Thursday, April 26, 2012

“အမြင်မှန်” နှင့် “အပ္ပမာဒတရားတော်”

..... ‘သတ္တဝါ’ ‘ပုဂ္ဂိုလ်’ ဟူသော ဤလောကဝေါဟာရ အမည်ပညတ်ကိုလည်း -

သာ၍ ကောင်းစွာ ပယ်ခြင်းအကျိုးငှာလည်းကောင်း၊

‘သတ္တဝါ’ဟု တွေဝေ သိမှားသော မောဟကို ကျော်လွန်ခြင်း အကျိုးငှာလည်းကောင်း၊

မတွေမဝေ သိသော ဉာဏ်အဆင့်၌ စိတ်ကိုထားခြင်း အကျိုးငှာလည်းကောင်း များစွာသော သုတ္တန်တို့၏ အစွမ်းအားဖြင့် “ဤအရာသည်ကား (အာရုံဆီသို့ ညွှတ်တတ်သော) နာမ်နှင့် (ဖောက်ပြန်တတ်သော၊ အာရုံကို မသိတတ်သော) ရုပ်မျှသာလျှင်တည်း။ ‘သတ္တဝါ’မည်သည် မရှိ၊ ‘ပုဂ္ဂိုလ်’မည်သည် မရှိ” ဟူသော ဤအနက်ကို နှီးနှော၍ ပိုင်းခြား ဆုံးဖြတ်၏။

မှန်ပေ၏။

“(ဝင်ရိုး, ရထားဘီး အစရှိသော) အစိတ်အပိုင်း အဆောက်အဦ အပေါင်းရှိသောကြောင့် ‘ရထား’ဟူသော အမည် သဒ္ဒါသည် ဖြစ်သကဲ့သို့ ဤအတူပင် (ငါးပါးသော) ခန္ဓာတို့ရှိလျှင် ‘သတ္တဝါ’ဟူသော အမည်ပညတ်သည် ဖြစ်၏” ဟူသော ဤစကားကို (“ဝဇိရာ” အမည်ရှိသော ထေရီမသည်) ဟောခဲ့ပေ၏။

ထိုမှတပါးလည်း -

“ငါ့ရှင်တို့ ... ဥပမာအားဖြင့် သစ်သားကိုလည်း စွဲမှီ၍၊ နွယ်ကိုလည်း စွဲမှီ၍၊ မြေညက်ကိုလည်း စွဲမှီ၍၊ သက်ကယ်မြက်ကိုလည်း စွဲမှီ၍ (၎င်းတို့ကို အတွင်းအပမှ) ဝန်းရံလျက် တည်သော ဟင်းလင်းပြင် အာကာသသည် ‘အိမ်’ဟူ၍သာလျှင် ရေတွက် (ခေါ်ဝေါ်)အပ်သည်၏အဖြစ်သို့ ရောက်၏။

ငါ့ရှင်တို့ ... ဤအတူပင်လျှင် အရိုးကိုလည်း စွဲမှီ၍၊ အကြောကိုလည်း စွဲမှီ၍၊ အသားကိုလည်း စွဲမှီ၍၊ အရေကိုလည်း စွဲမှီ၍ (၎င်းတို့ကို အတွင်းအပမှ) ဝန်းရံလျက် တည်သော ဟင်းလင်းပြင် အာကာသသည် ‘ရုပ်ကိုယ်’ဟူ၍ ရေတွက် (ခေါ်ဝေါ်)အပ်သည်၏အဖြစ်သို့ ရောက်၏” ဟူသော ဤစကားကို (အရှင်သာရိပုတြာမထေရ်သည်) ဟောတော်မူခဲ့ပေ၏။

ထိုမှတပါးလည်း -

“ဆင်းရဲသည်သာလျှင် ဖြစ်ပေါ်လာ၏။ ဆင်းရဲသည်သာလျှင် တည်လျက် ရှိ၏။ ဆင်းရဲသည်သာလျှင် ပျက်စီး ကွယ်ပျောက်၏။ ဆင်းရဲမှတပါး (တစုံတခုမျှ) မဖြစ်ပေါ်လာချေ။ ဆင်းရဲမှတပါး (တစုံတခုမျှ) မချုပ်မပျက်ခေ”ဟူသော ဤစကားကို (“ဝဇိရာ” အမည်ရှိသော ထေရီမပင်) ဟောခဲ့ပေ၏။

ဤသို့လျှင် အရာမကသော သုတ်တို့ဖြင့် နာမ်နှင့် ရုပ်ကိုသာလျှင် ပြ၏။

သတ္တဝါကိုကား မပြ၊ ပုဂ္ဂိုလ်ကိုလည်း မပြ။

ထို့ကြောင့် ဥပမာအားဖြင့် - ဝင်ရိုး, ရထားဘီး, ရထားအိမ်, ရထားသံ အစရှိကုန်သော အစိတ်အပိုင်း အဆောက်အဦတို့သည် တခုတည်း တပေါင်းတည်းသော အခြင်းအရာဖြင့် ကောင်းစွာ တည်နေကုန်လတ်သော် ‘ရထား’ဟူသော အမည်ဝေါဟာရမျှသည် ဖြစ်၏။

စင်စစ် ဟုတ်မှန်သော အနက်သဘောအားဖြင့်မူကား တခုစီ တခုစီသော အစိတ်အပိုင်းကို ကြည့်ရှု ဆင်ခြင်လျှင် ‘ရထား’မည်သည် မရှိသကဲ့သို့လည်းကောင်း။

သစ်သား အစရှိကုန်သော အိမ်၏ အဆောက်အဦတို့သည် တခုတည်း တပေါင်းတည်းသော အခြင်းအရာဖြင့် ဟင်းလင်းပြင် အရပ်ကို ကာရံ၍ တည်ကုန်လတ်သော် ‘အိမ်’ဟူသော အမည်ဝေါဟာရမျှသည် ဖြစ်၏။ စင်စစ် ဟုတ်မှန်သော အနက်သဘောအားဖြင့်မူကား (တခုစီ တခုစီသော အစိတ်အပိုင်းကို ကြည့်ရှု ဆင်ခြင်လျှင်) ‘အိမ်’မည်သည် မရှိသကဲ့သို့လည်းကောင်း။

လက်ချောင်း လက်မ စသည်တို့သည် တခုတည်း တပေါင်းတည်းသော အခြင်းအရာဖြင့် တည်ကုန်လတ်သော် ‘လက်သီးဆုပ်’ဟူသော အမည် ဝေါဟာရမျှသည် ဖြစ်၏။

စောင်းခွက် စောင်းညှို့ စသည်တို့သည် (တခုတည်းသော အခြင်းအရာဖြင့် တည်ကုန်လတ်သော်) ‘စောင်း’ဟူသော အမည် ဝေါဟာရမျှသည် ဖြစ်၏။

ဆင်တပ် မြင်းတပ် စသည်တို့သည် (တခုတည်းသော အခြင်းအရာဖြင့် တည်ကုန်လတ်သော်) ‘စစ်တပ်’ဟူသော အမည် ဝေါဟာရမျှသည် ဖြစ်၏။

မြို့ရိုး တံတိုင်း အိမ် တံခါးမုခ် စသည်တို့သည် (တခုတည်းသော အခြင်းအရာဖြင့် တည်ကုန်လတ်သော်) ‘မြို့’ဟူသော အမည် ဝေါဟာရမျှသည် ဖြစ်၏။

ပင်လုံး အကိုင်း အခက် အရွက်တို့သည် တခုတည်းသော အခြင်းအရာဖြင့် တည်ကုန်လတ်သော် ‘သစ်ပင်’ဟူသော အမည် ဝေါဟာရမျှသည် ဖြစ်၏။

စင်စစ် ဟုတ်မှန်သော အနက်သဘောအားဖြင့်မူကား တခုစီ တခုစီသော အစိတ်အပိုင်းကို ကြည့်ရှု ဆင်ခြင်လျှင် သစ်ပင်မည်သည် မရှိသကဲ့သို့လည်းကောင်း၊ ဤအတူပင် ဥပါဒါနက္ခန္ဓာတို့ ရှိလျှင် ‘သတ္တဝါ’ ‘ပုဂ္ဂိုလ်’ဟူသော အမည် ဝေါဟာရမျှသည် ဖြစ်၏။

စင်စစ် ဟုတ်မှန်သော အနက်သဘောအားဖြင့်မူကား တခုစီ တခုစီသော သဘောတရားကို ရှုဆင်ခြင်လျှင် -

အသ္မိ - (ငါ) ဖြစ်သည် ဟူ၍လည်းကောင်း၊

အဟံ - ငါဟူ၍လည်းကောင်း

စွဲလမ်းခြင်း (ဂါဟ)၏ တည်ရာဖြစ်သော သတ္တဝါမည်သည် မရှိချေ။

စင်စစ် ဟုတ်မှန်သော အနက်သဘောအားဖြင့်မူကား နာမ်နှင့် ရုပ်မျှသာလျှင် ရှိသည်ဟု မြင်၏။

ဤသို့ မြင်သော ယောဂီ၏ အမြင်သည် ‘ဟုတ်တိုင်းမှန်စွာ မြင်သော ဉာဏ်အမြင်’ (အမြင်မှန်) မည်၏။

(ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ “ဝိသုဒ္ဓိမဂ် မြန်မာပြန်” စတုတ္ထတွဲ မှ)

+++++

၂၀၁၂ ခုနှစ် ဧပြီလ ၂၁ ရက် စနေနေ့
လောချမ်းသာဘုရားကျောင်း
နယူးယောက်မြို့

အပတ်စဉ် စနေနေ့ မွန်းလွဲ ၂ နာရီမှ ၃ နာရီအထိ တရားမထိုင်မီ ‘လောကချမ်းသာ ငါးမိနစ် တရားတော်’ကို နာယူကြရရာ ယခုအပတ်တွင်လည်း လောကချမ်းသာဆရာတော်က ဝိသုဒ္ဓိ ခုနစ်ပါးမှ ‘ဒိဋ္ဌိဝိသုဒ္ဓိ’အကြောင်း အကျဉ်းမျှ ဟောကြား ချီးမြှင့်၏။

+++++

ဓမ္မပဒသင်တန်းတွင် ဆရာတော် အရှင်စက္ကိန္ဒက ယမကဝဂ် ဂါထာများကိုပင် အကျဉ်း ပြန်လည် သင်ကြား ပို့ချပေး၏။

+++++

အဘိဓမ္မာသင်တန်းဝယ် ဆရာတော် အရှင်ဝဏ္ဏိတက မရဏာသန္နဝီထိ၊ ပဋိသန္ဓေဝီထိများအကြောင်းနှင့် ဝတ္ထုသင်္ဂဟတို့ကို ပို့ချ သင်ကြားသွား၏။

+++++

ညနေခင်း လောကချမ်းသာ ဆည်းဆာတရားပွဲ၌ ဆရာတော် အရှင်စက္ကိန္ဒကပင် ဓမ္မပဒ၊ အပ္ပမာဒဝဂ်၊ သာမာဝတီဝတ္ထုလာ ဂါထာကို အခြေခံ၍ ‘အပ္ပမာဒတရားတော်’ကို ဓမ္မဒါနပြု ဟောကြား၏။

တရားပွဲပြီးသော် ကောင်းမှုကုသိုလ်အဝဝတို့ကို အမျှပေးဝေကြလေသည်။

သာဓု ... သာဓု ... သာဓု။

No comments: