Wednesday, October 5, 2011

သီတင်းကျွတ်ပြီ ... မီးပုံးပျံလွှတ်ရအောင် - အရှင်နန္ဒ၀ံသ (ဇေယျသုခ ဓမ္မရိပ်သာ)

အနာဂတ်အတွက် သက်ပြင်းလေးတစ်ချက်

လေပြေလေညှင်း တိုက်ခတ်ခြင်းနဲ့အတူ သီတင်းကျွတ်ကာလရဲ့ ရာသီဥတုဟာ သာတောင့်သာယာ ရှိလှပါတော့တယ်။
မြူတိမ်ကင်းတဲ့ ကောင်းကင်အာကာမှ ထွက်ပြူစ လစန္ဒာကို မြင်ရတဲ့အခါမှာတော့ မကြာမီ သီတင်းကျွတ်လပြည့်တော့မှာပါလား ဆိုတဲ့ အသိက ဦးနှောက်တစ်နေရာမှာ နေရာယူလာပြန်တယ်။
သဘာဝရဲ့ ပြောင်းလဲမှု နိယာမသဘောကို မလွန်ဆန်နိုင်လို့ ဖြူ နီ ပြာ ၀ါ ရောင်စုံဖြာစပြုလာတဲ့ သစ်ပင်လေးတွေကလည်း သင်္ခါရလောကကြီးမှာ အစဉ်ထာဝရဆိုတာ အပိုစကားလို့ ပြောပြနေသလိုလို ထင်မိလိုက်ပါရဲ့။

စက္ကန့်မှသည် နာရီ နေ့ ရက် အလီလီ ပြောင်းရွှေ့မှုတွေက ရာသီစက်ဝန်း ဖြစ်ထွန်းခြင်း အစ ဖြစ်လေမလားပင် မသိ။
သတိထား စဉ်းစားမိတော့ ဆယ့်နှစ်လရာသီဆိုတာ ဘယ်မှာ တကယ်ကြာလို့လဲ၊ ပူပြင်းခြောက်သွေ့တဲ့ နွေရာသီကို လွန်မြောက်လို့ ဆောင်းရာသီပင် ၀င်ရောက်တော့မယ် မဟုတ်ပါလား။
ဒီလို နာရီတွေပြောင်း၊ ရာသီပေါင်း များလာတာနဲ့အမျှ သစ်ပင်ဖျားက သစ်ရွတ်များလို မိမိဘ၀သက်ရွယ်သည်လည်း ဇရာထောင်းလို့ အရွယ်ဟောင်းလာကာ သစ်ရွက်တွေ ညှာပြုတ်ကြွေကျ မြေမှာ ခ,ရသလို ဇရာ ဗျာဓိ မရဏဆိုတဲ့ ဘေးတွေက ခ..ရအုံးတော့မှာပါလားလို့ တွေးမိပြန်ပါတယ်။
ဒီတော့လည်း လျှောက်လှမ်းရအုန်းမယ့် ရှေ့အနာဂတ်လမ်းကို မှန်းဆကာ တွေးရင်း သက်ပြင်းလေးတစ်ခုကို သာသာညင်းညင်း ချလိုက်မိပါတော့တယ်။

သက်ပြင်းချ ... အတွေးစတစ်ခုရဲ့ နောက်ကွယ်မှာ

မရေရာ မသေချာသေးတဲ့ အတွေးတစ်ခု နောက်ကွယ်မှာတော့ စဉ်းစားဖွယ်ရာ မြောက်များစွာဟာ အစီအရီ ငြိတွယ်ပါလာလေရဲ့။
မပြည့်စုံသေးတဲ့ ပညာရေးရယ်၊ မပြည့်ဝသေးတဲ့ ဆန္ဒလေးတွေက ဘ၀ကို မရေရာ မသေချာတာတွေ ဖြစ်နေစေသလားပင် မသိတော့ချေ။
တကယ်တော့ ဘ၀ဆိုတာ ၀ိရောဓိများစွာရဲ့ ဆုံမှတ်တစ်ခုရယ်ပါ။ ကံဆိုတဲ့ ဇာတ်ဆရာက ဘယ်သူ့ကိုမှ လိုလေသေးမရှိအောင် စွမ်းဆောင်ပေးတာတော့ မဟုတ်နိုင်ဘူး။
အားနည်းချက်တွေကို ရှာဖွေဖြည့်ဆည်းရင်း ခရီးပြင်းနှင်ရတာမျိုးဆိုတာကို မေ့နေမိခဲ့တယ်။
မိမိဘ၀ရဲ့ အရှိကို မိမိကိုယ်ပိုင်အသိက နိုင်အောင် မထိန်းနိုင်ခဲ့လို့ အရှိတရားရဲ့ နှိပ်စက်ဒဏ်ကို ခံခဲ့ရတယ်ဆိုတာကို ဘ၀အတွေ့အကြုံအရ သိလိုက်ရတယ်။
ဒီတော့လည်း အနာဂတ်မှာ ထပ်ကာ မမှားရအောင် အသိတရားတွေ တိုးပွားဖို့ သတိထား လျှောက်လှမ်းရတော့မယ်လို့ပဲ ခံယူမိလိုက်ပြန်ပါရဲ့။

လမ်းလျှောက်ရင်းက အတွေးတစ်စ

သီတင်းကျွတ်ပြီ
မီးပုံးပျံလွှတ်ရအောင်
မီးစာကို ရေနံဆွတ်ပါ
မိုးလွတ်ပါမည်လား?

မေ့မရသေးတဲ့ ကလေးဘ၀တုန်းက သင်ခဲ့ရဖူးတဲ့ ကဗျာလေးတစ်ပုဒ်ကို နှုတ်ကနေ လှုပ်လှုပ်ရွရွ ရွတ်ဆိုရင်း လမ်းလျှောက်တွေးနေမိတယ်။
မီးပုံးပျံဆိုတာကို စက္ကူ ကော် စသည်ဖြင့် ဖွဲ့စည်းတည်ဆောက်ပြီး မီးစာတပ်ဆင်ရတယ်။
အဲဒီ မီးစာမှာ ရေနံကောင်းကောင်း ဆွတ်ပေးရတယ်။ ဒါမှ မှိုင်းထွက်အားကောင်းပြီး မီးပုံးပျံကို အထက်အမြင့်ဆီ သယ်ဆောင်သွားနိုင်ပါမယ်။
မှိုင်းအားကောင်းရင် ကောင်းသလောက် အမြင့်ရောက်နိုင်တာ ဖြစ်ပါတယ်။
မီးပုံးပျံလွှတ်တင်ချိန်မှာ မိုးလေ လွတ်ကင်းဖို့လည်း လိုအပ်တာပေါ့။
ဒါကြောင့်ပဲ ထင်ပါရဲ့ ... ၀ါလကင်းလွတ် သီတင်းကျွတ်လကို ရွေးပြီး ရှေးစာဆိုကြီးများက သီတင်းကျွတ်ပြီ ... မီးပုံးပျံလွှတ်ရအောင် စသည်ဖြင့် ရေးသားခဲ့တာလို့ အတွေးချဲ့မိတယ်။

မီးပုံပျံပမာ ဘ၀ခန္ဓာ

တကယ်တော့ ရုပ်နာမ်နှစ်ဖြာတို့ဖြင့် ပေါင်းစပ် ဖွဲ့စည်းထားတဲ့ ဘ၀ခန္ဓာကြီးကိုလည်း ဓာတ်ကြီးလေးပါးတို့ဖြင့် ဖွဲ့စည်း တည်ဆောက်ထားလို့ မီးပုံးပျံသဖွယ် တင်စားလို့ ရမယ် ထင်ပါတယ်။
ကုသိုလ်ကံမှိုင်း ကောင်းရင် ကောင်းသလောက် အမြင့်တက်၊ အထက်ရောက်နိုင်သလို
ကုသိုလ်ကံမှိုင်း အားနည်းခဲ့မယ်ဆိုရင်လည်း ဆင်းရဲနိမ့်ကျ ဘ၀မလှ ဖြစ်ရတတ်တာ သာဓကတွေ များစွာပေါ့။

တတ်ကျွမ်းတဲ့ ပညာရှင်က အချိုးကျကျ စီမံ ပြုလုပ်တဲ့ မီးပုံးပျံဟာ သေသပ်လှပသလို ကုသိုလ်ကံက စီမံပေးတဲ့ ဘ၀တွေကျတော့လည်း အထက်တန်းကျ မျက်နှာပန်းလှတာပေါ့။
ဒါကြောင့် ဘ၀အဆင့် မြင့်သည်ထက် မြင့်ချင်ရင် ကုသိုလ်ဖြစ်အောင် တွေးပြီး ကုသိုလ်စိတ်လေးနဲ့ နေကာ ကုသိုလ်ဖြစ်မယ့် အမှုတွေ ပြုခြင်းဖြင့် ဘ၀ကို ကုသိုလ်ကံမှိုင်း ကောင်းကောင်း ပေးသင့်တယ်လို့ ခံယူလိုက်မိတယ်။

မှိုင်းကုန် မြေခ ... မီးပုံပျံဘ၀လို

မီးပုံးပျံတွေဟာ မိုးပျံတက်တယ်ဆိုပေမယ့် မှိုင်းရှိသမျှသာ ဖြစ်ပါတယ်။
မှိုင်းကုန်တဲ့အခါ အောက်မြေဆီ ပြန်သက်ဆင်းလို့ ပျက်စီးခြင်း အဆုံးရှိတယ်ဆိုတာကိုလည်း တဆက်တည်း တွေးမိတယ်။
ဒီလိုပါပဲ ... လူ့လောကမှာလည်း ကုသိုလ်ကံတွေ ကောင်းနေချိန်မှာ အောင်မြင်မှုတွေ ရ၊ လောကမှာ အထက်တန်းကျကျဖြင့် ရာထူးနဲ့ စည်းစိမ်နဲ့ နေပင်နေရပါသော်လည်း ကုသိုလ်ကံအဟုန် ကုန်တဲ့အခါမှာတော့ ကြံရာမပြီး အချည်းနှီးနဲ့ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်တတ်ကြပါတယ်။
ဒါကြောင့် ဗုဒ္ဓမြတ်စွာက ဗြဟ္မာ့ပြည်မှာ တ၀င်းဝင်း .. ၀က်စာကျင်းမှာ တရှုပ်ရှုပ်လို့ ဟောခဲ့တာ ဖြစ်ပါတယ်။

တကယ်တော့ လူသားတိုင်းဟာ လူ့ဘ၀ရလာတယ်ဆိုကတည်းက အတိတ်က ကုသိုလ်ကံ ကောင်းမှုတွေ အနည်းနဲ့အများ ရှိမှာပဲ ဖြစ်ပါတယ်။
ရလာတဲ့ လူ့ဘ၀မှာ မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆနဲ့ ကုသိုလ်ကံမှိုင်းအသစ် မဖြစ်စေခဲ့လို့သာ မှိုင်းကုန်တဲ့ မီးပုံးပျံလို တဖြည်းဖြည်း နိမ့်ကျ နွမ်းပါး ဆင်းရဲများနဲ့ ကြုံနေရတယ်၊ အဆင်မပြေမှုတွေနဲ့ ကြုံနေရတယ်လို့ ထင်ပါတယ်။

ကုသိုလ်ကံကြောင့် ဖြစ်တည်လာရတဲ့ ဘ၀မှာ မေ့လျော့ ပေါ့ဆစွာ မနေဘဲ ကုသိုလ်ကံတွေကိုသာ ထပ်ကာ ထပ်ကာ ပြုဖြစ်နေမယ်ဆိုရင် ဒီကံအသစ်တွေကြောင့် ဘ၀အဆင့်ဟာလည်း မြင့်သည်ထက် မြင့်နိုင်တာပဲ ဖြစ်ပါတယ်။
ဒီလိုမဟုတ်ဘဲ အတိတ်ကံအကြောင်း အကျိုးပေးကောင်းတာကိုပင် ဘ၀င်မြင့် မာန်ထူ စည်းစိမ်ယူနေမယ်ဆိုပါရင် အဟောင်းချည်း စားနေသူနဲ့ တူနေပါတယ်။
အဲဒီ ကံအဟောင်းသာ ကုန်လို့ကတော့ မှိုင်းကုန်တဲ့ မီးပုံပျံအသွင်လို အားကိုးရာမဲ့ အောက်ကို တဖြည်းဖြည်း ဆင်းသက် မြေခရမှာပါလားလို့ တွေးပြီး ကိုယ့်ကိုယ်ကို သတိပေးနေမိပါတယ်။

ဘ၀အဆင့် မြင့်သည်ထက် မြင့်အောင်

ဘ၀အဆင့်တွေ တဆင့်ထက် မြင့်ရာမြင့်ကြောင်းတွေကို ဗုဒ္ဓမြတ်စွာက မိန့်မှာတော်မူခဲ့ရာမှာ သီလ၊ သမာဓိ၊ ပညာဟာ အရေးပါဆုံးပင် ဖြစ်ပါတယ်။
ဒီအထဲမှာ ပညာနဲ့ပတ်သက်လို့ အသိသုံးမျိုး ရှိပါတယ်။
နံပါတ်တစ်ကတော့ - `ကိုယ်တိုင်ပြုထား၊ ကံတရား၊ သိငြား မူလဆင့်´ဆိုတဲ့အတိုင်း ကိုယ်တိုင်ပြုလုပ်ထားတဲ့ ကောင်းမှု မကောင်းမှုတို့ရဲ့ အကောင်းနဲ့အဆိုး၊ အကြောင်းနဲ့အကျိုးကို ဉာဏ်နဲ့ချိန်ထိုး သိတာပါ။ ဥပမာ - ကောင်းတာပြုရင် ကောင်းကျိုးရမယ်၊ မကောင်းတာပြုရင် မကောင်းကျိုးရမယ် ဆိုတာတွေပါပဲ။

ဒီအဆင့်မှာ ရာထူး ဂုဏ်သိန် စည်းစိမ်ချမ်းသာ အဖြာဖြာနဲ့ ပြည့်စုံဖို့ဆိုရင် ဒါနပြုရတယ်။
ဒါနရှင်ဖြစ်မှ ဓနရှင်ဖြစ်နိုင်တယ်လို့ သိပြီး တချို့က ဒါနကို အားကိုးပြီး ကြိုးစားပြုကြလို့ ချမ်းသာကြတယ်။

ချမ်းသာသလို စည်းစိမ်ကို ခံစားသုံးဆောင်နိုင်ဖို့ဆိုသည်မှာလည်း ကျန်းမာဖို့ လိုအပ်တယ်လို့ သိပြီးတော့ ကျန်းမာအောင် သီလကိုလည်း အားကိုး ကြိုးစား စောင့်ရှောက်ကြတယ်။

ကျန်းမာ ချမ်းသာသလို ရှိတဲ့ ဓနဥစ္စာကို အကျိုးရှိအောင် စီမံ ခန့်ခွဲ သုံးတတ်အောင်ဆိုရင် ဉာဏ်ပညာနဲ့ ပြည့်စုံဖို့လိုတယ်လို့ စဉ်းစားပြီး တရားနာခြင်း၊ တရားထိုင်ခြင်း စသည့် ဘာဝနာအလုပ်ကို အားထုတ်ကြပြန်တယ်။

အဲဒီတော့ သူတို့မှာ အတိတ်ကံလည်း ကောင်း၊ ပစ္စုပ္ပန်ကံတွေကလည်း ကောင်းတော့ အကောင်းတွေ ပေါင်းစုံပြီး အမြင့်မှာပဲ အစဉ်တင့်တယ် ၀င့်ထယ်နေတော့တာပေါ့။
ဒါကြောင့် အမြင့်မှာ အစဉ် ၀င့်ထယ်စွာ တင့်တယ်ရအောင်ဆိုရင် ဒီ ဒါန သီလ ဘာဝနာ အလုပ်တွေကို တတ်နိုင်သမျှ ကြိုးစားလုပ်ကြရမှာ ဖြစ်ပါတယ်။
ဒီတရားသုံးပါးက နိမ့်နေသူကို မြင့်စေနိုင်တယ်။
မြင့်နေသူကို အမြင့်မှာ တည်တန့်စေနိုင်တာမို့ ဘ၀အဆင့် မြင့်သည်ထက် မြင့်အောင်ဆိုရင် လူတိုင်း လူတိုင်း ဒီတရားသုံးပါးကို သိရှိနားလည် ကျင့်ပွားနိုင်မှ ဖြစ်မယ်လို့ နားလည်မိပါတယ်။

ချမ်းသာဆင်းရဲ မကွဲအတူ အပူတွေနဲ့

အထက်မှာ ဆိုခဲ့တဲ့အတိုင်း ရှေးကံရော ပစ္စုပ္ပန်ကံတွေပါ ကောင်းကြလွန်းလို့ ဒီဘ၀မှာ အစစ ပြည့်စုံသူတွေ ချမ်းသာသူတွေ အများကြီး တွေ့ခဲ့ဖူးပါတယ်။
ဒါပေမယ့် `လူတစ်စု ပူမှုရယ်တဲ့ ဆယ်ကုဋေ´ဆိုတဲ့အတိုင်းပါပဲ။
လူတိုင်းမှာ အပူတွေ ရှိနေတာကို သိနားလည်ခဲ့ရပါတယ်။
ဥစ္စာဓနပြည့်စုံသူတွေမှာ ကြောင့်ကြဗျာပါဒနဲ့ ပူနေရသလို မရှိနွမ်းပါး ဆင်းရဲသားတွေမှာလည်း တောင့်တပြီး ပူနေရတာပါပဲ။
ဒါကြောင့် `မရှိပြန်တော့လည်း တောင့်တပူ၊ ရှိပြန်တော့လည်း ကြောင့်ကြပူ၊ လူ့ဘ၀ကြီး အထက်မီး အောက်မီးမုန့်နဲ့ တူ´လို့ ဆိုလိုက်ချင်ပါတော့တယ်။

အပူကင်းအောင် သတိဆောင်

အပူမကင်းတဲ့ လောကအတွင်းမှာ အပူကင်းအောင်နေနည်းကိုလည်း ဗုဒ္ဓရှင်ပင်က သွန်သင် လမ်းပြ ဆုံးမခဲ့ပါတယ်။
ဒါကတော့ သတိပဋ္ဌာန် ၀ိပဿနာတရားကို ရှုမှတ် ပွားများဖို့ပါ။

ဧကာယနော အယံ ဘိက္ခဝေ မဂ္ဂေါ ... စသော ဒီ ဘုရားဟော ဒေသနာသည် လိုက်နာသူတို့အတွက် သောကကင်းဝေး နေနိုင်ရေး ဆေးတစ်ခွက်ဖြစ်သလို အပူကင်းရန် နတ်ဆေးမွန်လည်း အစစ်ပါပဲ။

ဒါဆိုရင် လူ့ဘ၀မှာ ပထမအဆင့်အနေဖြင့် ချမ်းသာဖို့၊ ကျန်းမာဖို့နဲ့ အသိဉာဏ်ပညာ ပြည့်စုံဖို့ အဓိကကျသလို၊
ဒုတိယအဆင့်အနေဖြင့် အပူအပင် ကင်းကင်းနေနိုင်ဖို့ အဓိကကျတယ်လို့ ကောက်ချက်ဆွဲလို့ ရမယ် ထင်ပါတယ်။ ဆောင်းပါးတစ်ခုမှာတော့ လူတစ်ယောက်ဟာ နံပါတ်တစ် အိပ်ပျော်ဖို့၊ နံပါတ်နှစ် စားဝင်ဖို့၊ နံပါတ်သုံး ရယ်ရွှင်နိုင်ဖို့ အဓိကကျတယ်လို့ မှတ်သားမိဖူးပါတယ်။
ဒီတော့ အပူကင်းကင်းနဲ့ နေနိုင်အောင်ဆိုရင် သတိပဋ္ဌာန် ၀ိပဿနာ ပွားများနေဖို့ လိုအပ်ပါတယ်။
စီးပွားရေး လူမှုရေးတွေကြားမှာ မအားလပ်လို့ ၀ိပဿနာရှုပွားဖို့ အချိန်မရဘူးဆိုရင်တောင်မှ ဘုရားရှိခိုးခြင်း၊ မေတ္တာပို့သခြင်း၊ ပုတီးစိပ်ခြင်း စသည့် သမထအလုပ်တွေဟာလည်း စိတ်ကို ငြိမ်းစေ အေးချမ်းစေနိုင်လို့ အပူကို ကင်းစေနိုင်တာပဲ ဖြစ်ပါတယ်။
ဝိပဿနာ မြတ်ပညာ မှတ်ပါ အလယ်ဆင့် ဆိုတဲ့အတိုင်း ဒီလို သမထ ၀ိပဿနာနဲ့ နေနိုင်ပြီ ကျင့်နိုင်ပြီဆိုရင် ဒါဟာ ဘ၀ရဲ့ ဒုတိယအဆင့်မှာ နေနိုင်ခြင်းလို့ သတ်မှတ်ခံယူလို့ ရပြီပဲ ဖြစ်ပါတယ်။

အမြင့်ဆုံးအဆင့် တံခါးပွင့်နေ

အို ... ဓမ္မမိတ်ဆွေ၊ ကံကောင်း အကြောင်းလှသဖြင့် လူဖြစ်လာပြီးတဲ့နောက် အခြေခံ ပထမအရေးကြီးဆုံးဖြစ်တဲ့ ကမ္မဿကတာ ဉာဏ်ပညာရှိပြီး၊ ဒါန သီလ ဘာဝနာ ကုသိုလ်တွေကိုလည်း လုပ်ဖြစ်အောင် ကြိုးစားတယ်။
ဒုတိယအဆင့်အနေဖြင့် ပူပင်သောက ဗျာပါဒမဲ့စွာ အိပ်ပျော်စားဝင် ရယ်ရွှင်နိုင်ဖို့ သမထ ၀ိပဿနာလည်း လုပ်ဖြစ်တယ်ဆိုရင် အမြင့်ဆုံးအဆင့်ဖြစ်တဲ့ မဂ်ဖိုလ် နိဗ္ဗာန်ဆိုတဲ့ အမြင့်ဆုံးအဆင့်ဟာ မိမိအတွက် တံခါးပွင့်နေမှာ မလွဲပါဘူး။

အဲဒီလို မဂ်ဆင့် ဖိုလ်ဆင့် တံခါး မပွင့်နိုင်သေးတောင်မှ ကိုယ့်ရဲ့ ကုသိုလ်ကံ ကြိုးစား အားထုတ်မှု အတိုင်းအတာအရ နတ်ပြည် ဗြဟ္မာပြည် ကျင်လည်ရပါစေအုန်းတော့ အရှူံးမရှိနိုင်ပါဘူး။
ဘုံစဉ်စံ ဘ၀နဲ့လည်း နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်တာဖြစ်လို့ အောက်ကို ပြန်ကျရတဲ့ ဘ၀ဆိုးမျိုးနဲ့ မတိုးနိုင်တော့ဘူးပေါ့။

ဘ၀မီးပုံးပျံ မှိုင်းဖြည့်ချိန် တန်ပြီ

ဘ၀ဆိုတာ မီးပုံးပျံပမာ တူတယ်ဆိုတာကို အတွေးဖြစ်မိတဲ့ အဆုံးမှာတော့ ကိုယ့်ဘ၀ မီးပုံးပျံကိုလည်း မြင့်သည်ထက် မြင့်ရာဆီကို တက်စေနိုင်ဖို့ဆိုရင် ကုသိုလ်ကံမှိုင်းဖြည့်ဖို့တော့ အချိန်တန်လာပြီလို့ သဘောပေါက်လာခဲ့တယ်။
သီတင်းတွေကျွတ်ခဲ့ပေါင်းလည်း များလှပါပြီ။
ဘ၀မီးပုံးပျံကို မှိုင်းဖြည့်တင်းဖို့ တစ်ခါမှ မတွေးမိခဲ့ဖူးပါဘူး။
အရွက်ကျရာ အပင်ပေါက်တတ်တဲ့ ရွက်ကျပင်လေးလို ကံဇာတ်ဆရာ အလိုကျ လောကဇာတ်ခံပေါ်မှာ ပျော်နေမိခဲ့တယ်။

အခုတော့ ကိုယ့်ဘ၀ခန္ဓာ မီးပုံးပျံမှာ ကုသိုလ်ကံမှိုင်း လျော့နေတာကို သတိထားမိခဲ့ပါပြီ။
အရင်လို မဟုတ်တော့သည့် ခန္ဓာကိုယ် အနေအထားက ဇရာရဲ့ ဖိစီးမှု၊ ဗျာဓိရဲ့ နှိပ်စက်မှုတွေကြောင့် နုပျိုရာမှ အိုမင်းရင့်ရော်တဲ့ဆီ၊ ကျန်းမာရာမှ ဖျားနာရာဆီ ဦးတည်နေခဲ့တာကို သတိထားမိခဲ့ပါပြီ။
တလောက နယူးယောက်မြို့ရောက်တော့ လောကချမ်းသာဆရာတော်ကြီးက မိန့်တယ်။
`အသက်ကြီးလာရင် အားလုံးကို အရှူံးပေးရတော့တာပဲ´တဲ့။
သံဝေဂပါတဲ့ ဆရာတော်ကြီးမိန့်စကားက နားထဲမှာ မထွက်သေးပါဘူး။

အခုလည်း သီတင်းကျွတ်ပါပြီ။
မီးပုံးပျံလွှတ်ချိန် မတန်သေးသော်မှ ဘ၀မီးပုံးပျံကို နိဗ္ဗာန်နန်းထိ ရောက်သည့်တိုင်အောင် စွမ်းဆောင်နိုင်ဖို့ဆိုရင် မှိုင်းဖြည့်ဖို့တော့ အချိန်တန်ပါပြီ။
မှိုင်းလျော့ကာ မနိမ့်ကျရအောင် မှိုင်းဝပြီး အထက်အဆင့်တွေ မြင့်ရာ တက်နိုင်ရအောင် ရည်ဆောင်လို့ ဘ၀မီးပုံးပျံကို အမျိုး ဘာသာ သာသနာအတွက် အကျိုးရှိရာ ကဏ္ဍလေးတွေမှာ စွမ်းနိုင်သလို ပါဝင်ရင်း
ဒါန သီလ ဘာဝနာမှိုင်း
သီလ သမာဓိ ပညာမှိုင်းများဖြင့် အားဖြည့်တော့မယ်လို့ စိတ်ကူးရင်း ....
ဓမ္မမိတ်ဆွေအပေါင်းတို့ကိုလည်း နိဗ္ဗာန်တိုင် ခရီးရောက်နိုင်သည့် ကုသိုလ်ကံမှိုင်းအားပြည့်သော စည်းစိမ်ချမ်းသာနဲ့ ပြည့်စုံပြီး
ကျန်းမာ ဉာဏ်ကြီးသည့် ဘ၀ခန္ဓာပိုင်ရှင် မီးပုံပျံကြီးများ ဖြစ်နိုင်ကြပါစေကြောင်း ၀ါကျွတ်ဆုမွန်ကောင်း တောင်းလိုက်ပါတော့တယ်။

အရှင်နန္ဒ၀ံသ
ဇေယျသုခ ဓမ္မရိပ်သာ
အမ်မရီလိုမြို့၊ တက်က်ဆပ်ပြည်နယ်။

No comments: