Tuesday, October 14, 2008

သီတင်းကျွတ်လပြည့်နေ့ သံဃပဝါရဏာပြုပွဲ-အရှင်ဣန္ဒက


ဝိနည်းပညတ်တော်အရ ရဟန်းတော်များသည် သီတင်းကျွတ်လပြည့်နေ့တွင် သိမ်ထဲ၌ စုဝေး၍ ပဝါရဏာပြုကြရပါသည်။
‘ပဝါရဏာ’ဟူသည် ရဟန်းအသီးသီး သံဃာအား အပြစ်များရှိလျှင် ပြောကြားရန် ဖိတ်ကြားခြင်း ဖြစ်၏။
ဝါတော်အကြီးဆုံး မထေရ်ကြီးမှ စ၍ ဝါအငယ်ဆုံး ရဟန်းအထိ တပါးစီ ဖိတ်ကြား လျှောက်ထားကြရလေသည်။
“တပည့်တော် .. သံဃာကို ဖိတ်ကြားပါသည်။ မြင်ခြင်းဖြင့်လည်းကောင်း၊ ကြားခြင်းဖြင့်လည်းကောင်း၊ ယုံမှားခြင်းဖြင့်လည်းကောင်း တပည့်တော်ကို အရှင်မြတ်တို့ ပြောကြားတော်မူကြပါ။ အပြစ်တွေ့မြင်ပါက တပည့်တော် ပြုပြင်ပါမည်”ဟု ဖိတ်ကြားခြင်း ဖြစ်၏။

ကျောင်းအသီးသီးမှ သံဃာတော်များ တကျောင်းတည်းမှာ စုပေါင်း၍ သိမ်ထဲ၌ ပဝါရဏာပြုခြင်းကို သံဃပဝါရဏာပြုသည် ဟု ခေါ်ပါသည်။

နယူးယောက်၊ နယူးဂျာစီ၊ မေရီလင်းပြည်နယ် ကျောင်းများမှ သံဃာတော်များသည် ရှေးအခါက မိမိတို့ကျောင်းများမှာသာ ပဝါရဏာပြုကြသော်လည်း ၁၉၉၇-ခုနှစ်မှ စ၍ တကျောင်းတည်း၌ စုဝေး၍ သံဃပဝါရဏာပြုကြလေသည်။
၁၃၅၉-ခုနှစ် သီတင်းကျွတ်လပြည့်နေ့၌ နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်းတွင် ပထမဆုံးအကြိမ် သံဃပဝါရဏာပွဲတော်ကို ကျင်းပနိုင်ခဲ့ပါသည်။ ဘော်လ်တီမိုး ကေလာသဝိဟာရကျောင်း၊ ဝါရှင်တန် မင်္ဂလာရာမကျောင်း၊ နယူးဂျာစီ မဟာစည်ရိပ်သာကျောင်း၊ နယူးယောက် လောကချမ်းသာဘုရားကျောင်းများမှ သံဃာတော်များ စုဝေး၍ သံဃပဝါရဏာပြုခဲ့ကြပါသည်။

၁၃၆၀-ခုနှစ် သီတင်းကျွတ်လပြည့်နေ့၌ ဘော်လ်တီမိုး ကေလာသဝိဟာရကျောင်း၌ ဒုတိယအကြိမ် သံဃပဝါရဏာပြုပွဲ ကျင်းပခဲ့၍ ၁၃၆၁-ခုနှစ် သီတင်းကျွတ်လပြည့် သံဃပဝါရဏာပွဲကို ဝါရှင်တန် မင်္ဂလာရာမကျောင်း၌ တတိယအကြိမ်မြောက်အဖြစ် ကျင်းပပါသည်။

ဤသို့ သံဃာတော်များ တနှစ်တကြိမ် ကျောင်းအလှည့်ကျအားဖြင့် သံဃပဝါရဏာပွဲ ပြုလုပ်သွားခြင်းကြောင့် သံဃာအချင်းချင်း တွေ့ဆုံခွင့် ရကြပါသည်။ သံဃာညီညွတ်မှုကိုလည်း ဖြစ်စေပါသည်။ မြတ်စွာဘုရား၏ ဝိနည်းပညတ်တော်ကို လေးစားလိုက်နာခြင်းလည်း ဖြစ်ပါသည်။
ဒကာ ဒကာမများဘက်မှလည်း ကျောင်းတိုက်အသီးသီးမှ သံဃာတော်များအား ဖူးမြော်ရ တရားနာရ သံဃာ့ဒါနဆွမ်းဆက်ကပ်လှူဒါန်းရခြင်း ဟူသော ကောင်းမှုကုသိုလ်များကို ပြုလုပ် ဆည်းပူးခွင့် ရကြပါသည်။

မြတ်စွာဘုရားသည် ဝဂ္ဂုမုဒါမြစ်ကမ်းပါး၌ နေထိုင် ဝါဆို ဝါကပ်ကြသည့် ဝဂ္ဂုမုဒါရဟန်းများကို အကြောင်းပြု၍ ရဟန်းများ သီတင်းကျွတ်လပြည့်နေ့၌ ပဝါရဏာပြုရန် ပညတ်တော်မူခဲ့ခြင်း ဖြစ်ပါသည်။

ထိုရဟန်းများသည် ဝဂ္ဂုမုဒါမြစ်ကမ်းပါးအနီး၌ ဝါဆိုကြစဉ် ဝါတွင်းသုံးလ၌ တပါးနှင့်တပါး ကိစ္စတစုံတရာရှိပါက ကိုယ်အမူအရာနှင့်သာ သိစေပြီး စကားမပြော နှုတ်မမြွက်ဘဲနေလျှင် ချမ်းချမ်းသာသာ နေကြရလိမ့်မည်ဟု တိုင်ပင်ကာ စကားမပြောကြဘဲ နေခဲ့ကြလေသည်။
သီတင်းဝါလကျွတ်သောအခါ မြတ်စွာဘုရားထံ သွားရောက် ကန်တော့ကြ၍ ဘုရားရှင်သည် “ရဟန်းများတို့၊ ဝါတွင်းမှာ ချမ်းချမ်းသာသာ နေထိုင်ခဲ့ကြရရဲ့လား၊ ဆွမ်းဘောဇဉ် မျှမျှတတ ရရှိကြရဲ့လား”ဟု မေးတော်မူ၏။
ထိုအခါ ရဟန်းများက “တပည့်တော်များ ချမ်းချမ်းသာသာ နေခဲ့ကြရပါသည်။ ဆွမ်းဘောဇဉ်လည်း ပြည့်စုံကြပါသည်။ တပါးနှင့်တပါး ကိစ္စရှိလျှင် ကိုယ်အမူအရာနှင့်သာ သိစေ၍ စကားမပြောဘဲ နေထိုင်ရန် ကတိကဝတ်ထား၍ နေခဲ့ကြပါသည်” ဟု လျှောက်ထားရာ ဘုရားရှင်ကိုယ်တော်မြတ်သည် ဤသို့ နေထိုင်ခြင်းကို မနှစ်မြို့တော်မူ၍ သင်တို့သည် ဝက်တို့ကဲ့သို့ စကားမပြောကြဘဲ နေထိုင်ခဲ့ကြသည်။ ဤကဲ့သို့ တပါးနှင့်တပါး စကားမပြောဘဲ မနေထိုင်အပ်။ ဝါကျွတ်ကာလ သီတင်းကျွတ်လပြည့်နေ့၌ တပါးနှင့်တပါး အပြစ်ရှိက ပြောကြားနိုင်ရန် ဖိတ်ကြားထားကြရမည် ဟု အမိန့်တော် ပညတ် ချမှတ်တော်မူလေသည်။

ဤသို့ တပါးနှင့်တပါး အပြစ်ရှိက ပြောကြားရန် ဖိတ်ကြားခြင်းသည် သံဃာညီညွတ်မှုကို ဖြစ်စေနိုင်ပေသည်။
သံဃာတော်များ ညီညွတ်မှသာလျှင် ချမ်းသာစွာ နေထိုင်နိုင်ပေသည်။
ထို့ကြောင့် “သုခေါ သံဃဿ သာမဂ္ဂီ - ညီညွတ်သည့် သံဃာသည် ချမ်းသာ၏” ဟု ဘုရား ဟောတော်မူ၏။
သံဃာညီညွတ်လျှင် တရားဓမ္မကိုလည်း ကောင်းစွာ အားထုတ်နိုင်၏။
ညီညွတ်သည့် သံဃာများကို ဖူးမြင်ကြရသူ လူအပေါင်းလည်း စိတ်ချမ်းသာကြလေသည်။
ပဝါရဏာပြုခြင်းသည် သာသနာတော်ကြီးပွားကြောင်း အကျင့်ကောင်း အကျင့်မြတ် ဖြစ်၏။

တပါးနှင့်တပါး အပြစ်ရှိသည်ကို မပြောရဲ မဆိုရဲ ဖြစ်နေပါက မည်သို့မျှ သံဃာ့ညီညွတ်ရေးကို တည်ဆောက်နိုင်မည် မဟုတ်ပေ။
တပါးနှင့်တပါး စကားမပြောနိုင်ခြင်းသည် စင်စစ်အားဖြင့် မိမိတို့သန္တာန်၌ ကိန်းဝပ်နေသည့် ငါတည်းဟူသော မာန်မာနစိတ်၊ ရန်လို တိုက်ခိုက်လိုသည့် ဒေါသစိတ် ဣဿာမစ္ဆေရစိတ်များ ပြင်းထန်နေသောကြောင့်သာ ဖြစ်လေသည်။
ဤစိတ်ကြမ်းများကြောင့် မိမိလည်း စိတ်မချမ်းသာနိုင်ပါ။ မိမိပတ်ဝန်းကျင် သံဃာကိုလည်း ဆင်းရဲစေပါသည်။
သို့မဟုတ်ဘဲ ပဝါရဏာပညတ်တော်ကို လေးလေးစားစား ကျင့်သုံး၍ တပါးနှင့်တပါး မေတ္တာတရားထားကာ ပြောဆိုဆက်ဆံ နေထိုင်သွားကြပါလျှင် ယင်းမကောင်းစိတ်များ ကင်းကွာပြီး ချမ်းသာစွာ နေကြရမည်အမှန် ဖြစ်လေသည်။

ဤနေရာ၌ ပဝါရဏာပညတ်တော်ကို အမြဲထာဝရ ကျင့်သုံးနေထိုင်ခဲ့သည့် ဗုဒ္ဓ၏သားတော် ရှင်ရာဟုလာကို အတုယူသင့်ပေသည်။
ရှင်ရာဟုလာသည် အလွန်ပင် စိတ်ထားနူးညံ့၏။ မိမိ၏အပြစ်များကို ပြောကြားဆုံးမမည့် ပုဂ္ဂိုလ်များကို အမြဲ ဖိတ်ခေါ်လျက် နေ၏။
လက်ခုပ်ထဲမှာ သဲများကို ထည့်၍ “ငါ့အား ပြောဆို ဆုံးမမည့်သူများ ဤသဲနှင့်အမျှ ရှိပါမူ ကောင်းလေစွ” ဟု တောင့်တလေ့ ရှိပါသတဲ့။

ဤသို့ ပြောဆို ဆုံးမလွယ်ခြင်းသည် သာသနာတော်၌ “သုဗ္ဗစ” ဟူသော ဂုဏ်တရပ် ဖြစ်၍ ဘုရားရှင် အလွန် ချီးမွမ်းတော်မူ၏။

ဓမ္မပဒ အရှင်ရာဓဝတ္ထု၌လည်း ဘုရားရှင်သည် “မိမိအား အပြစ်ပြ၍ ဆိုဆုံးမသူကို မြေကြီးထဲမှာ မြုပ်ထားသည့် ရွှေအိုးကို ညွှန်ပြပေးသူကဲ့သို့ပင် ဝမ်းသာစွာ လိုက်နာရမည်။ ထိုပညာရှိအား ဆည်းကပ်ခြင်းဖြင့် မိမိမှာ ဆုတ်ယုတ်မှု မရှိနိုင်။ ကြီးပွားခြင်းသာ ဖြစ်သည်” ဟု ဟောတော်မူ၏။
အရှင်ရာဓမထေရ်သည် လူ့ဘဝ၌ သံဃာတော်များအား ကြိုးနွံစွာ ပြုစုလုပ်ကျွေးနေထိုင်ခဲ့၏။ ရဟန်းဝတ်ခွင့်ရသောအခါမှာလည်း မိမိဆရာသမားနှင့် သီတင်းသုံးဖော် သံဃာတော်များ၏ စကားကို ကောင်းစွာ လေးစားလိုက်နာ ကျင့်ကြံနေထိုင်ခဲ့သည့် ‘သုဗ္ဗစ’ ပုဂ္ဂိုလ်ဖြစ်သောကြောင့် နောက်ဆုံး ရဟန္တာပုဂ္ဂိုလ် ဖြစ်ခဲ့လေ၏။

သာသနာတော်၌ မဂ်ဖိုလ် နိဗ္ဗာန်ဟူသော ကောင်းကျိုးချမ်းသာကြီးကို သုဗ္ဗစပုဂ္ဂိုလ် ဆိုဆုံးမလွယ်သူများသာ ရရှိ ရောက်ရှိနိုင်ကြပေသည်။

ပဝါရဏာပြုခြင်း၏ အဓိက ရည်ရွယ်ချက်မှာ တဦးနှင့်တဦး ပြောနိုင်ဆိုနိုင်အောင် ဖိတ်ကြားခြင်းဖြစ်ရာ ကျောင်းအသင်းအဖွဲ့အစည်းများ၌လည်း သံဃာတော်များနှင့် အကျိုးတော်ဆောင်များ၊ အကျိုးတော်ဆောင်အချင်းချင်း တဦးနှင့်တဦး ပြောနိုင်ဆိုနိုင်အောင် ဖိတ်ကြားထားသင့်ပေသည်။
သို့မှသာ သာသနာရေးကိစ္စ လူမှုရေးကိစ္စများကို တိုင်တိုင်ပင်ပင် ပြုလုပ် ဆောင်ရွက်နိုင်ကြပေမည်။

ပဝါရဏာစိတ်ထား စိတ်ဓာတ်အပြည့်ဖြင့် သာသနာပြုကြပါစို့ဟု တိုက်တွန်းလိုက်ရပါသတည်း။

(လောကချမ်းသာ၊ အတွဲ-၉ အမှတ်-၄၊ ၁၉၉၉-ခုနှစ် အောက်တိုဘာ/နိုဝင်ဘာ မှ)

No comments: