ဇူလိုင်လ ၃၀ ရက် စနေနေ့မှာ လောကချမ်းသာဘုရားကျောင်း၏ လစဉ် တစ်ရက် တရားစခန်းနှင့် တိုက်ဆိုင်နေ၍ တရားစခန်းဝင်နေကျ ယောဂီအများ စောစီးစွာ ရောက်ရှိနေကြ၏။
ရှေးဦးစွာ မြတ်စွာဘုရားရှင်အား ပန်း၊ ရေချမ်း၊ ဆီမီး၊ ဆွမ်းတို့ဖြင့် လှူဒါန်း ဆက်ကပ် ပူဇော်ကြ၏။

ထိုနောက် ဗန်းမော်ဆရာတော်ဘုရားကြီးနှင့် ကျောင်းနေ သံဃာတော်တို့အား စုပေါင်း နေ့ဆွမ်း ဆက်ကပ် လှူဒါန်းကြ၏။

မွန်းလွဲ ၁ နာရီတွင် ဗန်းမော်ဆရာတော်ကြီးအား ပူဇော်ပွဲနှင့် သြဝါဒခံယူပွဲ ကျင်းပ ပြုလုပ်၏။




ဆရာတော်ကြီးက သြဝါဒတရားတော်အဖြစ် နိဗ္ဗာန်တံခါးဖွင့်တရားတော် (ဒါရုက္ခန္ဓောပမသုတ်) ကို ဟောကြား ချီးမြှင့်သွား၏။
မြတ်စွာဘုရားရှင် ကောသမ္ဘီပြည် ဂင်္ဂါမြစ်ကမ်းအနီး၌ သီတင်းသုံးစဉ် ဂင်္ဂါမြစ်ထဲ မျောပါလာသော သစ်တုံးကြီး အင်္ဂါရှစ်ချက်ကို ဥပမာပြု၍ ဟောကြားခြင်း ဖြစ်၏။
လင်္ကာများ
“ဒီကမ်း ဟိုကမ်း၊ ငြိစွန်း မတင်
ရေလယ်မမြုပ်၊ သောင်ငုတ် မတင်
လူ နတ် ဆယ်မဲ့၊ ဝဲလှည့် ကင်းစင်
တွင်းပုပ်မှု ကင်းပြု ပင်လယ်ဝင်။
ဒီကမ်း ဟိုကမ်း၊ ငြိစွန်း မတင်
ရေလယ်မမြုပ်၊ သောင်ငုတ် မတင်
လူ နတ် ဆယ်မဲ့၊ ဝဲလှည့် ကင်းစင်
တွင်းပုပ်မှု ကင်းပြု နိဗ္ဗာန်ဝင်။”
“မျက်စိနဲ့ နား၊ နှာဖျား လျှာ ကိုယ်
စိတ်ဓာတ်ခြောက်ခန်း၊ ဒီကမ်း မိန့်ဆို။
ဆင်း သံ နံ့ များ၊ စားရသာ ထို
တွေ့ သဘော မိန့်ဟော ဟိုကမ်း ဆို။
နန္ဒီရာဂ၊ မြုပ်ကျ ရေလယ်
ကုန်းပေါ်တင်ငြား၊ ထောင်လွှားမာန်ကြွယ်။
လူမှုကိစ္စ၊ များလှ လူဆယ်
နတ်ပြည်မှန်း နတ်ဖမ်းခံရတယ်။
အာရုံငါးချက်၊ ဝဲဂယက်ပေ
ဝေးကာရှောင်ရှား၊ ရှုပွားနိုင်စေ။
သီလပျက်ယွင်း၊ တွင်းပုပ်ဆွေးလေ
အင် ရှစ်ချက် ဖဲထွက်နိုင်ကြစေ။”
ထိုနောက် ဓာတ်တစ်ဆယ့်ရှစ်ပါး ရှုမှတ် ပွားများရန် လင်္ကာများ ချပေးပြီး၊ နိဗ္ဗာန်တံခါးဖွင့် အနိစ္စ, ဒုက္ခ, အနတ္တ အနုပဿနာ ရွှေသော့သုံးချောင်းကို ညွှန်ပြ ပေးအပ်သွားလေသည်။
“မျက်စိ အဆင်း၊ ကြောင်းရင်းနှစ်ဖြာ
မြင်စိတ်တရား၊ ဖြစ်ပွားပေါ်လာ။
ဖြစ်ပြီးပျက်ရ၊ အနိစ္စပါ
ဖြစ်ပျက်မှု ရှုကြဖန်ခါခါ။”
“ဖြစ်ပျက်ဟူသမျှ၊ ဒုက္ခသစ္စာ
လိုချင်လောဘ၊ သမုဒယသစ္စာ
ဖြစ်ပျက်ချုပ်က၊ နိရောဓသာ
ဖြစ်ပျက်မှု ရှုကြ မဂ္ဂသာ။”
“နား အသံဓာတ်၊ ရိုက်ခတ်တုန်လာ
ကြားစိတ်တရား၊ ဖြစ်ပွားပေါ်လာ။
ဖြစ်ပြီးပျက်ရ၊ အနိစ္စပါ
ဖြစ်ပျက်မှု ရှုကြဖန်ခါခါ။”
“ဖြစ်ပျက်ဟူသမျှ၊ ဒုက္ခသစ္စာ
လိုချင်လောဘ၊ သမုဒယသစ္စာ
ဖြစ်ပျက်ချုပ်က၊ နိရောဓသာ
ဖြစ်ပျက်မှု ရှုကြ မဂ္ဂသာ။”
“နှာခေါင်း အနံ့၊ သင်းဖွဲ့ဝင်လာ
နံစိတ်တရား၊ ဖြစ်ပွားပေါ်လာ
ဖြစ်ပြီးပျက်ရ၊ အနိစ္စပါ
ဖြစ်ပျက်မှု ရှုကြဖန်ခါခါ။”
“ဖြစ်ပျက်ဟူသမျှ၊ ဒုက္ခသစ္စာ
လိုချင်လောဘ၊ သမုဒယသစ္စာ
ဖြစ်ပျက်ချုပ်က၊ နိရောဓသာ
ဖြစ်ပျက်မှု ရှုကြ မဂ္ဂသာ။”
“လျှာ အရသာ၊ စားကြထွေလာ
လျက်သိတရား၊ ဖြစ်ပွားပေါ်လာ
ဖြစ်ပြီးပျက်ရ၊ အနိစ္စပါ
ဖြစ်ပျက်မှု ရှုကြဖန်ခါခါ။”
“ဖြစ်ပျက်ဟူသမျှ၊ ဒုက္ခသစ္စာ
လိုချင်လောဘ၊ သမုဒယသစ္စာ
ဖြစ်ပျက်ချုပ်က၊ နိရောဓသာ
ဖြစ်ပျက်မှု ရှုကြ မဂ္ဂသာ။”
“ကိုယ် အတွေ့ဓာတ်၊ ထိခတ်လေရာ
ထိစိတ်တရား၊ ဖြစ်ပွားပေါ်လာ
ဖြစ်ပြီးပျက်ရ၊ အနိစ္စပါ
ဖြစ်ပျက်မှု ရှုကြဖန်ခါခါ။”
“ဖြစ်ပျက်ဟူသမျှ၊ ဒုက္ခသစ္စာ
လိုချင်လောဘ၊ သမုဒယသစ္စာ
ဖြစ်ပျက်ချုပ်က၊ နိရောဓသာ
ဖြစ်ပျက်မှု ရှုကြ မဂ္ဂသာ။”
“မနော သဘော၊ ထင်လာသောခါ
တွေးစိတ်တရား၊ ဖြစ်ပွားပေါ်လာ
ဖြစ်ပြီးပျက်ရ၊ အနိစ္စပါ
ဖြစ်ပျက်မှု ရှုကြဖန်ခါခါ။”
“ဖြစ်ပျက်ဟူသမျှ၊ ဒုက္ခသစ္စာ
လိုချင်လောဘ၊ သမုဒယသစ္စာ
ဖြစ်ပျက်ချုပ်က၊ နိရောဓသာ
ဖြစ်ပျက်မှု ရှုကြ မဂ္ဂသာ။”
ပြီးသော် ကောင်းမှုကုသိုလ် အစုစုတို့ကို ရေစက်သွန်းချ အမျှပေးဝေကြပြီး၊ အမှတ်တရ ဓာတ်ပုံများ ရိုက်ကြ၏။

သာဓု ... သာဓု ... သာဓု။
No comments:
Post a Comment