Tuesday, January 1, 2013

လှေကားဓုတင်

ဆရာတော်။ ။ ပြောတော့ ... ဒကာကြီးက ဘယ့်နှယ်တုန်း။ သူတို့လိုဖြစ်အောင် လုပ်သလားဗျာ့။

တရားနာခံ။ ။ တပည့်တော်ကတော့ လုပ်မယ် .. လုပ်မယ်နဲ့ ... နေပါအုန်း ... မနက်ဖြန်မှ ... ဒီလိုနဲ့ပဲ ဒီနေ့ရောက်လာပါတယ်ဘုရား။

ဆရာတော်။ ။ လုပ်မယ် ... လုပ်မယ်ဆိုတာ လိမ်တာလား?

တရားနာခံ။ ။ လိမ်တော့ မလိမ်ပါဘုရား။ လုပ်မယ့်ဆန္ဒတော့ ရှိပါတယ်ဘုရား။ ဝိရိယနည်းလို့ပါဘုရား။

ဆရာတော်။ ။ အဲဒါ လိုချင်လို့ နေတာလား၊ မလိုချင်လို့ နေတာလား?

တရားနာခံ။ ။ အမှန်စင်စစ်တော့ မလိုချင်သေးဘူးလို့ ဆိုရမှာပဲဘုရား။

ဆရာတော်။ ။ အဟုတ်ကို မလိုချင်တာလား?

တရားနာခံ။ ။ လိုတော့ လိုချင်ပါတယ်ဘုရား။ တပည့်တော်လိုချင်တာက ဒီနေ့ ထီနှစ်ကျပ်ဖိုးထိုး မနက်ဖြန် တစ်သိန်းပေါက် ... ဒီလိုဟာ လိုချင်နေတာဘုရား။

ဆရာတော်။ ။ ထီထိုးတာလဲ ဒီကနေ့ထိုးရင် မနက်ဖြန် ပေါက်ပါ့မလား?

တရားနာခံ။ ။ ထီဖွင့်နေတုန်း ထိုးရင် တခါတလေ ထိုးနေတုန်း ဟိုက ပေါက်ချင် ပေါက်မှာပဲဘုရား။

ဆရာတော်။ ။ နို့ ဒကာကြီး ယခုကော ထီဖွင့်တဲ့အချိန်ပါပဲဗျာ့။ ဒကာကြီးက ထိုးရုံပဲ ရှိပါတယ်ဗျာ့။

တရားနာခံ။ ။ တပည့်တော်က ဒီထိတော့ လက်နှေးနေပါတယ်ဘုရား။

ဆရာတော်။ ။ ဒါ အဟုတ်ကို ထီဖွင့်တဲ့အချိန် မဟုတ်လား။ ငွေနှစ်ကျပ် မပေးပါနဲ့ဗျာ။ ငွေနှစ်ကျပ် မပေးဘဲနဲ့ ဒီထီက ထိုးလို့ ရပါတယ်ဗျာ့။ မလွယ်ဘူးလား။ ဒကာကြီးက အလွယ်လိုက်တာနဲ့ နေရာကျတာပေါ့။ ဒါဖြင့် ယခု ထိုးတော့မလား။

တရားနာခံ။ ။ ထိုးပါမယ် ဘုရား။

ဆရာတော်။ ။ အဟုတ်လုပ်မှာ ဟုတ်ကဲ့လား?

တရားနာခံ။ ။ တပည့်တော်က အရှင်ဘုရားကို မလိမ်ဝံ့ပါဘုရား။ ထိုးပါ့မယ် လုပ်ပါ့မယ်ဘုရား။

ဆရာတော်။ ။ ယခု လုပ်ပါ့မယ်ဆိုတာ အဆင်သင့်လား?

တရားနာခံ။ ။ အဆင်သင့်ပါဘုရား။

ဆရာတော်။ ။ အားထုတ်တဲ့အခါကျတော့ ထိုင်ရင်း ဘယ့်နှယ်ဖြစ်သလဲ?

တရားနာခံ။ ။ ထိုင်ရင်းက ပျင်းပျင်းလာပြီး အိပ်ငိုက်လာပြီး အိပ်ပျော်သွားပါတယ်ဘုရား။

ဆရာတော်။ ။ ဒကာကြီးက အိပ်ကောင်းတဲ့ နေရာမျိုးမို့ အိပ်ငိုက်တာဗျာ့။ ဘယ်လိုနေရာမျိုးမှာ လုပ်ရမလဲဆိုရင် အိပ်ငိုက်လိုက်ရင် လိမ့်ကျမယ့် နေရာမျိုးမှာ လုပ်ရင် ဒကာကြီး အိပ်ငိုက်မှာ မဟုတ်ဘူး။ ဟုတ်ကဲ့လား။

တရားနာခံ။ ။ မှန်ပါ့ဘုရား။ ဒီလိုနေရာမျိုးဆိုရင် လိမ့်ကျမှာစိုးလို့ အိပ်ငိုက်မှာ မဟုတ်ပါဘူးဘုရား။

ဆရာတော်။ ။ အေး ဒါဖြင့် အဲဒါလုပ်။ ဒကာကြီးက သေမှာကြောက်ရင် ဘယ်တော့မှ အိပ်ပျော်မှာ မဟုတ်ဘူး။ ကျမှာ ကြောက်တာနဲ့ ဒကာကြီး အိပ်ငိုက်မှာ မဟုတ်ဘူး။

တရားနာခံ။ ။ မှန်ပါ့ဘုရား။

ဆရာတော်။ ။ အေး ... ဒါဖြင့် ခပ်မြင့်မြင့် နေရာကလေးမှာ ထိုင်မယ်ဆိုတော့ ဘယ်နေရာမှာ ထိုင်မလဲ?

တရားနာခံ။ ။ လှေကားပေါ်မှာ ထိုင်မှ ထင်ပါရဲ့ ဘုရား။

ဆရာတော်။ ။ အေး အဲဒါလုပ်ရင် ဒကာကြီး သေသေချာချာ မငိုက်ဘူးဗျာ့။

တရားနာခံ။ ။ မငိုက်ပါဘူး ဘုရား။ ဘာလို့လဲဆိုရင် လိမ့်ကျရင် ခြေထောက်တို့ လက်တို့ ကျိုးမှာစိုးတာနဲ့ မငိုက်ဝံ့ပါဘူး ဘုရား။

ဆရာတော်။ ။ အဲဒါ ထိနမိဒ္ဓ ချက်ချင်း နိုင်တာပဲဗျာ့။ အဲဒါနဲ့သာ လုပ်ကြ၊ ကြားလား?

တရားနာခံ။ ။ တင်ပါ့ ဘုရား။

ဆရာတော်။ ။ လုပ်ပါ ... လုပ်ပါဆိုရင်လဲ အဲဒါနဲ့သာ လုပ်ကြ။ ရှေး အရှင်တွေက ဒီလိုလုပ်တာဗျာ့။ သေမှာတော့ သိတယ် မဟုတ်လား?

တရားနာခံ။ ။ သိပါ ဘုရား။

ဆရာတော်။ ။ ဒါဖြင့် အိပ်ပျော်သေးသလား?

တရားနာခံ။ ။ အိပ်ပျော်တာပဲ ဘုရား။

ဆရာတော်။ ။ ဒါဖြင့် မသိလို့နေမှာပါဗျာ။

တရားနာခံ။ ။ တပည့်တော်တို့အရွယ်ကတော့ မသာပို့ချည်းပါပဲ ဘုရား။ မသာပို့တဲ့အခါ သင်းချိုင်းရောက်ရင် ရယ်လို့ မောလို့။ သူသာသေတာ ငါမသေဘူး ဆိုပြီး အဲဒီလိုနဲ့ အချိန်ကုန်တာပါပဲ ဘုရား။

ဆရာတော်။ ။ အဲဒီတော့ ယခုန သေမှာကို အဟုတ်သိသလား?

တရားနာခံ။ ။ အဟုတ် မသိဘူးလို့ ပြောရမှာပဲ ဘုရား။

ဆရာတော်။ ။ အဟုတ်သိရင် အဟုတ်ကို အိပ်လို့ ပျော်မှာ မဟုတ်ဘူးဗျာ့။

တရားနာခံ။ ။ မပျော်နိုင်ပါဘူး ဘုရား။

ဆရာတော်။ ။ ဘယ်လိုလဲဆိုရင် ရှေးက ဓမ္မာသောကမင်းကြီးရဲ့ညီတော် အိမ်ရှေ့မင်းဟာ တိဿဆို ထင်ပါရဲ့ ... ဟုတ်ကဲ့လား?

တရားနာခံ။ ။ တင်ပါ့ ဘုရား။

ဆရာတော်။ ။ ဓမ္မာသောကမင်းကြီးကတော့ ဘုရားရှင်သာသနာ ဘုရားအဆုံးအမတွေ ရလို့ ပါရမီရှိတော့ ကြည်ညိုပြီး ... ပြုလိုက်တာ တကျွန်းလုံး မဟုတ်လား။ အကုန်လုံးမှာ အတုအတူမရှိအောင် အဲဒီလို ပြုပါတယ်။

ဒါပေမယ့် ညီတော် အိမ်ရှေ့မင်းသားကတော့ ဖာသိဖာသာ နေတာဗျာ့။ နောက်နေ့မှာ သူဟာ ညည်းငွေ့လို့ တောထဲကို လျှောက်ပြီး သွားတဲ့အခါကျတော့ သမင်တွေ ပျော်လို့ ရွှင်လို့ မြူးလို့နေတာကို သူမြင်တယ်။ မြင်တဲ့အခါမှာ သူ့စိတ်မှာ အကြံတစ်ခုဖြစ်တယ်။ ဘယ်လို အကြံတစ်ခုဖြစ်သလဲဆိုရင် သူတို့တတွေဟာ မြက်သစ်ရွက်တွေကို စားပြီးတော့ မြူးကြ ပျော်ကြ ရွှင်ကြတယ်။ နောင်တော်ဘုရားဟာ မြင့်မြတ်ပေ့ဆိုတဲ့ ခဲဖွယ်ဘောဇဉ်တွေနဲ့ အတုအတူမရှိအောင် ဒီလိုပူဇော်တယ်။ နေရာထိုင်ခင်းကလဲ မြင့်မြတ်ပေ့ဆိုတဲ့ နေရာထိုင်ခင်းတွေနဲ့ ချီးမြှောက်ပူဇော်တယ်။ အဲဒီလို ချီးမြှောက် ပူဇော်တဲ့ အမြင့်မြတ်ဆုံးဟာတွေနဲ့၊ အကောင်းဆုံး အမြင့်မြတ်ဆုံးနေရာမှာ ဒီလိုနေတဲ့ ရဟန်းတွေလဲ မြူးမှာ ပျော်မှာပါပဲတဲ့ဗျာ။

ဘာကြောင့်လဲဆိုရင် မြက်သစ်ရွက်တွေ စားပြီးနေကြတဲ့ တောသမင်တွေတောင်မှပဲ ဒီလို မြူးကြ ပျော်ကြ ရွှင်ကြသေးတယ်ဆိုပြီး စိတ်ထဲမှာ တခါတည်း ဒီလိုဖြစ်တာပဲတဲ့ဗျာ။

ဖြစ်တော့မှ ... နန်းတော်ပြန်ရောက်တဲ့အခါမှာ နောင်တော်ဘုရားကို ဒီအတိုင်းပဲ သံတော်ဦးတင်တယ်တဲ့ဗျာ။

တင်တော့မှ ... နောင်တော်က ငါ့ညီတော်ကိုဖြင့် ဒီအတိုင်းတိုင်း ပြန်ပြီး ပြောလို့တော့ သိမှာ မဟုတ်သေးဘူး။ နေပါစေဦး။ တဖြည်းဖြည်းတော့မှပဲ သိစေရတော့မှာပဲလို့ ဆိုပြီး အသာသာ နေတယ်တဲ့ဗျာ။

နောက်တော့ အကြောင်းတစ်ခု ပေါ်ပေါက်လာတဲ့အခါကျတော့ စိတ်ထဲ သဘောမကျပုံ ဒေါသဖြစ်ဟန်နဲ့ အပြစ်ကလဲ ပြောလောက်အောင်နဲ့ပေါ့ဗျာ။ အဲဒီလိုဖြစ်တဲ့အခါမှာ ညီတော်ကို ခေါ်ဟေ့ ဆိုပြီးတော့ အဲဒီမှာ နောင်တော်ဘုရားက မင်းဟာ ငါ့ညီတော်ဖြစ်သည့်အားလျော်စွာ ဧကရာဇ်မင်းရဲ့ စည်းစိမ်ချမ်းသာနဲ့ ခုနစ်ရက် နေတော့။ နေလို့ ခုနစ်ရက်စေ့ပြီဆိုရင် ညီတော်ကို သတ်ရမယ်ဆိုပြီး အမိန့်ချမှတ်လိုက်တယ်။

အဲဒီလို အမိန့်ချမှတ်ပြီးတဲ့နောက် ဧကရာဇ်မင်းရဲ့ စည်းစိမ်ချမ်းသာတွေကို လွှဲအပ်ပေးတယ်ဗျာ့။ ခုနစ်ရက်စေ့တဲ့အခါကျရင် မင်းကိုတော့ မထားတော့ဘူး။ သတ်ရမယ်လို့ အဲဒီလို အမိန့်တော်ထားလိုက်တယ်။

ဒီအိမ်ရှေ့မင်းဟာ ခုနစ်ရက်စေ့တဲ့အခါကျရင် သေတော့မှာဗျာ့။ ဘယ်လိုလဲဆိုရင် သူ့မှာ အပြစ်နဲ့ပြပြီး အမိန့်ချမှတ်တာကိုဗျာ့။

အဲဒီလို အာဏာထားလိုက်ကတည်းက ဒီအိမ်ရှေ့မင်းဟာ ခုနစ်ရက်လည်ရင် သေတော့မှာဆိုပြီး တခါတည်း ကြောက်ပြီး နေတော့တာပဲတဲ့ဗျာ။ အဲဒီတော့ နောက်ခုနစ်ရက်နေပြီးရင် သတ်တော့မှာကို ကြောက်တာနဲ့ စားလို့လဲ မဝင်၊ အိပ်လို့လဲ မပျော်၊ တကြောက်တည်း ကြောက်နေတော့တာပဲ။ ခုနစ်ရက်စေ့ရင် သေမှာကိုးဗျာ့။ ကြောက်တာပေါ့။

အဲဒါနဲ့ ခုနစ်ရက်လဲ စေ့ရော ... ညီတော် ခေါ်ဟဲ့လို့ ဆိုပြီးတော့ ... ရောက်လာတဲ့အခါမှာ အမယ်မင်း သူ့မှာ ပိန်လို့ ချုံးလို့နဲ့ အကြောအပြိုင်းပြိုင်း ထလို့။ အဲဒီလို ဖြစ်နေတာကိုးဗျာ့။

ဒီတော့မှ နောင်တော်ဘုရားက ဘယ့်နှယ် မင်းဟာ ရှေးအခါကလို မဟုတ်ပါလား။ မင်းမှာ အရင်ကတော့ အလွန်ပဲ အားအင်နှင့်တကွ ကြည်လင်တောက်ပလို့ ရှုချင်စဖွယ်အဆင်းနဲ့ တင့်တယ်၊ ယခုတော့ မင်းဟာ ဧကရာဇ်မင်းရဲ့ စည်းစိမ်ချမ်းသာနဲ့ နေတဲ့အခါကျတော့မှ မင်း .. ဘယ့်နှယ်ဖြစ်ရသလဲလို့ မေးတော့၊ မှန်လှပါဘုရား ... ညီတော်ကြောက်လှပါပြီဘုရား။

ဒီတော့ နောင်တော်က ယခု မင်းဟာ ဧကရာဇ်မင်းရဲ့ စည်းစိမ်ချမ်းသာနဲ့ ရွှင်ရွှင်ပျော်ပျော်ကြီး နေရတော့မှာပဲ ... ဒီလိုဖြစ်ရသလား မေးတော့၊ မှန်လှပါ မပျော်နိုင် မရွှင်နိုင်ပါဘူး ဘုရား။ ညစဉ်ညတိုင်း မအိပ်နိုင်ပါဘုရား။ ဘာကြောင့်လဲဆိုတော့ဘုရား .. ညီလေးမှာ ခုနစ်ရက်စေ့တဲ့အခါ ဧကန္တ သေတော့မှာပဲလို့ဆိုတာ ကြောက်နေပါတယ်ဘုရား။ အဲဒီလို ကြောက်တာနဲ့ သူ့မှာ အိပ်လို့လဲ မပျော်၊ စားလို့လဲ မဝင်၊ ဘယ်လိုမှ မပျော်နိုင်၊ မရွှင်နိုင်ပါဘူးလို့ လျှောက်သတဲ့။

အဲဒီလောက်အထိ ကြောက်တာဗျာ့။ ဘယ်လောက်ကြောက်သလဲဆိုရင် အိပ်လို့လဲ မပျော်ဘူးတဲ့။ ကြောက်လွန်လွန်းလို့ မြင့်မြတ်တဲ့ ဧကရာဇ်မင်းရဲ့ စည်းစိမ်တွေ ရထားတော့ အစစအရာရာ အမြင့်မြတ်ဆုံး အကောင်းဆုံးတွေချည်း မဟုတ်လား။ ထီးပွဲ နန်းပွဲတွေနဲ့။ ဒါပေမယ့် သူမပျော်နိုင်ပေါင်တဲ့ဗျာ။ ဘယ်လိုလဲဆိုတော့ သေရမှာကို ကြောက်လွန်လွန်းလို့တဲ့ဗျာ။

အဲဒီလိုဘုရား ညီတော်မှာ သေရမှာ ကြောက်လွန်လွန်းလို့ဘုရားလို့ လျှောက်တော့မှ ဟဲ့ ညီတော် ... မင်းဟာ ခုနစ်ရက်နေပြီးမှ သေရမှာ ဒီလောက်ကြောက်ရသလားလို့ ဆိုတယ်။ ဒီတော့ မှန်လှပါ ကြောက်လှပါပြီဘုရား တဲ့။

ဒီတော့ နောင်တော်ဘုရားက အေး ... အခု မင်းဟာ ဧကရာဇ်မင်းရဲ့ စည်းစိမ်တွေကို ခံစားစံစားပြီးတော့ ခုနစ်ရက်နေပြီးမှ သေမှာကိုတောင် မင်းယခုလောက်အထိ ကြောက်နေတယ်။ ငါရဲ့ အရှင်သခင်များဟာဆိုရင် တစ်နေ့ကလေးကိုပင်လျှင်ပဲ ယခုနပြောတဲ့ လက်ဖျစ်တစ်တွက်မှာဆိုရင် ဒီရုပ်နာမ်ဟာ ဖြစ်ပျက်ပြီးနေတာ ... ဘယ်လောက်တဲ့ ... လက်ဖျစ်တစ်တွက်မှာဆိုရင် ကုဋေပေါင်း တစ်သိန်း ... ဟုတ်ကဲ့လား?

(ဟုတ်ပါတယ် ဘုရား)

အေး ... အဲဒါတွေကို မြင်ပြီးတော့ ဒါတွေကို တကြောက်တည်း ကြောက်နေတာ။ မင်းကမှ ခုနစ်ရက် နေပြီး သေရမှာကို ဒီလောက်တောင် ကြောက်ရသလား။ ငါ့အရှင်များမှာတော့ ဘယ်လိုတုန်းဆိုတော့ ယခုနလိုဗျာ့။ လျှပ်တပြက် လက်ဖျစ်တစ်တွက်မှာဆိုရင် ရုပ်နာမ်ဟာ ဖြစ်ပြီးတော့ ပျက်နေတာ။ ဒီလို ဖြစ်ပြီးတော့ ပျက်နေတာဟာ တခြားမဟုတ်ဘူး။ ဒါတွေကို သိပြီးတော့ မြင်ပြီးတော့ အဲဒါကို ကြောက်နေတာဗျာ့။ အဲဒီတော့ ဘယ်ကသွားပြီး ရွှင်နိုင်ပျော်နိုင်လိမ့်မလဲလို့ ဆိုတော့မှ သူ့မှာ သိသတဲ့ဗျာ့။

နင်ကမှ ခုနစ်ရက် နေပြီးမှ သေမှာ။ ဟိုကတော့ ဒီလို မဟုတ်ဘူး။ တသေတည်း သေနေတာ။ အဲဒါတွေကို မြင်နေတော့ ငါ့အရှင်သခင်တွေဟာ နင်လောက် ဘယ်ကမလဲ ဆိုတော့ ... အဲဒီကျတော့မှ မှားပြီဆိုပြီး သိတော့မှ ကြည်ညိုလာသတဲ့ဗျာ။ အဲဒီကျတော့မှ နားလည်တာကိုးဗျာ့။ နို့မဟုတ်ရင် ယခုနလို သူက တွေးတောမှာပဲဗျာ့။ အဲဒီလိုဗျာ့။

ယခုလဲ ဒီလိုပြောလို့တော့ တကာကြီး မကြောက်ဘူးပေါ့လေ။

တရားနာခံ။ ။ ဒီလိုပြောလို့တော့ သိပ်မကြောက်သေးပါဘူး ဘုရား။

ဆရာတော်။ ။ သိပ်မကြောက်ရင် ယခုနဟာနဲ့မှ တော်မယ်ဗျာ့။ လှေကားထောင်ပြီးတော့ အဲဒီပေါ်မှာသာ လုပ်။ အိပ်သာ အိပ်ဗျာ ... ငိုက်ပါလို့ ဘေးက ပြော၊ ဘယ့်နှယ်လဲ?

တရားနာခံ။ ။ ဘယ် ငိုက်ဝံ့ အိပ်ဝံ့မလဲ ဘုရား။

ဆရာတော်။ ။ ဘယ်သူမကြောက်သေးသလဲ? ဒကာကြီး တစ်ယောက်တည်းလား?

တရားနာခံ။ ။ ကြောက်တဲ့လူ လာဆိုရင် လှေကားကျိုးကျပါလိမ့်မယ်ဘုရား။ ယခု ပရိသတ်တွေ အကုန်လုံး တက်လိမ့်မယ် ထင်တယ် ဘုရား။

ဆရာတော်။ ။ ဒကာကြီးကသာ မကြောက်တာ။ ကြောက်ပြီးသားတွေကတော့ မတက်ပါဘူးဗျာ့။ ဒကာကြီးတစ်ယောက်တည်းပါပဲ။ ဟုတ်ကဲ့လား?

တရားနာခံ။ ။ ဟုတ်ပါတယ် ဘုရား။

ဆရာတော်။ ။ အေး ... အဲဒါ သေတော့ မသေပါဘူး။ လှေကားပေါ်က ကျရုံနဲ့တော့ မသေနိုင်ပါဘူး။ ဒါဖြင့် အဲဒါက အလုပ်ဗျာ့။ နိသဇ္ဇိဓုတင်တွေ ဘာတွေ လုပ်မနေနဲ့။ အဲဒါပဲ လုပ်။

တရားနာခံ။ ။ လှေကားဓုတင်လား ဘုရား။

ဆရာတော်။ ။ အေး ... ဒါသာလုပ်ရင် ဒကာကြီး သေသေချာချာကို ငိုက်မှာ မဟုတ်ဘူး။

တရားနာခံ။ ။ မငိုက်ဝံ့တော့ပါဘူး ဘုရား။

ဆရာတော်။ ။ အေး ... အဲဒါ အကောင်းဆုံးပဲ။ ဒါတောင် မဖြစ်ဘူးဟဲ့လို့ လုပ်နေဦးမလား။ အခု ဒီပရိသတ်ထဲမှာ တူမဒကာမကြီးတွေ ပါလား။ ပါရင် သူတို့ကို အဲဒါသာ လုပ်ပေးလိုက် ကြားလား။ တခြား မသွားချင်ရင်လဲ ခုံခပ်ငယ်ငယ်ကလေးတစ်ခု ထုတ်ပေး ... အဲဒီအပေါ်မှာ ထိုင်ပစေ။

တရားနာခံ။ ။ စားပွဲခုံပေါ်မှာ ခွေးခြေကလေး တင်လိုက်ရင် တော်လောက်ပါပြီ ဘုရား။

ဆရာတော်။ ။ အေးဗျာ့။ အဲဒါသာ လုပ်။ တကယ်လုပ်မှာလား? တော်တော်ကြာ မလုပ်ခင် အိပ်ပျော်သွားဦးမယ် ထင်တယ်။

တရားနာခံ။ ။ မအိပ်ပါဘူး ဘုရား။

ဆရာတော်။ ။ အေး အဲဒါဆိုရင် ထိနမိဒ္ဓ နိုင်တန်ကောင်းပါရဲ့။

တရားနာခံ။ ။ နိုင်ကောင်းပါတယ် ဘုရား။

ဆရာတော်။ ။ သို့သော်လဲပဲ မအိပ်ဘဲ နေရုံ၊ ကြောက်ရုံနဲ့ မဖြစ်ဘူး။ မအိပ်ဘဲနေတာက ယခုန ထားဆိုတဲ့ နေရာကလေးမှာ ထားလို့ နေပြီဆိုရင် နေတဲ့အချိန်က စပြီး ဒီထက်ဒီ အချိန်ကြာသလောက် တိုးတက်လာမှာပဲဗျာ့။ ယခုနဟာတွေကို မြင်လာမယ်။ မြင်လို့ရှိရင် ယခုန တိဿကြောက်သလောက် မကဘူး ထင်တယ်။

တရားနာခံ။ ။ သူ့ထက် ကြောက်လာပါလိမ့်မယ် ဘုရား။

ဆရာတော်။ ။ ယခုန အိမ်ရှေ့မင်းလို ဧကရာဇ်မင်းရဲ့ စည်းစိမ်နဲ့ နေစမ်းပါဆိုရင် ဒကာကြီး ဘယ့်နှယ်လဲ?

တရားနာခံ။ ။ မအိပ်နိုင်ပါဘူး ဘုရား။

ဆရာတော်။ ။ ဧကရာဇ်မင်းရဲ့ စည်းစိမ်နဲ့တောင်မှ မအိပ်နိုင်ဘူးဆိုရင် ယခု အိမ်ပြန်သွားရုံနဲ့တော့ ဘယ်နည်းနဲ့မှ အိပ်မှာ မဟုတ်ဘူး ထင်တယ်။

တရားနာခံ။ ။ ဟုတ်ပါတယ် ဘုရား။

ဆရာတော်။ ။ အေး ... ဒါဖြင့် ဒိပြင်ဟာတွေ ပြောရတာထက် ယခုလိုဆိုရင် စောစောတုန်းကပဲ ပြောပါတော့ဗျာ။

တရားနာခံ။ ။ တင်ပါ့ဘုရား။ စားပွဲပေါ် ခွေးခြေတင်ထားလိုက်တာနဲ့ပဲ တော်ပါပြီဘုရား။

ဆရာတော်။ ။ ဒကာကြီးလို အိပ်ပျော်တဲ့လူ ရှိသေးသလား?

တရားနာခံ။ ။ ရှိပါလိမ့်မယ် ထင်ပါရဲ့ဘုရား။

+++++

ဝေဘူဆရာတော်ဘုရားကြီး၏ ၁၉၅၅ ခုနှစ် မေလ ၉ ရက်နေ့ညတွင် ရန်ကုန်တက္ကသိုလ် ဓမ္မာရုံ၌ ဟောကြားတော်မူသော `အချိန်ရှိတုန်း ကြိုးစားကြ´ တရားတော် မှ ကောက်နုတ်ချက်။

တရားနာခံအဖြစ် ဦးလှက ဆောင်ရွက်သည်။

No comments: