Tuesday, August 19, 2014

သပ္ပါယ လေးထွေ ပြည့်စုံစေဖို့ - အရှင်ပညာသီဟ(နယူးဂျာစီ)

တရားရှုမြင် သူတော်စင်တို့ ၀ိပဿ နာတရားကို ပွားများ အားထုတ်ရာ၌ တရားထူး တရားမြတ် ရစေရန်အတွက် သင့်တင့်လျောက်ပတ်မှု သို့မဟုတ် အဆင်ပြေမှုရှိဖို့ အလွန် အရေးကြီးသည်။

သင့်တင့်လျောက်ပတ်မှု အဆင်ပြေမှုကို ပါဠိလို `သပ္ပါယ´ဟု ခေါ်သည်။

`ပုဂ္ဂလ သပ္ပါယ´၊ `အာဝါသ သပ္ပါယ´၊ `ဥတု သပ္ပါယ´၊`ဘောဇန သပ္ပါယ´ ဟု လေးမျိုးရှိရာ တရားအားထုတ်သည့်အခါ တရားအားထုတ်ဖော် အားထုတ်ဖက်၊ တရားပြဆရာ၊ ကူညီ စောင့်ရှောက်သူ စသည်တို့နှင့် အဆင်ပြေမှုကို `ပုဂ္ဂလသပ္ပါယ´ဟု ခေါ်သည်။

မျှတသည့် ရာသီဥတု အပူ အအေး စသည်တို့နှင့် အဆင်ပြေမှုကို `ဥတုသပ္ပါယ´ဟု ခေါ်သည်။

မိမိနှင့် သင့်မြတ်သည့် အစားအသောက် လုံလောက်စွာ ရရှိမှုကို `ဘောဇနသပ္ပါယ´ဟု ခေါ်သည်။

တရားအားထုတ်ရန် နေရာထိုင်ခင်း စသည်တို့နှင့် ပြည့်စုံမှု အဆင်ပြေမှုကို `အာဝါသသပ္ပါယ´ဟု ခေါ်သည်။

ဒကာ ဒကာမများတို့ ၀ိပဿ နာတရား အားထုတ်ရာ၌ နေရာထိုင်ခင်း အဆင်ပြေစေရန် (အာဝါသသပ္ပါယနှင့် ပြည့်စုံစေရန်) စိတ်ရည်သန်၍ အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်းကြီး၏ ဦးဆောင် ဆရာတော်များ၊ သံဃာတော်များ၊ အမှုဆောင်လူကြီးများ၊ အစားအစာ စီမံချက်ပြုတ်သူ ဝေယျာဝစ္စဆောင်ရွက်သူများ၊ လုပ်အားပေးသူများ၊ အလှူရှင် ဒကာ ဒကာမများတို့၏ မဆုတ်မနစ်သော ကြိုးပမ်းအားထုတ် ဆောင်ရွက်မှုတို့ဖြင့် အမေရိကန်နိုင်ငံ၊ နယူးဂျာစီပြည်နယ်၊ မနာလပန်မြို့နယ်တွင် စေတီတော်တစ်ဆူနှင့် မဟာစည်သတိပဋ္ဌာန်ရိပ်သာကြီးကို တည်ဆောက်နေရာ ယခုအခါ အတော်အသင့် ပြီးစီးနေပြီ ဖြစ်ပါသည်။

အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်းကြီး၏ ဘဏ်စာရင်းရှိ ဒေါ်လာငါးသိန်းမျှလောက်ဖြင့် စေတီတော်ကို ၂၀၀၅-ခုနှစ်တွင်လည်းကောင်း၊ ယောဂီကျောင်းဆောင်ကြီးကို ၂၀၁၀ ခုနှစ်တွင်လည်းကောင်း စတင် အကောင်အထည်ဖော်ခဲ့ရာ ယခုအခါ ထိုသာသနာ့အဆောက်အအုံများကို ဆောက်လုပ်ရာ၌ ကုန်ကျစရိတ်မှာ ဒေါ်လာနှစ်သန်းနီးပါးမျှ ရှိနေပြီ ဖြစ်ပါသည်။ ယခုအချိန်အထိ ငွေကြေး ချေးငှားရခြင်း မရှိသေးဘဲ ပြီးသမျှအတွက် ကုန်ကျစရိတ်ကို ပေးချေနိုင်နေသေး၍ အကြွေးမရှိသဖြင့် အလှူရှင်တို့၏ စေတနာကို အေဘီဘီအေအသင်းကြီးက ၀မ်းမြောက်စွာ သာဓုခေါ်ကာ ကျေးဇူး အထူးတင်ပါသည်။ တလုံးတခဲတည်း အများကြီး မဟုတ်သော်လည်း အခါအခွင့်သင့်သည်အားလျော်စွာ မိမိတို့တတ်အားသမျှ လှူဒါန်းငွေများဖြင့် သာသနာ့ အဆောက်အအုံသစ်များ ငွားငွားစွင့်စွင့် တင့်တင့်တယ်တယ် ထယ်ထယ်ဝါ၀ါ ပေါ်ပေါက်လာသည်ကို မြင်တွေ့ကြသည့် ဒကာ ဒကာမများသည်လည်း ၀မ်းသာပီတိ သာဓု ခေါ်မိကြပါသည်။

ယောဂီဆောင် ဆောက်လုပ်ခြင်းကို ၂၀၁၄-ခုနှစ်တွင် အပြီးသတ်ရန် ဆောက်လုပ်ရေးကုမ္ပဏီအား ပြောထားပြီးဖြစ်၍ ၂၀၁၅-ခုနှစ်တွင် ရိပ်သာဆောင်အဖြစ် အသုံးပြုနိုင်လိမ့်မည်ဟု မျှော်လင့်ရပါသည်။ ထိုအခါ တရားအားထုတ်သူများအတွက် တရားထူး တရားမြတ် ရရန် အကြောင်းအထောက်အပံ့တစ်ခုဖြစ်သည့် အာဝါသသပ္ပါယနှင့် ပြည့်စုံပါတော့မည်။

တရားအားထုတ်လိုသူ ဒကာ ဒကာမများကလည်း ယောဂီကျောင်းဆောင်ကြီး ပြီးလျှင် နယူးဂျာစီသို့ လာရောက်၍ တရားအားထုတ်မည်ဟု အားခဲနေကြရာ တစ်နေ့တွင် ဒကာမကြီး နှစ်ယောက်က -

`ဆရာတော်ဘုရား၊ ရိပ်သာဆောင်ကြီးက ဘယ်တော့ ပြီးမှာလဲ ဘုရာ့´ဟု စာရေးသူကို မေးရာ -

`ပြီးတော့ ပြီးခါနီးနေပါပြီ ဒကာမကြီးရဲ့၊ ဒီနှစ် ၂၀၁၄-ထဲ ပြီးဖို့ ကြိုးစားပြီး ခိုင်းနေရတာပဲ´ဟု ဖြေမိသည်။

`ဒီလိုဆိုရင် ၂၀၁၅-ခုမှာ မြန်မာပြည်က ဆရာတော်ကြီးတွေကို ပင့်ပြီး တရားစခန်းဖွင့်လို့ ရပြီပေါ့ ဘုရာ့´

`ဖြစ်နိုင်လောက်ပါတယ် ဒကာမကြီးရဲ့၊ ဒါပေမယ့် ဒီနိုင်ငံက စည်းကမ်းအရမ်းကြီးတော့ အစစအရာရာကို စစ်ဆေးပြီးမှ အဆောက်အအုံကို နေထိုင်ခွင့် အသုံးပြုခွင့်လက်မှတ် ထုတ်ပေးမှာ။ အဲဒီလက်မှတ် ရရင်တော့ ဒကာမကြီးတို့ မျှော်မှန်းသလို ဖြစ်မှာပါ´ဟု စာရေးသူနှင့် ဒကာမကြီးတို့ စကားပြောနေခိုက် စေတီတော်နှင့် ကျောင်းဆောင် ဆောက်လုပ်ရေးတွင် အခကြေးငွေ တစ်ပြားတစ်ချပ်မှ မယူဘဲ ကိုယ်ဖိရင်ဖိ အချိန်ပြည့်ဆောင်ရွက်ပေးနေသူ အင်ဂျင်နီယာ ဒကာကြီး ဦးမောင်မောင်က -

`တရားစခန်းဖွင့်တာတော့ ဟုတ်ပါပြီ၊ တရားစခန်းမှာ အစားအသောက်ကို ဘယ်သူတွေ တာဝန်ယူပြီး ချက်ပေးကြမလဲ´ဟု ကြားဖြတ် မေးရာ -

ဒကာမကြီးက - `အဆင်သင့်ချက်ပြီးသားတွေကို ဆိုင်က မှာယူပြီး ရေခဲသေတ္တာထဲ ထည့်ထား၊ နောက်မှ နွှေးပြီး စားရင် ရပါတယ်´ဟု ပြန်ဖြေသည်။

