(၁၂၅၅-ခုနှစ်အတွင်း မိုးကုတ်မြို့ ပတ္တမြားသေဌေး ဦးမှတ်သို့ ပေးသော မေတ္တာစာ)
မုံရွာမြို့ သာဓုဇန ပါသာဒိကာရာမ မည်သော
လယ်တီတောကျောင်းတိုက်နေ
သံဃာတော် လေးကျိပ်ကျော်တို့နှင့်
၎င်းတိုက်ဆရာတော် မေတ္တာရပ်ခံအပ်သည်။
ဇမ္ဗူ့ပတ်ကုံး၊ မြေအလုံးတွင်
စံနှုန်းမဖက်၊ ဝင်းထိန်လက်
အမျက်ရတနာ၊ နီလာမျိုးမှန်
အဖိုးတန် ပတ္တမြား ဖြစ်ပွားပေါ်ထွန်းရာ
မဟာကမ္ဗောဇ၊ တိုင်းများအချုပ်
မိုးကုတ်မြို့ဇာတိ
မဏိသေဌေးကြီး တဦးဟု
အထူးပွင့်လင်း၊ သတင်းကြီးစွာ
တတိုင်းလုံး သာပေသော ဒါယကာ မောင်မှတ် -
ဒူရေ သန္တော ပကာသေန္တိ၊
ဟိမဝန္တောဝ ပဗ္ဗတော။ (ဓမ္မပဒ-ပါ၊ နှာ-၅၆)
မိန့်ဟောဓမ္မစက်၊ ရွှေကျမ်းထွက်အရ
ဒါန ပါရမီ၊ စာဂီအမူ
အလှူအစွန့်၊ ဝံ့ဝံ့စားစား
ရက်ရောသူအများတွင်
ဘုရားဟောကျမ်းလာ၊ ရာဇဝင်အတိတ်
အရိပ်ကလွန်ပြီး၊ ဟောရိုးကြီးများကို
နားညည်းဖွယ်မှု၊ လွှတ်ထားပြု၍
ယခုနောက်ဖြစ်၊ ဝတ္တုသစ်ထုတ်ဆောင်ကာ
ယပ်ထောင်ယပ်လှဲ၊ ဟောပြောပွဲတွင်
အလှူရဲအတွက်နှင့်၊ သက်သေခံထုတ်ဖို့မှာ
မိုးကုတ်သား မောင်မှတ်ဟု
တိုင်းလေးရပ် ဆယ်မျက်နှာ
လွှမ်းမိုး၍ လာပေသော
ဒါယကာသတင်းကို
နားတွင်းမှာ ပြည့်နှက်
ကြားရသည့်အတွက်ကြောင့်
အချက်ကောင်းပေါ်ပြီဟု
သံဃာတော်အများတို့
အားတက်ခြင်း ဖြစ်ကြ၍
ဒါယကာ့ထံ၊ တမန် “သြဇာ”ကို
အမှာစာ လက်မှတ်နှင့်
မေတ္တာရပ် စေလွှတ်လိုက်ပေသည်။
အကြောင်းမှာ
အလောင်းစည်သူ၊ တည်တော်မူသည်ဟု
အယူဝေါဟာ၊ ကျောက်စာသံပိုင်း
အလှိုင်းတကြီး၊ တသံတည်းထွက်လင်းသော
ဒီပဲရင်းမြို့မ၏၊ ရပ်ပြုဗ္ဗဒေသာ
ရှေ့မျက်နှာ မြို့ဦးဝယ်
ပကတူးအစ၊ အဝမြို့နန်းရိုး
မင်းရာဇာ နှစ်ကျိပ်ကိုးတွင်
မိုးညှင်းဆက် ပဉ္စမ
ဒုတိယမင်းခေါင်၊ ဇမ္ဗူဒိပ်လင်းပြောင်သည်
ရွှေဘုန်းရောင်ဖွင့်လှစ်
သင်းကျစ်ရှင်ငါးဆယ့်ငါး၊ သားတော်ချစ် ဥပရာ
မြတ်ရွှေဂူ ဒါယကာ
သပြေညာ ပွင့်လင်းသည့်
အိမ်ရှေ့မင်းကုသိုလ်ဟု
ဥဒဟိုထင်ရှား
‘ရွှေသိမ်တော်မြတ်ဘုရား’သည်
ကုလားမင်း ဝင်စ၊ သမယအခိုက်
ဝိပ္ပတ္တိအဆိုက်တွင်
သိုက်လိုက်သူအပေါင်းတို့
ထောင်းထောင်းချေ တူးဖော်ရာ
ဌာပနာကျောက်တိုက်နှင့်
ဓာတ်တော်သိုက် ပေါ်လာ၍
ရောင်ခြောက်ဖြာ ထိန်လင်း
ရွှေအဆင်း ငွေအဆင်း၊ မင်းစံမီ ပုလဲ
ရဲရဲရင့် မုလေးပန်း
အမှန်းအား ဆူရေမှာ၊ အကုဋေမက
အချင့်ကိုဆိုရလျှင်၊ သပိတ်မျှ နီးနီး
ကြီး ငယ် လတ် သုံးစား၊ မြတ်ရှင်တော် ရုပ်ပွားမှာ
ငါးရာခန့် အကယ်၊ သို့ကလောက် ကြီးကျယ်၍
အံ့သြဖွယ်ထိုက်လှသော
ဓာတ်တော်သိုက်ပေါ်လာသည်ကို
ခေတ်ကာလအတွင်း၊ ဝိပ္ပတ္တိစက်နင်း၍
ပျက်ယွင်းသည်အမှု
ထိုက်သလောက်ပြုနိုင်သော
လူ့ဘုန်းရှိအမော်၊ ဒါယကာ မပေါ်ဘဲ
သမ္ဘာတော် မှိန်နွမ်း၍
ကျောင်းတိုက်ခန်း ငူအကွေ့တွင်
လူတွေ့ပင် မခံဘဲ
ဆိတ်ငြိမ်စွာ စံနေတော်မူရလေသည်။
ကိုးကွယ်ရင်း ဒါယကာ
ဥပရာဇ်ရာဇာလည်း
ထက်နတ်ရွာ ဘူမိက၊ သတိတော် မရ
သာသနာ့ ဒါယကာ၊ တကျွန်းစံ ဆွေမဟာလည်း
ရွှေသမ္ဘာလင့်နှေး၊ ဇာတာတော် မှေးခိုက်မို့
အရေးတော်မယူအား
သဗ္ဗညုဘုရား ပြည်နိဗ္ဗာန်အလားတွင်
မိုးသိကြား ဣန္ဒာလည်း
သာသနာကိစ္စကို စိတ်ချတော်မူပါဟု
ပဋိညာခံကြောင်းနှင့်၊ ကျမ်းဟောင်းကထွက်ပါလျက်
သက်သက်မဲ့နေသည်ကို စိတ်ကြေဖို့ မရှိ
မြတ်မုနိ မွေရှင်သည် ရွှေပလ္လင်ဇေယျာ၌
တေဇာတော်ဖွင့်လှစ်
ရွှေကိုယ်တော် တဖန်ဖြစ်ခါမှ
ဒေဝရာဇ်သိကြား နေနိုင်သည့်ဖြစ်လားကို
ဇယားပုံ လွှာသ၍
မြတ်ဘုရား ရှေ့တော်ပြင်ဝယ်
ကိုယ်ပင်နှင့်အတင်း မညှာတမ်း ငြင်းရန်ဖို့
အခင်းသာ လိုတော့သည်။
မြတ်ရွှေကိုယ် အရဟံမှာ
လောကဓံ ဘုံဓလေ့နှင့် ကြုံတွေ့တော်မူမှုကို
မရှုဝံ့ မမြင်ကောင်း
မကြုံတောင်း ကြုံရသည့်
ကာလပျက် သည်ခေတ်ကြောင့်
စောရှင်ချစ် ကျက်သရေ
နွမ်းနယ်၍ နေသည်ကို
စိတ်မပြေ ရတက်
တမျှော်မျှော် တမက်မက်နှင့်သာ
ယနေ့ထက်တိုင်ရောက်အောင်
စောင့်ရှောက်၍ နေကြရပေသည်။
အသောက ဓမ္မာလို
ဘုန်းသမ္ဘာရှိသူမှ
သရီရ ဓာတ်မွေမှန်ကို
အပူဇော်ခံထိုက်သည်ဟု
အကြံနှင့်စောင့်စား
နှစ်တွေသာ များတော့သည်။
ကိုးစားရင်း အခြေက
ကြာလေလေ ငြိမ်ဆိတ်၍
အရိပ်တော်ထောင့်သောကြောင့်
ဓာတ်တော်စောင့် ထေရ်တစုတို့
ယခုမှ အကြံသစ်ကြသည်မှာ
“မဖြစ်ဘူး ငါ့ရှင်တို့၊ အထင်နှင့် နေ့မျောက
မြတ်ရှင်စော သမ္ဘာဟုန်
နောက်ကျ၍ ကုန်တော့မည်
ဤလူ့ဘုံ ခုခေတ်တွင်
လူ့အဖြစ် ပျံ့ပျူး၊ ပါရမီစိုက်စူး၍
ကံထူးသည့်ယောက်ျားကို
မြတ်ဘုရားဓာတ်မွေ
ဒါယကာ ခံစေမှ
မြတ်စိန္တေ ခါမလင့်
သမ္ဘာတော်ပွင့်တော်မည်”ဟု
ထောက်ချင့်ကာ မျှော်ညောင်း၍
သတင်းကောင်း နာကြရာ
ဒါယကာ မောင်မှတ်သည်
သမ္ပတ္တိအကျိုး၊ ကံကုသိုလ် တန်ခိုးကြောင့်
သူ့လက်ညှိုး ညွှန်ပြရာ
သဲမြေထု ပထဗျာသော်မှ
ရတနာ အတိဖြစ်၍
မဏိစစ် ပတ္တမြားကို
စပါးလို သုံးနိုင်သည်ဟု
အားလုံးတို့ တသောသော
စပ်မိတိုင်း ပြောကြသည်။
ရက်ရောပုံ လှူမှုမှာလည်း
ခုလောက မျက်မြင်တွင်
ဖက်ယှဉ်ကာ စံတွဲဖို့
အနည်းငယ်မှီသသူ
တလူမျှ မရှိ
မြတ်ဘုရား မုနိ၊ ခုနှယ်များ ရှိခဲ့လျှင်
မဏိသေဋ္ဌိက
ပတ္တမြားသေဋ္ဌေး မောင်မှတ်၏အကျိုးပေးကို
ရှေးအတိတ် ဘယ်သို့
နောင်ဖို့မှာ ဘယ့်နှယ်ဟု
အကျယ်အပွား၊ နိဒါန်းတော်ထားပြီးလျှင်
တရားသမုဋ္ဌာန် အဟုတ်ဉာဏ်ဖြင့်
တသုတ္တန် ထွက်လောက်ပေသည်။
ဘောဂ,သဒ္ဓါ၊ နှစ်ဖြာစွယ်စုံ
တကယ် လုံပေသဖြင့်
ဒုလ္လဘ ခုခေတ်တွင်
လူ့အဖြစ် လွန်ပေသော
မိုးကုတ်နေ မောင်မှတ်၏
အရပ်ရပ်သတင်းကို
တသင်းသင်း ကြားရသဖြင့်
ဘုရားရှင့် မွေတော်ဓာတ်
မောင်မင်းကို အပ်ရလျှင်
ကပ်ဝိပ္ပတ် လွန်မြောက်၍
ထိုက်သလောက် အခင်း
အဖိုးတန် တိုက်တွင်းဝယ်
သတင်းတော်အသစ် သမ္ပတ္တိဖြစ်မည်ဟု
အကြံသစ် မနောနှင့်
“သြဇာ”ဆိုသူကို
သဘောတူ စေဆင့်၍
မောင်မင့်ထံ လွှတ်လိုက်ရပေသည်။
ရခဲသည့် အချက်
ဤကဲ့သို့ ဇာတ်ကွက်ကို
ကာလပျက် ကယ်ပေ၍
ငါ့ထံဝယ် ရောက်ပေသည်ဟု
ဝမ်းမြောက်ကာ အားတက်
သဒ္ဓါဇော ထက်ထက်နှင့်
ခုမျက်မှောက် အတွင်းတွင်
မောင်မင်းပင် ဓမ္မာသောက ဒေဝါနံပိယနှင့်
မင်းဒုဋ္ဌဂါမဏိ
မောင်မင်းပြင် မရှိပြီ
ဇောပီတိ ရွှင်ရွှင် စေတနာ ကြည်လင်လျက်
‘ရေမြေ့ရှင် မင်းတို့သာ
ထိုက်တန်ရင်း အလုပ်ကို
ရှေးပုဗ္ဗ ပကတူ
ကာလပျက် ကူပေ၍
ငါလိုလူ အခွင့်ရပေသည်’ဟု
အားကျကာ ရွှင်မြူး၍
လှေကူးမြို့အပေါ်တွင်
သမိုင်းတော်ထင်ရှား
ပွဲတော်ရ ဘုရား
ပြိုပျက်သည့်အလားကို
အများတို့ စုဆောင်း၍
အုတ်ဖိုပေါင်း တရာကျော်
ထပ်မံမည့် အပေါ်တွင်
ဓာတ်တော်တိုက် လုပ်ခင်းမှာ
မောင်မင်းနှင့်လျော်သည်ဟု
သံဃာတော်အများတို့
သဘောထား ညီကြသည်။
မြတ်ဘုရား သာသနာ
နှစ်ငါးထောင်အကြာတွင်
ဝဇီရာသန ပလ္လင်ဘွေဌာန၌
ရှိသမျှအားလုံး
ဓာတ်မွေကုန် စုရုံး၍
သုံးလူ့ထွတ်အစစ်
ရွှေကိုယ်တော်ဖြစ်ပြီးလျှင်
ခေတ်ဇာတိ သောင်းလုံးကို
ရွှေဘုန်းရောင်ကျင်းပ
ကိုယ်တော်တိုင် အလင်းပြသဖြင့်
သောင်းလောကဗိုလ်လူတို့
ထိန့်ထိန့်ဆူ တသောသော
ရှိလက်စုံသြဆဲတွင်
မီးတေဇော လျှံထ
ပြည်နိဗ္ဗာန် မကြွမီ
ခေတ်ကာလ အပျက်
ဝိပ္ပတ္တိ သည်စက်နှင့်
ဝိပါက်တော် ကံငွေ့
ဒုက္ခတော် တွေ့ခိုက်တွင်
ချမ်းမြေ့ရာ အခင်းကို
မောင်မင်းမှ မကြံလျှင်
အနန္တ သဗ္ဗညု ဓာတ်မွေတော်အစုမှာ
ကံတခု ဖြစ်ရရှာချေတော့မည်။
သို့ဖြစ်ပါ၍
ဘဂဝါ သုံးလူ့၏
ဓာတ်မွေတော်အစုမှာ
မြတ်ဓာတု ပရိနိဗ္ဗာန်
မစံမီအတွင်း
ဝိပ္ပတ္တိ လွတ်ကင်း၍
မောင်မင်း၏လက်ထဲဝယ်
အမြဲအတည် ကိန်းမွေ့၍
ချမ်းမြေ့စွာ စံနေတော်မူပါစေလိုကြောင်းကို
သတင်းကောင်း အလွှာနှင့်
မေတ္တာရပ် စေလွှတ်လိုက်ပေသည်
မိုးကုတ်မြို့နေ ဒါယကာ မောင်မှတ်။
ပတ္တမြားမေတ္တာစာ ပြီး၏။
(ပတ္တမြားဘုရင် ဦးမှတ်)
(ဤမေတ္တာစာကို ဆရာတော်ဘုရားကြီး၏ တပည့် စိုင်ပြင်ရွာသား မောင်သြဇာ ဆိုသူကို စေလွှတ်၍ မိုးကုတ်မြို့ ဘုရားဒါယကာ ဦးမှတ်ထံသို့ ပေးပို့တော်မူစေသည်။
မောင်သြဇာသည် ဆရာတော်ဘုရားအမိန့်နှင့် သွားရောက်၍ ဘုရားဒါယကာ ဦးမှတ်အား ကောင်းမွန်ပြတ်သားစွာ ဖတ်ကြား၍ ပြရာ စေတနာ သဒ္ဓါ ထက်သန်သဖြင့် ငွေတထောင့်ငါးရာ အလှူဝင်လိုက်သည်။
၎င်းပြင် ထိုအသစ်ပြင်သော စေတီကြီး ပြီးလျှင် ထီးတင်ပါမည် ဟူ၍လည်း အာမခံလိုက်သည်။
တဖန် မောင်သြဇာကိုလည်း ငွေတရာနှင့် ဝတ်စုံတစုံ ဆုချလိုက်လေသည်။)