ယခု လုပ်အားပေးပွဲသို့ အင်ဂျင်နီယာ ဦးမောင်မောင်၊ ဦးစိန်မြင့်၊ ဒေါက်တာခင်မောင်၊ ဦးစောဝင်း၊ ဦးကျော်သူမြတ်၊ ဒေါ်လော်ရင်းချင်း စသော အမေရိကန်-မြန်မာ ဗုဒ္ဓဘာသာအသင်း အမှုဆောင်များနှင့် နယူးဂျာစီမှ ကိုဖိုးသားတို့ လာရောက်ကြသည်။
လုပ်အားပေးပွဲ မစတင်မီ နယူးဂျာစီ မဟာစည်သတိပဋ္ဌာန်ရိပ်သာ နာယကဆရာတော် ဦးပညာသီဟနှင့် သီတင်းသုံးဖော် ဦးသောဘနတို့အား နေ့ဆွမ်း ဆက်ကပ် လှူဒါန်းကြသည်။
ထိုနောက် မြေတူးရာမှ ထွက်လာသည့် မြေကြီးများကို ယာယီ စုပုံထားသော နေရာမှ အခြားတစ်နေရာသို့ စီးမျောမသွားစေရန် ဆောက်လုပ်ရေးလုပ်ငန်းစည်းမျဉ်းစည်းကမ်းများနှင့်အညီ တိုင်များစိုက်ထူ ပလပ်စတစ်အကာများဖြင့် ကာရံပေးခြင်းလုပ်ငန်းကို ဆောင်ရွက်ကြ၏။
ဒေါက်တာခင်မောင်နှင့် ဦးကျော်သူမြတ်တို့က ဦးမောင်မောင် ညွှန်ပြပေးသော နေရာတလျှောက် စက်ဖြင့် မြောင်းဖော်ပေးကြသည်။ ပလပ်စတစ်စနှင့် တွဲထားသော တိုင်များကို ဦးစိန်မြင့်နှင့် ဦးစောဝင်းတို့က စိုက်ထူးပေးကြသည်။
ကိုဖိုးသားက ပလပ်စတစ်စအကာကို မြောင်းအတွင်း ကျနေစေရန် မြေသားဖြင့် ဖုံးဖိပေး၏။ ထိုနေ့က ကာရံပေးရသော အလျားမှာ ပေရှစ်ရာခန့် ရှည်လျား၏။ ထိုလုပ်ငန်းကို ကန်ထရိုက်ပေး လုပ်ကိုင်ပါက ဒေါ်လာသုံးထောင်ခန့် ကုန်ကျမည် ဖြစ်သည်။
ယခုမူ မြောင်းဖော်သည့်စက် ငှားရမ်းခြင်းနှင့် ပလပ်စတစ်ရှစ်လိပ်အတွက် ကုန်ကျငွေမှာ ၂၉၄ ဒေါ်လာသာ ကုန်ကျသည်။ ထို့ကြောင့် စေတီတော်နှင့် ဓမ္မာရုံ ယောဂီဆောင် ကျောင်းဆောင်တော်ကြီး ဆောက်လုပ်ရေး ရန်ပုံငွေမှ ဒေါ်လာနှစ်ထောင့်ငါးရာခန့် ချွေတာနိုင်ခဲ့သည်။
ဦးသောဘန၊ ကိုဖိုးသားနှင့် ဒေါ်လော်ရင်းချင်းတို့က ရိပ်သာဝင်းအတွင်း ကြွေကျနေသော သစ်ရွက်ခြောက်များနှင့် အခြားအမှိုက်များကို လှဲကျင်း စုဆောင်း၍ အမှိုက်ပုံတွင် စွန့်ပစ်ကြသည်။
ဆရာတော် ဦးပညာသီဟက လုပ်အားပေးသူများကို မှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ပေး၏။ ခြေကုန်လက်ပမ်းကျနေသော ဦးစိန်မြင့်အား ကူညီ၍ စည်းရိုးတိုင်အချို့ စိုက်ပေး၏။
မြက်ရိတ်စက်၊ တဲအမိုး၊ တိုင် တန်းများ၊ ကုလားထိုင်များ ထားရာ ရွက်ဖျင်တဲ၏ အမိုးအကာများမှာ ရာသီဥတုဒဏ်ကြောင့် ပျက်စီးနေရာ လုပ်အားပေးများက ရွက်ဖျင်အသစ် ဝယ်ယူ လဲလှယ်ပေးကြ၏။
နယူးဂျာစီရိပ်သာတွင် ယခုအခါ ဓမ္မာရုံ ယောဂီဆောင် ကျောင်းဆောင်တော်ကြီးကို စတင် ဆောက်လုပ်နေပြီဖြစ်ရာ လုပ်အားဒါနဖြင့် ပြုလုပ်နိုင်သော လုပ်ငန်းငယ်ကလေးများကို တတ်နိုင်သမျှ လုပ်အားဒါနဖြင့် ဆောင်ရွက်သွားမည်ဖြစ်ရာ လုပ်အားဒါန ပေးလှူနိုင်ကြပါဦးမည်။
စောဝင်း









No comments:
Post a Comment