မင်းကွန်းဆရာတော် အရှင်ဝိစိတ္တသာရာဘိဝံသသည် ပဌမကျော်၊ သကျသီဟဓမ္မာစရိယ၀ဋံသကာဘွဲ့များကို ရရှိပြီးနောက် `ဆရာသမား ထင်ရှားရှိနေသေးသမျှ ဆရာသမားကို လက်မလွှတ်ဘဲ ဆရာသမားထံမှ ပညာယူ၍သာ နေရမည်´ဆိုသည့် ရှေးမထေရ်မြတ်ကြီးတို့၏ အဆိုအမိန့်အတိုင်း ဆရာဖြစ်သူ ပဌမ ဓမ္မနာဒဆရာတော် အရှင်ပညာစက္ကထံ၌ အထက်တန်းစာဝါများကို သင်ကြား အားထုတ်လျက် လက်ထောက်စာချအဖြစ် တပည့်သံဃာများအားလည်း စာဝါများ ပို့ချပေးနေရင်း ၁၂၉၉-ခုနှစ်အရောက်တွင် ဆရာတော် အရှင်ပညာစက္က၏ လည်ချောင်း၌ ကင်ဆာရောဂါ ဖြစ်ပွားလာသည်။
ဆရာတော် အရှင်ပညာစက္ကမှာ တနေ့တခြား သွေးသားများ လျော့ပါးလာပြီး နားထင်ခွက်၍ မျက်တွင်းဟောက်ပက် ဖြစ်လာသည်။ ကမ္မဇရုပ်များ သိသိသာသာ ညှိုးနွမ်း၍ သေမည့်နိမိတ်လက္ခဏာများ အထင်းသား ပေါ်လွင်လာလေသည်။
ဆရာတော် အရှင်ပညာစက္ကသည် ကိုယ်ကျင့်သီလ ပြည့်ဝ ဖြူစင်ပြီး ပိဋကသုံးပုံ ပါဠိတော်ကြီးများကို အစအဆုံး အခေါက်ပေါင်း (၄၀)ကျော် ရွတ်ဖတ် ပူဇော်ခဲ့သူ ဖြစ်သည်။
ဆရာတော်၏ နှုတ်ဖျားမှ တရားစကားသံများသာ အမြဲတမ်း ထွက်ပေါ်နေခဲ့သည်။
ထိုသို့ တရားတော်ကို အမြဲမပြတ် ရွတ်ဖတ် ပူဇော်ခဲ့သူ ဆရာတော်ဘုရား၌ လည်ချောင်းကင်ဆာဆိုသော ရောဂါဆိုးကြီး ဖြစ်လာရသည်မှာ အံ့သြစရာကောင်းလှသည်။
ဤကဲ့သို့သော သူတော်ကောင်းကြီးများ၌သော်မှ ဘ၀နောက်ဆုံးအချိန်ဝယ် ဤသို့သော ရောဂါဆိုးကြီးများ ဖြစ်လာတတ်သေးသည်။ မာဒိသေသု ကထာဝ ကာ = ငါတို့လို သာမန်ပုဂ္ဂိုလ်များဆိုလျှင်ကား ဘာပြောစရာရှိတော့မှာလဲဟု ဉာဏသံဝေဂ ယူကြရန် ဖြစ်ပေတော့သည်။
`ရောဂါနှိပ်စက်မှုဒဏ်ကြောင့် ငါ့ဆရာတော် သတိလက်လွတ် ဖြစ်လေမည်လား?´ဟု အရှင်ဝိစိတ္တသာရာဘိဝံသ တွေးတော ပူပန်မိသည်။
ဆရာသမားဖြစ်၍ တိုက်ရိုက်လည်း မလျှောက်ရဲ။ ပရိယာယ်ဖြင့်သာ လျှောက်ထားရသည်။
တပည့် - ဆရာတော်ဘုရား၊ အသညသတ်ဘုံ ရောက်သွားကြတဲ့ ဗြဟ္မာတွေက နာမ်တရားကို ရွံရှာ မုန်းတီးတာဟာ လမ်းမှန်ပဲ မဟုတ်လား ဘုရား။
ဆရာ - အေး ... မှန်တယ်ကွ။
တပည့် - အရူပဘုံ ရောက်သွားကြတဲ့ ဗြဟ္မာတွေလဲ ရုပ်တရားကို ရွံရှာ မုန်းတီးတာဟာ လမ်းမှန်ပဲ မဟုတ်လား ဘုရား။
ဆရာ - အိမ်း ... မှန်တယ်ကွ။
တပည့် - ဒါဖြင့်ရင် ဘုရား ... အဲဒီ အမှန်နှစ်ခုကို စုပြီးတော့ `ဓီ နာမရူပံ၊ ဓီ နာမရူပံ = နာမ်ရုပ်တရား နှစ်ပါးသည် စက်ဆုပ်ဖွယ် ကြောက်လန့်ဖွယ်ပါတကား´လို့ နှလုံးသွင်းရင် ပြည့်စုံနိုင်တယ်မဟုတ်လား ဘုရား။
ဆရာ - အေး ... ဟုတ်ပါတယ်ကွာ။ ၀ဇီရာထေရီ ဘိက္ခုနီမကလေးက မာရ်နတ်ကို ပြန်ပြောတဲ့ `ဒုက္ခမေ၀ ဟိ သမ္ဘောတိ´ ဂါထာ ရတယ်မဟုတ်လား။ မင်း ရွတ်ကြည့်စမ်း။
တပည့် - `ဒုက္ခမေ၀ ဟိ သမ္ဘောတိ၊ ဒုက္ခံ တိဋ္ဌတိ ဝေတိ စ၊ နာညတြ ဒုက္ခာ သမ္ဘောတိ၊ နာညံ ဒုက္ခာ နိရုဇ္ဈတိ။´
ဆရာ - အေး ... သူတို့မှာတော့ ရဟန္တာဖြစ်လို့ ခန္ဓာငါးပါး ရုပ်နာမ်တရားတွေကို ဒုက္ခလို့ပဲ ထင်နေတဲ့အတွက် `ဒုက္ခမေ၀ ဟိ သမ္ဘောတိ´ စသဖြင့် ရွတ်ဆိုကြတာ။ ငါတို့ ပုထုဇဉ်များအဖို့က နာမ်ရုပ်တရားထင်မှ ပိုပြီး ကောင်းတယ်။ ဒီတော့ ... `နာမရူပံဝ သမ္ဘောတိ၊ တံဝ တိဋ္ဌတိ ဝေတိ စ၊ နာညတြ တမှာ သမ္ဘောတိ၊ နာညံ တမှာ နိရုဇ္ဈတိ´လို့ ဆိုမှ ပိုပြီး ကောင်းတယ်ကွ။
ဆရာတော် အရှင်ပညာစက္က မထေရ်မြတ်ကား တပည့် အရှင်ဝိစိတ္တသာရာဘိဝံသ ထင်သလို သတိလက်လွတ် ဖြစ်မနေသည့်အပြင် ရောဂါ ဝေဒနာ အပြင်းအထန် ခံစားနေရသည့်ကြားမှ တပည့်ဖြစ်သူအား တရားနှလုံးသွင်းနည်းကိုပင် နောက်ဆုံးအနေဖြင့် ပေးလိုက်ချေသေး၏။
အရှင်ဝိစိတ္တသာရာဘိဝံသသည် ဆရာသမား၏ နောက်ဆုံးမှာတမ်း ဆုံးမစကားကို တစ်သက် မမေ့နိုင်အောင် ကဗျာလင်္ကာဖြင့် ဤသို့ မှတ်တမ်းတင်ခဲ့လေသည်။
`ဤကိုယ်ကာယ၊ တစ်လံမျှ၌
နှစ်ဝနာမ်ရုပ်၊ ဖြစ်၍ချုပ်၏။
နာမ်ရုပ်နှစ်ပါး၊ အလွတ်ထား၍
ဤကားလိပ်ပြာ၊ ဤကားငါတည့်
ဤမှာဇီဝ၊ ဤအတ္တဟု
ညွှန်ပြဖွယ်ရာ၊ မရှိပါသည်
ခန္ဓာ နာမ်ရုပ်မျှသာတည်း။
နာမ်ရုပ်တရား၊ ဤနှစ်ပါးလည်း
ရှည်လျားကာလ၊ မတည်ကြဘဲ
ခဏဖြစ်လျက်၊ ခဏပျက်၏
နှိပ်စက်ခြင်းရာ၊ လိုမပါဘူး
သဘာဝအား၊ ဤသုံးပါးကြောင့်
ဖြစ်ပွားသမျှ၊ အနိစ္စသည်
ဒုက္ခ အနတ္တချည်းသာတည်း။´
ဓမ္မနာဒဆရာတော် အရှင်ပညာစက္ကသည် လည်ချောင်းကင်ဆာရောဂါဖြင့်ပင် ၁၂၉၉-ခုနှစ် တော်သလင်းလပြည့်ကျော် ၉-ရက်နေ့တွင် ဘ၀နတ်ထံ ပျံလွန်တော်မူခဲ့သည်။
(ဘဒ္ဒန္တသီလက္ခန္ဓာဘိဝံသ ရေးဖွဲ့ပူဇော်သည့် `တိပိဋကဓရအရှင်မြတ်များ၏ ဖခင် ကမ္ဘာကျော်မင်းကွန်းထေရ်ရှင်၊ ဆရာတော်ဘုရားကြီး သက်တော်ရာပြည့် အထိမ်းအမှတ်၊ ၁၂၇၃-၁၃၇၃´ စာအုပ်မှ)
No comments:
Post a Comment