မြတ်စွာဘုရားရှင် ပွင့်ထွန်းတော်မမူမီ မဇ္ဈိမတိုက်တခွင်၌ ရဟန်းအမည်ခံ ဂိုဏ်းဆရာကြီးများသည် ထင်ရှား ပေါ်ထွက်နှင့်ကြ၏။
ထိုများစွာသော ရဟန်းအမည်ခံ ဂိုဏ်းဆရာကြီးတို့သည် အချို့က ကာမသုခလ္လိကာနုယောဂအလုပ်ကို၊
အချို့က အတ္တကိလမထာနုယောဂအလုပ်ကို ရဟန်းကိစ္စ ရဟန်းအလုပ်အနေဖြင့် ကျင့်ကြ ကြံကြ ဟောကြား ပြသနှင့်ကြလေသည်။
ထိုကဲ့သို့ လောကကြီး၌ အယုတ်တရားနှစ်ပါးကို တကယ့် တရားစစ် တရားမှန်အနေဖြင့် ကျင့်,ကြံ,ဟောကြား ပြသကြမှုတည်းဟူသော မှောင်ကြီးဖုံးအုပ်နေစဉ်
မြတ်စွာဘုရားရှင်သည် မဟာသက္ကရာဇ် (၁၀၃)ခုနှစ် ဝါဆိုလပြည့်နေ့ နေဝင်လုဆဲဆဲအချိန်တွင် ဓမ္မစက္ကပဝတ္တနသုတ်ကို ဟောကြားတော်မူလေသည်။
(ဓမ္မစကြာပါဌ်,အနက်ကို နှလုံးသွင်းထားပါ။)
ဤဓမ္မစက္ကပဝတ္တနသုတ္တန်ကို မြတ်စွာဘုရားရှင်က -
“ဒွေ မေ ဘိက္ခဝေ အန္တာ ပဗ္ဗဇိတေန န သေဝိတဗ္ဗာ = ရဟန်းတို့ ... ရဟန်းဖြစ်သူသည် ဤဆိုလတ္တံ့သော အယုတ်တရား အစွန်းနှစ်ပါးတို့ကို မမှီဝဲအပ်ကုန်” ဟူသော ဤစာပိုဒ်ဝါကျကို စတင်၍ ရွတ်ဆိုလိုက်သည်နှင့်တပြိုင်နက် ဖြစ်ပေါ်လာသော ပဲ့တင်သံကြီးသည် ဘုရားရှင်၏ အာနုဘော်ကြောင့် အောက်အဖို့ အဝီစိတိုင်အောင်၊ အထက်အဖို့ ဘဝဂ်တိုင်အောင် ခိုက်ရောက်လျက် ဇာတိခေတ် စကြဝဠာတိုက်တသောင်းကို ပြန့်နှံ့၍ တည်လေသည်။
ထိုအချိန်၌ပင် ရင့်ကျက်သော ကုသိုလ်မူလရှိကြလျက် သစ္စာလေးပါးတရားသိဖို့ရန် အဓိကာက(အထိကရ) ကောင်းမှု ကုသိုလ်ထူး ပါရှိပြီးဖြစ်ကြသည့် တဆယ့်ရှစ်ကုဋေ အရေအတွက်ရှိသော ဗြဟ္မာအပေါင်းတို့သည် ဣသိပတန မိဂဒါဝုန်တောဝယ် ဓမ္မစကြာ တရားဦး ဟောမည့်နေရာ၌ အညီအညွတ် စည်းဝေးလာရောက်ကြပြီး ဖြစ်နှင့်လေသည်။
ဓမ္မစကြာတရားဦးကို စ၍ ဟောသည့်အချိန်မှာ အနောက်အရပ်သို့ နေဝင်လုဆဲဆဲ၊ အရှေ့အရပ်မှ လဝန်းထွက်ပြူဆဲအချိန် ဖြစ်လေသည်။
ဤဓမ္မစက္ကပဝတ္တနသုတ္တန် ဒေသနာစဉ် အကျဉ်းချုပ်မှာ -
မြတ်စွာဘုရားရှင်သည် ပဉ္စဝဂ္ဂီတို့အား ရှေးဦးစွာ ရှောင်ကြဉ်ရမည့် အယုတ်တရားနှစ်ပါးတို့ကို ဟောတော်မူသည်။
ထို့နောက် လိုက်နာကျင့်သုံးရမည့် မဂ္ဂင်ရှစ်ရပ် မဇ္ဈိမပဋိပတ်ကို ဟောတော်မူသည်။
ထိုနောက် သစ္စာလေးပါးကို အကျဉ်းချုပ် ဟောတော်မူသည်။
ထိုနောက် ကိုယ်တော်မြတ်အဖို့ရာ သစ္စာလေးပါးတို့အနက် တပါးတပါး၌ ရထိုက် ဖြစ်ထိုက်သော ဉာဏ်သုံးပါးစီ ပြည့်စုံမှ ဘုရားအဖြစ် ဝန်ခံတော်မူကြောင်းကို ဟောတော်မူသည်။
ထို့နောက် ဤတရားဒေသနာတော်ကို ဟောတော်မူစဉ် အရှင်ကောဏ္ဍညသည် သောတာပန်တည်ကြောင်း၊
ဓမ္မစကြာကို မြတ်စွာဘုရားရှင် လည်စေပြီးလတ် ဖြစ်စေပြီးလတ်သော် -
ဘုမ္မစိုးနတ်တို့မှအစ ဗြဟ္မာများကျအောင် ကောင်းကြီးကြွေးကြော်ကြကြောင်း၊
မဟာပထဝီ ဤမြေကြီးတုန်လှုပ်ကြောင်း၊
သဗ္ဗညုတဉာဏ်တော်အာနုဘော်ကြောင့်ဖြစ်သော စိတ္တပစ္စယ ဥတုသမုဋ္ဌာန အရောင်အလင်းကြီး နတ်ဗြဟ္မာတို့အရောင်ထက် အဆရာထောင် ကြီးကျယ်စွာ ဖြစ်ပေါ်လာကြောင်း ဟောတော်မူသည်။
ထိုအချိန်၌ မြတ်စွာဘုရားရှင်၏ သန္တာန်တော်မှာ ဓမ္မစကြာတရား ဟောတော်မူစ အချိန်မှာကဲ့သို့ ပြီးဆုံးချိန်၌လည်း အလွန်နှစ်သက် ဝမ်းမြောက်တော်မူခြင်း ဖြစ်သဖြင့် ပီတိအဟုန်ကို ငုံ၍ ထားတော်မမူနိုင်တော့ဘဲ “အညာသိ ဝတ ဘော ကောဏ္ဍညော၊ အညာသိ ဝတ ဘော ကောဏ္ဍညော = အို ... ကောဏ္ဍညသည် သစ္စာလေးပါး တရားကို သိမြင် ကျွတ်တမ်းဝင်ခဲ့လေပြီတကား၊ အို ... ကောဏ္ဍညသည် သစ္စာလေးပါး တရားကို သိမြင် ကျွတ်တမ်းဝင်ခဲ့လေပြီတကား”ဟု နှုတ်တော်မြွက်၍ ဥဒါန်းကျူးတော်မူကြောင်း ဟောတော်မူသည်။
(ဤဥဒါန်းကျူးရင့်သော အသံတော်သည်လည်း စကြဝဠာတိုက်တသောင်း နှံ့၍ တည်လေသည်။)
ထို့နောက် အရှင်ကောဏ္ဍညက မြတ်စွာဘုရား၏အထံတော်၌ ရှင်,ရဟန်းအဖြစ်ကို ရပါလိုကြောင်း တောင်းပန်သဖြင့် မြတ်စွာဘုရားရှင်သည် ‘ဧဟိ ဘိက္ခု’ခေါ်တော်မူ၍ အရှင်ကောဏ္ဍည ‘ဧဟိ ဘိက္ခု’ရဟန်း ပဉ္စင်းဖြစ်ကြောင်း ဟောတော်မူသည်။
ဤကား ဓမ္မစက္ကပဝတ္တနသုတ်၏ အကျဉ်းချုပ်ဟောပုံ အစဉ်တည်း။
(မင်းကွန်းဆရာတော်ဘုရားကြီး၏ “မဟာဗုဒ္ဓဝင်” ပဉ္စမတွဲ)
No comments:
Post a Comment