Tuesday, February 1, 2011

စိတ်ကို အနားပေးခြင်း - အရှင်ဣန္ဒက

၂၀၀၂ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်နေ့။
ဒီနေ့ ကျောင်းမှာ အရုဏ်ဆွမ်း၊ နေ့ဆွမ်း ပင့်သူ နှစ်ဦးရှိလို့ ဘုန်းကြီးများ အလုပ်များတဲ့ နေ့တစ်နေ့ပါ။
အရုဏ်ဆွမ်းကတော့ ဒကာဦးရှိန်၊ ဇနီးဒေါ်သန်းသန်းအေးတို့ရဲ့ သမီးကြီး မေသူရှိန်နဲ့ မောင်ချမ်းမြေ့အောင်တို့ရဲ့ မင်္ဂလာဆွမ်းကျွေး ဖြစ်ပါတယ်။ သူတို့ရဲ့ မင်္ဂလာပွဲမှာ နေ့ဆွမ်းကပ်လှူလိုကြပေမယ့် ဆွမ်းစားပင့်တာ နောက်ကျသွားတာ (နေ့ဆွမ်းအလှူရှင် ရှိနေပြီးဖြစ်တာ)ကြောင့် အရုဏ်ဆွမ်းကိုပဲ ကပ်ခွင့် ရပါတော့တယ်။

သံဃာတော်များမှာ ဝိနည်း စည်းကမ်းအရ အရင်ပင့်တဲ့ ဒကာရဲ့ ဆွမ်းကို အရင် စားရပါတယ်။
အရင်ပင့်တဲ့ ဒကာက ကျေနပ်ခွင့်ပြုရင်တော့ နောက်ပင့်တဲ့ ဒကာရဲ့ ဆွမ်းကို စားနိုင်ပါတယ်။
ဒီအကြောင်းကို ဆွမ်းစားပင့်လိုတဲ့ ဒကာများ သိထားရင် မိမိလိုတဲ့ရက် မိမိပင့်လိုတဲ့အချိန်မှာ ကြိုတင်ပင့်ပြီး ဆွမ်းကပ်နိုင်ကြပါလိမ့်မယ်။

ဒကာရှိန်တို့ မိသားစုက ဒီနေ့နံနက် မုန့်ဟင်းခါးအရုဏ်ဆွမ်း ကပ်လှူကြပါတယ်။
အရုဏ်ဆွမ်းကပ်ရင် ဆွမ်းမှတပါး မုန့်ဟင်းခါး၊ ခေါက်ဆွဲ၊ ကြာဆံဟင်းခါး၊ ပလာတာလို အစားအစာမျိုးတွေကို ကပ်ဖို့ ဆွမ်းဒကာများအား အကြံပေးလေ့ရှိပါတယ်။
ဘာကြောင့်လဲဆိုတော့ နံနက်ပိုင်းမှာ ဒီလို အစားအစာမျိုးတွေ စားရင် နေ့ဆွမ်းစားတဲ့အခါမှာ ဆွမ်းစားမပျက်လို့ ဖြစ်ပါတယ်။
နံနက်ပိုင်းမှာ ဆွမ်းစားထားရင် နေ့ဆွမ်းကို မစားနိုင်တော့ပါ။

မိမိတို့ကျောင်းမှာ အရုဏ်ဆွမ်းကို နံနက် ၆-နာရီမှာ စားပါတယ်။ နံနက် ၅-နာရီအချိန်မှာ ဘုရားရှိခိုး၊ တရားထိုင်ပြီးမှ အရုဏ်ဆွမ်းစားတာပါ။
ယနေ့လည်း ၆-နာရီအချိန်မှာ ဒကာဦးရှိန်တို့ မိသားစု ကပ်တဲ့ မုန့်ဟင်းခါးကို စားရတာ အတော် အရသာရှိတယ်။
မုန့်ဟင်းခါးဟာ မြန်မာ့အစာ စင်စစ် ဖြစ်တယ်။ အရသာလည်း ကောင်းတယ်။ အာဟာရလည်း ဖြစ်တယ်။

လောင်းအိုင်လင်ဆေးရုံမှ ကျောက်အထူးကု ဆရာဝန်ကြီး ဂိုးဒက်ဟာ မုန့်ဟင်းခါးကို သိပ်ကြိုက်ပါတယ်။ မိမိရဲ့ ကျောက်ကပ်ရောဂါကို အခမဲ့ ခွဲစိတ် ကုသပေးခဲ့တဲ့ ဆရာဝန်ကြီးပါ။ ဒေါက်တာမြတ်မြတ်မွန်ရဲ့ ဆရာလည်း ဖြစ်ပါတယ်။ သိပ်ပြီး စိတ်သဘောထား ပြည့်ဝတဲ့ ဆရာဝန်ကြီးပါ။ လူနာတွေအတွက် သွေးအကြိမ်ကြိမ် လှူဒါန်းခဲ့တယ်။ မိမိလို ဝင်ငွေမရှိ နည်းပါးတဲ့ ပုဂ္ဂိုလ်တွေကို အခမဲ့ ခွဲစိတ်ကုသပေးပါတယ်။ အသာပြာဆရာဝန်မျိုး မဟုတ်ပါ။

နေ့ဆွမ်းကို ဒေါက်တာတင်ဇော်လွင်၊ ဇနီးမြတ်မွန်ခတို့ အိမ်မှာ ကပ်ပါတယ်။
သူတို့ဇနီးမောင်နှံရဲ့ ဆယ့်ငါးနှစ်မြောက် မင်္ဂလာဆွမ်းကို အဓိကထားပြီး မတွေ့ဆုံရတာ ကြာပြီဖြစ်တဲ့ မိတ်သင်္ဂဟအပေါင်းကို ဖိတ်ကြား ထမင်းကျွေးတာလို့ ပြောပါတယ်။
ဒီနိုင်ငံမှာ မိတ်ဆွေတွေနဲ့ တွေ့ဆုံဖို့ဆိုတာ ဒီလိုလုပ်မှပဲ တွေ့နိုင်တယ်လို့ သူက ပြောပါတယ်။

ဆယ်နာရီခွဲအချိန်မှာ သီလယူ၊ ပရိတ်တရားနာပြီး ရေစက်ချပါတယ်။
ဆွမ်းမစားမီ ဒီလိုအစီအစဉ်လုပ်တာဟာ အချိန်ကုန် သက်သာလို့ အလှူရှင်လည်း အဆင်ပြေ၊ သံဃာတော်များလည်း အဆင်ပြေပါတယ်။
ပြီးတော့ ဒီနိုင်ငံမှာ လူတိုင်း အလုပ်များလွန်းလို့ သုတ်သုံးကျမ်းနဲ့အညီ ဘာမဆို ခပ်သုတ်သုတ် လုပ်ကြ ကိုင်ကြမှ ဖြစ်တယ် မဟုတ်လား။

မြတ်မွန်ခက သူကိုယ်တိုင် ချက်ထားတဲ့ စပါယ်ရှယ်ဒန်ပေါက်နဲ့ နေ့ဆွမ်း ကပ်ပါတယ်။
သူတို့မိသားစုမှာ ဒန်ပေါက်ချက်အကောင်းဆုံးလို့ လက်မှတ်ရထားသူပါ။
တကယ်လည်း ကောင်းပါတယ်။ မိမိက မြတ်မွန်ခကို နယူးယောက်မှာ ဒန်ပေါက်ထမင်းဆိုင် ဖွင့်ရောင်းလို့ ရပြီလို့ အားပေးလိုက်ပါသေးတယ်။
ဒါပေမယ့် မိမိကတော့ ဒန်ပေါက်ကို နည်းနည်းလောက်ပဲ နွှဲနိုင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ မိမိမှာ ဆီးချိုနဲ့ ကိုလက်စထရောအဆီဓာတ်တွေ များနေသောကြောင့်ပါ။
ဆရာဝန်များက ကစီဓာတ်များတဲ့ အစာနဲ့ အဆီဓာတ်များတဲ့ အစာများကို လျှော့စားဖို့ အကြံပြုကြပါတယ်။ အစားအစာတွေ ပေါတဲ့ အမေရိကန်နိုင်ငံလိုမျိုးမှာ ဆီးချိုရောဂါဖြစ်ရတာ စားချင်တာတွေကို မစားရလို့ အတော်ရှုံးပါတယ်။

မိမိအတွက် ပဲကြာဆံကြောင်ဟင်းတစ်ခွက်ကို သီးသန့် ချက်ထားပါတယ်။
ပဲကြာဆံကတော့ ဆီးချိုမတက်တဲ့ အစာ ဖြစ်ပါတယ်။ ဒါကြောင့် မိမိဟာ ပဲကြာဆံကို အမြဲလိုလို စားနေရပါတယ်။
“အစာလည်း ဆေး၊ ဆေးလည်း အစာ”ဆိုတဲ့ စကားအတိုင်း မိမိရောဂါနဲ့ တည့်သော အစာကို စားတတ်ရင် ရောဂါများ အတော်အတန် သက်သာတာကတော့ အမှန်ပါ။
အဆီနည်းတဲ့ ဘတ်စမာတီဆန်ကို အသင့်အတင့် စားရင် ဆီးချို သိပ်မတက်တာ တွေ့ရပါတယ်။
နောက်တစ်ခုကတော့ ဆီးဖြူသီးကို မှန်မှန် စားရင်လည်း ဆီးချို သိပ်မတက်ပါ။
အထူးအားဖြင့် ဆီးချိုရောဂါရှိသူဟာ နေ့စဉ် အစာကို တဝကြီး မစားဘဲ အဆာပြေရုံလောက်သာ စားသင့်ပါတယ်။

ဒေါက်တာတင်ဇော်လွင်နဲ့ မြတ်မွန်ခတို့ ဇနီးမောင်နှံမှာ ကိုးနှစ်အရွယ် သားကြီး စတင်ဖို့ဒ်နဲ့ လေးနှစ်အရွယ် သားငယ် ဟာရီဆန်တို့ကို အခြေခံ ဗုဒ္ဓဘာသာနဲ့ မြန်မာစာ သင်ရန် စနေနေ့တိုင်း မိမိတို့ ကျောင်းကို ပို့ပေးပါတယ်။
မိမိကိုယ်တိုင်ပင် ကလေးများအား ဒီအခြေခံဗုဒ္ဓဘာသာသင်တန်းကို သင်ပေးပါတယ်။
သုံးနှစ်အထက် ကလေးများကို လက်ခံ သင်ပေးတယ်။
ကလေးများအား မိမိတို့ရဲ့ ယဉ်ကျေးမှု၊ ဘာသာတရား၊ ဘုရား, ကျောင်းကန်များနှင့် ရင်းနှီးမှု ရှိစေရန်နဲ့ သံဃာတော်များနှင့် ဆက်ဆံလာတတ်စေရန် ရည်ရွယ်ပြီး ဒီသင်တန်းကို ဖွင့်ထားခြင်း ဖြစ်ပါတယ်။

နေ့လယ် တစ်နာရီမှ နှစ်နာရီအထိ စာသင်ပါတယ်။
စာသင်ပြီးတဲ့အခါမှာ ဘုရားရှိခိုးကြရပါတယ်။
တရားလင်္ကာဆောင်ပုဒ်ကလေးများ ရွတ်ဆိုစေပါတယ်။

ကလေးတွေရဲ့ နှလုံးသားထဲမှာ ဘာသာရေးမျိုးစေ့ကို စတင်ချပေးတာပါပဲ။ ဒီအရွယ်မှာ ချပေးလိုက်တဲ့ ဘာသာရေးမျိုးစေ့ဟာ ကလေးများရဲ့ နှလုံးသားထဲမှာ စွဲသွားတတ်ပါတယ်။ ဒါဟာ သိပ်ကို အရေးကြီးပါတယ်။ ဘာကြောင့်လည်းဆိုတော့ နိုင်ငံခြားမှာ ကလေးများကို အခြား ယဉ်ကျေးမှုတွေက လွှမ်းမိုးသွားရန် လွယ်ကူသောကြောင့် ဖြစ်ပါတယ်။
ဒါကြောင့် ကလေးများအား မိမိတို့ရဲ့ ယဉ်ကျေးမှုကို သိနားလည်အောင် စွဲမြဲခိုင်မာနေအောင် ကြိုတင် သင်ထားပေးဖို့ လိုပါတယ်။

နေ့ဆွမ်းစားပြီးနောက် ကျောင်းကို ပြန်ခဲ့ပါတယ်။
ဆရာတင်ဇော်လွင်ကိုယ်တိုင် သူ့ရဲ့ မာစီဒီးဘင်ကားနဲ့ ပြန်ပို့ပေးပါတယ်။ ကားနဲ့ပတ်သက်ပြီး ဘုန်းကြီးဦးအဘယာက “ဒီကား မော်ဒယ်ဘယ်လောက်လဲ”လို့ စပ်စုလိုက်တယ်။
ဆရာက ... မော်ဒယ် ကိုးဆယ့်ရှစ်လို့ ပြောပြီး၊ “တပည့်တော်တော့ ကားဝယ်ရင် မော်ဒယ်အသစ်စက်စက်ကို ဘယ်တော့မှ မဝယ်ဘူး။ ဘာကြောင့်လဲဆိုတော့ ကားအသစ်ဝယ်ရင် ကိုယ့်လက်ထဲရောက်တာနဲ့ ဈေးက ကျသွားတော့တာပဲ။ ကားဝယ်ပြီး မြတ်တာကတော့ မြန်မာပြည်မှာပဲ ဖြစ်တယ်လို့ ကြားဖူးတယ်။ ဘယ်နိုင်ငံမှာမှ ကားဝယ်ပြီးရင် မြတ်တယ်လို့ မကြားမိဖူးဘူး။ ကားမော်ဒယ်အဟောင်းဝယ်ရင် ဈေးသက်သာတယ်။ စီးရတာလည်း အသစ်နဲ့ သိပ်မထူးပါဘူး”လို့ တွက်ပြလိုက်တော့ ဘုန်းကြီးဦးအဘယာလည်း “အော..”ဆိုပြီး သဘောပေါက်သွားတော့တယ်။

ကားမောင်းရင်း ဆရာက သူ့ရဲ့ ဆေးရုံမှာ လူနာတွေနဲ့ ပတ်သက်ပြီး ငြီးငြူ ပြောတယ်။
“တချို့လူနာတွေနဲ့ ဆက်ဆံရာမှာ မိမိစေတနာ လျော့မသွားအောင် မနည်း ထိန်းထားရတယ်။ ကိုယ်က ဘယ်လို စေတနာထားပြီး ကုသ ဆက်ဆံပေမယ့် တချို့လူနာတွေက အပြစ်တင်ဖို့လောက်ပဲ လုပ်နေကြတယ်။ ကြာတော့ ဆေးကုရတာ စေတနာပျက်ချင်သလို ဖြစ်လာမိတယ်။ သိပ်ခက်တာပဲ။”

မိမိက “သည်းခံပါ။ စေတနာမပျက်အောင် ကြိုးစားပါ။ ‘ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်အောင်နေ’ ဆိုတဲ့ ဆောင်ပုဒ်အတိုင်း ကြိုးစား ကျင့်ပါ။ ဒါမှ ခန္တီပါရမီပြည့်မှာပေါ့။ ကိုယ့်ကို ဝိုင်းပြီး မြှောက်ပင့်နေကြတဲ့လူတွေ ကြားထဲမှာ နေရင် ခန္တီပါရမီကို ဘယ်လို ဖြည့်လို့ ရပါ့မလဲ”လို့ တရားချလိုက်ပါတယ်။

ဆရာတင်ဇော်လွင်က သူရဲ့ လူနာတစ်ဦးအကြောင်းကို ပြောပြပါတယ်။
အဲဒီ လူနာဟာ ရာဇဝတ်မှုအမျိုးမျိုးကို ကျူးလွန်ပြီး ထောင်အနှစ်နှစ်ဆယ် ကျခဲ့သူ ဖြစ်တယ်။
ထောင်က လွတ်လာပြီးနောက် သူ့မှာ ပုံမှန်စိတ်တွေ ပြန်ဖြစ်လာစေဖို့ စိတ္တဇဆေးရုံမှာ ဆရာလွင်ရဲ့ လူနာ ဖြစ်ခဲ့တာပါ။
ဆရာက သူ့ကို ဆေးဝါးနဲ့ ကုသတဲ့အပြင် စိတ်ထားနည်းကိုပါ ပြောပြပြီး ကုသပေးပါတယ်။

“ခင်ဗျားရဲ့ ဘဝမှာ မအောင်မြင်လို့ စိတ်ဆင်းရဲနေပေမယ့် အမြဲတမ်းတော့ စိတ်ဆင်းရဲ မနေပါဘူး။ စိတ်ချမ်းသာတဲ့အချိန်တစ်ချိန်ချိန်တော့ ရှိမှာပါ။ အဲဒါရှိရင် ပြောပြစမ်းပါ”လို့ ဆိုတဲ့အခါမှာ ထိုသူက “သူ ကက်ဆက်ဖွင့်ပြီး သီချင်းနားထောင်နေတဲ့အခါမှာတော့ စိတ်ချမ်းသာတယ်။ စိတ်အေးဆေးမှုရှိတယ်”လို့ ဖြေပါတယ်။ စိတ်ချမ်းသာပျော်ရွှင်နေတာကို အင်္ဂလိပ်လို ရီလက်ကစေးရှန်းလို့ ပြောပါတယ်။

ဆရာလွင်က “သီချင်းအပေါ်မှာ စိတ်ကို ထားလို့ စိတ်ချမ်းသာတာပဲ။ သီချင်းအပေါ်မှာ စိတ်ကို မထားဘဲ အခြားအသံတစ်ခုခုအပေါ်မှာ စိတ်ကို ထားနေရင်လည်း ရီလက်ကစေးရှန်း မရနိုင်ဘူးလား?၊ အခြားအသံတစ်ခုခုအပေါ်မှာ စိတ်ကို စမ်းထားကြည့်ပါလား။ ဥပမာ ခင်ဗျားအခန်းထဲမှာ လေအေးစက်သံ မြည်နေတယ်။ အဲဒီအသံအပေါ်မှာ စိတ်ကို ထားကြည့်လေ။ ရီလက်ကစေးရှန်း ရ,မရ နက်ဖြန်ကျ ပြောပြပါ”လို့ မှာပြီး လွှတ်လိုက်ပါတယ်။
နောက်နေ့မှာ ထိုလူနာက လေအေးစက်အသံမှာ စိတ်ကို ထားတာ သီချင်းနားထောင်သလိုပဲ ရီလက်ကစေးရှန်းဖြစ်တယ်လို့ ပြန်ပြောပါသတဲ့။

ဆရာလွင်က သီချင်းသံအပေါ်မှာရော၊ လေအေးစက်အသံအပေါ်မှာရော စိတ်ကို မထားဘဲ ခင်ဗျားရဲ့ ကိုယ်ခန္ဓာပေါ်မှာ စိတ်ကို ထားကြည့်ရင်လည်း မရနိုင်ဘူးလား?၊ ကိုယ်ခန္ဓာမှာ ထင်ထင်ရှားရှား အမြဲဖြစ်ပေါ်တဲ့ အရာတစ်ခုခု ရှိတယ်။ အဲဒါကို ရှာကြည့်စမ်းပါလို့ ပြောတော့ လူနာဟာ ရုတ်တရက် ရှာမတွေ့ဘဲ ဖြစ်နေပါတယ်။ ဒါကြောင့် ဆရာလွင်က “ခင်ဗျား အသက်မရှူဘူးလား၊ အသက်ရှူနေတာဟာ ကိုယ်မှာ အမြဲဖြစ်နေတဲ့ အရာပေါ့။ အဲဒီ အသက်ရှူရှိုက်နေတဲ့အပေါ်မှာ စိတ်ကို ထားကြည့်ပါ။ ကိုယ့်နေရာကို ပြန်ရောက်ရင် တခြား ဘာကိုမှ မစဉ်းစားတော့ဘဲ အသက်ရှူသွင်းတာနဲ့ အသက်ရှူထုတ်တာကိုသာ သိအောင် လုပ်နေပါ”လို့ မှာကြား လွှတ်လိုက်ပါတယ်။

ထိုလူနာဟာ နောက်တစ်နေ့ ဆရာကို လာတွေ့တဲ့အခါမှာ အသက်ရှူနေတဲ့အပေါ်မှာ စိတ်ကို ထားတာ ရီလက်ကစေးရှန်း ပိုပြီး ရတယ်လို့ ပြောပါတယ်။ သူဟာ စိတ်ချမ်းသာနည်းကို သိရလို့ ဆရာ့အပေါ်မှာ ယုံကြည် အားထားစိတ်တွေဖြစ်ပြီး ကျေးဇူးတင်စကားတွေ ပြောရှာပါတယ်။
ဆရာက သူ့အား ... ခင်ဗျား ဆေးရုံက ဆင်းပြီး၊ အပြင်လောကထဲ ပြန်ရောက်တဲ့အခါမှာ မိမိစိတ်ကို အခုလို ဆက်လက် ထိန်းနိုင်အောင် အတော်ကြိုးစားရမယ်။ လပိုင်းအတွင်းမှာ ရခဲ့တဲ့ စိတ်ဓာတ်အင်အားတွေ ကျဆင်းမသွားအောင် ဆက်လက် ထိန်းသိမ်းဖို့ကတော့ ခင်ဗျားအပေါ်မှာ များစွာ မူတည်တယ်။ ကြိုးစားပါ ... လို့ မှာလိုက်ပါတယ်။

ဆရာက “လူဆိုးလူမိုက်ဆိုသူတွေမှာ စိတ်မိုက်စိတ်ရိုင်းတွေချည်းသာ သူတို့သန္တာန်မှာ ရှိနေကြတာ မဟုတ်ပါဘူး။ သူတို့မှာ စိတ်ကောင်း နှလုံးကောင်းကလေးများလည်း မသိမသာ ရှိနေတတ်တာကို တွေ့ရတယ်။ အကျိုးရှိတာကို လုပ်ချင်တဲ့ စိတ်မျိုးတွေပေါ့။ အဲဒီစိတ်ကောင်းကလေးတွေကို ဆရာသမားကောင်း၊ မိတ်ဆွေကောင်းများက ဖော်ထုတ်ပေးလိုက်ရင် သူတို့ လူကောင်းများ ပြန်ဖြစ်သွားနိုင်ပါတယ်”လို့ သူ့အတွေ့အကြုံကို မိမိအား ပြောပြပါတယ်။

ဆရာလွင်သည် ပညာသားပါပါနဲ့ သူ့ရဲ့ လူနာကို တရားအထိုင်ခိုင်းပြီး စိတ်ရောဂါကို ကုသပေးခြင်း ဖြစ်ပါတယ်။ သတိပဋ္ဌာန်တရားဟာ လူမျိုးမရွေး ဘာသာမရွေး ကျင့်လို့ရတဲ့ တရားပါ။ အကြောင်းအမျိုးမျိုးတွေကြောင့် စိတ်မချမ်းမသာဖြစ်လာရင် အရက်သောက် ဘိန်းရှူပြီး နေတဲ့ လူတွေ အတော်များများ ရှိကြပါတယ်။ ဒါဟာ မမှန်ကန်တဲ့ ဖြေရှင်းနည်းပါ။ စိတ်ကို ပိုပြီး တွေဝေစေတတ်ပါတယ်။ အချိန်ပေးပြီး သမာဓိရအောင် တရားထိုင်တာဟာ အကောင်းဆုံး ဖြေရှင်းနည်းပါ။ တရားဆေးဟာ အစွမ်းအထက်ဆုံးလို့ ဘုရားရှင်ကိုယ်တော်မြတ် ဟောကြားတော်မူပါတယ်။

ယေကေစိ သြသဓာ လောကေ၊
ဝိဇ္ဇန္တိ ဝိဝိဓာ ဗဟူ၊
ဓမ္မောသဓသမံ နတ္ထိ၊
ဧတံ ဝိဝေထ ဘိက္ခဝေါ။


(မြန်မာပြန်)

“ရောဂါပျောက်ရေးအတွက် လောကမှာ ဆေးတွေ အမျိုးမျိုး အမှန်ပင် ရှိကြကုန်၏။
တရားဆေးနှင့် တူသော ဆေးကား မရှိပေ။
ရဟန်းတို့ ... သင်တို့သည် ထိုတရားဆေးကို သောက်သုံး မှီဝဲကြကုန်လော့။”


+++++

၂၀၀၂ ခုနှစ် ဧပြီလ ၁၄ ရက်နေ့ထုတ် - The Universal Peace Buddha Temple, New York, Newsletter မှ။

No comments: