Monday, March 17, 2008

သန့်ရှင်းရေး လုပ်အားပေးပွဲ - ၂၀၀၈ မတ် (၉)


နယူးဂျာစီ မဟာစည်သတိပဋ္ဌာန်ရိပ်သာနှင့် ဆုတောင်းပြည့် ဓာတ်ပေါင်းစု လောကချမ်းသာစေတီတော်မြတ်ကြီး၏ ဘုရားဝတ္တကမြေနေရာသစ် သန့်ရှင်းရေးလုပ်အားပေးပွဲသို့ သွားရောက်လိုပါက လောကချမ်းသာဘုရားကျောင်းသို့ မတ်လ (၉)ရက် တနင်္ဂနွေနေ့ အရောက်လာရန် မိတ်ဆွေဖြစ်သူ ဆရာစောက လွန်ခဲ့သော တပတ်ခန့်ကတည်းက မှာထား၏။

မတ်လ (၉)ရက် တနင်္ဂနွေနေ့မနက် အိပ်ရာမှ ထသောအခါ နွေဦးရာသီ daylight saving time အတွက် ၁-နာရီ ရှေ့သို့တိုးထားရာ အိပ်ရေးကောင်းစွာ မဝချင်။

လောကချမ်းသာဘုရားကျောင်းရောက်တော့ နံနက် ၉း၀၀ နာရီထိုးရန် ၁၀-မိနစ်သာ လိုတော့၏။

ဆရာစောနှင့်အဖွဲ့ကား ရောက်နေပြီ။

ဆရာစောက တရုတ်တန်းမှ ဝယ်လာသော ကော်ဖီနှင့် မုန့်များဖြင့် ဧည့်ခံနေ၏။

ဦးမြင့်သိန်းက လက်ဖက်ရည်ဖျော်ရန် ပြင်ဆင်နေ၏။

လော်ရင်းနှင့်အဖွဲ့က လုပ်အားပေးများအား ကျွေးမွေးရန် ဟင်းများကို အဆင်သင့် ချက်ပြုတ်ထားပြီးဖြစ်ရာ ဟင်းအိုးများကို သယ်ယူသွားရန် ပြင်ဆင်နေကြသည်။

ခဏအကြာတွင် ဇီးကုန်းဦးခင်မောင်ဝင်းမှ ဖုန်းဆက်လာ၏။ သူ့ကားဖြင့်အတူလိုက်မည့် ကိုဖိုးထိန်မှာ နယူးဂျာစီ မဟာစည်သတိပဋ္ဌာန်ရိပ်သာသို့ သွားသည့် လမ်းခရီးကို ကောင်းစွာ ညွှန်ပြနိုင်သဖြင့် လောကချမ်းသာဘုရားကျောင်းသို့ မလာတော့ဘဲ နယူးဂျာစီသို့ တိုက်ရိုက်သွားမည်ဟု ဆို၏။

နယူးယောက်မှ လုပ်အားပေးအဖွဲ့များသည် နံနက် ၉ နာရီခွဲခန့်တွင် ထွက်လာကြ၏။

နံနက် ၁၀ နာရီခွဲသာသာတွင် နယူးဂျာစီ မဟာစည်သတိပဋ္ဌာန်ရိပ်သာသို့ ရောက်၏။


(နယူးဂျာစီ မဟာစည်သတိပဋ္ဌာန်ရိပ်သာကျောင်း)


ဝင်းပသော နေရောင်ခြည်နှင့် တိမ်များကင်းစင်သဖြင့် ပြာသော ကောင်းကင်အောက်တွင် လောကချမ်းသာစေတီတော်မြတ်ကြီးကို ကြည်ညိုဖွယ် ဖူးမြော်ရ၏။









ရောက်ရောက်ချင်းပင် ဆရာတော် ဦးပညာသီဟက ဘုရားဝတ္တကမြေနေရာသစ်သို့ ခေါ်သွားကာ လုပ်ဆောင်ရမည့် အလုပ်များကို ရှင်းလင်းပြသသည်။

ယမန်နေ့က လေပြင်းတိုက်၍ မိုးရွာထားသဖြင့် အချို့နေရာများတွင် ရေစပ်စပ်ရှိနေ၏။ ဓမ္မာရုံအမိုးအချို့ လေပြင်းဒဏ်ကြောင့် လန်ထွက် ပျက်စီးသွားသည်။

အပူချိန် ၄၀ ဒီဂရီ ဖာရင်းဟိုက်အောက်သာ ရှိပြီး လေအနည်းငယ်တိုက်နေသဖြင့် အေးလာသည်။ လှုပ်လှုပ်ရှားရှား အလုပ်လုပ်နေလျှင်တော့ နည်းနည်း သက်သာမည်။

မကြာခင် နယူးဂျာစီမှ လုပ်အားပေးအဖွဲ့များလည်း ရောက်လာကြသည်။

နံနက် ၁၁ နာရီတွင် ဆရာတော် ဦးပညာသီဟအား ဆွမ်းကပ်ပြီး လုပ်အားပေးများအား နံနက်စာ ကျွေး၏။

ဝက်သားဟင်း၊ ပုစွန်ဆီပြန်၊ ချဉ်ရည်ဟင်း၊ ငါးပိကောင်းဟင်း၊ ငါးပိချက်၊ မန္တလေးပဲကြော် အစပ်တည့်ပြီး ထမင်းစားကောင်းကြ၏။

“စားထားကြ .. စားထားကြ .. ဝအောင် စားထားကြနော်၊ ပြီးမှ ခြံထဲခေါ်သွားမယ်” ဟု တချို့ သန့်ရှင်းရေးလုပ်အားပေးရမည်ကို မသိသေးသောသူများကို ဆရာစောက နောက်သည်။

ထမင်းစားအပြီး ကိုကျော်နှင့် ကိုထွန်းထွန်းတို့က ဓမ္မာရုံအမိုး ပြုပြင်ရန် လိုအပ်သောပစ္စည်းများ အပြင်ထွက်ဝယ်ကာ ပြင်ဆင်ကြသည်။

နယူးယောက် နယူးဂျာစီ လုပ်အားပေးများသည် မဟာစည်သတိပဋ္ဌာန်ရိပ်သာနှင့် ဆက်စပ်လျက်ရှိသော ဘုရားဝတ္တကမြေနေရာသစ်ကို ပိုင်းခြားထားသည့် ခြံစည်းရိုးကို ဖြုတ်ခြင်း၊ ချုံနှင့် အမှိုက်များ ရှင်းခြင်းတို့ကို တနေကုန် ဆောင်ရွက်ကြသည်။








ဘုရားဝတ္တမြေနေရာသစ်မှာ ၂-ဧက ကျယ်ဝန်းသဖြင့် တနေ့တည်းဖြင့် မပြီးနိုင်သောကြောင့် မတ်လ (၂၃)ရက် တနင်္ဂနွေနေ့တွင် ထပ်မံ လုပ်အားပေးကြရန် စီစဉ်ကြရသည်။

No comments: