သာသနာအစဉ်အဆက်မှာ တချို့ရဟန်းတော်များ ကိလေသာတွေ ဖြစ်လာတော့ အဲဒီ ကိလေသာတွေ ငြိမ်းအောင်လို့ အားထုတ်တာကိုး။
ဝင်္ဂီသမထေရ်ဆိုရင် ဆွမ်းခံသွားနေရင်း ကိလေသာဖြစ်လာတော့ အရှင်အာနန္ဒာကို လျှောက်ထားတယ်။
“အရှင်အာနန္ဒာ ..တဲ့၊ ကာမရာဂတော့ ဖြစ်လာပြီတဲ့၊ ကာမရာဂမီးတွေ လောင်နေပါတယ် တဲ့၊ ကာမရာဂငြိမ်းကြောင်းဖြစ်တဲ့ တရားကို ဟောပါဦး တဲ့၊ သွန်သင်ဆုံးမပါဦး” ဆိုပြီးတော့ လျှောက်ထားတယ်။
လျှောက်ထားတော့ အရှင်အာနန္ဒာက “အသုဘ နှလုံးသွင်းရမယ်လို့၊ သင် သုဘသညာ သွားနှလုံးသွင်းမိလို့ ကာမရာဂဖြစ်တယ်၊ ဝိသဘာဂအာရုံတွေ ဖြစ်တယ်”။
ယောက်ျားဖြစ်တဲ့ ပုဂ္ဂိုလ်တွေက မိန်းမများကို တမျိုးတဖုံ ထင်တယ်တဲ့၊ ကောင်းတဲ့အနေအားဖြင့် သွားပြီး နှလုံးသွင်းရင် ဒါက ဖြစ်တတ်တယ်။
မိန်းမဖြစ်တဲ့ ပုဂ္ဂိုလ်တွေကလည်း ယောက်ျားဖြစ်တဲ့ ပုဂ္ဂိုလ်တွေပေါ်မှာ လှပတယ်၊ တင့်တယ်တယ်၊ ကောင်းတဲ့အနေအားဖြင့် သွားပြီးတော့ ကြည့်ရှု နှလုံးသွင်းလို့ရှိရင် ဒီကာမရာဂတွေဆိုတာ ဖြစ်တတ်တယ်။
အသုဘအာရုံ နှလုံးသွင်းမှတဲ့။
အသုဘအာရုံ နှလုံးသွင်းလိုက်တော့ နှစ်သက် သာယာစရာ မရှိဘူး။ ရာဂတွေ ငြိမ်းသွားတယ်။
သေသေချာချာ နှလုံးသွင်းရင် သေသေချာချာ ငြိမ်းနေတယ်။
တနေ့က မော်လမြိုင်ရောက်တဲ့နေ့ကပါပဲ။
ကျိုက်မရောဘုရား သွားဖူးတယ်။
ကျိုက်မရောဘုရားဆိုတာ မော်လမြိုင်မှာ နာမည်ကြီး တန်ခိုးကြီးပါပဲ။
ဘုရားဖူးတွေ ရောက်ရောက်သွားကြတယ်။
အဲဒါနဲ့ သူတို့ လိုက်ပို့လို့ ဘုန်းကြီးက ရှေးကလည်း ရောက်ဖူးပါတယ်။ ဒါပေမယ်လို့ ဘယ်မှလဲ သွားစရာ မရှိတာနဲ့၊ ကိုယ်နဲ့ပါတဲ့ ပုဂ္ဂိုလ်တွေလဲ ရောက်ရအောင်၊ နောက် လမ်းမှာလည်းပဲ ပုဗ္ဗာရုံကျောင်းဆိုတာ ဝင်ချင်တာနဲ့ ဘုန်းကြီးလိုက်သွားတယ်။
ဘုရားဖူးပြီးတော့ အရုပ်ကားတွေ ရေးထားတယ်။ (ရေးထားတာ တွေ့တယ်။)
ပထမဆုံး ကြည့်လိုက်တော့ ပွဲကြည့်တဲ့ပုံ။
အရုပ်ကားတွေ တယ် သဘောကျစရာ ကောင်းတယ်။ တယ် နေရာကျတယ်။
ပွဲကနေတဲ့ ပုဂ္ဂိုလ်နဲ့၊ ပွဲကြည့်နေတဲ့ ပုဂ္ဂိုလ်နဲ့ အရုပ်ကားကြီး ရေးထားတယ်။
တဖက်က အရုပ်ကားကတော့ ပကတိအတိုင်းပေါ့လေ။ ပွဲကနေတာလည်းပဲ မင်းသမီး မင်းသားတွေ၊ လှလှပပ တင့်တင့်တယ်တယ် ပြင်ဆင်လို့ ကနေကြတဲ့ ပုံတွေ။
ပွဲကြည့်တဲ့ ပုဂ္ဂိုလ်တွေလည်း အောက်က လှလှပပ ပြင်ဆင်လို့ အမျိုးသမီးတွေ အမျိုးသားတွေ ပကတိအတိုင်းပေါ့။ လှလှပပ တင့်တင့်တယ်တယ်။ ဆိုင်းတီးတဲ့ ပုဂ္ဂိုလ်တွေကပါ ပကတိပုံတွေ ချယ်သ ရေးထိုးထားပါတယ်။
တဖက်ကနေပြီးတော့ အသုဘသညာ ကမ္မဋ္ဌာန်းနဲ့ နှလုံးသွင်းကြည့်တော့ ဒီက ပြနေတဲ့ ပုဂ္ဂိုလ်တွေရော၊ ပွဲကြည့်တဲ့ ပုဂ္ဂိုလ်တွေရော၊ တီးမှုတ်နေတဲ့ ပုဂ္ဂိုလ်တွေရော၊ အမှန်စင်စစ်တော့ အရိုးစုတွေပဲ ဆိုပြီးတော့ အရိုးစုတွေ ရေးပြထားတယ်။
အမယ် သူက တော်တော် ဟန်ကျတယ်။ တော်တော် သဘာဝကျတယ်။
အရိုးစုတွေပဲလို့ သူ့ဟာ သေသေချာချာ စဉ်းစားလိုက်ရင် လက်ကလေးကွေးနေတာ အဲဒါ အရိုးစုတွေပဲ။
ခေါင်းကလေးကို ငုံ့နေတယ်၊ မော့နေတယ်၊ ယိမ်းယိုင်နေတယ်ဆိုရင် သူက အရိုးစုပဲ။
တီးမှုတ်နေတဲ့ ပုဂ္ဂိုလ်တွေကလည်း အရိုးတွေပဲ။
ပွဲကြည့်နေတဲ့ အမျိုးသမီး၊ အမျိုးသားတွေ အကုန်လုံး တစုတဝေးကြီး နည်းတာ မဟုတ်ဘူး။ ဒါတွေ အရိုးစုတွေ။ အကုန်လုံး စုပြီးတော့ မော့ပြီးတော့ အရိုးတွေပဲ။
ဒီပန်းချီကား .. တယ်ဟန်ကျတာပဲလို့။
သေသေချာချာ စဉ်းစားကြည့်ရင် သတ္တဝါတွေဟာ ဒီအတိုင်းချည်းပဲ။ အရိုးစုတွေ ဖြစ်နေတယ်။ အသုဘသညာဆိုတာ အဲဒါလိုပဲ။
တကယ်ထင်အောင် ရှုလို့ရှိရင် သုဘသညာ လုံးလုံး ပျောက်သွားတယ်။
ကြောက်စရာတောင် ကောင်းသေးတယ်။
ရွံစရာ ကောင်းသေးတယ်။
ကာမရာဂတွေ အကုန်လုံး ငြိမ်းသွားနိုင်တယ်။
အဲဒါကြောင့် အရှင်အာနန္ဒာက ဝင်္ဂီသမထေရ်ကို “အသုဘာယ စိတ္တံ ဘာဝေဟိ”လို့ အသုဘသညာဖြစ်အောင်၊ အသုဘအာရုံဖြစ်အောင်၊ အသုဘ မတင့်တယ်ဘူးပေါ့။
စက်ဆုပ်ဖွယ် ရွံရှာဖွယ်ဖြစ်အောင် သင် နှလုံးသွင်းပါတဲ့။
သုဘ တင့်တယ်တယ် နှလုံးသွင်းနေလို့ ကိလေသာတွေ ဖြစ်နေတာတဲ့။
တင့်တယ်တာတွေ နှလုံးသွင်းနေရင် လူ့ပုံသဏ္ဌာန်ဆို မျက်ခုံးနဲ့ မျက်လုံးနဲ့ မျက်နှာနဲ့ နှာခေါင်းအနေနဲ့ အဲဒါတွေ လျှောက်ပြီး အချိုးအစားကျတာတွေ ဒီလို နှလုံးသွင်းနေရင် နှစ်သက်စရာ သာယာစရာ ဖြစ်တယ်။
အဲဒါတွေကို အကုန်လုံး ပယ်ပြီးတော့ အရေက အရေတခြား၊ အသားက အသားတခြား၊ အရိုးက အရိုးတခြား၊ အကြောက အကြောတခြား၊ တစ်ခုစီ တစ်ခုစီ ခွဲပြီးတော့ ကြည့်လိုက်မယ်ဆိုရင် ဒီထဲမှာ နှစ်သက်စရာ သာယာစရာ ဘာမှ မရှိဘူး။
အဲဒီတော့ “အသုဘ နှလုံးသွင်းပါ”လို့ အရှင်အာနန္ဒာက ညွှန်ကြားတဲ့အတိုင်း နှလုံးသွင်းလိုက်တော့ သူ့မှာ ဖြစ်ပေါ်နေတဲ့ ကာမရာဂတွေ ငြိမ်းသွားတယ်။
အဲဒါဟာ ဖြစ်ပြီးသော ကိလေသာတွေကို ပယ်နိုင်အောင်လို့ သူက အားထုတ်တာကိုး။
တခါက စာချနေရင်း စာတက်နေတဲ့ ရဟန်းတော်တစ်ပါးက သူ့မှာ ကိလေသာဖြစ်ဖူးတာ အကြောင်းပြုပြီး သူတရားအားထုတ်သွားဖို့ရာ လျှောက်သွားတော့ တစ်နေရာ ရောက်သွားတယ်။
မထေရ်ကြီးတစ်ပါးထံ ရောက်သွားတယ်။
မထေရ်ကြီးတစ်ပါးထံ ရောက်သွားတော့ “အရှင်ဘုရားတဲ့ ... တပည့်တော်ကို ချီးမြှောက်တော်မူပါတဲ့၊ ကယ်တော်မူပါတဲ့၊ တပည့်တော် ရောဂါစွဲလာလို့”တဲ့။
ဒီတော့ ဟိုက ရိပ်မိတယ်။
ကောင်းပြီတဲ့။
ရောဂါဆေးကုနိုင်တဲ့ ဆရာသမားထံ ရောက်လာတာပဲ ဆိုပြီးတော့ ကာမရာဂငြိမ်းစေနိုင်တဲ့ ကမ္မဋ္ဌာန်း ပေးတယ်။
ကမ္မဋ္ဌာန်းပေးတော့ ကမ္မဋ္ဌာန်းတရား အားထုတ်လိုက်တဲ့အခါ ကာမရာဂတွေလည်း ငြိမ်းပြီးတော့ သွားတယ်တဲ့။ အရိယမဂ်ဖိုလ်တွေလည်း ရပြီးတော့ သွားတယ်တဲ့။
အဲဒါလည်းပဲ ဖြစ်ပြီးသော အကုသိုလ်တရားတွေ ပယ်နိုင်အောင် အားထုတ်တာပဲ။
ကိလေသာဖြစ်ဖူးလို့ နောင် ဒီလို ကိလေသာတွေ ဘယ်တော့မှ မဖြစ်နိုင်အောင်လို့ အားထုတ်ရတာကိုး။
(မဟာစည်သာသနာ့ရိပ်သာ၊ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်မှ ၂၀၀၈ ခုနှစ်တွင် ပထမအကြိမ် ထုတ်ဝေသော
မဟာစည်ဆရာတော်ဘုရားကြီး ဟောကြားတော်မူသည့် “သစ္စာလေးပါးတရားတော်” - စာ ၃၆၉-၃၇၁ မှ)
No comments:
Post a Comment