မိမိတို့ ကိုးကွယ်ဆည်းကပ်တဲ့ ဘာသာနဲ့ အခြားဘာသာများတွင် အရိုအသေပေး ကိုးကွယ်လေ့ရှိတဲ့ အရာကို မြန်မာတို့ဘာသာစကားအရ “ဘုရား”လို့ ခေါ်ကြတယ်။
မြန်မာ့ယဉ်ကျေးမှုနယ်ပယ်တွင် ‘ဘုရား’ ဆိုတဲ့အသံ၊ ‘ဘုရား’ ဆိုတဲ့ စကားလုံးကို ခပ်များများ အသုံးပြုကြတော့ ‘ဘုရား’ဆိုတဲ့အသံ ကြားလိုက်ရတဲ့အခါ အဲဒီ‘ဘုရား’ဟာ ဘာလဲလို့ စိတ်ထဲမှာ မေးချင်စရာ ဖြစ်လာပုံ ရတယ်။
ဒါကြောင့် အလှူပွဲတစ်ခုမှာ ဘုရားရဲ့ ဂုဏ်တော်တစ်ခုဖြစ်တဲ့ စရဏတရား (၁၅)ပါးကို ဟောပြီးလို့ ရေစက်ချ အမျှပေးဝေပြီးတဲ့အခါမှာ ဒကာလေးတစ်ယောက်က “အခြားဘာသာတွေမှာ ဘုရားလို့ ပြောလိုက်ရင် God လို့ နားလည်သွားပါတယ်။ တပည့်တော်တို့ဘာသာမှာ ‘ဘုရား’ဆိုတဲ့ အသုံးအနှုန်းတွေက များလွန်းလို့ ဒီမှာ မွေးတဲ့ ကလေးတွေက ဘုရားဆိုတာ ဘာလဲလို့ မေးလာရင် အတော်ရှင်းပြရလိမ့်မယ် ထင်တယ်။ ဗုဒ္ဓဘာသာမှာ ‘ဘုရား’ဟာ ဘာလဲဆိုတာ ရှင်းပြပေးပါ”လို့ မေးလာပါတယ်။
ရုတ်တရက် အမေးခံလိုက်ရတော့ ဒီကောင် ဘာကြောင်ပြီး ငါ့ကို ကြောင်တောင်တောင် မေးခွန်းကို မေးရသလဲလို့ စိတ်ထဲမှာ နောက်တောက်တောက်ဖြစ်သွားတယ်။
နောက်မှ .. အေးလေ .. သူသိချင်လို့ မေးမှတော့ သင့်တော်တဲ့အဖြေ ပေးရမှာပေါ့ဟု စိတ်ကို ပြင်ကာ “ဗုဒ္ဓဘာသာမှာ ဘုရားဆိုတာ ဗုဒ္ဓကို ခေါ်တယ်။ ဗုဒ္ဓ(ဘုရား)ဟာ လူသားဖြစ်ပြီး သူ့စိတ်ထဲမှာ လောဘ၊ ဒေါသ၊ မောဟ စတဲ့ အညစ်အကြေး(ကိလေသာ)တွေ မရှိတော့လို့ စင်ကြယ်သူ၊ မြင့်မြတ်သူ၊ အသိဉာဏ် ထက်မြက်သူ၊ ကိုယ်ကျင့်တရားကောင်းမွန်သူ၊ အများအကျိုးကို ဆောင်ရွက်သူ ဖြစ်တယ်။
ဗုဒ္ဓဟာ ဖန်ဆင်းရှင်(Creator or God) မဟုတ်ဘူး။
ဖန်ဆင်းရှင်ရဲ့ လက်ဝေခံတပည့် (messiah, prophet) မဟုတ်ဘူး။
ဖန်ဆင်းရှင်ရဲ့ ကိုယ်စားလှယ်၊ တမန်တော်၊ ကယ်တင်ရှင်လည်း မဟုတ်ဘူး။
သူ့ရဲ့အယူအဆ သူ့ယုံကြည်ချက်ကို ကိုယ်တိုင်ကျင့်သုံးပြီး၊ ရရှိတဲ့ အတွေ့အကြုံတွေ၊ သင်ခန်းစာတွေကို သတ္တိရှိရှိ ရဲရဲဝံ့ဝံ့နဲ့ လူထုကို ချပြရဲသူ ဖြစ်တယ်။
ဒါ .. ငါပြောတာ မဟုတ်ဘူး။ ငါ့အထက်က လူက ပြောတာ၊ ငါ့အဖေက ပြောတာလို့ ကိုယ့်စကားကို သူများစကားဖြစ်အောင် မပြောဘူး။
ဒါကို ငါကိုယ်တိုင်သိလို့ ပြောတယ်။
ငါပြောတာတွေကို မင်းတို့ စစ်ဆေးကြည့်နိုင်တယ်။ ကျင့်သုံးကြည့်နိုင်တယ်။
ကျင့်သုံးလို့ မင်းတို့အတွက် အများအတွက် အကျိုးရှိတယ်ဆိုရင် ဆက်ပြီး ကျင့်သုံးပေါ့။
ငါပြောတာ နားမထောင်လို့၊ ငါခိုင်းတာ မလုပ်လို့၊ ငါ့ကို ဆရာလို့ မသတ်မှတ်လို့ ငါက မင်းတို့ကို အပြစ်ပေးမှာ မဟုတ်ဘူး။
အသိဉာဏ်ရှိမှု၊ အကျင့်သိက္ခကောင်းမွန်မှု၊ အများအကျိုးဆောင်ရွက်မှု စတဲ့ အရာတွေမှာ ဘယ်သူမှ ငါ့အထက်မှာ မရှိလို့ ငါဟာ တစ်ဦးတစ်ယောက်ရဲ့ လက်ဝေခံ အစေအပါး တပည့်မဟုတ်လို့ ငါ့စကားကို နားမထောင်ရင် ငါ့အထက်က လူက မင်းတို့ကို အပြစ်ပေး အရေးယူမယ်၊ ကယ်တင်မယ်လို့ မပြောဘူး။
ကောင်းတာလုပ်ရင် ပြုလုပ်သူပဲ ကောင်းတာကို ရရှိမယ်။
မကောင်းတာလုပ်ရင် ပြုလုပ်သူပဲ မကောင်းတာကို ရရှိမယ်။
မင်းတို့ မကောင်းမှုလုပ်တာကို မင်းတို့ကိုယ်စား ငါက ဝင်ခံပေးလို့ မရဘူး။ မပေးနိုင်ဘူး။
သားကျူးလွန်တဲ့ လူသတ်မှုစတဲ့ ရာဇဝတ်မှုတွေရဲ့ အပြစ်ဒဏ်ကို အဖေက ဝင်ခံပေးရင် ရတယ်ဆိုတာ ဘယ်နိုင်ငံ ဘယ်ဥပဒေမှာမှ မရှိလို့ မင်းလုပ်တဲ့အပြစ်ကို ငါဝင်ခံပေးမယ်လို့ ယုတ္တိမရှိတဲ့ စကားကို မပြောဘူး။
ဒါပေမယ့် ဒါကတော့ ကောင်းတဲ့အလုပ်၊ အကျိုးရှိတဲ့အလုပ်၊
ဒါကတော့ မကောင်းတဲ့အလုပ်၊ အကျိုးမရှိတဲ့အလုပ်၊
ဒါကတော့ လုပ်သင့်တဲ့အလုပ်၊ မလုပ်သင့်တဲ့အလုပ်လို့ ခွဲခြားပြောပြနိုင်တယ်လို့ အမှန်အတိုင်း ရိုးရိုးသားသား ပြောပြရဲသူ ဖြစ်တယ်။
ဒါကြောင့် ဒို့က သူ့ကို ဆရာတင်ပြီး ဆရာအဖြစ်သတ်မှတ်ပြီး ‘ဗုဒ္ဓ ဘုရား’လို့ ခေါ်တာ။”
မေး။ ။ မှန်ပါ။ ဒါကိုတော့ ရှင်းရှင်းလင်းလင်း သိပါပြီ။ တပည့်တော်တို့ သံဃာတော်တွေနဲ့ စကားပြောတဲ့အခါ ‘ဘုရား .. ဘုရား’နဲ့ ထည့်ထည့်ပြောနေတာ၊ အဲဒီ ဘုရားကကော ဘာလဲ။
ဖြေ။ ။ အဲဒါကတော့ ယဉ်ကျေးမှုအရ ပြောဆိုသုံးနှုန်းတဲ့ စကားလုံး တစ်လုံးပါ။
မေး။ ။ အခြားဘာသာတွေမှာ ဘုရားလို့ ပြောလိုက်ရင် (God)လို့ နားလည်သွားတာပဲ။ တပည့်တော်တို့ကျမှ ‘ဘုရား’ဆိုတဲ့ အသုံးအနှုန်းတွေက များလိုက်တာ။ ဒီမှာ မွေးတဲ့ ကလေးတွေကို ဘုရားဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်ကို အတော် ရှင်းပြရလိမ့်မယ် ထင်တယ်။
ဖြေ။ ။အေး ... ခုခေတ်မှာ မြန်မာပြည်မှာ မင်းဆိုတဲ့ ဘုရင်မရှိလို့ တော်သေးသကွ။ ဘုရင်ရှိရင် ဘုရင်က ... ဟဲ့ အမတ်ကြီး၊ မောင်မင်းလို့ ခေါ်လိုက်ရင် မှန်လှပါဘုရားဆိုပြီး သူနဲ့ပြောတိုင်း ဘုရား ... ဘုရား လို့ ထည့်ပြောရတာ ရှိသေးတယ်။
+++++
စေတီ
မေး။ ။ ဘုရားတည်တယ်၊ ဘုရားတည်တယ်ဆိုတာကကော ဘာပါလဲ။ ခု အချွန်အတက်တွေနဲ့ ထိုးထိုးထောင်ထောင် အဆောက်အဦတွေဟာ ဘုရားတွေလား။
ဖြေ။ ။ အော ... ခုမှပဲ ဗုဒ္ဓဘာသာမှာ ဘုရားဆိုတာ ဘာလဲလို့ မင်းဘာကြောင့်မေးတယ်ဆိုတာ ငါနားလည်သွားပြီ။ ဘုရားဆိုတဲ့ အသုံးအနှုန်းကို အကြောင်းပြုပြီး ဘုရားဆိုတာ ဘာလဲလို့ မေးစရာဖြစ်လာတာပဲ။
အေး ... အဲဒီ အချွန်အတက်တွေနဲ့ ထိုးထိုးထောင်ထောင် ရွှေတပြောင်ပြောင် အဆောက်အဦကိုလည်း ဘုရားလို့ အလွယ်တကူ ခေါ်ကြတယ်။ တကယ်တော့ ဒီအဆောက်အဦက ဗုဒ္ဓ(ဘုရား) မဟုတ်ဘူး။
“ဘုရားကျောင်း” ဒါမှမဟုတ် “စေတီ”လို့ ခေါ်တယ်။
စေတီဆိုတာ အရိုအသေပေးထိုက်တဲ့ နေရာဌာန၊ အဆောက်အဦလို့ အဓိပ္ပာယ်ထွက်တယ်။
မြန်မာတွေက အဲဒီ စေတီတွေကို ဘုရားလို့ အလွယ်တကူ ခေါ်လိုက်တယ်။
ဥပမာ - ရွှေတိဂုံဘုရားလို့ အလွယ်တကူ ပြောလိုက်ပေမယ့် ရွှေတိဂုံဟာ ဗုဒ္ဓ(ဘုရား) မဟုတ်ဘူး။ စေတီ ဖြစ်တယ်။ ဒါကြောင့် ရွှေတိဂုံစေတီလို့ ပြောရင် ပိုပြီး ရှင်းသွားမယ်။
မေး။ ။ ဘာဖြစ်လို့ အဲဒီလို အဆောက်အဦမျိုး၊ ဥပမာ-ရွှေတိဂုံလိုမျိုးကို အရိုအသေပေးရတာလဲ။ ရှိခိုးဦးချရတာလဲ။ ဘုရားဖူးသွားတယ်ဆိုတာ အဲဒီလို အဆောက်အဦတွေကို သွားရောက် လှည့်လည် ကြည့်ရှုတာလား။ အဲဒီ အဆောက်အဦတွေကို ရွှေတွေချထားလို့၊ ထီးဆိုတဲ့အရာမှာ စိန် ရွှေ စတဲ့ ရတနာတွေ တပ်ဆင်ထားလို့ ဘုရားဆိုပြီး ရှိခိုးဦးချကြတာလား။
ဖြေ။ ။ အဲဒီလို စိန,်ရွှေစတဲ့ ရတနာတွေရှိနေလို့ အရိုအသေပေးတာ ရှိခိုးဦးချတာတော့ မဟုတ်ဘူးကွ။ အဲဒီ အဆောက်အဦထဲမှာ ဗုဒ္ဓ(ဘုရား)နဲ့ ပတ်သက်တဲ့ ပစ္စည်းတွေ ဓာတ်တော်တွေ ထည့်ပြီး တည်ဆောက်ထားလို့ အရိုအသေပေးတာ ရှိခိုးဦးချကြတာ ဖြစ်တယ်။
မေး။ ။ ဓာတ်တော်ဆိုတာကကော ဘာလဲ။
ဖြေ။ ။ ဓာတ်တော်ဆိုတာ ဗုဒ္ဓ(ဘုရား)ရဲ့ ရုပ်အလောင်းကို မီးရှို့တဲ့အခါ အကုန်မလောင်ဘဲ ကြွင်းကျန်နေရစ်ခဲ့တဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းကို ခေါ်တယ်။
စေတီကို အရိုအသေပေးတဲ့အခါ အဲဒါတွေကို အရိုအသေပေးတဲ့ သဘောပဲ။
အရိုအသေပေးရတာက
မေး။ ။ ဘာကြောင့် အဲဒါတွေကို အရိုအသေပေးရတာလဲ။ သက်မဲ့ပစ္စည်းတွေ ဖြစ်ကုန်ပြီပဲ။
ဖြေ။ ။ အေး ... သက်မဲ့ပစ္စည်းဖြစ်ပေမယ့် အဲဒီ သက်မဲ့ပစ္စည်းပိုင်ရှင်ကို အောက်မေ့သတိရတဲ့အနေနဲ့ ဂုဏ်ပြုချီးကျူးတဲ့အနေနဲ့ တလေးတစား သိမ်းထားပြီး အရိုအသေပေးကြတာပဲ။
ဥပမာ - မင်းရဲ့ ကွယ်လွန်သွားတဲ့ မိဘ ဘိုးဘွားတွေရဲ့ ပိုင်ဆိုင်တဲ့ ပစ္စည်းလေးတွေကို အမှတ်တရ မြတ်မြတ်နိုးနိုး တန်ဖိုးထားပြီး သိမ်းဆည်းထားတာ ရှိကောင်းရှိမယ်။ အဲဒီ ပစ္စည်းလေးတွေကို မြင်ရင် ပစ္စည်းပိုင်ရှင်ဖြစ်တဲ့ မင်းရဲ့ မိဘဘိုးဘွားတွေကို စိတ်ထဲ ပြန်မြင်လာတယ် မဟုတ်လား။
နောက်ပြီး သူတို့ရဲ့ ဂုဏ်ကျေးဇူးတွေကို အမှတ်ရမယ်၊ သူတို့ရဲ့ ဆိုဆုံးမချက်တွေကို သတိရပြီး လိုက်နာကျင့်သုံးမယ်။ သူတို့ကို အကြောင်းပြုပြီး ကောင်းတဲ့အလုပ်တွေ လုပ်မယ်။
ဒီသဘောမျိုးပဲပေါ့။ ဓာတ်ပုံတွေ၊ ရုပ်တုတွေကို အရိုအသေပေးတာလည်း ဒီအတိုင်းပါပဲ။
ဥပမာ - မင်းမှာ အမေရှိတယ်။ အဲဒီအမေ သေဆုံးသွားတဲ့အခါ အမေ့ဓာတ်ပုံကို တနေရာရာမှာ တရိုတသေ သိမ်းထားတယ်။ အမေ မရှိတော့ပေမယ့် အမေ့ဓာတ်ပုံကို မြင်တိုင်း အမေကို သတိရမယ်။ အမေက ကိုယ့်ကို ပြုစုစောင့်ရှောက်ခဲ့တာတွေ ဆိုဆုံးမခဲ့တာတွေကို သတိရလိမ့်မယ်။
အမေမရှိတော့လို့ အမေ့ဓာတ်ပုံ ထားစရာလည်း မလိုပါဘူး၊ သတိရစရာလည်း မလိုပါဘူးဆိုရင်တော့လည်း တမျိုးပေါ့။
ဒါပေမယ့် မင်းအလွန်ငယ်တုန်းက မင်းအမေသေသွားတယ်ဆိုရင်၊ နောက်ပြီး ဓာတ်ပုံလောက်မှ မကျန်ခဲ့ဘူးဆိုရင် မင်းအမေ ဘယ်လိုပုံ ရှိတယ်၊ ဖြူတယ် မည်းတယ် ရှည်တယ် ပုတယ် ပိန်တယ် ဝတယ် လှတယ် မလှဘူးဆိုတာကို မင်း ဘယ်လိုမှ သိနိုင်မှာ မဟုတ်ဘူး။
ဘာမှ မရှိတဲ့ နံရံကို ကြည့်ပြီး အမေက ဘယ်လိုပုံလဲ ... အဖေက ဘယ်လိုပုံလဲ ဆိုတာ မှန်းဆနေရတာနဲ့စာရင် ဓာတ်ပုံရှိတဲ့အခါ အော .. အမေဟာ ဒီလိုပုံပါလားလို့ သိရတော့ ပိုပြီး စိတ်ထဲမှာ ရှင်းသွားတာပေါ့။ ဘာမှ မရှိတဲ့ နံရံကြီးကို ကြည့်ရင် နံရံကြီးပဲ မြင်ရမှာပေါ့။ ဒါကြောင့် ဗုဒ္ဓဘာသာမှာ ဘုရားဆိုတာ ဘယ်လိုအရာလဲ၊ ဘယ်လိုပုံလဲလို့ သိရအောင် ရုပ်ပွားဆင်းတုကို အိမ်မှာပဲဖြစ်ဖြစ် ဘုန်းကြီးကျောင်းမှာပဲဖြစ်ဖြစ် ဘုရားကျောင်းမှာပဲဖြစ်ဖြစ် ထားရှိပြီး အရိုအသေပေးကြတာပေါ့။
နောက်တစ်ခါ ထပ်ပြောဦးမယ်။
အဲဒီ ရုပ်တုတွေဟာ ဗုဒ္ဓ(ဘုရား) မဟုတ်ဘူးနော်။ နားမဝေးနဲ့။ စိတ်ရှုပ်မသွားနဲ့။ အဲဒီ ရုပ်တုတွေဟာ ဘုရားရှင် အသက်ထင်ရှားရှိတုန်းက ဘယ်လိုပုံ ဘယ်လိုအနေအထားရှိတယ်ဆိုတာကို ဖော်ပြထားတဲ့ အရုပ်ပဲ ဖြစ်တယ်။
အဲဒါ ဗုဒ္ဓရဲ့ ရုပ်ပွားဆင်းတု ဖြစ်တယ်။
အမေ့ဓာတ်ပုံဟာ အမေမဟုတ်ပေမယ့် အမေဘယ်လိုပုံ ရှိတယ်ဆိုတာကို ပြတဲ့ အရာဝတ္ထုလိုပဲပေါ့။
ဒါပေမယ့် ဗုဒ္ဓဘာသာတွေအနေနဲ့ ဗုဒ္ဓရဲ့ရုပ်ပွားဆင်းတုတော်ကိုလည်း ဘုရားလို့ ခေါ်လိုက်တာပဲကွ။
ဒီတော့ ဘာသာခြားတွေက ဗုဒ္ဓဘာသာမှာ အရုပ်ကလည်း ဘုရား (God)၊ အုတ်ပုံကလည်း ဘုရား (God)၊ ဓာတ်ပုံကလည်း ဘုရား (God)၊ ဘုရားဆိုပြီး ဘာတွေ ဦးချ အရိုအသေ ပေးနေတာလဲလို့ ဝေဖန်ချင် ဝေဖန်ကြလိမ့်မယ်။
သူတို့ဝေဖန်တာ မဝေဖန်တာထက် ကိုယ့်အနေနဲ့ မှန်မှန်ကန်ကန်ဖြစ်အောင် ဗုဒ္ဓရဲ့ရုပ်ပွားဆင်းတုတော်၊ ဗုဒ္ဓရုပ်ပုံပန်းချီကား၊ စေတီ (ဘုရားကျောင်း) တွေကို အရိုအသေပေးတဲ့အခါ ရှိခိုးဦးချတဲ့အခါမှာ ဗုဒ္ဓရဲ့ဂုဏ်တော် (ဣတိပိ သော ဘဂဝါ အရဟံ သမ္မာသမ္ဗုဒ္ဓေါ .....) ကိုးပါးကို စိတ်ထဲမှာ အာရုံယူပြီး မှန်းဆပြီး အရိုအသေပေးရမယ်၊ ရှိခိုးဦးချရမယ်။
အဲဒီလိုမဟုတ်ဘဲ ပုဆိန်ပေါက် ဦးချ အရိုအသေပေးတယ်ဆိုရင် ဘာသာခြားတွေ ဝေဖန်ပြောဆိုတာကို ဟုတ်တယ်လို့ ထောက်ခံချက် ပေးတာနဲ့ အတူတူဖြစ်သွားမယ်။
ဘုရားပွဲနဲ့ ကုသိုလ်၊ အကုသိုလ်
မေး။ ။ အရှင်ဘုရား ... ဘုရားပွဲကျင်းပမယ်လို့ သိရတယ်။ ဘုရားပွဲဆိုတာ ဘာလဲ။
ဖြေ။ ။ ဟေ ... ဘုရားနဲ့ပတ်သက်တဲ့ မေးခွန်းတစ်ခု လာပြန်ပြီလား။
အေး ... မင်းက သိချင်လို့ မေးတယ်၊ ငါက ဖြေတယ်။ ဒီအမေးအဖြေကို စာတစ်ပုဒ်ဖြစ်အောင် ရေးလိုက်တဲ့အခါ ဘာမဟုတ်တာလေးကို ပုံကြီးချဲ့ရကောင်းလားဆိုပြီး ခရုခါးတောင်းကျိုက် ဖမ်းနေတယ်လို့ ဝေဖန်နေဦးမယ်။ ထားပါတော့ ... မင်းသိချင်တော့လည်း တတ်သလောက် မှတ်သလောက်နဲ့ ဖြေရတာပေါ့။
အေး ... ဘုရားပွဲဆိုတာ ဘုရားကို အကြောင်းပြုပြီး လူစုလူဝေးလုပ်တာကို ခေါ်တယ်။ ရည်ရွယ်ချက်က ဘုရားကို (စေတီကို) အကြောင်းပြုပြီး ကောင်းမှုတွေ တိုးပွားအောင် ဆောင်ရွက်ခွင့်ရအောင် ပြုလုပ်တာပဲ။
စေတီကို အကြောင်းပြုပြီး သံဃာတွေကို ပင့်မယ်။ ကြွလာမယ်။ လူတွေကို ဖိတ်မယ်။ လာကြမယ်။ အဲဒီလို လာကြပြီး စုဝေးရောက်ရှိကြတဲ့အခါ စေတီရင်ပြင်မှာ ဗုဒ္ဓ(ဘုရားရှင်) ကို အောက်မေ့ သတိရပြီး သူ့ရဲ့ဂုဏ်တော်တွေ၊ အဆုံးအမတွေကို ရွတ်ဖတ်ကြမယ်၊ ပူဇော်ကြမယ်၊ အရိုအသေပေးကြမယ်။ စေတနာအလျောက် သံဃာတော်တွေကို လှူမယ်။ လူတွေကို အခမဲ့ ကျွေးမယ်။ လာတဲ့လူတွေကလည်း ဘယ်သူမှ မတိုက်တွန်းရဘဲနဲ့ ကိုယ်လှူချင်သလောက် လှူမယ်။ လုပ်အားပေးသူတွေကလည်း တတ်နိုင်သလောက် ကိုယ်နိုင်တဲ့ဘက်က ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးမယ်။ တရားစကားပြောမယ်၊ နားထောင်ကြမယ်။
ဒီအလုပ်တွေဟာ ကောင်းတဲ့အလုပ်တွေမို့ ကုသိုလ်လို့ ခေါ်တယ်။
ဒါကြောင့် စေတီ(ဘုရား)ပွဲကို အကြောင်းပြုပြီး ဒီအလုပ်တွေကို လုပ်တဲ့သူတွေဟာ ဒါန၊ သီလ၊ ဘာဝနာ ဆိုတဲ့ ကုသိုလ်တွေ ရတာပေါ့။
ဒါ စေတီ(ဘုရား)ပွဲ ကျင်းပခြင်းရဲ့ ရည်ရွယ်ချက်ပဲ။
မေး။ ။ အရှင်ဘုရား ... ဗမာပြည်မှာလို စေတီ(ဘုရား)ပွဲမှာ ဇာတ်ပွဲ အငြိမ့်ပွဲတွေ ထည့်ပါလား ဘုရား။ အနည်းဆုံး ကာရာအိုကေလောက် ထည့်ရင်ပဲ လူတွေ ပျော်ကြမှာ။ ဘုရားပွဲလည်း ပိုစည်ကားမှာ။ ထည့်ချင်ရင် တပည့်တော် စီစဉ်ပေးပါမယ်။
ဖြေ။ ။ မလုပ်ပါနဲ့ မောင်ရင်ရာ။ မင်းပြောသလို လူစည်မှာတော့ အမှန်ပဲ။ ဘုရားပွဲတွေမှာ ဇာတ်ပွဲ အငြိမ့်ပွဲ ပါလာတာဟာ မင်းပြောသလို လူအများလာအောင် ဆွဲဆောင်ရာကနေ ဖြစ်ပေါ်လာတဲ့ အစဉ်အလာကြီးတစ်ခု ဖြစ်သွားပုံ ရသကွ။
ဘာသာရေး သာသနာရေး ကိစ္စဆိုရင်၊ တရားပွဲ သက်သက်ဆိုရင် လူ့သဘာဝအရ သိပ်စိတ်မဝင်စားတတ်ကြဘူး။ ဒါကြောင့် လူများများလာအောင် အဆိုအကတွေ ထည့်ကြတယ် ထင်တယ်။
မင်း စဉ်းစားကြည့်ပါလား။ တရားရိပ်သာကို သွားရင် တရားသံပဲ ကြားရမယ်။ သီချင်းသံ မကြားရဘူး။ ပျင်းခြောက်ခြောက်ကြီး။ ခရစ်ယာန်ဘုရားရှိခိုးကျောင်း သွားရင် သီချင်းသံတော့ အနည်းဆုံး ကြားရဦးမယ်။ ဟော ... ဆီနီဂေါဆိုတဲ့ ဂျူးဘုရားကျောင်းကျတော့ ဘင်ဂိုဆိုတဲ့ အပျင်းပြေ ကစားစရာကိုပါ တွဲဖက်ပေးထားသေးတယ်။
ဒါ .. ဘာကြောင့်လဲဆိုတော့ ဘာသာရေးသက်သက်ဆို လူမလာလို့ လူလာအောင်ဆိုပြီး အပျော်အပါး အကစားတွေနဲ့ ဆွယ်ရတာ။
အဲဒီလိုပဲ ဗုဒ္ဓဘာသာ စေတီပွဲ (ဘုရားပွဲ)တွေမှာ လူအလာများအောင် စည်ကားအောင်ဆိုပြီး အငြိမ့်တွေ ဇာတ်တွေ ထည့်ကျင်းပကြတယ်လို့ ငါ ထင်တယ်။ ငါ ငယ်ငယ်တုန်းက စေတီ(ဘုရား)ပွဲ သွားမယ်ဆို ပျော်တာပေါ့။ ဒါပေမယ့် ဗုဒ္ဓ(ဘုရား)အပေါ် စိတ်ရောက်ရကောင်းမှန်း မသိခဲ့ပါဘူး။ စေတီပူဇော်ပွဲကို သွားပြီး ဇာတ်ပွဲကြည့်မယ်။ ဈေးဝယ်မယ်။ မုန့်စားမယ်။ ဒါပဲ စိတ်ဝင်စားတယ်။ ဒါတွေ လုပ်ပြီး ပြန်ခဲ့တယ်။ စေတီကို (ဘုရားကို) ပုဆိန်ပေါက် ဦးချတာလေးလောက်တော့ လုပ်ခဲ့ပါရဲ့။ တခါတရံ စေတီရင်ပြင်ပေါ်တောင် မရောက်ခဲ့ဘူး။ နည်းနည်း အရွယ်ရောက်လာလို့ သတိထားမိတာကတော့ စေတီပူဇော်ပွဲ (ဘုရားပွဲ)တွေမှာ ခြောက်ကောင်ဂျင်၊ လေးကောင်ဂျင်၊ ဘောလုံးပစ်ပွဲ စတဲ့ လောင်းကစားပွဲတွေပါ ပါလာတာ တွေ့ရတယ်။ ဒါ့အပြင် အရက်ဆိုင်တွေပါ ပါလာတယ်။ နောက် အပျော်မယား ကြေးစားမယ် ပြည့်တန်ဆာတွေလည်း စေတီပွဲမှာ စီးပွားရှာဖို့ ရောက်လာတယ်လို့ ကြားဖူးတယ်။ ဒကာလေး ကြားလိုက်မလား မသိဘူး။ နှစ်စဉ်နှစ်တိုင်း ကျင်းပတဲ့ မင်းဘူးက ရွှေစက်တော်ဘုရားမှာ တစ်ခါက ဘာမှ အရိပ်အရောင် မပြဘဲ လေကြီးမိုးကြီး ကျပြီး ရေလွှမ်းသွားလို့ လူတွေ အများကြီး သေတဲ့သတင်း။ ကျိုက်ထီးရိုးစေတီ ပတ်ဝန်းကျင်က တဲခိုခန်းတွေ ဈေးဆိုင်တွေ မီးလောင်တဲ့သတင်း။ ဒီလိုဖြစ်တာဟာ အဲဒီစေတီပွဲတွေမှာ မကောင်းမှုတွေ များလွန်းလို့,လို့ ပြောကြတယ်။ ဟုတ်,မဟုတ်တော့ မသိဘူး။ ဘုရားပွဲတွေမှာ ဒီလို ရှုပ်ရှုပ်ထွေးထွေး ဖြစ်နေတာတော့ မကောင်းဘူးကွ။ ငါ ဗမာပြည် အလည်ပြန်ရောက်တုန်းက ပုဂံကို ဘုရားဖူး (စေတီတွေကို လှည့်လည်ကြည့်ဖို့) သွားခဲ့တယ်။ အာနန္ဒာစေတီပွဲ (အာနန္ဒာဘုရားပွဲ) ကျင်းပပြီးစီးတာနဲ့ ကြုံလို့ ငါ အတော် စိတ်ပျက်သွားတယ်ကွ။
မေး။ ။ ဘာဖြစ်လို့လဲ ဘုရာ့။
ဖြေ။ ။ ဘာဖြစ်ရမလဲ ဒကာလေးရ။ ဘုရားဘေး ပတ်ဝန်းကျင်မှာ ဈေးဆိုင်တွေက စွန့်ပစ်ထားတဲ့ အမှိုက်သရိုက်တွေ၊ ပွဲတော်လာသူတွေ မဆင်မခြင် စွန့်ပစ်ထားတဲ့ သေးကွက် ချေး(ချီး)ကွက် အညစ်အကြေးတွေက စေတီဘေးပတ်လည်မှာ ပြည့်နှက်နေလို့ပဲကွ။ ခေတ်စကားနဲ့ ပြောရရင် စေတီတော်ရောက်အောင် သိုင်းကွက်နင်းသွားခဲ့ရတယ်။
စေတီပူဇော်ပွဲ (ဘုရားပွဲ) ကျင်းပတဲ့အခါ ကုသိုလ်ရသူတွေ ရှိသလို အကုသိုလ်ရသူတွေလည်း ရှိတယ် ဒကာလေးရ။ ကုသိုလ်ရသူတွေကတော့ ဘုရားပွဲကို အကြောင်းပြုပြီး စီစဉ်ဆောင်ရွက်သူ၊ အခကြေးငွေ မယူဘဲ ချက်ပြုတ် ကြော်လှော်ပေးကြသူ၊ တဲ စားပွဲ ကုလားထိုင် တည်ခင်းပေးသူ၊ ကားရပ်နားဖို့ စီစဉ်ပေးသူ၊ အမှိုက်စသည်ကို လိုက်လံ စုဆောင်းပြီး နေရာတကျ ထားသူ၊ သံဃာတော်တွေနဲ့ လူတွေကို ကျွေးမွေး လှူဒါန်းသူ စသူတွေပေါ့ကွာ။
မေး။ ။ ဘယ်သူတွေက အကုသိုလ် ယူသလဲ ဘုရာ့၊ ကျောင်းကန်ဘုရားသွားတာ ကုသိုလ်ပဲ ရမှာပေါ့။
ဖြေ။ ။ အေး ... ကုသိုလ်ယူတတ်ရင် ကုသိုလ်ရတာပေါ့။ အကုသိုလ်ယူသူတွေကတော့ စေတနာ ထက်ထက်သန်သန်နဲ့ အဆင်သင့် စားသောက်ခွင့်ရအောင် ဆောင်ရွက်ပေးထားတဲ့ အစားအသောက်တွေကို စားသောက်ပြီး၊ ကိုယ်ထည့်ယူ စားသောက် အသုံးပြုတဲ့ တစ်ခါသုံး ပန်းကန် ဇွန်း ခရင်း သောက်ရေခွက် စက္ကူလက်သုတ်ပုဝါ စတာတွေကို အမှိုက်ပုံးထဲ ရောက်အောင် မထည့်ဘဲ သစ်ပင်ခြေရင်း စတဲ့ ချောင်ကြိုချောင်ကြား ထားချင်တဲ့ နေရာမှာ ထားခဲ့သူတွေပေါ့။ တခါတရံ ဘုရားပွဲ ကျောင်းပွဲပြီးရင် ငါကိုယ်တိုင် အမှိုက်လိုက်ကောက်ရသကွ။
လုပ်အားပေးတွေအနေနဲ့ စေတနာအရ အပင်ပန်းခံ ဝေယျာဝစ္စ ဆောင်ရွက်ပေးနေတာကို အခကြေးငွေယူပြီး လုပ်နေသူတွေလို့ ထင်ပြီး ဒီလိုလုပ်တာလား မသိဘူး။ ငါတော့ အံ့သြသကွ။ အမေရိကားရောက်လာတဲ့ ဒို့မြန်မာအချို့ အတော်လေး စည်းမရှိ ကမ်းမရှိတာကို တွေ့ရတယ်။ မြန်မာနိုင်ငံမှာ နေကြရတဲ့ မြန်မာတွေက ဘယ်လို သန့်ရှင်းအောင် နေရမယ်၊ အမှိုက်ဘယ်လိုပစ်ရမယ်ဆိုတာကို မသိတာဟာ အမြင်မကျယ်လို့ ဆိုပြီး နားလည် ခွင့်လွှတ်နိုင်တယ်။ အမေရိကားရောက်လာတဲ့ ဒို့မြန်မာအချို့ အမှိုက်ဘယ်လိုပစ်ရမယ်ဆိုတာကို မသိတာတော့ မဖြစ်နိုင်ဘူး။ စည်းမဲ့ကမ်းမဲ့ နေထိုင်တဲ့ အလေ့စရိုက်ကို မပြင်တာ၊ အဆင့်အတန်း မြင့်မြင့် ဘယ်လိုနေထိုင်ရမယ်ဆိုတာကို မသိတာဘဲ ဖြစ်နိုင်တယ်။
အမေရိကားမှာ နေကြသူတွေဆိုတော့ တခါတရံ McDonald's, KFC စတဲ့ Fast Food store ဆိုင်တွေကို သွားပြီး စားသောက်ဖူးကြမှာပါ။ အဲဒီအခါမှာ သူတို့စားပြီး စားကြွင်းစားကျန် အမှိုက်တွေကို ထားချင်သလို ထားသွားရဲမယ် မထင်ဘူး။ စားပြီး ဖြစ်ပေါ်လာတဲ့ အမှိုက်တွေကို အမှိုက်ပုံးထဲ ထည့်ပေးထားခဲ့ရမှာပါ။ စားတဲ့အခါ အသုံးပြုတဲ့ ဗန်းကိုလည်း နေရာတကျ ပြန်ထားပေးခဲ့ရမှာပါ။
အဲ ... ကိုယ်ကိုးကွယ်တဲ့ ဘုရားကျောင်းကန်ကျမှ ဒီလို ကိုယ့်အမှိုက် အညစ်အကြေးကို ကိုယ်တာဝန်ယူပြီး မသန့်ရှင်းခဲ့တာကို ဘယ်လိုပြောရမယ် မသိဘူး။ တကယ်သာ လာတဲ့သူတိုင်း ကိုယ့်အမှိုက်ကို ကိုယ်တာဝန်ယူပြီး စနစ်တကျ ပုံးထဲ ထည့်ခဲ့ရင် လုပ်အားပေးသူတွေလည်း တာဝန်ပေါ့ပြီး စိတ်ချမ်းချမ်းသာသာနဲ့ သက်သက်သာသာ ဆောင်ရွက်နိုင်တာပေါ့။ ကိုယ်လည်းပဲ အကုသိုလ်မဖြစ်ဘူးပေါ့။ ဒီလို မဟုတ်ဘဲ စည်းမဲ့ကမ်းမဲ့ လုပ်ခဲ့ရင်တော့ အကုသိုလ် လာယူတာပဲလို့ ပြောရမလို ဖြစ်နေပြီ။
အပြင်ဘုရားက ရင်ထဲကြွ
မေး။ ။ အရှင်ဘုရား ... တချို့ဆရာတော်တွေက “ရင်ထဲမှာ ဘုရားတည်ပါ”လို့ ဆိုဆုံးမကြတယ်။ ဘာကိုပြောတာလဲ ဘုရား။
ဖြေ။ ။ “ရင်ထဲမှာ ဘုရားတည်ပါ”ဆိုတာ မင်းတို့ရဲ့ စိတ်နှလုံး (ရင်)ထဲမှာ ဗုဒ္ဓ(ဘုရား)ရဲ့ ဂုဏ်ကို သိရှိ ယုံကြည်၊ ကြည်ညိုပြီး ဘုရားအဆုံးအမအတိုင်း လိုက်နာကျင့်သုံး နေထိုင်ဖို့ ပြောတာပါ။
မေး။ ။ ဒီလိုဆို အပြင်မှာ ဘုရား(စေတီ)တည်တာ မကြိုက်လို့ ပြောတာလား။
ဖြေ။ ။ အေး ... စေတီ မရှိသေးတဲ့နေရာမှာ စေတီတည်တာကိုတော့ အဲဒီဆရာတော်တွေက ဘာမှ ပြောလိုဟန် မရှိဘူး ထင်တယ်။ စေတီရှိပြီးသား နေရာတွေမှာ မလိုအပ်ဘဲ စေတီတွေ ထပ်ထပ်ပြီး တည်နေတာကို သဘောမကျလို့ ပြောတာ ဖြစ်နိုင်ပါတယ်။ တစ်မြို့ တစ်ရွာမှာ ခန့်ခန့်ထည်ထည် ကြည်ညိုစဖွယ်ဖြစ်တဲ့ စေတီတစ်ဆူ ရှိတယ်ဆိုရင် အချိန်ကုန် ငွေကုန် နေရာကုန် ခံပြီး နောက်ထပ် ဘုရားတည်မယ့်အစား ကိုယ့်ရင်ထဲမှာ စိတ်နှလုံးထဲမှာ ဘုရားရဲ့ တရားတော်တွေကို သိရှိ နားလည်ပြီး ကျင့်သုံးတာက ပိုပြီး အရေးကြီးတာကို ပြောချင်လို့ ဖြစ်မှာပါ။
စေတီ မရှိသေးတဲ့ နေရာမှာတော့ စေတီတည်သင့်ပါတယ်။ အကျိုးရှိတန်သလောက်လည်း အကျိုးရှိပါတယ်။ ဥပမာ - နယူးဂျာစီမှာ စေတီတည်ထားတော့ စေတီကို မြင်တဲ့အခါ နိုင်ငံခြားသားတွေ လာလာကြည့်ကြတယ်။ တချို့လည်း ဗုဒ္ဓဘာသာတွေဖြစ်ပြီး တချို့လည်း စေတီကို မမြင်ဖူးလို့ အထူးအဆန်း လုပ်ပြီး လာကြည့်သူတွေ ဖြစ်တယ်။
ဘုရားကို လာကြည့်သူတွေ ဗဟုသုတရစေလိုတဲ့ ရည်ရွယ်ချက်နဲ့ ရုပ်ပွားဆင်းတုတွေရှေ့မှာ ဘာသာရေးဆိုင်ရာ အကြောင်းအရာတွေကို ရေးထိုးထားတယ်။ စိတ်ဝင်တစား ဖတ်ကြပါတယ်။ ဒါကြောင့် ဗုဒ္ဓဝင်ရုပ်စုံကို ဓာတ်ပုံရော စာပါ ကျောက်ပြားမှာ ရေးသားပြီး စေတီပလ္လင်ဘေးမှာ ကပ်ထားဖို့ စိတ်ကူးနေတယ်။ ဖြစ် မဖြစ်တော့ မသိဘူး။
ဒီလို ရေးထိုးထားရင် လာရောက်လေ့လာသူတွေအနေနဲ့ ဗုဒ္ဓရဲ့ ဖြစ်တော်စဉ်နဲ့ ဆိုဆုံးမချက်တွေကို လေ့လာခွင့် ရကြမှာပေါ့။ လေ့လာရင်း အသိတရားတစ်ချက် ဝင်သွားမယ်ဆိုရင် ဘုရားတည်ရကျိုး နပ်တယ်လို့ ဆိုရမှာပေါ့။ စေတီကို လာရောက် ကြည့်သူတွေထဲက တချို့တလေ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်သွားမယ်ဆိုရင် စေတီတည်တာဟာ သာသနာပြုလုပ်ငန်းတစ်ခု ဖြစ်တယ်လို့ ပြောရမှာပေါ့။
တစ်နေ့ စာတိုက်ပုံးထဲ စာသွားကောက်ယူတုန်း ဗြုန်းဆို ကားတစ်စီး ထိုးရပ်ပြီး ဒါဘာလဲလို့ စေတီကို လက်ညှိုးထိုး မေးတယ်။
ဒါ ... ဗုဒ္ဓဘာသာစေတီလို့ ပြောတော့ အော ... ဒါ ဗုဒ္ဓဘာသာစေတီလား .. ငါ ထိုင်းနဲ့ ဗီယက်နမ် သွားလည်တုန်းက ဒါမျိုးတွေ့ခဲ့ဖူးတယ်။ ငါ လာလည်လို့ ရမလား ... စသည် မေးရင်းနဲ့ သူ့ကိုယ်သူ မိတ်ဆက်ပြီး ကျောင်းကို လာနေတဲ့ အမေရိကန်ဒကာတစ်ယောက် ရှိတယ်။ သူ့အိမ်က ကျောင်းနဲ့ သိပ်မဝေးတော့ ကျောင်းအတွက် အကူအညီ အများကြီး ရတယ်။ တလောက ငါးရက်ကြာ ဒုလ္လဘရဟန်းဝတ်နဲ့ နေသွားသေးတယ်။
နောက်ပြီး တေီ(ဘုရား)ကို မြင်ပြီး ကျောင်းကို လာရောက် တရားအားထုတ်သူတွေလည်း ရှိတယ်။ အဲဒီအထဲက ဂျူးဒကာကြီးတစ်ယောက်ဆို လွန်ခဲ့တဲ့ လေးနှစ်က ထီ(သုံးသန်း)ပေါက်တာ ဒေါ်လာတစ်သောင်း လှူတယ်။ နှစ်စဉ်လည်း လှူနေတာ ခုဆို ဒေါ်လာနှစ်သောင်းနှစ်ထောင် ရှိသွားပြီ။ နောက်နှစ်တွေလည်း ဆက်လှူနေဦးမှာပဲ။ သူလည်း ဒုလ္လဘရဟန်း ဝတ်ဖူးတယ်။ နောက်ထပ် ဂျူးဒကာကြီးတစ်ယောက် ရှိသေးတယ်။ သူကတော့ ကျောင်းကို တစ်ပတ်တစ်ခါ လာတရားအားထုတ်ပြီး လစဉ် ဒေါ်လာတစ်ရာ လှူတယ်။ သူလည်းပဲ ဒုလ္လဘရဟန်း ဝတ်ဖူးတယ်။ ခုတော့ ဆုံးသွားပါပြီ။ ကဲ ... ထားတော့။ ဒါတွေဟာ စေတီ(ဘုရား) မရှိသေးတဲ့ နေရာမှာ စေတီ(ဘုရား) တည်ရခြင်း အကျိုးတွေပေါ့။
မှန်ပါ .. အရှင်ဘုရား။ အပြင်မှာ တည်တဲ့ စေတီ(ဘုရား)ကနေတဆင့် သူတို့ရင်မှာ သာသနာ ငြိတွယ်စေတဲ့ သာသနာပြုခြင်းပဲဆိုတာ တပည့်တော် နားလည် သဘောပေါက်ပါပြီ ဘုရား။
သာဓု ... သာဓု ... သာဓု။
အရှင်ပညာသီဟ
မေလ ၃၁၊ ၂၀၁၀