနပသာဒ = နှာခေါင်းအကြည်
(၄) ဇိဝှါပသာဒ = လျှာအကြည်
(၅) ကာယပသာဒ = ကိုယ်အကြည်



ဝိသယရုပ် ၇-ပါး

‘ဝိသယ’ မှာ ‘အာရုံ’ကို ခေါ်၏။

အာရုံကို ပါဠိတွင် ‘ဝိသယ’၊ ‘အာရမ္မဏ’၊ ‘ဂေါစရ’ဟု သုံး၏။

(၁) ရူပါရုံ = မြင်နိုင်သော ရုပ် (ရုပ် ၂၈-ပါးတွင် တစ်ခုတည်းသော မြင်နိုင်သည့် ရုပ် ဖြစ်၏။)

(၂) သဒ္ဒါရုံ = ကြားအပ်သော ရုပ်

(၃) ဂန္ဓာရုံ = နံအပ်သော ရုပ်

(၄) ရသာရုံ = အရသာသိသော ရုပ်

ဖောဋ္ဌဗ္ဗာရုံ (ပထဝီတေဇောဝါယော) = အတွေ့အထိ

‘ဖောဋ္ဌဗ္ဗာရုံ’မှာ ပထဝီ၊ တေဇော၊ ဝါယော - မဟာဘုတ် ၃-ပါး အပေါင်းကိုပင် ခေါ်၏။ 

အဘိဓမ္မာသဘောအရ ‘အာပေါဓာတ်’ကို တွေ့ထိ၍ မရ။


“ရေကို လက်နဲ့နှိုက်လိုက်လို့ အေးတာက တေဇောသွားတွေ့တာ။ အာပေါရဲ့ ဖွဲ့စည်းမှုကို ထိလို့ တွေ့လို့ မရဘူးလို့ ဒီလို ယူဆထားတယ်။ ဒါကြောင့်မို့ ပထဝီ၊ တေဇော၊ ဝါယော ဒီ ၃-မျိုးအပေါင်းကို ဖောဋ္ဌဗ္ဗာရုံလို့ ခေါ်တယ်။

အဲဒီတော့ ဖောဋ္ဌဗ္ဗာရုံဆိုတာ သီးခြား ရှိတယ်လို့ မဆိုနိုင်ဘူး။ မဟာဘုတ် ၃-ပါးအပေါင်းပဲ။

ဒါကြောင့်မို့လို့ အဲဒီ မဟာဘုတ် ၃-ပါးအပေါင်းသည်ပင်လျှင် ဖောဋ္ဌဗ္ဗာရုံဖြစ်တဲ့အတွက်ကြောင့် ဝိသယရုပ် ၇-ပါးလို့ ပြောရင်လည်း ဟုတ်တယ်။ ၄-ပါးလို့ ပြောရင်လည်း ဟုတ်တာပဲ။ ၅-ပါးလို့ ပြောရင်လည်း ဟုတ်တယ်။

အဲဒါ တော်တော်ကြာကျတော့ သတိမေ့ပြီး ပေါင်းတာ နှုတ်တာတွေမှာ လွဲကုန်တတ်တယ်။ ဒါထည့်ပေါင်းပြီး သင်္ချာက မကိုက်ဘူး။ မနုတ်မိလို့ သင်္ချာမကိုက်ဘူး စသည်ဖြင့် အလွန်သတိထားရမယ်။ ဖောဋ္ဌဗ္ဗာရုံပါလာရင် သတိထားရမယ်။”


ဝိသယရုပ်တွေကို ပသာဒ ၅-ပါးနဲ့ စပ်ဟပ်လိုက်ရင် -
  • ရူပါရုံနဲ့ စက္ခုပသာဒ
  • သဒ္ဒါရုံနဲ့ သောတပသာဒ
  • ဂန္ဓာရုံနဲ့ ဃာနပသာဒ
  • ရသာရုံနဲ့ ဇိဝှါပသာဒ
  • ဖောဋ္ဌဗ္ဗာရုံနဲ့ ကာယပသာဒ တို့ တိုက်ဆိုင်တယ်။


ဘာဝရုပ် ၂-ပါး


ဣတ္ထိဘာဝရုပ် = မိန်းမသဘောဖြစ်သော ရုပ်

ပုမ္ဘာဝရုပ် = ယောက်ျားသဘောဖြစ်သော ရုပ်


အဲဒီ ဣတ္ထိဘာဝရုပ်၊ ပုမ္ဘာဝရုပ်ဟာ တစ်ကိုယ်လုံးမှာ ပျံ့နှံ့ပြီး တည်တယ်။



ဟဒယရုပ်

နှလုံးအိမ်အတွင်း ကံကြောင့်ဖြစ်သော သွေးတစ်မျိုး။



ဇီဝိတရုပ်

ရုပ်တရားတို့ မပုပ်သိုးအောင် မဆွေးမြေ့အောင် စောင့်ရှောက်တတ်သော သဘောတရား (အသက်)။

(နာမ်တရားတို့ကို စောင့်ရှောက်သော သဘောတရားမှာ ‘နာမ်ဇီဝိတ’ ဖြစ်၏။)

ဇီဝိတရုပ်သည် သက်ရှိသတ္တဝါသန္တာန်မှာသာ ဖြစ်နိုင်၏။ ပြင်ပဗဟိဒ္ဓမှာ မဖြစ်နိုင်။



အာဟာရရုပ်

စားသောက်စရာထဲတွင် ပါသော သြဇာဓာတ်။


ဤ “မဟာဘုတ် ၄ + ပသာဒ ၅ + ဝိသယ ၄ + ဘာဝ ၂ + ဟဒယ + ဇီဝိတ + အာဟာရ” ရုပ် ၁၈-ပါးတို့ကို -
သဘာဝရုပ်ဟုလည်း ခေါ်၏။ (တကယ့်သဘောဟုတ်သော ရုပ်)

သလက္ခဏရုပ်ဟုလည်း ခေါ်၏။ (သဘောလက္ခဏာရှိသော ရုပ်)

နိပ္ဖန္နရုပ်ဟုလည်း ခေါ်၏။ (ကံ၊ စိတ်၊ ဥတု၊ အာဟာရတို့က ဖြစ်စေအပ်သော ရုပ်)

ရူပရုပ်ဟုလည်း ခေါ်၏။ (တကယ်ဖောက်ပြန်သော ရုပ်၊ လေးနက်စေလို၍ ရုပ်,ရုပ် ဟု ဆို၏။)

သမ္မသနရုပ်ဟုလည်း ခေါ်၏။ (အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာရေး ၃-ပါး ဆင်ခြင်သုံး၍ ရသော ရုပ်)

ဤရုပ်များမှာ ပရမတ္ထအားဖြင့် တကယ် ထင်ရှားရှိသော ရုပ်များ ဖြစ်၏။



အာကာသရုပ်

ဟင်းလင်းပြင်ဖြစ်နေသော သဘော။



ဝိညတ်ရုပ် ၂-ပါး

ဝိညတ် (ဝိညတ္တိ=ပါဠိ) = သိစေခြင်း

ကာယဝိညတ် = ကိုယ်ဖြင့် သိစေတတ်သော သဘော

ဝစီဝိညတ် = နှုတ်ဖြင့် သိစေတတ်သော သဘော



ဝိကာရရုပ် ၅-ပါး

ဝိကာရ = ဖောက်ပြန်ခြင်း (အခြေအနေ အခြင်းအရာ တစ်မျိုး)

ကာယဿလဟုတာ = ပေါ့ပါးသည့်သဘော

ကာယဿမုဒုတာ = နူးညံ့မှုသဘော

ကမ္မညတာ = အမှု၌ခန့်သောသဘော

ကာယဝိညတ် (ဝိညတ်ရုပ်)

ဝစီဝိညတ် (ဝိညတ်ရုပ်)




လက္ခဏရုပ် ၄-ပါး

အမှတ်အသားဖြစ်သော သဘောတရား


ဥပစယ = ပထမဖြစ်သော သဘော

သန္တတိ = ပထမဖြစ်ပြီး ဖြစ်သောအခိုက်အတန့် သဘော

ဇာတိရုပ်တစ်ခုကိုပင် အဘိဓမ္မာ၌ ဥပစယ၊ သန္တတိ ဟူ၍ ၂-မျိုးခွဲ ဟော၏။

ဇရတာ = အိုမင်းရင့်ရော်ခြင်းသဘော

အနိစ္စတာ = မမြဲခြင်း သေခြင်း သဘော


ဖြစ်သောအခိုက်အတန့်မှာ ဥပစယနှင့် သန္တတိ၊ ရင့်ရော်နေသော အခိုက်အတန့်မှာ ဇရတာ၊ ချုပ်သွားသည့် အခိုက်အတန့်မှာ အနိစ္စတာ ဟူ၍ မှတ်သားကြောင်း၊ အမှတ်အသား သဘောတရား ဖြစ်၍ လက္ခဏရုပ် ၄-ပါးဟု ခေါ်၏။


ဤ “အာကာသရုပ် + ဝိညတ်ရုပ် ၂ + ဝိကာရ ၃ + လက္ခဏရုပ် ၄” ရုပ် ၁၀-ပါးတို့ကို -

အသဘာဝရုပ်ဟုလည်း ခေါ်၏။

အလက္ခဏရုပ်ဟုလည်း ခေါ်၏။

အနိပ္ဖန္နရုပ်ဟုလည်း ခေါ်၏။

အရူပရုပ်ဟုလည်း ခေါ်၏။

အသမ္မသနရုပ်ဟုလည်း ခေါ်၏။



+++++



အဘိဓမ္မာသင်တန်းပြီးသော် လောကချမ်းသာ စနေနေ့ ဆည်းဆာတရားပွဲကို အရှင်စက္ကိန္ဒက “သေဘေးကို ရင်ဆိုင်ဝံ့သူများ” တရားတော် ဟောကြား ဓမ္မဒါနပြု၏။





တရားပွဲပြီးလျှင် ၁၀-မိနစ်ခန့် တရားရှုမှတ်ကြကာ ကုသိုလ်ကောင်းမှုတို့ကို အမျှပေးဝေကြပါသည်။


သာဓု ... သာဓု ... သာဓု။

Monday, June 21, 2010

ကုသိုလ် ... အမျှ

လွန်ခဲ့သော အပတ် စနေနှင့် တနင်္ဂနွေနေ့ (၂၀၁၀ ခုနှစ် ဇွန်လ ၁၂-၁၃) နှစ်ရက်တာ နယူးယောက်မြို့၊ ဘရုတ်ကလင်ရှိ လောကချမ်းသာဘုန်းကြီးကျောင်း၌ ပြုလုပ်သော မြောက်ဦးဆရာတော် ဝနဝါသီ အရှင်ဝါယာမိန္ဒ၏ တရားစခန်းသို့ ကျွန်မ သွားရောက်ကာ တရားနာခြင်း၊ တရားထိုင်ခြင်းများ ပြုလုပ်ဖြစ်ပါသည်။

တရားစခန်း အစီအစဉ်မှာ မနက် ၈-နာရီမှ စ၍ ည ၈-နာရီအထိ ဖြစ်သော်လည်း ကျွန်မမှာ သမီးငယ်အတွက် အချိန်ပေးရသည့်အပြင် ရထားစီးရချိန်မှာလည်း တစ်နာရီခန့်ကြာသဖြင့် မနက် ၁၁ နာရီခွဲကျော် နေ့လယ် ၁၂ နာရီလောက်ခန့်မှ ဘုန်းကြီးကျောင်းသို့ ရောက်ပါသည်။

ဆရာတော် ဟောသော တရားတို့မှာ ခန္ဓာအရှိကို ဉာဏ်အသိဖြင့် ကြည့်ရသော တရားများ ဖြစ်၍လည်းကောင်း၊ တစ်နည်းအားဖြင့် ခန္ဓာကို ကြည့်ပြီး ဟောသော တရားများဖြစ်၍လည်းကောင်း တရားနာနေစဉ်မှာပင် ခန္ဓာ၏ ဖောက်ပြန်မှု သဘောတရားတို့ကို ပြတ်ပြတ်သားသား သိမြင် ခံစားရပါသည်။

တရားထိုင်စဉ်မှာလည်း စိတ်ပျံ့လွင့်ခြင်း၊ လေးလံထိုင်းမှိုင်းခြင်းတို့ ဖြစ်နေလျှင် သတိမလွတ်စေရန်၊ ခန္ဓာပေါ် ဉာဏ်ကပ်ထားရန်၊ ဝေဒနာပေါ်နေပါက ဝေဒနာ၏ သဘောကို မြင်အောင် ကြည့်ရန်၊ ထိုဝေဒနာသဘော၏ ပြောင်းလဲနေမှု မမြဲမှုကို သတိမလွတ်ဘဲ ဇွဲမလျော့ဘဲ ရှုမှတ်ရန်၊ အသက်မှန်မှန်ရှူရန်တို့ကို ဆရာတော်က ယောဂီများအတွက် ရှေ့မှ သတိပေးနေပါသည်။

ဆရာတော်သည် နှစ်ပေါင်းများစွာ တောထဲ တောင်ထဲတွင် တစ်ပါးတည်း တောရဆောက်တည်ပြီး ဓူတင် (၁၃)ပါးကိုလည်း အခါအားလျော်စွာ ဆောက်တည် ကြိုးစားကျင့်ကြံခဲ့သူ ဖြစ်သည့်အပြင် မူလကလည်း မိုးကုတ်ရိပ်သာ၊ မဟာစည်ရိပ်သာ၊ စွန်းလွန်းရိပ်သာ၊ လယ်တီရိပ်သာ၊ သဲအင်းဂူရိပ်သာ၊ ကသစ်ဝိုင်ရိပ်သာ၊ ဉာဏစာဂီရိပ်သာ၊ မိုးညှင်းရိပ်သာ၊ ဖားအောက်ရိပ်သာ၊ မူလမင်းကွန်းရိပ်သာ၊ မင်းရပ်ချောင်ဝိပဿနာရိပ်သာ စသည့် ရိပ်သာတို့တွင်လည်း အားထုတ်ခဲ့သူ တစ်ဦး ဖြစ်ပါသည်။

ဤသို့ အကျင့်ထူး အကျင့်မြတ်တို့ ရှိသော ရဟန်းပုဂ္ဂိုလ် ဖြစ်၍လည်း ဆရာတော်၏ တရားအတွေ့အကြုံ၊ တောတောင်အတွေ့အကြုံများမှာ သာမန်ပုဂ္ဂိုလ်တို့ မမြင်နိုင်၊ မသိနိုင်အောင် ထူးခြားများပြား စိတ်ဝင်စားဖွယ် ကောင်းလှပါသည်။
တစ်နည်းအားဖြင့် ဘုရားဟောတရားတို့ အလွန်မှန်ကန်ကြောင်း သက်သေပြုသကဲ့သို့ ရှိပါသည်။

သာမန် လူမျက်စိဖြင့် မမြင်နိုင်သော ၃၁-ဘုံသားတို့၏ ဖြစ်တည်နေမှုများ၊ ဆင်းရဲပင်ပန်းနေမှုများတို့ကို မြင်နိုင်စွမ်းသော ဆရာတော်၏ သီလ၊ သမာဓိ၊ ပညာတို့သည် အလွန်ကြီးမားပါသည်။
ဆရာတော်သည် ထိုအပါယ်ဘုံသားတို့၏ ထိတ်လန့်ဖွယ်ရာ ဒုက္ခများကို သိရ မြင်ရ၍လည်း ဒကာ ဒကာမအပေါင်းအား ထိုဘုံဘဝသို့ မရောက်စေခြင်းငှာ တစ်ခုတည်းသော ကယ်တင်နိုင်သည့် ဝိပဿနာတရားကို စိတ်ရောကိုယ်ပါ ဟောပြော ပြသ၊ ညွှန်ကြားဆုံးမ၍ ကျင့်ကြံအားထုတ်စေခြင်း ဖြစ်ပါသည်။

ရခဲလှစွာသော လူ့ဘဝရခိုက် မိမိကိုယ်မိမိ ကယ်တယ်နိုင်ရန် တစ်ခုတည်းသော လမ်းဖြစ်သည့် မြတ်စွာဘုရားရှင် ဟောပြော ပြသသွားသော မဂ္ဂင်ကျင့်စဉ်ကို အကောင်အထည်ဖော်ပေးနေသူတစ်ဦး ဖြစ်ပါသည်။

များပြားလှစွာသော ပုထုဇဉ်တို့သည် သေလွန်သည့်အခါ အထက်သို့ မရောက်ဘဲ အောက်သို့ စုန်သွားသည်က များလေသည်။
အထူးသဖြင့် သားစွဲ သမီးစွဲ ပစ္စည်းဥစ္စာစွဲ စသည်ဖြင့် တစ်ခုခု စွဲလမ်းကာ သေလွန်၍ မကျွတ်မလွတ်ဘဲ ပြိတ္တာဘုံ ရောက်ရသူများ များစွာရှိပါသည်။

တစ်ချို့သော ပြိတ္တာများမှာ လူပုဂ္ဂိုလ်တို့ ကောင်းမှုကုသိုလ်ပြုလုပ် အမျှပေးဝေသည်ကို ကြားသိပါက သာဓုခေါ်ကာ ပြိတ္တာဘဝမှ ကျွတ်လွတ်နိုင်ပါသည်။

ထို့ကြောင့် ဆရာတော်က ထိုအပါယ်ဘုံသားတို့အပေါ် ကရုဏာထား၍ ကျွတ်လွတ်စေခြင်းငှာ မှန်ကန်သော နည်းဖြင့် အမျှဝေတတ်ရန်၊ သာဓုခေါ်တတ်ရန် ဒကာ ဒကာမတို့အား သင်ကြားပေးခဲ့ပါသည်။

ဆရာတော်၏ ရှင်းပြချက်အရ အချို့သော ပြိတ္တာများမှာ အမျှပေးသံကြားလျှင် သာဓုခေါ်ပြီး ကျွတ်နိုင်သော်လည်း အခြားပြိတ္တာတို့က အမျှပေးသံ မကြားရအောင် နားကို အတင်းပိတ်ထား ခံရခြင်း၊ သာဓု မခေါ်နိုင်ရန် ပါးစပ်အပိတ်ခံထားရခြင်းများ ရှိကြောင်း သိရ၏။

ထို့အတွက်ကြောင့် ဆရာတော်က “ကြားကြားသမျှ”အပြင် “ရှိရှိသမျှ”ဟူသော စာသားကိုပါ ထည့်ဆိုစေပါသည်။

ထို့ပြင် မိမိပြုလုပ်ထားသော ဒါန ကောင်းမှု၊ ပွားများအားထုတ်ထားသော သီလ ဘာဝနာ ကောင်းမှုတို့ကိုလည်း အာရုံ စူးစိုက်ထားရပါမည်။

အရှင်သာရိပုတ္တရာကိုယ်တော်မြတ်သည် လွန်ခဲ့သော ဘဝငါးရာက မိခင်တော်စပ်သူ ပြိတ္တာမ၏ အမျှဝေရန် တောင်းပန်လျှောက်ထားသံကို ကြားသော် သပိတ်ဆွဲ၍ ဆွမ်းခံကြွတော်မူပါသည်။ ထိုမှ ရလာသော ဆွမ်းများကို တောထဲမှာ တရားအားထုတ်နေသော သံဃာတော် ၅-ပါးတို့အား ခွဲ၍ လှူဒါန်းပါသည်။ ထိုဆွမ်းတို့အပြင် ဒကာတစ်ဦး လှူဒါန်းလိုက်သော ပိတ်စတစ်စကိုလည်း သံဃာတော် ၅-ပါးထဲမှ သက်တော်အကြီးဆုံး သံဃာအား လှူဒါန်းပါသည်။ ထိုသို့ လှူဒါန်းပြီးမှ ပြိတ္တာမ ရှိသော နေရာသို့ ပြန်လာပြီး ပြုလုပ်ခဲ့သော ဒါနကုသိုလ်တို့ကို ပြိတ္တာမအား ပြောပြ၍ အမျှပေးပါသည်။

ပြိတ္တာမလည်း ဝမ်းမြောက်စွာ သာဓုခေါ်အပြီး ပြိတ္တာဘဝမှ ကျွတ်လွတ်ကာ အထက်ဘုံသို့ တက်လှမ်းသွားပါသည်။

ထိုသာဓကကို ကြည့်ခြင်းအားဖြင့် ရဟန္တာအရှင်မြတ်ကြီးသည်ပင်လျှင် အမျှမဝေမီ အာရုံယူစရာ ကောင်းမှုကုသိုလ်အလုပ်ကို လုပ်သောကြောင့် ကျွန်မတို့အနေဖြင့်လည်း အမျှမဝေမီ ဒါန၊ သီလ၊ ဘာဝနာ ကောင်းမှုတို့ ပြုလုပ်ရန် လိုအပ်ပါသည်။

ထိုသို့ ကုသိုလ်ကောင်းမှုများ ပြုလုပ်ပြီး အမျှဝေသည့်အခါမှာလည်းကောင်း၊ သာဓုခေါ်ရာ၌လည်းကောင်း၊ စိတ်က ဟိုရောက်ဒီရောက်နှင့် တစ်ချို့ဆိုလျှင် စကားပြောနေရင်း တန်းလန်းနှင့် အမျှဝေခြင်း၊ သာဓုခေါ်ခြင်းများ မပြုလုပ်သင့်ကြောင်း ဆရာတော်က ရှင်းပြပါသည်။

ထိုသို့ ပြုလုပ်ခြင်းသည် မိရိုးဖလာ အမျှဝေခြင်း၊ သာဓုခေါ်ခြင်းသာ ဖြစ်၍ စွမ်းအား မရှိနိုင်ပါ။

အမှန်တကယ် ပြုလုပ်သင့်သည်မှာ ပထမအကြိမ် အမျှဝေပါက အထက်(ဘုံများ)သို့ စိတ်အာရုံညွှတ်ထားရပါမည်။
ဒုတိယအကြိမ် အမျှဝေပါက အောက်သို့ (အပါယ်လေးဘုံ) အာရုံညွှတ်ထားရပါမည်။
တတိယအကြိမ် အမျှဝေပါက မိမိ၏ ရှေ့, နောက်, ဝဲယာရှိ အနန္တ စကြာဝဠာသို့ အာရုံပြုထားရပါမည်။
အသံကိုလည်း ဖြည်းဖြည်းသာသာ ရွတ်ဆိုရပါမည်။
သာဓုခေါ်ရာ၌လည်း အလားတူ အာရုံပြုမှု၊ ရွတ်ဆိုမှုများ ပြုလုပ်ရပါမည်။

ဝိပဿနာ ကျင့်ကြံအားထုတ်ထားသော ပုဂ္ဂိုလ်သည် သူ၏ သန္တာန်၌သီလ၊ သမာဓိ၊ ပညာအားဖြင့် ပြည့်စုံနေရကား အထက်သို့ စိတ်ကို ညွှတ်က ဘဝဂ်တိုင် ပေါက်ထွက်နိုင်ပါသည်။ အောက်သို့ စိတ်ကို ညွှတ်က အဝီစိတိုင် ရောက်ပါသည်။

ထို့ပြင် တောထဲ တောင်ထဲတွင် တရားအားထုတ်နေကြသော ရဟန္တာပုဂ္ဂိုလ်များ၊ အရိယာသူတော်ကောင်းများတို့သည် ၃၁-ဘုံသားတို့အား မေတ္တာစွမ်းအား ပေးလျက်ရှိကြကြောင်း ဆရာတော်က ရှင်းပြပါသည်။

ထိုအရိယာသူတော်ကောင်းတို့ ပို့သသော မေတ္တာကိုလည်း အမျှပေးဝေရပါမည်။

ဆရာတော်ထံမှ နာယူမှတ်သားခဲ့ရသော အမျှပေးခြင်း၊ သာဓုခေါ်ခြင်း (စာသား)ကို ဓမ္မမိတ်ဆွေများ သိရှိနိုင်ရန် အောက်တွင် ဖော်ပြ ရေးသားလိုက်ပါသည်။

အားလုံး ကြားကြားသမျှ ရှိရှိသမျှ ... ကုသိုလ် အမျှ .. အမျှ .. အမျှ ယူတော်မူကြပါကုန်လော့ ...
အရိယာသူတော်ကောင်းတိုပ ပို့သသော မေတ္တာနှင့် အကျွန်ုပ်တို့ (ပြုလုပ်) အားထုတ်ရသော ကုသိုလ်မှန်သမျှတို့ကို ဝမ်းမြောက်ဝမ်းသာစွာ (ပေးဝေပါကုန်၏)၊ သာဓု ... သာဓု ... သာဓု

အထက်တွင် ဖော်ပြပြီးသော စိတ်အာရုံညွှတ်မှုတို့ဖြင့် သုံးကြိမ် သုံးခါ ရွတ်ဆိုရပါမည်။

ဓမ္မမိတ်ဆွေများအားလုံး ကောင်းမှုကုသိုလ်မျာ ကြိုးစား ပြုလုပ်နိုင်၍ ထိုကုသိုလ်တို့အား မှန်ကန်သော နည်းဖြင့် အမျှပေးဝေခြင်းဖြင့် မကျွတ်မလွတ်ရှိကြကုန်သော သံသရာတစ်လျှောက် တော်စပ်ခဲ့ကြရသော မိဟောင်းဖဟောင်း ဆွေမျိုးဟောင်းများအားလည်း ကယ်တင်နိုင်ကြပါစေရန် ဆရာတော်ဘုရား၏ အဆုံးအမ နည်းပေးလမ်းညွှန်မှုအား ဓမ္မဒါန ပြုလိုက်ပါသည်။

ဆရာတော်ဘုရားအားလည်း ဤဓမ္မဒါနဖြင့် ရှိခိုးပူဇော် ကန်တော့လိုက်ပါသည် ... အရှင်ဘုရား။

စီစီချိုသန်း
၂၀၁၀ ခုနှစ် ဇွန်လ ၁၈-ရက်

Saturday, June 19, 2010

မရဏုပ္ပတ္တိ - သေခြင်းဖြစ်ပုံ (၂)

ဘဝအကူး

‘ပဲ့တင်’ ‘ဆီမီး’၊ ‘တံဆိပ်နည်း’၊ သိပ်သည်း မှတ်ကြလေ။

ဘဝဟောင်းနှင့် ဘဝသစ် ဆက်စပ်ရာတွင် ဘဝဟောင်းက ဘာတစ်ခုမှ ဘဝသစ်သို့ ပါသွားသည် မဟုတ်။
ဘဝသစ်မှာ ဖြစ်သော ရုပ်နာမ်သည် ဘဝဟောင်း၌ ဖြစ်သော ရုပ်နာမ် (သို့မဟုတ်) ကံနှင့် မဆက်စပ်သည်လည်း မဟုတ်၊ သီးခြားလည်း မဟုတ်။

ကျမ်းဂန်များ၌ “န စ သော၊ န စ အညော” = “သူလည်း မဟုတ်၊ တခြားသူလည်း မဟုတ်” ဟု သုံး၏။

တစ်နည်းအားဖြင့် မျိုးစေ့နှင့် အသီး အဖြစ်လည်း နှိုင်းယှဉ် ပြောနိုင်၏။
မျိုးစေ့ကို စိုက်ပျိုး၊ အပင်ပေါက်၊ အပင်ကြီးဖြစ်၊ အသီးသီးရာ အသီးသည် မျိုးစေ့မဟုတ်။ ထိုမျိုးစေ့မှတပါး တခြားမျိုးစေ့၏ အသီးလည်း မဟုတ်ဟု ကျမ်းဂန်များ၌ ရှင်းပြထား၏။

+++++

ပဋိသန္ဓေအာရုံ

ကာမာဝစရပဋိသန္ဓေ

* အတိတ်ကံ ဓမ္မာရုံဖြစ်က မနောဒွါရ၌ ထင်၏။
* ကမ္မနိမိတ်မှာ အတိတ်လည်းဖြစ်နိုင်၊ ပစ္စုပ္ပန်လည်း ဖြစ်နိုင်ပြီး အာရုံ ၆-ပါး၌ ထင်၏။
* ဂတိနိမိတ်မှာ စိတ်ထဲဖြစ်ပေါ်ခြင်းကြောင့် မနောဒွါရ၌ ထင်၏ဟု အစဉ်အလာ ဆရာသမားများ ယူဆကြ၏။



ရူပါဝစရပဋိသန္ဓေ

* ပညတ်ကမ္မနိမိတ်ကို အာရုံပြု၏။



အရူပါဝစရပဋိသန္ဓေ

* ပညတ် သို့မဟုတ် မဟဂ္ဂုတ်အတိတ်ကမ္မနိမိတ်ကို အာရုံပြု၏။



အသညသတ်ဘုံမှာ ဇီဝိတနဝကကလာပ်နှင့် ပဋိသန္ဓေ ဖြစ်၏။

+++++

စုတိနောင် ပဋိသန္ဓေ

* အရူပစုတိနောင် အောက် အောက် အရူပကြဉ်သော အရူပပဋိသန္ဓေနှင့် ကာမတိဟိတ်ပဋိသန္ဓေတို့ ဖြစ်ကုန်၏။

* ရူပစုတိနောင် သဟိတ်ပဋိသန္ဓေတို့ ဖြစ်ကုန်၏။

* ကာမတိဟိတ်စုတိနောင် အလုံးစုံသော ပဋိသန္ဓေတို့ ဖြစ်ကုန်၏။

* ကာမအဟိတ်၊ ဒွိဟိတ်နောင် ကာမပဋိသန္ဓေတို့ ဖြစ်ကုန်၏။

* အသညသတ်စုတိနောင် ကာမဒွိဟိတ် တိဟိတ် ပဋိသန္ဓေတို့ ဖြစ်ကုန်၏။

* ဝေဟပ္ဖိုလ်၊ အကနိဋ္ဌ၊ နေဝသညာနာသညာယတန ဘုံတို့၌ တည်သော ‘အရိယာပုဂ္ဂိုလ’တို့သည် တစ်ပါးသောဘုံတို့၌ မဖြစ်ကြ။

* သုဒွါဝါသဘုံသား အားလုံးသည် တစ်ခါဖြစ်ပြီးသော သုဒ္ဓါဝါသဘုံ၌ ထပ်၍ မဖြစ်။

* ဗြဟ္မာပြည်သို့ ရောက်သော ‘အရိယာ’တို့သည် အောက် အောက်ဘုံတို့၌ မဖြစ်ကြ။


+++++

“ကာမဘုံ” (အပါယ် ၄ + လူ + နတ် ၆) စုတိနောင် ပဋိသန္ဓေနှောင်းပုံ

* ဒုဂ္ဂတိအဟိတ်စုတိ ၁၊ သုဂတိအဟိတ်စုတိ ၁၊ ဒွိဟိတ်စုတိ ၄-ခု နောင်၊ ကာမပဋိသန္ဓေ ၁၀ နှောင်း၍ ကာမ ၁၁-ဘုံ၌ ဖြစ်နိုင်၏။

* ဈာန်မရ တိဟိတ် စုတိ ၄-ခု နောင်၊ ကာမပဋိသန္ဓေ ၁၀ နှောင်း၍ ကာမ ၁၁-ဘုံ၌ ဖြစ်နိုင်၏။

* ဈာန်ရ တိဟိတ် စုတိ ၄-ခု နောင်၊ မဟဂ္ဂုတ်ပဋိသန္ဓေ ၉-ခုနှင့် ရုပ်ပဋိသန္ဓေ နှောင်း၍ သုဒ္ဓါဝါသဗြဟ္မာ့ဘုံကြဉ်သော ဗြဟ္မာ့ဘုံ ၁၅-ဘုံ၌ ဖြစ်နိုင်၏။

* ဈာန်မရ သောတာပန်, သကဒါဂါမ် တိဟိတ် စုတိ ၄-ခု နောင်၊ ကာမတိဟိတ်ပဋိသန္ဓေ ၄-ခု နှောင်း၍ ကာမသုဂတိ ၇-ဘုံ၌ ဖြစ်နိုင်၏။

* ဈာန်ရ သောတာပန်, သကဒါဂါမ် တိဟိတ် စုတိ ၄-ခု နောင်၊ မဟဂ္ဂုတ်ပဋိသန္ဓေ ၉-ခု နှောင်း၍ သုဒ္ဓါဝါသနှင့် အသညသတ်ကြဉ်သော ဗြဟ္မာ့ဘုံ ၁၄-ဘုံ၌ ဖြစ်နိုင်၏။

* အနာဂါမ် တိဟိတ် စုတိ ၄-ခု နောင်၊ မဟဂ္ဂုတ်ပဋိသန္ဓေ ၉-ခု နှောင်း၍ အသညသတ်ကြဉ်သော ဗြဟ္မာ့ဘုံ ၁၉-ဘုံ၌ ဖြစ်နိုင်၏။



“ရူပဘုံ” စုတိနောင် ပဋိသန္ဓေနှောင်းပုံ

* ပထမဈာန် တိဟိတ် စုတိ ၁-ခု နောင်၊ သဟိတ် ပဋိသန္ဓေ ၁၇-ခု နှောင်း၍ အပါယ်, အသညသတ်, သုဒ္ဓါဝါသ ကြည်သော ၂၁-ဘုံ၌ ဖြစ်နိုင်၏။

* ပထမဈာန် သောတာပန်, သကဒါဂါမ် တိဟိတ် စုတိ ၁-ခု နောင်၊ မဟဂ္ဂုတ်ပဋိသန္ဓေ ၉-ခု နှောင်း၍ အသညသတ်, သုဒ္ဓါဝါသကြဉ်သော ဗြဟ္မာဘုံ ၁၄-ဘုံ၌ ဖြစ်နိုင်၏။

* ပထမဈာန် အနာဂါမ် တိဟိတ် စုတိ ၁-ခု နောင်၊ မဟဂ္ဂုတ်ပဋိသန္ဓေ ၉-ခု နှောင်း၍ အသညသတ်ကြဉ်သော ဗြဟ္မာ့ဘုံ ၁၉-ဘုံ၌ ဖြစ်နိုင်၏။

* ဒုတိယဈာန် တိဟိတ် ပဋိသန္ဓေ ၂-ခု နောင်၊ ပထမဈာန်ဝိပါက်ကြဉ် သဟိတ် ပဋိသန္ဓေ ၁၆-ခု နှောင်း၍ အပါယ်, ပထမဈာန်ဘုံ, အသညသတ်, သုဒ္ဓါဝါသ ကြဉ်သော ၁၈-ဘုံ၌ ဖြစ်နိုင်၏။

* ဒုတိယဈာန် သောတာပန်, သကဒါဂါမ် တိဟိတ် စုတိ ၂-ခု နောင်၊ ပထမဈာန်ဝိပါက်ကြဉ်သော မဟဂ္ဂုတ် ပဋိသန္ဓေ ၈-ခု နှောင်း၍ ဒုတိယဈာန်, တတိယဈာန်, ဝေဟပ္ဖိုလ်တိုင် ဗြဟ္မာ ၇-ဘုံနှင့် အရူပ ၄-ဘုံတို့၌ ဖြစ်နိုင်၏။

* ဒုတိယဈာန် အနာဂါမ် တိဟိတ် စုတိ ၂-ခု နောင်၊ ပထမဈာန်ဝိပါက်ကြည်သော မဟဂ္ဂုတ် ပဋိသန္ဓေ ၈-ခု နှောင်း၍ ပထမဈာန် ၃-ဘုံနှင့် အသညသတ်ကြဉ်သော ဗြဟ္မာ့ဘုံ ၁၆-ဘုံ၌ ဖြစ်နိုင်၏။

* တတိယဈာန် တိဟိတ် စုတိ ၁-ခု နောင်၊ ပ, ဒု, တဈာန် ဝိပါက်ကြဉ် သဟိတ်ပဋိသန္ဓေ ၁၄-ခု နှောင်း၍ ကာမသုဂတိ ၇-ဘုံ၊ တဈာန် ၃-ဘုံ၊ ဝေဟပ္ဖိုလ်ဘုံနှင့် အရူပ ၄-ဘုံတို့၌ ဖြစ်နိုင်၏။

* တတိယဈာန် သောတာပန်, သကဒါဂါမ် တိဟိတ် စုတိ ၁-ခု နောင်၊ ပ, ဒု, တဈာန် ဝိပါက်ကြဉ် မဟဂ္ဂုတ် ပဋိသန္ဓေ ၆-ခု နှောင်း၍ တဈာန် ၃-ဘုံ၊ ဝေဟပ္ဖိုလ်ဘုံနှင့် အရူပ ၄-ဘုံတို့၌ ဖြစ်နိုင်၏။

* တတိယဈာန် အနာဂါမ် တိဟိတ် စုတိ ၁-ခု နောင်၊ ပ, ဒု, တဈာန် ဝိပါက်ကြဉ် မဟဂ္ဂုတ် ပဋိသန္ဓေ ၆-ခု နှောင်း၍ တဈာန် ၃-ဘုံ၊ ဝေဟပ္ဖိုလ်ဘုံ၊ သုဒ္ဓါဝါသ ၅-ဘုံနှင့် အရူပ ၄-ဘုံတို့၌ ဖြစ်နိုင်၏။

* ဝေဟပ္ဖိုလ် တိဟိတ် စုတိ ၁-ခု နောင်၊ ပ, ဒု, တ, စဈာန် ဝိပါက်ကြဉ် သဟိတ် ပဋိသန္ဓေ ၁၃-ခု နှောင်း၍ ကာမသုဂတိ ၇-ဘုံ၊ ဝေဟပ္ဖိုလ်ဘုံနှင့် အရူပ ၄-ဘုံတို့၌ ဖြစ်နိုင်၏။

* ဝေဟပ္ဖိုလ် သောတာပန်, သကဒါဂါမ်, အနာဂါမ် တိဟိတ် စုတိ ၁-ခု နောင်၊ ပဉ္စမဈာန်ဝိပါက် ပဋိသန္ဓေ ၁-ခု နှောင်း၍ ဝေဟပ္ဖိုလ်ဘုံ၌ပင် ဖြစ်၏။

* အသညသတ် သုဂတိ ရုပ်ပဋိသန္ဓေ စုတိနောင်၊ မဟာဝိပါက် ပဋိသန္ဓေ ၈-ခု နှောင်း၍ ကာမသုဂတိ ၇-ဘုံ၌ ဖြစ်နိုင်၏။

* သုဒ္ဓါဝါသ အောက် ၄-ဘုံ အနာဂါမ် တိဟိတ် စုတိ ၁-ခု နောင်၊ ပဉ္စမဈာန်ဝိပါက် ပဋိသန္ဓေ ၁-ခု နှောင်း၍ အထက် အထက်သော သုဒ္ဓါဝါသဘုံတို့၌ ဖြစ်၏။

* အကနိဋ္ဌဘုံရောက်က ဧကန် ရဟန္တာဖြစ်ကာ ပရိနိဗ္ဗာန် စံရ၏



“အရူပဘုံ” စုတိနောင် ပဋိသန္ဓေနှောင်းပုံ

* အာကာသာနဉ္စာယတန တိဟိတ် စုတိ ၁-ခု နောင်၊ ကာမတိဟိတ်ပဋိသန္ဓေ ၄-ခု, အရူပပဋိသန္ဓေ ၄-ခုအားဖြင့် ပဋိသန္ဓေ ၈-ခု နှောင်း၍ ကာမသုဂတိ ၇-ဘုံ, အရူပ ၄-ဘုံတို့၌ ဖြစ်နိုင်၏။

* အာကာသာနဉ္စာယတန သောတာပန်, သကဒါဂါမ်, အနာဂါမ် တိဟိတ် စုတိ ၁-ခု နောင်၊ အရူပပဋိသန္ဓေ ၄-ခု နှောင်း၍ အရူပ ၄-ဘုံ၌ ဖြစ်နိုင်၏။

* ဝိညာဏဉ္စာယတန တိဟိတ် စုတိ ၁-ခု နောင်၊ ကာမတိဟိတ်ပဋိသန္ဓေ ၄-ခု, အထက်အရူပပဋိသန္ဓေ ၃-ခုအားဖြင့် ပဋိသန္ဓေ ၇-ခု နှောင်း၍ ကာမသုဂတိ ၇-ဘုံ, အထက်အရူပ ၃-ဘုံတို့၌ ဖြစ်နိုင်၏။

* ဝိညာဏဉ္စာယတန သောတာပန်, သကဒါဂါမ်, အနာဂါမ် တိဟိတ် စုတိ ၁-ခု နောင်၊ အထက်အရူပပဋိသန္ဓေ ၃-ခု နှောင်း၍ အထက်အရူပ ၃-ဘုံ၌ ဖြစ်နိုင်၏။

* အာကိံဉ္စညာယတန တိဟိတ် စုတိ ၁-ခု နောင်၊ ကာမတိဟိတ်ပဋိသန္ဓေ ၄-ခု, အထက်အရူပပဋိသန္ဓေ ၂-ခုအားဖြင့် ပဋိသန္ဓေ ၆-ခု နှောင်း၍ ကာမသုဂတိ ၇-ဘုံ, အထက်အရူပ ၂-ဘုံတို့၌ ဖြစ်နိုင်၏။

* အာကိံဉ္စညာယတန သောတာပန်, သကဒါဂါမ်, အနာဂါမ် တိဟိတ် စုတိ ၁-ခု နောင်၊ အထက်အရူပ ပဋိသန္ဓေ ၂-ခု နှောင်း၍ အထက်အရူပ ၂-ဘုံ၌ ဖြစ်နိုင်၏။

* နေဝသညာနာသညာယတန တိဟိတ် စုတိ ၁-ခု နောင်၊ ကာမတိဟိတ်ပဋိသန္ဓေ ၄-ခု, နေဝသညာနာသညာယတန ပဋိသန္ဓေ ၁-ခုအားဖြင့် ပဋိသန္ဓေ ၅-ခု နှောင်း၍ ကာမသုဂတိ ၇-ဘုံ, နေဝသညာနာသညာယတနဘုံတို့၌ ဖြစ်နိုင်၏။

* နေဝသညာနာသညာယတန သောတာပန်, သကဒါဂါမ်, အနာဂါမ် တိဟိတ် စုတိ ၁-ခု နောင်၊ နေဝသညာနာသညာယတန ပဋိသန္ဓေ ၁-ခု နှောင်း၍ နေဝသညာနာသညာယတနဘုံ၌ပင် ဖြစ်၏။


+++++

ဘဝင်နှင့် စုတိ

ပဋိသန္ဓေယူအပ်ပြီးသူတို့၏ သန္တာန်၌
ပဋိသန္ဓေစိတ်ချုပ်ခြင်း၏ အခြားမဲ့မှ အစပြု၍
ထိုပဋိသန္ဓေစိတ်၏ အာရုံကိုပင် အာရုံပြုကာ
ထိုပဋိသန္ဓေစိတ်သည်ပင် စုတိစိတ်ဖြစ်သည်တိုင်အောင်
ဝီထိစိတ်တို့၏ ဖြစ်ခြင်း မရှိသော်
ဘဝင်၏ အဖြစ်ဖြင့်
မြစ်ရေအယဉ်ကဲ့သို့ မပြတ် ဖြစ်၏။
ဘဝ၏ အဆုံး၌လည်း စုတေသည်၏ အစွမ်းဖြင့် စုတိစိတ်ဖြစ်၍ ချုပ်၏။

ထိုစုတိစိတ်မှ နောက်၌လည်း ရထားဘီးကဲ့သို့ အစဉ်အတိုင်းသာလျှင် အဆက်ဆက် လည်ကုန်လျက် ဖြစ်ကုန်၏။

ဤဘဝ၌ ‘ပဋိသန္ဓေ’ ‘ဘဝင်’ ‘စုတိ’တို့ ဆက်ကာ ဆက်ကာ ဖြစ်ကုန်သကဲ့သို့
ထို့အတူ ဘဝတပါး၌ တစ်ဖန်
ပဋိသန္ဓေအစရှိသော ဤစိတ်အစဉ်သည် ဆက်ကာ ဆက်ကာ ဖြစ်၏။

+++++

သံသရာစက်ပြတ်ကိန်း

တိဟိတ်ပဋိသန္ဓေ ပင်ကိုယ်ဉာဏ်ရှိသူတို့သည် ကြာမြင့်စွာသော ကာလပတ်လုံး
သီလအကျင့်
ဓုတင်အကျင့်
သမာဓိအကျင့်နှင့် ပြည့်စုံကြကုန်သည် ဖြစ်၍
ဆိုအပ်ပြီးသော ဝဋ်ဖြစ်ပုံကို
မမြဲသောတရားဟု ဝိပဿနာဉာဏ်ဖြင့် ထင်ရှားစွာ သိကုန်ပြီးလျှင်
စုတေ ရွေ့လျော သေရခြင်းသဘော မရှိသော နိဗ္ဗာန်ကို
မဂ်ဉာဏ် ဖိုလ်ဉာဏ်ဖြင့် မျက်မှောက်သိမြင်၍
တဏှာအစေး အနှောင်အဖွဲ့ကို ကောင်းစွာ ဖြတ်လျက်
သင်္ခါရတို့ ငြိမ်းရာ နိဗ္ဗာန်အအေးဓာတ်သို့ ရောက်ကြကုန်လတ္တံ့။


+++++
စာကိုး
ဆရာတော် အရှင်သီလာနန္ဒာဘိဝံသ၏ “အဘိဓမ္မာသင်တန်းပို့ချချက်များ”
ဦးကျော်၏ “သင်္ဂြိုဟ်သရုပ် အခြေပြုကျမ်း”
ဆုထူးပန်ဆရာဟန်၏ “ဆုထူးပန် အဘိဓမ္မာ”

Sunday, June 13, 2010

မြောက်ဦးဆရာတော် တရားစခန်း (ဇွန်လ ၁၂ -၁၃၊ ၂၀၁၀ ခု)

နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်းတွင် ၂၀၁၀ ခုနှစ် ဇွန်လ ၁၂-၁၃ ရက်များ၌ ပြုလုပ်သော မြောက်ဦးဆရာတော်၏ တရားစခန်း၌ ဆရာတော် ဟောကြားသော တရားတော်များ

၂၀၁၀ ခုနှစ် ဇွန်လ ၁၂ ရက် စနေနေ့

၂၀၁၀ ခုနှစ် ဇွန်လ ၁၃ ရက် တနင်္ဂနွေနေ့

[Download]

[Download]

[Download]

[Download]



တရားစခန်း ယောဂီများ







Saturday, June 12, 2010

မြောက်ဦးဆရာတော်၏ တရားစခန်းနှင့် တရားပွဲ


ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ်၊ ရတနာမာရ်အောင်တောရဓမ္မရိပ်သာ၏ ကမ္မဋ္ဌာနာစရိယ မြောက်ဦးဆရာတော် အရှင်ဝါယာမိန္ဒသည် အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့တွင်-
  • “လောကချမ်းသာဘုရားကျောင်း” (619 Bergen Street, Brooklyn, NY 11238) ၌ ၂၀၁၀ ခုနှစ် ဇွန်လ ၁၂-၁၃ စနေ-တနင်္ဂနွေနေ့များဝယ် နေ့စဉ် နံနက် ၈ နာရီမှ ည ၈ နာရီထိလည်းကောင်း၊
  • “နန္ဒသစ္စာ ထေရဝါဒ ဗုဒ္ဓဘာသာတရားရိပ်သာ” (2119 West 6th Street, Brooklyn, NY 11223) ၌ ၂၀၁၀ ခုနှစ် ဇွန်လ ၁၄-၂၀ ရက်များဝယ် (တနင်္လာ-သောကြာ = ညနေ ၆ နာရီမှ ၈ နာရီ) နှင့် (စနေ-တနင်္ဂနွေ = နံနက် ၈ နာရီမှ ည ၈ နာရီ)ထိလည်းကောင်း
 တရားစခန်းများ၊ တရားပွဲများ ကျင်းပ ပြုလုပ်လျက် ရှိကြောင်း၊ ပြုလုပ်မည့်အကြောင်း သိရှိရ၏။

လောကချမ်းသာဘုရားကျောင်း၌ ၂၀၁၀ ခုနှစ် ဇွန်လ ၁၁ ရက် သောကြာနေ့ ည ၇ နာရီမှ ၈ နာရီခွဲထိ မြောက်ဦးဆရာတော်မှ တရားစခန်းပွဲအကြို တရားပွဲ ကျင်းပ ပြုလုပ်သွားခဲ့ကြောင်းလည်း သိရှိရ၏။

Thursday, June 10, 2010

မရဏုပ္ပတ္တိ - သေခြင်းဖြစ်ပုံ (၁)

၂၀၁၀ ခုနှစ် ဇွန်လ ၅ ရက် စနေနေ့တွင် လောကချမ်းသာဘုရားကျောင်း၌ အရှင်သီလာနန္ဒာဘိဝံသ၏ အဘိဓမ္မာသင်တန်းပို့ချချက်များသင်တန်း သင်ခန်းစာ အပတ်စဉ် (၃၅) နှင့် (၃၆) - သေခြင်းဖြစ်ပုံအကြောင်းအရာကို လေ့လာ သင်ယူကြရသည်။

ယခုအပတ်တွင်လည်း ရှေးလာမည့် အပတ် ဇွန် ၁၂-၁၃ စနေ-တနင်္ဂနွေရက်များတွင် လောကချမ်းသာဘုရားကျောင်း၌ မြောက်ဦးဆရာတော်၏ တရားစခန်းနှင့် တရားပွဲများ ရှိနေသောကြောင့် နှစ်ပတ်စာသင်ခန်းစာကို နာယူ မှတ်သားကြရ၏။

+++++

ဗုဒ္ဓဘာသာတွင် လက်ခံထားသော သေခြင်း (၄)မျိုး ရှိ၏။

(၁) အသက်တမ်းကုန်၍ သေခြင်း။
(၂) ကံစွမ်းကုန်၍ သေခြင်း။
(၃) အသက်တမ်း၊ ကံစွမ်း နှစ်ပါးကုန်၍ သေခြင်း။
(၄) ဥပစ္ဆေဒကကံဖြင့် သေခြင်း။


အသက်တမ်းကို ‘မီးစာ’၊ ကံစွမ်းကို ‘ဆီ’၊ “ဆီမီး”ဥပမာဖြင့် ပုံနှိုင်းကြ၏။
မီးစာကုန်၍ မီးသေခြင်း၊ ဆီကုန်သဖြင့် မီးသေခြင်း၊ မီးစာ, ဆီ နှစ်မျိုးလုံးကုန်သဖြင့် မီးငြိမ်းခြင်း၊ မီးစာ, ဆီ မကုန်သေးသော်လည်း လေပြင်းတိုက်သဖြင့် မီးငြိမ်းခြင်း၊ တမင်ငြိမ်းသတ်ခြင်း စသည် ဖြစ်၏။

သက်တမ်းကုန်, ကံစွမ်းကုန်, အသက်တမ်း-ကံစွမ်းကုန် သေခြင်းမျိုးကို အချိန်ကာလနှင့်အညီ သေကြရသဖြင့် ‘ကာလမရဏ’ဟု ခေါ်၏။
ဥပစ္ဆေဒကကံဖြင့် သေခြင်းမျိုးဖြစ်သော ရေနစ်သေခြင်း, ကားတိုက်သေခြင်း, အဆိပ်သောက်သေခြင်းမျိုးကို ‘အကာလမရဏ’ဟု ခေါ်၏။

သတ္တဝါတို့မှာ ဤသေခြင်း ၄-မျိုးအနက် တစ်မျိုးမျိုးဖြင့် သေကြရ၏။

ထိုသို့ သေကြသောအခါ သေခါနီး၌ ‘ကံ’၊ ‘ကမ္မနိမိတ်’၊ ‘ဂတိနိမိတ်’ သုံးမျိုးအနက် တစ်ခုခု ပေါ်၏။

ကံ = နောက်ဘဝမှာ ပဋိသန္ဓေအကျိုးပေးတော့မည့် ရှေးတုန်းက ပြုခဲ့သော (မသေမီ ယခုဘဝတွင် ပြုခဲ့သော ကံများလည်း ဖြစ်နိုင်၏) ကုသိုလ်ကံ, အကုသိုလ်ကံ။
ဤကံသည် အတိတ်က ဖြစ်ခဲ့သော အာရုံဖြစ်၍ မနောဒွါရ၌ ထင်၏။

ကမ္မနိမိတ် = ကံပြုစဉ် တွေ့ကြုံရသော အာရုံခြောက်ပါး။
“တိုက်ရိုက်ကြုံရသော အာရုံ” = ဥပလဒ္ဓနိမိတ် (ပါဠိ) (ဥပမာ - ကျောင်းဆောက်ရာ၌ ကျောင်း), “အခြံအရံဖြစ်သော အာရုံ”= ဥပကရဏနိမိတ် (ပါဠိ) (ဥပမာ - ကျောင်းဆောက်ရာ၌ သင်္ကန်းအလှူ, ဆွမ်းအလှူ စသည်)တို့ ထင်ပေါ်တတ်၏။
အာရုံခြောက်ပါးလုံး၌ ဖြစ်၍ ထိုက်သည့်အားလျော်စွာ ဒွါရခြောက်ပါး၌ ထင်၏။

ဂတိနိမိတ် = အနာဂတ်ရောက်ရမယ့်ဘဝ တွေ့ကြံရလတံ့သော အာရုံ။
“တိုက်ရိုက်ရောက်မည့် အရပ်၏ အာရုံ” = ဥပလဘိတဗ္ဗ (ပါဠိ) (ဥပမာ - အမိဝမ်းရေ၊ ငရဲဘုံ), “ထိုရောက်မည့်အရပ်တွင် တွေ့ကြုံခံစားရမည့် အရာများ” = ဥပဘောဂ (ပါဠိ) (ဥပမာ - လင်းတ၊ ခွေး၊ ငရဲမီး၊ ငရဲထိန်း၊ နတ်သား၊ နတ်သမီး)ပေါ်တတ်၏။
အများအယူအဆအရ ရူပါရုံဖြစ်သည်ဟု ဆို၏။ ရူပါရုံဖြစ်လျှင် စက္ခုဒွါရ၌ ဖြစ်မည် ဖြစ်၏။ မနောဒွါရဖြင့် ယူအပ်ကြောင်းလည်း ဆို၏။

+++++

သေခါနီး စိတ်အစဉ်

ကံ, ကမ္မနိမိတ်, ဂတိနိမိတ် အာရုံပေါ်ပြီး၊ အကျိုးပေးလတံ့သော ကံအားလျော်စွာ
ကုသိုလ်ကံကအကျိုးပေးမည်ဆိုလျှင် စင်ကြယ်သော စိတ်အစဉ်၊
အကုသိုလ်ကံက အကျိုးပေးမည်ဆိုလျှင် ညစ်နွမ်းသော စိတ်အစဉ်သည် နောက်ရောက်လတံ့သော ဘဝသို့ ညွှတ်ကိုင်းနေသကဲ့သို့ များသောအားဖြင့် ဖြစ်တတ်၏။

ထိုသို့ စိတ်အစဉ်ဖြစ်နေစဉ် -
“စင်ကြယ်သော စိတ်အစဉ်”သည် မကောင်းသည်ကို သတိရ၍, အနီးနေပုဂ္ဂိုလ်များ၏ လောဘ ဒေါသစကားများ ကြားရ၍ “မကောင်းသော စိတ်အစဉ်”အဖြစ် ပြောင်းလဲသွားနိုင်၏။
“မစင်ကြယ်သော စိတ်အစဉ်”ဖြစ်နေရာမှလည်း ရှေးက ပြုခဲ့ဖူးသော ကောင်းမှုကို သတိရ၍, ပရိတ်တရားတော်နာကြားရ၍, ရဟန်းသံဃာကို ဖူးတွေ့ရ၍ “ကောင်းသော စိတ်အစဉ်”သို့ ပြောင်းလဲသွားနိုင်၏။

သောဏမထေရ်၏ဖခင်၊ ယခင် မုဆိုးလုပ်လာခဲ့ပြီး ကြီးမှ ရဟန်းဝတ်သူမှာ သေခါနီး ငရဲနိမိတ်ထင်၍ သားဖြစ်သူ သောဏမထေရ်က ဘုရားရင်ပြင်၌ ဘုရားပန်းများ လှူဒါန်းစေသဖြင့် စင်ကြယ်သော စိတ်အစဉ်သို့ ပြောင်းကာ နတ်ပြည်၌ ဖြစ်ရ၏။

ကျောင်း, ဇရပ်, တန်ဆောင်း, ရေတွင်း ရေကန်ပေါင်း မြောက်မြားစွာ လှူဒါန်းခဲ့သူ၊ မြတ်စွာဘုရား၏ သာသနာတော်ကို ချီးမြှောက်ခဲ့သူ အသောကမင်းကြီးမှာ သေခါနီး ဖန်းခါးသီးတစ်ခြမ်းမျှသာ ပိုင်ဆိုင်သော စိတ်နှလုံးမသာမယာဖြစ်မှုကြောင့် မြွေကြီးဖြစ်ရပြီး၊ သားတော် မဟိန္ဒမထေရ်ကြောင့် အချိန်ကာလ မကြာရှည်ဘဲ ကျွတ်လွတ်သွားကြောင်း သိရ၏။

ကံအာရုံထင်ပုံ တစ်နည်းမှာ ကံကို အသစ်ပြုနေရသကဲ့သို့ မနောဒွါရတွင် ထင်လာခြင်း ဖြစ်၏။
ယခုပင် အလှူကို ပေးလှူနေရသကဲ့သို့၊ အကုသိုလ်ကံဖြစ်လျှင်လျှင် ယခုပင် သတ်နေ ဖြတ်နေသကဲ့သို့ ထင်ထင်ရှားရှား ပေါ်လာတတ်၏။

ဤကဲ့သို့ စိတ်အစဉ်များဖြစ် အာရုံများထင်ပေါ်ပြီးသော် သေသော စုတိစိတ် မရဏာသန္နဝီထိ ဖြစ်၏။

စုတိစိတ် = ပစ္စုပ္ပန်ဘဝ၏ နောက်ဆုံးစိတ်
စုတိ = လျောကျသွားသည် ဟု အဓိပ္ပာယ်ရ၏။

+++++

မရဏာသန္နဝီထိ

မရဏာသန္နဝီထိဖြစ်ပြီး စုတိစိတ်ကျသည်လည်း ရှိသည်။
မရဏာသန္နဝီထိဖြစ်ပြီး ဘဝင်စိတ်ဖြစ်ကာ၊ ပြီးမှ စုတိစိတ်ကျသည်လည်း ရှိသည်။

အချုပ်အားဖြင့် မရဏာသန္နဝီထိ ၄-မျိုး ရှိ၏။

(၁) ဇောနောင် စုတိကျသော ဝီထိ
(၂) ဇော ---> တဒါရုံနောင် စုတိကျသော ဝီထိ
(၃) ဇောနောင် ဘဝင်နောင် စုတိကျသော ဝီထိ
(၄) ဇော ---> တဒါရုံနောင် ဘဝင်နောင် စုတိကျသော ဝီထိ


စုတိစိတ် ချုပ်ပြီးနောက် ဘာမှ မခြားဘဲ ဘဝသစ် ပဋိသန္ဓေစိတ် ဖြစ်သည်။
ပဋိသန္ဓေစိတ် ဖြစ်လျှင်ဖြစ်ချင်း ဘဝသစ် ဖြစ်လေတော့သည်။

ထိုပဋိသန္ဓေစိတ်သည် -
  • မရဏာသန္နဇောယူသော အာရုံကိုပင် အာရုံပြုသည်။
  • ကာမဘုံ၊ ရူပဘုံ၌ဖြစ်လျှင် မှီရာဝတ္ထုရုပ် ရှိသည်။
  • အရူပဘုံ၌ ဖြစ်လျှင် မှီရာဝတ္ထုရုပ် မရှိ။
  • အဝိဇ္ဇာနုသယ ခြံရံလျက် တဏှာနုသယ အရင်းခံရှိသော ကံကြောင့် ဖြစ်သည်။
  • ဖဿစသော သမ္ပယုတ်တရားတို့နှင့် အတူတကွ ဖြစ်သည်။
  • သမ္ပယုတ်တရားတို့၏ ရှေ့သွားခေါင်းဆောင်ကဲ့သို့ ဖြစ်သည်။
  • ဘဝတစ်ပါးကို စပ်ပေးတတ်သောကြောင့် “ပဋိသန္ဓေ” အမည်ရသည်။

+++++

ပဋိသန္ဓေစိတ်၏ အာရုံ

ကာမာဝစရပဋိသန္ဓေ၏ အာရုံသည် -
  • မနောဒွါရဖြင့် ယူအပ်သော အတိတ်ကံ ဓမ္မာရုံ၊
  • ခြောက်ဒွါရဖြင့် ယူအပ်သော အတိတ်, ပစ္စုပ္ပန် ကမ္မနိမိတ် အာရုံ ၆-ပါး
  • မနောဒွါရဖြင့် ယူအပ်သော ပစ္စုပ္ပန် ဂတိနိမိတ် ရူပါရုံ ဖြစ်သည်။

ရူပါဝစရပဋိသန္ဓေ၏ အာရုံသည် ပညတ်ကမ္မနိမိတ် ဖြစ်သည်။

အရူပါဝစရပဋိသန္ဓေ၏ အာရုံသည် ပညတ် သို့မဟုတ် မဟဂ္ဂုတ် (အတိတ်) ကမ္မနိမိတ် ဖြစ်သည်။

အသညသတ်ဘုံ၌ကား ဇီဝိတနဝကကလာပ်သည်သာ ပဋိသန္ဓေအဖြစ်ဖြင့် ဖြစ်၏။ ထို့ကြောင့် ထိုသတ္တဝါတို့သည် ရုပ်ပဋိသန္ဓေရှိသော ပုဂ္ဂိုလ်တို့ မည်ကုန်၏။

အရူပါဝစရသတ္တဝါတို့ကား နာမ်ပဋိသန္ဓေရှိသော ပုဂ္ဂိုလ်တို့ မည်ကုန်၏။

ကြွင်းသတ္တဝါ (ကာမ၊ ရူပ သတ္တဝါ)တို့ကား ရုပ်နာမ် နှစ်ပါး ပဋိသန္ဓေရှိသော ပုဂ္ဂိုလ်တို့ မည်ကုန်၏။

+++++

အဝိဇ္ဇာနှင့် တဏှာ အရင်းခံ

ပဋိသန္ဓေစိတ်သည် ဝိပါက်စိတ် ဖြစ်၏။
နောက်နောက်က ပြုခဲ့သော ကံကြောင့် ယခုဘဝတွင် ပဋိသန္ဓေ ဝိပါက်စိတ် ဖြစ်၏။
ထိုကံသည် အဝိဇ္ဇာနုသယခြံရံလျက် တဏှာနုသယအရင်းခံရှိသော ကံ ဖြစ်၏။

အဝိဇ္ဇာ = မောဟ
တဏှာ = လောဘ
အနုသယ = ကိန်းသည်

‘အဝိဇ္ဇာ’နှင့် ‘တဏှာ’ - နှစ်ပါးတို့ကို အရင်းခံပြီး သတ္တဝါများ၌ ကုသိုလ်ကံ အကုသိုလ်ကံတို့ ဖြစ်ကြရ၏။

အကုသိုလ်ကံက အဝိဇ္ဇာနှင့် တဏှာကို အမှီပြု၍လည်း ဖြစ်၏။ အတူတကွ ယှဉ်တွဲ၍လည်း ဖြစ်၏။

ကုသိုလ်ကံကမူ အဝိဇ္ဇာနှင့် တဏှာကို အမှီပြုပြီး ဖြစ်၏။ သို့သော် အတူတကွ ယှဉ်တွဲ၍ မဖြစ်။

အဝိဇ္ဇာနှင့် တဏှာ ဝဋ်မြစ်ပြတ်ပြီးသော ရဟန္တာတို့မှာ ကုသိုလ်စိတ်အစား ကြိယာစိတ်သာ ဖြစ်၏။

+++++

မရဏာသန္နဝီထိ ဖြစ်ပုံ

မရဏာသန္နဝီထိ အမျိုးမျိုး ရှိ၏။
ပစ္စုပ္ပန်ရူပါရုံက စက္ခုဒွါရ၌ ထင်၍ ဖြစ်သော မရဏာသန္နဝီထိပုံစံကို ပြရသော် -

အတီတဘဝင် ---> ဘဝင်္ဂစလန ---> ဘဝင်္ဂုပစ္ဆေဒ ---> ပဉ္စဒွါရာဝဇ္ဇန်း ---> စက္ခုဝိညာဏ် ---> သမ္ပဋိစ္ဆိုင်း ---> သန္တီရဏ ---> ဝုဋ္ဌော --->  ဇော ---> ဇော ---> ဇော ---> ဇော ---> ဇော ---> စုတိ

မရဏာသန္နဇောမှာ အားနည်းသောကြောင့် ၅-ကြိမ်သာ စော၏။

စုတိပြီးနောက် စုတိ၏အခြားမဲ့၌ ပဋိသန္ဓေစိတ် ဆက်တိုက် ဖြစ်၏။ ထိုနောက် ဘဝင် ၁၅-ကြိမ် သို့မဟုတ် ၁၆-ကြိမ် ---> မနောဒွါရာဝဇ္ဇန်း ---> ဇော ၇-ကြိမ် (ဘဝနိကန္တိက) ---> ဘဝင်များ ဖြစ်၏။

ပဋိသန္ဓေ ---> ဘဝင် ---> ဘဝင် ---> ဘဝင် ........ ဘဝင် (၁၅, ၁၆) ---> မနောဒွါရာဝဇ္ဇန်း --->  ဇော ၇-ကြိမ် (ဘဝနိကန္တိက) ---> ဘဝင် ---> ဘဝင်

မရဏာသန္နဝီထိ၌ ရုပ်သက် (စိတ္တက္ခဏ ၁၇)ကို အတီတဘဝင်မှ စရေတွက်သော် စုတိတိုင်အောင် စိတ္တက္ခဏ ၁၄-ချက်သာ ရှိသေး၏။
ထို့ကြောင့် ဘဝသစ်၌ ပဋိသန္ဓေနှင့် ဘဝင် ၂-ကြိမ်တိုင်အောင် ပစ္စုပ္ပန်ရူပါရုံ ရှိနေသေးသဖြင့် ပဋိသန္ဓေစိတ်နှင့် ဘဝင် ၂-ကြိမ်တို့သည် ထိုပစ္စုပ္ပန်အာရုံကို အာရုံပြုကြသည်။
နောက်ဘဝင်နှင့်တကွ ဘဝသစ်ဘဝင်အားလုံးနှင့် စုတိစိတ်တို့မှာ လွန်သွားပြီဖြစ်သော အတိတ်ရူပါရုံကို အာရုံပြုကြသည်။


ဘဝတစ်ခုနှင့်တစ်ခု အကူး

ဘဝတစ်ခုတွင် ပဋိသန္ဓေ, ဘဝင်, စုတိတို့သည် ကံ, ကမ္မနိမိတ်, ဂတိနိမိတ် တစ်ခုကို အာရုံပြု၏။ ပဋိသန္ဓေက ကံကို အာရုံပြုခဲ့လျှင် ဘဝင်, စုတိတို့ကလည်း ၎င်းကံကိုပင် အာရုံပြု၏။

ဒုတိယဘဝ၏ ပဋိသန္ဓေစိတ်မှာ ပထမဘဝ၏ မရဏာသန္နဇောယူသော အာရုံကို ယူ၏။

ထို့ကြောင့် ပထမဘဝ၏ စုတိစိတ်နှင့် ဒုတိယဘဝ၏ ပဋိသန္ဓေစိတ်တို့မှာ အာရုံမတူ။

ဒုတိယဘဝ၏ ပဋိသန္ဓေသည် ယခင်ဘဝများက ပြုခဲ့သော ကုသိုလ်ကံ အကုသိုလ်ကံကြောင့် ဖြစ်ရ၏။

ပထမဘဝ၏ စုတိက ဖြစ်စေခြင်း မဟုတ်။ စုတိစိတ်မှာ ဝိပါက်စိတ်ဖြစ်ရာ နောက်ဘဝ ပဋိသန္ဓေကို မဖြစ်စေနိုင်။
စုတိက ပဋိသန္ဓေကို ဖြစ်ခွင့်ပေးခြင်း, နေရာဖယ်ပေးခြင်းသဘောသာ ဖြစ်၏။

ဤဘဝအကူး၌ ပထမဘဝတစ်ခု၏ စုတိနှင့် ဒုတိယဘဝ၏ ပဋိသန္ဓေတို့ အာရုံမတူမှု၊ စုတိက ပဋိသန္ဓေကို ဖြစ်ခွင့်ပေးမှုတို့နှင့် ပတ်သက်၍  မျက်စိလည် အယူအဆ မှားတတ်ကြ၏။

ဘဝတစ်ခုတွင် ပဋိသန္ဓေက ယူသော အာရုံကို ဘဝင်၊ စုတိတို့က ယူ၏။ နောက်ဒုတိယဘဝတစ်ခု၏ ပဋိသန္ဓေစိတ်မှာ ပထမဘဝ၏ မရဏာသန္နဇောယူသော အာရုံကို ယူပြီး ဘဝင်၊ စုတိတို့ကလည်း ထိုအာရုံကိုပင် ယူ၏။ တတိယဘဝ၏ ပဋိသန္ဓေမှာ ဒုတိယဘဝ မရဏာသန္နဇော၏ အာရုံကို ယူ၏။ ကွင်းဆက်တစ်မျိုးစီ သွား၏။

ဘဝသစ်တွင် ပဋိသန္ဓေစိတ်နောက် ဘဝင် ၁၅-ကြိမ် ၁၆-ကြိမ်ဖြစ်ပြီး၊ မနောဒွါရာဝဇ္ဇန်း၊ ဇော ၇-ကြိမ် (ဘဝနိကန္တိက)ဖြစ်၏။ သတ္တဝါတို့ ဘဝတစ်ခုကို တွယ်တာမှုလောဘဖြင့် အစပြုပြီး မစွန့်လွှတ်နိုင်သဖြင့် အစွဲအလန်းကြီး သံသရာရှည်ကြရ၏။

ဘဝတစ်ခု၏ စုတိနှင့် နောက်ဘဝ ပဋိသန္ဓေ ဆက်စပ်ပုံကို ဝီထိပုံစံဖြင့် ရှင်းပြနိုင်သော်လည်း ရိုးရိုး သာမန် ပြောဆို ရှင်းလင်းသော် ပညတ်နယ်က စကားလုံးများကို မသုံးမဖြစ် အသုံးပြုရ၏။
ဒီဘဝ ကုသိုလ်ပြုလုပ်၍ နောက်ဘဝ နတ်ဖြစ်၊ ဒီဘဝ အကုသိုလ် ပြုလုပ်၍ နောက်ဘဝ ငရဲကျ ... စသည် ပြောသော် ဒီဘဝ သတ္တဝါကြီးက သို့မဟုတ် တစ်ခုခုက ပြောင်းရွှေ့သွားသလို ထင်စရာ ဖြစ်၏။

ဝီထိစဉ်ကို ကြည့်သော် စိတ်သည် စိတ္တက္ခဏအတွင်း ဖြစ်ပြီး ချုပ်၊ ရုပ်ကလည်း စိတ္တက္ခဏ ၁၇-ချက်အတွင်း ဖြစ်ပြီး ချုပ်၊ ရုပ်နာမ်တို့ အမြဲတမ်း ဖြစ်ချုပ် ဖြစ်ချုပ်သွားနေကြရာ သဿတအယူ၊ ဥစ္ဆေဒအယူ အစွန်းလွတ်အောင် ယူတတ်ကြရ၏။

+++++

သဿတဒိဋ္ဌိ ဥစ္ဆေဒဒိဋ္ဌိ နှစ်ရပ်သည် ရုပ်နာမ်အပေါ်၌ အတ္တစွဲလမ်းမှုကို အရင်းခံ၍ ဖြစ်၏။

“ရှေးဘဝက အတ္တဖြစ်သော ရုပ် သို့မဟုတ် နာမ်သည်ပင် ဘဝသစ်၌ ဆက်လက်ပါလာ၏”ဟု ယူလျှင် “သတ္တဝါသည် မပြတ်မစဲ မြဲ၏”ဟု ယူသော သဿတအယူဘက်သို့ ပါဝင်၏။

“ရှေးဘဝက အတ္တဖြစ်သော ရုပ်နာမ်ဟူသမျှနှင့် လုံးဝ အဆက်အသွယ် မရှိ ပြတ်၏”ဟု ယူလျှင် ဥစ္ဆေဒအယူဘက်သို့ သက်ဝင်ပြန်၏။

ထိုဒိဋ္ဌိနှစ်မျိုးမှ ကင်းလွတ်ဖို့ရာ “ရှေးဘဝက အကြောင်းနှင့်လည်း မကင်းတတ်၊ တိုက်ရိုက်ပါလာခြင်းလည်း မရှိ” ဟုသာ ယူရာ၏။

ဘဝသစ်၌ ပဋိသန္ဓေဝိညာဏ်သည် ဘဝဟောင်းက ရုပ်နာမ်များ တိုက်ရိုက် ပြောင်းရွှေ့လာခြင်း မဟုတ်။
ဘဝဟောင်းက အကြောင်းများနှင့်လည်း မကင်းနိုင်။

တောင်အနီး၌ ဟစ်အော်သော အသံသည် တောင်နံရံကို တိုက်ခိုက်မိသောအခါ ‘ပဲ့တင်သံ’ ပြန်ထွက်လာသကဲ့သို့တည်း။
ပဲ့တင်သံသည် မူလအော်သံလည်း မဟုတ်။ မူလအော်သံနှင့် ကင်းလျက်လည်း မဖြစ်နိုင်။

ထို့အတူ ပဋိသန္ဓေဝိညာဏ်သည် ဘဝဟောင်းက ရုပ်နာမ်အဆက်လည်း မဟုတ်၊ ဘဝဟောင်းက အဝိဇ္ဇာ တဏှာ သင်္ခါရ အကြောင်းများနှင့်လည်း မကင်းနိုင်။

ဆီမီးတစ်ခုမှ ဆီမီးကူးညှိရာ၌ ဒုတိယမီးသည် ပထမဆီမီး၏ အဆက်လည်း မဟုတ်၊ ပထမဆီမီးနှင့်လည်း မကင်းနိုင်ပုံ၊
တံဆိပ်နှိပ်ရာ၌ တံဆိပ်ရာသည် မူလတံဆိပ်၏ အဆက်လည်း မဟုတ်၊ မူလတံဆိပ်နှင့်လည်း မကင်းနိုင်ပုံကို ဥပမာဆောင်၍ ပြကြသည်။

(သဂြိုဟ်ဘာသာဋီကာ၊ အရှင်ဇနကာဘိဝံသ)

+++++

အဘိဓမ္မာသင်တန်းပြီးသော် လောကချမ်းသာ စနေနေ့ ဆည်းဆာတရားပွဲအဖြစ် ဘော်လ်တီမိုး၊ အရှင်ကေလာသဝိဟာရမှ အရှင်ကစ္စာယနက “ဒုက္ခကင်းဝေး ချမ်းသာရေး”တရားတော်ကို သန္တတိအမတ်ကြီးအကြောင်း၊ ပဋာစာရီအကြောင်းများ ထုတ်ဆောင်ကာ ဓမ္မဒါနပြု ဟောကြား ချီးမြှင့်၏။



လင်္ကာများ

စိတ်အညစ်အကြေးကို ကင်းစေလို ဘယ်လမ်းစဉ်ကို လိုက်ရမယ်။
စိတ်အညစ်အကြေးကို ကင်းစေလို သတိပဋ္ဌာန်လမ်းစဉ်ကို လိုက်ရမယ်။

ငိုကြွေးမှုကို လွန်မြောက်လို ဘယ်လမ်းစဉ်ကို လိုက်ရမယ်။
ငိုကြွေးမှုကို လွန်မြောက်လို သတိပဋ္ဌာန်လမ်းစဉ်ကို လိုက်ရမယ်။

ပူဆွေးမှုကို လွန်မြောက်လို ဘယ်လမ်းစဉ်ကို လိုက်ရမယ်။
ပူဆွေးမှုကို လွန်မြောက်လို သတိပဋ္ဌာန်လမ်းစဉ်ကို လိုက်ရမယ်။

ကိုယ်ဆင်းရဲမှုကို လွန်မြောက်လို ဘယ်လမ်းစဉ်ကို လိုက်ရမယ်။
ကိုယ်ဆင်းရဲမှုကို လွန်မြောက်လို သတိပဋ္ဌာန်လမ်းစဉ်ကို လိုက်ရမယ်။

စိတ်ဆင်းရဲမှုကို လွန်မြောက်လို ဘယ်လမ်းစဉ်ကို လိုက်ရမယ်။
စိတ်ဆင်းရဲမှုကို လွန်မြောက်လို သတိပဋ္ဌာန်လမ်းစဉ်ကို လိုက်ရမယ်။

တရားပွဲပြီးသော် ၁၅-မိနစ်ခန့် တရားရှုမှတ်ကြပြီး ကောင်းမှုကုသိုလ်တို့ကို အမျှပေးဝေကြလေသည်။

သာဓု ... သာဓု ... သာဓု။

Thursday, June 3, 2010

ဘုရား ... ဘုရား

မိမိတို့ ကိုးကွယ်ဆည်းကပ်တဲ့ ဘာသာနဲ့ အခြားဘာသာများတွင် အရိုအသေပေး ကိုးကွယ်လေ့ရှိတဲ့ အရာကို မြန်မာတို့ဘာသာစကားအရ “ဘုရား”လို့ ခေါ်ကြတယ်။
မြန်မာ့ယဉ်ကျေးမှုနယ်ပယ်တွင် ‘ဘုရား’ ဆိုတဲ့အသံ၊ ‘ဘုရား’ ဆိုတဲ့ စကားလုံးကို ခပ်များများ အသုံးပြုကြတော့ ‘ဘုရား’ဆိုတဲ့အသံ ကြားလိုက်ရတဲ့အခါ အဲဒီ‘ဘုရား’ဟာ ဘာလဲလို့ စိတ်ထဲမှာ မေးချင်စရာ ဖြစ်လာပုံ ရတယ်။

ဒါကြောင့် အလှူပွဲတစ်ခုမှာ ဘုရားရဲ့ ဂုဏ်တော်တစ်ခုဖြစ်တဲ့ စရဏတရား (၁၅)ပါးကို ဟောပြီးလို့ ရေစက်ချ အမျှပေးဝေပြီးတဲ့အခါမှာ ဒကာလေးတစ်ယောက်က “အခြားဘာသာတွေမှာ ဘုရားလို့ ပြောလိုက်ရင် God လို့ နားလည်သွားပါတယ်။ တပည့်တော်တို့ဘာသာမှာ ‘ဘုရား’ဆိုတဲ့ အသုံးအနှုန်းတွေက များလွန်းလို့ ဒီမှာ မွေးတဲ့ ကလေးတွေက ဘုရားဆိုတာ ဘာလဲလို့ မေးလာရင် အတော်ရှင်းပြရလိမ့်မယ် ထင်တယ်။ ဗုဒ္ဓဘာသာမှာ ‘ဘုရား’ဟာ ဘာလဲဆိုတာ ရှင်းပြပေးပါ”လို့ မေးလာပါတယ်။

ရုတ်တရက် အမေးခံလိုက်ရတော့ ဒီကောင် ဘာကြောင်ပြီး ငါ့ကို ကြောင်တောင်တောင် မေးခွန်းကို မေးရသလဲလို့ စိတ်ထဲမှာ နောက်တောက်တောက်ဖြစ်သွားတယ်။
နောက်မှ .. အေးလေ .. သူသိချင်လို့ မေးမှတော့ သင့်တော်တဲ့အဖြေ ပေးရမှာပေါ့ဟု စိတ်ကို ပြင်ကာ “ဗုဒ္ဓဘာသာမှာ ဘုရားဆိုတာ ဗုဒ္ဓကို ခေါ်တယ်။ ဗုဒ္ဓ(ဘုရား)ဟာ လူသားဖြစ်ပြီး သူ့စိတ်ထဲမှာ လောဘ၊ ဒေါသ၊ မောဟ စတဲ့ အညစ်အကြေး(ကိလေသာ)တွေ မရှိတော့လို့ စင်ကြယ်သူ၊ မြင့်မြတ်သူ၊ အသိဉာဏ် ထက်မြက်သူ၊ ကိုယ်ကျင့်တရားကောင်းမွန်သူ၊ အများအကျိုးကို ဆောင်ရွက်သူ ဖြစ်တယ်။
ဗုဒ္ဓဟာ ဖန်ဆင်းရှင်(Creator or God) မဟုတ်ဘူး။
ဖန်ဆင်းရှင်ရဲ့ လက်ဝေခံတပည့် (messiah, prophet) မဟုတ်ဘူး။
ဖန်ဆင်းရှင်ရဲ့ ကိုယ်စားလှယ်၊ တမန်တော်၊ ကယ်တင်ရှင်လည်း မဟုတ်ဘူး။
သူ့ရဲ့အယူအဆ သူ့ယုံကြည်ချက်ကို ကိုယ်တိုင်ကျင့်သုံးပြီး၊ ရရှိတဲ့ အတွေ့အကြုံတွေ၊ သင်ခန်းစာတွေကို သတ္တိရှိရှိ ရဲရဲဝံ့ဝံ့နဲ့ လူထုကို ချပြရဲသူ ဖြစ်တယ်။
ဒါ .. ငါပြောတာ မဟုတ်ဘူး။ ငါ့အထက်က လူက ပြောတာ၊ ငါ့အဖေက ပြောတာလို့ ကိုယ့်စကားကို သူများစကားဖြစ်အောင် မပြောဘူး။
ဒါကို ငါကိုယ်တိုင်သိလို့ ပြောတယ်။
ငါပြောတာတွေကို မင်းတို့ စစ်ဆေးကြည့်နိုင်တယ်။ ကျင့်သုံးကြည့်နိုင်တယ်။
ကျင့်သုံးလို့ မင်းတို့အတွက် အများအတွက် အကျိုးရှိတယ်ဆိုရင် ဆက်ပြီး ကျင့်သုံးပေါ့။
ငါပြောတာ နားမထောင်လို့၊ ငါခိုင်းတာ မလုပ်လို့၊ ငါ့ကို ဆရာလို့ မသတ်မှတ်လို့ ငါက မင်းတို့ကို အပြစ်ပေးမှာ မဟုတ်ဘူး။
အသိဉာဏ်ရှိမှု၊ အကျင့်သိက္ခကောင်းမွန်မှု၊ အများအကျိုးဆောင်ရွက်မှု စတဲ့ အရာတွေမှာ ဘယ်သူမှ ငါ့အထက်မှာ မရှိလို့ ငါဟာ တစ်ဦးတစ်ယောက်ရဲ့ လက်ဝေခံ အစေအပါး တပည့်မဟုတ်လို့ ငါ့စကားကို နားမထောင်ရင် ငါ့အထက်က လူက မင်းတို့ကို အပြစ်ပေး အရေးယူမယ်၊ ကယ်တင်မယ်လို့ မပြောဘူး။
ကောင်းတာလုပ်ရင် ပြုလုပ်သူပဲ ကောင်းတာကို ရရှိမယ်။
မကောင်းတာလုပ်ရင် ပြုလုပ်သူပဲ မကောင်းတာကို ရရှိမယ်။
မင်းတို့ မကောင်းမှုလုပ်တာကို မင်းတို့ကိုယ်စား ငါက ဝင်ခံပေးလို့ မရဘူး။ မပေးနိုင်ဘူး။
သားကျူးလွန်တဲ့ လူသတ်မှုစတဲ့ ရာဇဝတ်မှုတွေရဲ့ အပြစ်ဒဏ်ကို အဖေက ဝင်ခံပေးရင် ရတယ်ဆိုတာ ဘယ်နိုင်ငံ ဘယ်ဥပဒေမှာမှ မရှိလို့ မင်းလုပ်တဲ့အပြစ်ကို ငါဝင်ခံပေးမယ်လို့ ယုတ္တိမရှိတဲ့ စကားကို မပြောဘူး။
ဒါပေမယ့် ဒါကတော့ ကောင်းတဲ့အလုပ်၊ အကျိုးရှိတဲ့အလုပ်၊
ဒါကတော့ မကောင်းတဲ့အလုပ်၊ အကျိုးမရှိတဲ့အလုပ်၊
ဒါကတော့ လုပ်သင့်တဲ့အလုပ်၊ မလုပ်သင့်တဲ့အလုပ်လို့ ခွဲခြားပြောပြနိုင်တယ်လို့ အမှန်အတိုင်း ရိုးရိုးသားသား ပြောပြရဲသူ ဖြစ်တယ်။
ဒါကြောင့် ဒို့က သူ့ကို ဆရာတင်ပြီး ဆရာအဖြစ်သတ်မှတ်ပြီး ‘ဗုဒ္ဓ ဘုရား’လို့ ခေါ်တာ။”

မေး။     ။ မှန်ပါ။ ဒါကိုတော့ ရှင်းရှင်းလင်းလင်း သိပါပြီ။ တပည့်တော်တို့ သံဃာတော်တွေနဲ့ စကားပြောတဲ့အခါ ‘ဘုရား .. ဘုရား’နဲ့ ထည့်ထည့်ပြောနေတာ၊ အဲဒီ ဘုရားကကော ဘာလဲ။

ဖြေ။     ။ အဲဒါကတော့ ယဉ်ကျေးမှုအရ ပြောဆိုသုံးနှုန်းတဲ့ စကားလုံး တစ်လုံးပါ။

မေး။     ။ အခြားဘာသာတွေမှာ ဘုရားလို့ ပြောလိုက်ရင် (God)လို့ နားလည်သွားတာပဲ။ တပည့်တော်တို့ကျမှ ‘ဘုရား’ဆိုတဲ့ အသုံးအနှုန်းတွေက များလိုက်တာ။ ဒီမှာ မွေးတဲ့ ကလေးတွေကို ဘုရားဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်ကို အတော် ရှင်းပြရလိမ့်မယ် ထင်တယ်။

ဖြေ။    ။အေး ... ခုခေတ်မှာ မြန်မာပြည်မှာ မင်းဆိုတဲ့ ဘုရင်မရှိလို့ တော်သေးသကွ။ ဘုရင်ရှိရင် ဘုရင်က ... ဟဲ့ အမတ်ကြီး၊ မောင်မင်းလို့ ခေါ်လိုက်ရင် မှန်လှပါဘုရားဆိုပြီး သူနဲ့ပြောတိုင်း ဘုရား ... ဘုရား လို့ ထည့်ပြောရတာ ရှိသေးတယ်။

+++++

စေတီ

မေး။    ။ ဘုရားတည်တယ်၊ ဘုရားတည်တယ်ဆိုတာကကော ဘာပါလဲ။ ခု အချွန်အတက်တွေနဲ့ ထိုးထိုးထောင်ထောင် အဆောက်အဦတွေဟာ ဘုရားတွေလား။

ဖြေ။    ။ အော ... ခုမှပဲ ဗုဒ္ဓဘာသာမှာ ဘုရားဆိုတာ ဘာလဲလို့ မင်းဘာကြောင့်မေးတယ်ဆိုတာ ငါနားလည်သွားပြီ။ ဘုရားဆိုတဲ့ အသုံးအနှုန်းကို အကြောင်းပြုပြီး ဘုရားဆိုတာ ဘာလဲလို့ မေးစရာဖြစ်လာတာပဲ။
အေး ... အဲဒီ အချွန်အတက်တွေနဲ့ ထိုးထိုးထောင်ထောင် ရွှေတပြောင်ပြောင် အဆောက်အဦကိုလည်း ဘုရားလို့ အလွယ်တကူ ခေါ်ကြတယ်။ တကယ်တော့ ဒီအဆောက်အဦက ဗုဒ္ဓ(ဘုရား) မဟုတ်ဘူး။
“ဘုရားကျောင်း” ဒါမှမဟုတ် “စေတီ”လို့ ခေါ်တယ်။
စေတီဆိုတာ အရိုအသေပေးထိုက်တဲ့ နေရာဌာန၊ အဆောက်အဦလို့ အဓိပ္ပာယ်ထွက်တယ်။
မြန်မာတွေက အဲဒီ စေတီတွေကို ဘုရားလို့ အလွယ်တကူ ခေါ်လိုက်တယ်။
ဥပမာ - ရွှေတိဂုံဘုရားလို့ အလွယ်တကူ ပြောလိုက်ပေမယ့် ရွှေတိဂုံဟာ ဗုဒ္ဓ(ဘုရား) မဟုတ်ဘူး။ စေတီ ဖြစ်တယ်။ ဒါကြောင့် ရွှေတိဂုံစေတီလို့ ပြောရင် ပိုပြီး ရှင်းသွားမယ်။

မေး။     ။ ဘာဖြစ်လို့ အဲဒီလို အဆောက်အဦမျိုး၊ ဥပမာ-ရွှေတိဂုံလိုမျိုးကို အရိုအသေပေးရတာလဲ။ ရှိခိုးဦးချရတာလဲ။ ဘုရားဖူးသွားတယ်ဆိုတာ အဲဒီလို အဆောက်အဦတွေကို သွားရောက် လှည့်လည် ကြည့်ရှုတာလား။ အဲဒီ အဆောက်အဦတွေကို ရွှေတွေချထားလို့၊ ထီးဆိုတဲ့အရာမှာ စိန် ရွှေ စတဲ့ ရတနာတွေ တပ်ဆင်ထားလို့ ဘုရားဆိုပြီး ရှိခိုးဦးချကြတာလား။

ဖြေ။     ။ အဲဒီလို စိန,်ရွှေစတဲ့ ရတနာတွေရှိနေလို့ အရိုအသေပေးတာ ရှိခိုးဦးချတာတော့ မဟုတ်ဘူးကွ။ အဲဒီ အဆောက်အဦထဲမှာ ဗုဒ္ဓ(ဘုရား)နဲ့ ပတ်သက်တဲ့ ပစ္စည်းတွေ ဓာတ်တော်တွေ ထည့်ပြီး တည်ဆောက်ထားလို့ အရိုအသေပေးတာ ရှိခိုးဦးချကြတာ ဖြစ်တယ်။

မေး။     ။ ဓာတ်တော်ဆိုတာကကော ဘာလဲ။

ဖြေ။     ။ ဓာတ်တော်ဆိုတာ ဗုဒ္ဓ(ဘုရား)ရဲ့ ရုပ်အလောင်းကို မီးရှို့တဲ့အခါ အကုန်မလောင်ဘဲ ကြွင်းကျန်နေရစ်ခဲ့တဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းကို ခေါ်တယ်။
စေတီကို အရိုအသေပေးတဲ့အခါ အဲဒါတွေကို အရိုအသေပေးတဲ့ သဘောပဲ။

အရိုအသေပေးရတာက

မေး။     ။ ဘာကြောင့် အဲဒါတွေကို အရိုအသေပေးရတာလဲ။ သက်မဲ့ပစ္စည်းတွေ ဖြစ်ကုန်ပြီပဲ။

ဖြေ။     ။ အေး ... သက်မဲ့ပစ္စည်းဖြစ်ပေမယ့် အဲဒီ သက်မဲ့ပစ္စည်းပိုင်ရှင်ကို အောက်မေ့သတိရတဲ့အနေနဲ့ ဂုဏ်ပြုချီးကျူးတဲ့အနေနဲ့ တလေးတစား သိမ်းထားပြီး အရိုအသေပေးကြတာပဲ။
ဥပမာ - မင်းရဲ့ ကွယ်လွန်သွားတဲ့ မိဘ ဘိုးဘွားတွေရဲ့ ပိုင်ဆိုင်တဲ့ ပစ္စည်းလေးတွေကို အမှတ်တရ မြတ်မြတ်နိုးနိုး တန်ဖိုးထားပြီး သိမ်းဆည်းထားတာ ရှိကောင်းရှိမယ်။ အဲဒီ ပစ္စည်းလေးတွေကို မြင်ရင် ပစ္စည်းပိုင်ရှင်ဖြစ်တဲ့ မင်းရဲ့ မိဘဘိုးဘွားတွေကို စိတ်ထဲ ပြန်မြင်လာတယ် မဟုတ်လား။
နောက်ပြီး သူတို့ရဲ့ ဂုဏ်ကျေးဇူးတွေကို အမှတ်ရမယ်၊ သူတို့ရဲ့ ဆိုဆုံးမချက်တွေကို သတိရပြီး လိုက်နာကျင့်သုံးမယ်။ သူတို့ကို အကြောင်းပြုပြီး ကောင်းတဲ့အလုပ်တွေ လုပ်မယ်။
ဒီသဘောမျိုးပဲပေါ့။ ဓာတ်ပုံတွေ၊ ရုပ်တုတွေကို အရိုအသေပေးတာလည်း ဒီအတိုင်းပါပဲ။
ဥပမာ - မင်းမှာ အမေရှိတယ်။ အဲဒီအမေ သေဆုံးသွားတဲ့အခါ အမေ့ဓာတ်ပုံကို တနေရာရာမှာ တရိုတသေ သိမ်းထားတယ်။ အမေ မရှိတော့ပေမယ့် အမေ့ဓာတ်ပုံကို မြင်တိုင်း အမေကို သတိရမယ်။ အမေက ကိုယ့်ကို ပြုစုစောင့်ရှောက်ခဲ့တာတွေ ဆိုဆုံးမခဲ့တာတွေကို သတိရလိမ့်မယ်။
အမေမရှိတော့လို့ အမေ့ဓာတ်ပုံ ထားစရာလည်း မလိုပါဘူး၊ သတိရစရာလည်း မလိုပါဘူးဆိုရင်တော့လည်း တမျိုးပေါ့။
ဒါပေမယ့် မင်းအလွန်ငယ်တုန်းက မင်းအမေသေသွားတယ်ဆိုရင်၊ နောက်ပြီး ဓာတ်ပုံလောက်မှ မကျန်ခဲ့ဘူးဆိုရင် မင်းအမေ ဘယ်လိုပုံ ရှိတယ်၊ ဖြူတယ် မည်းတယ် ရှည်တယ် ပုတယ် ပိန်တယ် ဝတယ် လှတယ် မလှဘူးဆိုတာကို မင်း ဘယ်လိုမှ သိနိုင်မှာ မဟုတ်ဘူး။

ဘာမှ မရှိတဲ့ နံရံကို ကြည့်ပြီး အမေက ဘယ်လိုပုံလဲ ... အဖေက ဘယ်လိုပုံလဲ ဆိုတာ မှန်းဆနေရတာနဲ့စာရင် ဓာတ်ပုံရှိတဲ့အခါ အော .. အမေဟာ ဒီလိုပုံပါလားလို့ သိရတော့ ပိုပြီး စိတ်ထဲမှာ ရှင်းသွားတာပေါ့။ ဘာမှ မရှိတဲ့ နံရံကြီးကို ကြည့်ရင် နံရံကြီးပဲ မြင်ရမှာပေါ့။ ဒါကြောင့် ဗုဒ္ဓဘာသာမှာ ဘုရားဆိုတာ ဘယ်လိုအရာလဲ၊ ဘယ်လိုပုံလဲလို့ သိရအောင် ရုပ်ပွားဆင်းတုကို အိမ်မှာပဲဖြစ်ဖြစ် ဘုန်းကြီးကျောင်းမှာပဲဖြစ်ဖြစ် ဘုရားကျောင်းမှာပဲဖြစ်ဖြစ် ထားရှိပြီး အရိုအသေပေးကြတာပေါ့။

နောက်တစ်ခါ ထပ်ပြောဦးမယ်။
အဲဒီ ရုပ်တုတွေဟာ ဗုဒ္ဓ(ဘုရား) မဟုတ်ဘူးနော်။ နားမဝေးနဲ့။ စိတ်ရှုပ်မသွားနဲ့။ အဲဒီ ရုပ်တုတွေဟာ ဘုရားရှင် အသက်ထင်ရှားရှိတုန်းက ဘယ်လိုပုံ ဘယ်လိုအနေအထားရှိတယ်ဆိုတာကို ဖော်ပြထားတဲ့ အရုပ်ပဲ ဖြစ်တယ်။
အဲဒါ ဗုဒ္ဓရဲ့ ရုပ်ပွားဆင်းတု ဖြစ်တယ်။
အမေ့ဓာတ်ပုံဟာ အမေမဟုတ်ပေမယ့် အမေဘယ်လိုပုံ ရှိတယ်ဆိုတာကို ပြတဲ့ အရာဝတ္ထုလိုပဲပေါ့။
ဒါပေမယ့် ဗုဒ္ဓဘာသာတွေအနေနဲ့ ဗုဒ္ဓရဲ့ရုပ်ပွားဆင်းတုတော်ကိုလည်း ဘုရားလို့ ခေါ်လိုက်တာပဲကွ။
ဒီတော့ ဘာသာခြားတွေက ဗုဒ္ဓဘာသာမှာ အရုပ်ကလည်း ဘုရား (God)၊ အုတ်ပုံကလည်း ဘုရား (God)၊ ဓာတ်ပုံကလည်း ဘုရား (God)၊ ဘုရားဆိုပြီး ဘာတွေ ဦးချ အရိုအသေ ပေးနေတာလဲလို့ ဝေဖန်ချင် ဝေဖန်ကြလိမ့်မယ်။
သူတို့ဝေဖန်တာ မဝေဖန်တာထက် ကိုယ့်အနေနဲ့ မှန်မှန်ကန်ကန်ဖြစ်အောင် ဗုဒ္ဓရဲ့ရုပ်ပွားဆင်းတုတော်၊ ဗုဒ္ဓရုပ်ပုံပန်းချီကား၊ စေတီ (ဘုရားကျောင်း) တွေကို အရိုအသေပေးတဲ့အခါ ရှိခိုးဦးချတဲ့အခါမှာ ဗုဒ္ဓရဲ့ဂုဏ်တော် (ဣတိပိ သော ဘဂဝါ အရဟံ သမ္မာသမ္ဗုဒ္ဓေါ .....) ကိုးပါးကို စိတ်ထဲမှာ အာရုံယူပြီး မှန်းဆပြီး အရိုအသေပေးရမယ်၊ ရှိခိုးဦးချရမယ်။
အဲဒီလိုမဟုတ်ဘဲ ပုဆိန်ပေါက် ဦးချ အရိုအသေပေးတယ်ဆိုရင် ဘာသာခြားတွေ ဝေဖန်ပြောဆိုတာကို ဟုတ်တယ်လို့ ထောက်ခံချက် ပေးတာနဲ့ အတူတူဖြစ်သွားမယ်။

ဘုရားပွဲနဲ့ ကုသိုလ်၊ အကုသိုလ်

မေး။     ။ အရှင်ဘုရား ... ဘုရားပွဲကျင်းပမယ်လို့ သိရတယ်။ ဘုရားပွဲဆိုတာ ဘာလဲ။

ဖြေ။     ။ ဟေ ... ဘုရားနဲ့ပတ်သက်တဲ့ မေးခွန်းတစ်ခု လာပြန်ပြီလား။

အေး ... မင်းက သိချင်လို့ မေးတယ်၊ ငါက ဖြေတယ်။ ဒီအမေးအဖြေကို စာတစ်ပုဒ်ဖြစ်အောင် ရေးလိုက်တဲ့အခါ ဘာမဟုတ်တာလေးကို ပုံကြီးချဲ့ရကောင်းလားဆိုပြီး ခရုခါးတောင်းကျိုက် ဖမ်းနေတယ်လို့ ဝေဖန်နေဦးမယ်။ ထားပါတော့ ... မင်းသိချင်တော့လည်း တတ်သလောက် မှတ်သလောက်နဲ့ ဖြေရတာပေါ့။

အေး ... ဘုရားပွဲဆိုတာ ဘုရားကို အကြောင်းပြုပြီး လူစုလူဝေးလုပ်တာကို ခေါ်တယ်။ ရည်ရွယ်ချက်က ဘုရားကို (စေတီကို) အကြောင်းပြုပြီး ကောင်းမှုတွေ တိုးပွားအောင် ဆောင်ရွက်ခွင့်ရအောင် ပြုလုပ်တာပဲ။
စေတီကို အကြောင်းပြုပြီး သံဃာတွေကို ပင့်မယ်။ ကြွလာမယ်။ လူတွေကို ဖိတ်မယ်။ လာကြမယ်။ အဲဒီလို လာကြပြီး စုဝေးရောက်ရှိကြတဲ့အခါ စေတီရင်ပြင်မှာ ဗုဒ္ဓ(ဘုရားရှင်) ကို အောက်မေ့ သတိရပြီး သူ့ရဲ့ဂုဏ်တော်တွေ၊ အဆုံးအမတွေကို ရွတ်ဖတ်ကြမယ်၊ ပူဇော်ကြမယ်၊ အရိုအသေပေးကြမယ်။ စေတနာအလျောက် သံဃာတော်တွေကို လှူမယ်။ လူတွေကို အခမဲ့ ကျွေးမယ်။ လာတဲ့လူတွေကလည်း ဘယ်သူမှ မတိုက်တွန်းရဘဲနဲ့ ကိုယ်လှူချင်သလောက် လှူမယ်။ လုပ်အားပေးသူတွေကလည်း တတ်နိုင်သလောက် ကိုယ်နိုင်တဲ့ဘက်က ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးမယ်။ တရားစကားပြောမယ်၊ နားထောင်ကြမယ်။
ဒီအလုပ်တွေဟာ ကောင်းတဲ့အလုပ်တွေမို့ ကုသိုလ်လို့ ခေါ်တယ်။
ဒါကြောင့် စေတီ(ဘုရား)ပွဲကို အကြောင်းပြုပြီး ဒီအလုပ်တွေကို လုပ်တဲ့သူတွေဟာ ဒါန၊ သီလ၊ ဘာဝနာ ဆိုတဲ့ ကုသိုလ်တွေ ရတာပေါ့။
ဒါ စေတီ(ဘုရား)ပွဲ ကျင်းပခြင်းရဲ့ ရည်ရွယ်ချက်ပဲ။

မေး။     ။ အရှင်ဘုရား ... ဗမာပြည်မှာလို စေတီ(ဘုရား)ပွဲမှာ ဇာတ်ပွဲ အငြိမ့်ပွဲတွေ ထည့်ပါလား ဘုရား။ အနည်းဆုံး ကာရာအိုကေလောက် ထည့်ရင်ပဲ လူတွေ ပျော်ကြမှာ။ ဘုရားပွဲလည်း ပိုစည်ကားမှာ။ ထည့်ချင်ရင် တပည့်တော် စီစဉ်ပေးပါမယ်။

ဖြေ။     ။ မလုပ်ပါနဲ့ မောင်ရင်ရာ။ မင်းပြောသလို လူစည်မှာတော့ အမှန်ပဲ။ ဘုရားပွဲတွေမှာ ဇာတ်ပွဲ အငြိမ့်ပွဲ ပါလာတာဟာ မင်းပြောသလို လူအများလာအောင် ဆွဲဆောင်ရာကနေ ဖြစ်ပေါ်လာတဲ့ အစဉ်အလာကြီးတစ်ခု ဖြစ်သွားပုံ ရသကွ။
ဘာသာရေး သာသနာရေး ကိစ္စဆိုရင်၊ တရားပွဲ သက်သက်ဆိုရင် လူ့သဘာဝအရ သိပ်စိတ်မဝင်စားတတ်ကြဘူး။ ဒါကြောင့် လူများများလာအောင် အဆိုအကတွေ ထည့်ကြတယ် ထင်တယ်။
မင်း စဉ်းစားကြည့်ပါလား။ တရားရိပ်သာကို သွားရင် တရားသံပဲ ကြားရမယ်။ သီချင်းသံ မကြားရဘူး။ ပျင်းခြောက်ခြောက်ကြီး။ ခရစ်ယာန်ဘုရားရှိခိုးကျောင်း သွားရင် သီချင်းသံတော့ အနည်းဆုံး ကြားရဦးမယ်။ ဟော ... ဆီနီဂေါဆိုတဲ့ ဂျူးဘုရားကျောင်းကျတော့ ဘင်ဂိုဆိုတဲ့ အပျင်းပြေ ကစားစရာကိုပါ တွဲဖက်ပေးထားသေးတယ်။
ဒါ .. ဘာကြောင့်လဲဆိုတော့ ဘာသာရေးသက်သက်ဆို လူမလာလို့ လူလာအောင်ဆိုပြီး အပျော်အပါး အကစားတွေနဲ့ ဆွယ်ရတာ။
အဲဒီလိုပဲ ဗုဒ္ဓဘာသာ စေတီပွဲ (ဘုရားပွဲ)တွေမှာ လူအလာများအောင် စည်ကားအောင်ဆိုပြီး အငြိမ့်တွေ ဇာတ်တွေ ထည့်ကျင်းပကြတယ်လို့ ငါ ထင်တယ်။ ငါ ငယ်ငယ်တုန်းက စေတီ(ဘုရား)ပွဲ သွားမယ်ဆို ပျော်တာပေါ့။ ဒါပေမယ့် ဗုဒ္ဓ(ဘုရား)အပေါ် စိတ်ရောက်ရကောင်းမှန်း မသိခဲ့ပါဘူး။ စေတီပူဇော်ပွဲကို သွားပြီး ဇာတ်ပွဲကြည့်မယ်။ ဈေးဝယ်မယ်။ မုန့်စားမယ်။ ဒါပဲ စိတ်ဝင်စားတယ်။ ဒါတွေ လုပ်ပြီး ပြန်ခဲ့တယ်။ စေတီကို (ဘုရားကို) ပုဆိန်ပေါက် ဦးချတာလေးလောက်တော့ လုပ်ခဲ့ပါရဲ့။ တခါတရံ စေတီရင်ပြင်ပေါ်တောင် မရောက်ခဲ့ဘူး။ နည်းနည်း အရွယ်ရောက်လာလို့ သတိထားမိတာကတော့ စေတီပူဇော်ပွဲ (ဘုရားပွဲ)တွေမှာ ခြောက်ကောင်ဂျင်၊ လေးကောင်ဂျင်၊ ဘောလုံးပစ်ပွဲ စတဲ့ လောင်းကစားပွဲတွေပါ ပါလာတာ တွေ့ရတယ်။ ဒါ့အပြင် အရက်ဆိုင်တွေပါ ပါလာတယ်။ နောက် အပျော်မယား ကြေးစားမယ် ပြည့်တန်ဆာတွေလည်း စေတီပွဲမှာ စီးပွားရှာဖို့ ရောက်လာတယ်လို့ ကြားဖူးတယ်။ ဒကာလေး ကြားလိုက်မလား မသိဘူး။ နှစ်စဉ်နှစ်တိုင်း ကျင်းပတဲ့ မင်းဘူးက ရွှေစက်တော်ဘုရားမှာ တစ်ခါက ဘာမှ အရိပ်အရောင် မပြဘဲ လေကြီးမိုးကြီး ကျပြီး ရေလွှမ်းသွားလို့ လူတွေ အများကြီး သေတဲ့သတင်း။ ကျိုက်ထီးရိုးစေတီ ပတ်ဝန်းကျင်က တဲခိုခန်းတွေ ဈေးဆိုင်တွေ မီးလောင်တဲ့သတင်း။ ဒီလိုဖြစ်တာဟာ အဲဒီစေတီပွဲတွေမှာ မကောင်းမှုတွေ များလွန်းလို့,လို့ ပြောကြတယ်။ ဟုတ်,မဟုတ်တော့ မသိဘူး။ ဘုရားပွဲတွေမှာ ဒီလို ရှုပ်ရှုပ်ထွေးထွေး ဖြစ်နေတာတော့ မကောင်းဘူးကွ။ ငါ ဗမာပြည် အလည်ပြန်ရောက်တုန်းက ပုဂံကို ဘုရားဖူး (စေတီတွေကို လှည့်လည်ကြည့်ဖို့) သွားခဲ့တယ်။ အာနန္ဒာစေတီပွဲ (အာနန္ဒာဘုရားပွဲ) ကျင်းပပြီးစီးတာနဲ့ ကြုံလို့ ငါ အတော် စိတ်ပျက်သွားတယ်ကွ။

မေး။     ။ ဘာဖြစ်လို့လဲ ဘုရာ့။

ဖြေ။     ။ ဘာဖြစ်ရမလဲ ဒကာလေးရ။ ဘုရားဘေး ပတ်ဝန်းကျင်မှာ ဈေးဆိုင်တွေက စွန့်ပစ်ထားတဲ့ အမှိုက်သရိုက်တွေ၊ ပွဲတော်လာသူတွေ မဆင်မခြင် စွန့်ပစ်ထားတဲ့ သေးကွက် ချေး(ချီး)ကွက် အညစ်အကြေးတွေက စေတီဘေးပတ်လည်မှာ ပြည့်နှက်နေလို့ပဲကွ။ ခေတ်စကားနဲ့ ပြောရရင် စေတီတော်ရောက်အောင် သိုင်းကွက်နင်းသွားခဲ့ရတယ်။

စေတီပူဇော်ပွဲ (ဘုရားပွဲ) ကျင်းပတဲ့အခါ ကုသိုလ်ရသူတွေ ရှိသလို အကုသိုလ်ရသူတွေလည်း ရှိတယ် ဒကာလေးရ။ ကုသိုလ်ရသူတွေကတော့ ဘုရားပွဲကို အကြောင်းပြုပြီး စီစဉ်ဆောင်ရွက်သူ၊ အခကြေးငွေ မယူဘဲ ချက်ပြုတ် ကြော်လှော်ပေးကြသူ၊ တဲ စားပွဲ ကုလားထိုင် တည်ခင်းပေးသူ၊ ကားရပ်နားဖို့ စီစဉ်ပေးသူ၊ အမှိုက်စသည်ကို လိုက်လံ စုဆောင်းပြီး နေရာတကျ ထားသူ၊ သံဃာတော်တွေနဲ့ လူတွေကို ကျွေးမွေး လှူဒါန်းသူ စသူတွေပေါ့ကွာ။

မေး။     ။ ဘယ်သူတွေက အကုသိုလ် ယူသလဲ ဘုရာ့၊ ကျောင်းကန်ဘုရားသွားတာ ကုသိုလ်ပဲ ရမှာပေါ့။

ဖြေ။     ။ အေး ... ကုသိုလ်ယူတတ်ရင် ကုသိုလ်ရတာပေါ့။ အကုသိုလ်ယူသူတွေကတော့ စေတနာ ထက်ထက်သန်သန်နဲ့ အဆင်သင့် စားသောက်ခွင့်ရအောင် ဆောင်ရွက်ပေးထားတဲ့ အစားအသောက်တွေကို စားသောက်ပြီး၊ ကိုယ်ထည့်ယူ စားသောက် အသုံးပြုတဲ့ တစ်ခါသုံး ပန်းကန် ဇွန်း ခရင်း သောက်ရေခွက် စက္ကူလက်သုတ်ပုဝါ စတာတွေကို အမှိုက်ပုံးထဲ ရောက်အောင် မထည့်ဘဲ သစ်ပင်ခြေရင်း စတဲ့ ချောင်ကြိုချောင်ကြား ထားချင်တဲ့ နေရာမှာ ထားခဲ့သူတွေပေါ့။ တခါတရံ ဘုရားပွဲ ကျောင်းပွဲပြီးရင် ငါကိုယ်တိုင် အမှိုက်လိုက်ကောက်ရသကွ။

လုပ်အားပေးတွေအနေနဲ့ စေတနာအရ အပင်ပန်းခံ ဝေယျာဝစ္စ ဆောင်ရွက်ပေးနေတာကို အခကြေးငွေယူပြီး လုပ်နေသူတွေလို့ ထင်ပြီး ဒီလိုလုပ်တာလား မသိဘူး။ ငါတော့ အံ့သြသကွ။ အမေရိကားရောက်လာတဲ့ ဒို့မြန်မာအချို့ အတော်လေး စည်းမရှိ ကမ်းမရှိတာကို တွေ့ရတယ်။ မြန်မာနိုင်ငံမှာ နေကြရတဲ့ မြန်မာတွေက ဘယ်လို သန့်ရှင်းအောင် နေရမယ်၊ အမှိုက်ဘယ်လိုပစ်ရမယ်ဆိုတာကို မသိတာဟာ အမြင်မကျယ်လို့ ဆိုပြီး နားလည် ခွင့်လွှတ်နိုင်တယ်။ အမေရိကားရောက်လာတဲ့ ဒို့မြန်မာအချို့ အမှိုက်ဘယ်လိုပစ်ရမယ်ဆိုတာကို မသိတာတော့ မဖြစ်နိုင်ဘူး။ စည်းမဲ့ကမ်းမဲ့ နေထိုင်တဲ့ အလေ့စရိုက်ကို မပြင်တာ၊ အဆင့်အတန်း မြင့်မြင့် ဘယ်လိုနေထိုင်ရမယ်ဆိုတာကို မသိတာဘဲ ဖြစ်နိုင်တယ်။
အမေရိကားမှာ နေကြသူတွေဆိုတော့ တခါတရံ McDonald's, KFC စတဲ့ Fast Food store ဆိုင်တွေကို သွားပြီး စားသောက်ဖူးကြမှာပါ။ အဲဒီအခါမှာ သူတို့စားပြီး စားကြွင်းစားကျန် အမှိုက်တွေကို ထားချင်သလို ထားသွားရဲမယ် မထင်ဘူး။ စားပြီး ဖြစ်ပေါ်လာတဲ့ အမှိုက်တွေကို အမှိုက်ပုံးထဲ ထည့်ပေးထားခဲ့ရမှာပါ။ စားတဲ့အခါ အသုံးပြုတဲ့ ဗန်းကိုလည်း နေရာတကျ ပြန်ထားပေးခဲ့ရမှာပါ။
အဲ ... ကိုယ်ကိုးကွယ်တဲ့ ဘုရားကျောင်းကန်ကျမှ ဒီလို ကိုယ့်အမှိုက် အညစ်အကြေးကို ကိုယ်တာဝန်ယူပြီး မသန့်ရှင်းခဲ့တာကို ဘယ်လိုပြောရမယ် မသိဘူး။ တကယ်သာ လာတဲ့သူတိုင်း ကိုယ့်အမှိုက်ကို ကိုယ်တာဝန်ယူပြီး စနစ်တကျ ပုံးထဲ ထည့်ခဲ့ရင် လုပ်အားပေးသူတွေလည်း တာဝန်ပေါ့ပြီး စိတ်ချမ်းချမ်းသာသာနဲ့ သက်သက်သာသာ ဆောင်ရွက်နိုင်တာပေါ့။ ကိုယ်လည်းပဲ အကုသိုလ်မဖြစ်ဘူးပေါ့။ ဒီလို မဟုတ်ဘဲ စည်းမဲ့ကမ်းမဲ့ လုပ်ခဲ့ရင်တော့ အကုသိုလ် လာယူတာပဲလို့ ပြောရမလို ဖြစ်နေပြီ။

အပြင်ဘုရားက ရင်ထဲကြွ

မေး။     ။ အရှင်ဘုရား ... တချို့ဆရာတော်တွေက “ရင်ထဲမှာ ဘုရားတည်ပါ”လို့ ဆိုဆုံးမကြတယ်။ ဘာကိုပြောတာလဲ ဘုရား။

ဖြေ။     ။ “ရင်ထဲမှာ ဘုရားတည်ပါ”ဆိုတာ မင်းတို့ရဲ့ စိတ်နှလုံး (ရင်)ထဲမှာ ဗုဒ္ဓ(ဘုရား)ရဲ့ ဂုဏ်ကို သိရှိ ယုံကြည်၊ ကြည်ညိုပြီး ဘုရားအဆုံးအမအတိုင်း လိုက်နာကျင့်သုံး နေထိုင်ဖို့ ပြောတာပါ။

မေး။     ။ ဒီလိုဆို အပြင်မှာ ဘုရား(စေတီ)တည်တာ မကြိုက်လို့ ပြောတာလား။

ဖြေ။     ။ အေး ... စေတီ မရှိသေးတဲ့နေရာမှာ စေတီတည်တာကိုတော့ အဲဒီဆရာတော်တွေက ဘာမှ ပြောလိုဟန် မရှိဘူး ထင်တယ်။ စေတီရှိပြီးသား နေရာတွေမှာ မလိုအပ်ဘဲ စေတီတွေ ထပ်ထပ်ပြီး တည်နေတာကို သဘောမကျလို့ ပြောတာ ဖြစ်နိုင်ပါတယ်။ တစ်မြို့ တစ်ရွာမှာ ခန့်ခန့်ထည်ထည် ကြည်ညိုစဖွယ်ဖြစ်တဲ့ စေတီတစ်ဆူ ရှိတယ်ဆိုရင် အချိန်ကုန် ငွေကုန် နေရာကုန် ခံပြီး နောက်ထပ် ဘုရားတည်မယ့်အစား ကိုယ့်ရင်ထဲမှာ စိတ်နှလုံးထဲမှာ ဘုရားရဲ့ တရားတော်တွေကို သိရှိ နားလည်ပြီး ကျင့်သုံးတာက ပိုပြီး အရေးကြီးတာကို ပြောချင်လို့ ဖြစ်မှာပါ။

စေတီ မရှိသေးတဲ့ နေရာမှာတော့ စေတီတည်သင့်ပါတယ်။ အကျိုးရှိတန်သလောက်လည်း အကျိုးရှိပါတယ်။ ဥပမာ - နယူးဂျာစီမှာ စေတီတည်ထားတော့ စေတီကို မြင်တဲ့အခါ နိုင်ငံခြားသားတွေ လာလာကြည့်ကြတယ်။ တချို့လည်း ဗုဒ္ဓဘာသာတွေဖြစ်ပြီး တချို့လည်း စေတီကို မမြင်ဖူးလို့ အထူးအဆန်း လုပ်ပြီး လာကြည့်သူတွေ ဖြစ်တယ်။

ဘုရားကို လာကြည့်သူတွေ ဗဟုသုတရစေလိုတဲ့ ရည်ရွယ်ချက်နဲ့ ရုပ်ပွားဆင်းတုတွေရှေ့မှာ ဘာသာရေးဆိုင်ရာ အကြောင်းအရာတွေကို ရေးထိုးထားတယ်။ စိတ်ဝင်တစား ဖတ်ကြပါတယ်။ ဒါကြောင့် ဗုဒ္ဓဝင်ရုပ်စုံကို ဓာတ်ပုံရော စာပါ ကျောက်ပြားမှာ ရေးသားပြီး စေတီပလ္လင်ဘေးမှာ ကပ်ထားဖို့ စိတ်ကူးနေတယ်။ ဖြစ် မဖြစ်တော့ မသိဘူး။

ဒီလို ရေးထိုးထားရင် လာရောက်လေ့လာသူတွေအနေနဲ့ ဗုဒ္ဓရဲ့ ဖြစ်တော်စဉ်နဲ့ ဆိုဆုံးမချက်တွေကို လေ့လာခွင့် ရကြမှာပေါ့။ လေ့လာရင်း အသိတရားတစ်ချက် ဝင်သွားမယ်ဆိုရင် ဘုရားတည်ရကျိုး နပ်တယ်လို့ ဆိုရမှာပေါ့။ စေတီကို လာရောက် ကြည့်သူတွေထဲက တချို့တလေ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်သွားမယ်ဆိုရင် စေတီတည်တာဟာ သာသနာပြုလုပ်ငန်းတစ်ခု ဖြစ်တယ်လို့ ပြောရမှာပေါ့။
တစ်နေ့ စာတိုက်ပုံးထဲ စာသွားကောက်ယူတုန်း ဗြုန်းဆို ကားတစ်စီး ထိုးရပ်ပြီး ဒါဘာလဲလို့ စေတီကို လက်ညှိုးထိုး မေးတယ်။
ဒါ ... ဗုဒ္ဓဘာသာစေတီလို့ ပြောတော့ အော ... ဒါ ဗုဒ္ဓဘာသာစေတီလား .. ငါ ထိုင်းနဲ့ ဗီယက်နမ် သွားလည်တုန်းက ဒါမျိုးတွေ့ခဲ့ဖူးတယ်။ ငါ လာလည်လို့ ရမလား ... စသည် မေးရင်းနဲ့ သူ့ကိုယ်သူ မိတ်ဆက်ပြီး ကျောင်းကို လာနေတဲ့ အမေရိကန်ဒကာတစ်ယောက် ရှိတယ်။ သူ့အိမ်က ကျောင်းနဲ့ သိပ်မဝေးတော့ ကျောင်းအတွက် အကူအညီ အများကြီး ရတယ်။ တလောက ငါးရက်ကြာ ဒုလ္လဘရဟန်းဝတ်နဲ့ နေသွားသေးတယ်။

နောက်ပြီး တေီ(ဘုရား)ကို မြင်ပြီး ကျောင်းကို လာရောက် တရားအားထုတ်သူတွေလည်း ရှိတယ်။ အဲဒီအထဲက ဂျူးဒကာကြီးတစ်ယောက်ဆို လွန်ခဲ့တဲ့ လေးနှစ်က ထီ(သုံးသန်း)ပေါက်တာ ဒေါ်လာတစ်သောင်း လှူတယ်။ နှစ်စဉ်လည်း လှူနေတာ ခုဆို ဒေါ်လာနှစ်သောင်းနှစ်ထောင် ရှိသွားပြီ။ နောက်နှစ်တွေလည်း ဆက်လှူနေဦးမှာပဲ။ သူလည်း ဒုလ္လဘရဟန်း ဝတ်ဖူးတယ်။ နောက်ထပ် ဂျူးဒကာကြီးတစ်ယောက် ရှိသေးတယ်။ သူကတော့ ကျောင်းကို တစ်ပတ်တစ်ခါ လာတရားအားထုတ်ပြီး လစဉ် ဒေါ်လာတစ်ရာ လှူတယ်။ သူလည်းပဲ ဒုလ္လဘရဟန်း ဝတ်ဖူးတယ်။ ခုတော့ ဆုံးသွားပါပြီ။ ကဲ ... ထားတော့။ ဒါတွေဟာ စေတီ(ဘုရား) မရှိသေးတဲ့ နေရာမှာ စေတီ(ဘုရား) တည်ရခြင်း အကျိုးတွေပေါ့။

မှန်ပါ .. အရှင်ဘုရား။ အပြင်မှာ တည်တဲ့ စေတီ(ဘုရား)ကနေတဆင့် သူတို့ရင်မှာ သာသနာ ငြိတွယ်စေတဲ့ သာသနာပြုခြင်းပဲဆိုတာ တပည့်တော် နားလည် သဘောပေါက်ပါပြီ ဘုရား။

သာဓု ... သာဓု ... သာဓု။


အရှင်ပညာသီဟ
မေလ ၃၁၊ ၂၀၁၀

Tuesday, June 1, 2010