Friday, July 29, 2011
အပါယ်တံခါးပိတ်တရားတော်-ဗန်းမော်ဆရာတော်ကြီး
၂၀၁၁ ခုနှစ် ဇူလိုင်လ ၂၉ ရက် သောကြာနေ့ ညနေ ၇ နာရီတွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်းတော်၌ ဗန်းမော်ဆရာတော်ဘုရားကြီးက ဝိသုဒ္ဓိလေးပါး ကျင့်စဉ်တရား “အပါယ်တံခါးပိတ် တရားတော်”ကို ဟောကြား ချီးမြှင့်၏။

သမ္ဗုဒ္ဓေဂါထာတော်ကြီးအကြောင်းတရားတော်-ဗန်းမော်ဆရာတော်ကြီး
ဗန်းမော်ဆရာတော်ဘုရားကြီးသည် ၂၀၁၁ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့မှ စ၍ နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်းသို့ ကြွရောက် သီတင်းသုံးလျက်ရှိရာ ဇူလိုင်လ ၂၈-ရက်နေ့ ညနေ ၇ နာရီ၌ သမ္ဗုဒ္ဓေဂါထာတော်ကြီးအကြောင်းတရားတော်ကို မှတ်သားဖွယ်ရာ အဖြာဖြာဖြင့် ဟောကြား ချီးမြှင့်သွား၏။

(ဆရာတော်ကြီးက လက်ဆယ်စုံ ထိပ်မှာ မိုး၍ ဘုရားရှိခိုးပြနေစဉ်)
သမ္ဗုဒ္ဓေ အဋ္ဌဝီသဉ္စ၊ ဒွါဒသဉ္စ သဟဿကေ။
ပဉ္စသတ သဟဿာနိ၊ နမာမိ သိရသာမဟံ။
(အပ္ပကံ ဝါဠုကံ ဂင်္ဂံ၊ အနန္တံ နိဗ္ဗုတံ ဇိနံ။)
တေသံ ဓမ္မဉ္စ သံဃဉ္စ၊ အာဒရေန နမာမဟံ။
နမက္ကာရာနုဘာဝေန၊ ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ။
အနေက အန္တရာယာပိ၊ ဝိနဿန္တု အသေသတော။
အဋ္ဌ = ၈
ဝီသ = ၂၀
(၈+၂၀) = ၂၈
ဒွါ = ၂
ဒသ = ၂၀
သဟဿ = ၁,၀၀၀
(၂+၁၀)x၁,၀၀၀ = ၁၂,၀၀၀
ပဉ္စ = ၅
သတ = ၁၀၀
သဟဿ = ၁,၀၀၀
၅x၁၀၀x၁,၀၀၀ = ၅၀၀,၀၀၀
၂၈ + ၁၂,၀၀၀ + ၅၀၀,၀၀၀ = ၅၁၂,၀၂၈
ဘုရားဖြစ်ရန် စိတ်ဖြင့် ဆုတောင်းခဲ့သော ၇-သင်္ချေကာလအတွင်း ပွင့်တော်မူသော ဘုရားရှင်ပေါင်း = ၁၂၅,၀၀၀
ဘုရားဖြစ်ရန် နှုတ်ဖြင့် ဆုတောင်းခဲ့သော ၉-သင်္ချေကာလအတွင်း ပွင့်တော်မူသော ဘုရားရှင်ပေါင်း = ၃၈၇,၀၀၀
သုမေဓာရှင်ရသေ့ဘဝမှ ဘုရားဖြစ်သည်တိုင် ၄-သင်္ချေနှင့် ကမ္ဘာတစ်သိန်းကာလအတွင်း ပွင့်တော်မူသော ဘုရားရှင်ပေါင်း = ၂၈
ဘုရားရှိခိုးပုံ အမူအရာ ၄-မျိုး
၁။ ခေါင်းဖြင့် ဦးညွတ်၍ ရှိခိုးခြင်း။
၂။ လက်အုပ်ချီ၍ ရှိခိုးခြင်း။
၃။ လက်ဆယ်စုံ ထိပ်မှာ မိုး၍ ရှိခိုးခြင်း။
