Tuesday, December 28, 2010
Thursday, December 23, 2010
Sunday, December 19, 2010
ဓမ္မာရုံ ယောဂီဆောင် ဆောက်လုပ်ရေး (၁၈-ဒီဇင်ဘာ-၂၀၁၀)
နယူးဂျာစီ မဟာစည်သတိပဋ္ဌာန်ရိပ်သာအတွင်း ဆောက်လုပ်နေသော လောကချမ်းသာ ဓမ္မာရုံ ယောဂီဆောင် ကျောင်းဆောင်တော်ကြီး၏ အဆောင်-၂ (တောင်ဘက်အဆောင်)မှာ ဓမ္မာရုံပါရှိသော အဆောင် ဖြစ်၏။
၂၀၁၀ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက် စနေနေ့က လောကချမ်းသာဆရာတော်ကိုယ်တိုင် ကြွရောက်၍ သံဃာတော်များ အဆောင်-၂ အုတ်မြစ်ပေါ်တွင် ပရိတ်တရားတော်များ ရွတ်ဖတ် ပူဇော်ကြစဉ်။
+++++
ဓာတ်ပုံ - ဆရာစိန်

Saturday, December 18, 2010
Wednesday, December 15, 2010
Tuesday, December 14, 2010
ဓမ္မာရုံ ယောဂီဆောင် ဆောက်လုပ်ရေး (၁၄-ဒီဇင်ဘာ-၂၀၁၀)
၃၂-စု အရင်းပြု၍
နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်းတွင် ဒီဇင်ဘာလ ၁၁ ရက် စနေနေ့၌ ၂၀၁၀ ခုနှစ်၏ နောက်ဆုံးသင်တန်းများအဖြစ် အဘိဓမ္မာ ဝီထိပိုင်း သင်ခန်းစာများ ပြန်လည် သင်ကြားခြင်းနှင့် မဟာသတိပဋ္ဌာနသုတ် ပဋိကူလမနသိကာရပိုင်း သင်ကြားပို့ချခြင်းတို့ကို ပြုလုပ်၏။
သင်တန်းသို့ ပုံမှန်တက်ရောက်ကြသူ သင်တန်းသား သင်တန်းသူ ၁၅ ဦးခန့်ကို လောကချမ်းသာဆရာတော်က အဘိဓမ္မာ ဝီထိပိုင်းဆိုင်ရာ မှတ်သားစရာများနှင့် မဟာသတိပဋ္ဌာနသုတ် သမ္ပဇညပဗ္ဗနှင့် ပဋိကူလမနိသိကာရပဗ္ဗပိုင်းတို့ကို ရှင်းလင်း သင်ကြား ပို့ချပေး၏။
သင်တန်းပြီးသော် လောကချမ်းသာ စနေနေ့ ဆည်းဆာတရားပွဲကို အရှင်ဝိမလက “၃၂-စု အရင်းပြု၍”ဟူသော တရားတော်ကို ဟောကြား ချီးမြှင့်ရာ ဆရာတော်ဦးဗုဓ်၏ ၃၂-ကောဋ္ဌာသ ပါဠိ နိဿယကို အားလုံး ညီညာဖြဖြ ရွတ်ဆို ပူဇော်ကြ၏။
+++++
ပဋိကူလမနသိကာရပိုင်း (ဆရာတော်ဦးဗုဓ်၏ ပါဠိနိဿယ)
(ဃ) ဘိက္ခဝေ-ရဟန်းတို့။ ဧဝမေဝခေါ-ဤအတူလျှင်။ ဘိက္ခု-ရဟန်းသည်။ ပ။ ဣမမေဝ ကာယံ-ဤရူပကာယ ခန္ဓာကိုယ်ကိုသာလျှင်။ ပစ္စဝေက္ခတိ-ဆင်ခြင်၏။
ဣမသိံ္မ ကာယေ-ဤတစ်လံမျှလောက်သော ရူပကာယ ခန္ဓာကိုယ်၌ -
(၁) ကေသာ - နှစ်ကုဋေ ငါးသန်းသော ဆံတို့လည်းကောင်း။
(၂) လောမာ - ကိုးသိန်းကိုးသောင်းသော အမွေးတို့လည်းကောင်း။
(၃) နခါ - ငါးကြင်းကြေးသဖွယ် နှစ်ဆယ်သော လက်သည်း ခြေသည်းတို့လည်းကောင်း။
(၄) ဒန္တာ - သုံးဆယ့်နှစ်ချောင်းသော သွားတို့လည်းကောင်း။
(၅) တစော - တစ်ကိုယ်လုံးကို ခွာ၍ လုံးသည်ရှိသော် ဆီးစေ့ခန့်မျှရှိသော အထူးထူးသော အဆင်းရှိသော ပါးသော အပေါ်ရေ၊ အဆင်းဖြူသော ထူသော အတွင်းရေလည်းကောင်း။
(၆) မံသံ - တိုက်နံရံကို လိမ်းကျံသော မြေစိုင်ကဲ့သို့ အရိုးကို လိမ်းကျံသော ကိုးရာသော အသားလည်းကောင်း။
(၇) နှာရု - နံရံကို ဖွဲ့သော ကြိမ်နွယ်ကဲ့သို့ အရိုးကိုဖွဲ့သော ကိုးရာသော အကြော၊ အရသာကို ဆောင်သော ခုနစ်ထောင်သော အကြောလည်းကောင်း။
(၈) အဋ္ဌိ - သုံးရာသော အရိုးလည်းကောင်း။
(၉) အဋ္ဌိမိဉ္ဇံ - ကျက်စွာပေါင်း၍ ဝါးကျည်၌ ထည့်အပ်သော ကြိမ်ညွန့်နှင့် သဏ္ဍာန်တူသော ဖြူသော အဆင်းရှိသော ရိုးတွင်းခြင်ဆီလည်းကောင်း။
(၁၀) ဝက္ကံ - ရေမျိုမှ ဆက်သော အကြော၏အဆုံး နှလုံးသားကို ခြံရံ၍ တည်လျက် သရက်သီးပွတ်နှင့် သဏ္ဍာန်တူသော စဉ်းငယ်နီသော အဆင်းရှိသော အသားစိုင်နှစ်ခုဟု ဆိုအပ်သော အညှို့လည်းကောင်း။
(၁၁) ဟဒယံ - သားမြတ်နှစ်ခုအလယ်၊ ကိုယ်အတွင်း ရင်အချိုင့် အညှို့နှစ်ခုအကြား၌ တွဲလျား ဦးစောက်တည်သော ပညာရှိအား စဉ်းငယ်ပွင့်သော၊ ပညာမဲ့အား ငုံသော၊ အပေါ်ဖတ်ကို ခွာ၍ ပစ်အပ်သော ပဒုမ္မာကြာငုံတမျှ အပကား ပြေပြစ်သန့်ရှင်း၊ အတွင်းကား သပွတ်ခါးအူသဖွယ် အလယ်၌ ပုန်းညက်စေ့ဆန်လောက်သော တွင်း၌။
“စရိုက်နှင့်အညီ၊ နီမြန်း-ရာဂ၊ ဒေါသ-မည်းငြား၊ သားဆေးရည်-မောဟ၊ တက္က-ပဲပြုတ်ရည်၊ ဝါသည်-သဒ္ဓါ၊ ပညာ-ပြိုးပြက်၊ ဇောတမျက်သွင်၊ အရောင်ထင်သော” မနောဓာတ်, မနောဝိညာဏဓာတ်, စိတ်, စေတသိက်တို့၏ မှီရာ ဟဒယဝတ္ထုရုပ်တည်းဟူသော တလက်ဖက်မျှလောက်သော နှလုံးသွေးရှိသော နှလုံးသားလည်းကောင်း။
(၁၂) ယကနံ - သားမြတ်နှစ်ခုတို့၏ အလယ်၌ လက်ယာနံပါးကို မှီလျက် ကသစ်ရွက်နှင့် သဏ္ဍာန်တူသော ဖျော့တော့တော့ နီသော အဆင်းရှိသော ပညာရှိအား ငယ်သည်ဖြစ်၍ နှစ်ခု သုံးခု၊ ပညာမဲ့အား ကြီးသည်ဖြစ်၍ တစ်ခုတည်းသော အသည်းလည်းကောင်း။
(၁၃) ကိလောမကံ - ဖြူသောအဆင်းရှိသော အသားတရစ်ကို ရစ်သော အဝတ်ကဲ့သို့ အညှို့, နှလုံးကို ဖုံး၍ တည်သော အမြှေး၊ ကိုယ်အလုံး၌ အရေ၏ အောက်မှ တည်သော အမြှေးအားဖြင့် နှစ်ပါးသော အမြှေးလည်းကောင်း။
(၁၄) ပိဟကံ - နှလုံးသား၏ လက်ဝဲနံပါး၌ မှီလျက် လက်ခုနစ်သစ်ခန့်မျှ နွားလျှာဖျားသဏ္ဍာန် ညိုသော အဆင်းရှိသော ဝမ်းလျှော သရက်ရွက်ဟု ဆိုအပ်သော အသားဖျဉ်းလည်းကောင်း။
(၁၅) ပပ္ဖါသံ - အညှို့, နှလုံးကို ဖုံး၍ တည်လျက် မုန့်ယှက်ပြတ်သဏ္ဍာန် နီသောအဆင်းရှိသော သုံးဆယ့်နှစ်ခုသော အသားလွှာတည်းဟူသော ကလအုန်းဆောင်းထပ်ဟု ဆိုအပ်သော အဆုတ်လည်းကောင်း။
(၁၆) အန္တံ - သွေးပြည့်သော ကျင်း၌ အရေကို ဆုတ်၍ ထည့်အပ်သော မြွေခွေကဲ့သို့ လည်ချောင်းမှ ဝစ္စမဂ်တိုင်အောင် ကိုယ်တွင်း၌ တည်သော ယောက်ျားအား သုံးဆယ့်နှစ်တောင်၊ မိန်းမအား နှစ်ဆယ့်ရှစ်တောင်ရှိသော နှစ်ဆယ့်တစ်ပတ် ခွေ၍နေသော ဖြူသောအဆင်းရှိသော အူမလည်းကောင်း။
(၁၇) အန္တဂုဏံ - ခြေသုတ်ကြိုးဝန်းကို ဖွဲ့သော ကြိုးသေးကဲ့သို့ နှစ်ဆယ့်တစ်ပတ်ခွေရာ၌ အူမကို ဖွဲ့သော မှော်မြစ်အတူ ဖြူသော အူသိမ်လည်းကောင်း။
(၁၈) ဥဒရိယံ - အစွန်းနှစ်ဘက်၌ ကိုင်၍ ညှစ်အပ်သော စိုသော ပုဆိုး၏ အလယ်အဖုကဲ့သို့ နှစ်ဆယ့်တစ်ပတ်ခွေသော အူမ၏ အလယ်အဖုဟု ဆိုအပ်သော သုံးဆယ့်နှစ်ပါးသော ပိုးမျိုးတို့၏ နေရာ အစာသစ်အိမ်၌ တည်သော ခွေးစားကျင်း၌ ခွေးအန်ဖတ်ကဲ့သို့ မျိုအပ်သော အစာသစ်လည်းကောင်း။
(၁၉) ကရီသံ - ကျည်ထောက်၌ ထည့်အပ်သော မြေညက်ကဲ့သို့ အူမ၏အဆုံး အစောက်ရှစ်သစ်ခန့်မျှ ရှိသော အစာဟောင်းအိမ်၌ တည်သော အစာသစ်မှ ကျက်၍ ကျသော အစာဟောင်းတည်းဟူသော ကျင်ကြီးလည်းကောင်း။
(၂၀) မတ္ထလုင်္ဂံ - ဗူးအုံ၌ ထည့်အပ်သော မုန့်ညက်စိုင်သဏ္ဍာန် ခေါင်းခွံတွင်း၌ ချုပ်ကြောင်းလေးခုကို မှီ၍ တည်သော မုန့်ညက်စိုင်အတူ ဖြူသော ဦးနှောက်လည်းကောင်း။
(၂၁) ပိတ္တံ - ရေပြည့်သော သပွတ်ခါးသီးသဏ္ဍာန် နှလုံးအဆုတ်တို့၏ အလယ် အသည်းကို မှီ၍ တည်သော နောက်ကျုသော သစ်မည်စည်ဆီနှင့်တူသော အအိမ်ဖြင့် ဖွဲ့အပ်သော ဗဒ္ဓသည်းခြေ, ဆံ, အမွေး, ခြေသည်းလက်သည်း, သွားတို့၏ အသားမှ လွတ်ရာ အရပ်ခြောက်ထပ် ကြမ်းတမ်းသော အရာကို ထားလျက် မုန့်ယှက်၌ ဆီကဲ့သို့ တစ်ကိုယ်လုံး နှံ့၍ တည်သော ညှိုးနွမ်းသော ပန်းအဆင်းရှိသော အအိမ်ဖြင့် မဖွဲ့အပ်သော အဗဒ္ဓသည်းခြေအားဖြင့် နှစ်ပါးသော သည်းခြေလည်းကောင်း။
(၂၂) သေမှံ - မစင်တွင်းကို ပိတ်သော ပျဉ်ကြီး တန်စီးတွင်းအထက် မြှေးယှက်သော အမြှုပ်လွှာအသွင် ရေအပြင်ကို လွှမ်းသော ရေညှိပမာ အစာသစ်ကို ပိတ်လျက် အူမ၌တည်သော ဖြူသော အဆင်းရှိသော တကွမ်းစားမျှလောက်သော သလိပ်လည်းကောင်း။
(၂၃) ပုဗ္ဗော - အစေးရှိသော သစ်ပင်၏ ဓားခုတ်ရာ စသည်၌ စုဝေးသော အစေးကဲ့သို့ အမာပေါက်ရာ, ခလုတ်ထိရာ, ဆူးငြိရာ, မီးလျှံသင့်ရာ စသည်တို့၌ သွေးပုပ် စုဝေး၍ ဖြစ်သော ဖျော့တော့သော အဆင်းရှိသော ပြည်လည်းကောင်း။
(၂၄) လောဟိတံ - ကြည်လင်သော ချိပ်ရည်အဆင်းကဲ့သို့ ကိုယ်လုံးအနှံ့ အကြောကို လျှောက်၍ ရွေ့လျားသော တစ်ပြည်သားမျှလောက်သော ရွေ့လျားသော သွေး၊ ပျစ်ချွဲသော ချိတ်ရည်အဆင်းကဲ့သို့ အသည်းတည်ရာ၏ အောက်အဖို့ကို ပြည့်စေ၍ နှလုံး, အညှို့, အဆုတ်အထက် တစက်စက် ယိုစီးလျက် နှလုံး, အညှို့, အဆုတ်တို့ကို စွတ်စေ၍ တည်သော တကွမ်းစားမျှလောက်သော မရွေ့လျားသော သွေးအားဖြင့် နှစ်ပါးသော သွေးလည်းကောင်း။
(၂၅) သေဒေါ - ရေမှ နုတ်အပ်သော ကြာရိုးမှ ယိုစီးသော ရေကဲ့သို့ ကိုယ်စိတ်ပူပန်သောအခါ အမွေးတွင်းတို့မှ ယိုစီးသော ဆီကြည်အဆင်းရှိသော အာပေါဓာတ်တည်းဟူသော ချွေးလည်းကောင်း။
(၂၆) မေဒေါ - ဆူသသူအား တစ်ကိုယ်လုံး၊ ကြုံသသူအား မြင်းခေါင်းသား စသည်၌ တည်သော နနွင်းဆိုးသော ပုဆိုးကဲ့သို့ ဝါသော အဆင်းရှိသော အဆီခဲလည်းကောင်း။
(၂၇) အဿု - ငိုကြွေးမြည်တမ်း ရယ်ပန်းကြီးသောအခါ မလျောက်ပတ်သော ဥတုအာဟာရမျိုး၊ မီးခိုး မြေမှုန့်ထိပါးသောအခါ စသည်တို့၌ မျက်စိမှ ယိုစီးသော ဆီကြည်အဆင်းရှိသော အာပေါဓာတ်တည်းဟူသော မျက်ရည်လည်းကောင်း။
(၂၈) ဝသာ - ထမင်းချိုး၌ သွန်းလောင်းသော ဆီကဲ့သို့ မီးပူသောအခါ စသည်တို့၌ များသောအားဖြင့် လက်ဖမိုး, လက်ဖဝါး, ခြေဖမိုး, ခြေဖဝါး, နှုတ်သီးဖျား, နဖူးပြင်, ပခုံးစွန်း၌ တည်သော အုန်းဆီအဆင်းနှင့်တူသော ဆီကြည်လည်းကောင်း။
(၂၉) ခေဠော - ချဉ်သီးစသည်ကို မြင်သောအခါ လက်ယက်တွင်းမှ ထွက်သော လက်ယက်ရေကဲ့သို့ ပါးစောင်နှစ်ဘက်မှ သက်၍ လျှာ၌ တည်သော လျှာဖျား၌ ကျဲသော၊ လျှာရင်း၌ ချွဲသော၊ အမြှုပ်နှင့်ရောသော အာပေါဓာတ်တည်းဟူသော တံတွေးလည်းကောင်း။
(၃၀) သိင်္ဃာဏိကာ - ငိုကြွေးမြည်တမ်းခြင်း၊ မလျောက်ပတ်သော ဥတု အာဟာရ၏ အစွမ်းဖြင့် ဓာတ်ချောက်ချားခြင်းကြောင့်ဖြစ်သော နုသောထန်းသီးဆန်နှင့်တူသော ဦးနှောက်မှ ယိုစီးသော အာပေါဓာတ်တည်းဟူသော နှပ်လည်းကောင်း။
(၃၁) လသိကာ - ဝင်ရိုးကို နယ်ဆီသုတ်သကဲ့သို့ တစ်ရာ့ရှစ်ဆယ်သော အရိုးဆက်တို့၏ အကြားဝယ် နယ်ဆီကိစ္စကို ပြီးစေ၍ တည်သော မဟာလှေကားစေးနှင့်တူသော ပျစ်ချွဲသော အစေးလည်းကောင်း။
(၃၂) မုတ္တံ - တန်းတွင်း၌ မှောက်ခုံပစ်အပ်သော အဝကျဉ်းသော အိုးတွင်း၌ ဝင်သော တန်စီးရေကဲ့သို့ စည်ပေါင်းတွင်း၌တည်သော ပဲကြီးပြာရည်အဆင်းရှိသော ကျင်ငယ်လည်းကောင်း။
ဣတိ-ဤသို့။ ဣမေ ဒွတ္တိံသာကာရာ-ဤသုံးဆယ့်နှစ်ပါးသော အခြင်းအရာအစုံတို့သည် -
(က) ဝဏ္ဏတောပိ - အဆင်းအားဖြင့်လည်းကောင်း။
(ခ) သဏ္ဌာနတောပိ - လုံးလုံးလျောင်းလျောင်း ပေါင်း၍ တည်ဟန် သဏ္ဌာန်အားဖြင့်လည်းကောင်း။
(ဂ) ဂန္ဓတောပိ - ညှီနံညှော်လောင်း မကောင်းသော ရနံ့အားဖြင့်လည်းကောင်း။
(ဃ) အာသယတောပိ - ဖြစ်ရာအကြောင်းအားဖြင့်လည်းကောင်း။
(င) သြကာသတောပိ - တည်ရာအရပ်အားဖြင့်လည်းကောင်း။
(စ) အသုစိဘာဝေန - မစင်ကြယ်သည်၏အဖြစ်ဖြင့်။
(ဆ) ဇေဂုစ္ဆိဘာဝေန - စက်ဆုတ်ဖွယ်၏အဖြစ်ဖြင့်။
(ဇ) ပဋိကူလဘာဝေန - ရွံရှာဖွယ်၏အဖြစ်ဖြင့်။
(ဈ) ဒုဂ္ဂန္ဓဘာဝေန - ညှီနံညှော်လောင်း မကောင်းသော ရနံ့၏အဖြစ်ဖြင့်။
(ည) အသုဘဘာဝေန - မတင့်တယ်သည်၏အဖြစ်ဖြင့်။
ပညာယမာနာ-ထင်ကုန်လျက်။
အတ္ထိ-ရှိကုန်၏။
ဣတိ-ဤသို့။
ပစ္စဝေက္ခတိ-ဆင်ခြင်၏။
(ဋ) ဣတိ-ဤသို့။
အဇ္ဈတ္တံ ဝါ - မိမိသန္တာန်၌လည်း။
ကာယေ - ဆံ, အမွေးစသော အပေါင်းအစု၌။
ကာယာနုပဿီ - ဆံ, အမွေး စသော အပေါင်းအစုကို အဖန်တလဲလဲ ရှုသည်ဖြစ်၍။
ဝိဟရတိ - နေ၏။
ပ။
ဘိက္ခဝေ - ရဟန်းတို့။
ဧဝမ္ပိခေါ - ဤသို့လည်း။
ဘိက္ခု - ရဟန်းသည်။
ကာယေ - ရူပကာယ၌။
ကာယာနုပဿီ - ရူပကာယကို အဖန်တလဲလဲ ရှုသည်ဖြစ်၍။
ဝိဟရတိ - နေ၏။
+++++
တရားပွဲပြီးသော် ၁၅ မိနစ်မျှ တရားရှုမှတ်ကြ၍ ကောင်းမှု ကုသိုလ် အစုစုတို့ကို အမျှပေးဝေကြလေသည်။
သာဓု ... သာဓု ... သာဓု။

Monday, December 13, 2010
ဓမ္မာရုံ ယောဂီဆောင် ဆောက်လုပ်ရေး (၁၃-ဒီဇင်ဘာ-၂၀၁၀)
ဗုဒ္ဓအဘိဓမ္မာအရ တစ်နေ့တာ လုပ်ငန်းများ
..... ဝိဘင်းကျမ်းအတွက် ထုတ်လိုက်တဲ့ စာရွက်ထဲမှာ -
“အဋ္ဌာရသဓာတုယော
စက္ခုဓာတု ရူပဓာတု စက္ခုဝိညာဏဓာတု၊
သောတဓာတု သဒ္ဒဓာတု သောတဝိညာဏဓာတု၊
ဃာနဓာတု ဂန္ဓဓာတု ဃာနဝိညာဏဓာတု၊
ဇိဝှါဓာတု ရသဓာတု ဇိဝှါဝိညာဏဓာတု၊
ကာယဓာတု ဖောဋ္ဌဗ္ဗဓာတု ကာယဝိညာဏဓာတု၊
မနောဓာတု ဓမ္မဓာတု မနောဝိညာဏဓာတု” လို့ ဓာတ်တစ်ဆယ့်ရှစ်ပါးကို သူ့အစုကလေးနဲ့သူ သုံးပါးတစ်စု သုံးပါးတစ်စု ဓာတုဝိဘင်းမှာ ဘုရားဟောခဲ့တဲ့ ပါဠိကို ထုတ်ပြထားတယ်။
အဲဒီ ပါဠိကို မြင်တော့ ဘုန်းကြီးစိတ်ထဲမှာ ဟာ ... ဟန်ကျလိုက်တာ၊ တို့ ဒါယကာ ဒါယိကာမတွေကို ဓာတ်တစ်ဆယ့်ရှစ်ပါး ဝိပဿနာနှလုံးသွင်းကို ခု အစဉ်အတိုင်း ကျင့်သုံးစေရရင် အင်မတန် ကောင်းမယ်။ အကြောင်းအကျိုးတွေကိုလည်း အတော်မြင်လာမယ်လို့ ဘုန်းကြီးစိတ်ထဲမှာ ထင်မြင်လာပါတယ်။
ဟိုတုန်းက ရခဲ့ကြတဲ့ ဓာတ်တစ်ဆယ့်ရှစ်ပါးကတော့ -
“စက္ခုဓာတ်, သောတဓာတ်, ဃာနဓာတ်, ဇိဝှါဓာတ်, ကာယဓာတ်၊
ရူပဓာတ်, သဒ္ဒဓာတ်, ဂန္ဓဓာတ်, ရသဓာတ်, ဖောဋ္ဌဗ္ဗဓာတ်၊
စက္ခုဝိညာဏဓာတ်, သောတဝိညာဏဓာတ်, ဃာနဝိညာဏဓာတ်, ဇိဝှါဝိညာဏဓာတ်, ကာယဝိညာဏဓာတ်၊
မနောဓာတ်, မနောဝိညာဏဓာတ်, ဓမ္မဓာတ်”လို့ပဲ ရခဲ့ကြတယ်။
မာတိကာ ဓာတုကထာ ဆိုကြတုန်းကလည်း ဒီအစဉ်အတိုင်းပဲ ဆိုခဲ့ရတော့ ဒီအတိုင်းပဲ ရခဲ့ကြတယ်။
ယခု ဓာတုဝိဘင်းပါဠိတော်မှာ ဟောထားတဲ့ ဓာတ်တစ်ဆယ့်ရှစ်ပါးစဉ်ပုံကို တော်တော့်ကို စိတ်ထဲမှာ သဘောကျသွားတယ်။
လူတွေကို ... ဒါယကာတို့ တစ်နေ့လုံး အလုပ်လုပ်တာ ဘယ်နှမျိုး လုပ်သလဲလို့ မေးရင် “ဃရာဝါသော ဗဟုကိစ္စော”ဆိုတဲ့အတိုင်း အိမ်၌နေတဲ့လူဆိုတာ အလုပ်ကိစ္စ သိပ်များတယ်။ ဘယ်ရေနိုင်ပါ့မလဲ .. အများကြီးပေါ့လို့ ဖြေလိမ့်မယ်။ အဲဒါ တို့သူငါ အမြင်ဖြစ်တယ်။
မြတ်စွာဘုရားရဲ့ အမြင်ဆိုလို့ရှိရင်တော့ ခြောက်မျိုးပဲ ရှိတယ်။
အဲဒီလို ပရမတ္ထမျက်စိနဲ့ ကြည့်ရင် တို့တတွေရဲ့ တစ်နေ့တာလုပ်ငန်းဟာ ခြောက်မျိုးပဲ ရှိတယ်လို့ ပြောရလိမ့်မယ်။
ဒီခြောက်မျိုးဟာ -
(၁) မျက်စိဖြင့် အဆင်းမျိုးစုံ ရူပါရုံကို ကြည့်တဲ့အလုပ်၊
(၂) နားဖြင့် အသံမျိုးစုံ သဒ္ဒါရုံကို နားထောင်တဲ့အလုပ်၊
(၃) နှာခေါင်းဖြင့် အနံ့မျိုးစုံ ဂန္ဓာရုံကို နမ်းရှူတဲ့အလုပ်၊
(၄) လျှာဖြင့် အရသာမျိုးစုံ ရသာရုံကို လျက်တဲ့ စားတဲ့အလုပ်၊
(၅) ကိုယ်ဖြင့် အကြမ်းအနု အပူအအေး အပျော့အမာ အတွေ့မျိုးစုံ ဖောဋ္ဌဗ္ဗာရုံကို တွေ့ထိတဲ့အလုပ်၊
(၆) စိတ်ဖြင့် ရုပ်နာမ်မျိုးစုံ ဓမ္မာရုံကို ကြံတွေးသိတဲ့အလုပ်များ ဖြစ်ပါတယ်။
ပညတ်အရ လုပ်ငန်းများနေပုံ
တစ်နေ့လုံး လုပ်တဲ့လုပ်ငန်းဟာ ဒီခြောက်ပါးမှ လွဲလို့ ဘာမှ မရှိဘူး။
အဘိဓမ္မာမျက်စိဖြင့် ကြည့်ရင် ဒီခြောက်မျိုးပဲ ရှိတယ်။
အများကြီး ဖြစ်နေတာက ပညတ်အနေနဲ့ များနေတာ ဖြစ်ပါတယ်။
များရုံတင် မဟုတ်သေးဘူး။ အဲဒီ ပညတ်အပေါ်မှာ တို့တတွေက အမှားပြောသေးတယ်။
မြင်ခြင်းကိစ္စ၌ တဏှာ မာန ဒိဋ္ဌိ စွဲပုံ
ဥပမာ - မျက်စိဖြင့် အဆင်းကို မြင်တဲ့နေရာမှာ “မျက်စိနဲ့ မြင်တယ်”လို့ ရိုးရိုး မပြောဘူး။
“ငါ့မျက်စိနဲ့ မြင်တယ်၊ ငါ့မျက်စိနဲ့ မြင်တယ်”လို့ မျက်စိမှာ ငါ့ဥစ္စာဆိုတဲ့ တဏှာစွဲက ပါသေးတယ်။
ငါ့မျက်စိနဲ့ မောင်ဖြူကို ငါမြင်လိုက်တယ်လို့ ပြောတဲ့နေရာမှာ ငါ့မျက်စိဆိုတုန်းက တဏှာအစွဲ တစ်ခုပါပြီး၊ မောင်ဖြူကိုဆိုတော့ ပုဂ္ဂိုလ်ပါသွားတယ်။
ငါမြင်တယ်ဆိုတော့ မာနစွဲ ဖြစ်သွားတယ် ... အဘိဓမ္မာသဘောနဲ့ ကြည့်ရင်။
ဒီတော့ လုံးတိုင်းလုံးတိုင်းမှာ အစွဲတွေက မှားနေတယ်။
အမှန်ကတော့ စက္ခုပသာဒ ခေါ်တဲ့ မျက်စိအကြည်ဖြင့် မောင်ဖြူလို့ ခေါ်ဆို ပညတ် သမုတ်အပ်တဲ့ ခန္ဓအစဉ်မှာ ရှိတဲ့ ရူပါရုံကို အာရုံပြုပြီးတော့ စက္ခုဝိညာဏ်စိတ် ဖြစ်တာပါပဲ။
အဲဒီမှာ မျက်စိအကြည်ကိုလည်း ငါ့မျက်စိလို့ တဏှာနဲ့ စွဲတယ်။
ရူပါရုံကိုလည်း မောင်ဖြူလို့ ပုဂ္ဂလဒိဋ္ဌိအစွဲနဲ့ ပြောတယ်။
စက္ခုဝိညာဏ်က မြင်တာကို ငါကိုယ်တိုင် မြင်တာလို့ စက္ခုဝိညာဏ်ကို ငါလို့ စွဲပြန်တယ်။
အဲဒီလို စကားသုံးခွန်းလုံးမှာ အစွဲသုံးခု ပါနေတယ်။
အဲဒီ အစွဲသုံးခု ပြုတ်အောင် မြတ်စွာဘုရားက ပရမတ္ထ တရားသားအမြင်ကို ဟောချင်တယ်။
မြင်မှုဆိုတဲ့ ကိစ္စမှာ ပရမတ္ထ ဉာဏ်မျက်စိနဲ့ သုံးလိုက်ရင် “စက္ခုပသာဒခေါ်သော မျက်စိအကြည့်ဖြင့် အဆင်းမျိုးစုံ ရူပါရုံကို မြင်တယ်”လို့ ပြောရတယ်။
မြင်တယ်ဆိုတာ စက္ခုဝိညာဏ်စိတ် စက္ခုဒွါရဝီထိစိတ်တွေ ဖြစ်တာကို ခေါ်တယ်။
အဘိဓမ္မာကတော့ အဲဒါပဲ။
တို့တတွေမှာ မြင်လိုက်ကြတာက တောကို မြင်တယ်၊ တောင်ကို မြင်တယ်၊ အိမ်ကို မြင်တယ်၊ ကျောင်းကို မြင်တယ်၊ မြို့ကို မြင်တယ်၊ ရွာကို မြင်တယ်၊ မြစ်ကို မြင်တယ်၊ ချောင်းကို မြင်တယ်။ အမြင်တွေက အလွန်ပေါတယ်။ ပညတ်နယ်ကျယ် ကျယ်သလောက် အဲဒါတွေ ကျယ်ကုန်တယ်။ အချုပ်ကတော့ စက္ခုဖြင့် ရူပါရုံကို မြင်တာပဲ ဖြစ်ပါတယ်။
ကြားခြင်းကိစ္စ၌ တဏှာ မာန ဒိဋ္ဌိ စွဲပုံ
ထို့အတူပဲ ကြားတဲ့ကိစ္စမှာလည်း “ငါ့နားဖြင့် ငဖြူရဲ့ အသံကို ငါကိုယ်တိုင် ကြားတာ”လို့ ပြောကြတယ်။
ငါ့နားဖြင့်ဆိုတော့ သောတပသာဒခေါ်တဲ့ နားအကြည်ကို ငါ့ဥစ္စာဆိုတဲ့ တဏှာစွဲနဲ့ သွားစွဲတယ်။
ငဖြူရဲ့အသံဆိုတဲ့နေရာမှာ အသံကို ငဖြူလို့ သူသွားစွဲနေတယ်။ အသံဟာ အသံပါပဲ။ ငဖြူရဲ့အသံဆိုတော့ ပုဂ္ဂလဒိဋ္ဌိနဲ့ စွဲပြီး ပြောခြင်း ဖြစ်တယ်။
ငါကိုယ်တိုင် ကြားတာဆိုတာက သောတဝိဉာဏ်ဖြစ်တာကိုပဲ ငါလို့ မာနစွဲနဲ့ စွဲလိုက်ပြန်တယ်။
အဲဒီလို အဘိဓမ္မာပရမတ္ထတရားမျက်စိနဲ့ ကြည့်ရင် ဒီအတိုင်း မြင်ရတယ်။
အဲဒီလို လုံးတိုင်းခွန်းတိုင်း အစွဲတွေက မှားနေတယ်။
အနိစ္စ ဒုက္ခ အနတ္တလို့ ရှုမှ အဲဒီအမှားက ပြုတ်မှာ ဖြစ်ပါတယ်။
ဒီနှစ် အဘိဓမ္မာပြန့်ပွားရေးအသင်းက ဖြန့်တဲ့ ဓာတုဝိဘင်းပါဠိတော် အစဉ်ကို တွေ့ရတော့ ဒီအသိဉာဏ်တွေ ပေါ်လာတယ်။
ဓာတ်တစ်ဆယ့်ရှစ်ပါး ကမ္မဋ္ဌာန်း
ဓာတ်ကမ္မဋ္ဌာန်းကတော့ အဲဒီ ဓာတ်တစ်ဆယ့်ရှစ်ပါးပဲ ဖြစ်ပါတယ်။
အနိစ္စ ဒုက္ခ အနတ္တ ရှုဖို့ကတော့ ပါဠိတော်တွေမှာ တိုက်ရိုက်လာပါတယ်။
ဤတွင် မျက်စိဖြင့် အဆင်းမျိုးစုံ ရူပါရုံကို မြင်တယ်ဆိုတဲ့ နေရာမှာ -
(၁) မျက်စိကို အရကောက်လိုက်ရင် မျက်စိအကြည် ခေါ်တဲ့ စက္ခုဓာတ်၊
(၂) အဆင်းမျိုးစုံ ရူပါရုံက ရူပဓာတ်၊
(၃) မြင်တယ်ဆိုတာ စက္ခု၌ မှီပြီးဖြစ်တဲ့ စက္ခုဝိညာဏဓာတ်လို့ ဓာတ်သုံးပါး ထွက်လာတယ်။
ထို့အတူ နားဖြင့် အသံမျိုးစုံ သဒ္ဒါရုံကို ကြားတယ်ဆိုတဲ့ နေရာမှာလည်း -
(၁) နားက သောတဓာတ်၊
(၂) အသံမျိုးစုံ သဒ္ဒါရုံက သဒ္ဒဓာတ်၊
(၃) ကြားမှု သောတဝိညာဏ်က သောတဝိညာဏဓာတ်။
အဲဒီလို ပရမတ္ထမျက်စိနဲ့ ရှာကြည့်ရင် ဓာတ်သုံးခု တွေ့တယ်။
ပြီးတော့ နှာခေါင်းဖြင့် အနံ့မျိုးစုံ ဂန္ဓာရုံကို နမ်းရှူတယ်ဆိုတဲ့ နေရာမှာလည်း -
(၁) နှာခေါင်းက ဃာနဓာတ်၊
(၂) အနံ့မျိုးစုံ ဂန္ဓာရုံက ဂန္ဓဓာတ်၊
(၃) နမ်းရှူတာက ဃာနဝိညာဏဓာတ် လို့ ဓာတ်သုံးလုံး။
လျှာဖြင့် အရသာမျိုးစုံ ရသာရုံကို လျက်တယ် စားတယ်ဆိုတဲ့ ကိစ္စမှာလည်းပဲ -
(၁) လျှာက ဇိဝှါဓာတ်၊
(၂) အရသာမျိုးစုံ ရသာရုံက ရသဓာတ်၊
(၃) စားတယ် လျက်တယ်ဆိုတာက ဇိဝှါဝိညာဏဓာတ်လို့ ဓာတ်သုံးလုံး။
ကိုယ်ဖြင့် အကြမ်းအနု အပူအအေး အပျော့အမာ စတဲ့ အတွေ့မျိုးစုံ ဖောဋ္ဌဗ္ဗာရုံကို တွေ့ထိတယ်ဆိုတဲ့ နေရာမှာ -
(၁) ကိုယ်က ကာယဓာတ်၊
(၂) အတွေ့မျိုးစုံ ဖောဋ္ဌဗ္ဗာရုံက ဖောဋ္ဌဗ္ဗဓာတ်၊
(၃) တွေ့ထိတာက ကာယဝိညာဏဓာတ်လို့ ဓာတ်သုံးလုံး။
စိတ်ဖြင့် ရုပ်နာမ်မျိုးစုံ ဓမ္မာရုံကို သိတယ်ဆိုတဲ့ နေရာမှာ -
(၁) စိတ်က မနောဓာတ်၊
(၂) ရုပ်နာမ်မျိုးစုံ ဓမ္မာရုံက ဓမ္မဓာတ်၊
(၃) သိတာက မနောဝိညာဏဓာတ်လို့ ဓာတ်သုံးလုံးစီ ရတော့ အားလုံး ဓာတ်တစ်ဆယ့်ရှစ်ပါး ဖြစ်ပါတယ်။
အဲဒီ စကားကြီးခြောက်ခွန်းဟာ စကားထဲက ဓာတ်သဘောတွေ ဇာတိပြနေကြတယ်။
အဲဒီလို မြင်ရမယ်။
ပရမတ္ထဖြစ်တဲ့ -
စက္ခုဓာတ်, ရူပဓာတ်, စက္ခုဝိညာဏဓာတ်၊
သောတဓာတ်, သဒ္ဒဓာတ်, သောတဝိညာဏဓာတ်၊
ဃာနဓာတ်, ဂန္ဓဓာတ်, ဃာနဝိညာဏဓာတ်၊
ဇိဝှါဓာတ်, ရသဓာတ်, ဇိဝှါဝိညာဏဓာတ်၊
ကာယဓာတ်, ဖောဋ္ဌဗ္ဗဓာတ်, ကာယဝိညာဏဓာတ်၊
မနောဓာတ်, ဓမ္မဓာတ်, မနောဝိညာဏဓာတ် ဆိုတဲ့ ဓာတ်တစ်ဆယ့်ရှစ်ပါးကို သုံးပါးတစ်စု သုံးပါးတစ်စု ပရမတ္ထ ရုပ်နာမ်ခိုက်အောင် ဉာဏ်နဲ့ဆင်ခြင်ကြည့်လို့ သိလာပြီဆိုရင် မျက်စိဖြင့် ဆိုတာမှာ မျက်စိအကြည်ရုပ်ကလေးကို မြင်လာတယ်။ သူ့ရဲ့ မမြဲတဲ့ အနိစ္စသဘော၊ ဆင်းရဲတဲ့ ဒုက္ခသဘော၊ အစိုးမရတဲ့ မခိုင်မာတဲ့ အနတ္တသဘောကို ပေါ်အောင် မြင်လာတယ်။
သူ့ကို ငါ့မျက်စိ ငါ့မျက်စိလို့ တဏှာနဲ့ မစွဲအောင်၊ ငါ ငါ့ဥစ္စာ ငါ့လိပ်ပြာ ဘာမှ မဟုတ်ဘူးလို့ သိရမယ်။
မြင်ရာ ကြားရာ စသည်၌ ဓာတ်သုံးပါးစီ မြင်အောင် ရှု
မျက်စိဖြင့် အဆင်းမျိုးစုံ ရူပါရုံကို ငါမြင်တယ် ဆိုတဲ့ စကားမှာ -
မျက်စိတွင်မည် ရုပ်အကြည်လည်းကောင်း (စက္ခုဓာတ်)၊
အဆင်းတွင်မည် ရုပ်ထိုဤလည်းကောင်း (ရူပဓာတ်)၊
မျက်စိ၌မှီ ဝိညာဏ်သည်လည်းကောင်း (စက္ခုဝိညာဏဓာတ်)လို့ ဓာတ်သုံးမျိုး ထွက်လာတယ်။
ထို့အတူ -
နားဟုတွင်မည် ရုပ်အကြည်လည်းကောင်း၊
အသံတွင်မည် ရုပ်ထိုဤလည်းကောင်း၊
နား၌စွဲမှီ ဝိညာဏ်သည်လည်းကောင်းလို့ ဓာတ်သုံးခုကို မြင်ပါစေ။
နှာခေါင်းတွင်မည် ရုပ်အကြည်လည်းကောင်း၊
အနံ့တွင်မည် ရုပ်ထိုဤလည်းကောင်း၊
နှာခေါင်း၌မှီ ဝိညာဏ်သည်လည်းကောင်းလို့ မြန်မာဘာသာနဲ့ ဖြည်းဖြည်း မြင်ပါစေ။
လျှာဟုတွင်မည် ရုပ်အကြည်လည်းကောင်း၊
အရသာတွင်မည် ရုပ်ထိုဤလည်းကောင်း၊
လျှာ၌စွဲမှီ ဝိညာဏ်သည်လည်းကောင်းလို့ ဇိဝှါဓာတ်, ရသဓာတ်, ဇိဝှါဝိညာဏဓာတ်လို့ ပရမတ္ထတရားသား မြင်အောင် အမိမြန်မာဘာသာနဲ့ စူးစိုက်ကြည့်ပါ။
ကိုယ်ဟုတွင်မည် ရုပ်အကြည်လည်းကောင်း၊
အတွေ့တွင်မည် ရုပ်ထိုဤလည်းကောင်း၊
ကိုယ်၌စွဲမှီ ဝိညာဏ်သည်လည်းကောင်းလို့ ကာယဓာတ်, ဖောဋ္ဌဗ္ဗဓာတ်, ကာယဝိညာဏဓာတ် ဆိုတဲ့ ဓာတ်သုံးပါးကို မြင်အောင် ရှုပါ။
မနောတွင်မည် စိတ်အကြည်လည်းကောင်း၊
ဓမ္မတွင်မည် ရုပ်နာမ်သည်လည်းကောင်း၊
မနောတွင်မည် ဝိညာဏ်သည်လည်းကောင်းလို့ မနောဓာတ်, ဓမ္မဓာတ်, မနောဝိညာဏဓာတ် သုံးပါးကို မြင်အောင် ကြည့်ရမယ်။
ဓာတ်သုံးပါးကို အနိစ္စ ဒုက္ခ အနတ္တဟု ဝိပဿနာပွားပုံ
အဲဒီလို မြင်အောင် ကြည့်ပြီး ရှုပြီးတဲ့နောက် -
မျက်စိတွင်မည် ရုပ်အကြည်လည်းကောင်း၊ အဆင်းတွင်မည် ရုပ်ထိုဤလည်းကောင်း၊ မျက်စိ၌မှီ ဝိညာဏ်သည်လည်းကောင်း မြင့်ရှည်ကာလ မတည်ထဘဲ (ဒီတရားတွေဟာ ကာလရှည်မြင့်စွာ မတည်ဘဲနဲ့) ခဏဖြစ်လျက် ခဏပျက်၏။ (အဲဒါ အနိစ္စလက္ခဏာ ပေါ်အောင် ဆင်ခြင်တဲ့နည်း ဖြစ်တယ်။)
ဖြစ်ပျက်နှစ်တန် နှိပ်စက်ဒဏ်ဖြင့် တရံမစဲ လွန်ဆင်းရဲ၏။ (ဖြစ်ခြင်း ပျက်ခြင်းဆိုတဲ့ ဥပါဒ်သဘော ဘင်သဘော ဖြစ်တဲ့ ဇာတိမီး မရဏမီးတို့ တညီးညီး တပြောင်ပြောင် အလောင်ခံနေရတယ်၊ အနှိပ်စက်ခံနေရတယ်၊ “ဥဒယဗ္ဗယပဋိပီဠနဋ္ဌေန”ကို ကြည့်ပြီးတော့ ဒီလင်္ကာကို စီခြင်း ဖြစ်ပါတယ်။)
(ပြီးတော့) ခိုင်မြဲကျောမာ နှစ်မပါဘူး။ ဒါက “အသာရကဋ္ဌေန”ကို ကြည့်ပြီး စီခြင်း ဖြစ်ပါတယ်။ အနတ္တလို့ ရဲရဲတောက် ဆုံးဖြတ်နိုင်တဲ့ ဝိပဿနာ တီရဏပရိညာ ဖြစ်အောင် အခြေခံပေးတာ ဖြစ်ပါတယ်။
အဲဒီလို အခြေခံသုံးခု ပြီးပြီဆိုတော့ -
ပညာစက္ခု မြော်ထောက်ရှုလျှင် သူ့သဘာဝ အနိစ္စနှင့် ဒုက္ခ အနတ္တာ မှန်လှစွာ၏။
ဉာဏ်ပညာ မျက်စိနဲ့ စူးစူးစိုက်စိုက် ကြည့်လျှင် စက္ခု, ရူပ, စက္ခုဝိညာဏ် သုံးခုတို့ရဲ့ သဘာဝဟာ အနိစ္စဧကန် မှန်လှ၏။ ဒုက္ခဧကန် မှန်လှ၏။ အနတ္တဧကန် မှန်လှ၏လို့ ဝိပဿနာ ရှုလိုက်ပါ။
တဏှာ မာန ဒိဋ္ဌိတို့ကို တဒင်္ဂပယ်ပုံ
အနိစ္စလို့ ရှုလိုက်ရင် ငါ,ငါဆိုတဲ့ မာနကို တစ်ကြိမ် ပယ်လိုက်ပါတယ်။
ဒုက္ခလို့ ရှုလိုက်ရင် ငါ့ဥစ္စာဆိုတဲ့ လောဘကို တစ်ကြိမ်ပယ်လိုက်ပါတယ်။
အနတ္တလို့ ရှုလိုက်ရင် ဒိဋ္ဌိကို တစ်ကြိမ်ပယ်လိုက်ပါတယ်။
ဒီ ပရမတ္ထသဘာဝဓမ္မတွေဟာ မကောင်းတဲ့ဘက်မှာလည်း မကောင်းသလို အကုသိုလ်တွေ တိုးပွားတယ်။
ကောင်းတဲ့ဘက်မှာလည်း ကောင်းသလို ကုသိုလ်တွေ တိုးပွားတယ်။
“ပညာစက္ခု မြော်ထောက်ရှုလျှင် သူ့သဘာဝ အနိစ္စနှင့် ဒုက္ခ အနတ္တာ မှန်လှစွာ၏”လို့ ရှုမြင်လျှင် တဏှာ, မာန, ဒိဋ္ဌိ တစ်ကြိမ်ပြုတ်ပါတယ်။
(ပြီးတော့) ငါ,ငါ့ဥစ္စာ ငါ့လိပ်ပြာတို့ ဘာတစ်ခုမျှ မဟုတ်ကြဘူး။
အခုပြောတဲ့ မျက်စိရယ် အဆင်းရယ် စက္ခုဝိညာဏ်ရယ် အဲဒီသုံးမျိုးကို ငါ,ငါ့ဥစ္စာလို့ ငါ့လိပ်ပြာလို့ သွားစွဲရင် လွဲမယ်။ ကိုယ်က စွဲမယ်ကြံရုံရှိသေးတယ်၊ ဟိုက မရှိတော့ဘူး။ မရှိတာကိုဘဲ ကိုယ်က ထပ်ရှာပြီး စွဲတယ်။ အဲဒီတော့ ငါ,ငါ့ဥစ္စာ င့ါလိပ်ပြာတို့ ဘာတစ်ခမျှ မဟုတ်ကြဘူးလို့ ရှုလိုက်ရင် တဏှာ မာန ဒိဋ္ဌိတို့ကို တဒင်္ဂအားဖြင့် ပယ်ပြီးသား ဖြစ်တယ်။
ငါမဟုတ်ဘူးလို့ ရှုလိုက်သဖြင့် မာနကို တဒင်္ဂ ပယ်လိုက်တယ်။
ငါ့ဥစ္စာမဟုတ်ဟု ရှုလိုက်သဖြင့် ငါ့ဥစ္စာလို့ ထင်နေတဲ့ တဏှာကို အတင်းတိုက် အတင်းဖျက်ပြီး ပညာက တခဏ ပယ်လိုက်တယ်။
ငါ့လိပ်ပြာ မဟုတ်ဘူးလို့ ရှုလိုက်သဖြင့် ငါ့လိပ်ပြာ ငါ့အတ္တ ငါ့ကိုယ်ကောင် ထင်နေတဲ့ ဒိဋ္ဌိကို ပညာက တိုက်ဖျက်ပြီး ပယ်လိုက်ခြင်း ဖြစ်ပါတယ်။
တစ်ခေါက် တစ်ခေါက်မှာ တဏှာ မာန ဒိဋ္ဌိတို့ကို နှစ်ကြိမ် နှစ်ကြိမ် တဒင်္ဂအပယ်နှင့် ပယ်ပြီးသား ဖြစ်တယ်။
အဲဒီ တဒင်္ဂပယ်အားကြီးလာတော့မှ ဝိက္ခမ္ဘနပဟာန်နဲ့ ပယ်နိုင်တယ်။
ဝိက္ခမ္ဘနပဟာန်ဆိုတာ သမာဓိနဲ့ ပယ်တယ်။ ဥပစာရသမာဓိလောက် ရောက်ရင် တဏှာ မာန ဒိဋ္ဌိကို ဝိက္ခမ္ဘနပဟာန်နဲ့ ပယ်နိုင်ပြီ။
အဲဒီ ဥပစာရသမာဓိမှ အထက်တက်လို့ မဂ်သမာဓိ ဖိုလ်သမာဓိ ခေါ်တဲ့ အပ္ပနာသမာဓိ ရောက်သွားရင် သမုစ္ဆေဒပဟာန်ဖြင့် တဏှာ မာန ဒိဋ္ဌိကို အမြစ်ပြတ်အောင် ပယ်နိုင်တယ်။
အဲဒီလို သမုစ္ဆေဒပဟာန်နဲ့ အမြစ်ပြတ် ပယ်နိုင်အောင် တဒင်္ဂပယ်နည်းက စ,ရမယ်။
ကိုယ်လက်လှမ်းမီတဲ့ တဒင်္ဂပဟာန်နဲ့ ကြိုးစားမှ ဒုတိယ ဝိက္ခမ္ဘနပဟာန် ဥပစာရသမာဓိ ရောက်မယ်။ နောက်ဆက်ပြီး ကြိုးစားမှ သမုစ္ဆေဒပဟာန်ဖြင့် ပယ်နိုင်တဲ့ အရိယမဂ်တည်းဟူသော အပ္ပနာသမာဓိ ဖြစ်မယ်။
ဓာတ် ၁၈-ပါး ဝိပဿနာကမ္မဋ္ဌာန်းလင်္ကာကြီး
ဒီတော့ မိမိတို့ လက်လှမ်းမီတဲ့ တဒင်္ဂပဟာန်ဖြင့် ပယ်တဲ့ ပရိကမ္မသမာဓိလောက်ပဲ ရယူကြပါဦးစို့။
ဓာတ်တစ်ဆယ့်ရှစ်ပါးကို သုံးပါးတစ်တွဲ သုံးပါးတစ်တွဲ ဝိပဿနာ ရှုရအောင်၊ စက္ခုနြေ္ဒ မျက်လွှာကို အောက်သို့ နည်းနည်း ချထားကြ။ မိမိတို့ ဆိုတဲ့ တရားထဲမှာ စိတ်ကို စူးစိုက်ထားပါ။ အားလုံး လိုက်၍ ဆိုကြပါ။
မျက်စိတွင်မည် ရုပ်အကြည်လည်းကောင်း၊
အဆင်းတွင်မည် ရုပ်ထိုဤလည်းကောင်း၊
မျက်စိ၌မှီ ဝိညာဏ်သည်လည်းကောင်း၊
မြင့်ရှည်ကာလ မတည်ထဘဲ၊ ခဏဖြစ်လျက် ခဏပျက်၏။
ဖြစ်ပျက်နှစ်တန် နှိပ်စက်ဒဏ်ဖြင့်၊ တရံမစဲ လွန်ဆင်းရဲ၏။
ခိုင်မြဲကျောမာ နှစ်မပါဘူး၊ ပညာစက္ခု မြော်ထောက်ရှုလျှင်၊
သူ့သဘာဝ အနိစ္စနှင့် ဒုက္ခ အနတ္တာ မှန်လှစွာ၏။
ငါ,ငါ့ဥစ္စာ ငါ့လိပ်ပြာတို့ ဘာတစ်ခုမျှ မဟုတ်ကြသည်
ဓမ္မသက်သက်ပါတကား။
(စက္ခုဓာတ်၊ ရူပဓာတ်၊ စက္ခုဝိညာဏဓာတ်)
နားဟုတွင်မည် ရုပ်အကြည်လည်းကောင်း၊
အသံတွင်မည် ရုပ်ထိုဤလည်းကောင်း၊
နား၌စွဲမှီ ဝိညာဏ်သည်လည်းကောင်း၊

(သောတဓာတ်၊ သဒ္ဒဓာတ်၊ သောတဝိညာဏဓာတ်)
နှာခေါင်းတွင်မည် ရုပ်အကြည်လည်းကောင်း၊
အနံ့တွင်မည် ရုပ်ထိုဤလည်းကောင်း၊
နှာခေါင်း၌မှီ ဝိညာဏ်သည်လည်းကောင်း၊

(ဃာနဓာတ်၊ ဂန္ဓဓာတ်၊ ဃာနဝိညာဏဓာတ်)
လျှာဟုတွင်မည် ရုပ်အကြည်လည်းကောင်း၊
အရသာတွင်မည် ရုပ်ထိုဤလည်းကောင်း၊
လျှာ၌စွဲမှီ ဝိညာဏ်သည်လည်းကောင်း၊

(ဇိဝှါဓာတ်၊ ရသဓာတ်၊ ဇိဝှါဝိညာဏဓာတ်)
ကိုယ်ဟုတွင်မည် ရုပ်အကြည်လည်းကောင်း၊
အတွေ့တွင်မည် ရုပ်ထိုဤလည်းကောင်း၊
ကိုယ်၌စွဲမှီ ဝိညာဏ်သည်လည်းကောင်း၊

(ကာယဓာတ်၊ ဖောဋ္ဌဗ္ဗဓာတ်၊ ကာယဝိညာဏဓာတ်)
မနောတွင်မည် စိတ်အကြည်လည်းကောင်း၊
ဓမ္မတွင်မည် ရုပ်နာမ်သည်လည်းကောင်း၊
မနောတွင်မည် ဝိညာဏ်သည်လည်းကောင်း၊

(မနောဓာတ်၊ ဓမ္မဓာတ်၊ မနောဝိညာဏဓာတ်)
ဤကဲ့သို့ ဆင်ခြင်လိုက်လို့ရှိရင် မိမိတို့ရဲ့ သန္တာန်မှာ ဓာတ်တစ်ဆယ့်ရှစ်ပါးကို အနိစ္စ ဒုက္ခ အနတ္တလို့ ရှုတဲ့ ဝိပဿနာပညာ ကောင်းမှုဥစ္စာ ရတနာကို ကောင်းစွာ ရနိုင်ပါတယ်။
+++++
မင်းကွန်းဆရာတော် အရှင်ဝိစိတ္တသာရာဘိဝံသ၏ ဟောစဉ်တရားတော်များ (ပထမတွဲ)၊ “သြကာသကန်တော့ခန်းနှင့် သီလယူရှင်းတမ်းတရားတော်” မှ

Friday, December 10, 2010
ဓမ္မာရုံ ယောဂီဆောင် ဆောက်လုပ်ရေး (၁၀-ဒီဇင်ဘာ-၂၀၁၀)
Subscribe to:
Posts (Atom)