တရားအားထုတ်ရာတွင် သင့်တော်သည့် အစားအသောက်နှင့် ပြည့်စုံရန် (ဘောဇနသပ္ပါယပြည့်စုံရန်)လည်း လိုအပ်သေးသည်။

ဓမ္မပဒအဋ္ဌကထာလာ မာတိကမာတာဝတ္ထုတွင် တရားကို ရိုရိုသေသေ လေးလေးစားစား ကြိုးစား၍ အားထုတ်နေကြသော်လည်း တရားထူးမရနိုင်သေးသည့် ရဟန်းတော်များ၏ အခြေအနေကို ကြည့်ကာ အစားအသောက် အဆင်ပြေအောင် မာတိကမာတာ ဒကာမကြီး၏ စီမံပေးမှုကြောင့် ရဟန်းတော်များ တရားထူးရသွားသည်ကို ကြည့်ခြင်းအားဖြင့် ဘောဇနသပ္ပါယသည်လည်း အရေးကြီးလှသည်ကို တွေ့ရသည်။ တရားအားထုတ်ရာတွင် အစားကို ချေး(ဂျီး)မများဘဲ ရသမျှဖြင့် တင်းတိမ်ရောင့်ရဲကာ တရားကိုသာ ကြိုးစား အားထုတ်ပါလျှင် ဘောဇနသပ္ပါယ ဖြစ်ဖို့ ခက်ခဲမည် မဟုတ်ပေ။

တရားအားထုတ်ရာ၌ ပြည့်စုံရမည့် သပ္ပါယတစ်ခုမှာ ပုဂ္ဂိုလ်အချင်းချင်း အဆင်ပြေမှု (ပုဂ္ဂလသပ္ပါယ) ဖြစ်သည်။ မေတ္တသုတ်ဟောရခြင်း၏ အကြောင်းရင်းမှာ တရားအားထုတ်သူ ရဟန်းတော်တစ်စုတို့နှင့် သစ်ပင်စောင့်နတ်တို့ အဆင်မပြေမှုကြောင့် ဖြစ်သည်။

သစ်ပင်စောင့်နတ်များက သူတို့နေရာ သစ်ပင်များအောက်တွင် ရဟန်းတော်များ တရားအားထုတ်သည့်အခါ ရဟန်းတော်များ၏ သီလ သမာဓိကြောင့် သူတို့မှာ သူတို့နေရာတည်ရှိရာ သစ်ပင်တွေမှ ဆင်းပြီး မြေကြီးပေါ် နေရသည်။ မိမိတို့ နေထိုင်ရာနေရာတွင် မနေရသဖြင့် အလွန်ဆင်းရဲဒုက္ခရောက်သော်လည်း တစ်နေ့ပြန်နိုး ပြန်နိုးနှင့် သည်းခံ၍ စောင့်နေကြသည်။ သို့သော် ရဟန်းတော်များက ထိုနေရာမှ မပြန်ဘဲ ဆက်ပြီး တရားအားထုတ်နေသဖြင့် သူတို့နေရာက မြန်မြန် ပြန်ထွက်သွားအောင် ရဟန်းတော်များကို အနှောင့်အယှက်ပေးတော့သည်။ ထိုအခါ ရဟန်းတော်များမှာ သမာဓိမရ တရားထူးမရဘဲ ရောဂါကိုပဲ ရကြသည်။

ထို့ကြောင့် သူတို့ တရားအားထုတ်သည့်နေရာသည် သူတို့အတွက် အဆင်မပြေကြောင်း (အာဝါသသပ္ပါယ မဖြစ်ကြောင်း)၊ ထို့ကြောင့် အခြားတစ်နေရာသို့ သွား၍ တရားအားထုတ်ရန် ဘုရားရှင်အား လျှောက်သည်။ ဘုရားရှင်က ထိုနေရာသည်သာ ရဟန်းတော်များအတွက် တရားထူးရနိုင်ကြောင်း၊ သစ်ပင်စောင့်နတ်များနှင့် အဆင်မပြေ၍သာ (ပုဂ္ဂလသပ္ပါယ မဖြစ်၍သာ) တရားထူး မရနိုင်ကြသေးကြောင်းကို သိတော်မူသဖြင့် နတ်များနှင့် ပုဂ္ဂလသပ္ပါယဖြစ်ရန် ရဟန်းတော်များအား မေတ္တသုတ်ကို သင်ပေးတော်မူသည်။

ရဟန်းတော်များက ထိုနေရာသို့ ပြန်ကြွ၍ ဘုရားရှင်သင်ပေးသည့် မေတ္တသုတ်ကို ရွတ်လည်း ရွတ်ဖတ်၊ မေတ္တသုတ်လာ ကျင့်စဉ်များကိုလည်း ကျင့်ပွားကြသည့်အခါ နတ်များ၏ ချစ်ခင်မှုကို ရရှိကြသည်။ ထို့နောက် အနှောင့်အယှက်ကင်းစွာ တရားအားထုတ်ကြရသဖြင့် တရားထူးတရားမြတ် ရရှိကြကာ ရဟန္တာမထေရ်များ ဖြစ်ကြသည်။

တရားစခန်း၌ ယောဂီများသည် အချင်းချင်း စကားမပြာ၊ အကြည့်ချင်း မဆိုင်၊ မိမိလုပ်ရမည့် တာဝန်ကို မိမိထမ်းဆောင်၊ မိမိကြောင့် ဖြစ်ပေါ်လာသည့် အညစ်အကြေးကို မိမိသန့်စင်၊ မိမိအပြုအမူကြောင့် အခြားသူများကို အနှောင့်အယှက် မဖြစ်စေရန် မေတ္တာဖြင့် ဆင်ခြင်၍ နေထိုင်ပါလျှင် တရားအားထုတ်ရာတွင် လိုအပ်သည့် ပုဂ္ဂလသပ္ပါယသည်လည်း အလိုလို ပြည့်စုံနိုင်ပါသည်။

တရားထူး တရားမြတ်ကို ရစေရာ၌ အထောက်အကူပြုသည့် အခြားသပ္ပါယတစ်ခုမှာ ဥတုသပ္ပါယ ဖြစ်ပါသည်။ ဥတုသပ္ပါယ ဆိုသည်မှာ အပူအအေးမျှတမှုနှင့် ပြည့်စုံရန် ဖြစ်သည်။ အအေးဓာတ် လွန်ကဲခြင်း၊ အပူဓာတ် လွန်ကဲခြင်း စသည့် အခြေအနေများတွင် တရားအားထုတ်လျှင် ကျန်းမာရေးကို ထိခိုက်စေနိုင်ပါသည်။ အပူအအေးမျှတသည့် အခြေအနေတွင် ကျန်းမာရေး ပြည့်စုံစွာဖြင့် တရားအားထုတ်ပါက တရားထူး တရားမြတ် မြန်မြန် ရနိုင်ပါသည်။

ထိုကြောင့် တရားအားထုတ်ရာ၌ ဥတုသပ္ပါယ မျှတစေရန် နယူးဂျာစီ၊ မဟာစည်သတိပဋ္ဌာန်ရိပ်သာကြီး၏ ဆောက်လုပ်ဆဲ ယောဂီကျောင်းဆောင်ကြီးတွင် လေအေးပေးစက် တပ်ဆင်ခြင်း၊ အနွေးပေးစက် တပ်ဆင်ခြင်းများကို မဖြစ်မနေ ထည့်သွင်း ပြုလုပ်ရပါသဖြင့် ထိုသို့ ပြုလုပ်နိုင်ရန် အလှူငွေများ လက်ခံလျက်ရှိရာ လှူဒါန်းနိုင်ပါကြောင်းကို ထပ်လောင်း၍ အသိပေးလိုက်ရပါသည်။

Required Air Conditioners for New Temple

(4) 24,000Btu @$4,500 = $18,000

(2) 12,500Btu @$3,000 = $ 6,000

(16) 6,000Btu @$2,000 = $32,000

Donors for 24,000 Btu Air Conditioners

1. Daw Lily Win and family, in memory of U Myo Win $4,500

2. Daw Khin Than Myint Swe & Melvin Myint Swe family $3,500

3.

4.

Donors for 12,500 Btu Air Conditioners

1. Daw Lily Win and family, in memory of U Myo Win $3,000

2. U Tun Myint, Daw Khin May Pyone and daughter Su Thet $3,000

Donors for 6000 But Air Conditioners

1. Dr. Tun Nyunt, Dr. Khin Mi Mi Thein, daughter Thiri Kay Thwe Nyunt and son Thadoe Nyunt $2,000

2. In memory of parents U Hoke Thwin, Daw Khin Ti, and brother U Myo Win, from families $2,000

3. U Swe Tun and Daw Theingi Lwin, Lin Khine Aung, Alex & Khin Metta Tun, Zu Zu Tun and Latt Sandi Lwin $2,000

4. Dr. Myo Tun and Kay T. Swe, daughter Precious K. Tun, son Everett K. Tun $2,000

5.

6.

7.

8.

9.

10.

11.

12.

13.

14.

15.

16.

No comments: