Wednesday, February 23, 2011

ဓမ္မာရုံ ယောဂီဆောင် ဆောက်လုပ်ရေး (၂၃-ဖေဖော်ဝါရီ-၂၀၁၁)

အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်း၏ နယူးဂျာစီ မဟာစည်သတိပဋ္ဌာန်ရိပ်သာအတွင်း လောကချမ်းသာစေတီတော်နှင့် ဓမ္မာရုံ ယောဂီဆောင် ကျောင်းဆောင်ဆောက်လုပ်ရေးလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်လျက်ရှိရာ ယနေ့ ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်နေ့၌ ဓာတ်ငွေ့ပိုက်လိုင်းများ ဆက်သွယ်သော လုပ်ငန်းနှင့်

























+++++

ကျောင်းဆောင်အုတ်မြစ်တွင် လွန်ခဲ့သော ရက်များက ကျထားသော ဆီးနှင်းများမှ ပျော်လာသော ရေများကို ရေစုပ်စက်ဖြင့် စုပ်ထုတ်ပစ်နေကြစဉ်။









Tuesday, February 15, 2011

အညာသိကောဏ္ဍညဟု တွင်ရခြင်းနှင့် အလှူဦး ကိုးမျိုး

..... ဘုရားကိုယ်တော်မြတ် ရွှေနှုတ်တော်က ‘အညာသိ ဝတ ဘော ကောဏ္ဍညော၊ အညာသိ ဝတ ဘော ကောဏ္ဍညော - အို အချင်းတို့ .. အရှင်ကောဏ္ဍညသည် သစ္စာလေးပါးတရားတို့ကို သိခဲ့လေပြီတကား၊ အို အချင်းတို့ .. အရှင်ကောဏ္ဍညသည် သစ္စာလေးပါးတရားတို့ကို သိခဲ့လေပြီတကား’ ဥဒါန်းကျူးရင့်တာကို စွဲပြီးသကာလ နောက်တချိန်၌ အရှင်ကောဏ္ဍညကို ‘အညာသိကောဏ္ဍည’လို့ ခေါ်တယ်။

ဘာပြုလို့တုန်းဆိုတော့ ‘ခါဏုကောဏ္ဍည’တို့ဆိုတာ ရှိသေးတယ်။ သစ်ငုတ်ကြီးလို့ အထင်ခံရတဲ့ ဦးကောဏ္ဍညက ရှိသေးတော့ ဒီအရှင်ကောဏ္ဍညကိုတော့ ‘အညာသိကောဏ္ဍည’လို့ မြတ်စွာဘုရားက ‘အညာသိ ဝတ ဘော ကောဏ္ဍညော’လို့ ဥဒါန်းအကျူးခံရတဲ့ ကောဏ္ဍညလို့ သိသာအောင် ဒီဘုရားသာသနာမှာဖြင့် လူ့ပြည်လောက,က အစဆုံး ကျွတ်တမ်းဝင်တဲ့ ပုဂ္ဂိုလ်ပါပဲတဲ့။

ဘာပြုလို့ အစဆုံး ကျွတ်တမ်းဝင်တုန်း။ အတိတ်ဘဝက သူ့ကောင်းမှုတွေ ရှိခဲ့တယ်နော်။
အတိတ်ဘဝက ပါရမီပြည့်စုံလို့ သာဝကဗောဓိဆုကြီး ပွင့်ခါနီးဖြစ်တဲ့ မကြာမီ တစ်ခုသော ဘဝက သူတို့ ညီနောင်နှစ်ယောက် ကောင်းမှုကုသိုလ် အတူတူ ပြုခဲ့ကြတယ်။

အဲဒီလို ပြုခဲ့ကြတဲ့ နေရာမှာ - အရှင်ကောဏ္ဍညအလောင်းအလျာ အစ်ကိုကြီးက လယ်သမားဘဝမှာ လယ်လုပ်တော့ ဒီကနေ့ မျိုးကြဲတော့မယ်ဆိုပြီးတော့ မျိုးထုတ်လာရင် မျိုးဦးဆိုပြီး အဲဒီထဲက တစ်ဆုပ်နှစ်ဆုပ် စသည် ယူပြီးတော့ အဲဒါလည်း လှူလိုက်တန်းလိုက် ကျွေးမွေးလိုက်တာပဲတဲ့။ သူက အဦး ဒီလို လှူတယ်။ (၁ - မျိုးဦးအလှူ)

အဲဒီ မျိုးဦးကျွေးပြီးတော့ လှူပြီးပြီ တန်းပြီးပြီဆိုတဲ့အခါကျတော့ စိုက်လိုက်လို့ စပါးပင်လေးပေါက်၊ အဲဒီထဲက စပါးနှံလေးထွက်၊ နို့ရည်ကလေးရယ်လို့ ရောက်လာရင်ပဲ သူ့ညီကို တိုင်ပင်တယ်။ “ဟေ့ ... တို့စပါးပင်တွေ အနှံထွက်လာပြီ။ နို့ရည်တွေ ရောက်လာပြီ။ တို့ လှူကြအုန်းစို့လားကွယ်” ... ဒီလို ပြောတဲ့အခါကျတော့ ညီဖြစ်တဲ့ပုဂ္ဂိုလ်က “စပါးဖြင့် ခုမှ အနှံထွက်စ၊ အင်မတန် သူဖျက်ဆီးချင်တယ်။ သဘောမတူနိုင်ဖူး ကိုကြီးရယ်”လို့ ပြောတော့။ အစ်ကိုကြီးဖြစ်တဲ့ ပုဂ္ဂိုလ်က ဒီလိုဖြင့် ငါလှူချင်သလို လှူရမှာ မဟုတ်ဘူး။ ဒီတော့ ယခုအချိန်ကပဲ တစ်ဝက်ခွဲမှပဲဆိုပြီး သူတစ်ပိုင်း ကိုယ်တစ်ပိုင်း ဒီလို ခွဲခဲ့တယ်။

အဲဒီတော့ အစ်ကိုကြီးက မိမိပိုင်တဲ့ အပိုင်းက စပါးမှာ အနှံထွက်လို့ နို့ရည်လေးတွေ ဝင်လာရင်ပဲ အဲဒါ နို့ရည်လေးတွေ ညှစ်၊ သကြားတို့ တင်လဲတို့ ထောပတ်တို့နဲ့ ဖျော်ပြီးတော့ ကျွေးမွေး လှူတန်းခဲ့တယ်။ ဒါလဲ အဦးပဲ။ နို့ရည်ဦးတဲ့။ (၂ - နို့ရည်ဦးအလှူ)

အဲဒီ နို့ရည် တော်တော်ခဲလို့ မုန့်ဆမ်းလုပ်လောက်ပြီ ဆိုတဲ့အခါကျတော့လည်း မုန့်ဆမ်းဦးဆိုပြီးတော့ တခါတည်း အဦးဆုံး လှူလိုက်ပြန်တာပဲတဲ့။ (၃ - မုန့်ဆမ်းဦးအလှူ)

စပါးဘဝမှာပင် တော်တော်ကြာတော့ စပါးတွေ ရင့်လို့ စပါးရိတ်ပြီဆိုတော့ ပထမဆုံး ရိတ်လိုက်တဲ့ လက်ဆုပ်ကို လှူလိုက်တာပဲ။ (၄ - ရိတ်ဦးအလှူ)

ကောက်လှိုင်းထုံးပြန်ပြီဆိုတော့ ပထမကောက်လှိုင်းထုံးဟာ သူလှူဖို့ ထားလိုက်တာပဲ။ လှူလိုက်တာပဲ။ (၅ - ကောက်လှိုင်းဦးအလှူ)

ကောက်လှိုင်းထုံးပြီးတော့ လှည်းနဲ့တိုက်နိုင်တဲ့ ပုဂ္ဂိုလ်က ရှိတယ်။ လှည်းနဲ့ မဟုတ်တော့ ငါးလှိုင်း ဆယ်လှိုင်း စသည်ကို တစ်ဝန်တစ်ဖွဲ့ ဖွဲ့ပြီးသကာလ ခေါင်းနဲ့ရွက်ယူတဲ့အခါမှာလည်း ပထမဆုံးဖွဲ့တဲ့ ပထမဝန်ကိုဖြင့် သူလှူရန်ပဲတဲ့။ အဦးပဲဆိုပြီး လှူတယ်။ လှူချင်တဲ့ပုဂ္ဂိုလ်ကျတော့နော်။ (၆ - ဝန်ဖွဲ့သယ်ယူဦးအလှူ)

အဲဒီကနေပြီးသကာလ ကောက်နယ်တလင်းထဲမှာ ချပြီးတော့ စပါးနယ်။ အဲဒီလိုအခါမှာလည်း ပထမဆုံးနယ်လို့ရတဲ့ စပါးအဦးကလေးကို သူစုထားတယ်။ တလင်းဦးတဲ့။ (၇ - တလင်းဦးအလှူ)

အဲဒီတလင်းဦးထဲကနေပြီးတော့ တော်တော်ကြာတော့ စပါးလှေ့လို့ အမှိုက်သရိုက်တွေ စင်ကြယ်ပြီဆိုတဲ့အခါကျတော့ အဲဒါ လှေ့ဦးယူပြန်ပြီ။ လှူပြန်ပြီ။ (၈ - လှေ့ဦးအလှူ)

အဲဒီ စပါးလှေ့ဦးပြီးသကာလ ကျီထဲသွင်းတော့မယ်ဆိုတော့ ပထမဆုံး ထမ်းလာတဲ့ စပါးကို ကျီဦးဆိုပြီးသကာလ လှူပြန်တယ်။ (၉ - ကျီဦးအလှူ)

အဲဒီလို အဦးကိုးချက် နေရာ နေရာတိုင်းက အဦးအဖျားယူပြီးတော့ လှူဒါန်းတဲ့အတွက် ဒီဘုရားသာသနာမှာ သူကား အစဆုံး သောတာပတ္တိမဂ်ဖိုလ် ရောက်ပြီးသကာလ ကျွတ်တမ်းဝင်ရတဲ့ တပည့်ဖြစ်ပါတယ်တဲ့။

အဲဒီလို ညီအစ်ကိုနှစ်ယောက်ရှိကြတဲ့အနက် ညီငယ်ကတော့ အစ်ကိုကြီးလို အဦးတွေ ခဏ ခဏတော့ မလှူနိုင်ဘူး။ စပါးသိမ်းပြီးတဲ့ နောက်ကာလကျတော့မှ တစ်ကြိမ်ထဲပဲ နောက်ဆုံးမှ လှူတော့မယ်ဆိုတဲ့ အဲဒီစေတနာဖြင့် သူကလည်း လှူပါ၏။ သို့သော် လှူတဲ့သူက နောင်တချိန် ဒီဘုရားသာသနာတော်ကျတော့ နောက်ဆုံး ပစ္ဆိမသာဝကဖြစ်တဲ့ အရှင်သုဘဒ္ဒကြီး လာပြီး ဖြစ်တယ်တဲ့နော်။

အဲဒီစပါးကို ကိုးကြိမ်လှူခဲ့တဲ့ အစ်ကိုကြီးကတော့ သာဝကဦးဖြစ်တဲ့ အရှင်ကောဏ္ဍည ဖြစ်ခဲ့ပါတယ်။
ဒါပေမယ်လို့ အဲဒီကောင်းမှုကလေးတင် ကွက်ပြီးတော့ မကြည့်လေနဲ့နော်။
သူတို့ ဆုတောင်းကိုက ဟိုတုန်းက လာခဲ့တဲ့ ဆုတောင်းအတိုင်း လာခဲ့တာ။
ဒါပေမယ်လို့ ပါရမီပြည့်လို့ ပါရမီအထွတ်တပ်တော့မယ်ဆိုတဲ့အခါကျတော့ သူတို့ဖြစ်မယ့် ဗောဓိဉာဏ်ရဲ့ ပွင့်မယ့် အစီအမံအတိုင်း အဦးကိုးချက်လှူရတယ်။ နောက်ဆုံးမှ လှူတယ်ဆိုတဲ့ အကြောင်းတွေဟာ ဖန်တီး ဖန်တီးပြီးတော့ ပြောစရာဖြစ်ပေါ်၍ လာရတာပါပဲတဲ့။


(မင်းကွန်းဆရာတော်ဘုရားကြီး၏ “ဓမ္မစကြာတရားတော်” မှ)

+++++

၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက် စနေနေ့ဝယ် နယူးယောက် လောကချမ်းသာဘုရားကျောင်း၌ အပတ်စဉ် စနေနေ့ ဓမ္မသင်တန်းနှင့် ဆည်းဆာတရားပွဲတို့ကို ကျင်းပ ပြုလုပ်ရာ မွန်းလွဲ ၃ နာရီမှ ၄ နာရီအထိ ဆရာတော် အရှင်စက္ကိန္ဒက “ဓမ္မစကြာ”သင်တန်းကို သင်ကြား ပို့ချပေး၏။



ဓမ္မစကြာသင်တန်းပြီးနောက် ညနေ ၅ နာရီတွင် လောကချမ်းသာ ဆည်းဆာတရားပွဲကို ကျင်းပရာ အရှင်နန္ဒဝံသက အမှတ်မှား, အသိမှား, အယူမှားတို့မှ ကင်းဝေးကြစေလိုကြောင်း “အလိမ်ညာဘေးမှ ကင်းဝေးကြပါစေ”တရားတော်ကို ဟောကြား ချီးမြှင့်၏။



ရေကန်အတွင်း တောဘဲငန်းများကို မိမိပိုင်ဆိုင်သော ယဉ်ကျေးသည့် ရွာဘဲငန်းများအဖြစ် ထင်မှတ်နေသူတစ်ဦးအတွက် အချိန်တန်လျှင် တောဘဲများ ပျံသွားမည့်အရေးနှင့် တွေ့ကြုံရမည်ဖြစ်ကြောင်း လင်္ကာများဖြင့် မှတ်သားဖွယ် ဟောကြားသွား၏။





ဥပုသ်စောင့်သွား၊ တရားနာ ခေါ်
မလိုက်နိုင်သေး၊ ဖြည်းဖြည်းပေါ့နော်
သားနဲ့သမီး၊ ဇနီးနဲ့ပျော်
အဲဒါလည်း ငါ့‘ဘဲ’ ငါ့‘ဘဲ’နော်။

သတိပဋ္ဌာန်တရား၊ ပွားများရန် ခေါ်
မလိုက်နိုင်သေး၊ ဖြည်းဖြည်းပေါ့နော်
သားနဲ့သမီး၊ ပစ္စည်းနဲ့ပျော်
အဲဒါလည်း ငါ့‘ဘဲ’ ငါ့‘ဘဲ’နော်။

ဥပုသ်စောင့်သွား၊ တရားနာ ခေါ်
မလိုက်နိုင်သေး၊ ဖြည်းဖြည်းပေါ့နော်
မြေးထိန်းမြစ်ထိန်း၊ အေးကိန်းမပေါ်
အဲဒါလည်း ငါ့‘ဘဲ’ ငါ့‘ဘဲ’နော်။

တရားပွဲပြီးသော် ငါးမိခန့် တရားရှုမှတ် ပွားများကြပြီး ကောင်းမှုကုသိုလ်တို့ကို အမျှပေးဝေကြ၏။

သာဓု ... သာဓု ... သာဓု။

Friday, February 11, 2011

‘ဒုက္ခသစ္စာ’နှင့် ‘ဒုက္ခသစ္စာ၌သစ္စဉာဏ်’ ဘာသာပြန်

ဗုဒ္ဓဘုရားရှင်၏ တရားတော်ကို အလွန်လေးစားသော ရတနာသုံးပါးကို အမြဲမပြတ် ဆည်းကပ် ကိုးကွယ်လေ့ရှိသူ ဦးသာဝင်းသည် ဗုဒ္ဓမြတ်စွာ ရှေးဦးစွာ ဟောကြားတော်မူခဲ့သော ဓမ္မစက္ကပဝတ္တနသုတ္တန်နှင့် အနတ္တလက္ခဏသုတ္တန်တို့ကို ပါဠိ-မြန်မာ-အင်္ဂလိပ် ဘာသာတို့ဖြင့် တစ်အုပ်တည်း ပေါင်းကာ ထုတ်ဝေလိုသဖြင့် အင်္ဂလိပ်ဘာသာသို့ အသစ်တဖန် ဘာသာပြန်ရန် ဆရာကြီး ဦးဖေမောင်တင်အား တောင်းပန်ခဲ့ပြီး၊ ယခု ၂၀၁၁ ခုနှစ်မှ ပြန်၍ ရေတွက်သော် လွန်ခဲ့သော နှစ်ပေါင်း ၂၆၀၀ က ဗုဒ္ဓဘုရားရှင် ဟောကြားတော်မူခဲ့သော တရားဦး၊ လယ်တီဆရာတော်ဘုရားကြီး၏ ၁၈၉၄ ခုနှစ် (သက်တော် ၄၈၊ ဝါတော် ၂၈)တွင် ပါဠိဘာသာမှ မြန်မာဘာသာသို့ သိလွယ် ထင်လွယ် မြင်လွယ် သဘောပေါက်လွယ်သော မြန်မာဘာသာပြန်၊ ဆရာကြီး ဦးဖေမောင်တင်၏ ၁၉၇၃ ခုနှစ် (အသက် ၈၅ နှစ်)တွင် ပါဠိဘာသာကို အခြေခံလျက် လယ်တီဆရာတော်ဘုရားကြီး၏ မြန်မာပြန်ကို အင်္ဂလိပ်ဘာသာပြန် တို့ကို ပေါင်း၍ ပုံနှိပ် ထုတ်ဝေခဲ့သည်။

ဆရာကြီးဦးဖေမောင်တင်က သူ၏ ဘာသာပြန်ကို ပြင်လိုရာ ပြင်နိုင်ရန် ဆရာတော် အရှင်သေဋ္ဌိလအား လျှောက်ထား တင်ပြရမည်ဟု ဦးသာဝင်းအား မှာကြားထားခဲ့၏။

ဦးသာဝင်းလည်း ဆရာကြီးဦးဖေမောင်တင် ဘာသာပြန်ခဲ့ပုံ သူ့အတွေ့အကြုံများကိုပါ ဆရာတော်အရှင်သေဋ္ဌိလအား လျှောက်ထား တင်ပြခဲ့ရာ သူ၏ “ကတညုတမင်္ဂလာ ကျေးဇူးဆက်လွှာ”တွင် အောက်ပါအတိုင်း ထည့်သွင်း ဖော်ပြထားလေသည်။

+++++

..... ဆရာကြီး ဦးဖေမောင်တင်သည် လယ်တီဆရာတော် မြန်မာပြန် ဗုဒ္ဓ၏တရားဦးကို စူးစူးစိုက်စိုက် အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုနေသည့်အခိုက်တွင် -

“ဟေ့လူ .. ကြည့်စမ်းဗျာ၊ ဆရာတော်ဘုရားကြီး ဘာသာပြန်တာဟာ ဘယ်လောက်ချစ်စရာကောင်းသလဲ၊ ‘ဇာတိပိဒုက္ခာ’ ‘ပဋိသန္ဓေနေရခြင်းဆင်းရဲ’ဆိုတာမှာ အဖန်ဖန်ဆိုတဲ့ စကားလုံးကို ဖြည့်စွက် ထည့်ပေးလိုက်တယ်။ ‘ဇာတိပိဒုက္ခာ’ဆိုတဲ့ ပါဠိမှာ အဖန်ဖန်ဆိုတာ မပါလေတော့ ကျုပ်မှာ စဉ်းစားရ ခက်သွားတယ်။ နောက်တော့မှဗျာ .. ‘အနေက ဇာတိ သံသာရံ’ထဲက ‘ဒုက္ခာဇာတိ ပုနပ္ပုနံ’ကို သွားတွေ့လိုက်တော့မှ နှစ်နှစ်ခြိုက်ခြိုက် သဘောပေါက်သွားတယ်ဗျာ။ ဆရာတော်ဘုရားကြီးဟာ ဘာသာပြန်ရင်းမှ ခင်ဗျားတို့ ကျုပ်တို့ကိုပါ တရားဟောတော်မူသွားတယ်။

ပဋိသန္ဓေနေရခြင်းဆင်းရဲဆိုတာ အခုဘဝ ပဋိသန္ဓေနေရလို့ ဆင်းရဲတယ်ဆိုတာကိုသာ ပြောတာမဟုတ်ဘူး။ ၃၁ ဘုံထဲက မထွက်သေးသမျှ ကာလပတ်လုံး အဖန်ဖန် ခဏခဏ ပဋိသန္ဓေနေရတဲ့အတွက် ဆင်းရဲတာကို ပြောတာလို့ ဆိုခြင်းဟာ ဘယ်လောက်တန်ဖိုးရှိသလဲ။ ကောင်းလိုက်တာဗျာ” ဟူ၍လည်း ဆရာကြီးက လယ်တီဆရာတော်ဘုရားကြီးကို ချီးကျူး ထောမနာစကား မကြာခဏပင် ပြောကြားလေ့ရှိပါသည်။

ကျွန်တော် မှတ်ထားမိပါသည်။
၁၉၇၃ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ဖြစ်ပါသည်။

“ဣဒံ ဒုက္ခံ အရိယသစ္စန္တိမေ ဘိက္ခဝေ - ချစ်သား ရဟန်းတို့ ... ဤတေဘုမ္မက ဝဋ်တရားစုသည် ဆင်းရဲစင်စစ် အမှန်ဖြစ်သော အရိယသစ္စာကြီး တစ်ပါး ဟူ၍” ဤစာပိုဒ်နှင့် ပတ်သက်၍ ဘာသာပြန်ခဲ့စဉ်က ဖြစ်ပါသည်။

ဆရာကြီးက ကျွန်တော့်အား ‘ဟူ၍’ ၏ ရှေ့နောက် စကားဆက်များကို ထပ်ပြန်တလဲလဲ အဖတ်ခိုင်းပါသည်။

အခြားအခြားသော ရှေးဆရာတော်ကြီးများ၏ ဘာသာပြန်စာမူများကိုလည်း ဆရာကြီးက ကျွန်တော့်အား အပြန်ပြန် အလှန်လှန် ခေါက်တုံ့ခေါက်ပြန် အဖတ်ခိုင်းလိုက်၊ စဉ်းစားလိုက် ဖြစ်နေပါသည်။

ထိုနေ့တွင် ဆရာကြီးသည် ရှေ့ဆက်၍ ဘာသာပြန်ခြင်း မပြုတော့ဘဲ ရပ်နားထားလိုက်ပါသည်။
ညနေပိုင်းရောက်သောအခါ ဆရာကြီးသည် ကျွန်တော့်အိမ်တွင် ခါတိုင်းကဲ့သို့ ထမင်းသုံးဆောင်ပြီးမှ ပြန်သွားပါသည်။ အိမ်ရောက်တော့လည်း ‘ဟူ၍’ကပင် လှုံ့ဆော် နှိုးဆွလိုက်ဟန်တူပါသည်။ မိမိနေအိမ်မှ တက္ကသိုလ်ကျောင်းဝင်းသို့ ကူးသွားပြီး ကျောင်းဝင်းအတွင်း ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ပြီး ‘ဟူ၍’ကိုပင် စဉ်းစားနေပါသည်။ မောသည့်အခါ ကံ့ကော်ပင်အောက်က ခုံတန်းလျားပေါ် ထိုင်၍ ‘ဟူ၍’ကိုပင် ကမ္မဋ္ဌာန်းရှုသလို ရှုပြန်သည်။

‘ဟူ၍’ ..... ‘ဟူ၍’ ..... ‘ဘာဟူ၍လဲ?’

‘ဟူ၍’က ဘာကို ဆိုလိုတာလဲ?

အဖြေကား ထွက်မလာ။

သို့နှင့်ပင် ‘ဟူ၍’နှင့် ဇွဲလုံ့လကြီးသော ဆရာကြီး၊ ဆရာကြီးနှင့် ‘ဟူ၍’မှာ ခွဲမရအောင် နှလုံးသားတွင် စွဲငြိနေသည့်အလျောက် -
လမ်းလျှောက်ရာမှာလည်း ‘ဟူ၍’စိတ်၊
ထိုင်နေရင်းလည်း ‘ဟူ၍’စိတ်၊
အိပ်ရာဝင်လည်း ‘ဟူ၍’စိတ်၊
ထို‘ဟူ၍’စိတ်သည် အိပ်ရာဝင်သည်အထိ ဆရာကြီးအား နှိပ်စက် မင်းမူနေပါလေ၏။

ညဥ့်သန်းခေါင်ကျော် တစ်ချက်တီးအချိန်လောက်တွင် ဆရာကြီးသည် အတွေးအာရုံ ရင်တွင်းမှ ပွင့်ထွက်ပြီး နှုတ်မှ တတွတ်တွတ် အသံထွက်အောင် ရွတ်နေမိစဉ် ဆရာကြီးကတော် ဒေါ်ကြည်ကြည်က -
“ရှင့် ပါဠိတွေ ဦးသာဝင်းအိမ်ကျမှ ရွတ်ပါ။ အခုတော့ အိပ်ပျော်အောင် အိပ်လိုက်ပါဦး”ဟု ပြောလာတော့မှ သတိရကြောင်း၊ နောက်နေ့နံနက် ကျွန်တော့်ကို ဆရာကြီးက ‘ဟူ၍’ဇာတ်ကြောင်းကို ပြန်ပြောင်း၍ ပြောပြပါသည်။ လယ်တီဆရာတော်ဘုရားကြီး ဆိုလိုချက် အနက်အဓိပ္ပာယ်ကို မည်သို့မည်ပုံ သဘောပေါက်ခဲ့၍ တစ်ညလုံး ဝမ်းသာမဆုံး ဖြစ်ခဲ့ရပုံ၊ ကိုယ်တွေ့ ဝမ်းသာပီတိ ဖြစ်ခဲ့ရပုံများကို လှိုက်လှဲစွာ ပြောပြပါသည်။

ထိုနေ့ နံနက်မှ စ၍ ‘ကရားရေသွန်၊ ကြောင်ပုစွန်စား ကျွတ်ကျွတ်ဝါး’ဆိုသကဲ့သို့ ဆရာကြီးသည် မပြတ်မလတ် တရစပ် ဘာသာပြန်ပါလေတော့သည်။
ထိုနေ့၌ ဆရာကြီး၏ ဘာသာပြန်ဆိုချက်ကို ကျွန်တော်က မှီအောင် လိုက်ရေးရသည့် အဖြစ်အပျက်မှာ ကျွန်တော့်တစ်သက် မေ့ရက်နိုင်စရာ မရှိတော့ပါ။

ထိုနေ့ညနေ၌ပင် ဆရာကြီးသည် ဓမ္မစကြာစောင်တွဲကို အပြီးသတ် ပြန်ဆိုလိုက်ပြီး သူ၏လက်မှတ်အောက်တွင် ၁၉၇၃ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ဟု မှတ်မှတ်သားသား ရက်စွဲတပ်ထားလိုက်ပါသည်။

ဆရာကြီးသည် ဗုဒ္ဓ၏တရားဦးကို ဘာသာပြန်ဆိုပြီးနောက် သံဃရာဇာ မောင်းထောင်သာသနာပိုင် ဆရာတော်ဘုရားကြီး ၁၈၇၃ ခုနှစ်တွင် ရေးသားပူဇော်သော ရွှေတိဂုံဆံတော်ရှင်ဘုရားရှိခိုး ထောမနာ ၁၂ ဂါထာကို ဆက်လက် ပြန်ဆိုပြီးကာ၊ ပထမ ရွှေကျင်နိကာယ သာသနာပိုင် ရွှေကျင်ဆရာတော်ဘုရားကြီး၏ ၁၈၈၃ ခုနှစ်က ရေးသားတော်မူခဲ့သော ဝိစိတြဝန္ဒနာကို ဆရာကြီး၏ ပါဠိဆရာ ဂျိမ်း(စ်)ဂရေး အင်္ဂလိပ်ဘာသာ ပြန်ဆိုခဲ့ပြီးသော်လည်း စာအုပ်မှာ ရှာမတွေ့ရတော့သဖြင့် မိမိကိုယ်တိုင် ဘာသာပြန်မည်ဟု ပြန်နေဆဲ ဂါထာ ၇၅ ဂါထာအနက် ၅၅ ဂါထာအထိ ပြန်ဆိုပြီး၊ အသက် ၈၆ နှစ် မွေးနေ့ဆင်နွှဲရန် တစ်လသာလိုတော့သော ၁၉၇၃ ခုနှစ် မတ်လ ၂၂ ရက်နေ့ (ဆရာကြီးကို ၁၈၈၈ ခုနှစ် ဧပြီလ ၂၄ ရက် အင်္ဂါနေ့တွင် မွေးဖွားခဲ့သည်) နံနက်တွင် ဆရာကြီး ပြန်ဆိုခဲ့သည့် ပါဠိတော်မှ ‘မရဏမ္ပိ ဒုက္ခံ’အရ ဆရာကြီးဘသက်ရှည်သည် လောကမှ စွန့်ခွာခဲ့ရလေပြီတကား။ လောဘ၊ ဒေါသ၊ မောဟ၊ မာနဟူ၍ မရှိဘိအလား ပကတိစင်ကြယ်၍ သဘောပြည့်ဝလှသော ကျေးဇူးရှင်ဆရာကြီးအား ဦးနှိမ်ရိုကျိုး အကြိမ်ကြိမ် ရှိခိုးကန်တော့လိုက်ပါ၏။

တပည့်တပန်းအားလုံးနှင့် လောကသားအားလုံးတို့အား မိမိတတ်သလို တတ်စေလို၊ မိမိသိသလို သိစေလို၊ မိမိမြင်သလို မြင်စေလိုသော စေတနာ့ရှင် ဆရာကြီးဦးဖေမောင်တင်သည် ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီး မြန်မာပြန်ဆိုသော ဗုဒ္ဓ၏တရားဦး မီးရှူးတိုင်ကြီးမှ ကူးယူလျက် ဗုဒ္ဓဘာသာ ကမ္ဘာသူ ကမ္ဘာသားတို့ ကြည်နူးရွှင်ပျ ကျက်စားနိုင်ကြစေရန်အလို့ငှာ ‘ကမ္ဘာသုံး ဗုဒ္ဓစာပေမီးရှူးတိုင်ကြီး’အဖြစ် ထွန်းညှိပေးခဲ့လေသည်။

ဤသို့အားဖြင့် ဆရာကြီးသည် ‘ဗုဒ္ဓ၏တရားဦး မီးရှူးတိုင်ကြီး’ကို ကမ္ဘာ့အလယ်တွင် ထည်ထည်ဝါဝါ ခန့်ညားစွာ စိုက်ထူလျက် ဗုဒ္ဓ၏ တရားဦးရောင်ခြည်တော်ကို ကမ္ဘာ့ပတ်ဝန်းကျင်တွင် ထွန်းလင်းတောက်ပစေခဲ့ပါပြီကော ...။

အဟောပမောဒိတံ - သြော် ... ဝမ်းမြောက်ဖွယ် ကောင်းလေစွ၊ ဝမ်းမြောက်ဖွယ် ကောင်းလေစွ။

တစ်နေ့သောအခါတွင် ဆရာကြီးနှင့် ကျွန်တော်တို့သည် ကမ္ဘာ့သာသနာပြု အဘိဓမ္မာကထိက အဂ္ဂမဟာပဏ္ဍိတ ပဌမကျော် အရှင်သေဋ္ဌိလဆရာတော်ကို သွားရောက် ဖူးမြော်ကြရင်း ဘာသာပြန်ကိစ္စကို ဆရာတော်နှင့် ဆွေးနွေးခဲ့ကြပါသည်။ ၎င်းမှအပြန်တွင် မိမိ၏ဘာသာပြန်ကို ပြင်လိုရာ ပြင်နိုင်ရန် ဆရာတော်အား လျှောက်ထားတင်ပြရမည်ဟု ဆရာကြီး မှာထားခဲ့သည်အရ ကျွန်တော်၏ ဆရာတော်အရင်းလည်းဖြစ်သော ဆရာတော် အရှင်သေဋ္ဌိလအား ဆရာကြီးနှင့် ဘာသာပြန်ခဲ့ပုံ အတွေ့အကြုံအလုံးစုံကို လျှောက်ထား တင်ပြခဲ့ပါသည်။

ဆရာတော်က ... “ဒီအတိုင်းဆိုရင် ဆရာကြီး ကံကောင်းသွားပြီ ထင်တယ်။ ရှေးဆရာတော်ကြီးတွေ တော်တော်များများဟာ အသက်ကြီးပြီး ပျံလွန်တော်မူခါနီးမှာ ဓမ္မစကြာနှင့် တရားထူးရသွားတာ တော်တော်များများ ရှိတယ်”ဟု မိန့်တော်မူပါသည်။
ဆရာတော် အမိန့်ရှိတော်မူသည့်အတိုင်း ဆရာကြီး ကံကောင်းပါစေဟု ဆုမွန်ကောင်း တောင်းလိုက်ပါသည်။ .....။

+++++

ဓမ္မစကြာမှ ‘ဒုက္ခသစ္စာ’ ပါဠိတော်နှင့် ‘ဒုက္ခသစ္စာ၌ သစ္စဉာဏ်’ ပါဠိတော်တို့ကို ဆရာတော်ကြီးများ၏ ဘာသာပြန်များနှင့် ဆရာကြီးဦးဖေမောင်တင်၏ အင်္ဂလိပ်ဘာသာပြန်တို့ကိုလည်း ကောက်နုတ် ဖော်ပြပါသည်။

ဆရာကြီးဦးဖေမောင်တင်သည် နိုင်ငံခြားသားများအား ဒုက္ခသစ္စာအကြောင်း ရှင်းလင်း သင်ကြားပို့ချရာ၌ မိုးမျှော် ၃၁-ထပ်တိုက် ဥပမာကို ဆောင်၍ ပြလေ့ရှိရာ ... ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင် ဖြစ်ချင်ပါတယ်ဟု ပြောဆိုလာကြသည်ထိ အထူးနှစ်ခြိုက်ကြကြောင်း သိရ၏။ ထိုအကြောင်း ဆောင်းပါးကို ဆရာကြီးမကွယ်လွန်မီ အင်္ဂလိပ်လို ရေးသားခဲ့ပြီး၊ ဦးညိုမြက ရန်ကုန်မြို့ အမေရိကန်ပြန်ကြားရေးဌာနမှ ၁၉၈၀ ခုနှစ်တွင် ထုတ်ဝေသော ‘ရွှေလမ်းငွေလမ်း၊ အမေရိကန်-မြန်မာ ဆက်ဆံမှုမှတ်တမ်း’တွင် မြန်မာဘာသာပြန် ဖော်ပြခဲ့သည်။

+++++

‘ဒုက္ခသစ္စာ’

ပါဠိတော်

ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခံ အရိယသစ္စံ။
ဇာတိပိဒုက္ခာ၊ ဇရာပိဒုက္ခာ၊ ဗျာဓိပိဒုက္ခော၊ မရဏမ္ပိဒုက္ခံ၊ အပ္ပိယေဟိ သမ္ပယောဂေါ ဒုက္ခော၊ ပိယေဟိ ဝိပ္ပယောဂေါဒုက္ခော၊ ယမ္ပိစ္ဆံ န လဘတိ တမ္ပိဒုက္ခံ၊ သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ။

ပါဠိ-မြန်မာ (ဆရာတော်ဦးဗုဓ်)

ဘိက္ခဝေ - ရဟန်းတို့။ ဇာတိပိ - ပဋိသန္ဓေနေရခြင်းသည်လည်း။ ဒုက္ခာ -ဆင်းရဲခြင်း၏အကြောင်း ဖြစ်၏။ ဇရာပိ - ဆိုးရွားဟောင်းမြင်း အိုမင်း ရင့်ရော်ရခြင်းသည်လည်း။ ဒုက္ခာ - ဆင်းရဲခြင်း၏အကြောင်း ဖြစ်၏။ ဗျာဓိပိ - ဖျားနာရခြင်းသည်လည်း။ ဒုက္ခော - ဆင်းရဲခြင်း၏အကြောင်း ဖြစ်၏။ မရဏံပိ - သေရခြင်းသည်လည်း။ ဒုက္ခံ - ဆင်းရဲခြင်း၏အကြောင်း ဖြစ်၏။ အပ္ပိယေဟိ - မချစ်မနှစ်လိုအပ်သော သတ္တဝါ သင်္ခါရတို့နှင့်။ သမ္ပယောဂေါ - အတူတကွ ပေါင်းယှဉ်ရခြင်းသည်လည်း။ ဒုက္ခော - ဆင်းရြ၏။ ပိယေဟိ - ချစ်နှစ်လိုအပ်သော သတ္တဝါ သင်္ခါရတို့နှင့်။ ဝိပ္ပယောဂေါ - ကွေကွင်း ကင်းကွာ ရှဲခွာ ဖဲကြဉ် မပေါင်းယှဉ်ရခြင်းသည်လည်း။ ဒုက္ခော - ဆင်းရဲ၏။ ယံ ပိစ္ဆံ - အကြင် ပဋိသန္ဓေနေရခြင်း စသော သဘောတရား ငါ့အား မဖြစ်ပါမူ ကောင်းလေစွ စသည်ဖြင့် တောင့်တခြင်းကို။ န လဗ္ဘတိ - မရအပ်။ တံ ပိ - ထိုတောင့်တတိုင်း မရခြင်းသည်လည်း။ ဒုက္ခံ - ဆင်းရဲ၏။ သံခိတ္တေန - အကျဉ်းအားဖြင့်။ ပဉ္စ - ငါးပါးကုန်သော။ ဥပါဒါနက္ခန္ဓာပိ - ဥပါဒါန်၏ အာရုံဖြစ်သော ခန္ဓာတို့သည်လည်း။ ဒုက္ခာ - ဆင်းရဲ၏။
ဣဒံ ခေါ ပန ဓမ္မဇာတံ - ဤဇာတိ အစရှိသော တရားသည်။ ဒုက္ခံ - ဒုက္ခဖြစ်သော။ အရိယသစ္စံ - အရိယာတို့သည် သိအပ်သော သစ္စာ မည်၏။

မြန်မာ (လယ်တီဆရာတော်)

ချစ်သား ရဟန်းတို့ ... ဤဆင်းရဲခြင်းသဘောဟု ဆိုအပ်သော မဖောက်မပြန် မှန်ကန်သော အရိယသစ္စာတရားသည် ရှိ၏။
(အဖန်ဖန်) ပဋိသန္ဓေနေရမှုကြီးသည် ဆင်းရဲ၏။
(အဖန်ဖန်) အိုရမှုကြီးသည် ဆင်းရဲ၏။
(အဖန်ဖန်) နာရမှုကြီးသည် ဆင်းရဲ၏။
(အဖန်ဖန်) သေရမှုကြီးသည် ဆင်းရဲ၏။
မချစ်မနှစ်သက်အပ်ကုန်သော သူတို့နှင့် အတူတကွ ပေါင်းသင်း၍ နေရမှုကြီးသည်လည်း ဆင်းရဲ၏။
ချစ်နှစ်သက်အပ်ကုန်သော သူတို့နှင့် ကွေကွင်း ခွဲခွာ၍ နေရမှုကြီးသည်လည်း ဆင်းရဲ၏။
အကြင် တောင့်တခြင်း အလိုရှိခြင်းကိုလည်း မရ။ ထိုလိုအင်ဆန္ဒဖြင့် တောင့်တတိုင်း မရမှုကြီးသည်လည်း ဆင်းရ၏။
အကျဉ်းချုပ်အားဖြင့် ဥပါဒါန်တရားတို့၏ စွဲလမ်းရာ ဖြစ်ကုန်သော ခန္ဓာငါးပါးတို့သည် ဆင်းရဲအစစ်တို့သာတည်း။

ပါဠိ-မြန်မာ (ညောင်လေးပင်ဆရာတော်)

ဘိက္ခဝေ - ချစ်သား ရဟန်းတို့။ ဣဒံ ခေါ ပန - ဤဆိုလတ္တံ့သည်ကား။ ဒုက္ခံ - ဒုက္ခဖြစ်သော။ အရိယသစ္စံ - အရိယသစ္စာ မည်၏။
ဇာတိပိ - ပဋိသန္ဓေနေရခြင်းသည်လည်း။ ဒုက္ခာ - ဆင်းရဲ၏။
ဇရာပိ - အိုရခြင်းသည်လည်း။ ဒုက္ခော - ဆင်းရဲ၏။
ဗျာဓိပိ - နာရခြင်းသည်လည်း။ ဒုက္ခံ - ဆင်းရဲ၏။
မရဏံပိ - သေရခြင်းသည်လည်း။ ဒုက္ခံ - ဆင်းရဲ၏။
အပ္ပိယေဟိ - မနှစ်သက်အပ်သော သတ္တဝါ သင်္ခါရတို့နှင့်။ သမ္ပယောဂေါ - အတူယှဉ်တွဲ၍ နေရခြင်းသည်။ ဒုက္ခော - ဆင်းရဲ၏။
ပိယေဟိ - နှစ်သက်အပ်သော သတ္တဝါ သင်္ခါရတို့နှင့်။ ဝိပ္ပယောဂေါ - ကွေကွင်းရခြင်းသည်။ ဒုက္ခော - ဆင်းရဲ၏။
ယံ ပိစ္ဆံ - အကြင် တောင့်တခြင်းကို။ န လဘတိ - မရ။ တံ ပိ - ထိုတောင့်တခြင်းကို မရခြင်းသည်လည်း။ (ဝါ - ထိုမရစကောင်းကို တောင့်တခြင်းသည်လည်း။) ဒုက္ခံ - ဆင်းရဲ၏။
သံခိတ္တေန - အကျဉ်းအားဖြင့်။ ပဉ္စ - ငါးပါးကုန်သော။ ဥပါဒါနက္ခန္ဓာ - ဥပါဒါန်၏ အာရုံဖြစ်သော ခန္ဓာတို့သည်။ ဒုက္ခာ - ဆင်းရဲကုန်၏။
ဣဒံ - ဤဇာတိစသော တရားသည်။ ဒုက္ခံ - ဒုက္ခဖြစ်သော။ အရိယသစ္စံ - အရိယသစ္စာ မည်၏။

မြန်မာ (မဟာစည်ဆရာတော်)

ရဟန်းတို့ - ဤသည်ကား အရိယာတို့ သိအပ်တဲ့ ဆင်းရဲအမှန် ဖြစ်ပေသည်။
ဘဝသစ်ဖြစ်ခြင်းလည်း ဆင်းရဲပင်။
အိုခြင်းလည်း ဆင်းရဲပင်။
နာခြင်းလည်း ဆင်းရဲပင်။
သေခြင်းလည်း ဆင်းရဲပင်။
မချစ်မနှစ်သက်အပ်တဲ့ အာရုံ ဝတ္ထုများ, ပုဂ္ဂိုလ်များနှင့် တွေ့ဆုံရခြင်းလည်း ဆင်းရဲပင်။
ချစ်ခင်နှစ်သက်အပ်တဲ့ အာရုံ ဝတ္ထုများ, ပုဂ္ဂိုလ်များနှင့် ကွဲကွာရခြင်းလည်း ဆင်းရဲပင်။
အလိုရှိတာကို မရခြင်း၊ မရနိုင်တာကို လိုချင်ခြင်းသည်လည်း ဆင်းရဲပင်။
အကျဉ်းချုပ်အားဖြင့်ဆိုလျှင် ငါ, ငါ့ဥစ္စာဟု ထင်မှတ် စွဲလမ်းနိုင်တဲ့ ခန္ဓာငါးပါး ရုပ်နာမ်များသည် ဆင်းရဲချည်းပင် ဖြစ်သည်။

ပါဠိ-မြန်မာ (အရှင်ဇနကာဘိဝံသ)

ဣဒံ ခေါ ပန - ဤဆိုအပ်လတ္တံ့သော အကြောင်းအရာသည်ကား။ ဒုက္ခံ - ဒုက္ခဖြစ်သော။ အရိယသစ္စံ - အရိယာဖြစ်အောင် ဆောင်ရွက်နိုင်သော အရိယသစ္စာတရားပေတည်း။
ဇာတိပိ - ဘဝဖန်ခါ သံသရာ၌ ပဋိသန္ဓေတည်နေရခြင်းသည်လည်း။ ဒုက္ခာ - ဆင်းရဲကြောင်း စင်စစ်ဧကန် အမှန်ပင် ဖြစ်တော့သတည်း။
ဇရာပိ - ရွတ်တွယိုယွင်း အိုမင်းရခြင်းသည်လည်း။ ဒုက္ခာ - ဆင်းရဲကြောင်း အစစ် ဖြစ်ပြန်တော့သတည်း။
ဗျာဓိပိ - မကျန်းမမာ ဖျားနာရခြင်းသည်လည်း။ ဒုက္ခော - ဆင်းရဲကြောင်းပေတည်း။
မရဏမ္ပိ - တစ်ဘဝကို စွန့်ခွာ၍ သေရခြင်းသည်လည်း။ ဒုက္ခံ - ဆင်းရဲကြောင်းပေတည်း။
အပ္ပိယေဟိ - မချစ်မနှစ်သက်အပ်သော သတ္တဝါ သင်္ခါရတို့နှင့်။ သမ္ပယောဂေါ - အတူတကွ ပေါင်းသင်းနေထိုင်ရ အတူတကွ တွေ့ကြုံ၍ နေရခြင်းသည်။ ဒုက္ခော - ဆင်းရဲကြောင်းပေတည်း။
ပိယေဟိ - ချစ်ခင်စုံမက် နှစ်သက်မြတ်နိုးအပ်သော ပုဂ္ဂိုလ်သတ္တဝါ, ချစ်ခင်စုံမက် နှစ်သက်မြတ်နိုးအပ်သော ပစ္စည်းဥစ္စာတို့နှင့်။ ဝိပ္ပယောဂေါ - ခွဲခွာ၍ နေရခြင်း, ကွေကွင်း၍ နေရခြင်းသည်လည်း။ ဒုက္ခော - ဆင်းရဲကြောင်းပေတည်း။
ယံ - အကြင်အရာဝတ္ထုကို။ ဣစ္ဆံ (ဣစ္ဆန္တော) - အလိုရှိပါလျက်။ န လဘတိ - မရ။ တမ္ပိ - ထို လိုတာကို မရခြင်းသည်လည်း။ ဒုက္ခံ - ဆင်းရဲကြောင်းပေတည်း။
သံခိတ္တေန - အကျဉ်းချုပ်အားဖြင့်။ ပဉ္စ - ငါးပါးကုန်သော။ ဥပါဒါနက္ခန္ဓာ - ဥပါဒါန်စွဲလမ်း၍ နေရာဖြစ်သော ရုပ်နာမ်ခန္ဓာ မှန်သမျှတို့သည်။ ဒုက္ခာ - ဆင်းရဲကြောင်း အစစ်တို့ပေတည်း။

ပါဠိ-မြန်မာ (ဖားအောက်ဆရာတော်)

ဘိက္ခဝေ - ရဟန်းတို့။ ဣဒံ ခေါ ပန - ဤသည်ကား။ ဒုက္ခံ အရိယသစ္စံ - အရိယာတို့၏ အမှန်တရားဖြစ်သည့် ဒုက္ခအရိယသစ္စာတည်း။
ဇာတိပိ - ပဋိသန္ဓေတည်နေရခြင်းသည်လည်း။ ဒုက္ခာ - ဒုက္ခတည်း။
ဇရာပိ - အိုရခြင်းသည်လည်း။ ဒုက္ခာ - ဒုက္ခတည်း။
ဗျာဓိပိ - ဖျားနာရခြင်းသည်လည်း။ ဒုက္ခော - ဒုက္ခတည်း။
မရဏမ္ပိ - သေရခြင်းသည်လည်း။ ဒုက္ခံ - ဒုက္ခတည်း။
အပ္ပိယေဟိ - မချစ်မနှစ်သက်အပ်သော သတ္တဝါ သင်္ခါရတို့နှင့်။ သမ္ပယောဂေါ - ပေါင်းဖော် ယှဉ်တွဲ၍ နေရခြင်းသည်လည်း။ ဒုက္ခော - ဒုက္ခတည်း။
ပိယေဟိ - ချစ်နှစ်သက်အပ်သော သတ္တဝါ သင်္ခါရတို့နှင့်။ ဝိပ္ပယောဂေါ - ကွေကွင်းရခြင်းသည်လည်း။ ဒုက္ခော - ဒုက္ခတည်း။
ယမ္ပိစ္ဆံ - အကြင် အလိုရှိအပ်သော အရာကို။ န လဘတိ - မရ။ တမ္ပိ - ထိုအလိုရှိအပ်သော အရာကို မရရှိခြင်းသည်လည်း။ ဒုက္ခံ - ဒုက္ခတည်း။
သံခိတ္တေန - အကျဉ်းအားဖြင့်။ ပဉ္စုပါဒါနက္ခန္ဓာ - ဥပါဒါနက္ခန္ဓာ ငါးပါးတို့သည်။ ဒုက္ခာ - ဒုက္ခတို့တည်း။

English (U Pe Maung Tin)

And this, Bhikkhus, is the Noble Truth about suffering.
Birth is suffering,
Old age is suffering,
Illness is suffering,
Death is suffering,
Association with those we do not love is suffering,
Separation from those we love is suffering,
Not to get what one desires is suffering,
In brief, the five aggregates of clinging are suffering.

+++++

‘ဒုက္ခသစ္စာ၌ သစ္စဉာဏ်’

ပါဠိတော်

ဣဒံ ဒုက္ခံ အရိယသစ္စန္တိမေ ဘိက္ခဝေ၊
ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု၊
စက္ခုံဥဒပါဒိ
ဉာဏံဥဒပါဒိ
ပညာဥဒပါဒိ
ဝိဇ္ဇာဥဒပါဒိ
အာလောကောဥဒပါဒိ။

ပါဠိ-မြန်မာ (ဆရာတော်ဦးဗုဓ်)

ဘိက္ခဝေ - ရဟန်းတို့။ ဣဒံ - ဤတဏှာကြဉ်သော တေဘူမကတရားသည်။ ဒုက္ခံ - ဒုက္ခဖြစ်သော။ အရိယသစ္စံ - အရိယသစ္စာ မည်၏။ ဣတိ - ဤသို့။ မေ မယာ - ငါဘုရားသည်။ ပုဗ္ဗေ - ဘုရားဖြစ်သည်မှ ရှေး၌။ အနနုဿုတေသု - မကြားစဖူးကုန်သော။ ဓမ္မေသု - သစ္စာတရားတို့၌။ စက္ခုံ - ဒုက္ခသစ္စာကို မြင်တတ်သော ပညာမျက်စိသည်။ ဥဒပါဒိ - ထင်ရှားဖြစ်၏။ ဉာဏံ - ဒုက္ခသစ္စာကို သိခြင်းသည်။ ဥဒပါဒိ - ထင်ရှားဖြစ်၏။ ပညာ - ဇာတိဒုက္ခ စသည်ကို အပြားအားဖြင့် သိခြင်းသည်။ ဥဒပါဒိ - ထင်ရှားဖြစ်၏။ ဝိဇ္ဇာ - ဒုက္ခသစ္စာကို ထိုးထွင်း၍ သိခြင်းသည်။ ဥဒပါဒိ - ထင်ရှားဖြစ်၏။ အာလောကော - ဒုက္ခသစ္စာကို ဖုံးလွှမ်းတတ်သော မောဟတည်းဟူသော အမိုက်တိုက်ကို ဖျက်ဆီးတတ်သော ပညာအရောင်အလင်းသည်။ ဥဒပါဒိ - ထင်ရှားဖြစ်၏။




မြန်မာ (လယ်တီဆရာတော်)

ချစ်သား ရဟန်းတို့ ... “ဤတေဘုမ္မက ဝဋ်တရားစုသည် ဆင်းရဲစင်စစ် အမှန်ဖြစ်သော အရိယသစ္စာကြီးတစ်ပါး” ဟူ၍ ငါဘုရားသည် ရှေးဘုရားမဖြစ်မီ ကာလ၌ တရံတခါမျှ မကြားစဖူးကုန်သော တရားအပေါင်းတို့၌
မြင်နိုင်တုံဘိ ဉာဏ်မျက်စိသည် ထင်ရှား ဖြစ်ပေါ်၍ လာ၏။
ထိုးထွင်းဟုတ်မှန် အသိဉာဏ်သည် ထင်ရှား ဖြစ်ပေါ်၍ လာ၏။
အနှံ့အပြား မြင်အားသန်စွာ ဉာဏ်ပညာသည် ထင်ရှား ဖြစ်ပေါ်၍ လာ၏။
ထိုးထွင်းသိတတ် ဝိဇ္ဇာဓာတ်သည် ထင်ရှား ဖြစ်ပေါ်၍ လာ၏။
မောဟမှောင်ကြီး ဖျက်ဆီးထွန်းပြောင် အလင်းရောင်သည် ထင်ရှား ဖြစ်ပေါ်၍ လာ၏။

ပါဠိ-မြန်မာ (ညောင်လေးပင်ဆရာတော်)

ဘိက္ခဝေ - ချစ်သား ရဟန်းတို့။ ဣဒံ - ဤဘုံသုံးပါး၌ ကျင်လည်သော တရားအပေါင်းသည်။ ဒုက္ခံ အရိယသစ္စန္တိ - ဒုက္ခသစ္စာ မည်၏ ဟူ၍။ မေ - ငါသည်။ ဝါ၊ ငါအား။ ပုဗ္ဗေ - (ဘုရားဖြစ်သည်မှ) ရှေး၌။ အနနုဿုတေသု - မကြားအပ်စဖူးကုန်သော။ ဓမ္မေသု - သစ္စာလေးပါးတို့၌။ စက္ခုံ - ပညာမျက်စိသည်။ ဥ-ဒပါဒိ - ထင်စွာ ဖြစ်ပြီ။ ဉာဏံ - သိခြင်းသည်။ ဥ-ဒပါဒိ - ထင်စွာ ဖြစ်ပြီ။ ပညာ - အပြားအားဖြင့် သိခြင်းသည်။ ဥ-ဒပါဒိ - ထင်စွာ ဖြစ်ပြီ။ ဝိဇ္ဇာ - ထိုးထွင်း၍ သိခြင်းသည်။ ဥ-ဒပါဒိ - ထင်စွာ ဖြစ်ပြီ။ အာလောကော - မောဟမှောင်ပယ်ခွင်းသော ပညာရောင်အလင်းသည်။ ဥ-ဒပါဒိ - ထင်စွာ ဖြစ်ပြီ။

မြန်မာ (မဟာစည်ဆရာတော်)

“ဤသည်ကား အရိယာတို့ သိအပ်တဲ့ ဆင်းရဲမှန် ဖြစ်သည်”ဟု ငါ့မှာ ရှေးက မကြားဖူးသေးတဲ့ တရားများအပေါ်မှာ ပညာမျက်စိ ဖြစ်ပေါ်ခဲ့ပြီ။ အသိဉာဏ် ဖြစ်ပေါ်ခဲ့ပြီ။ အပြားအားဖြင့် သိတဲ့ပညာ ဖြစ်ပေါ်ခဲ့ပြီ။ ထင်ရှားစွာ သိတဲ့ ဝိဇ္ဇာဉာဏ် ဖြစ်ပေါ်ခဲ့ပြီ။ ဉာဏ်အလင်းရောင် ဖြစ်ပေါ်ခဲ့ပေပြီ ... ရဟန်းတို့။

ပါဠိ-မြန်မာ (အရှင်ဇနကာဘိဝံသ)

ဘိက္ခဝေ - ပဉ္စဝဂ္ဂီအမှူးရှိသော နတ်ဗြဟ္မများတို့။ ဣဒံ - ဤတဏှာမှတပါးသော တေဘူမက ရုပ်နာမ်တရားအားလုံးသည်။ ဒုက္ခံ - စင်စစ်ဧကန် ဆင်းရဲမှန်သော။ အရိယသစ္စံ - အရိယသစ္စာတည်း။
ဣတိ - ဤသို့။ မေ - ငါဘုရားမှာ။ ပုဗ္ဗေ - ရှေးအခါကာလတုန်းက။ အနနုဿုတေသု - ကြားမျှ မကြားအပ်ဖူးကုန်သော။ (အနနုဿုတေသု - ဆရာတစ်ပါး ဟောသည့်အတွက် ကြားမျှ မကြားရဖူးကုန်သော။) ဓမ္မေသု - ဒုက္ခသစ္စာတရားတို့၌။ စက္ခု - ရှင်းရှင်းလင်းလင်း သိမြင်နိုင်သော ဉာဏ်စက္ခုသည်။ ဥဒပါဒိ - ထင်ရှားဖြစ်ပေါ်လာပြီ။
ဉာဏံ - ဇာတိ, ဇရာ, ဗျာဓိ, မရဏက စ၍ ဤခန္ဓာကိုယ်ကောင်သည် ဒုက္ခသာဟု သိမြင်တတ်သော ဉာဏ်သည်။ ဥဒပါဒိ - ထင်ရှားဖြစ်ပေါ်လာပြီ။
ပညာ - အမျိုးမျိုး အဖုံဖုံ သိနိုင်သော ပညာသည်။ ဥဒပါဒိ - ထင်ရှားဖြစ်ပေါ်လာပြီ။
ဝိဇ္ဇာ - ထိုးထွင်း၍ သိတတ်သော ဉာဏ်ဝိဇ္ဇာသည်။ ဥဒပါဒိ - ထင်ရှားဖြစ်ပေါ်လာပြီ။
အာလောကော - မောဟအမှောင်ကို ပယ်ဖျောက်နိုင်သော ဉာဏ်ရောင်အလင်းသည်။ ဥဒပါဒိ - ထင်ရှားဖြစ်ပေါ်လာပြီ။

ပါဠိ-မြန်မာ (ဖားအောက်ဆရာတော်)

ဘိက္ခဝေ - ရဟန်းတို့။ “ဣဒံ - ဤတရားသည်ကား။ ဒုက္ခံ အရိယသစ္စံ - ဒုက္ခအရိယသစ္စာတည်း”။ ဣတိ - ဤသို့။ မေ - ငါဘုရားရှင်၏ သန္တာန်၌။ ပုဗ္ဗေ - ဘုရားမဖြစ်မီ ရှေးအဖို့၌။ အနနုဿုတေသု - မကြားအပ်စဖူးကုန်သော။ ဓမ္မေသု - ဒုက္ခသစ္စာတရားတို့၌။ စက္ခုံ - ဒုက္ခသစ္စာကို သိမြင်တတ်သော ပညာမျက်စိသည်။ ဥဒပါဒိ - ထင်ရှား ဖြစ်ပေါ်တော်မူခဲ့လေပြီ။ ဉာဏံ - ဒုက္ခသစ္စာကို ထိုးထွင်း သိတတ်သော ဉာဏ်သည်။ ဥဒပါဒိ - ထင်ရှား ဖြစ်ပေါ်တော်မူခဲ့လေပြီ။ ပညာ - ဒုက္ခသစ္စာကို ကွဲကွဲပြားပြား သိတတ်သော ပညာသည်။ ဥဒပါဒိ - ထင်ရှား ဖြစ်ပေါ်တော်မူခဲ့လေပြီ။ ဝိဇ္ဇာ - ဒုက္ခသစ္စာကို ထွင်းဖောက် သိတတ်သော ဝိဇ္ဇာသည်။ ဥဒပါဒိ - ထင်ရှား ဖြစ်ပေါ်တော်မူခဲ့လေပြီ။ အာလောကော - ဒုက္ခသစ္စာကို သိအောင် ထွန်းလင်းပြတတ်သော ဉာဏ်အရောင်အလင်းသည်။ ဥဒပါဒိ - ထင်ရှား ဖြစ်ပေါ်တော်မူခဲ့လေပြီ။

English (U Pe Maung Tin)

Among things, Bhikkhus, not heard of before by me,
Vision arose,
Knowledge arose,
Wisdom arose,
Special knowledge arose,
Light arose, “THAT, THIS IS THE NOBLE TRUTH OF SUFFERING.”

+++++
စာကိုး
၁။ “ဗုဒ္ဓမြတ်စွာ၏ တရားဦး” - (ပါဠိ-မြန်မာ-အင်္ဂလိပ်)
၂။ “ဆရာကြီးဦးဖေမောင်တင် နှစ် ၁၂၀ ပြည့် အမှတ်တရ (၁၈၈၈-၂၀၀၈)၊ မောင်သွေးသစ်နှင့် မောင်ဇေယျာ ပြုစုသည်။
၃။ “မဟာဓမ္မစကြာအရသာ” - ညောင်လေးပင်ဆရာတော်
၎။ “ဓမ္မစကြာ” - မဟာစည်ဆရာတော်
၅။ “ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ်” - အရှင်ဇနကာဘိဝံသ
၆။ “ဓမ္မစကြာနှင့် ဝိပဿနာတရားတော်” - ဖားအောက်ဆရာတော်

Monday, February 7, 2011

သစ္စာသိပုံ ဉာဏ်မျိုးစုံ နှင့် ဘဝပန်းလေး မနွမ်းစေချင်

ဗုဒ္ဓရှင်တော်သည် သစ္စာ ၄-ပါးကို ကိုယ်တော်တိုင် သိမြင်တော်မူပြီးမှသာ ကောဏ္ဍညစသော သာဝကငါးဦးအား တရားဦးအဖြစ်ဖြင့် ဟောကြားတော်မူခဲ့သည်။

ယင်းသို့ သိတော်မူရာတွင် သာမန် ထိုးထွင်း သိရုံမျှ မဟုတ်ဘဲ သစ္စာတစ်ပါး တစ်ပါးတွင် ဉာဏ် ၃-မျိုး ၃-မျိုး စိတ်ဖြာ၍ ကျယ်ဝန်းစွာ သိတော်မူခဲ့ခြင်း ဖြစ်ပေသည်။
ယင်းသို့ စိတ်ဖြာ၍ သိသော ဉာဏ်တော်ဆိုသည်မှာလည်း ဘုရားမဖြစ်မီ ရှေးအခါက ကြားရုံမျှပင် မကြားဖူးသော သစ္စာလေးပါးတရားတို့၌ ပညာမျက်စိ ပွင့်လင်းခြင်းပင် ဖြစ်သည်။
အသိဉာဏ်တရား ထင်ထင်ရှားရှား ဖြစ်ခြင်းပင် ဖြစ်သည်။
အမျိုးမျိုး အဖုံဖုံ သိတော်မူခြင်းလည်း ဖြစ်၏။
သိသင့်သိထိုက်သမျှ အလုံးစုံကို သိမြင်ခြင်းလည်း ဖြစ်၏။
အသိဉာဏ် အလင်းရောင်ကြီး ထင်ရှား ပေါ်ပေါက်လာခြင်းလည်း ဖြစ်တော့သည်။

ခွဲခြမ်းစိတ်ဖြာ၍ သိတော်မူပုံကား -

ဒုက္ခသစ္စာ၌ -
၁။ ‘ဤတရားသည် ဆင်းရဲခြင်း အမှန်တရားတည်း’ဟု လည်းကောင်း၊
၂။ ‘ဤဒုက္ခတရားသည် ပိုင်ပိုင်နိုင်နိုင် ပိုင်းခြား၍ သိရမည့်တရားတည်း’ဟု လည်းကောင်း၊
၃။ ‘ဤကဲ့သို့ ပိုင်းခြား၍ သိရမည့် ဒုက္ခသစ္စာတရားကို ငါသည် ပိုင်ပိုင်နိုင်နိုင် ပိုင်းခြား၍ သိခဲ့ပြီ’ဟု လည်းကောင်း၊
ဤသို့ ၃-မျိုး စိတ်ဖြာ၍ သိတော်မူလေသည်။

၎င်းသိပုံ (ဝါ) ဉာဏ်တော် ၃-မျိုးတွင် -
နံပါတ်(၁)ဉာဏ်ကို ‘သစ္စဉာဏ်’ (သစ္စာတရား အမှန်တရားဟု သိသောဉာဏ်) ဟုလည်ကောင်း၊
နံပါတ်(၂)ဉာဏ်ကို ‘ကိစ္စဉာဏ်’ (သစ္စာတရား၌ ပြုလုပ်ရမည့်ကိစ္စကို သိသောဉာဏ်)၊
နံပါတ်(၃)ဉာဏ်ကို ‘ကတဉာဏ်’ (သစ္စာတရား၌ ပြုလုပ်ရမည့်ကိစ္စကို ပြုလုပ်ပြီးပြီဟု သိသောဉာဏ်) ဟု လည်းကောင်း အသီးသီး ခေါ်ဝေါ်လေသည်။

(နောက် သစ္စာများ၌လည်း ဤနည်းတူ မှတ်ပါ။)

သမုဒယသစ္စာ၌ -
၁။ ‘ဤတဏှာသည် ဒုက္ခ၏အကြောင်း အမှန်တရား’ဟု လည်းကောင်း၊
၂။ ‘ဤတဏှာသည် ပယ်စွန့်ရမည့် တရားဖြစ်သည်’ဟု လည်းကောင်း၊
၃။ ‘ဤပယ်စွန့်ရမည့် တဏှာတရားကို ငါသည် ပယ်စွန့်ပြီးခဲ့ပြီ’ဟု လည်းကောင်း သိတော်မူသည်။

နိရောဓသစ္စာ၌လည်း -
၁။ ‘နိဗ္ဗာန်တရားသည် ဒုက္ခ၏ အပြီးသတ်ချုပ်ငြိမ်းခြင်းတရား အမှန်’ဟု လည်းကောင်း၊
၂။ ‘ဤနိဗ္ဗာန်တရားသည် မျက်မှောက်ပြုရမည့် ကိုယ်တိုင်ထိုးထွင်း၍ သိရမည့်တရားဖြစ်သည်’ဟု လည်းကောင်း၊
၃။ ‘ယင်းသို့ မျက်မှောက်ပြုရမည့် နိဗ္ဗာန်တရားကို ငါသည် မျက်မှောက်ပြုပြီးခဲ့ပြီ’ဟု လည်းကောင်း သိတော်မူသည်။

ထို့အတူ မဂ္ဂသစ္စာ၌လည်း -
၁။ ‘ဤမဂ္ဂင်ရှစ်ပါးသည် ဒုက္ခငြိမ်းရာသို့ ပို့ဆောင်တတ်သော တရားအမှန်’ဟု လည်းကောင်း၊
၂။ ‘ဤမဂ္ဂင်ရှစ်ပါးတရားသည် ပွားများအောင် အားထုတ်ရမည့် တရားဖြစ်သည်’ဟု လည်းကောင်း၊
၃။ ‘ဤပွားများအောင် အားထုတ်ရမည့် မဂ္ဂင်ရှစ်ပါး တရားကို ငါသည် ပွားများအောင် လုပ်ပြီးခဲ့ပြီ’ဟု လည်းကောင်း သိတော်မူလေသည်။

ဤသို့လျှင် သစ္စာတစ်ပါးတစ်ပါး၌ အမှန်တရားဟု သိသောဉာဏ်၊ ပြုရမည့်ကိစ္စကို သိသောဉာဏ်၊ ၎င်းကိစ္စကို ပြုပြီးပြီဟု သိသောဉာဏ်အားဖြင့် ၃-မျိုးစီ ဖြစ်ရကား ၃-မျိုးလေးလီ ပေါင်းလိုက်လျှင် သစ္စာ ၄-ပါး၌ ဉာဏ် ၁၂-ပါး ရလာလေသည်။

မှတ်ကျောက်ပမာ သုံးစရာ

ဗုဒ္ဓရှင်တော်သည် အထက်ပါ ဉာဏ် ၁၂-မျိုး ဖြစ်ပုံကို ဟောပြတော်မူပြီးနောက် ဆက်လက်၍ “ချစ်သားတို့ - ငါသည် ဤသစ္စာ ၄-ပါးတရားကို ၃-မျိုးလေးလီအားဖြင့် ၁၂-မျိုး ခွဲခြမ်းစိတ်ဖြာ၍ သိသော အသိဉာဏ်ကို မရသေးသမျှ၊ ယင်းအသိဉာဏ် ကောင်းကောင်းကြီး မစင်ကြယ်သေးသမျှ၊ နတ်, လူ, ဗြဟ္မာ စသည်တို့နှင့်တကွဖြစ်သော ဤလောကကြီး၌ အမြင့်မြတ်ဆုံးဖြစ်သော၊ တရားခပ်သိမ်းကို ကိုယ်တိုင် အမှန်အတိုင်းသိသော အသိဉာဏ်ကို ရပြီ (ဝါ) ဘုရားဖြစ်ပြီဟု ဝန်မခံခဲ့ပေ။
ထိုဆိုခဲ့ပြီး အသိဉာဏ်ကို ပိုင်ပိုင်နိုင်နိုင် သန့်သန့်ရှင်းရှင်းကြီး ရပြီးသောအခါမှ စ၍သာလျှင် ဘုရားဖြစ်ပြီဟု ဝန်ခံခဲ့သည်”ဟု ဟောတော်မူသည်။

ဤစကားဖြင့် ‘သစ္စာ ၄-ပါးကို ၁၂-မျိုး စိတ်ဖြာ၍ ပိုင်ပိုင်နိုင်နိုင် သိသောပုဂ္ဂိုလ်မှသာ လောကတွင် သမ္မာသမ္ဗုဒ္ဓဟူသော ဘွဲ့ထူးကို ခံယူထိုက်သည်’ ဟူသော အဓိပ္ပာယ်ကိုလည်း သိစေတော်မူသည်ပင် ဖြစ်သည်။
ယင်းသို့ မိန့်တော်မူခဲ့သော ဗုဒ္ဓမြတ်စွာသည် ဗုဒ္ဓဘာသာဝင်နှင့်တကွ သတွာအားလုံးတို့အား စစ်ဆေး စမ်းသပ်ကြည့်စရာ မှတ်ကျောက်တစ်ခု, လက်နက်ကိရိယာကောင်းတစ်ခု ပေးအပ်ခဲ့ခြင်းပင် ဖြစ်ပေသည်။

မည်သူပင်ဖြစ်စေ ကိုယ့်ကိုကိုယ် ဘုရားဟု ဝန်ခံလာသောသူမျိုးကို ‘သင်သည် သစ္စာ ၄-ပါးကို သိ၏လော?၊ ထိုသစ္စာ ၄-ပါးတရားကို ၁၂-မျိုး ၁၂-ဖုံ ခွဲခြမ်းစိတ်ဖြာ၍ ထိုးထွင်း သိမြင်ခဲ့ပြီလော?ဟု မေးကြည့်၍ ‘မသိဘူး’ဟု ဆိုလျှင် ‘ထိုသူသည် ဧကန္တ ဘုရားအစစ် မဟုတ်၊ အတုသာ ဖြစ်သည်’ဟု ပိုင်ပိုင်ကြီး ဆုံးဖြတ်ရပေမည်။

သည်သာမကသေး။ မည်သူ၏ တရားကိုမဆို တရားစစ် တရားမှန် ဟုတ်,မဟုတ် စစ်ဆေးလိုလျှင်လည်း ဤသစ္စာ ၄-ပါး ဒေသနာ လက်နက်ကိရိယာကောင်းကိုပင် သုံးရပေမည်။

မည်သည့်တရားတွင်မဆို သစ္စာ ၄-ပါးတရားမျိုး ရှိ,မရှိ စစ်ဆေး၍ မရှိလျှင် တရားစစ် တရားမှန် မဟုတ်ဟု ရဲရဲကြီး ဆုံးဖြတ်နိုင်ပေသည်။

သို့ဖြစ်ရကား သစ္စာ ၄-ပါးတရားတော်သည် ဘုရားစစ် ဟုတ်,မဟုတ်၊ တရားစစ် ဟုတ်,မဟုတ် စစ်ဆေး စမ်းသပ်ဖို့ရန် လက်နက်ကိရိယာကောင်းကြီးတစ်ခုလည်း ဖြစ်ပါပေသည်။

(အရှင်သီလာနန္ဒာဘိဝံသံ၏ “တရားဦး” မှ)

+++++

၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက် စနေနေ့၊ နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၏ စနေနေ့ ဓမ္မသင်တန်းအဖြစ် “ဓမ္မစကြာ”သင်တန်းကို ဆရာတော် အရှင်စက္ကိန္ဒက မွန်းလွဲ ၃ နာရီမှ ၄ နာရီအထိ ပို့ချပေး၏။

ရှေးဦးစွာ သင်တန်းသူ သင်တန်းသားများက ယခင်ပို့ချခဲ့ပြီးသည်အထိ ဓမ္မစကြာကို ရွတ်ဆို ပူဇော်ကြသည်။

ယခုတစ်ပတ်တွင် သစ္စာတစ်ပါးစီ၌ ဉာဏ် ၃-ပါး၊ သစ္စာလေးပါး ဉာဏ်သုံးမျိုး၊ သုံးမျိုးလေးလီ ဉာဏ် ၁၂-ပါးအကြောင်း မှတ်သား ရွတ်ဆို လေ့လာ သင်ယူကြရ၏။



ဓမ္မစကြာသင်တန်းပြီးနောက် လောကချမ်းသာ စနေနေ့ ဆည်းဆာတရားပွဲကို အရှင်ပညာနန္ဒက “ဘဝပန်းလေး မနွမ်းစေချင်” တရားခေါင်းစဉ်ဖြင့် ဟောကြား ချီးမြှင့်လေသည်။




+++++

ရွှေဘုံပေါ်မှာ နေရတော့၊ တရားမသိရင်၊ ရင်လေးတယ်။
တဲကုတ်ထဲမှာ ရေပေမယ့်၊ တရားသိရင်၊ ရင်အေးတယ်။
နေရေးသေရေး၊ အစဉ်တွေး၍၊ ရင်အေးအောင် ကြံကြစေလိုတယ်။
မြင်ရာမှာ၊ ‘ငါ’မလုပ်နဲ့၊ နာမ်နှင့်ရုပ် ဖြစ်ချုပ် ရှုရမယ်။
ကြားရာမှာ၊ ‘ငါ’မလုပ်နဲ့၊ နာမ်နှင့်ရုပ် ဖြစ်ချုပ် ရှုရမယ်။
နံရာမှာ၊ ‘ငါ’မလုပ်နဲ့၊ နာမ်နှင့်ရုပ် ဖြစ်ချုပ် ရှုရမယ်။
စားရာမှာ၊ ‘ငါ’မလုပ်နဲ့၊ နာမ်နှင့်ရုပ် ဖြစ်ချုပ် ရှုရမယ်။
တွေ့ထိရာမှာ၊ ‘ငါ’မလုပ်နဲ့၊ နာမ်နှင့်ရုပ် ဖြစ်ချုပ် ရှုရမယ်။
ကြံစည်ရာမှာ၊ ‘ငါ’မလုပ်နဲ့၊ နာမ်နှင့်ရုပ် ဖြစ်ချုပ် ရှုရမယ်။
အဲဒါမှ ဗုဒ္ဓဝါဒ ပီသပါပေတယ်။

+++++

တရားပွဲပြီးသော် ၅-မိနစ်ခန့် တရားရှုမှတ်ကြပြီး ကောင်းမှုကုသိုလ် အဝဝတို့ကို အမျှပေးဝေကြပါသည်။

သာဓု ... သာဓု ... သာဓု။

Tuesday, February 1, 2011

စိတ်ကို အနားပေးခြင်း - အရှင်ဣန္ဒက

၂၀၀၂ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်နေ့။
ဒီနေ့ ကျောင်းမှာ အရုဏ်ဆွမ်း၊ နေ့ဆွမ်း ပင့်သူ နှစ်ဦးရှိလို့ ဘုန်းကြီးများ အလုပ်များတဲ့ နေ့တစ်နေ့ပါ။
အရုဏ်ဆွမ်းကတော့ ဒကာဦးရှိန်၊ ဇနီးဒေါ်သန်းသန်းအေးတို့ရဲ့ သမီးကြီး မေသူရှိန်နဲ့ မောင်ချမ်းမြေ့အောင်တို့ရဲ့ မင်္ဂလာဆွမ်းကျွေး ဖြစ်ပါတယ်။ သူတို့ရဲ့ မင်္ဂလာပွဲမှာ နေ့ဆွမ်းကပ်လှူလိုကြပေမယ့် ဆွမ်းစားပင့်တာ နောက်ကျသွားတာ (နေ့ဆွမ်းအလှူရှင် ရှိနေပြီးဖြစ်တာ)ကြောင့် အရုဏ်ဆွမ်းကိုပဲ ကပ်ခွင့် ရပါတော့တယ်။

သံဃာတော်များမှာ ဝိနည်း စည်းကမ်းအရ အရင်ပင့်တဲ့ ဒကာရဲ့ ဆွမ်းကို အရင် စားရပါတယ်။
အရင်ပင့်တဲ့ ဒကာက ကျေနပ်ခွင့်ပြုရင်တော့ နောက်ပင့်တဲ့ ဒကာရဲ့ ဆွမ်းကို စားနိုင်ပါတယ်။
ဒီအကြောင်းကို ဆွမ်းစားပင့်လိုတဲ့ ဒကာများ သိထားရင် မိမိလိုတဲ့ရက် မိမိပင့်လိုတဲ့အချိန်မှာ ကြိုတင်ပင့်ပြီး ဆွမ်းကပ်နိုင်ကြပါလိမ့်မယ်။

ဒကာရှိန်တို့ မိသားစုက ဒီနေ့နံနက် မုန့်ဟင်းခါးအရုဏ်ဆွမ်း ကပ်လှူကြပါတယ်။
အရုဏ်ဆွမ်းကပ်ရင် ဆွမ်းမှတပါး မုန့်ဟင်းခါး၊ ခေါက်ဆွဲ၊ ကြာဆံဟင်းခါး၊ ပလာတာလို အစားအစာမျိုးတွေကို ကပ်ဖို့ ဆွမ်းဒကာများအား အကြံပေးလေ့ရှိပါတယ်။
ဘာကြောင့်လဲဆိုတော့ နံနက်ပိုင်းမှာ ဒီလို အစားအစာမျိုးတွေ စားရင် နေ့ဆွမ်းစားတဲ့အခါမှာ ဆွမ်းစားမပျက်လို့ ဖြစ်ပါတယ်။
နံနက်ပိုင်းမှာ ဆွမ်းစားထားရင် နေ့ဆွမ်းကို မစားနိုင်တော့ပါ။

မိမိတို့ကျောင်းမှာ အရုဏ်ဆွမ်းကို နံနက် ၆-နာရီမှာ စားပါတယ်။ နံနက် ၅-နာရီအချိန်မှာ ဘုရားရှိခိုး၊ တရားထိုင်ပြီးမှ အရုဏ်ဆွမ်းစားတာပါ။
ယနေ့လည်း ၆-နာရီအချိန်မှာ ဒကာဦးရှိန်တို့ မိသားစု ကပ်တဲ့ မုန့်ဟင်းခါးကို စားရတာ အတော် အရသာရှိတယ်။
မုန့်ဟင်းခါးဟာ မြန်မာ့အစာ စင်စစ် ဖြစ်တယ်။ အရသာလည်း ကောင်းတယ်။ အာဟာရလည်း ဖြစ်တယ်။

လောင်းအိုင်လင်ဆေးရုံမှ ကျောက်အထူးကု ဆရာဝန်ကြီး ဂိုးဒက်ဟာ မုန့်ဟင်းခါးကို သိပ်ကြိုက်ပါတယ်။ မိမိရဲ့ ကျောက်ကပ်ရောဂါကို အခမဲ့ ခွဲစိတ် ကုသပေးခဲ့တဲ့ ဆရာဝန်ကြီးပါ။ ဒေါက်တာမြတ်မြတ်မွန်ရဲ့ ဆရာလည်း ဖြစ်ပါတယ်။ သိပ်ပြီး စိတ်သဘောထား ပြည့်ဝတဲ့ ဆရာဝန်ကြီးပါ။ လူနာတွေအတွက် သွေးအကြိမ်ကြိမ် လှူဒါန်းခဲ့တယ်။ မိမိလို ဝင်ငွေမရှိ နည်းပါးတဲ့ ပုဂ္ဂိုလ်တွေကို အခမဲ့ ခွဲစိတ်ကုသပေးပါတယ်။ အသာပြာဆရာဝန်မျိုး မဟုတ်ပါ။

နေ့ဆွမ်းကို ဒေါက်တာတင်ဇော်လွင်၊ ဇနီးမြတ်မွန်ခတို့ အိမ်မှာ ကပ်ပါတယ်။
သူတို့ဇနီးမောင်နှံရဲ့ ဆယ့်ငါးနှစ်မြောက် မင်္ဂလာဆွမ်းကို အဓိကထားပြီး မတွေ့ဆုံရတာ ကြာပြီဖြစ်တဲ့ မိတ်သင်္ဂဟအပေါင်းကို ဖိတ်ကြား ထမင်းကျွေးတာလို့ ပြောပါတယ်။
ဒီနိုင်ငံမှာ မိတ်ဆွေတွေနဲ့ တွေ့ဆုံဖို့ဆိုတာ ဒီလိုလုပ်မှပဲ တွေ့နိုင်တယ်လို့ သူက ပြောပါတယ်။

ဆယ်နာရီခွဲအချိန်မှာ သီလယူ၊ ပရိတ်တရားနာပြီး ရေစက်ချပါတယ်။
ဆွမ်းမစားမီ ဒီလိုအစီအစဉ်လုပ်တာဟာ အချိန်ကုန် သက်သာလို့ အလှူရှင်လည်း အဆင်ပြေ၊ သံဃာတော်များလည်း အဆင်ပြေပါတယ်။
ပြီးတော့ ဒီနိုင်ငံမှာ လူတိုင်း အလုပ်များလွန်းလို့ သုတ်သုံးကျမ်းနဲ့အညီ ဘာမဆို ခပ်သုတ်သုတ် လုပ်ကြ ကိုင်ကြမှ ဖြစ်တယ် မဟုတ်လား။

မြတ်မွန်ခက သူကိုယ်တိုင် ချက်ထားတဲ့ စပါယ်ရှယ်ဒန်ပေါက်နဲ့ နေ့ဆွမ်း ကပ်ပါတယ်။
သူတို့မိသားစုမှာ ဒန်ပေါက်ချက်အကောင်းဆုံးလို့ လက်မှတ်ရထားသူပါ။
တကယ်လည်း ကောင်းပါတယ်။ မိမိက မြတ်မွန်ခကို နယူးယောက်မှာ ဒန်ပေါက်ထမင်းဆိုင် ဖွင့်ရောင်းလို့ ရပြီလို့ အားပေးလိုက်ပါသေးတယ်။
ဒါပေမယ့် မိမိကတော့ ဒန်ပေါက်ကို နည်းနည်းလောက်ပဲ နွှဲနိုင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ မိမိမှာ ဆီးချိုနဲ့ ကိုလက်စထရောအဆီဓာတ်တွေ များနေသောကြောင့်ပါ။
ဆရာဝန်များက ကစီဓာတ်များတဲ့ အစာနဲ့ အဆီဓာတ်များတဲ့ အစာများကို လျှော့စားဖို့ အကြံပြုကြပါတယ်။ အစားအစာတွေ ပေါတဲ့ အမေရိကန်နိုင်ငံလိုမျိုးမှာ ဆီးချိုရောဂါဖြစ်ရတာ စားချင်တာတွေကို မစားရလို့ အတော်ရှုံးပါတယ်။

မိမိအတွက် ပဲကြာဆံကြောင်ဟင်းတစ်ခွက်ကို သီးသန့် ချက်ထားပါတယ်။
ပဲကြာဆံကတော့ ဆီးချိုမတက်တဲ့ အစာ ဖြစ်ပါတယ်။ ဒါကြောင့် မိမိဟာ ပဲကြာဆံကို အမြဲလိုလို စားနေရပါတယ်။
“အစာလည်း ဆေး၊ ဆေးလည်း အစာ”ဆိုတဲ့ စကားအတိုင်း မိမိရောဂါနဲ့ တည့်သော အစာကို စားတတ်ရင် ရောဂါများ အတော်အတန် သက်သာတာကတော့ အမှန်ပါ။
အဆီနည်းတဲ့ ဘတ်စမာတီဆန်ကို အသင့်အတင့် စားရင် ဆီးချို သိပ်မတက်တာ တွေ့ရပါတယ်။
နောက်တစ်ခုကတော့ ဆီးဖြူသီးကို မှန်မှန် စားရင်လည်း ဆီးချို သိပ်မတက်ပါ။
အထူးအားဖြင့် ဆီးချိုရောဂါရှိသူဟာ နေ့စဉ် အစာကို တဝကြီး မစားဘဲ အဆာပြေရုံလောက်သာ စားသင့်ပါတယ်။

ဒေါက်တာတင်ဇော်လွင်နဲ့ မြတ်မွန်ခတို့ ဇနီးမောင်နှံမှာ ကိုးနှစ်အရွယ် သားကြီး စတင်ဖို့ဒ်နဲ့ လေးနှစ်အရွယ် သားငယ် ဟာရီဆန်တို့ကို အခြေခံ ဗုဒ္ဓဘာသာနဲ့ မြန်မာစာ သင်ရန် စနေနေ့တိုင်း မိမိတို့ ကျောင်းကို ပို့ပေးပါတယ်။
မိမိကိုယ်တိုင်ပင် ကလေးများအား ဒီအခြေခံဗုဒ္ဓဘာသာသင်တန်းကို သင်ပေးပါတယ်။
သုံးနှစ်အထက် ကလေးများကို လက်ခံ သင်ပေးတယ်။
ကလေးများအား မိမိတို့ရဲ့ ယဉ်ကျေးမှု၊ ဘာသာတရား၊ ဘုရား, ကျောင်းကန်များနှင့် ရင်းနှီးမှု ရှိစေရန်နဲ့ သံဃာတော်များနှင့် ဆက်ဆံလာတတ်စေရန် ရည်ရွယ်ပြီး ဒီသင်တန်းကို ဖွင့်ထားခြင်း ဖြစ်ပါတယ်။

နေ့လယ် တစ်နာရီမှ နှစ်နာရီအထိ စာသင်ပါတယ်။
စာသင်ပြီးတဲ့အခါမှာ ဘုရားရှိခိုးကြရပါတယ်။
တရားလင်္ကာဆောင်ပုဒ်ကလေးများ ရွတ်ဆိုစေပါတယ်။

ကလေးတွေရဲ့ နှလုံးသားထဲမှာ ဘာသာရေးမျိုးစေ့ကို စတင်ချပေးတာပါပဲ။ ဒီအရွယ်မှာ ချပေးလိုက်တဲ့ ဘာသာရေးမျိုးစေ့ဟာ ကလေးများရဲ့ နှလုံးသားထဲမှာ စွဲသွားတတ်ပါတယ်။ ဒါဟာ သိပ်ကို အရေးကြီးပါတယ်။ ဘာကြောင့်လည်းဆိုတော့ နိုင်ငံခြားမှာ ကလေးများကို အခြား ယဉ်ကျေးမှုတွေက လွှမ်းမိုးသွားရန် လွယ်ကူသောကြောင့် ဖြစ်ပါတယ်။
ဒါကြောင့် ကလေးများအား မိမိတို့ရဲ့ ယဉ်ကျေးမှုကို သိနားလည်အောင် စွဲမြဲခိုင်မာနေအောင် ကြိုတင် သင်ထားပေးဖို့ လိုပါတယ်။

နေ့ဆွမ်းစားပြီးနောက် ကျောင်းကို ပြန်ခဲ့ပါတယ်။
ဆရာတင်ဇော်လွင်ကိုယ်တိုင် သူ့ရဲ့ မာစီဒီးဘင်ကားနဲ့ ပြန်ပို့ပေးပါတယ်။ ကားနဲ့ပတ်သက်ပြီး ဘုန်းကြီးဦးအဘယာက “ဒီကား မော်ဒယ်ဘယ်လောက်လဲ”လို့ စပ်စုလိုက်တယ်။
ဆရာက ... မော်ဒယ် ကိုးဆယ့်ရှစ်လို့ ပြောပြီး၊ “တပည့်တော်တော့ ကားဝယ်ရင် မော်ဒယ်အသစ်စက်စက်ကို ဘယ်တော့မှ မဝယ်ဘူး။ ဘာကြောင့်လဲဆိုတော့ ကားအသစ်ဝယ်ရင် ကိုယ့်လက်ထဲရောက်တာနဲ့ ဈေးက ကျသွားတော့တာပဲ။ ကားဝယ်ပြီး မြတ်တာကတော့ မြန်မာပြည်မှာပဲ ဖြစ်တယ်လို့ ကြားဖူးတယ်။ ဘယ်နိုင်ငံမှာမှ ကားဝယ်ပြီးရင် မြတ်တယ်လို့ မကြားမိဖူးဘူး။ ကားမော်ဒယ်အဟောင်းဝယ်ရင် ဈေးသက်သာတယ်။ စီးရတာလည်း အသစ်နဲ့ သိပ်မထူးပါဘူး”လို့ တွက်ပြလိုက်တော့ ဘုန်းကြီးဦးအဘယာလည်း “အော..”ဆိုပြီး သဘောပေါက်သွားတော့တယ်။

ကားမောင်းရင်း ဆရာက သူ့ရဲ့ ဆေးရုံမှာ လူနာတွေနဲ့ ပတ်သက်ပြီး ငြီးငြူ ပြောတယ်။
“တချို့လူနာတွေနဲ့ ဆက်ဆံရာမှာ မိမိစေတနာ လျော့မသွားအောင် မနည်း ထိန်းထားရတယ်။ ကိုယ်က ဘယ်လို စေတနာထားပြီး ကုသ ဆက်ဆံပေမယ့် တချို့လူနာတွေက အပြစ်တင်ဖို့လောက်ပဲ လုပ်နေကြတယ်။ ကြာတော့ ဆေးကုရတာ စေတနာပျက်ချင်သလို ဖြစ်လာမိတယ်။ သိပ်ခက်တာပဲ။”

မိမိက “သည်းခံပါ။ စေတနာမပျက်အောင် ကြိုးစားပါ။ ‘ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်အောင်နေ’ ဆိုတဲ့ ဆောင်ပုဒ်အတိုင်း ကြိုးစား ကျင့်ပါ။ ဒါမှ ခန္တီပါရမီပြည့်မှာပေါ့။ ကိုယ့်ကို ဝိုင်းပြီး မြှောက်ပင့်နေကြတဲ့လူတွေ ကြားထဲမှာ နေရင် ခန္တီပါရမီကို ဘယ်လို ဖြည့်လို့ ရပါ့မလဲ”လို့ တရားချလိုက်ပါတယ်။

ဆရာတင်ဇော်လွင်က သူရဲ့ လူနာတစ်ဦးအကြောင်းကို ပြောပြပါတယ်။
အဲဒီ လူနာဟာ ရာဇဝတ်မှုအမျိုးမျိုးကို ကျူးလွန်ပြီး ထောင်အနှစ်နှစ်ဆယ် ကျခဲ့သူ ဖြစ်တယ်။
ထောင်က လွတ်လာပြီးနောက် သူ့မှာ ပုံမှန်စိတ်တွေ ပြန်ဖြစ်လာစေဖို့ စိတ္တဇဆေးရုံမှာ ဆရာလွင်ရဲ့ လူနာ ဖြစ်ခဲ့တာပါ။
ဆရာက သူ့ကို ဆေးဝါးနဲ့ ကုသတဲ့အပြင် စိတ်ထားနည်းကိုပါ ပြောပြပြီး ကုသပေးပါတယ်။

“ခင်ဗျားရဲ့ ဘဝမှာ မအောင်မြင်လို့ စိတ်ဆင်းရဲနေပေမယ့် အမြဲတမ်းတော့ စိတ်ဆင်းရဲ မနေပါဘူး။ စိတ်ချမ်းသာတဲ့အချိန်တစ်ချိန်ချိန်တော့ ရှိမှာပါ။ အဲဒါရှိရင် ပြောပြစမ်းပါ”လို့ ဆိုတဲ့အခါမှာ ထိုသူက “သူ ကက်ဆက်ဖွင့်ပြီး သီချင်းနားထောင်နေတဲ့အခါမှာတော့ စိတ်ချမ်းသာတယ်။ စိတ်အေးဆေးမှုရှိတယ်”လို့ ဖြေပါတယ်။ စိတ်ချမ်းသာပျော်ရွှင်နေတာကို အင်္ဂလိပ်လို ရီလက်ကစေးရှန်းလို့ ပြောပါတယ်။

ဆရာလွင်က “သီချင်းအပေါ်မှာ စိတ်ကို ထားလို့ စိတ်ချမ်းသာတာပဲ။ သီချင်းအပေါ်မှာ စိတ်ကို မထားဘဲ အခြားအသံတစ်ခုခုအပေါ်မှာ စိတ်ကို ထားနေရင်လည်း ရီလက်ကစေးရှန်း မရနိုင်ဘူးလား?၊ အခြားအသံတစ်ခုခုအပေါ်မှာ စိတ်ကို စမ်းထားကြည့်ပါလား။ ဥပမာ ခင်ဗျားအခန်းထဲမှာ လေအေးစက်သံ မြည်နေတယ်။ အဲဒီအသံအပေါ်မှာ စိတ်ကို ထားကြည့်လေ။ ရီလက်ကစေးရှန်း ရ,မရ နက်ဖြန်ကျ ပြောပြပါ”လို့ မှာပြီး လွှတ်လိုက်ပါတယ်။
နောက်နေ့မှာ ထိုလူနာက လေအေးစက်အသံမှာ စိတ်ကို ထားတာ သီချင်းနားထောင်သလိုပဲ ရီလက်ကစေးရှန်းဖြစ်တယ်လို့ ပြန်ပြောပါသတဲ့။

ဆရာလွင်က သီချင်းသံအပေါ်မှာရော၊ လေအေးစက်အသံအပေါ်မှာရော စိတ်ကို မထားဘဲ ခင်ဗျားရဲ့ ကိုယ်ခန္ဓာပေါ်မှာ စိတ်ကို ထားကြည့်ရင်လည်း မရနိုင်ဘူးလား?၊ ကိုယ်ခန္ဓာမှာ ထင်ထင်ရှားရှား အမြဲဖြစ်ပေါ်တဲ့ အရာတစ်ခုခု ရှိတယ်။ အဲဒါကို ရှာကြည့်စမ်းပါလို့ ပြောတော့ လူနာဟာ ရုတ်တရက် ရှာမတွေ့ဘဲ ဖြစ်နေပါတယ်။ ဒါကြောင့် ဆရာလွင်က “ခင်ဗျား အသက်မရှူဘူးလား၊ အသက်ရှူနေတာဟာ ကိုယ်မှာ အမြဲဖြစ်နေတဲ့ အရာပေါ့။ အဲဒီ အသက်ရှူရှိုက်နေတဲ့အပေါ်မှာ စိတ်ကို ထားကြည့်ပါ။ ကိုယ့်နေရာကို ပြန်ရောက်ရင် တခြား ဘာကိုမှ မစဉ်းစားတော့ဘဲ အသက်ရှူသွင်းတာနဲ့ အသက်ရှူထုတ်တာကိုသာ သိအောင် လုပ်နေပါ”လို့ မှာကြား လွှတ်လိုက်ပါတယ်။

ထိုလူနာဟာ နောက်တစ်နေ့ ဆရာကို လာတွေ့တဲ့အခါမှာ အသက်ရှူနေတဲ့အပေါ်မှာ စိတ်ကို ထားတာ ရီလက်ကစေးရှန်း ပိုပြီး ရတယ်လို့ ပြောပါတယ်။ သူဟာ စိတ်ချမ်းသာနည်းကို သိရလို့ ဆရာ့အပေါ်မှာ ယုံကြည် အားထားစိတ်တွေဖြစ်ပြီး ကျေးဇူးတင်စကားတွေ ပြောရှာပါတယ်။
ဆရာက သူ့အား ... ခင်ဗျား ဆေးရုံက ဆင်းပြီး၊ အပြင်လောကထဲ ပြန်ရောက်တဲ့အခါမှာ မိမိစိတ်ကို အခုလို ဆက်လက် ထိန်းနိုင်အောင် အတော်ကြိုးစားရမယ်။ လပိုင်းအတွင်းမှာ ရခဲ့တဲ့ စိတ်ဓာတ်အင်အားတွေ ကျဆင်းမသွားအောင် ဆက်လက် ထိန်းသိမ်းဖို့ကတော့ ခင်ဗျားအပေါ်မှာ များစွာ မူတည်တယ်။ ကြိုးစားပါ ... လို့ မှာလိုက်ပါတယ်။

ဆရာက “လူဆိုးလူမိုက်ဆိုသူတွေမှာ စိတ်မိုက်စိတ်ရိုင်းတွေချည်းသာ သူတို့သန္တာန်မှာ ရှိနေကြတာ မဟုတ်ပါဘူး။ သူတို့မှာ စိတ်ကောင်း နှလုံးကောင်းကလေးများလည်း မသိမသာ ရှိနေတတ်တာကို တွေ့ရတယ်။ အကျိုးရှိတာကို လုပ်ချင်တဲ့ စိတ်မျိုးတွေပေါ့။ အဲဒီစိတ်ကောင်းကလေးတွေကို ဆရာသမားကောင်း၊ မိတ်ဆွေကောင်းများက ဖော်ထုတ်ပေးလိုက်ရင် သူတို့ လူကောင်းများ ပြန်ဖြစ်သွားနိုင်ပါတယ်”လို့ သူ့အတွေ့အကြုံကို မိမိအား ပြောပြပါတယ်။

ဆရာလွင်သည် ပညာသားပါပါနဲ့ သူ့ရဲ့ လူနာကို တရားအထိုင်ခိုင်းပြီး စိတ်ရောဂါကို ကုသပေးခြင်း ဖြစ်ပါတယ်။ သတိပဋ္ဌာန်တရားဟာ လူမျိုးမရွေး ဘာသာမရွေး ကျင့်လို့ရတဲ့ တရားပါ။ အကြောင်းအမျိုးမျိုးတွေကြောင့် စိတ်မချမ်းမသာဖြစ်လာရင် အရက်သောက် ဘိန်းရှူပြီး နေတဲ့ လူတွေ အတော်များများ ရှိကြပါတယ်။ ဒါဟာ မမှန်ကန်တဲ့ ဖြေရှင်းနည်းပါ။ စိတ်ကို ပိုပြီး တွေဝေစေတတ်ပါတယ်။ အချိန်ပေးပြီး သမာဓိရအောင် တရားထိုင်တာဟာ အကောင်းဆုံး ဖြေရှင်းနည်းပါ။ တရားဆေးဟာ အစွမ်းအထက်ဆုံးလို့ ဘုရားရှင်ကိုယ်တော်မြတ် ဟောကြားတော်မူပါတယ်။

ယေကေစိ သြသဓာ လောကေ၊
ဝိဇ္ဇန္တိ ဝိဝိဓာ ဗဟူ၊
ဓမ္မောသဓသမံ နတ္ထိ၊
ဧတံ ဝိဝေထ ဘိက္ခဝေါ။


(မြန်မာပြန်)

“ရောဂါပျောက်ရေးအတွက် လောကမှာ ဆေးတွေ အမျိုးမျိုး အမှန်ပင် ရှိကြကုန်၏။
တရားဆေးနှင့် တူသော ဆေးကား မရှိပေ။
ရဟန်းတို့ ... သင်တို့သည် ထိုတရားဆေးကို သောက်သုံး မှီဝဲကြကုန်လော့။”


+++++

၂၀၀၂ ခုနှစ် ဧပြီလ ၁၄ ရက်နေ့ထုတ် - The Universal Peace Buddha Temple, New York, Newsletter မှ။

The Original Suffering - Ven. Ashin Intaka

Before talking about the cause of suffering, we should first learn what suffering is. Suffering is a part of our life. It is inseparable with life. Suffering starts from the time of conception (birth) although the baby in the womb cannot sense it. If we think about his situation, we can understand his difficult life in his mother's womb.

After birth, we age from moment to moment. When we get old, our skin changes from smoothness to wrinkles. We dislike aging because it seems the source of suffering.

We are not only subject to aging, but prone to disease. When we have a severe illness, we suffer from it. Aging and disease gradually end in death. The suffering of death is the worst experience in our lives. Although we are physically strong, we suffer from mental illness. To live with those whom we dislike and to be separated with our beloved ones also makes us unhappy. Sometimes we are upset and worried about not getting what we want. Such situations are the roots of suffering. In brief our body, feelings, perceptions, mental formations and consciousness are the source of suffering in reality.

The Buddha therefore expounded them in his first discourse, the Dhammacakkapavattana Sutta.

"Birth is suffering; aging is suffering; disease is suffering; death is suffering; association with the disliked ones is suffering; separation with the loved ones is suffering; not getting what one wants is suffering; the five aggregates (body, feeling, perception, mental formation and consciousness) are suffering in brief."

So far we have learned the varieties of suffering. I am now going to proceed to explain about the original suffering from the Buddhist point of view.

Although some people consider the eight kinds of suffering mentioned above are natural things and unavoidable conditions to be ignored. There are some intelligent people who want to know the origination of them in the present as well as in the past.

A head man named Baddaraka from Uruvela village, the district of Malla, asked the question of suffering to the Buddha. He requested the Buddha to tell him about the origination and disolution of suffering. Then the Buddha said to him that He was going to explain about the suffering which has originated in the present, not in the past or in the future.

"Suppose, Baddaraka, the people of Uruvela have a disaster. They are arrested, killed, and robbed. Do you feel sad, grievous and dispaired?"

He said, "He does, regarding the people whom he likes and loves, however, he does not feel upset, regarding those whom he does not know."

The Buddha said to him that suffering originates from attachment and craving. It has the root of attachment and craving.

" Suppose, Baddaraka, your son, Ciravasim is away and you order somebody to send your son to you. When they do not come back in time, how do you feel?"

He answered, "I worry about my son."

"Suppose, you heard that Ciravasim was arrested, robbed, and killed. Then how would you feel?"

He said, "I would go insane with pain or die."

Therefore, it is obvious that suffering originates from attachment and craving, the Buddha said.

The Buddha gave another example to explain about the origination of suffering.

"Baddaraka, if you had not seen the mother of Ciravasim before, you would not have such a feeling of love for her. From having seen or having heard of her, you have affection for her."

"Suppose, Baddaraka, if you heard that she was arrested, robbed or killed, how would you feel?"

He said, "I would be insane with pain or die."

Then the Buddha said that suffering is actually rooted in attachment and craving. Desire and craving are the cause of suffering.

(Baddaraka Sutta, Gamani Vagga, Samyuttanikaya)

+++++

(From "The Universal Peace Buddha Temple, New York, Newsletter, April 14, 2002)