Wednesday, September 21, 2011

နိဗ္ဗာန်ဆော် - အရှင်ပညာသီဟ

ဘာသာရေးနဲ့ ဆက်နွယ်နေတဲ့ မြန်မာ့ယဉ်ကျေးမှုမှာ နိဗ္ဗာန်ဆော်အလုပ်ဟာ ကုသိုလ်ကောင်းမှုတစ်ခု အပါအဝင် ဖြစ်ပါတယ်။
နိဗ္ဗာန်ဆော်ဆိုတာ နိဗ္ဗာန်ရောက်ကြောင်း အကျင့်ကောင်းတွေဖြစ်တဲ့ ဒါန၊ သီလ၊ ဘာဝနာ စတဲ့ ကောင်းမှုတွေ ပြုလုပ်ကြဖို့ တိုက်တွန်း နှိုးဆော်ခြင်း၊ နှိုးဆော်သူ ဖြစ်တယ်။

ကုသိုလ်ကောင်းမှုပြုလုပ်ဖို့ တိုက်တွန်း နှိုးဆော်တဲ့ အကြောင်းအရာတစ်ခုရဲ့ အဆုံးမှာ “ဘွန္တော - သပ္ပုရိသအပေါင်း သူတော်ကောင်းတို့ ...”လို့ ဟစ်အော်တာမို့ “ဘွန္တော”လို့ဆိုရင် နိဗ္ဗာန်ဆော်ကိုပဲ တွေးမြင်မိတယ်။

အရုဏ်ဆွမ်းချက်ဖို့ နှိုးဆော်ရတဲ့ နိဗ္ဗာန်ဆော်အလုပ်ကို စောစော နိုးထပြီး လုပ်ရလို့ တစ်စုံတစ်ခု ပျောက်ရင် နိဗ္ဗာန်ဆော်ကိုပဲ ယိုးစွပ်တဲ့အနေနဲ့ “ဘွန္တော ကြက်သူခိုး”လို့ ချစ်စနိုး နောက်ပြောင် ပြောဆိုတဲ့ ဝေါဟာရလည်း ရှိနေပါသေးတယ်။

နိဗ္ဗာန်ဆော်အလုပ်အတွက် အချိန်နဲ့ကာယအင်အားကိုသာ အသုံးချ ပြုလုပ်ရပြီး ငွေကြေးဓန အကုန်အကျခံစရာ မလိုတာမို့ အကျိုးကျေးဇူး သိပ်မရှိ မထိရောက်ဘူးလို့ ထင်ကြပါလိမ့်မယ်။

လောကတွင်
(၁) အချို့မှာ ပစ္စည်းဥစ္စာ ပေါများ ကြွယ်ဝပေမယ့် သားသမီး မိတ်ဆွေအပေါင်းအသင်း မရှိသူ၊
(၂) အချို့မှာ သားသမီး မိတ်ဆွေအပေါင်းအသင်း ပေါများပေမယ့် ပစ္စည်းဥစ္စာမရှိ ဆင်းရဲသူ၊
(၃) အချို့မှာ ပစ္စည်းဥစ္စာလည်း မရှိ၊ သားသမီး မိတ်ဆွေအပေါင်းအသင်းလည်း မရှိသူ၊
(၄) အချို့မှာ ပစ္စည်းဥစ္စာလည်း ရှိ၊ သားသမီး မိတ်ဆွေအပေါင်းအသင်းလည်း ရှိသူ လို့ အဆင့်အတန်း အမျိုးမျိုး၊ အခြေအနေအမျိုးမျိုးနဲ့ လူ့ဘဝကို ကျင်လည်နေကြရရာ အကောင်းမွန်ဆုံးဖြစ်တဲ့ နံပါတ်(၄) အဆင့်အတန်းနဲ့ အခြေအနေကို လူတိုင်း လိုလား တောင့်တ ရယူလိုကြမှာပါပဲ။

လူ့ဘဝမှာ အဆင့်အတန်းအမျိုးမျိုးနဲ့ အခြေအနေအမျိုးမျိုးတို့ ဒီလို မတူထူးခြား ကွဲပြားတဲ့အကြောင်းရင်းကို ရှာဖွေကြည့်တဲ့အခါ “ဟိုသူကတော့ ဟိုလိုဖြစ်စေ၊ ဒီလူကတော့ ဒီလိုဖြစ်စေ”လို့ တစ်စုံတစ်ယောက်ရဲ့ ဖန်တီးမှု၊ စီစဉ်ပေးမှုကြောင့် မဟုတ်ဘဲ ကာယကံရှင်ရဲ့ ပြုမှု၊ ပြောဆိုမှု “ကံ”အစီအမံကြောင့် ဖြစ်တယ်ဆိုတာကို ဘုရားရှင်က -

၁။ မိမိကိုယ်တိုင်တော့ အလှူအတန်း ပေးကမ်းစွန့်ကြဲမှု လုပ်ပြီး၊ အခြားသူကို လှူဖို့ မတိုက်တွန်းသူဟာ ဖြစ်လေရာ ဘဝမှာ ပစ္စည်းဥစ္စာရှိပြီး သားသမီး မိတ်ဆွေအပေါင်းအသင်း မရှိသူ ဖြစ်ရတယ်။

၂။ မိမိကိုယ်တိုင် အလှူအတန်း ပေးကမ်းစွန့်ကြဲမှု မလုပ်၊ အခြားသူကိုတော့ လှူဖို့ တိုက်တွန်းသူဟာ ဖြစ်လေရာ ဘဝမှာ ပစ္စည်းဥစ္စာ နည်းပါးပြီး သားသမီး မိတ်ဆွေအပေါင်းအသင်း ပေါများသူ ဖြစ်ရတယ်။

၃။ မိမိကိုယ်တိုင်လည်း မလှူ၊ အခြားသူကိုလည်း လှူဖို့ မတိုက်တွန်းသူဟာ ဖြစ်လေရာ ဘဝမှာ ပစ္စည်းဥစ္စာ ရှားပြီး သားသမီး မိတ်ဆွေအပေါင်းအသင်း နည်းပါးသူ ဖြစ်ရတယ်။

၎။ မိမိကိုယ်တိုင်လည်း လှူ၊ အခြားသူကိုလည်း လှူဖို့ တိုက်တွန်းသူဟာ ဖြစ်လေရာ ဘဝမှာ ပစ္စည်းဥစ္စာ ချမ်းသာကြွယ်ဝပြီး သားသမီး မိတ်ဆွေအပေါင်းအသင်း ပေါများသူ ဖြစ်ရတယ်လို့ ရှင်းပြတယ်။

အဲဒီ ရှင်းပြချက်ကို နာယူမှတ်သားမိသူ သူတော်ကောင်းတစ်ဦးက အကျိုးနှစ်မျိုးစလုံးကို ရရှိချင်လို့ ဘုရားရှင်ကို သံဃာများနှင့်အတူ နောက်နေ့အတွက် ဆွမ်းအလှူခံဖို့ ပင့်လျှောက်တယ်။

ဘုရားရှင်က သူ့ရဲ့လျှောက်ထားမှုကို လက်ခံတော့ သူဟာ တစ်အိမ်တက်ဆင်း လှည့်လည်ပြီး “ကျွန်တော် နက်ဖြန် ဘုရားရှင်နဲ့ နောက်ပါသံဃာကို ဆွမ်းကပ်ဖို့ ပင့်ခဲ့ပါတယ်။ ဆန်၊ ဆီ၊ ပဲ စတဲ့ ချက်ပြုတ်စရာတွေကို တတ်နိုင်သလောက် လှူကြပါ။ တစ်နေရာထဲမှာ စုပေါင်းချက်ပြီး ဘုရားရှင်နဲ့သံဃာတွေကို အတူတကွ ဆွမ်းကပ်ကြပါမယ်”လို့ ပြောကာ အလှူခံတယ်။

အများစုက ဝမ်းမြောက်ဝမ်းသာနဲ့ တတ်နိုင်သလောက် လှူကြပေမယ့် ပစ္စည်းရှိသူ လူချမ်းသာတစ်ဦးကတော့ ... ဒီကောင်၊ ကိုယ်တတ်နိုင်ရင် ကိုယ့်ဘာသာကိုယ် လှူတာ မဟုတ်ဘူး။ ဆန်မရှိ အစားကြီးတယ်။ နာမည်လိုချင်တာနဲ့ တစ်ရွာလုံးကို လိုက်အလှူခံပြီး ဘုရားကို ဆွမ်းကပ်လှူတယ်။ တော်တော် ရှုပ်တဲ့ကောင် ....လို့ စိတ်ဆိုးကာ ဆန်၊ ပဲနောက်၊ ပဲလွန်း စတာတွေကို လက်သုံးချောင်းနဲ့ ကော်ယူပြီး လှူလိုက်တယ်။ ဆီ၊ ထောပတ်စတာတွေကိုလည်း မဖြစ်စလောက် တစ်စက် တစ်ပေါက်ပဲ လှူလိုက်တယ်။

အလှူခံသူ နိဗ္ဗာန်ဆော်ဒကာက ... လူချမ်းသာဖြစ်ပြီး ဒါလောက်ပဲ လှူရသလား ...လို့ စိတ်မကွက်ဘဲ သူလှူသလောက်ကိုပဲ အခြားသူတွေဆီက အလှူခံရတဲ့ ပစ္စည်းတွေနဲ့ မရောဘဲ သီးသန့် ယူခဲ့တယ်။
ဒီလိုလုပ်တာကို လူချမ်းသာ မြင်တော့ ... ဒီကောင် လူပုံအလယ်မှာ ငါလှူတာနဲ့ပတ်သက်ပြီး ငါ့ကို အသရေပျက်အောင် ပြောရင် ဒုက္ခပေးရမယ် ...လို့ စိတ်ကူးပြီး သူ့တပည့်တစ်ယောက်ကို နောက်ကနေ မသိမသာ လိုက်အကြည့်ခိုင်းတယ်။

နိဗ္ဗာန်ဆော်ဒကာက အများလှူဒါန်းတဲ့ ပစ္စည်းတွေနဲ့ စုပေါင်းချက်ပြုတ်တဲ့အခါ .... အော် ဒီလူလည်း အကျိုးများများ ရပါစေ ...လို့ စိတ်ကောင်းထားပြီး လူချမ်းသာက လက်သုံးချောင်းနဲ့ ကော်ပြီး လှူလိုက်တဲ့ ဆန်၊ ဆီ၊ ပဲနောက်၊ ပဲလွန်း၊ ထောပတ် စတာတွေကို ချက်ပြုတ်တဲ့ အိုးတွေထဲ အနှံ့လိုက်ထည့်တယ်။
ဒီလိုလုပ်တာကို တပည့်ဖြစ်သူက လူချမ်းသာကို ပြန်ပြောပြတယ်။ ဒါပေမယ့် လူချမ်းသာကတော့ လူပုံအလယ်မှာ သူ့ကို အရှက်ခွဲလိမ့်မယ်လို့ သံသယရှိနေတုန်းပဲ။
ဒါကြောင့် အရှက်ခွဲရင် ရိုက်ပုတ်ထုနှက်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဆွမ်းကပ်တဲ့နေရာကို အရောက်လာခဲ့တယ်။

နိဗ္ဗာန်ဆော်ဒကာက ဘုရားနဲ့သံဃာတော်တို့အား အများစုပေါင်းပြီးလှူတဲ့ ဆွမ်းကို ကပ်ပြီးတဲ့အခါ “အရှင်ဘုရား၊ တပည့်တော်ဟာ လူအများကို တိုက်တွန်း နှိုးဆော် အလှူခံပြီး ဒီဆွမ်းကို အရှင်ဘုရားတို့အား လှူဒါန်းခြင်း ဖြစ်ပါတယ် ဘုရား။ နည်းသည်ဖြစ်စေ များသည်ဖြစ်စေ တတ်စွမ်းသမျှ ပါဝင်လှူဒါန်းကြရာ အလှူရှင်တိုင်း အကျိုးထူး အကျိုးမြတ် ရကြပါစေ အရှင်ဘုရား”လို့ လျှောက်ကြားတယ်။

ဒါကို ကပ်စေးနည်းသူ အလှူရှင်သဌေး ကြားတော့ ... ငါကတော့ ငါ့အကြောင်း မကောင်းပြောရင် တစ်ခုခုလုပ်မယ် ရည်ရွယ်ချက်နဲ့ လာခဲ့တာ၊ နိဗ္ဗာန်ဆော်က ငါ့ကို နာမည်မဖျက်ဘဲ အများနည်းတူ အလှူရဲ့အကျိုးကို ငါလည်း အပြည့်အဝ ရပါစေဆိုတဲ့ စိတ်ကောင်း စေတနာကောင်း ရှိပါပေတယ် ....လို့ နောင်တရပြီး ဘုရားရှင်ရှေ့မှာပဲ သူ့အမှားကို လျှောက်ကြား ဝန်ခံတယ်။ နိဗ္ဗာန်ဆော်ကိုလည်း ခွင့်လွှတ်ဖို့ တောင်းပန်တယ်။

ဒီအဖြစ်အပျက်ကို အကြောင်းပြုပြီး ဘုရားရှင်က “ပညာရှိသူတော်ကောင်းဟာ ကုသိုလ်ကောင်းမှုကို ဒါကတော့ဖြင့် မဖြစ်စလောက် နည်းနည်းလေးပါလို့ မအောက်မေ့ဘဲ အခါအခွင့်သင့်တိုင်း ကုသိုလ်ကောင်းမှုကို နည်းများမဆို ပြုလုပ်မယ်ဆိုရင် တစ်ပေါက်ချင်း ကျတဲ့ မိုးရေက ဟင်းလင်းပွင့်နေတဲ့ ရေအိုးကြီးကို ပြည့်သွားစေသလိုပဲ သူ့မှာ ကုသိုလ်ကောင်းမှုတွေနဲ့ ပြည့်စုံနေမှာ ဖြစ်တယ်”လို့ ဟောကြားလိုလို့ -

မာဝ မညေထ ပုညဿ၊ န မန္ဒံ အာဂမိဿတိ။
ဥဒဗိန္ဒုနိပါတေန၊ ဥဒကုမ္ဘောပိ ပူရတိ။
ဓီရော ပူရတိ ပုညဿ၊ ထောကံ ထောကံပိ အာစိနံ။

ဆိုတဲ့ ဂါထာကို မိန့်တော်မူကာ အနုမောဒနာတရား (ဝမ်းမြောက်ဖွယ်စကား)ကို မိန့်ကြားတော်မူတယ်။

မန္ဒံ - အနည်းငယ်ပြုသော ကောင်းမှုကံသည်၊
န အာဂမိဿတိ - အကျိုးပေးသောအားဖြင့် ရောက်လာလိမ့်မည် မဟုတ်။
ဣတိ - ဤသို့၊
ပုညဿ - ကောင်းမှုကို၊
မာဝမညေထ - မထီမဲ့မြင် မမှတ်ထင်ရာ။
ဥဒဗိန္ဒုနိပါတေန - ရေတစ်ပေါက်တစ်ပေါက်မျှ ကျခြင်းဖြင့်၊
ဥဒကုမ္ဘောပိ - ရေအိုးကြီးသည်လည်း၊
ပူရတိယထာ - ပြည့်သကဲ့သို့၊
ဓိရော - ပညာရှိသည်၊
ထောကံ ထောကံ - အနည်းငယ် အနည်းငယ်မျှလည်းဖြစ်သော ကောင်းမှုကို၊
အာစိနံ၊ အာစိနန္တော - ပွားများသမှု လုံ့လပြုသည်ရှိသော်၊
ပုညဿ - ကောင်းမှုဖြင့်၊
ပူရတိ - ပြည့်လေရာ၏။

သာသနာ့အဆောက်အဦတွေဖြစ်တဲ့ စေတီတော်နဲ့ကျောင်းဆောင် တည်ဆောက်ရေးအတွက် နိဗ္ဗာန်ဈေး ကျင်းပပြီး အလှူငွေရှာဖွေရာတွင် ရောင်းချသူဟာ ရောင်းရသမျှငွေကို မိမိကိုယ်တိုင် လှူဒါန်းတဲ့အပြင် ဝယ်ယူစားသောက်သူကို ဝယ်ယူ၍ အလှူပေးနိုင်အောင် ရောင်းပေးလို့ နိဗ္ဗာန်ဆော်ကိစ္စကိုလည်း ဆောင်ရွက်ပေးတယ်။

ဝယ်ယူသူဟာလည်း အစားအသောက်ရောင်းချသူကို ရောင်း၍ အလှူပေးနိုင်အောင် ဝယ်ယူတာမို့ နိဗ္ဗာန်ဆော်ကိစ္စကို ဆောင်ရွက်ပေးတဲ့အပြင် ဈေးကြီးတယ် ထင်ပေမယ့် အလှူပေးတာပဲလို့ စိတ်ထားကာ ဝယ်ယူပြီး၊ ရောင်းသူရဲ့ အမြတ်အစွန်းရော အရင်းပါ အလှူမှာ ပါဝင်သွားလို့ ကိုယ်တိုင်အလှူပေးရာ ရောက်ပြန်တယ်။

ဒါကြောင့် ရောင်းသူ ဝယ်သူ နှစ်ဦးစလုံးပင် အမှတ်(၄)အမျိုးအစားတွင် ပါဝင်လို့ ဖြစ်လေရာ ဘဝတွင် ပစ္စည်းဥစ္စာ ချမ်းသာကြွယ်ဝပြီး သားသမီး မိတ်ဆွေအပေါင်းအသင်း ပေါများခြင်း အကျိုးကို မလွဲမသွေ ရရှိမှာ ဖြစ်ကြောင်းနှင့်
နိဗ္ဗာန်ဈေးကို စီစဉ်သူ၊ ပါဝင် လုပ်အားပေးသူ၊ နိဗ္ဗာန်ဈေးသို့ သွားရောက်ဖို့ တိုက်တွန်း အားပေးသူတွေလည်း နိဗ္ဗာန်ဆော်များ ဖြစ်ကြတဲ့အပြင် မိမိတို့ရဲ့ အချိန်နဲ့လုပ်အားကို လှူဒါန်သူများ ဖြစ်ကြလို့ အမှတ်(၄)အမျိုးအစားတွင် ပါဝင်ရာ ဖြစ်လေရာ ဘဝတွင် ပစ္စည်းဥစ္စာ ချမ်းသာကြွယ်ဝပြီး သားသမီး မိတ်ဆွေအပေါင်းအသင်း ပေါများခြင်း အကျိုးကို မလွဲမသွေ ရရှိမှာဖြစ်ကြောင်း အနုမောဒနာ ဝမ်းမြောက်စကား ပြောကြားရင်း ယခု ခုနစ်ကြိမ်မြောက် နိဗ္ဗာန်ဈေးပွဲတော်မှ အလှူငွေ ဒေါ်လာ ၁၂,၈၉၀.၆၅ ကို အေဘီဘီအေအသင်းအား လှူဒါန်းလိုက်နိုင်ပါကြောင်း သတင်းကောင်း ပါးလိုက်ပရစေ။

အရှင်ပညာသီဟ
၂၀၁၁ ခု၊ စက်တင်ဘာ (၂၀)


အမည် အစားအစာ အလှူငွေ
ဒေါ်ခင်မေပြုံး၊ မအိသက်မွန်မိသားစု အမဲသားဟင်းနှင့်ထောပတ်ထမင်း၊ ဟင်းမွှေးမဆလာ၊ ဘိန်းမုန့်၊ လက်ဖက်ရည် ၇၆၇
အေဘီဘီအေဝေယျာဝစ္စအဖွဲ့ မုန့်ဟင်းခါး၊ ငါးပိကြော် ၁,၁၀၀
ဒေါ်ဂရေ့စ် မုန်ညှင်းချဉ် ၂၈၈
ဦးသန်းဝင်း-ဒေါ်အေးမိသားစု မန္တလေးပဲကြော်၊ ကော်ပြန့်ကြော် ၃၀၀
ဒေါ်မွှေး၊ မခင်လေးမြင့် မိသားစု နန်းကြီးသုတ်၊ စာကလေးခွေ ၆၀၂
ဒေါ်စီစီချိုမိသားစု ချဉ်ပေါင်ကြော်၊ ပဲပြုတ် ၃၄၄
ကိုစည်သူ-မခိုင်ခိုင်ကျော် ဖွာလူဒါ ၃၆၆
မစန္ဒရာနှင့်ညီအစ်မများ အကြော်စုံ ၄၇၃
မြန်မာဆရာဝန်များအဖွဲ့ ငါးထမင်းချဉ်၊ ဒိန်ချဉ် ၃၈၂
ကိုသက်ဝင်း-မိုးစံအောင်မိသားစု ရေ၊ ဆိုဒါ ၁၀၀
ဦးကေ-ဒေါ်ညိုညိုကြည်မိသားစု ဒံပေါက် ၅၂၀
ဒေါ်ခင်မလေးမိသားစု ဝက်သားတုတ်ထိုး၊ ကြာဆံကြော်၊ သံပုရာရည် ၅၈၅
ဒေါ်စန်းရီ တောင်ငူမုန့်အာလူး၊ အဆင်သင့်စားသုံးနိုင်သော မြန်မာအစားအစာ အခြောက်ထုပ်များ ၅၀၁
ကိုထွန်းအေး-ဒင်ပဲယ်မိသားစု ကော်ပြန့်စိမ်း ၁၁၅
မအေးအေးသိန်း၊ ဒေါ်မူမူရှိန်၊ ဒေါ်ခင်ခင်ဆွေ ရခိုင်မုန့်တီ၊ ဆီထမင်းနှင့်ကြက်သားကြော်၊ အန်ကူးမုန့် ၃၃၀
မခင်စန်းတင့် မြန်မာမှုပစ္စည်းများ ၁၂၀
မလှရီ ကြာဆံကြော်၊ ထမင်းပေါင်း ၁၅၈
မငြိမ်းငြိမ်းနှင့်မောင်သန့် မြန်မာတိုဟူးသုတ် ၂၀၅
ဦးဘော်ယုံမိသားစု မြန်မာကောက်ညှင်းထုပ်၊ တရုတ်ကောက်ညှင်းထုပ်၊ ဘိတ်ကောက်ညှင်းပေါင်း ၈၄၅
မြတ်နှင်းဦး၊ အေးမွန်သင်း မြန်မာမုန့်များ ၂၉၁
ဦးအောင်ကျော်မိုး-ဒေါ်ဌေးဌေးအောင်မိသားစု ပုဇွန်ခွက်ကြော်/သုတ် ၄၆၇
ဒေါ်ညွန့် အုန်းနို့ခေါက်ဆွဲ ၂၂၈
မစုစုဌေး ဆမူဆာကြော်သုတ်၊ အသားကင် ၂၀၃
အေဘီဘီအေ ပန်းပင် ၉၀
အေဘီဘီအေ ဘုရားဆွမ်းတော်အလှူ ၁၃.၆၅
Mr. Chiu Lo တရုတ်လိမ်းဆေး ၁၂
Raffle ticket sales ၂,၀၈၆
အလှူခံရငွေ ၂,၇၃၈
စုစုပေါင်း အလှူငွေ ၁၂,၈၉၀.၆၅
Raffle Winners
Ticket #305741 = iPad2
Ticket #305272 = Olympus camera
Ticket #7146052 = HP printer

+++++

နိဗ္ဗာန်ဈေးပွဲတော်နေ့ ဓာတ်ပုံများ (ဓာတ်ပုံ-ဆရာစိန်)































No comments: