




နံနက် ၈ နာရီတွင် ရဟန်းလောင်း သာမဏေများသည် လောကချမ်းသာဘုရားကျောင်း သိမ်တော်အတွင်း လောကချမ်းသာဆရာတော်ကို ဥပဇ္ဈာယ်ဆရာတော်ပြု၍ ရဟန်းခံခြင်း အစီအစဉ်ပြုလုပ်ဆောင်ရွက်ပြီး၊ ၉ နာရီခွဲတွင် သိမ်ဆင်း ရဟန်းတော်များအား လှူဖွယ်ဝတ္ထု အစုစုတို့ဖြင့် လှူဒါန်းကြ၏။
နံနက် ၁၀ နာရီခွဲတွင် မြတ်စွာဘုရားရှင်အား ပန်း၊ ရေချမ်း၊ ဆီမီး၊ ဆွမ်းတို့ဖြင့် ကပ်လှူ ပူဇော်ကြ၏။
နံနက် ၁၁ နာရီတွင် သံဃာတော်များအား အလှူရှင် ဒေါက်တာမြတ်မြတ်မွန်နှင့် ညီမများ၊ မိတ်ဆွေများက နေ့ဆွမ်း ဆက်ကပ် လှူဒါန်းကြသည်။
ကြွရောက်လာကြသော ဧည့်ပရိတ်သတ်များအားလည်း ဒံပေါက်ထမင်း၊ မြန်မာမုန့်မျိုးစုံတို့ဖြင့် ဧည့်ခံ ကျွေးမွေးကြ၏။
မွန်းလွဲ ၁-နာရီတွင် ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ ဂုဏ်ရည်ပူဇော်ပွဲကို ကျင်းပ ပြုလုပ်ရာ လောကချမ်းသာဆရာတော်က သြဝါဒစကား ချီးမြှင့်ပြီး၊ အေဘီဘီအေအသင်း အတွင်းရေးမှူး ဦးစောဝင်းက ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ ထေရုပ္ပတ္တိအကျဉ်းကို ဖတ်ကြား၏။
မဟာစည်သာသနာ့ရိပ်သာ ဌာနချုပ်မှ အရှင်ထေရာနန္ဒက ဆရာတော်ကြီး၏ ဂုဏ်ရည်တို့ကို ဖော်ကျူး၍ ပရိတ်သတ်များကလည်း ရှစ်လုံးဖွဲ့လင်္ကာများဖြင့် ရွတ်ဆို ပူဇော်ကြ၏။
အနုမောဒနာတရားနှင့် ရေစက်ချကို စန်းမြသီတာဆရာတော် ဘဒ္ဒန္တနိပုဏက ဟောကြား ချီးမြှင့်ပေး၏။
သာဓု ... သာဓု ... သာဓု။
No comments:
Post a Comment