Thursday, October 16, 2008

‘အလင်းမိခင်’ သို့မဟုတ် ‘ဒီပ’ရဲ့မေမေ (၂)


ဘာသာရေးဆိုင်ရာ အသိဖလှယ်သော စကားဝိုင်းတခုတွင် မိတ်ဆွေတဦးမှ ‘ဒီပ,မာ’အကြောင်း စာအုပ် ညွှန်းဆိုသဖြင့် မှာယူ ဖတ်ရှုဖြစ်သည်။
ရေးသား ပြုစုသူမှာ ‘အေမီရှမစ်’ ဖြစ်သည်။

‘အေမီ’မှာ အသက် ၁၉-နှစ်အရွယ်တွင် ‘ဟာမင်ဟက်ဆီ’၏ ‘သိဒ္ဓတ္ထ’စာအုပ်ကို ၄-ကြိမ်တိုင်တိုင် ဖတ်ရှုခဲ့ပြီး ဆင်းရဲဒုက္ခမှ လွတ်မြောက်လိုခဲ့သူ ဖြစ်သည်။
ကမ္မဋ္ဌာန်းနည်းပြဆရာများအဖြစ် ရဟန်းသံဃာများနှင့် ယောက်ျားပုဂ္ဂိုလ်များသာ တွေ့ရလေ့ရှိသဖြင့် အမျိုးသမီး ကမ္မဋ္ဌာန်းနည်းပြဆရာ တဦးဦးကို စံပြုရန် ရှာဖွေနေခဲ့သည်။

၁၉၈၉-ခုနှစ်တွင် ဘာရီ၌ ၃-လ တရားစခန်း ဝင်ဖြစ်ရာ ချိတ်ဆွဲထားသော ကမ္မဋ္ဌာန်းဆရာများ၏ ဓာတ်ပုံများအနက် ‘ဒီပ,မာ’၏ ဓာတ်ပုံကို မြင်ပြီး ‘ဒီပ,မာ’၏အကြောင်း ကြားသိခဲ့ရာမှ စံပြ အမျိုးသမီး ကမ္မဋ္ဌာန်းနည်းပြဆရာအဖြစ် သတ်မှတ်ခဲ့သည်။
ထိုအချိန်တွင် ‘ဒီပ,မာ’ကွယ်လွန်ပြီး ၂-ပတ်မျှသာ ရှိသေးသည်။
သုံးလတရားစခန်းပြီးသောအခါ ‘ဂျိုးဇက်ဂိုးလ်စတိန်း’နှင့် တွေ့ပြီး ‘ဒီပ,မာ’အကြောင်း ပြည့်ပြည့်စုံစုံ သိချင်သဖြင့် ‘ဒီပ,မာ’အကြောင်း စာအုပ်ရေးသားမည့်သူ ရှိ,မရှိ မေးမြန်း စုံးစမ်းခဲ့သည်။
‘ဒီပ,မာ’၏ တပည့်ရင်းများဖြစ်ကြသော၊ ဘာရီတရားစခန်းကို တည်ထောင်ခဲ့ကြသူများဖြစ်ကြသော ‘ဂျိုးဇက်ဂိုးလ်စတိန်း’၊ ‘ဂျက်ကွန်းဖီးလ်’၊ ‘ရှာရွန်ဆဲလ်ဘာ့ဂ်’ စသူတို့ ကိုယ်တိုင်မှာ ကမ္မဋ္ဌာန်း နည်းပြအလုပ်များဖြင့် အားလပ်ကြသူများ မဟုတ်သဖြင့် ‘ဂျိုးဇက်’ကိုယ်တိုင်က ‘အေမီ’ကိုပင် ‘ဒီပ,မာ’အကြောင်း စာအုပ်ရေးသားရန် တိုက်တွန်းခဲ့ရာမှ ထွက်ပေါ်လာသော စာအုပ် ဖြစ်သည်။

ဤစာအုပ်မှာ စိတ်ဝင်စားဖွယ်၊ ဖတ်ဖွယ် မှတ်ဖွယ်၊ အတုယူ အားကျဖွယ်၊ နှစ်လိုဖွယ် အကြောင်းအရာများ ပါဝင်သော စာအုပ်ကောင်း တအုပ် ဖြစ်သည်။

လောကချမ်းသာဆရာတော် အရှင်ဣန္ဒကမှ “မဟာစည်ယောဂီထူး”ဟူ၍ မြန်မာပြန်ကာ ‘မဟာစည်ဆရာတော်ဘုရားကြီး၏ ရာပြည့်ပူဇော်ပွဲ’တွင် ထုတ်ဝေ ဓမ္မဒါနပြုခဲ့ပါသည်။

‘အေမီရှမစ်’၏ ‘ဒီပ,မာ’စာအုပ်မှ ကောက်နုတ်ချက်များကို မြည်းစမ်းကြည့်ကြပါကုန်။

________________________________________________


အချိန်တိုင်း တရားမှတ်


‘ဒီပက်’သည် ဘဏ်တွင် အလုပ်လုပ်ရင်း ပညာသင်ကြားနေသော ကျောင်းသားတဦး ဖြစ်သည်။
‘ဟော .. ဒီပက် အလုပ်က ပြန်လာပြီ၊ စိတ်ထဲမှာ စာရင်းတွေ တွက်နေတုန်းနဲ့ တူတယ်’ဟု ‘ဒီပ,မာ’က ကြည်စယ်တတ်သည်။
‘ဒီပက်’၏ အာရုံပြောင်းရန် တိုက်တွန်းတတ်သည်။

“ဘဏ်မှာ လုပ်ရတာ မလွယ်ဘူး နာနီ၊ တချိန်လုံး တွက်ချက်နေရတာ၊ နားရတယ် မရှိဘူး။ တရားရှုမှတ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ကျွန်တော့မှာ အလုပ်တွေက အရမ်းများတာ”

“မင်း အလုပ်များတယ်ဆိုရင် အလုပ်များတယ်ဆိုတာ မင်းအတွက် တရားရှုမှတ်ဖို့ပဲပေါ့။ စာရင်းတွေ တွက်ချက်နေတယ်ဆိုရင် စာရင်းတွက်ချက်တာကို သတိရှိနေပါ။ တရားရှုမှတ်တာကို အချိန်မရွေး လုပ်နိုင်တယ်။ အလုပ်ကို အပြေးအလွှား သွားနေတယ်ဆိုရင် အလုပ်ကို အပြေးအလွှား သွားနေတယ်လို့ သိနေပါ”

ဒီပက်

________________________________________________


ကျွန်မသိသော ‘ဒီပ,မာ’


ကျွန်မ ... ‘ဒီပ,မာ’ကို သတိရတိုင်း ကျွန်မ၏ ကမ္မဋ္ဌာန်းဆရာတဦးအဖြစ်သာမက သာမန်အမျိုးသမီးတဦး၊ သာမန်မိခင်တဦး၊ သာမန်ဖွားအေတဦး အဖြစ်လည်း အမှတ်ရမြဲ ဖြစ်သည်။

‘ဝိပဿနာတရားရှုမှတ်မှုဆိုင်ရာအဖွဲ့အစည်း’တွင် တရားပြရန် ‘ဒီပ,မာ’၊ သမီးဖြစ်သူ ‘ဒီပ’နှင့် မြေးဖြစ်သူ ‘ရစ်ရှီ’တို့ ရောက်ရှိစဉ် ‘ဘာရီ’ရှိ တည်းခိုရာအိမ်၏ ကြမ်းပြင်ပေါ်၌ ထိုင်နေလေ့ရှိသော ‘ဒီပ,မာ’ကို မြင်ယောင်သည်။

မြေးငယ်ဖြစ်သူ ‘ရစ်ရှီ’နှင့် ရယ်ရယ်မောမော အတူ ကစားနေကြရာမှ ထ၍ တစုံတဦးကို တရားရှုမှတ်ပုံ သင်ပြချင် သင်ပြတတ်သည်။

ပြီးလျှင် အဝတ်အစားများကို လက်ဖြင့် လျှော်ဖွပ်၍ အပြင် ကြိုးတန်းတွင် ထွက်လှန်းနေတတ်သည်။

လမ်းလျှောက်တရားရှုမှတ်ရာမှ အိမ်ထဲ ပြန်ဝင်လာပြီး သမီး ‘ဒီပ’က ချက်ပြုတ်၊ မြေးငယ် ‘ရစ်ရှီ’က ပြေးလွှား ဆော့ကစားနေသည့်ကြားတွင် ထိုင်လျက် တရားရှုမှတ်နေတတ်သည်။

တစုံတယောက် သူ့ရှေ့ လာထိုင်လျှင်မူ မျက်လုံးအသာဖွင့်ကာ မေတ္တာဖြင့် လွှမ်းခြုံပေးလေ့ရှိသည်။

ဤသည်မှာ ‘ဒီပ,မာ’၏ မေတ္တာအပြည့်ဖြင့် ရိုးရိုးရှင်းရှင်း တရားရှုမှတ်နည်း သင်ကြားပေးပုံ ဖြစ်သည်။

ရှာရွန်ဆဲလ်ဘာ့ဂ်

________________________________________________


မပျင်းနဲ့


‘ဒီပ,မာ’ မကွယ်လွန်မီ နောက်ဆုံးအကြိမ်အဖြစ် တွေ့ဆုံခဲ့စဉ် “ဂျိုးဇက် .. ၂-ရက်လောက် ထိုင်ပြီး တရားမှတ်စမ်းပါ” ဆိုသော စကားကို အမှတ်ရသည်။
‘နှစ်ရက်တရားစခန်း’ မဟုတ်။
နှစ်ရက်စလုံး မထဘဲ ဆက်တိုက် ထိုင်လျက် တရားရှုမှတ်ခိုင်းခြင်း ဖြစ်သည်။
ကျွန်တော်က ရယ်မောပြီး မဖြစ်နိုင်ကြောင်း ပြောရသည်။
ထိုအခါ ရိုးရှင်းသော ‘ဒီပ,မာ’၏ ကရုဏာစကားမှာ “ဂျိုးဇက် .. မပျင်းစမ်းပါနဲ့” ဟူ၍ ဖြစ်၏။

ဂျိုးဇက်ဂိုးလ်စတိန်း

________________________________________________


နောက်တွန့်အတွေးများ


၁၉၇၄-ခုနှစ် အမေရိကသို့ အပြန် ‘ဒီပ,မာ’အား နှုတ်ဆက်ရန် ကာလကတ္တားသို့ ခေတ္တ ဝင်ရောက်သည်။
အမေရိကတွင် ခဏပြန်နေ၍ ကျန်းမာရေးအတွက် ဆေးစစ်၊ ငွေစုပြီးး အိန္ဒိယသို့ ပြန်လာမည်ဟု ပြောသောအခါ ‘ဒီပ,မာ’က ခေါင်းကို တွင်တွင်ခါလေသည်။

“မင်း .. ဒီကို ပြန်မလာဖြစ်တော့ပါဘူး၊ ဟိုမှာ ဂျိုးဇက်နဲ့အတူ ဝိပဿနာသင်တန်းတွေ ပေးနေဖြစ်ပါလိမ့်မယ်”
“မဖြစ်နိုင်ပါဘူး”
“ဖြစ်ကိုဖြစ်မှာ”
“မဖြစ်နိုင်ပါဘူး”

နောက်ဆုံး ‘ဒီပ,မာ’က ကျွန်မကို စူးစိုက်ကြည့်ပြီး -
“ရှာရွန် .. ဘာမဆို ဖြစ်အောင် မင်းလုပ်နိုင်ပါတယ်၊ လုပ်ရင် ဖြစ်မှ ဖြစ်ပါ့မလားဆိုတဲ့ အတွေးတွေကသာ တွန့်ဆုတ်နေအောင် လုပ်တာ။ မင်း တကယ် နားလည်သဘောပေါက်နေပြီဖြစ်တဲ့ ဒုက္ခအကြောင်း တခြားသူတွေ သိသွားအောင်လဲ သင်ပြပေးပါဦး”

ဤ လွန်ခဲ့သော နှစ်ပေါင်းသုံးဆယ်ကျော်က ‘ဒီပ,မာ’၏ အားပေးတိုက်တွန်းစကားဖြင့် အမေရိကသို့ ပြန်ရောက်လာခဲ့ပြီး သူမ၏ စကားအတိုင်း အမှန်ပင် ဖြစ်ခဲ့လေသည်။

ရှာရွန်ဆဲလ်ဘာ့ဂ်

________________________________________________


မင်းမှာ အချိန်တွေ လုံလုံလောက်လောက် ရှိပါတယ်


“မင်းဟာ အိမ်ရှင်မတယောက်ဆိုရင် မင်းမှာ အချိန်လုံလုံလောက်လောက် ရှိနေပါပြီ။ မနက်စောစော ၂-နာရီလောက် တရားရှုမှတ်နိုင်တယ်။ ညပိုင်းမှာလဲ နောက် ၂-နာရီလောက် တရားရှုမှတ်နိုင်သေးတာပဲ။ ၄-နာရီနဲ့ အိပ်ရေးဝအောင် အကျင့်လုပ်ပါ။ ၄-နာရီထက် ပိုပြီး အိပ်ချိန် မလိုပါဘူး” ဟု ‘ဒီပ,မာ’ပြောခဲ့သည့်နေ့မှ စ၍ ကျွန်မ၏ အိပ်ချိန်ကို လျှော့ကာ ညဖက်တွင် တခါတရံ သန်းခေါင်တိုင်အောင်လည်းကောင်း၊ မနက်စောစော ၂-နာရီ သို့မဟုတ် ၃-နာရီတွင် အိပ်ရာမှ ထ၍လည်းကောင်း တရားရှုမှတ်ခဲ့ပါသည်။

ကျန်းမာမှ အဆက်မပြတ် အမြဲ တရားရှုမှတ်နေနိုင်မယ်။ ကျန်းမာအောင် ငါးပါးသီလကို နေ့စဉ် လုံခြုံအောင် ထိန်းသိမ်းပါဟုလည်း ဆိုခဲ့ပါသေးသည်။

ပရီတီမိုရီ ဘရူးဝါး

________________________________________________


တတ်နိုင်သမျှ လုပ်


“နာနီ(ဒီပ,မာ) ဝိပဿနာသင်ပေးတယ်လို့ သတင်းကြားတယ်၊ ဝိပဿနာဆိုတာ ဘာလဲ နာနီ” ဟု ကျွန်မမေးသောအခါ နာနီက ဝိပဿနာအကြောင်း ရှင်းပြပါသည်။

“ငါလဲ တချိန်က မင်းလို ဒုက္ခပင်လယ်ကြောမှာ မျောနေခဲ့တာပဲ၊ ဒီဒုက္ခတွေက လွတ်အောင် တနည်းနည်းနဲ့ မင်း ကူးမြောက်နိုင်ပါလိမ့်မယ်”

“ကျွန်မမှာ အမေကတဖက်၊ သားကတဖက် စိတ်ပူစရာတွေနဲ့၊ မိသားစုကိစ္စလဲ ကျွန်မပဲ၊ ကျွန်မတို့ရဲ့ မုန့်လုပ်ငန်းကိုလဲ ကျွန်မပဲ ဦးစီးနေရတာ၊ ဝိပဿနာအားထုတ်ဖို့ ဖြစ်နိုင်မယ် မထင်ဘူး”

“ဘယ်သူပြောလဲ မဖြစ်နိုင်ဘူးလို့၊ သားနဲ့ အမေ့အကြောင်း စဉ်းစားနေရင် သားနဲ့ အမေအကြောင်း စဉ်းစားနေတယ်လို့ သတိရှိလိုက်ပါ။ အိမ်အလုပ်တွေ လုပ်နေရင် လုပ်နေတဲ့ အလုပ်အပေါ်မှာ သတိရှိနေပါ။ လူ့ဘဝမှ ပြဿနာအားလုံးကို ဖြေရှင်းဖို့ဆိုတာ ဘယ်တော့မှ ဖြစ်နိုင်မှာ မဟုတ်ပါဘူး။ ကြုံတွေ့ ခံစားနေရတဲ့ အဖြစ်အပျက်တွေ အားလုံးအပေါ်မှာသာ သတိရှိနေပါ”

“ဒါပေမယ့် မိသားစုကိစ္စနဲ့ မုန့်လုပ်ငန်းကိစ္စကြားမှာ ကျွန်မအတွက် တရားအားထုတ်နိုင်ဖို့ အချိန်ကလေး ငါးမိနစ်ရှာဖို့တောင် ခပ်ခက်ခက်ပဲ”

“အချိန်ကလေး ငါးမိနစ်ရှာနိုင်ရင် ငါးမိနစ်တရားရှုမှတ်ပါ။ အချိန်နည်းနည်းလေးပဲ ဖြစ်ပါစေ တရားရှုမှတ်ဖို့က အဓိကပဲ”

“ငါးမိနစ်အချိန်ပေးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး နာနီရယ်”

“ဒါဆို မင်း ငါနဲ့ ဒီမှာ ခုပဲ ငါးမိနစ်တရားရှုမှတ်နိုင်မလား”

ကျွန်မအတွက် မငြင်းသာသဖြင့် နာနီနှင့် ငါးမိနစ် တရားထိုင်လိုက်ပါသည်။
အချိန်မပေးနိုင်ကြောင်း အတန်တန်ပြောသည့်ကြားကပင် နာနီက တရားရှုမှတ်ပုံ ရှုမှတ်နည်းကို သင်ပြပေးပါသည်။