၎။ ဝမ်းလျားမှောက်၍ ရှိခိုးခြင်း။
(ဆရာတော်ကြီး ပါဠိဘာသာဖြင့် ရေးသား ပြုစုသော “ထေရီအပဒါနဒီပနီ” ကို http://www.dhammadownload.com ၌ ရယူနိုင်၏။)

Monday, July 18, 2011
ဓမ္မစကြာ (၂၆၀၀) အခါတော်နေ့
၂၀၁၁ ခုနှစ် ဇူလိုင်လ (၁၆)ရက် စနေနေ့
၁၃၇၃ ခုနှစ် ဝါဆိုလပြည့်ကျော် (၁)ရက်နေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ ဓမ္မစကြာ (၂၆၀၀) အခါတော်နေ့ အခမ်းအနားကို ပထမဆုံးအကြိမ် ကျင်းပ ပြုလုပ်၏။
ယခင်နှစ်များ၌ ဓမ္မစကြာအခါတော်နေ့ဟု သီးခြား ကျင်းပ ပြုလုပ်ခြင်း မရှိသော်လည်း ဝါဆိုပွဲတော်၌ ဓမ္မစကြာကို ရွတ်ဖတ် ပူဇော်ကြ၏။
နံနက် ၁၁ နာရီတွင် မြတ်စွာဘုရားရှင်အား စုပေါင်း၍ ဆွမ်းတော် ဆက်ကပ် လှူဒါန်း ပူဇော်ကြ၏။

ထိုနောက် လောကချမ်းသာဆရာတော်အား စုပေါင်း ဆွမ်းကပ်ကြ၏။ အရှင်ဝိမလနှင့် အရှင်ဝဏ္ဏိတတို့နှစ်ပါး အပြင်သို့ ဆွမ်းစား ကြွရသောကြောင့် ကျောင်း၌ ဆရာတော်တစ်ပါးသာ ရှိ၏။
တစ်အိမ်တစ်ခွက် ချက်ပြုတ် ယူလာကြကာ ကပ်လှူကြသောကြောင့် ဟင်းအမယ် စုံ၏။
အရသာမျိုးစုံကို စားသောက်ကြရ၏။

မွန်းလွဲ ၁-နာရီတွင် ဆရာဦးအောင်ဇေယျက ဗုဒ္ဓဂယာ သိမှတ်ဖွယ်ရာများကို ဓာတ်ပုံများ ဝေဝေဆာဆာ slideshow ဖြင့် ဗဟုသုတဖြစ်ဖွယ် မှတ်သားဖွယ် ရှင်းလင်း တင်ပြ၏။

မွန်းလွဲ ၂ နာရီတွင် ဓမ္မစကြာသုတ်တော်ကို သပြေကန်ဆရာတော်ဘုရားကြီး၏ ရှစ်လုံးဖွဲ့ နှိုးဆော်ချက် အမေးအဖြေ လင်္ကာများဖြင့် စုပေါင်း ရွတ်ဆို ပူဇော်ကြ၏။

မွန်းလွဲ ၃ နာရီတွင် လောကချမ်းသာဆရာတော်က ဝမ်းမြောက်ဖွယ် အနုမောဒနာတရား ချီးမြှင့်ပြီး တစ်နေ့တာ ဆည်းပူး ပွားများ ပြုလုပ်ခဲ့ကြသော ကောင်းမှုကုသိုလ် အစုစုတို့အတွက် ဆုတောင်း အမျှပေးဝေကြလေသည်။

သာဓု ... သာဓု ... သာဓု။

Friday, July 15, 2011
ဝါဆိုလပြည့်နေ့ (၁၅-ဇူလိုင်-၂၀၁၁)
Thursday, July 14, 2011
ဓမ္မစက္ကပဝတ္တနသုတ္တန် အထူးမှတ်ဖွယ် (မဟာဗုဒ္ဓဝင်)
မြတ်စွာဘုရားရှင် ပွင့်ထွန်းတော်မမူမီ မဇ္ဈိမတိုက်တခွင်၌ ရဟန်းအမည်ခံ ဂိုဏ်းဆရာကြီးများသည် ထင်ရှား ပေါ်ထွက်နှင့်ကြ၏။
ထိုများစွာသော ရဟန်းအမည်ခံ ဂိုဏ်းဆရာကြီးတို့သည် အချို့က ကာမသုခလ္လိကာနုယောဂအလုပ်ကို၊
အချို့က အတ္တကိလမထာနုယောဂအလုပ်ကို ရဟန်းကိစ္စ ရဟန်းအလုပ်အနေဖြင့် ကျင့်ကြ ကြံကြ ဟောကြား ပြသနှင့်ကြလေသည်။
ထိုကဲ့သို့ လောကကြီး၌ အယုတ်တရားနှစ်ပါးကို တကယ့် တရားစစ် တရားမှန်အနေဖြင့် ကျင့်,ကြံ,ဟောကြား ပြသကြမှုတည်းဟူသော မှောင်ကြီးဖုံးအုပ်နေစဉ်
မြတ်စွာဘုရားရှင်သည် မဟာသက္ကရာဇ် (၁၀၃)ခုနှစ် ဝါဆိုလပြည့်နေ့ နေဝင်လုဆဲဆဲအချိန်တွင် ဓမ္မစက္ကပဝတ္တနသုတ်ကို ဟောကြားတော်မူလေသည်။
(ဓမ္မစကြာပါဌ်,အနက်ကို နှလုံးသွင်းထားပါ။)
ဤဓမ္မစက္ကပဝတ္တနသုတ္တန်ကို မြတ်စွာဘုရားရှင်က -
“ဒွေ မေ ဘိက္ခဝေ အန္တာ ပဗ္ဗဇိတေန န သေဝိတဗ္ဗာ = ရဟန်းတို့ ... ရဟန်းဖြစ်သူသည် ဤဆိုလတ္တံ့သော အယုတ်တရား အစွန်းနှစ်ပါးတို့ကို မမှီဝဲအပ်ကုန်” ဟူသော ဤစာပိုဒ်ဝါကျကို စတင်၍ ရွတ်ဆိုလိုက်သည်နှင့်တပြိုင်နက် ဖြစ်ပေါ်လာသော ပဲ့တင်သံကြီးသည် ဘုရားရှင်၏ အာနုဘော်ကြောင့် အောက်အဖို့ အဝီစိတိုင်အောင်၊ အထက်အဖို့ ဘဝဂ်တိုင်အောင် ခိုက်ရောက်လျက် ဇာတိခေတ် စကြဝဠာတိုက်တသောင်းကို ပြန့်နှံ့၍ တည်လေသည်။
ထိုအချိန်၌ပင် ရင့်ကျက်သော ကုသိုလ်မူလရှိကြလျက် သစ္စာလေးပါးတရားသိဖို့ရန် အဓိကာက(အထိကရ) ကောင်းမှု ကုသိုလ်ထူး ပါရှိပြီးဖြစ်ကြသည့် တဆယ့်ရှစ်ကုဋေ အရေအတွက်ရှိသော ဗြဟ္မာအပေါင်းတို့သည် ဣသိပတန မိဂဒါဝုန်တောဝယ် ဓမ္မစကြာ တရားဦး ဟောမည့်နေရာ၌ အညီအညွတ် စည်းဝေးလာရောက်ကြပြီး ဖြစ်နှင့်လေသည်။
ဓမ္မစကြာတရားဦးကို စ၍ ဟောသည့်အချိန်မှာ အနောက်အရပ်သို့ နေဝင်လုဆဲဆဲ၊ အရှေ့အရပ်မှ လဝန်းထွက်ပြူဆဲအချိန် ဖြစ်လေသည်။
ဤဓမ္မစက္ကပဝတ္တနသုတ္တန် ဒေသနာစဉ် အကျဉ်းချုပ်မှာ -
မြတ်စွာဘုရားရှင်သည် ပဉ္စဝဂ္ဂီတို့အား ရှေးဦးစွာ ရှောင်ကြဉ်ရမည့် အယုတ်တရားနှစ်ပါးတို့ကို ဟောတော်မူသည်။
ထို့နောက် လိုက်နာကျင့်သုံးရမည့် မဂ္ဂင်ရှစ်ရပ် မဇ္ဈိမပဋိပတ်ကို ဟောတော်မူသည်။
ထိုနောက် သစ္စာလေးပါးကို အကျဉ်းချုပ် ဟောတော်မူသည်။
ထိုနောက် ကိုယ်တော်မြတ်အဖို့ရာ သစ္စာလေးပါးတို့အနက် တပါးတပါး၌ ရထိုက် ဖြစ်ထိုက်သော ဉာဏ်သုံးပါးစီ ပြည့်စုံမှ ဘုရားအဖြစ် ဝန်ခံတော်မူကြောင်းကို ဟောတော်မူသည်။
ထို့နောက် ဤတရားဒေသနာတော်ကို ဟောတော်မူစဉ် အရှင်ကောဏ္ဍညသည် သောတာပန်တည်ကြောင်း၊
ဓမ္မစကြာကို မြတ်စွာဘုရားရှင် လည်စေပြီးလတ် ဖြစ်စေပြီးလတ်သော် -
ဘုမ္မစိုးနတ်တို့မှအစ ဗြဟ္မာများကျအောင် ကောင်းကြီးကြွေးကြော်ကြကြောင်း၊
မဟာပထဝီ ဤမြေကြီးတုန်လှုပ်ကြောင်း၊
သဗ္ဗညုတဉာဏ်တော်အာနုဘော်ကြောင့်ဖြစ်သော စိတ္တပစ္စယ ဥတုသမုဋ္ဌာန အရောင်အလင်းကြီး နတ်ဗြဟ္မာတို့အရောင်ထက် အဆရာထောင် ကြီးကျယ်စွာ ဖြစ်ပေါ်လာကြောင်း ဟောတော်မူသည်။
ထိုအချိန်၌ မြတ်စွာဘုရားရှင်၏ သန္တာန်တော်မှာ ဓမ္မစကြာတရား ဟောတော်မူစ အချိန်မှာကဲ့သို့ ပြီးဆုံးချိန်၌လည်း အလွန်နှစ်သက် ဝမ်းမြောက်တော်မူခြင်း ဖြစ်သဖြင့် ပီတိအဟုန်ကို ငုံ၍ ထားတော်မမူနိုင်တော့ဘဲ “အညာသိ ဝတ ဘော ကောဏ္ဍညော၊ အညာသိ ဝတ ဘော ကောဏ္ဍညော = အို ... ကောဏ္ဍညသည် သစ္စာလေးပါး တရားကို သိမြင် ကျွတ်တမ်းဝင်ခဲ့လေပြီတကား၊ အို ... ကောဏ္ဍညသည် သစ္စာလေးပါး တရားကို သိမြင် ကျွတ်တမ်းဝင်ခဲ့လေပြီတကား”ဟု နှုတ်တော်မြွက်၍ ဥဒါန်းကျူးတော်မူကြောင်း ဟောတော်မူသည်။
(ဤဥဒါန်းကျူးရင့်သော အသံတော်သည်လည်း စကြဝဠာတိုက်တသောင်း နှံ့၍ တည်လေသည်။)
ထို့နောက် အရှင်ကောဏ္ဍညက မြတ်စွာဘုရား၏အထံတော်၌ ရှင်,ရဟန်းအဖြစ်ကို ရပါလိုကြောင်း တောင်းပန်သဖြင့် မြတ်စွာဘုရားရှင်သည် ‘ဧဟိ ဘိက္ခု’ခေါ်တော်မူ၍ အရှင်ကောဏ္ဍည ‘ဧဟိ ဘိက္ခု’ရဟန်း ပဉ္စင်းဖြစ်ကြောင်း ဟောတော်မူသည်။
ဤကား ဓမ္မစက္ကပဝတ္တနသုတ်၏ အကျဉ်းချုပ်ဟောပုံ အစဉ်တည်း။
(မင်းကွန်းဆရာတော်ဘုရားကြီး၏ “မဟာဗုဒ္ဓဝင်” ပဉ္စမတွဲ)

Monday, July 11, 2011
ကွက်လပ်ကလေးတွေ ဖြည့်စေချင် - ဇေယျသုခ အရှင်နန္ဒ္ဒဝံသ
လိုလို ချည်းသာ ဘ၀မှာ
ဦနော လောကော၊ အတိတ္ထော ... စသော ဘုရားဟော ဒေသနာကို ကြားနာ မှတ်သားမိဖူးသည်မှာ ကြာပါပြီ။ ဘာကို ဘယ်လို အတိအကျ ဆိုလိုသည်ကိုတော့ စာရေးသူ တကယ်ပင် ဉာဏ်မမှီခဲ့ပါချေ။
လောကကြီးအတွင်း မှီတင်းနေကြတဲ့ သူသူငါငါ သတ္တ၀ါတွေဟာ တဏှာ အလိုလိုက်၊ တဏှာအကြိုက်ဆောင်ရင်း အမိုက်မှောင်မှာ လမ်းလျှောက်နေကြလေသမျှတော့ လောကကြီးသည် လို လို လို လို နဲ့ လိုနေမည့် လောကကြီးဖြစ်ပါကလားလို့တော့ ဆရာတော်တွေ ဆုံးမမှုကို နာယူခဲ့ရဖူးပါတယ်။
တစတစနဲ့ ဘဝသည်လည်း ပျိုရာမှသည် အိုခြင်းဆီသို့ ... နုရာမှသည် ရင့်ရော်ခြင်းဆီသို့ ... ပြောင်းလို့ လာနေခဲ့တာကို သတိပြုမိချိန်မှာတော့ စာရေးသူဘဝမှာ လိုနေသော အရာတွေချည်းသာ ဖြစ်ကြောင်း ကောင်းကောင်း သဘောပေါက်ခဲ့ပါပြီ။
ချမ်းသာဖို့လည်း လိုသလို၊ ကျန်းမာဖို့လည်း လိုနေပြန်တယ်။
ထို့အပြင် ပညာတတ်ဖို့ သုတပြည့်စုံဖို့ ဒါနပြုနိုင်ဖို့ သီလစောင့်နိုင်ဖို့ ဘာဝနာပွားနိုင်ဖို့ စသည်ဖြင့် အားလုံး လိုနေသေးတာကို သိခဲ့ နားလည်ခဲ့ပါပြီ။
ဒီလို လိုလို လိုလိုနဲ့ပဲ ဘာမှ မပြည့်စုံရသေးခင် သေပွဲဝင်နိုင်တာကိုလည်း စိတ်ထဲ တွေးထင် သဘောပေါက်လာခဲ့ပါပြီ။
တကယ်တော့ ဘဝမှာ သိသလိုလို တတ်သလိုလိုတွေလည်း မနည်းလှချေ။
ထို့အတူပင် ရှိသလိုလို မရှိသလိုလိုတွေလည်း အပုံအပင်။
တွေ့ဖူးသလိုလို မတွေ့ဖူးသလိုလိုတွေလည်း အများသား။
တကယ့်ကို အလိုချည်းသာ။
လမ်းပေါ်တွင် လူတစ်ယောက်တွေ့သည့်အခါမှာလည်း တွေ့ဖူးသလိုလို ခင်ဖူးသလိုလို။
အွန်လိုင်းပေါ်တွင် ဟိုင်းလို့ နှုတ်ဆက်လာသည့်အခါမှာလည်း ခင်ဖူးသလိုလို သိဖူးသလိုလို။
ဘယ်အရာမှာမဆို ဘာကို ဖြစ်ဖြစ် တိတိပပ သိလှသည်မှာ တခုမှ မရှိလှ။
လိုလိုနဲ့ပင် ဘဝသည် တစ်ဝက်ဟူသော သက်တမ်းကိုပင် ကျော်ခဲ့ပါပြီရောလို့ စဉ်းစားမိတဲ့အခါ ရင်ထဲမှာ နာကျင်လာသလိုလိုပင်။
လိုနေသည်မှာ မပြည့်လို့လား
ဒီလိုဆိုရင် လိုနေသည်မှာ မပြည့်သေးတဲ့ သဘောလို့ ပြောရတော့မယ် ထင်ပါတယ်။
ဟုတ်တယ်လေ ... ပြည့်နေမှတော့ ဘယ်လိုတော့ပါ့မလဲ ... မပြည့်သေးလို့သာ လိုနေတာပေါ့။
ကုသိုလ် ပညာ ဥစ္စာ ဘယ်ဟာမှ လိုနေတာ မကောင်းဟု ခံစားမိတယ်။
ပညာလိုတော့ ဥစ္စာရှာရတာ မလွယ်ကူလှ။
ဥစ္စာမချမ်းသာပြန်တော့လည်း သမုဒ္ဒရာ ဝမ်းတစ်ထွာအတွက် နေထွက်နေဝင် လုပ်ငန်းခွင်ဝင်နေရတာနဲ့ပဲ ကုသိုလ်ကောင်းမှုဘက်မှာ အားနည်းနေတတ်ပြန်တယ်လို့ ခံစားနားလည်မိတယ်။
ဒီတော့ တခုခု လိုနေတာနဲ့ ကျန်တဲ့ အရာတွေအထိ လိုက်ပြီး အကျိုးသက်ရောက်မှု ရှိနေတတ်တာကိုလည်း တွေးမိပြန်ပါတယ်။
လိုနေတာဟာ ကွက်လပ်လား
ငယ်စဉ်ကလေးဘဝက ကျောင်းမှာ စာသင်ရတဲ့အခါ ကွက်လပ်လေးတွေ ဖြည့်ခဲ့ရတာ မှတ်မိနေပါသေးတယ်။
ဆရာပေးထားတဲ့ စာပိုဒ်ထဲမှာ လိုနေတဲ့ စာတွေ၊ ဂဏန်းတွေ ရှာဖွေဖြည့်ရေးခဲ့ရတယ်လေ။
ဆရာမက ကွက်လပ်ဖြည့်ကြရအောင်လို့ ပြောတဲ့အခါ လိုနေတာကို ရှာဖွေဖြည့်ခိုင်းတာလို့ ကလေးသဘာဝနဲ့ နားလည်ပြီး သင်ဖူးသမျှ ကျက်ထားသမျှတွေကို အထပ်ထပ် ရွတ်ဖတ်ရင်း လိုနေတဲ့ စာတွေ ဂဏန်းတွေ ဖြည့်ရေးခဲ့ရတယ်။
စာတပိုဒ်မှာ ကွက်လပ်တွေ များလာတာနဲ့အမျှ စဉ်းစားရကျပ်ပြီး ဟိုဟာလိုလို ဒီဟာလိုလိုနဲ့ အလွဲကိုပင် အမှန်ထင် ဖြည့်မိတာ၊ အမှန်ကိုပင် အမှားထင်လို့ ပြင်, ဖျက်, ဖြည့်စွက်ခဲ့မိတာတွေကို ယနေ့တိုင် မမေ့နိုင်သေးပါဘူး။
ဒါပေမယ့် စာတပုဒ်မှာ ရှိသင့်တာ မရှိဘဲ၊ ပါသင့်တာ မပါဘဲ ပျောက်နေတာ ဖျောက်ထားတာလေးတွေက စာတစ်ကြောင်းလုံးကို အဓိပ္ပါယ်မဲ့စေတယ် ဆိုတာကိုတော့ မတွေးမိခဲ့ဘူး။
လိုနေတဲ့အရာ များမှတော့ ဒီစာပိုဒ်ဟာ ပြည့်စုံမှု မရှိနိုင်တော့သလို၊ ဖတ်သူ လေ့လာသူအတွက် အဓိပ္ပာယ်မှန်ကို မရနိုင်တော့လို့ စာကောင်းပေမွန် ဖြစ်မလာနိုင် ... တန်ဖိုးရှိတဲ့ စာပေ ဖြစ်မလာနိုင်ဘူးဆိုတာကို နောင်မှ တွေးသိခဲ့ရပါတယ်။
ကွက်လပ်များတဲ့ ဘဝ... အဓိပ္ပာယ်မလှ
လူ့ဘဝမှာ လူရယ်လို့ ဖြစ်လာခဲ့ရင် ရှိသင့်ရှိထိုက်တဲ့ ကုသိုလ်၊ ပညာ၊ ဥစ္စာတော့ ရှိသင့်တယ်။
ထို့အတူ အသက်အရွယ်အလိုက် ပြည့်စုံထားသင့်တဲ့ အရာများလည်း ရှိနေတယ်။
ဒါတွေကို ရှိအောင် ပြည့်စုံအောင် မကြိုးစားခဲ့ဖူးဆိုရင် ဟိုဟာလိုလို ဒီဟာလိုလိုနဲ့ မပြည့်စုံတော့ဘဲ ကွက်လပ်တွေ ဖြစ်ပေါ်လာမှာ မလွဲပါဘူး။
ကွက်လပ်တွေ ဖြစ်ပေါ်ပြီဆိုကတည်းက ဒီကွက်လပ်တွေကို ဖြည့်ဖို့ ကြိုးစားရတဲ့ အလုပ်တခု ပိုလာတော့မှာဖြစ်သလို နဂိုထက် နှစ်ဆတက်ပြီး လုပ်ရကိုင်ရ ရှာဖွေရလို့ ပင်ပန်းရပါတော့မယ်။
ဒီတော့လည်း ဘဝရဲ့ ချမ်းသာဆိုတာ ဘာမှန်းတောင် မသိလိုက်ရဘဲ အဓိပ္ပာယ်မလှတဲ့ ဘဝပိုင်ရှင်တွေ ဖြစ်ပေါ်လာတော့တာပေါ့။
ဒီလိုဆိုရင် မိမိဘဝကရော အဓိပ္ပာယ် ဘယ်မျှပြည့်ဝနေပါပြီလဲဟု ပုစ္ဆာထုတ်မိပြန်တော့ ရင်ထဲမှာ အဖြေမရှိတဲ့ ပဟေဠိသဖွယ် ဖြစ်နေပြန်ပါတယ်။
ကွက်လပ်များကို ဖြည့်စေသူ
ကိုယ့်ဘဝမှာ ... ကိုယ် ဘာလိုနေတယ်?ဆိုတာ ကိုယ်ကိုယ်တိုင် သိဖို့ ခဲယဉ်းပါတယ်။
သူများ မျက်ချေးသာ မြင်ရပြီး ကိုယ့်မျက်ချေး ကိုယ်မမြင်ရသလိုပဲပေါ့။
ဒီတော့ ပတ်ဝန်းကျင်ကိုပင် ဆရာတင်ရတော့တယ်။
မှန်ကြည့်တဲ့အခါ ကိုယ့်မျက်နှာရဲ့ သွင်ပြင်ကို အမှန်အတိုင်း သိရနိုင်သလို ပတ်ဝန်းကျင်ရှိ လူနေမှုဘဝတွေနဲ့ ကိုယ့်ဘဝရဲ့ အခြေနေကို နှိုင်းယှဉ်ကြည့်တဲ့အခါမှာ လိုနေတာတွေ သိရှိလာရပါတယ်။
ဒီလိုဆိုရင် ပတ်ဝန်းကျင်ဟာ မိမိအတွက်တော့ ကွက်လပ်များကို ဖြည့်စေသူလို့ ခံယူမိပါတယ်။
ထို့အပြင် မိမိအပေါ်တွင် ငယ်စဉ်ကစပြီး တတ်သိအပ်တဲ့ ပညာများကို သင်ကြားပေးခဲ့ကြသော ဆရာသခင် ကျေးဇူးရှင်တွေဟာ မိမိရဲ့ ဟာကွက် ပျော့ကွက် လိုအပ်ချက်များကို သိရှိလမ်းညွှန်ပေးနေကြပေရာ ဒီဆရာတွေပင်လျှင်လည်း ဘဝရဲ့ ကွက်လပ်များကို ဖြည့်စေသူတွေလို့ နားလည်မိပါတယ်။
ဒီအတွေးနဲ့အတူ ကပ်ပါလာတာကတော့ ဒီဆရာတွေ ဒီပတ်ဝန်းကျင်တွေဟာ ကိုယ့်ဘဝရဲ့ ဟာကွက် ပျော့ကွက် လိုအပ်ချက်တွေကို ပြုစေ လုပ်စေ ဖြည့်စေတဲ့အတွက် ဘဝကို အဓိပ္ပာယ်ဖြည့်ပေးနေသူတွေလို့ သဘောပေါက်ရပြန်ပါတယ်။
ကွက်လပ်များကို ဖြည့်ရသူ
လိုနေမှုသည် မပြည့်စုံလို့၊ မပြည့်စုံခြင်းသည် ကွက်လပ်။
ထိုကွက်လပ်သည် ဘဝကို အဓိပ္ပာယ်မဲ့စေနိုင်တယ်ဆိုတာကို နားလည်သဘောပေါက်ခဲ့ပါတယ်။
ထိုသို့ နားလည် သဘောပေါက်မှုနဲ့အတူ ကိုယ့်ဘဝရဲ့ လိုအပ်ချက်တွေကို ပြည့်အောင် ဖြည့်ဆီး အားထုတ်ပြီး အဓိပ္ပာယ်ရှိတဲ့ ဘဝကို ရချင် လိုချင်မိတော့တာပါပဲ။
ချမ်းသာဖို့ လိုနေတဲ့ ကိုယ့်ဘဝကို ဒါနအမှုတွေ အားထုတ် ပြုလုပ်ခြင်းဖြင့်လည်းကောင်း၊
ကျန်းမာဖို့ လိုနေတဲ့ ကိုယ့်ဘဝကို သီလတွေ စောင့်စည်းခြင်းဖြင့်လည်းကောင်း၊
အများနည်းတူ တင့်တယ်တဲ့ ဘဝ၊ မြင့်မြတ်သာယာ လှပတဲ့ ဘဝကို ရဖို့လိုနေတဲ့ ကိုယ့်ဘဝကို ဘာဝနာတွေ ပွားခြင်း ဖြည့်ခြင်းဖြင့်လည်းကောင်း၊
ဖြည့်သင့် ဖြည့်ထိုက်တယ်လို့ တွေးမိလာတယ်။
ဒီလို ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်တွေကို ဖြည့်ဆည်းအားထုတ်မယ်ဆိုရင် လိုနေတဲ့ ကွက်လပ်တွေ ပြည့်လာပြီး ပြည့်စုံလာတော့မှာလို့လည်း တွေးမိပြန်တယ်။
ဒီလိုဆိုရင် အဓိပ္ပာယ်ပြည့်တဲ့ အဓိပ္ပါယ်ရှိတဲ့ ဘဝကို သေချာပေါက် ရနိုင်မယ်လို့ တွေးပြီး ခုတော့ လိုနေတာတွေ ဖြည့်နေမိပါပြီ။
ကွက်လပ်များတဲ့ ဘဝကိုလည်း ရွံမုန်းမိပါပြီ။
လိုနေတဲ့ မပြည့်စုံတဲ့ ဘဝနဲ့ အဓိပ္ပာယ်မဲ့တဲ့ ဘဝကို မရချင်တော့ပါဘူး။
ဒီလိုမရချင်ရင်တော့ ကွက်လပ်များကို ပြည့်အောင် ဖြည့်နိုင်သမျှ မှန်မှန် ဖြည့်ရတော့မှာပေါ့။
လိုနေတဲ့ အဲဒီ ကွက်လပ်ကို ရမ်းဖြည့်လို့တော့ မသင့်ဘူးထင်ပါတယ်။
ငယ်စဉ်က ကွက်လပ် အဖြည့်မှားလို့ ဆရာမ အရိုက်ခံရ အမှတ်လျှော့ခံရသလို ဘဝကွက်လပ်တွေကို မှားဖြည့်မိရင်လည်း လောကဓံရဲ့ အထုအထောင်း အရိုက်အနှက်ခံရအုန်းမှာပဲလို့လည်း တဆက်တည်း တွေးမိလိုက်တယ်။
အဲဒီကွက်လပ်တွေကို ဖြည့်ရမှာကလည်း ကာယကံရှင် မိမိကိုယ်တိုင်ပဲလို့ နားလည်လိုက်ပါတယ်။
အဲဒီ အတွေးနဲ့အတူ ကျန်နေသေးတဲ့ အချိန်တွေမှာ အဓိပ္ပာယ်ပြည့်တဲ့ ဘဝကို ရရှိ ပိုင်ဆိုင်ရအောင် ဘဝမှာ လိုနေခဲ့တဲ့ ကွက်လပ်လေးတွေကို ကြိုးစား ဖြည့်ဆည်းနေတော့မယ်လို့ ဆုံးဖြတ်လိုက်မိသလို စာဖတ်သူ ဓမ္မမိတ်ဆွေတွေကိုလည်း အဓိပ္ပာယ်ရှိတဲ့ ဘဝလေးတွေ ကိုယ်စီကိုယ်ငှ ရရှိ ပိုင်ဆိုင်နိုင်အောင် ကိုယ့်မှာ လိုနေတဲ့ ကွက်လပ်လေးတွေကို ကိုယ်စီကိုယ်ငှ ဖြည့်ဆီးလိုက်ကြပါစို့လို့ တိုက်တွန်းလိုက်ရပါတော့တယ်။
ဇေယျသုခ အရှင်နန္ဒ၀ံသ
Amarillo, Texas

Wednesday, July 6, 2011
ပိုင်းလော့ဆရာတော်တရားပွဲဓာတ်ပုံများ (၄-ဇူလိုင်-၂၀၁၁)
Subscribe to:
Posts (Atom)