Wednesday, May 25, 2011

လောကချမ်းသာစေတီတော် (၂၀၁၁ မေ ၂၄-၂၅)

နယူးဂျာစီ မဟာစည်သတိပဋ္ဌာန်ရိပ်သာရှိ လောကချမ်းသာစေတီတော်မြတ်ကြီး၏ လေးကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို ၂၀၁၁ ခုနှစ် မေလ ၂၉ ရက် တနင်္ဂနွေနေ့တွင် ကျင်းပ ပြုလုပ်မည်ဖြစ်ရာ စေတီတော် အထက်ပစ္စယံနှင့် ပလ္လင်ခုံတို့ တိုးတက် ပြီးစီးမှုကို မေလ ၂၄-၂၅ ရက်များက တွေ့ရစဉ်။













စေတီယင်္ဂနဝတ်

ဗုဒ္ဓဘာသာများ သိသင့် ကျင့်သင့်တဲ့ စေတီယင်္ဂနဝတ်အကြောင်းကို ဆွေးနွေး တင်ပြလိုပါတယ်။

စေတီယင်္ဂနဝတ်ဆိုသည်မှာ “စေတီဝင်္ဂနဝတ္တ”ဟူသော ပါဠိစကားကို “စေတီယင်္ဂနဝတ်”လို့ မြန်မာမှုပြုပြီး ခေါ်ထားခြင်း ဖြစ်ပါတယ်။

‘စေတီ’ရဲ့ အဓိပ္ပာယ်မှာ အလေးအမြတ်ပြုအပ်၊ အရိုအသေပြုအပ်၊ ရှိခိုးအပ်သော အရာဌာန အဆောက်အဦစသည်ကို ဆိုလိုပြီး၊ ‘ဝတ္တ’ကတော့ ယင်းစေတီတော်အား ပူဇော်မှုအမျိုးမျိုးဖြင့် ပူဇော်ခြင်းလို့ ဆိုလိုပါတယ်။

အိန္ဒိယနိုင်ငံမှာ သစ်ပင်ကြီးများအပါအဝင် ဟိန္ဒူစေတီတွေ အများအပြား ရှိပါတယ်။
ဗုဒ္ဓဘာသာနိုင်ငံများမှာတော့ ဗုဒ္ဓစေတီတော်တွေကို ဖူးတွေ့ရပါတယ်။
အမေရိကန်နိုင်ငံ နယူးဂျာစီပြည်နယ်၊ မနာလပန်မြို့၊ အင်္ဂလစ်ရှ်တောင်းမှာ ကြည်ညိုဖွယ်ရာ တည်ထား ကိုးကွယ်ထားသော “လောကချမ်းသာစေတီတော်မြတ်ကြီး”သည် ဗုဒ္ဓဘာသာစေတီတော်ကြီးတစ်ဆူ ဖြစ်ပါတယ်။
ဤစေတီတော်ကြီးအား ပူဇော်မှုအမျိုးမျိုးဖြင့် စေတီယင်္ဂနဝတ်များကို ဖြည့်ကျင့် ဆည်းပူးကြကာ ကုသိုလ်မင်္ဂလာ အဖြာဖြာကို ရယူနိုင်ကြပါပြီ။

လောကချမ်းသာစေတီ ဘုရားပွဲတော်ကို ပထမဆုံးအကြိမ်အဖြစ် ၂၀၀၈ ခုနှစ်၊ မေလ (၂၅)ရက်နေ့မှာ စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်ဖြစ်ခဲ့ပါတယ်။
ဘုရားဝတ္တကမြေကိုလည်း နှစ်ဧက တိုးချဲ့ ဝယ်ယူထားခဲ့ပါတယ်။
ဘုရားပွဲတော်အမီ စေတီတော်ကို ဆက်လက် အပြီးသတ် တည်ဆောက်ခြင်း၊ ဘုရားဝတ္တကမြေသစ်မှာ သစ်ပင် ခြုံနွယ်များကို သန့်ရှင်းခြင်း၊ မြေညှိခြင်း စတဲ့ စေတီယင်္ဂနဝတ်များကို အသင်းအမှုဆောင်များနှင့် စေတနာရှင် အသင်းမိတ်ဆွေများ စုပေါင်း၍ အခါအားလျော်စွာ လုပ်အား ငွေအား ဒါများ ပေးလှူခဲ့ကြပါတယ်။

ဘုရားပွဲတော်အကြိုမှာ ပြုလုပ်ရတဲ့ စေတီယင်္ဂနဝတ်ကတော့ ပိုပြီး အရေးကြီးပါတယ်။
ဒါမှသာ ဘုရားပွဲတော်မှာ ဘုရားဖူးများ စိတ်ကြည်နူး ချမ်းသာစွာ ဘုရားကို ကြည်ညိုနိုင်ကြပြီး ကုသိုလ် ဘာဝနာများကို ပွားများနိုင်ကြမှာ ဖြစ်ပါတယ်။

အများအတွက် စိတ်ချမ်းသာအောင် ဆောင်ရွက်ခြင်းဖြင့် ကံ,ကံ၏ အကြောင်းအကျိုးတရားအရ မိမိတို့မှာလည်း စိတ်ချမ်းသာခြင်း အကျိုးကို ကောင်းစွာ ရရှိခံစားရမှာ အမှန် ဖြစ်ပါတယ်။
နိဗ္ဗာန်ကို ရည်မှန်းပြီး ပြုလုပ်လျှင်လည်း နိဗ္ဗာန်ရောက်တဲ့အထိ အကျိုးပေးပါလိမ့်မယ်။

သို့ဖြစ်သောကြောင့် စေတီတည်ထားလျှင် စေတီယင်္ဂနဝတ်ကို ဖြည့်ကျင့်ရ၏။
ဗောဓိပင်ရှိလျှင် ဗောဓိပင်ကို ရေလောင်းခြင်း၊ သန့်ရှင်းခြင်းဟူသော ဗောဓိယင်္ဂနဝတ်ကို ဖြည့်ကျင့်ရ၏။
ကျောင်း, ဓမ္မာရုံများ တည်ဆောက်ထားလျှင်လည်း ကျောင်း, ဓမ္မာရုံများကို သန့်ရှင်း ပြုပြင်မှု သေနာသနဝတ်များ ပြုလုပ်ရပါတယ်။
စေတီ, ကျောင်းကို အမှီပြုပြီး နေသူသည် ဤကျင့်ဝတ်များကို မဖြည့်ကျင့်လျှင် သီလစသည် မပြည့်စုံတော့ဘဲ နိဗ္ဗာန်နှင့် လွဲရပါတော့တယ်။

ရှေးအခါက အိန္ဒိယတွင် ‘တိဿ’အမည်ရှိတဲ့ တောရကျောင်းရဟန်းတော် တစ်ပါးသည် ကျောင်းအနီးမှ စေတီရင်ပြင်တော်ကို နေ့စဉ် တံမြက်လှဲ သန့်ရှင်း၍ စေတီယင်္ဂနဝတ်ကို ဖြည့်ကျင့်လေ့ရှိပါတယ်။
စေတီရင်ပြင်တော်ကို သန့်ရှင်းပြီးသောအခါ အရဟံအစရှိတဲ့ ဘုရားဂုဏ်တော်တွေကို အာရုံပြု၍ ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းကို စီးဖြန်း အားထုတ်ပါတယ်။

တစ်နေ့သောအခါမှာ တိဿမထေရ် စေတီရင်ပြင်တော်ကို တံမြက်လှဲ သန့်ရှင်းနေစဉ်မှာ မာရ်နတ်က ‘မျောက်’ယောင် ဆောင်ပြီး စေတီရင်ပြင်မှာ အညစ်အကြေးတွေ စွန့်ပါတယ်။
‘နွား’ယောင် ဆောင်ပြီးလည်း အညစ်အကြေးတွေ စွန့်ကာ ညစ်ပတ်အောင် ပြုလုပ်ပါတယ်။
မထေရ် တရားနှလုံးမသွင်းနိုင်အောင် နှောက်ယှက်နေခြင်းပါ။

တိဿမထေရ်လည်း မာရ်နတ်မှန်း သိရှိ၍ မာရ်နတ်ကို “အသင်သည် သက်တော်ထင်ရှား မြတ်ဘုရားကို မှီလိုက်လို့ ဘုရားရှင်ရဲ့ ပုံသန္တာန်တော်ကို ဖန်ဆင်းပြပေးပါ။ အကျွန်ုပ် သက်တော်ထင်ရှား ဘုရားရဲ့ ပုံတော်ကို ကြည်ညိုချင်လှပါတယ်”လို့ တောင်းပန်ပါတယ်။

မာရ်နတ်ကြီး ဖန်ဆင်းပြတဲ့ ဘုရားရှင်၏ ပုံသန္တာန်တော်ကို ဖူးမြင်ရသောအခါ မထေရ်မှာ ဘုရားအပေါ် ကြည်ညိုလှသည့် ပီတီစိတ်တွေ တသိမ့်သိမ့် ဖြစ်ပေါ်လာပါတော့တယ်။

အဲဒီ ပီတိစိတ်တွေ ပေါ်လိုက်ပျောက်လိုက် ဖြစ်နေမှုကို ဝိပဿနာ ဆက်လက် ရှုမှတ် ပွားများနေစဉ်မှာပဲ သစ္စာလေးပါးကို သိမြင်ပြီး ရဟန္တာဖြစ်တော်မူခဲ့ပါတယ်။

တိဿမထေရ်ကဲ့သို့ လောကချမ်းသာစေတီတော်ကြီးမှာ တံမြက်လှဲခြင်း၊ မြက်ရိတ်ခြင်း စတဲ့ သန့်ရှင်းမှုလုပ်ငန်း စေတီယင်္ဂနဝတ်များ ဖြည့်ကျင့်၍ ဗုဒ္ဓါနုဿတိဘာဝနာ, သတိပဋ္ဌာန် ဝိပဿနာတရား ပွားများကြကာ ဖြစ်ပျက်မစပ် အငြိမ်းဓာတ် နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ရပါသတည်း။

ကိုရင်ချော

Monday, May 23, 2011

ကုသိုလ်တိုးပွား အကျိုးများ

နယူးဂျာစီ မဟာစည်သတိပဋ္ဌာန်ရိပ်သာ၌ လေးကြိမ်မြောက် လောကချမ်းသာ ဓာတ်ပေါင်းစု ဆုတောင်းပြည့် စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို ၂၀၁၁ ခုနှစ် မေလ ၂၉ ရက် တနင်္ဂနွေနေ့တွင် စည်ကား သိုက်မြိုက်စွာ ကျင်းပကြမည် ဖြစ်သည်။

ဘုရားပွဲတော်အတွက် ကြိုတင် ပြင်ဆင်ခြင်း လုပ်ငန်းများကို ပွဲတော်မတိုင်မီ တစ်ပတ်၌ ဆောင်ရွက်လေ့ရှိ၏။

ယခုနှစ်တွင် နယူးဂျာစီ မဟာစည်သတိပဋ္ဌာန်ရိပ်သာ ဆရာတော် ဦးပညာသီဟ၏ စိတ်ကူး ကြံဆမှု၊ ပန်းချီအနုပညာရှင် ဦးအောင်ကျော်မိုး၏ အနုပညာလက်ရာ၊ ဦးကျော်သူမြတ်နှင့် ကိုထွန်းထွန်းတို့၏ အင်္ဂတေလောင်းရန် ပုံစံခွက် ပြုလုပ်ပေးမှု၊ ကိုရဲလင်း, ကိုသက်ဝင်း, ကိုပညာတို့၏ ဝိုင်းဝန်း ကူညီ လုပ်အားပေးမှု စသော အသိပညာ, အတတ်ပညာ, လုပ်အားဝေယျာဝစ္စ ပေါင်းစုမှု အသီးသီးတို့မှ ပေါက်ဖွားလာသော စိန်တောင်ငယ်ပေါင်း (၈၀)တို့ကို ဘုရားပွဲတော်အမီ သွန်းလောင်း ပြုလုပ်နိုင်ခဲ့ကြသည်။

ဘုရားပွဲတော်ကျင်းပပြုလုပ်ရန် တစ်ပတ်အလို မေလ ၂၂ ရက် တနင်္ဂနွေနေ့က ဘုရားရင်ပြင်တော် သန့်ရှင်းရေး၊ ရိပ်သာဝင်းအတွင်း မြက်ရိတ်ခြင်း၊ စိန်တောင်ငယ် (၈၀)တို့ကို လက်ရှိ ဓမ္မာရုံအတွင်းမှ စေတီတော် ပစ္စယံသို့ လက်ဆင့်ကမ်း သယ်ဆောင်ခြင်း စသည့် အထွေထွေ လုပ်အားဒါနပေးပွဲကို ညီညာရွှင်ပျ ဝမ်းသာအားရ လုပ်အားပေးလှူခဲ့ကြပါသည်။

ထိုနေ့က ဒေါ်မြမြစိုးက မွေးနေ့အထိမ်းအမှတ်အဖြစ် ဆရာတော်ဦးပညာသီဟနှင့် ဦးသောဘနတို့အား နေ့ဆွမ်းဆက်ကပ်ခြင်း၊ စေတီတော်နှင့် ဓမ္မာရုံ ယောဂီကျောင်းဆောင်တော်ကြီး ဆောက်လုပ်ရေးအတွက် လှူဒါန်းခြင်း စသည့် ကုသိုလ် ကောင်းမှုများ ပြုလုပ်၏။

အပတ်စဉ် တနင်္ဂနွေနေ့တိုင်း နယူးဂျာစီရိပ်သာ ဓမ္မာရုံ၌ ဗုဒ္ဓဘာသာနှင့် အခြေခံယဉ်ကျေးမှုသင်တန်း ကျင်းပ ပြုလုပ်ရာ၊ သင်တန်းသို့ တက်ရောက်လာကြသော သင်တန်းသား ကလေးငယ်များ၊ သင်တန်းသားများ၏ မိဘများ၊ လေ့လာသူများ၊ ဖိတ်ကြားထားသော ဆွေမျိုး မိတ်သင်္ဂဟများ၊ လုပ်အားပေးလာရောက်ကြသော အေဘီဘီအေအသင်း အမှုဆောင်များတို့ကိုလည်း မွေးနေ့အလှူရှင်မိသားစုများက နေ့လယ်စာ မြန်မာထမင်းဟင်း၊ သစ်သီးမျိုးစုံ၊ အချိုမုန့်များနှင့် လက်ဖက်ရည်တို့ဖြင့် ဧည့်ခံ ကျွေးမွေးကြသည်။

ထိုနေ့က အထွေထွေ လုပ်အားဒါန ပေးလှူကြသူများကို မှတ်မိသမျှ ဖော်ပြရလျှင် -
  • ဦးစိန်မြင့်
  • ကိုအေးခိုင်
  • ဒေါက်တာရာပြည့် + ဒေါက်တာစောသဇင်
  • ဒေါက်တာစိန်သန်း
  • ဒေါက်တာရဲကျော်အောင်
  • ကိုဖိုးသား
  • ကိုဇေယျာဖြိုး
  • ဦးစောဝင်း နှင့်
  • ဘော်စတွန်မှ ဘုရားဖူးရောက်လာသော ဓမ္မမိတ်ဆွေတစ်ဦးတို့ ဖြစ်၏။
ဆရာတော် ဦးပညာသီဟက စိန်တောင်ငယ်များ အထားအသို နေရာတကျ စနစ်တကျ ဖြစ်စေရေးအတွက် ကြီးကြပ် စစ်ဆေးပေး၏။

ထိုနေ့က မိုးအုံ့နေသော်လည်း မိုးရွာသွန်းခြင်း မရှိပေ။ ရာသီဥတုမှာ အနည်းငယ်မျှ အေး၏။

လုပ်အားပေးကြသူများက တက်ညီလက်ညီ လုပ်ကိုင် ဆောင်ရွက်နေကြသည်ကို မြင်ရသည်မှာ အထူး ဝမ်းသာ ရွှင်ပျ အားကျဖွယ် ဖြစ်၏။

အလှူရှင်မိသားစုမှာလည်း မိမိတို့ ပြုရသော ဒါနကုသိုလ်နှင့် ပါဝင် ဆောင်ရွက်ခွင့်ရသော လုပ်အား ဒါနကုသိုလ်တို့အတွက် ကျေနပ် ဝမ်းသာ ပီတိဖြာနေကြသည်။

ကုသိုလ်တိုးပွား အကျိုးများစေသည့် အမှုကိစ္စများကို ဆောင်ရွက်ခဲ့ရသော နေ့ကလေးတစ်နေ့အဖြစ် မှတ်တမ်းတင်ရပါသည်။












စောဝင်း
(၂၂-မေ-၂၀၁၁)

လောကချမ်းသာအရံစေတီတော်များ ထီးတော်တင်

နယူးဂျာစီ မဟာစည်သတိပဋ္ဌာန်ရိပ်သာရှိ လောကချမ်းသာစေတီတော်၏ အရံစေတီတော်ငယ်များ ထီးတော်တင်ခြင်းကို လေးကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အမီ ၂၀၁၁ ခုနှစ် မေလ ၁၂ ကြာသပတေးနေ့တွင် ပြုလုပ် ဆောင်ရွက်ခဲ့၏။

အရံစေတီတော်ငယ်များ ထီးတော်တင်ခြင်းကို ထီးတော်အလှူရှင်များကိုပါ ဖိတ်ကြား၍ သတ်သတ်မှတ်မှတ် ကျင်းပ ပြုလုပ်ရန် စီစဉ်ထားရှိခဲ့သော်လည်း အားလပ်ရက်အခက်အခဲနှင့် ထီးတော်များ ထိန်းသိမ်းထားရသည်မှာ အချိန်ကြာမြင့်နေပြီဖြစ်၍ နယူးဂျာစီ မဟာစည်သတိပဋ္ဌာန်ရိပ်သာ ဆရာတော်များ ဦးဆောင်ကာ အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်း၏ နည်းပညာဆိုင်ရာ အကြံပေးအရာရှိ အင်ဂျင်နီယာ ဦးမောင်မောင်တို့ ကိုယ်တိုင် ထီးတော်တင်ခဲ့ကြပါသည်။

လောကချမ်းသာစေတီတော်မြတ်ကြီး၏ လေးကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို ၂၀၁၁ ခုနှစ် မေလ ၂၉ ရက် တနင်္ဂနွေနေ့တွင် ကျင်းပ ပြုလုပ်မည် ဖြစ်သည်။



















Thursday, May 19, 2011

အနာကုလာ စ ကမ္မန္တာ ဧတံ မင်္ဂလမုတ္တမံ

“အလုပ်တစ်ခုကို အနှောက်အယှက် အရှုပ်အထွေး မရှိ၊ ပြီးစီး အောင်မြင်အောင် လုပ်ဆောင်ရခြင်းဟာ မင်္ဂလာတစ်ပါး”လို့ ဘုရားရှင်က မင်္ဂလသုတ်မှာ ဟောကြားတော်မူခဲ့တယ်။

ဘုရားဟောနဲ့ ဆန့်ကျင်ဘက်ကို အပြန်ယူ ပြောရရင် “မပြီးပြတ်တဲ့ လက်စမသတ်သေးတဲ့ လုပ်ငန်းကိစ္စတစ်ခုဟာ မင်္ဂလာ မရှိပါ”လို့ ဆိုရပေလိမ့်မယ်။

ဘုရားဟောတာ မှန်,မမှန်ကို ပြန်လှန် စဉ်းစားကြည့်ပါ။
တစ်ဝက်တစ်ပျက်နဲ့ မပြီးပြတ်သေးတဲ့ အဆောက်အဦတွေကို မြင်ရရင် တိုးလိုးတန်းလန်း ထိုးထိုးထောင်ထောင်နဲ့ အလွန် အကြည့်ရ အရုပ်ဆိုးတာကို စာဖတ်သူတို့ တွေ့ရပါလိမ့်မယ်။
သပ်သပ်ရပ်ရပ်နဲ့ ပြီးစီးနေတဲ့ အဆောက်အဦတွေကို မြင်ရရင် ကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ သူ့အရွယ်နဲ့သူ လှလှပပ တင့်တင့်တယ်တယ် ရှိနေတာကို တွေ့ရပါလိမ့်မယ်။

နမူနာယူဖို့ ဘုရားစုံဖူးခဲ့တယ်

စာရေးသူ မြန်မာပြည် အလည်အပတ်ရောက်ခဲ့စဉ်က စေတီပုထိုး အမျိုးမျိုးကို သွားရောက် ကြည်ညိုခဲ့ပါတယ်။
ကြီးကြီးငယ်ငယ် အသွယ်သွယ် တင့်တယ် သပ္ပာယ်လှတယ်။
စိတ်ခံစားချက်အရ “တချို့စေတီပုထိုးတွေကို ဘယ်တော့မှ သွားမဖူးဘူး”လို့ ဆုံးဖြတ်ချက်ချပြီး တစ်ချိန်တစ်ခါက မသွားခဲ့ပေမယ့် ဒီတစ်ခေါက်တော့ အဲဒီ စေတီပုထိုးတွေဆီကို ရောက်အောင် သွားခဲ့တယ်။
ဒီလို သွားခဲ့ကြောင်း ရောက်ခဲ့ကြောင်းကို မိတ်ဆွေဆရာတော်ကို ပြောပြတော့ “အရှင်ဘုရား ... အဲဒီစေတီပုထိုးတွေကို ရောက်ခဲ့တယ်။ ဟုတ်လား ... တော်သားပဲ။ တပည့်တော်ကတော့ စိတ်မပါလို့ မြန်မာပြည်ရောက်ပေမယ့် အဲဒီစေတီပုထိုးတွေကို အနားရောက်လို့တောင် ယောင်ပြီး လှည့်မကြည့်ခဲ့ဘူး”လို့ ပြောတယ်။

ဒီတော့ စာရေးသူက “တပည့်တော် မြန်မာပြည်ရောက်တုန်း စေတီပုထိုး ခပ်များများကို ရောက်အောင် သွားခဲ့တာက အဲဒီစေတီပုထိုးတွေမှာ တန်ဆာဆင်ထားတဲ့ မြန်မာ့အနုပညာလက်ရာ ကနုတ်ပန်းတွေကို ကြည့်ချင်လို့ပဲ။
အဲဒီလက်ရာတွေကို အလှအပအနေနဲ့ မျက်စိအရသာခံဖို့တော့ မဟုတ်ဘူး။ နယူးဂျာစီမှာ တည်ထားတဲ့ စေတီတော်အတွက် ဘယ်နေရာမှာ ဘာလုပ်ရင် ကောင်းမယ်၊ ဘယ်လိုဖြစ်နိုင်မယ်ဆိုတာကို နမူနာယူပြီး လုပ်ဖို့ သွားကြည့်တာပဲ။ နယူးဂျာစီမှာ တည်ထားတဲ့စေတီမှာ လုပ်စရာတွေ အများကြီး ကျန်နေသေးတယ်။ တစ်ဝက်တစ်ပျက်နဲ့ မပြီးပြတ်သေးဘူး။ လုပ်စရာ ကျန်နေတာအတွက် မြန်မာပြည်က စေတီပုထိုးတိုင်းမှာ သင့်တော်တဲ့ အနုပညာလက်ရာတွေကို စိတ်ထဲဝင်လာသမျှ ဓာတ်ပုံရိုက်ယူမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သွားခဲ့တာပဲ။ ဥပမာအနေနဲ့ ပြောရရင် -



စေတီအတွက် ပလ္လင်တည်ဆောက်ထားပုံ၊ လုပ်နည်းလုပ်ဟန်။
စေတီပတ်လည်မှာ ကာရံထားတဲ့ တံတိုင်းနဲ့ -



လှေခါးဘေးမှာ တပ်ဆင်ရမယ့် လှေခါးလက်ရန်း။



အဆောက်အဦအတွက် မျက်နှာကြက်အနေအထား။



ဘုရားခန်းအတွက် မျက်နှာစာ အပြင်အဆင်။



ဂြိုဟ်တိုင်နဲ့ ဆီမီးပူဇော်ဖို့ ပြုလုပ်ထားရှိပုံ။



ခေါင်းလောင်းချိတ်ဆွဲဖို့ တိုင် စတာတွေ ဖြစ်တယ်။

နယူးဂျာစီမှာ ရှိတဲ့ စေတီကို စေတီတည်ဖူးတဲ့ ပညာရှင်တွေ မပါဘဲ မဖြစ်,ဖြစ်အောင် တည်ဆောက်နေရတာဆိုတော့ အခြားစေတီပုထိုးတွေ ဘယ်လို တည်ဆောက်ထားတယ်ဆိုတာ နည်းယူရအောင် အကြံဉာဏ်ရအောင် သွားကြည့်ခဲ့တာပဲ”လို့ ရှင်းပြရတယ်။

လုပ်စရာတွေ ကျန်နေသေးတယ်

ရောက်လာကြတဲ့ ဒကာ ဒကာမအချို့က “အရှင်ဘုရား စေတီက ပြီးနေပြီပဲ၊ ဘာလုပ်စရာ ကျန်သေးလို့လဲ?”လို့ မေးလျှောက်ကြတယ်။
“အေး ... စေတီက ပင်မစေတီလုံးအတွက်သာ ပြီးသေးတာ၊ လုပ်စရာတွေ အများကြီး ကျန်သေးတယ်။ စေတီပရဝုဏ်ကို တံတိုင်းခတ်ရမယ်။ စောင်းတန်းလှေခါးမှာ လက်ရန်းတွေ တပ်ရမယ်။ ကျောက်ပြားခင်းရဦးမယ်။ လျှပ်စစ်မီးတိုင်တွေ ဂြိုဟ်တိုင်တွေ ထည့်ရဦးမယ်။ ခေါင်းလောင်းတိုင်တွေကို စနစ်တက ပြန်လုပ်ရမယ်”လို့ ပြန်ဖြေနေရတာလည်း အမောသားပဲ။

ဖော်ပြထားတဲ့ အရာတွေဟာ စေတီမှာ မဖြစ်မနေ လုပ်ရမယ့် အလုပ်တွေပဲ။
လုပ်ပါမယ်လို့ ကြေညာပြီး အလှူခံထားတဲ့ အရာတွေလည်း ဖြစ်တယ်။
အောက်မှာ ဖော်ပြထားတဲ့ပုံအတိုင်း ဖြစ်ပြီဆိုမှ စေတီဟာ ပြီးစီး ပြည့်စုံပြီလို့ ဆိုရမယ်။



ခု စေတီဘေးက ခေါင်းလောင်းချိတ်ထားတဲ့ တိုင်တွေကို ကြည့် -



ကချော်ကချွတ်နဲ့ ပျက်စပြုနေပြီဆိုတော့ စာရေးသူစိတ်ထဲမှာ ကျက်သရေရှိတယ်လို့ မထင်ဘူး။
မြန်မာပြည်က စေတီပုထိုးတွေနဲ့ နှိုင်းယှဉ်ကြည့်လေ စိတ်ထဲမှာ အဆင်မပြေလေ ... ဖြစ်နေတာပဲ။

နိုင်ငံရပ်ခြားမှာ တည်ထားတဲ့ စေတီဆိုတော့ သပ်သပ်ရပ်ရပ် ပိုရှိစေချင်တယ်။
ဒါမှလည်း ဘာသာတရားကို ပိုအထင်ကြီးပြီး လေးစားမယ်။
ဒါကြောင့် ဉာဏ်စွမ်းရှိသလောက် အကြံပေးပြီး၊ ခွန်အားရှိသလောက်နဲ့ စေတီတော်ကို တင့်တယ် သပ္ပာယ်အောင် ဆောင်ရွက်နေတယ်။

လုပ်ပြီးသမျှ ကိစ္စအချို့ကတော့ ၂၀၁၀ ခုနှစ်မှာ စေတီတော်ရဲ့ အထက်ပစ္စယံကို ကျောက်ပြားခင်းပြီးခဲ့တယ်။
အလှူရှင်က နယူးဂျာစီမှာနေတဲ့ ဟင်နရီနဲ့ မီးမီး မိသားစု ဖြစ်တယ်။

အဲဒီနှစ်မှာပဲ စေတီတော်ပလ္လင်နဲ့ ခြင်္သေ့ထိုင်ခုံတွေကို ကနုတ်ပန်းတချို့ တပ်ဆင်ခဲ့တယ်။
ဆေးတောင် မသုတ်ရသေးဘူး။

စေတီတော်မှာ ရှိရမယ့် အရံစေတီလေးတွေနဲ့ ဆင်းတုတော်ကျောင်းဆောင်တွေကြားမှာ ကွက်လပ်ဖြစ်နေလို့ ပိုမို သပ္ပာယ်အောင် ‘စိန်တောင်’ဆိုတဲ့ ကနုတ်ပန်းတွေ ထည့်လေ့ရှိတယ်။
ဒီအတွက် ကိုအောင်ကျော်မိုးကို ပုံစံဆွဲခိုင်းတော့ မြန်မာပြည်က ဘုရားတွေမှာ ရှိတဲ့ တချို့ပုံတွေကို နည်းမှီပြီး တတ်နိုင်သလောက် ကြိုးစား ဆွဲပေးတယ်။
ဒါပေမယ့် ဟိုပုံကောင်းနိုးနိုး ဒီပုံကောင်းနိုးနိုးနဲ့ ရွေးနေတာ အလုပ်မဖြစ်ဘဲ ကြာသွားတယ်။
တော်တော်နဲ့ လုပ်ဖြစ်မယ် မထင်ဘူး။
ဒါကြောင့် လုပ်ရမယ့်အလုပ် မြန်မြန်လုပ်ဖြစ်အောင် စာရေးသူက ကိုအောင်ကျော်မိုးကို ဒီလိုပုံလုပ်ပေးပါဆိုပြီး စမ်းသပ်လုပ်ခိုင်းလိုက်တယ်။
ကိုအောင်ကျော်မိုးက သစ်သားထည်နဲ့ အစမ်းလုပ်ပြီး ဘုရားပေါ်တင်ကြည့်၊ အနေအထားကို ဓာတ်ပုံရိုက်ပြီး အဖွဲ့ကို တင်ပြတော့ အဖွဲ့ဝင်တွေက သဘောတူကြတယ်။



ဒါကြောင့် ကိုအောင်ကျော်မိုး သစ်သားနဲ့ လုပ်ထားတဲ့ စိန်တောင်ပုံကို ကိုကျော်သူမြတ်က အင်္ဂတေလောင်းဖြစ်အောင် ရာဘာနဲ့ ပုံစံခွက် ဖော်ပေးတယ်။
စိန်တောင်တစ်ခုအတွက် ရာဘာခွက်ပုံစံ နှစ်မျိုးလုပ်ရတယ်။
အင်္ဂတေခွက်တုံးကြီးအတွက် တစ်ခုနဲ့ ရှေ့မျက်နှာစာအလှအပ ကနုတ်ပန်းခက်အတွက် တစ်ခု ဖြစ်တယ်။

ရာဘာပုံစံခွက်တွေ လုပ်ပြီးတော့ အင်္ဂတေလောင်းယူတဲ့အခါ စိတ်တိုင်းကျ ထွက်လာဖို့ စမ်းသပ်မှုအမျိုးမျိုးကို အပင်ပန်းခံ လုပ်ကြရတယ်။
ဒီလုပ်ငန်းတွေကို ကိုကျော်သူမြတ်အနေနဲ့ ရာသီဥတုပြင်းထန်တဲ့ ဆောင်းတွင်းကာလမှာ အအေးဒဏ်ကို ကြံ့ကြံ့ခံပြီး မဖြစ်မနေ ပြီးစီးအောင် လုပ်ခဲ့တယ်။
သူလုပ်ဆောင်ပြီးတဲ့ အင်္ဂတေခွက်တုံးကြီးနဲ့ ကနုတ်ပန်းခွေတွေကို စာရေးသူဆီ လာပြတယ်။



နှစ်ခုထပ်ကပ်ကြည့်တော့ အင်္ဂတေခွက်တုံးက ကြီးပြီး ကနုတ်ပန်းခွေက သေးနေတယ်။



ဒီနေရာမှာ စာရေးသူရဲ့ အကြံဉာဏ်နဲ့ စမ်းသပ်မှုကို အသုံးချရတော့တယ်။
အင်္ဂတေခွက်နဲ့ ကနုတ်ပန်းကို ကော်နဲ့ကပ်၊ နောက်ပြီး အဲဒီနှစ်ခု ဆက်တဲ့နေရာကို အင်္ဂတေ ထပ်ဖြည့်၊ အချောကိုင်၊ ဆေးသုတ်၊ ရွှေမှင်ခြယ်လိုက်တော့ စိန်တောင်လို့ ခေါ်ရမယ့် ဘုရားကျောင်းဆောင်ငယ်လေးဟာ အတော် သပ္ပာယ်သွားတယ်။
“အနာကုလာစ ကမ္မန္တာ ဧတံ မင်္ဂလမုတ္တမံ”ဆိုတဲ့ ဒေသနာနဲ့အညီ အလုပ်တစ်ခု ပြီးစီး အောင်မြင်သွားလို့ စိတ်ချမ်းသာရတယ်။



အဲဒီ ကျောင်းဆောင်ငယ်လေးထဲမှာ ဆင်းတုတော် ပူဇော်ထားပြီး တစ်ခုကို ဘယ်လောက်နဲ့ အလှူခံရမလဲဆိုတာ စဉ်းစားရပြန်တယ်။
အဲဒီအတောအတွင်းမှာ ဒုလ္လဘရဟန်းလာဝတ်တဲ့ ဦးထင်မြိုင်တို့ ညီအစ်ကိုကို ဘယ်လောက်နဲ့ အလှူခံသင့်သလဲလို့ မေးကြည့်တော့ သူတို့လည်း အကြံမပေးတတ်ဘူး။

ဒါနဲ့ နယူးယောက်က ကြွလာကြတဲ့ ဦးစက္ကိန္ဒနဲ့ ဦးဝိမလကို “ကဲ ... အရှင်ဘုရားတို့ကိုပဲ စမ်းပြီး ဒီကျောင်းဆောင်လေးတွေအတွက် အလှူခံရမှာပဲ။ တစ်ဆူကို ငါးရာဖြစ်တယ်”လို့ ပြောတော့၊ “များမယ် ထင်တယ်”လို့ အဖြေပေးတယ်။

နောက်ဆုံး ကိုယ့်သဘောနဲ့ကိုယ်ဆုံးဖြတ်ပြီး တစ်ဆူကို ဒေါ်လာငါးရာနဲ့ အလှူခံလိုက်တာ နှစ်ပတ်အတွင်းမှာပဲ အဆူ (၈၀) လှူဒါန်းပြီးသာ ဖြစ်သွားတယ်။
တစ်ဆူကို ငါးရာနဲ့ဆိုတော့ စိန်တောင်က ရတဲ့ အလှူငွေကြောင့် အေဘီဘီအေရဲ့ အလှူငွေစာရင်းမှာ နှစ်ပတ်အတွင်း ဒေါ်လာလေးသောင်း ဝင်သွားတယ်။
အလှူငွေလည်း ရ၊ အလှူရှင်တွေလည်း လှူခွင့်ရ၊ ဘုရားပေါ်မှာလည်း ပြည့်ပြည့်စုံစုံဖြစ်သွားတော့ ဝမ်းသာရွှင်ချို သာဓုခေါ်ဆိုမိပါတယ်။

လုပ်စရာတွေကို လုပ်နေတယ်

စိန်တောင်တစ်ခုကို ငါးရာနဲ့ အလှူခံတာ များတယ်လို့ ထင်ရပေမယ့် လုပ်ငန်းပမာဏကတော့ မသေးလှဘူး။
အင်္ဂတေတုံးကြီး အတုံး (၈၀)နဲ့ ကနုတ်ပန်းခွေ (၈၀)အပြင် ပလ္လင်အတွက် ကနုတ်ပန်းတွေကိုပါ တချိန်တည်း လောင်းရတော့ အတော်ပင်ပန်းလှတယ်။



ကိုကျော်သူမြတ်အနေနဲ့ မြန်မာပြည်အလည်မသွားမီ မအားလပ်တဲ့ ကြားက (၁၀)စုံ လောင်းပေးတယ်။

“တစ်စုံရဖို့ မလွယ်ဘူး ဘုန်းဘုန်းရ၊ အတော်ပင်ပန်းတယ်။ တစ်နေ့ တစ်စုံရဖို့ အတော်လုပ်ယူရတယ်။ ရာသီဥတုက အေးတော့ အင်္ဂတေအခြောက်နှေးလို့ အင်္ဂတေလောင်းပြီးရင် Heater ကို ဘေးမှာ ဖွင့်ထားရသေးတယ်”လို့ ပြောပြတယ်။

စိန်တောင်အတွက် ပြီးနိုင်သမျှ ပြီးအောင် လောင်းနေတုန်းမှာပဲ စိန်တောင်မှာ အလှူရှင်အမည် ရေးထိုးပေးပါမယ်လို့ အာမခံထားတော့ ပေးထားတဲ့ ကတိအတိုင်းဖြစ်အောင် အလှူရှင်အမည်ရေးထိုးဖို့ စီမံရပြန်တယ်။

အလှူရှင်အမည်ပြားအတွက် ဆိုင်ကို အပ်ရင်ဖြစ်ပေမယ့် ကုန်ကျငွေသက်သာအောင်, စိတ်တိုင်းကျဖြစ်အောင်, နောက်ထပ် ကမ္ဗည်းထိုးစရာတွေအတွက်လည်း အသုံးပြုနိုင်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကမ္ဗည်းထိုးဖို့ စက်ကို အင်တာနက်ကနေ ကိုကျော်သူမြတ်နဲ့ ကိုထွန်းထွန်းတို့ကို အဝယ်ခိုင်းလိုက်တယ်။

ဈေးသက်သက်သာသာနဲ့ အလုပ်ဖြစ်အောင်အတွက်ပဲ ရည်ရွယ်ပြီး ဝယ်လိုက်တဲ့ စက်နဲ့ အလုပ်ဖြစ်ဖို့ ကြိုးစားကြည့်တော့ ထင်သလောက် မလွယ်ပြန်ဘူး။
လုပ်နည်းလုပ်ငန် ရှာဖွေရတယ်။
စက်နဲ့ အသုံးပြုဖို့ သင့်တော်တဲ့ ဆော့ဖ်ဝဲယား ဝယ်ရတယ်။ အောက်ခံ ပလပ်စတစ်ပြား ရှာရတယ်။
လိုအပ်တဲ့ ပလပ်စတစ်ပြားကို နယူးယောက်မှာ နေတဲ့ ကိုရစ်ချတ်က ရှာဖွေ လှူဒါန်းတယ်။
ကိုကျော်သူမြတ်နဲ့ ကိုထွန်းထွန်းတို့ ကြိုးစားပမ်းစား လုပ်ဆောင်တဲ့အခါ အလှူရှင်အမည်ပြားကိစ္စလည်း အဆင်တပြေ ဖြစ်သွားတယ်။

ကိုကျော်သူမြတ် ခရီးထွက်ခါနီး စိန်တောင်တွေကို ဆက်လုပ်ဖို့ “ဘုန်းဘုန်းတို့ကိုယ်တိုင် စမ်းလုပ်ကြည့်မယ်၊ ပုံစံခွက်တွေ ထားခဲ့ပါ”လို့ ပြောကာ လုပ်နည်းလုပ်ဟန်ကိုပါ မေးလိုက်တယ်။
ဦးသောဘနနဲ့အတူ ပူးပေါင်းပြီး စမ်းလုပ်ကြည့်တော့ လိုချင်တဲ့အတိုင်း ထွက်လာတယ်။



ဒါကြောင့် ဘိလပ်မြေဝယ်ပြီး ဆက်လက် လုပ်နေရာ ၂၀၁၁ ခု မေလ ဘုရားပွဲအမီ စိန်တောင်ခေါ် ဘုရားကျောင်းဆောင်ငယ် အခု (၈၀)ပြီးမယ့် အခြေအနေ ရှိတယ်။ ပင်ပန်းမှုတော့ ရှိသပေါ့။

တစ်နေ့၊ အင်္ဂတေလောင်းနေစဉ် ဒကာမကြီးတစ်ယောက် တွေ့သွားတော့ “သြော ... အရှင်ဘုရားတို့ကိုယ်တိုင် ဒါတွေကို လုပ်နေရတာကိုး ဘုရာ့၊ ပင်ပန်းတာပေါ့၊ အလုပ်ရုံကို အပ်လိုက်ရင် သက်သာတာပေါ့”လို့ မိမိတို့ ပင်ပင်ပန်းပန်း လုပ်နေတာကို မကြည့်ရက်လို့ အဲဒီလို အကြံပေးတယ်။
ပင်ပန်းမှုသက်သာအောင် အလုပ်ရုံကို အပ်ပါလားဆိုတော့ ... “အင်း .. တစ်စုံကို ငါးရာထက် ပိုကုန်ကျရင် အလှူခံတဲ့လူက စိုက်ရလိမ့်မယ်”လို့ စိတ်ထဲ ဖြစ်မိတယ်။

အခုပေါင်း (၅၀) လုပ်အပြီး၊ နောက်ထပ်အခု (၃၀)အတွက် ဆက်လက်လုပ်နေတာကို နယူးဂျာစီမှ မောင်နေလင်းက တွေ့သွားတော့ “သြော ... ဒါတွေကို ဘုန်းဘုန်းတို့ကိုယ်တိုင် လုပ်နေတာကိုး၊ တပည့်တော် ထင်နေတာက ကိုကျော်သူမြတ်က အကုန်လုပ်ပေးနေတယ်၊ ဒါမှမဟုတ် လုပ်အားပေးတွေနဲ့ လုပ်နေတယ် ထင်တာ။ အရှင်ဘုရားတို့ ပင်ပန်းတာပေါ့”လို့ တအံ့တသြ ပြောလာတယ်။



“အေးကွာ ... သူလည်း တတ်နိုင်သလောက် လုပ်ပေးပါတယ်။ သူ့မှာလည်း အလုပ်တဖက်နဲ့ဆိုတော့ အကုန်ပြီးအောင် လုပ်ပေးဖို့ မလွယ်ဘူး။ လုပ်ပေးနိုင်တယ်ထားဦး အခု (၈၀)ပြီးအောင် အချိန်အတော်ယူရမယ်။ နောက်ပြီး လုပ်အားပေးခေါ်ဖို့ကျတော့လည်း တစ်ပတ်မှ တစ်ခါ လာနိုင်မှာမို့ တစ်နေ့ကို အများဆုံး ၃-ခုပဲ ပြီးမယ်။ ဒါကြောင့် ကိုယ်စထားတဲ့ ဇာတ်လမ်း၊ ကိုယ်ဆုံးအောင် က,ဖို့ အပင်ပန်းခံပြီး လုပ်ရတာပဲ”လို့ ပြန်ပြောလိုက်ရတယ်။
“ဒီလိုဆို တပည့်တော် လာကူပါမယ်ဘုရား”လို့ မောင်နေလင်းက လျှောက်ထားသွားတယ်။

ဘုရားကျောင်းဆောင်ငယ်တွေနဲ့ ကနုတ်ပန်းခက်တွေအတွက် အင်္ဂတေလောင်းခြင်း၊ ကော်ကပ်ခြင်း၊ ဆေးသုတ်ခြင်း စတာတွေကိုတော့ ဦးသောဘနနဲ့ စာရေးသူတို့ပဲ အပြီးသတ်အောင် လုပ်ဆောင်ရပါတယ်။



ဘုရားကျောင်းဆောင်ငယ် အခု (၇၀) ပြီးလို့၊ (၁၀)ခုသာ လုပ်ဖို့ ကျန်တဲ့ အချိန်မှာ ပင်ပန်းလာလို့ ထင်ပါရဲ့၊ ဆက်လုပ်ချင်စိတ် နည်းလာတယ်။
ဒီအခြေအနေကို ‘ခြေကုန် လက်ပန်းကျတယ်’လို့ ဆိုတာ ထင်ပါရဲ့။
ဒါပေမယ့် ‘ဆင်ပြောင်ကြီး အမြီးကျမှ တစ်’ဆိုတာမျိုးလို တစ်ဝက်တစ်ပျက်နဲ့ လက်စမသတ် မဖြစ်ရအောင် အပျင်းဓာတ်ကို ဖယ်ထုတ်ကာ ဆက်လက် လုပ်ကိုင်ရတယ်။

မောင်နေလင်းအနေနဲ့ မအားလပ်လို့ အင်္ဂတေလောင်းရာမှာ မကူညီနိုင်ပေမယ့် ဆင်းတုတော်လေးတွေ မိုးလုံလေလုံ သီတင်းသုံးနိုင်ဖို့အတွက် ကျောင်းဆောင်ငယ်လေးရဲ့ နောက်မှာ ပိတ်မယ့် ကျောက်ပြားနဲ့ ဆင်းတုတော်အောက်ခြေကို ရေမစိုအောင် ထားရှိမယ့် အခင်းကျောက်ပြားအတွက် ကုန်ကျစရိတ် ဒေါ်လာ ၅၀၀ ကျော်ကို လုပ်အားနဲ့အတူ လှူဒါန်းတယ်။



ကျောက်ပြားဖြတ်တဲ့ ကိစ္စကို ကိုပညာနဲ့ ကိုသက်ဝင်းတို့ကလည်း အခါအခွင့်သင့်သလို လာရောက် ကူညီ ကုသိုလ်ယူကြတယ်။



အနုပုဗ္ဗေန မေဓာဝီ၊ ထောကံ ထောကံ ခဏေ ခဏေ။
ကမ္မာရော ရဇတေဿဝ၊ နိဒ္ဓမေ မလမတ္တနော။
(မလဝဂ်၊ ဓမ္မပဒ)

ကမ္မာရော - ရွှေပန်းထိမ်သည်သည်
ရဇတဿ - ရွှေငွေ၏
မလံ - အညစ်အကြေးကို
နိဒ္ဓမတိဣဝ - ထုတ်ပယ်သကဲ့သို့
မေဓာဝီ - အသိပညာ အလိမ္မာရှိသူသည်
အနုပုဗ္ဗေန - အစဉ်အားဖြင့်
ခဏေ ခဏေ - အခွင့်ရတိုင်း အခွင့်ရတိုင်း
ထောကံ ထောကံ - အနည်းငယ်သော အနည်းငယ်သော ကုသိုလ်ကို
ကရောန္တော - ပြုလျက်
အတ္တနော - မိမိ၏
မလံ - ရာဂစသော အညစ်အကြေးကို
နိဒ္ဓမေ - ထုတ်ပယ်ရာ၏။

သာဓု ... သာဓု ... သာဓု။

အရှင်ပညာသီဟ
(၁၇-မေ-၂၀၁၁)

Tuesday, May 17, 2011

ကဆုန်လပြည့် ဗုဒ္ဓနေ့

မေး။ ။ ဗုဒ္ဓဖြစ်ဖွယ်၊ နေ့၌ဝယ်၊ ဘယ်သူ ဆွမ်းတော်ကပ်သနည်း။
ဖြေ။ ။ ဗုဒ္ဓနေ့မှာ၊ သုဇာတာလျှင်၊ ဃနာနို့ဆွမ်း၊ ခွက်ပါကမ်း၊ လှူဒါန်း ဆက်ကပ်ပါသတည်း။

ဥရုဝေဠတော၏ အနီး ‘သေနာ’မည်သော နိဂုံး ရှိ၏။ ထိုနိဂုံးသဌေး၏ သမီးသည် ‘သုဇာတာ’ မည်၏။ ထိုသတို့သမီးသည် အပျိုဘဝတုန်းက ညောင်ပင်ကြီးသို့ ချဉ်းကပ်၍ ‘အမျိုးတူ သဌေးသားနှင့် လက်ထပ်ရအောင်, သားဦးရတနာရအောင် စောင်မပါ။ တောင့်တတိုင်း ပြည့်စုံလျှင် နှစ်စဉ် ပူဇော်ပါမည်’ဟု နတ်ကို တောင်းပန်ဖူး၏။

ထို တောင့်တတိုင်း ပြည့်စုံသောကြောင့် ကဆုန်လပြည့်နေ့၌ ရုက္ခစိုးနတ်မင်းကို နှစ်စဉ် ပူဇော်မြဲ ဖြစ်၏။
ထိုနေ့၌ကား ကျွန်မတစ်ယောက်နှင့်အတူ နံနက်စောစော အပူဇော်လာသောအခါ ညောင်ပင်အောက်၌ ထိုင်နေတော်မူသော အလွန်သပ္ပာယ်လှပသော ဘုရားအလောင်းကိုပင် သူ့ကို စောင်မသော နတ်ဟု ထင်မှတ်၍ အလွန်ကြည်ညိုရကား နို့ဃနာဆွမ်းကို ရွှေခွက်ပါ လှူဒါန်း ဆက်ကပ်လေသည်။
(နို့ထမင်းပျစ်ပျစ်ကို ‘ဃနာနို့ထမင်း’ဟု ခေါ်၏။ ဃန = ပျစ်သော။)

မေး။ ။ နို့ဆွမ်းဃနာ၊ ဘုဉ်းပေးကာ၊ ခွက်မှာ ဘယ်သို့သုံးသနည်း။
ဖြေ။ ။ နေရဉ္ဇရာ၊ မြစ်ကမ်းသာဝယ်၊ လောင်းလျာ ရပ်နား၊ ဆွမ်းကို စား၍၊ ဘုရားဖြစ်ရန်၊ ယနေ့မှန်လျှင်၊ ဆန်စေ မြစ်ညာ၊ ဓိဋ္ဌာန်ကာ၊ ရေမှာ ရွှေခွက်မျှောသတည်း။

သုဇာတာ၏ ဃနာနို့ဆွမ်းကို နေရဉ္ဇရာမြစ်ကမ်း၌ လေးဆယ့်ကိုးလုတ် ဘုဉ်းပေးတော်မူလေ၏။
ထိုသို့ ဘုဉ်းပေးပြီးလျှင် ‘ယနေ့ ဘုရားဖြစ်မည် မှန်လျှင် ဤရွှေခွက်သည် ရေညာသို့ ဆန်တက်ပါစေသတည်း’ဟု ဓိဋ္ဌာန်၍ မြစ်ရေမှာ မျှောလေ၏။
ရွှေခွက်လည်း ရေညာသို့ ဆန်တက်လေတော့သည်။

မေး။ ။ ဘယ်နေရာတွင်၊ နေ့သန့်စင်၍၊ ထို့ပြင်တခန်း၊ ညနေချမ်း၊ ကြွလှမ်း ရှေးရှု ဘယ်သို့နည်း။
ဖြေ။ ။ အင်ကြင်းတောတွင်၊ နေ့သန့်စင်၍၊ ထို့ပြင်တခန်း၊ ညနေချမ်း၊ ကြွလှမ်း ဗောဓိပင်သို့တည်း။

ထို့နောက် ထိုမြစ်ကမ်းနှင့် မလှမ်းမကမ်းဝယ် အင်ကြင်းတော၌ နေ့သန့်စင်တော်မူ၏။
(နေ့အခါ၌ တရားဖြင့် စိတ်သန့်ရှင်းအောင် နေခြင်းကို ‘နေ့သန့်စင်’ဟု ခေါ်၏။)
ညနေချမ်း၌ကား ထိုနေရာမှ ဗောဓိညောင်ပင်သို့ ကြွတော်မူ၏။
ထိုသို့ ကြွတော်မူရာ၌ လမ်း၌ မြက်ရိတ်၍ ပြန်လာသော ပုဏ္ဏားတစ်ယောက်က ဘုရားအလောင်းအား မြက်စည်းကလေး ရှစ်စည်းကို လှူလိုက်လေသည်။

မေး။ ။ ဗောဓိပင်သာ၊ ရောက်သောခါ၊ လောင်းလျာ ဘယ်သို့နေသနည်း။
ဖြေ။ ။ ဗောဓိပင်မြတ်၊ အရှေ့ရပ်၌၊ ချဉ်းကပ်ထိုင်ကာ၊ ဘာဝနာ၊ ကောင်းစွာ ပွား၍ နေသတည်း။

ငါတို့ ဘုရားအလောင်းတော်သည် ဗောဓိညောင်ပင်သို့ ရောက်သောအခါ အရှေ့ဖက်မှ ဗောဓိပင်သို့ ကပ်ဝင်၍ အသင့်ယူလာသော မြက်ရှစ်စည်းကို ဖြန့်ခင်းတော်မူ၏။
ထို့နောက် ဗောဓိပင်ကို နောက်ကျောပြုလျက် အရှေ့ဖက်သို့ မျက်နှာမူ၍ တင်ပလ္လင်ဖွဲ့ခွေ ထိုင်နေတော်မူသည်။

ထိုသို့ ထိုင်နေခြင်းကား အခြားအခါ ထိုင်နေခြင်းနှင့် မတူ။
“အရေ အကြော အရိုးတို့သာ ကြွင်းကျန်၍ အသားနှင့် အသွေးတွေ ခြောက်ခန်းသွားစေကာမူ ဘုရားမဖြစ်လျှင် ဤတင်ပလ္လင်ခွေကို မဖျက်တော့အံ့”ဟု အလွန် စွဲမြဲသော ဇွဲဝိရိယဖြင့် ဓိဋ္ဌာန်၍ ထိုင်နေတော်မူခြင်း ဖြစ်သည်။
ထိုသို့ ထိုင်နေပြီးလျှင် အာနာပါနကမ္မဋ္ဌာန်း ဘာဝနာကို စီးဖြန်းပွားများနေတော်မူသည်။

ထိုအချိန်၌ နေ မဝင်သေး။
ဗောဓိပင်မှ အရွက်ဟောင်းများသည် တဖြောက်ဖြောက် ကြွေကျ၍ အရွက်သစ် အညွန့်ကလေးတွေ သန္တာနီကလေးများကဲ့သို့ ထွက်နေကာ လွန်စွာ ကြည်နူးဖွယ်ရာ အချိန်ပါပေတည်း။

မေး။ ။ ထိုသို့နေခါ၊ ဘယ်သူလာ၊ ဘာကို အရေးဆိုသနည်း။
ဖြေ။ ။ ထိုသို့နေခါ၊ မာရ်နတ်လာ၊ နေရာပလ္လင် လုသတည်း။

ထိုသို့ ထိုင်နေပုံကို မြင်ရသော မာရ်နတ်သည် အနှောင့်အယှက် ပေးလိုသောသဘောဖြင့် သူ၏ အာဏာ ပျံ့နှံ့ရာဖြစ်သော နတ်စစ်သည်အပေါင်းကို ဆင့်ခေါ်၍ သူကိုယ်တိုင်လည်း ဂိရိမေခလာ ဆင်ပြောင်ကြီးကို တက်စီးကာ စစ်တပ်ကြီး ချီ၍ လာလေသည်။

ထိုသို့ စစ်တပ်ချီ၍ လက်နက်မျိုးစုံ ခြိမ်းခြောက်သံ မျိုးစုံတို့ဖြင့် အနှောင့်အယှက်ပေးနေသော မာရ်နတ်ကို ဘုရားအလောင်းတော်သည် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းပတ်လုံး ဖြည့်ကျင့်တော်မူခဲ့သော ပါရမီတော်စစ်တပ်ဖြင့် ခုခံတော်မူလေ၏။
နောက်ဆုံး၌ ‘ဝေဿန္တရာမင်းဘဝတုန်းက ဒါနပါရမီဖြည့်တော်မူစဉ် အသင်မြေကြီးသည် ပြင်းထန်စွာ တုန်လှုပ်ဖူးသည် မဟုတ်လော’ဟု မိန့်တော်မူ၍ လက်တော်ဖြင့် မြေကြီးကို ညွှန်ပြတော်မူလိုက်ရာ သွက်သွက်ခါအောင် ပြင်းထန်စွာ တုန်လှုပ်လေသည်။

ထိုအခါ ဂိရိမေခလာဆင်ပြောင်ကြီးသည် ဒူးတုပ်၍ ဝပ်နေရ၏။
စစ်တပ်တို့လည်း လန့်ပြေးကြ၏။
ဤသို့ နေမဝင်မီ မာရ်နတ်ရန်ကို အောင်တော်မူပြီးနောက် တင်ပလ္လင်ဖွဲ့ခွေ ထိုင်နေမြဲ ထိုင်နေကာ ကမ္မဋ္ဌာန်းဘာဝနာကို ဆက်လက်၍ ပွားများတော်မူလေသည်။

မေး။ ။ မာရ်နတ်မင်းရန်၊ အောင်ပြီးပြန်၊ ဘယ်ဉာဏ် ဘယ်ချိန်ရသနည်း။
ဖြေ။ ။ ညဥ့်ဦး အလယ်ယာမ်၊ မိုးသောက်ယာမ်၊ ဉာဏ် ‘ပု’ ‘ဒိ’ ‘အာ’ ရသတည်း။

ကမ္မဋ္ဌာန်းဘာဝနာတို့ကို ဆက်လက်၍ ကြိုးစားတော်မူသော ငါတို့ ဘုရားအလောင်းတော်သည် ညဥ့်ဦးယာမ်အချိန်မှာ ‘ပု’=ပုဗ္ဗေနိဝါသာနုဿတိဉာဏ်ကို ရတော်မူ၏။
ထိုဉာဏ်၏ အစွမ်းဖြင့် ရှေးရှေး ဘဝများစွာ၌ ဖြစ်ခဲ့သမျှအားလုံးကို သိတော်မူသည်။
(ပုဗ္ဗေ=ရှေးရှေးဘဝ၌ + နိဝါသ=နေထိုင်ခဲ့သမျှကို + အနုဿတိ=အောက်မေ့နိုင်ခြင်း)

ထို့နောက် သန်းခေါင်ယာမ်ခေါ် ညဥ့်လယ်ယာမ်၌ ‘ဒိ’=ဒိဗ္ဗစက္ခုကို ရတော်မူ၏။
ထိုဉာဏ်၏အစွမ်းဖြင့် နတ်မျက်စိကဲ့သို့ အလွန်ဝေးကွာသောအရပ်မှာ ရှိသော သတ္တဝါတို့ကိုလည်းကောင်း၊ အလွန်သေးငယ်စွာသော သတ္တဝါတို့ကိုလည်းကောင်း မြင်တော်မူရသည်။
(ဒိဗ္ဗ=နတ်မျက်စိနှင့်တူသော + စက္ခု=ဉာဏ်အမြင်)

ထို့နောက် မိုးသောက်ယာမ်ခေါ် နောက်ဆုံးယာမ် အရုဏ်တက်အချိန်၌ ‘အာ’=အာသဝက္ခယဉာဏ်ခေါ် အရဟတ္တမဂ်ဉာဏ်ကို ရတော်မူ၏။
ထိုဉာဏ်၏အစွမ်းဖြင့် စိတ်အစဉ်မှာ ကိန်းဝပ်နေသော ကိလေသာတွေ အကြွင်းအကျန် မရှိ ကုန်ခန်းသွားလေသည်။

မေး။ ။ အဘယ်ဉာဏ်တော်၊ ရလတ်သော်၊ ဘုန်းမော် ဗုဒ္ဓဖြစ်သနည်း။
ဖြေ။ ။ လပြည့်ကဆုန်၊ ချိန်အရုဏ်ဝယ်၊ သုံးဆယ်နှင့်ငါး၊ သက်တော်အားဖြင့်၊ တရားကုန်စင်၊ အစုံမြင်ဖို့၊ သဗ္ဗဉ်ဉာဏ်တော်၊ ရလတ်သော်၊ ဘုန်းမော် ဗုဒ္ဓဖြစ်သတည်း။

ထိုသို့ အရဟတ္တမဂ်ဉာဏ် ရလျှင်ပင် သဗ္ဗညုတာဉာဏ်ဟု ခေါ်သော ဉာဏ်တော်ကြီးကိုလည်း တခါတည်း ရပြီး ဖြစ်လေတော့၏။
ဥပမာ - ရှင်ဘုရင်ဖြစ်ဖို့ ဘိသိက်မြှောက်လိုက်သည်နှင့်တပြိုင်နက် ဆိုင်ရာတိုင်းပြည်ကိုလည်း အပိုင်ရတော့သကဲ့သို့တည်း။
ထိုသဗ္ဗညုတာဉာဏ်တော်၏အစွမ်းဖြင့် သိစရာဟူသမျှ မကျန်ရအောင် အလုံးစုံကို အကုန်အစင် သိမြင်တော်မူသည်။
(သဗ္ဗ=အလုံးစုံကို + ညုတာ=သိနိုင်သူ၏ဖြစ်ကြောင်း ဉာဏ်တော်)

ထိုသဗ္ဗညုတာဉာဏ်တော်ကို ရသောကြောင့်ပင် ဘုရားရှင်ကို “ဗုဒ္ဓ = အလုံးစုံသိသော ဘုရား”ဟု ကိုယ်တော်တိုင်လည်း ဝန်ခံတော်မူ၏။
စုံစမ်း စိစစ်သောအခါ ပညာရှိ ပါမောက္ခကြီးတို့ကလည်း အသိအမှတ် ပြုကြရလေသည်။

ထိုအချိန်မှာ “ဧကန် ဘုရားဖြစ်တော့မည်”ဟု ယုံကြည်နေကြသော တန်ခိုးကြီးသော နတ်မင်း ဗြဟ္မာမင်းတို့သည် ဗုဒ္ဓမြတ်စွာ၏ အလွန် တည်ငြိမ်၍ အထူး ကြည်လင်သော မျက်နှာတော်ကို မြင်ရသောအခါ လွန်စွာ အားရ “ဘုရားဖြစ်ပြီ”ဟု ယူဆ၍ ပန်းမျိုးစုံတို့ဖြင့် ပူဇော်ကြလေ၏။
ကမ္ဘာမြေကြီးလည်း ဝမ်းသာ အားရသကဲ့သို့ ဘုရားရှင်၏ ဉာဏ်တော်တန်ခိုးကြောင့် အမျိုးမျိုး ယိမ်းထိုးကာ ပြင်းထန်စွာ တုန်လှုပ်ပါလေသည်။

ထို ဗုဒ္ဓမြတ်စွာ ဖြစ်တော်မူသည့်နေ့သည် သက်တော်လည်း ၃၅ နှစ် တင်းတင်းပြည့်ရာ ကဆုန်လပြည့် (ဆင်မင်းဖြင့် မှတ်သားအပ်သော) ဗုဒ္ဓဟူးနေ့တည်း။

လယ်တီဆရာတော်ဘုရားကြီး၏ လင်္ကာကို အောက်ပါအတိုင်း မှတ်ပါ။
(မြေ့ပရမေ = အမြတ်ဆုံးမြေ၊ ထိုမြေပလ္လင်၌ ညောင်ပင်ကြီးကို ‘ဗိတာန်ထီး’ကဲ့သို့ ဆောင်း၍ နေတော်မူသည် ဟု ထိုလင်္ကာ၌ ဆိုလိုသည်။)

လင်္ကာ

တောရပ်မြိုင်ပေါ်၊ ခြောက်နှစ်ပျော်၍
ခါတော်တဖုံ၊ ပွင့်ချိန်ကြုံက
ကဆုန်လပြည့်၊ ဆင်မင်းနေ့ဝယ်
မြေ့ ပရမေ၊ ပလ္လင်ဗွေထက်
ရွှေညောင်တော်ကြီး၊ ဗိတာန်ထီးနှင့်
မငြီး ကြည်ဖြူ၊ နေတော်မူလျက်
ရန်သူခပင်း၊ အမိုက်သင်းကို
အရှင်းပယ်ဖျောက်၊ အလင်းရောက်က
ထွန်းတောက် ဘုန်းမော်၊ သောင်းလုံးကျော်သည်
သုံးဘော်လူတို့ ငြိမ်းဖွယ်ကို့။

(အမရပူရမြို့၊ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ၏ ပန္နရသမကျမ်းစာ ‘ဘုရား အဖြစ်တော်စဉ် ဗုဒ္ဓဝင် မေး ဖြေ’ မှ ကူးယူ ကြည်ညို၏။)