နောက်ဆုံးတော့ တနေ့လျှင် ငါးမိနစ်အချိန်ပေးနိုင်ပြီး နာနီသင်ပြသည့်အတိုင်း တရားရှုမှတ်ဖြစ်ပါသည်။
ထိုငါးမိနစ်သော အချိန်ကလေးများသည် ကျွန်မအတွက် အဖိုးမဖြတ်နိုင်ခဲ့ပါ။
နေ့စဉ် ငါးမိနစ်မျှအချိန်ကလေးမှ တဖြည်းဖြည်း တိုး၍ တိုး၍ ရှုမှတ်လာဖြစ်ပါသည်။
တရားရှုမှတ်မှုသည် ကျွန်မအတွက် အရေးအကြီးဆုံး ဖြစ်လာပါသည်။
ဘယ်အချိန်မဆို တရားရှုမှတ်၍သာ နေချင်ပါသည်။
တရားရှုမှတ်ရန်အချိန်ကိုလည်း ပို၍ ပို၍ ပေးလာနိုင်ပါသည်။
တနေ့လျှင် နာရီပေါင်းများစွာ ညဥ့်နက်သည်ထိ တရားရှုမှတ်ဖြစ်လာပါသည်။ တခါတရံ အလုပ်များ အားလုံးပြီးစီးသည့်အခါ ညလုံးပေါက် တရားရှုမှတ်ဖြစ်ပါသည်။

ကျွန်မ မသိခဲ့သော ကျွန်မတွင်ရှိနေသည့် တရားရှုမှတ်ရန် စွမ်းအားနှင့် အချိန်တို့ကို ရှာဖွေတွေ့ရှိခဲ့ပါပြီ။

သုဒိပတိဘရူးဝါး

________________________________________________


ဘာမှ မမြဲ


၁၉၈၄-ခုနှစ်တွင် သားဖြစ်သူ ကွယ်လွန်ခဲ့စဉ် ပြောခဲ့သည့် ‘ဒီပ,မာ’၏ စကားများသည် ကျွန်မအတွက် ထိတ်လန့်တုန်လှုပ်ဖွယ် ဖြစ်၏။
ကျွန်မ မမေ့နိုင်သော လိုက်နာရန် ခဲယဉ်းသည့် ညွှန်ပြချက်တခု ဖြစ်၏။

“မင်းရဲ့သား လောကကြီးထဲက ဒီနေ့ ထွက်သွားပြီ။ ဒီအတွက် မင်း ဘာလို့ တုန်လှုပ်ခြောက်ခြားနေရတာလဲ။ ဘာမဆို မမြဲဘူး၊ မင်းအသက်လဲ မမြဲဘူး၊ မင်းရဲ့ ယောက်ျားလဲ မမြဲဘူး၊ မင်းရဲ့ သားလဲ မမြဲဘူး၊ မင်းရဲ့ သမီးလဲ မမြဲဘူး၊ မင်းရဲ့ ပိုက်ဆံ ငွေကြေးဆိုတာလဲ မမြဲဘူး၊ မင်းရဲ့ အိမ်လဲ မမြဲဘူး၊ ဘာဆို ဘာမှ မမြဲဘူး၊ မြဲတယ်ဆိုတဲ့အရာ ဘာမှ မရှိဘူး။ အသက်ရှင်နေတုန်း မင်းထင်မယ် .. ဒါ ငါ့သမီးပဲ၊ ဒါ ငါ့ယောက်ျားပဲ၊ ဒါ ငါပိုင်ဆိုင်တဲ့ပစ္စည်းတွေ၊ ဒါ ငါ့အိမ်၊ ဒီကားကို ငါပိုင်တာ။ ဒါပေမယ့် မင်းသေသွားရင် ဒါတွေအားလုံး မင်းနောက် ပါမသွားဘူး။
သုဒိပတိ ... မင်းကိုယ်မင်း တရားနဲ့နေတယ်ဆိုတဲ့ လူဆို ..၊ ဘာမှ မမြဲဘူးဆိုတာ မင်းနားလည်သဘောပေါက်ရမှာပေါ့”

သုဒိပတိဘရူးဝါး

________________________________________________


နှစ်ရက် သုံးရက်ပဲ ဖြစ်ဖြစ်


ညနေတိုင်း အမေ့(‘ဒီပ,မာ’၏ညီမ ‘ဒေါ်ဟေမာ’)ကို ဘုန်းတော်ကြီးကျောင်းသို့ လိုက်ပို့ရာတွင် တခါ၌ မြန်မာအမျိုးသမီးတဦးနှင့် စကားစမြည် ပြောဖြစ်ပါသည်။ ထိုအမျိုးသမီးမှာ သားသမီးငယ်များ ရှိပြီး နေ့ခင်းဖက် အလုပ်ကိစ္စများ ပြီးစီး၍ ညဖက် သားငယ် သမီးငယ်များ အိပ်ရာဝင်ပြီးချိန်မှ တရားရှုမှတ်မှုကို ပြုလုပ်နိုင်သူ ဖြစ်သည်။
ထိုသို့ ရှုမှတ်လာခဲ့ရာ ၂-လအတွင်း တရား၏ သဘောသဘာဝများကို တွေ့ရှိလာကြောင်း ပြောပြပါသည်။

ကျွန်မ အားကျပြီး အချိန်ပြည့် စာသင်ကြားပေးနေသည့် အလုပ်နှင့် မဟာဝိဇ္ဇာဘွဲ့အတွက် စာကြည့်နေရသည့် အချိန်များထဲမှ တရားရှုမှတ်ရန် ဆုံးဖြတ်ချက် ချလိုက်ပါသည်။
နံနက်တွင် ၄း၀၀ နာရီအချိန် အိပ်ရာမှ ထ၍ မနက် ၅ နာရီခွဲအထိ တရားရှုမှတ်ပါသည်။
ထိုနောက် ကျောင်းသို့ သွား၍ မွန်းလွဲ ၃ နာရီခွဲထိ စာသင်ကြားပေးရပါသည်။
ထိုနောက် အမေ့ကို ဘုန်းကြီးကျောင်းသို့ လိုက်ပို့ပြီး ည ၉း၀၀ နာရီထိ မဟာဝိဇ္ဇာဘွဲ့အတွက် စာကြည့်ပါသည်။
ထိုနောက် အိမ်မှ ခွေးနှင့်အတူ ၁-နာရီခန့် လမ်းလျှောက်ထွက်ရင်း တရားရှုမှတ်ပါသည်။
ထိုနောက် ည ၁၁း၀၀ နာရီအထိ ထိုင်၍ တရားရှုမှတ်ပြီး အိပ်ရာဝင်ပါသည်။

အချိန်တိုင်းနီးနီးမျှ ကျောင်းအသွား ဘတ်စ်ကားပေါ်တွင်လည်းကောင်း၊ စာသင်နေစဉ်အတွင်းလည်းကောင်း ဘယ်နေရာမဆို ဖြစ်ပေါ်လာသော အာရုံအသီးသီးကို စိတ်ထဲက သိနေအောင် သတိရှိနေအောင် လေ့ကျင့်ပါသည်။
နှစ်ပတ် သုံးပတ်ခန့် ကြာသောအခါ ‘မုနိန္ဒရဂျီး’က ကျွန်မအား ခွင့်ရက်ရှည်ယူ၍ ရိပ်သာ၌ လာရောက် တရားအားထုတ်ရန် တိုက်တွန်းသည်။
ကျောင်းမှ ခွင့်ရက်ရှည်ယူရန် မဖြစ်နိုင်ကြောင်း ပြောသောအခါ ‘မုနိန္ဒရဂျီး’က “ဒါဆို .. ၂-ရက် ၃-ရက်လောက်ဖြစ်ဖြစ် ခွင့်မရနိုင်ဘူးလား”ဟု ဆိုသည်။

ကျွန်မ ခွင့် ၂-ရက်ယူပြီး ကြာသပတေးနေ့မှ တနင်္ဂနွေနေ့ထိ ရိပ်သာသို့ သွားရောက် တရားအားထုတ်ခဲ့ပါသည်။
ကျွန်မအတွက် ရှားရှားပါးပါး ရသောအချိန်ဖြစ်၍ ကြာသပတေးနေ့ တညလုံးနှင့် သောကြာနေ့တွင်လည်း အချိန်ပြည့် တရားရှုမှတ်နေခဲ့ပါသည်။
ကျွန်မအတွက် အဖိုးမဖြတ်နိုင်အောင် အကျိုးများခဲ့ပါသည်။

ဒေါ်သန်းမြင့်

________________________________________________


တန်ဖိုးအရှိဆုံးသော အရာ


ကျွန်တော် ကာလကတ္တား၌ ဝိပဿနာဆိုင်ရာ သုတေသနလုပ်ငန်းများ ပြုလုပ်နေစဉ် အမျိုးသမီးတဦးကို ကျွန်တော့ထံသို့ ‘ဒီပ,မာ’ ခေါ်လာခဲ့ပါသည်။
‘ဒီပ,မာ’၏ အိမ်နီးချင်းဖြစ်သူ အသက် ၆၅-နှစ်အရွယ်ရှိ ‘မဒူရီလာတာ’ ဖြစ်၏။
မဒူရီတို့ မိသားစုမှာ အခြားသော အိန္ဒိယမိသားစုများနှင့် မတူညီလှပေ။ ကျွေးမွေးပြုစုခဲ့သော သားသမီးများမှာ အရွယ်ရောက်လာပြီး တအိုးတအိမ်ထူထောင်ကြသောအခါ အခြားသော အိန္ဒိယမိသားစုများကဲ့သို့ မိဘအိမ်တွင် အတူ မနေကြ။ အဝေးသို့ ပြေးထွက်ကုန်ကြ၏။
ထို့ကြောင့် အိမ်တွင် မဒူရီနှင့် သူ့ခင်ပွန်းသာ ကျန်ရစ်၏။

“မဒူရီ .. ခုဆို မင်းမှာ အိမ်အလုပ်တွေလဲ သိပ်မရှိလှတော့ပါဘူး၊ မင်းတို့ရဲ့ ကြီးဒေါ်ကြီး ‘ဒီပ,မာ’ ဝိပဿနာသင်တန်းပေးတယ်လို့ ကြားတယ်။ သူ့ဆီ သွားကြည့်ပါလား၊ မင်းအတွက် တခုခု လုပ်စရာ ရနိုင်မှာပေါ့”

မဒူရီမှာ ပင်ကိုယ်အားဖြင့် ဉာဏ်လေးသူတဦး ဖြစ်၏။
‘ဒီပ,မာ’ဆီသို့ ရောက်သွားသောအခါ ‘ဒီပ,မာ’က အခြေခံဝိပဿနာရှုမှတ်နည်းဖြစ်သော အသက်ရှူသွင်းလျှင် ဝမ်းဗိုက်ကြီး ဖောင်းလာ၍ အသက်ရှူထုတ်သောအခါ ဝမ်းဗိုက်ကြီး ပိန်ကျသွားပုံကို သတိထား၍ ‘ဖောင်းတယ် ပိန်တယ်၊ ဖောင်းတယ် ပိန်တယ်’ဟု သတိကပ်၍ နေရန် သင်ပြပေး၏။
“ကောင်းပြီလေ”ဟု ဆိုကာ လေးထပ်တွင်ရှိသော ‘ဒီပ,မာ’၏နေအိမ် အခန်းမှ လမ်းတဖက်ရှိ သူ့အိမ်သို့ ပြန်ရန် မဒူရီ ပြင်၏။
လှေခါးမှ ဆင်းလာသည်မှာ တိုက်အောက်သို့ပင် မရောက်သေး။ ‘ဒီပ,မာ’သင်ပြပေးသည်တို့ကို မေ့ကုန်သဖြင့် ‘ဒီပ,မာ’ဆီသို့ ပြန်တက်လာခဲ့ရ၏။

“ဘာလုပ်ရမယ်ဆိုတာ ပြန်ပြောစမ်းပါအုန်း”
“ဖောင်းတယ် ပိန်တယ်၊ ဖောင်းတယ် ပိန်တယ်လို့ မှတ်နေရမှာလေ ..”
“အို .. ဟုတ်သားပဲ၊ ငါ့နှယ် မေ့တတ်ရန်ကော”

ဤကဲ့သို့ လှေခါးအဆင်းမှာပင် ‘ဒီပ,မာ’သင်ကြားပေးသည်ကို မေ့သဖြင့် ၄-ကြိမ်တိုင်တိုင် ပြန်တက်လာခဲ့ရသည်။
‘ဒီပ,မာ’ကလည်း စိတ်ရှည်လက်ရှည် သင်ကြားပေးသည်။
အခြေခံဝိပဿနာရှုမှတ်နည်းမျှကိုပင် နားလည်သဘောပေါက်ရန် မဒူရီအတွက် တနှစ်မျှ အချိန်ကြာခဲ့၏။

တကယ်နားလည်သဘောပေါက်သောအခါ မဒူရီတယောက် ကျားကုတ်ကျားခဲ စွဲစွဲမြဲမြဲ တရားရှုမှတ် အားထုတ်သည်။
တရားအားမထုတ်မီက မဒူရီမှာ အရိုးအဆစ် အကြောရောဂါပေါင်းစုံဖြင့် ၉၀-ဒီဂရီမျှ ခါးကုန်းနေသူ ဖြစ်သည်။
ကျွန်တော်နှင့် တွေ့ဆုံသောအချိန်တွင် မဒူရီတယောက် တရားနှင့် မွေ့လျော်နေပြီ ဖြစ်၏။ ခါးလည်း မကုန်းတော့။ ရောဂါအတော်များများလည်း မရှိတော့။
ရိုးစင်းသော နူးညံ့သော နှစ်လိုဖွယ်ကောင်းသော မဒူရီပါပေ။

“အံ့သြကုန်နိုင်ဖွယ် ဒီအကြောင်းတွေကို တယောက်ယောက်ကို ပြောပြချင်နေတာ အမြဲပဲ။ ဒီအရင် ဘယ်သူ့ကိုမှ ပြောမပြရသေးပါဘူး။ ကျွန်မဘဝမှာ တန်ဖိုးမဖြတ်နိုင်တဲ့အရာပါပဲ”

ဂျက်အင်ဂလာ

________________________________________________


အတွေးမှ လာသော စိတ်လှုပ်ရှားမှုများ


ဗီယက်နမ်ရဟန်းတော် ‘အရှင်ခိပ္ပပညာ’မှာ စိတ်လှုပ်ရှားလွယ်သူတဦး ဖြစ်၏။
၁၉၆၉-ခုနှစ် ၅-ရက်တရားစခန်းတခု၌ ငိုလိုက် ရီလိုက်ဖြစ်နေသော ‘အရှင်ခိပ္ပညာ’ကို ဆရာဖြစ်သူက ရူးသွပ်သွားပြီထင်ကာ အိမ်သို့ ပြန်စေ၏။
ဤအကြောင်းကို ကြားသိသော ‘ဒီပ,မာ’က ‘အရှင်ခိပ္ပပညာ’ကို ပင့်ကာ တရားရှုမှတ်နည်း သင်ပြပေးခဲ့သည်။

“တလလုံး တကာမကြီးရဲ့ အိမ်မှာပဲ ဦးဇင်း တရားရှုမှတ်နေခဲ့တယ်။ ‘ဒီ ငိုလိုက် ရီလိုက်ဖြစ်တာတွေ ပျောက်သွားမှာပါ။ အရာရာတိုင်းကို သတိရှိနေပါ။ ဒီ စိတ်လှုပ်ရှားမှုတွေအားလုံး ပျောက်သွားမယ်။ ဦးဇင်းရဲ့ စိတ်ထဲမှာ ပျော်တယ်ဆိုရင် ပျော်တယ်ဆိုတဲ့အထဲ လိုက်ပြီး မျောပါမနေစေနဲ့။ ပျော်တယ်လို့ပဲ သတိရှိလိုက်ပါ။ ဝမ်းနည်းတယ်ဆိုရင် လိုက်ပြီး ဝမ်းနည်းမနေစေနဲ့။ ဝမ်းနည်းတယ်လို့ သတိရှိလိုက်ပါ။ ဘာပဲ ပေါ်လာ ပေါ်လာ၊ စိတ်မပူနဲ့၊ ပေါ်လာတဲ့ အာရုံအပေါ်မှာသာ သတိရှိလိုက်ပါ’လို့ တကာမကြီးက ညွှန်ပြပါတယ်။”

“ဦးဇင်း နောက်ဆုံးဝင်ရောက်ခဲ့တဲ့ တရားစခန်းတခုမှာ ဒီ စိတ်လှုပ်ရှားမှုအတွေးတွေ ဝင်လာမယ် ကြံရင် တကာမကြီးရဲ့ စကားတွေကို ဦးဇင်း ပြန်သတိရတယ်။ ဒီစိတ်လှုပ်ရှားမှုတွေအတွက် ဦးဇင်းမှာ အတော်လေး အခက်အခဲ ဖြစ်တယ်။ တရားစခန်းကနေတောင် ထွက်သွားချင်မိတယ်။ ဒါပေမယ့် တကာမကြီးရဲ့ ဦးဇင်းအပေါ် ယုံကြည်မှုနဲ့ ‘ဦးဇင်းက ဇွဲကောင်းတယ်။ အရာရာကိုသာ သတိရှိနေပါ။ အခက်အခဲတွေ အားလုံးကို ကျော်လွှားနိုင်ပါလိမ့်မယ်’ဆိုတဲ့ စကားတွေကို ပြန်သတိရပြီး လုံ့လ ဝီရိယ ပိုစိုက် တရားရှုမှတ်ခဲ့ပါတယ်။ သမာဓိတွေလဲ အတော်လေး ကောင်းခဲ့ပါတယ်”

“မကြာခင်မှာပဲ ဒီစိတ်လှုပ်ရှားမှုဆိုတာတွေ အားလုံးဟာ အတွေးတွေက ပေါက်ဖွားလာတာပဲ။ ဘာမှ ထူးထူးဆန်းဆန်း မဟုတ်ပါဘူး။ ဒီအတွေးတွေကသာ စိတ်လှုပ်ရှားမှုတွေကို ဖြစ်ပေါ်စေတယ်ဆိုတာကို ဦးဇင်း သတိပြုမိလာပြီး ဒီအခက်အခဲတွေကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ နောက်ပြီး ဒီအတွေးတွေအားလုံးဟာ အတိတ် ဒါမှမဟုတ် အနာဂတ်အကြောင်းအရာတွေကနေ ဖြစ်လာတယ်ဆိုတာ တွေ့တော့ ဦးဇင်း ပစ္စုပ္ပန်မှာပဲ နေတတ်အောင် ကြိုးစားတယ်။ သတိနဲ့ အမြဲနေတတ်အောင် ပိုပြီး ကြိုးစားတယ်။ ဦးဇင်းမှာ တွေးတယ်ဆိုတဲ့ အချိန်မရှိစေဘဲ သတိနဲ့နေတတ်လာတဲ့အခါ ဦးဇင်းရဲ့ စိတ်လှုပ်ရှားမှုတွေအားလုံး ပျောက်ကုန်တယ်။ ဦးဇင်း တရားရဲ့ သဘောသဘာဝတွေကို တွေ့လာခဲ့ပါတယ်။ ငိုလိုက် ရီလိုက်ဖြစ်တတ်တဲ့ စိတ်လှုပ်ရှားမှုတွေလဲ လုံးဝ ပြန်မလာတော့ပါဘူး”

“၁၉၈၄-ခုနှစ်မှာတော့ ‘ဒီပ,မာ’နဲ့ အမေရိကမှာ ပြန်တွေ့ခဲ့ပါတယ်။
အမေတယောက်က သားကို ပြန်တွေ့သလို ဦးဇင်းကို သူ့ဘေးနားခေါ်ပြီး ဦးဇင်းရဲ့ တရားရှုမှတ်မှုတွေအကြောင်း မေးပါတယ်။
ဦးဇင်းရဲ့ အတွေ့အကြုံတွေ ပြန်ပြောပြတော့ အလွန်ပဲ ဝမ်းမြောက်ရှာပါတယ်”

အရှင်ခိပ္ပပညာ

________________________________________________


သူခိုးတဦးသို့ မေတ္တာ


လွန်ခဲ့သော ၂-နှစ်အတွင်း နယူးယောက်သို့ သွားတိုင်း ကျွန်တော့ကားမှန်ကို ရိုက်ခွဲပြီး ကားရေဒီယို အခိုးခံရလေ့ရှိ၏။
သည်တကြိမ် နယူးယောက် ကွင်းအရပ်ရှိ မိတ်ဆွေတဦး၏ မင်္ဂလာဆောင်သို့ ဖိတ်ကြားလာသောအခါ နယူးယောက်သို့ ရထားဖြင့် သွားရန် စဉ်းစားနေကြောင်း ‘ဒီပ,မာ’အား ပြောပြမိသည်။

“အရေးထားမနေပါနဲ့၊ ကားနဲ့သာ သွားစမ်းပါ”ဟု ‘ဒီပ,မာ’က ဆိုသဖြင့် နောက်ဆုံးတွင် ကားဖြင့်သာ သွားဖြစ်၏။
ထိုစဉ်က ကားတွင် ကားလုံခြုံရေးစနစ်ကို တပ်ဆင်ထားပြီး ဖြစ်၏။

မင်္ဂလာဆောင်မှ အပြန် ရပ်ထားခဲ့သော ကားဆီ ရောက်သောအခါ ထင်သည့်အတိုင်း ကားမှန်ကို ရိုက်ခွဲထားပြီး ဖြစ်၏။ သည်တကြိမ်တွင် ကားရေဒီယိုသာမက တိတ်ခွေများပါ ယူသွား၏။

နယူးယောက်မှ ပြန်လာပြီး အိမ်ထဲ ရောက်လျှင်ရောက်ချင်း “မင်္ဂလာဆောင် ဘယ်လိုလဲ”ဟု ‘ဒီပ,မာ’က ဆီးမေးသည်။
“မင်္ဂလာဆောင်ကတော့ စည်စည်ကားကားပါပဲ၊ ခုတခါလဲ ကားမှန်ခွဲပြီး ရေဒီယိုရော တိတ်ခွေတွေရော ယူသွားတာတော့ တကယ်စိတ်ဆိုတယ်”ဟု ပြန်ပြောသောအခါ ‘ဒီပ,မာ’က အားပါးတရ ရယ်မောတော့၏။
“ရီစရာကောင်းလို့လား”ဟု ကျွန်တော် မကျေမနပ် ပြန်မေးမိသည်။

“စတိဗ် .. အရင်ဘဝက မင်း သူခိုးဖြစ်ခဲ့တယ် ထင်တယ်။ နောက်ထပ် ဘယ်နှကြိမ်လောက်များ မင်းကားရေဒီယို အခိုးခံရလိမ့်မယ် ထင်သလဲ”
“နာနီပဲ ပြောစမ်းပါဦး၊ နောက်ထပ်ဘယ်နှကြိမ်လဲ၊ ပြောပါ .. အဆင်သင့် ပြင်ထားရအောင်”

‘ဒီပ,မာ’က ကျွန်တော့မေးခွန်းကို အလေးမထားဘဲ “ပြောစမ်းပါဦး၊ မင်းကား အဖောက်ခံရတော့ မင်း ဘယ်လိုဖြစ်သလဲ၊ ဘာလုပ်သလဲဆိုတာ”
“တကယ်ကို စိတ်ဆိုးတယ်၊ အကြိမ်ပေါင်းလဲ မနည်းတော့ဘူး၊ ဒီတခါ ကားလုံခြုံရေးစနစ်ကိုလဲ တပ်ထားတယ်ဆိုတော့ ...”

‘ဒီပ,မာ’က ကျွန်တော့ကို တအံ့တသြ ကြည့်နေ၏။
“အော် .. မင်းကားရေဒီယို ယူသွားတဲ့လူအတွက် မင်းဘာမှ နည်းနည်းလေးတောင် မစဉ်းစားဘူးပေါ့လေ၊ သူ့ခမျာ ဘယ်လောက်များ သနားစရာကောင်းလိုက်မလဲ”

‘ဒီပ,မာ’ မျက်လုံးမှိတ်ကာ ပါးစပ်မှ တတွတ်တွတ် ရွတ်ဆိုနေတော့၏။
ကားသူခိုးအတွက် မေတ္တာပို့သနေခြင်းပင် ဖြစ်သည်။
ကျွန်တော့အတွက်ကား အံ့သြကုန်နိုင်ဖွယ် သင်ခန်းစာတရပ်ပင် ဖြစ်၏။

စတီဗင်ရှဝပ်ဇ်

________________________________________________

‘ဒီပ,မာ’၏ညီမဖြစ်သူ ‘ဒေါ်ဟေမာ’သည် ကလေး ၈-ယောက်၏ မိခင် ဖြစ်၏။
အိမ်တွင် မိဘများနှင့် အတူနေဆဲဖြစ်သော ကလေး ၅-ယောက်အနက် မသန်းမြင့်လဲ တယောက် အပါအဝင် ဖြစ်၏။

ကောလိပ်ကျောင်းပိတ်ရက် မသန်းမြင့် အိမ်သို့ ပြန်ရောက်သောအခါ အမေဖြစ်သူ ဒေါ်ဟေမာကို အိမ်တွင် မတွေ့ရ။
မသန်းမြင့်အတွက် ထူးဆန်းနေ၏။ အမေသည် ဘယ်သောအခါမျှ အိမ်ကနေ အဝေးသို့ သွားလေ့သွားထ မရှိ။
မောင်လေးနှင့် ညီမလေးများက အမေ မဟာစည်သာသနာ့ရိပ်သာသို့ သွားသည်ဟု ဆိုကြ၏။
ရိပ်သာသို့ မသန်းမြင့် ချက်ချင်းပင် လိုက်သွားသည်။
ရိပ်သာဓမ္မာရုံတွင် မုနိန္ဒရဂျီး၏ နောက်နားတွင် တည်ငြိမ်အေးဆေးစွာ ထိုင်နေသော အမေ့ကို တွေ့ရသည်။
အမေက မသန်းမြင့် ရောက်လာသည်ကိုပင် ဂရုမထား။
မသန်းမြင့် အမေ့ကို အားကျသွားသည်။
အမေ့ကဲ့သို့ ငြိမ်းအေးချင်၏။
အမေ့ကို ပြောင်းလဲသွားစေနိုင်သော တရားရှုမှတ်မှု၌ အလွန်ကြီးမားသော တန်ခိုး စွမ်းအင်များ ရှိနိုင်သည်။
မသန်းမြင့် တရားရှုမှတ်ရန် ဆုံးဖြတ်လိုက်သည်။
နောင်တွင် တရားရှုမှတ်မှုသည် ကိုယ်စိတ်နှစ်ပါး တည်ငြိမ်အေးချမ်းရုံမျှသာ မဟုတ်ကြောင်း တွေ့ရှိလာခဲ့ပါသည်။

အမေ့ပြောင်းလဲမှုများနှင့် ပတ်သက်၍ အားမကျရုံသာမက အပြစ်မြင်သူတဦးတော့ အိမ်တွင် ရှိ၏။
အိမ်အလုပ်များ မလုပ်ဘဲ အချိန်ရှိသမျှ ထိုင်နေတာပဲဟု မြည်တွန်တောက်တီးလာသူမှာ မသန်းမြင့်တို့အဖေ ဖြစ်၏။
‘မဟာစည်ဆရာတော်ဘုရားကြီးကို သွားတိုင်ပြောမယ်’ဟုပင် အဖေက အမေ့ကို ခြိမ်းခြောက်လာသည်။
အမေက ‘ရှင့်သဘောပဲ’ဟု အေးအေးဆေးဆေး ပြန်ပြောခဲ့သည်။

အဖေသည် တကယ်ပင် မဟာစည်ဆရာတော်ဘုရားကြီးထံသို့ သွားရောက်ခဲ့သည်။
မဟာစည်ဆရာတော်ကြီးက အဖေ့ကို တရားရှုမှတ်နည်း သင်ကြားပေးလိုက်၏။
မကြာခင် အဖေ တရားသဘောတွေ့လေပြီ။
အမေ့ကို ထိုင်ပဲထိုင်နေလွန်းတယ် ဟူ၍ ဘယ်တော့မှ မြည်တွန်ခြင်း မရှိတော့ချေ။

၁၉၆၅-ခုနှစ်၌ မုနိန္ဒရဂျီး အိန္ဒိယသို့ ပြန်သွားခဲ့ပြီး ၁၉၆၆-ခုနှစ်တွင် ‘ဒီပ,မာ’ကိုယ်တိုင်ပင် ဆွေမျိုးသားချင်းများနှင့် မိတ်ဆွေများကို သူနှင့်အတူ တရားရှုမှတ်ရန် တိုက်တွန်းခဲ့သည်။
‘ဒီပ,မာ’ထံ ပထမဦးဆုံး ပုံမှန် လာရောက် တရားရှုမှတ်သူမှာ အိမ်နီးနားချင်း ‘မလတီဘရူးဝါး’ ဖြစ်သည်။
မလတီမှာ ကလေးငယ် ခြောက်ယောက်ကို ကျွေးမွေး စောင့်ရှောက်နေရသည့် မုဆိုးမတဦး ဖြစ်သည်။ မလတီတွင် ကြီးမားသော အခက်အခဲတခု ရှိနေ၏။ တရားရှုမှတ်ရန် စိတ်အား ထက်သန်သော်လည်း ကလေးငယ်များ ရှိနေ၍ အိမ်မှ တဖဝါးခွာရန် ခက်နေခြင်း ဖြစ်သည်။

တရားရှုမှတ်ရန်အတွက် အချိန်အခါ နေရာမရွေးဟု ‘ဒီပ,မာ’ ယုံကြည်၏။
မလတီကို သူ့အိမ်မှာနေရင်း တရားရှုမှတ်နိုင်အောင် သင်ပြပေးသည်။
မလတီအတွက် ကမ္မဋ္ဌာန်းအာရုံအဖြစ် ကလေးကို နို့တိုက်သည့်အခါတိုင်း ကလေးငယ်က နို့သီးခေါင်းကို ဆတ်ကနဲ ဆတ်ကနဲ စုပ်ယူ၍ နို့စို့သည်ကို သတိပြု မှတ်ခိုင်းသည်။
ဤနည်းဖြင့် မလတီအတွက် အိမ်တွင် နေရင်း နာရီပေါင်းများစွာ တရားရှုမှတ်နိုင်၏။

နေ့စဉ် လူမှုဘဝ အိမ်မှုကိစ္စများတွင် ကျင်လည်နေကြရသည့် အလုပ်များသူများအတွက် တရားရှုမှတ်တတ်ရန် ‘ဒီပ,မာ’က သင်ပြပေးခဲ့လေသည်။

No comments: