ထူးခြားသော ဘာသာရေးပွဲတော်“ကထိန” ... အားလုံး သိကြတဲ့အတိုင်းပဲ။ မြန်မာ့ပွဲတော်တွေထဲက အတော်လေး အရေးပါတဲ့ ပွဲ ဖြစ်တယ်။
လောကီလူတို့ရဲ့ ဓလေ့ထုံးတမ်းစဉ်လာနဲ့ မပတ်သက်တဲ့ ဘာသာရေးပွဲတော်တစ်ခု ဖြစ်တယ်။
ဘာသာရေးမှာလည်း အခြား အခြားသော ဘာသာရေးပွဲတော်တွေနဲ့ မတူ၊ ဝိနည်းတရားတော်နဲ့ ပတ်သက်နေတဲ့ ဘာသာရေးပွဲတော်တစ်ခု ဖြစ်တယ်။
ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေဆိုရင် “ကထိန်ပွဲတော်”ဆိုတာ ဘာကို ဆိုလိုတယ်ဆိုတာ အားလုံးသိပြီး ဖြစ်ကြပါတယ်။
ကထိန်သင်္ကန်းကို ဘယ်လိုလုပ်ပြီး ခွင့်ပြုတယ်ဆိုတာ ခုနက ပြောခဲ့တဲ့ အင်္ဂလိပ်ဘာသာ(နဲ့တရား)ကိုပဲ မြန်မာပြန်ပြီး အတိုချုပ် ပြောပါအုံးမယ်။
ရဟန်းတော်များ၏ အခက်အခဲ
ဗုဒ္ဓဘုရားရှင် လက်ထက်တော်က ဘဒ္ဒဝဂ္ဂီညီနောင်သုံးကျိပ်တို့ဟာ ဘုရားဖူးရအောင်၊ တရားနာရအောင်ဆိုပြီး သာဝတ္ထိမြို့ကို ကြွလာခဲ့ကြတယ်။
ဒါပေမယ့် သာဝတ္ထိမြို့ မရောက်မီ ဝါဆိုနေ့ဟာ ကပ်သွားပြီ။
သူတို့လမ်းခရီးမှာ လေးမြင့် ဖင့်နွှဲ့သွားတဲ့အတွက်ကြောင့် သာဝတ္ထိမြို့ကို အချိန်မီ မရောက်နိုင်ဘူး။
သာဝတ္ထိမြို့နဲ့ အလွန်နီးကပ်နေတဲ့ သာကေတဆိုတဲ့ မြို့လေးမှာ ဝါဆိုလိုက်ကြရတယ်။
ထိုပုဂ္ဂိုလ်များဟာ ရဟန်းတရား အားထုတ်ထားကြတဲ့အတွက် အနည်းဆုံးက သောတာပန်ဖြစ်ပြီး အရင့်ဆုံးက အနာဂါမ်ဖြစ်တယ်။ ရဟန္တာလည်း မပါ၊ ပုထုဇဉ်လည်း မနှော၊ ရဟန်းတော် တရားရှာဖက် ညီနောင်သုံးကျိပ်။ အဲဒီပုဂ္ဂိုလ်တွေ ဝါဆိုကြတဲ့အခါမှာလည်း တရားလေး နှလုံးသွင်းနေကြပေမယ့် ဗုဒ္ဓဘုရားရှင်ကို ဖူးမြော်ချင်တဲ့ စိတ်ဇောက အင်မတန် ပြင်းထန်နေကြတော့ တရားမတက် ဖြစ်နေကြပုံ ရတယ်။
ဘာပြုလို့လဲဆိုတော့ ဒါလေးက အားလုံး သိကြပြီးတဲ့အတိုင်းပါပဲ။
တရားတော်ကို အသင့်အတန် ရထားပြီးတဲ့ ပုဂ္ဂိုလ်များဟာ ဘုရားရှင်ကို ကိုယ်ရထားတဲ့ တရားတော်ကို ပြောချင်တာ အလွန်ပဲ ဇောသန်နေတတ်ကြတယ်။
ရတနာလေးတစ်ခု ထူးထူးခြားခြား ရလာလို့ရှိရင် အဲဒီရတနာကို ရလာတဲ့သူဟာ မိမိရဲ့ အမိအဖ၊ ဆွေမျိုးတို့အား ပြောပြချင်တဲ့ ဆန္ဒ သိပ်ပြင်းထန်သလိုပါပဲ။
အဲဒီလိုပဲ ထိုပုဂ္ဂိုလ်တွေဟာ မိမိတို့ ရထားတဲ့ လောကုတ္တရာဓမ္မကို ပြောချင်လွန်းလို့ ဗုဒ္ဓဘုရားရှင်ကို ဖူးမြင်ချင်နေကြတာ။
အာသာမပြေဘဲနဲ့ အဲဒီလိုပဲ နေလိုက်ကြရတော့ ဝါလည်းကျွတ်ရော ဘာမှ မပြောနဲ့။ ဒီနေ့ ဝါကျွတ်၊ ပဝါရဏာပြုပြီးတယ်ဆိုရင်ပဲ နက်ဖြန်ခါမှာ တခါတည်း ဗုဒ္ဓဘုရားရှင်ရှိတော်မူရာ သာဝတ္ထိမြို့ဘက်ကို သွားကြတယ်။
ခြောက်ယူဇနာဆိုတာ မဝေးလှပါဘူး။ အဲဒီလို သွားကြတဲ့အခါ ဒီအချိန်မှာ ဘာဖြစ်သလဲဆိုတော့ မိုးတွင်းကလည်း မိုးလ မကုန်သေးဘူး။ လမ်းခရီးကလည်း တခါတည်း ရွှံ့ရေတွေနဲ့ အဲဒီလိုဖြစ်နေတဲ့အတွက်ကြောင့် ပင်ပင်ပန်းပန်း သွားကြရတယ်။
ဒီအထဲမှာလည်း ဗုဒ္ဓဘုရားရှင်က သင်္ကန်းသုံးထည်ကို ဘယ်နေရာမှ ထားမပစ်ခဲ့ရဘူး။ ခရီးသွားရင် ယူသွားရမယ်။ ဒီသင်္ကန်းတွေထဲက တစ်ထည်ကို ထားပစ်ခဲ့ရင် ဒါ နိဿဂ္ဂိဖြစ်တယ်။ အာပတ်သင့်တယ်။ ဒီလို သိက္ခာပုဒ်ရှိနေတဲ့အတွက် ဒီသိက္ခာပုဒ်ကို အင်မတန် ရိုရိုသေသေ လေးလေးမြတ်မြတ် ထိန်းသိမ်းကြတဲ့ ပုဂ္ဂိုလ်မြတ်တွေလည်း ဖြစ်တဲ့အတွက်ကြောင့် အာပတ်လည်း မသင့်ရအောင် ဗုဒ္ဓဘုရားရှင် ခွင့်ပြုတော်မူထားတဲ့ ဒီဝိနည်းသိက္ခာပုဒ်တော်၊ တရားတော်များကိုလည်း ရိုသေစွာ လိုက်နာသည် မည်ရအောင် သင်္ကန်းကြီးတွေကို ထမ်းပိုးပြီး ယူသွားကြတယ်။
အခုခေတ်မှာ ဘုန်းကြီးတို့ နှစ်ထပ်သင်္ကန်းတွေလို ပေါ့ပေါ့ပါးပါး ချုပ်ထားသလို မဟုတ်ဘူး။
ရှေးတုန်းက အများအားဖြင့်ဆိုရင် ပံ့သူကူသင်္ကန်းကြီးတွေ။
ဟိုအရပ် ဒီအရပ်က စုဆောင်းပြီး ကောက်ထားတဲ့ ပံ့သူကူသင်္ကန်းကြီးတွေ။
အဲဒီသင်္ကန်းကြီးတွေနဲ့ နှစ်ထပ်သင်္ကန်းကြီးချုပ်ထားတော့ လေးလေးကြီးပေါ့။
အဲဒါ ရေမစိုရအောင် ဆိုပြီး သပိတ်ကို တစ်ဖက်က လွယ်ရသေးတယ်။
သင်္ကန်းကြီးကလည်း ပခုံးပေါ်မှာ တင်ထားရသေးတယ်။
အဲဒီလို ပင်ပင်ပန်းပန်း သွားကြရတယ်။
ရဟန္တာလည်း မပါ၊ ပုထုဇဉ်လည်း မနှော
သာဝတ္ထိပြည်၊ ဇေတဝန်ကျောင်း ရောက်တဲ့အခါကျတော့ ဗုဒ္ဓဘုရားရှင်က မေးမြန်းရိုး ထုံးတမ်းစဉ်လာဖြင့် မေးပါတယ်။
... တပည့်တို့ ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ ဝါဆိုကြရရဲ့လား၊ တရားများ အသက်တက်ကြရဲ့လား၊ ပြီးတော့ သင်တို့ လာခဲ့ကြတဲ့ ခရီးလမ်းကြီးက ချောချောမောမောကော ရှိရဲ့လား ... အဲဒီလို မေးတယ်။
မေးတဲ့အခါကျတော့ ဗုဒ္ဓဘုရားရှင်ရဲ့ မေးခွန်းကို ပြန်ဖြေကြပါတယ်။
... မှန်လှပါဘုရား၊ တပည့်တော်များ တရားအားထုတ်ရတာ ကျေနပ်ပါတယ်ဘုရား၊ တပည့်တော်ဟာဖြင့် ဘယ်အဆင့် ရောက်ပါတယ် ဘုရား၊ ဟိုပုဂ္ဂိုလ်တွေက ဘယ်အဆင့် ရောက်ပါတယ် ဘုရား ... နဲ့ပေါ့။
ခုနက ပြောသလို ပုထုဇဉ်လည်း မနှော၊ သောတာပန်, သကဒါဂါမ်, အနာဂါမ်သာဖြစ်ပြီး ရဟန္တာတော့ မပါကြောင်း ... အဲဒီလို အသီးအသီး လျှောက်ကြတယ်။
ဝမ်းမြောက်ဝမ်းသာနဲ့ ကိုယ်ရတဲ့ ဒီလောကုတ္တရာတရားတွေကို လျှောက်ကြတယ်။
ဗုဒ္ဓဘုရားရှင်က သာဓုခေါ်တယ်။
အဲဒီလို ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်တော်မူပြီးတဲ့အခါကျ ... တပည့်တော်များ ပြင်းထန်သော အာသီသဇောနဲ့ လာခဲ့ရတာ လမ်းခရီးတော့ မလွယ်လှပါဘုရား၊ မိုးကလည်း ရွာတယ်၊ ရွှဲ့တွေ ညွန်တွေနဲ့ ဖြစ်နေပါတယ်။ ယခုခေတ်လို လမ်းတွေက ကောင်းတာ မဟုတ်ဘူး။ အဲဒါကြောင့်မို့ ဒီအထဲမှာ သင်္ကန်းကြီးတွေ မိုးမစိုရအောင် ရွှံ့တွေမပေရအောင် သတိထားပြီးတော့ ဆောင်လာရခဲ့တဲ့အတွက်ကြောင့် အလွန် ပင်ပန်းလှပါတယ်ဘုရား ...လို့ လျှောက်ထားကြတယ်။
ကထိန်သင်္ကန်း ခွင့်ပြုခြင်း
အဲဒီလိုလျှောက်ထားတော့မှ ဗုဒ္ဓဘုရားရှင်က ... ကဲ ကောင်းပြီ၊ ဒီနေ့က စ၍ ငါ ဘုရား ကထိန်သင်္ကန်းဆိုတာ ခွင့်ပြုတော်မူမယ်။ ကထိန်ခင်းလို့ရှိရင် ဘယ်လိုလုပ်ရမယ်ဆိုတာ ... ဒါ ဝိနည်းနဲ့ ပတ်သက်တာတွေ ... အကျယ်မပြောတော့ဘူး။
ဘယ်လို လုပ်ရမလဲ?
ကထိန်သင်္ကန်းဟာ သံဃာကို လှူတော့ သံဃာက အဲဒီသင်္ကန်းကို ကထိန်ခင်းထိုက်တဲ့ ပုဂ္ဂိုလ်ကို ပေးရမယ်။
အဲဒီပုဂ္ဂိုလ်က ကမ္မဝါဖတ်ရမယ်။
ကမ္မဝါဖတ်ပြီးတော့မှ ကထိန်ခင်းရမယ်။
ကထိန်ခင်းတဲ့အခါကျတော့ ဒီနည်း ဒီနည်း၊ ဒီစည်းကမ်း ဒီစည်းကမ်းတွေနဲ့ ကထိန်ခင်းရမယ်။
အဲဒါ ကထိန်နဲ့ပတ်သက်လို့ ဝိနည်းမဟာဝါ ပါဠိတော်မှာ ကထိနက္ခန္ဓက ဆိုတာ သီးသန့် ခပ်ကျယ်ကျယ်ပြန့်ပြန့် ဟောထားတော်မူတာ ရှိတယ်။
ရဟန်းတော်များအတွက် ကထိန်အကျိုး ငါးမျိုး
အဲဒီ အစီအစဉ်တွေနဲ့ အကုန်လုံး ပြည့်စုံအောင် လုပ်ဆောင်သွားမယ်ဆိုလို့ရှိရင်တဲ့ နောက်ဆုံးကျတော့ ..... အတ္ထတ ကထိနာနံ ဝေါ ဘိက္ခဝေ ပဉ္စာနိသံသာ ကပ္ပဿန္တိ = ငါးမျိုးသော ကထိန်ရဲ့ အကျိုးအာနိသင်တွေ ရသွားမယ်၊ ငါးပါးသော အကျိုးတွေ ရကြမယ်။
နံပါတ် (၁)က -
ဟောဒီလို ခက်ခက်ခဲခဲ သင်္ကန်းကြီးတွေ မင်းတို့ ယူမသွားချင်ရင် ထားပစ်လို့ ရတယ်။ တန်ဆောင်မုန်းလပြည့်မှ တပေါင်းလပြည့်နေ့အထိ ငါးလအတွင်းမှာ ထားပစ်ခဲ့လို့ ရတယ်။ ဒီအကျိုးတစ်ချက် ရမယ်။
(၂)
နောက်တခါ ရဟန်းတို့ ထုံးတမ်းစဉ်လာအတိုင်းက ကျောင်းမှာ သံဃာလေးပါးရှိရင် တစ်ပါးက အပြင်ထွက်မယ့်အခါ သုံးပါးကို ပန်ကြားပြီးတော့ သွားရတယ်။ အဲဒါ မပန်ကြားဘဲ သွားလို့ရှိရင် ပါစိတ်ဆိုတဲ့ အာပတ်သင့်တယ်။ အဲဒီအာပတ်လည်း ဒီနေ့က စ၍ ငါးလအတွင်းမှာ လွတ်ကင်းကြမယ်။ ပန်ကြားနေစရာ မလိုဘူး။
(၃)
ပြီးတော့ ရဟန်းတော်များမှာ စားဖွယ်သောက်ဖွယ်များကို ကပ္ပိယ ဝေါဟာရနဲ့ ပြောဆိုပြီးမှ လှူမှ ဝိနည်းတော်နဲ့ အပ်စပ်တယ်။
မြန်မာတွေကတော့ အချို့ ခေါ်တတ်တယ်။ အပ်စပ်တဲ့ အခေါ်အဝေါ်နဲ့ ခေါ်ဝေါ်တတ်တယ်။ စကားပမာ တစ်ခုမှာ - ဆွမ်းကို ထမင်းလို့ မခေါ်ရဘဲ ဆွမ်းလို့ ခေါ်ရတယ်။ ဟင်းလို့ မခေါ်ရဘဲ ဆွမ်းဟင်းလို့ ခေါ်ရတယ်။ ကောက်ညှင်းဆိုလည်း ကောက်ညှင်းဆွမ်းလို့ ခေါ်ရတယ်။ ယာဂုဆိုလည်း ယာဂုဆွမ်းလို့ ခေါ်ရတယ်။ ကြာဆံဟင်းခါးကို ကြာဇံဆွမ်းလို့ ခေါ်ရတယ်။ ဆွမ်းမပါလို့ရှိရင် အပ်တာ မဟုတ်ဘူး။
နောက်နောင် ဒကာတွေလည်း မှတ်ထားကြအုန်း။
အဲဒီ ဆွမ်းဆိုတာ မပါလို့ရှိရင် ဒီစကားလုံးဟာ အပ်စပ်တဲ့ ဝေါဟာရ မဖြစ်ဘူးတဲ့။
အဲဒါကြောင့်မို့လို့ မအပ်စပ်တဲ့ ဝေါဟာရဆိုလို့ရှိရင် ရဟန်းတွေဟာ တစ်ပါး၊ နှစ်ပါး၊ သုံးပါး သွားပြီးတော့ အလှူခံလို့ရှိရင် ဒီဆွမ်းဟာ မစားကောင်းတော့ဘူး။
စားလိုက်လို့ရှိရင် အာပတ်က ဒက်ကနဲ သင့်တယ်။
ဒီကထိန်အာနိသင်ရလိုက်တဲ့ ရဟန်းတော်များဟာ ငါးလအတွင်းမှာ ဒီကထိန်အာနိသင်တွေကြောင့် ဒီလိုအာပတ်မျိုးမှ လွတ်စေလို့ ခွင့်ပြုတော်မူလိုက်တယ်။
ဒီလိုသိက္ခာပုဒ်တွေကို ဘယ်လူ၊ ဘယ်နတ်၊ ဘယ်ဗြဟ္မာကမှ ဖျက်ပစ်လို့ မရကောင်းဘူး။
ဗုဒ္ဓဘုရားရှင်က ဟောဒီ ကထိနကံနဲ့ ဖျက်ပြီးတော့ ရုပ်သိမ်းပြီးတော့ ပေးတော်မူလိုက်တဲ့အတွက်ကြောင့် ရဟန်းတွေမှာ တစ်ဖက် သက်သာသွားသလောက် အခြားတစ်ဖက်က ဒီဝိနည်းပညတ်ချက်တွေဟာ တို့ရဲ့ အသက်ပဲ။
အသက်ပမာ စောင့်ရှောက်ရမယ့် ဝိနည်းတရားတွေပဲလို့ ဝိနည်းရဲ့အပေါ်မှာလည်း အင်မတန် ရိုသေ လေးစားတဲ့ စိတ်တွေ ဝင်စားသွားတယ်။
အဲဒါကြောင့် ဒီသိက္ခာပုဒ်တွေကို မြတ်စွာဘုရားက ခေတ္တခဏ ရုပ်သိမ်းတယ်ဆိုသော်လည်းပဲ ရဟန်းတွေအဖို့မှာတော့ လေးလေးစားစားပဲ ကျင့်ရ သုံးရ ဆောက်တည်ရတယ်။
(၄)
ပြီးတော့ နောက်တစ်ခုက ယာဝဒတ္ထ စီဝရံ တဲ့။
သင်္ကန်းတွေထဲက သုံးထည်ဆိုတဲ့ သင်္ကန်းတွေဟာ ကိုယ့်နာမည်နဲ့ကိုယ် အများအားဖြင့် အဓိဋ္ဌာန် တင်ထားရတယ်။
အကယ်၍ အပိုရလာတယ်ဆိုလို့ရှိရင်လည်း ရလာတဲ့သင်္ကန်းတွေကို (၁၀)ရက်အတွင်းမှာ အဓိဋ္ဌာန်တင်ထားရတယ်။
ဝိကပ္ပနာပြုထားရတယ်။
ဝိနည်းထုံးတမ်းစဉ်လာအရ အဲဒါမလုပ်ဘဲနဲ့ (၁၀)ရက်လွန်သွားလို့ရှိရင် အာပတ်သင့်တယ်။
အဲဒီအာပတ်ကိုလည်းပဲ ဗုဒ္ဓဘုရားရှင်က ဒီကထိနကံနဲ့ ခေတ္တခဏ ရုပ်သိမ်းပေးတော်မူလိုက်တယ်။
ကထိန်ခင်းတဲ့နေ့က စပြီး တပေါင်းလပြည့်နေ့အထိ ငါးလအတွင်းမှာ လွတ်လပ်စွာ ထားလို့ ရတယ်။
(၅)
နောက်ဆုံး အရေးကြီးတဲ့ကိစ္စ တစ်ခုကို ပြောပြမယ်။
ခါတိုင်း သံဃိကပစ္စည်းဆိုလို့ရှိရင် သံဃာအားလုံးနဲ့ ဆိုင်တယ်။ တစ်ကမ္ဘာလုံးမှာ ရှိနေကြတဲ့ သံဃာတွေ အကုန်လုံးနဲ့ ဆိုင်တယ်။
အကယ်၍များ ပစ္စည်းကို ဝေငှနေတဲ့အခါမှာ သံဃာတစ်ပါး ရောက်လာတယ်၊ နှစ်ပါးရောက်လာတယ်၊ ငါးပါးရောက်လာတယ်၊ ဆယ်ပါးရောက်လာတယ် ... အကုန်လုံး အစေ့ ဝေငှရမယ်၊ အကုန်လုံး ပေးရမယ်။
အဲဒီဟာက သာသနာတော်ရဲ့ စည်းကမ်း။
ဒါကြောင့်မို့လို့ ဘုန်းကြီးတို့ ရထားတဲ့ သင်္ကန်းတွေဟာ သံဃိကတွေဖြစ်လို့ သံဃာအားလုံး ဆိုင်တယ်။
ကျောင်းကို သံဃာအားလုံး ဆိုင်တယ်။
ကျန်တဲ့ ပစ္စည်းလေးပါးတွေလည်း သံဃာအားလုံး ဆိုင်ကြတာတွေချည်းပဲ။
အဲဒီလို ဆိုင်နေတဲ့အထဲမှာ ကထိန်နဲ့ပတ်သက်လာတော့ အဲဒီကထိန်အာနိသင်ကို ရထားတဲ့ ပုဂ္ဂိုလ်ဟာ အကယ်၍များ သံဃိကပစ္စည်း ရလာလို့ရှိရင် တခြားသံဃာတွေနဲ့ ဆိုင်သာဆိုင်၊ မပိုင်စေရ။
သံဃိကဖြစ်လို့ ဆိုင်တော့ ဆိုင်၏ တဲ့။ မပိုင်စေရဘူးတဲ့။
ဒီကျောင်းမှာ ပုရိမဝါဆို၍ ဝါကျွတ်ပြီးသော ရဟန်းတော်များနှင့်သာ ဆိုင်စေ၊ ပိုင်စေဆိုပြီးတော့ အဲဒီလို ဘုရားရှင်က ထူးခြားတဲ့ အကျိုးငါးပါးကို ခွင့်ပြုတော်မူတယ်။
ကထိန်သင်္ကန်းအလှူရှင်များ ရရှိသော အကျိုးငါးမျိုး
အဲဒီ အကျိုးထူးငါးပါးနဲ့ ထပ်တူပဲ ကထိန်သင်္ကန်းလှူကြတဲ့ ဒကာ ဒကာမတွေမှာလည်းပဲ ခုနတုန်းက မအပ်မစပ်တဲ့ ဝေါဟာရဖြင့် ခေါ်ဝေါ်ပြောဆိုပေမယ့် အာပတ်မသင့်သလို မလျော်သော အသုံးအနှုန်း၊ မလျော်သောစကား၊ မလျော်သော ဂါထာမန္တာန်တွေပေါ့။
ခုခေတ်မှာဆိုလို့ရှိရင် ဂါထာမန္တာန်တွေ ရွတ်ပြီးတော့ လူတဖက်သားကို ကိုးရိုးကားယားဖြစ်အောင် ပြုလုပ်ထားတာတွေ ရှိတယ်မဟုတ်လား။
အဲဒါမျိုးတွေ လုပ်ထားပေမယ့် မထိခိုက်တော့ဘူး။
ပြီးတော့ အစားအစာတွေထဲမှာ အကယ်၍များ အဆိပ်တွေ ဘာတွေ ပါလာမယ်ဆိုလို့ရှိရင် ထိုပုဂ္ဂိုလ်များဟာ အဆိပ်မသင့်တော့ဘူး။
ပစ္စည်းတွေဟာ ရေ,မီး,မင်း,ခိုးသူ စတဲ့ ရန်သူမျိုးငါးပါးကြောင့် မပျက်စီးနိုင်ဘူး။
ဒီကထိန်ဒကာဖြစ်ခဲ့ဖူးတဲ့ ပုဂ္ဂိုလ်တွေဟာ ဒီအကျိုးတွေကို ဒီကထိန်ခင်းတဲ့နေ့က စပြီး ဘဝသံသရာမှာ ရနိုင်ပါတယ်တဲ့။
ပြီးတော့ အမွေဆိုင် အမွေခံစသည်ဖြင့် ဖြစ်ပေါ်လာလို့ ပစ္စည်းတစ်ခုခုကို ဝေငှတော့မယ်ဆိုလို့ရှိရင် ဟောဒီ ကထိနဒါန ဒါယကာ ဖြစ်ခဲ့ဖူးတဲ့ ပုဂ္ဂိုလ်တွေဟာ သူတကာတွေထက် အခွင့်အရေး ပိုရတတ်ပါတယ်။
ဆိုပါတော့ -
ရှေးတုန်းက မင်းညီမင်းသားတွေဆိုလို့ရှိရင် ဘုရင်ကြီး နတ်ရွာစံသွားတဲ့အခါ သားကြီးမရှိမှ သားလတ်၊ သားလတ်မရှိမှ သားငယ် ... ဒီလို အစဉ်အတိုင်း သွားရတယ်။
ဒီလိုအခါမျိုးမှာ ကထိနဒါယကာ ဖြစ်ခဲ့ဖူးတဲ့ ပုဂ္ဂိုလ်မှာ သားငယ်ဖြစ်နေအုန်းတော့ အဲဒီ မင်းသားငယ်လေးဟာ သားကြီးတွေ သားလတ်တွေကို ကျော်လွန်ပြီးတော့ သူပဲ ထီးရိပ်နန်းရာကို ရတတ်ပါတယ်တဲ့။
အကြောင်းအမျိုးမျိုးနဲ့ ဖန်တီးပြီးတော့ ရတတ်ပါတယ်။
ဒါ ကထိနဒါနရဲ့ အကျိုးဆက်တွေပဲ။
ဘဝသံသရာမှာ ကျင်လည်လို့ရှိရင်လည်း ဒီလို အကျိုးတွေ ရတတ်ပါတယ်။
ဒါကြောင့်ပဲ ဘုန်းကြီးတို့ မြန်မာပြည်မှာဆိုလို့ရှိရင် ကထိနဒါနဆိုရင် လူတွေက အလုအယက်ပဲ လှူကြ တန်းကြတယ်။
အနည်းဆုံးအားဖြင့် ကထိန်ဉတ်ထဲမှာ နည်းနည်းပါးပါး ပါ,ပါရစေဆိုပြီး တခါတည်း ဉတ်သင်္ကန်းထဲမှာ ဝိုင်းထည့်တတ်ကြတယ်။
မြန်မာတွေက ဉတ်လို့ မခေါ်ဘူး။
ညှပ်သင်္ကန်းတဲ့။
အဲဒီညှပ်သင်္ကန်းထဲမှာ ပါ,ပါရစေဆိုပြီး ထည့်ဝင် လှူဒါန်းကြတယ်။
ဉတ်ကမ္မဝါနဲ့ ဖတ်ပြီး ညှပ်ရတာကိုး။ အဲဒီလို ညှပ်သင်္ကန်းထဲမှာ ပါ,ပါရစေဆိုပြီး ညှပ်ကြတာဟာ ဒီလိုအကျိုးတွေ မျှော်လို့ပါပဲ။
ဒီတော့ ဒီနေ့ ကထိနကံပြုဖို့ရန် ဒါယကာ ဒေါက်တာဦးစိုးလွင်နဲ့ တူ,တူမများက ယနေ့ဆိုရင် အနာဂတ်နဲ့ ပစ္စုပ္ပန်အကျိုးတရားတွေ မျှော်လို့လည်းတကြောင်း၊ ဘုရားမြတ်စွာ သာသနာတော်ကြီး ကြီးပွားရာ ကြီးပွားကြောင်းလည်း ဖြစ်စေလိုလို့ တကြောင်းပေါ့လေ။
ဒီနေ့ ကထိနကံမြောက်အောင်လို့ ဒါနပွဲကြီး ပြုလုပ်ကြတယ်။
ဒီအခါမှာ အားလုံးသော မိတ်ဆွေ ဒကာ ဒကာမအပေါင်း သူတော်ကောင်းတို့ကလည်း ဝိုင်းဝန်းလို့ ကူညီပြီးသကာလ ဒီအထဲမှာ ထိုက်သင့်သည်အားလျော်စွာ ပါဝင်ကြတယ်။
အဲဒါကြောင့် ဒီနေ့ ပြုရသော ကုသိုလ်ကောင်းမှုသည် ဗုဒ္ဓဘာသာတို့ရဲ့ မျှော်မှန်း တောင့်တတဲ့ အစဉ်အလာအားဖြင့် အိုခြင်း နာခြင်း သေခြင်း ကင်းသော အသင်္ခတဓာတ် မြတ်သော နိဗ္ဗာန်၏ အကြောင်း အထောက်အပံ့ ဖြစ်ပါစေလို့ အားလုံးက ဒီလို မျှော်မှန်း ရည်စူးရမယ်။
ကျန်နေတဲ့ အကျိုးတွေဟာ မတောင်းဘဲနဲ့ ရတယ်။
ဒါတွေ မျှော်လင့်နေရင် တဏှာ ဖြစ်တတ်တယ်။
တောင့်တတော့ မနေနဲ့။
“ဘာ ဖြစ်ပါရစေ၊ ဘာ ဖြစ်ရပါလို၏”ဆိုတာ ဆုမတောင်းနဲ့။
“ဣဒံ မေ ပုညံ အာသဝက္ခယာဝဟံ ဟောတု၊ ဣဒံ မေ ပုညံ နိဗ္ဗာနဿ ပစ္စယော ဟောတု = ယနေ့ ပြုတဲ့ ဒါန၊ ယနေ့ ပြုတဲ့ သီလ၊ ယနေ့ပြုတဲ့ ဘာဝနာကုသိုလ် ကောင်းမှုသည် ကိလေသာတို့၏ ကုန်ရာ ကုန်ကြောင်းဖြစ်သော အရဟတ္တမဂ်၊ အရဟတ္တဖိုလ်ဉာဏ်၏ အကြောင်း အထောက်အပံ့ဖြစ်ပါစေ၊ နိဗ္ဗာန်၏ အကြောင်း အထောက်အပံ့ ဖြစ်ပါစေ”လို့ အဲဒီလို မှန်းထားပြီး မိမိတို့ ပြုအပ်သော ကုသိုလ်ကောင်းမှု အစုစုကို စာဂါနုဿတိမြောက်အောင် ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်နိုင်ကြပါစေကုန်သတည်း။
သာဓု ... သာဓု ... သာဓု။
(၁၉၉၆ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်၊ လန်ဒန်မြို့)
No comments:
Post a Comment