Friday, August 7, 2009

မဟာစည်ဆရာတော်ဘုရားကြီး၏ ဂုဏ်ရည်ပူဇော်ပွဲနှင့် စုပေါင်း ရဟန်းခံ ရှင်ပြုပွဲ


အမေရိကန် အရှေ့ခြမ်းတွင် မြန်မာ ထေရဝါဒ ဗုဒ္ဓဘာသာ ပြန့်ပွားစေရန် စတင် ဆောင်ရွက်ခဲ့သူမှာ ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရားကြီး ဖြစ်ပါသည်။
မဟာစည်ဆရာတော်ဘုရားကြီးသည် ၁၉၇၉ ခုနှစ်တွင် အမေရိကန်ပြည်သို့ သာသနာပြုခရီး ကြွရောက်တော်မူခဲ့ပြီး မြန်မာ ဗုဒ္ဓဘာသာ အသင်းအဖွဲ့များ၊ ဘုန်းတော်ကြီးကျောင်းများ ဖွဲ့စည်း တည်ထောင်ကြရန် တိုက်တွန်း မိန့်ကြားတော်မူခဲ့ပါသည်။ နောက်ပါ သံဃာတော် နှစ်ပါးကိုလည်း အမေရိကန်ပြည် အရှေ့ဖက်ခြမ်းတွင် တစ်ပါး၊ အနောက်ဖက်ခြမ်းတွင် တစ်ပါး ချန်ထားရစ်ပြီး မျိုးစေ့ချပေးခဲ့ရာ ၁၉၈၁ ခုနှစ်တွင် နယူးယောက်မြို့၌ အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်းနှင့် လောကချမ်းသာဘုရားကျောင်း ပေါ်ပေါက်လာခဲ့ပါသည်။

အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်း၏ နှစ်စဉ် ကျင်းပပြုလုပ်မြဲ ပွဲတော်များအနက် ၂၀၀၄ ခုနှစ် မတိုင်မီအထိ၊ သြဂုတ်လတွင် ကျင်းပသော ပွဲတော်မှာ လောကချမ်းသာဆရာတော်၏ မွေးနေ့ ပူဇော်ပွဲနှင့် စုပေါင်း ရဟန်းခံ ရှင်ပြုပွဲ ဖြစ်ပါသည်။

၂၀၀၄ ခုနှစ်တွင် ရန်ကုန်မြို့ မဟာစည်သာသနာ့ရိပ်သာ၌ မဟာစည်ဆရာတော်ဘုရားကြီး၏ ရာပြည့် ပူဇော်ပွဲကို ကျင်းပ ပြုလုပ်မည့်အကြောင်း ကြားသိသောအခါ အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်း ဆရာတော်များနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များကလည်း မဟာစည်ဆရာတော်ဘုရားကြီး၏ ရာပြည့် ပူဇော်ပွဲ တစ်ခုကို နယူးယောက် လောကချမ်းသာဘုရားကျောင်းတွင် ကျင်းပ ပြုလုပ်ရန် စီစဉ်ကြပါသည်။

မဟာစည်ဆရာတော်ဘုရားကြီးကို ၁၉၀၄ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့တွင် မွေးဖွား သန့်စင်ခဲ့ရာ ဆရာတော်ကြီး၏ ရာပြည့် ပူဇော်ပွဲကိုလည်း ဇူလိုင်လ သို့မဟုတ် သြဂုတ်လတွင် ကျင်းပ ပြုလုပ်ရန် စဉ်းစားကြပါသည်။
ဇူလိုင်လတွင် ဝါဆိုပွဲတော်၊ သြဂုတ်လတွင် လောကချမ်းသာဆရာတော်၏ မွေးနေ့ ပူဇော်ပွဲနှင့် စုပေါင်း ရဟန်းခံ ရှင်ပြုပွဲကို ကျင်းပလေ့ရှိရာ လောကချမ်းသာဆရာတော်က သြဂုတ်လတွင် ကျင်းပနေကြ ဖြစ်သော သူ၏ မွေးနေ့ပူဇော်ပွဲအစား “မဟာစည်ဆရာတော်ဘုရားကြီး၏ ဂုဏ်ရည်ပူဇော်ပွဲနှင့် စုပေါင်း ရဟန်းခံ ရှင်ပြုပွဲ”အဖြစ် နှစ်စဉ် ကျင်းပ ပြုလုပ်သွားရန် ဆုံးဖြတ် မိန့်ကြားခဲ့ပါသည်။

အသင်းအမှုဆောင်အချို့က လောကချမ်းသာဆရာတော်၏ မွေးနေ့ပွဲကို အစားမထိုးဘဲ မဟာစည်ဆရာတော်ဘုရားကြီး၏ ဂုဏ်ရည်ပူဇော်ပွဲကို သတ်သတ်မှတ်မှတ် သီးသန့် ကျင်းပသွားရန် အကြံပြုကြသော်လည်း ... ကွာ .. ဇူလိုင်မှာလည်း ဝါဆိုပွဲ၊ သြဂုတ်လထဲမှာ နောက် နှစ်ပွဲဆိုရင် လူတွေလည်း ပင်ပန်းကြပါလိမ့်မယ်။ မဟာစည်ဆရာတော်ကြီးရဲ့ ကျေးဇူးတွေ အများကြီး။ ဆရာတော်ကြီးရဲ့ ဂုဏ်ရည်ပူဇော်ပွဲက ပိုပြီး အနှစ်သာရ ရှိပါတယ် ... ဟု ပြန်လည် မိန့်ကြားခဲ့ပါသည်။

‘ကျေးဇူးရှင် မဟာစည် ဆရာတော်ဘုရားကြီး’ ဟူသော အသုံးအနှုန်းနှင့်ပတ်သက်၍ အရှင်သီလာနန္ဒာဘိဝံသ ပြုစုသော “ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ ထေရုပ္ပတ္တိ - အကျဉ်း ပထမပိုင်း” စာအုပ်တွင် ဖော်ပြထားရာ မှတ်သားဖွယ်ကောင်း၍ ကောက်နုတ် ဖော်ပြလိုပါသည်။

+++++

စစ်ကြီးအတွင်း ဆိပ်ခွန် မဟာစည်ကျောင်း၌ ဝိပဿနာ သာသနာပြုခဲ့သဖြင့် ဆရာတော်သည် ‘မဟာစည်ဆရာတော်’ဟု တွင်ခဲ့သည်။
ရန်ကုန် သာသနာ့ရိပ်သာသို့ ရောက်ပြီးနောက်လည်း မဟာစည်ဆရာတော်ဟုပင် တွင်ခဲ့သည်။
ထို့နောက်တွင် ဆရာတော်၏ ဂုဏ်ကျေးဇူးတို့ကို အထူးသိမြင်သော ကြည်ညိုသူတို့က ‘မဟာစည်ဆရာတော်ဘုရား’ဟုလည်းကောင်း၊ ‘မဟာစည်ဆရာတော်ဘုရားကြီး’ဟုလည်းကောင်း ခေါ်ဝေါ် သုံးနှုန်းခဲ့ကြသည်။
ထိုမှ နောင်တွင်မူ ‘ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရားကြီး’ဟု ‘ကျေးဇူးရှင်’ဟူသော စကားလုံးကိုပင် ရှေ့က ထား၍ သုံးနှုန်း ခေါ်ဝေါ်လာခဲ့ကြသည်မှာ ယနေ့တိုင်အောင် ဖြစ်တော့သည်။
ထိုသို့ မဟာစည်ဆရာတော်ကို ကျေးဇူးရှင်ဟု ခေါ်ဝေါ်ကြခြင်းမှာ သုံးရိုးသုံးစဉ် ဖြစ်၍လော?၊ တကယ် နှစ်နှစ်ကာကာ လေးစားကြည်ညို၍လော?။

မဟာစည်ဆရာတော်၏ တပည့်ကြီးဖြစ်သော ကမ္မဋ္ဌာနာစရိယဆရာတော် အရှင်သုဇာတထေရ်က မိမိသည် မဟာစည်ဆရာတော်၏ ကျေးဇူးကြောင့် ပါဠိတော်တို့ကို ကြည့်ရှုရသောအခါ လက်တွေ့နှင့် ဟပ်၍ အနက်အဓိပ္ပါယ်တို့ကို အားပါးတရ သိမြင်ရပါသည်။
ဆရာတော်ကြီးထံမှ တရားအားမထုတ်ခဲ့လျှင် ဤသို့သော အသိဉာဏ်မျိုးကို ရမည် မဟုတ်ပါ။
ထို့ကြောင့် ဆရာတော်ကြီးအား ကျေးဇူးတင် မဆုံးအောင် ရှိပါသည်ဟု အမိန့်ရှိဖူးပါသည်။

ယခု ၁၃၃၅ ခုနှစ် ကဆုန်လအတွင်းက မဟာစည်ဆရာတော်သည် မိုးကုတ်မြို့သို့ ကြွရန် မန္တလေး သာသနာ့ရိပ်သာသို့ ခေတ္တ ကြွရောက်လာပါသည်။ ဤစာရေးသူ(အရှင်သီလာနန္ဒာဘိဝံသ)သည် ဆရာတော်ထံသို့ အဖူးအမြော် ရောက်သွားခဲ့ပါသည်။
ထိုသို့ ရောက်စဉ်က ဆရာတော်အနီးတွင် ဦးပဉ္စင်းကြီး တစ်ပါးကို တွေ့ရပါသည်။
ထိုဦးပဉ္စင်းကြီးနှင့် စကားစပ်မိရာမှ ထိုဦးပဉ္စင်းကြီးက မိမိ၏ အသက်ကို မဟာစည်ဆရာတော်အား လှူထားကြောင်း၊ မဟာစည်ဆရာတော် ပြသသော နည်းဖြင့် အားထုတ်ခဲ့သဖြင့် မိမိသည် ဝိပဿနာအသိဉာဏ် အထူးများကို ရခဲ့၍ ဆရာတော်၏ ကျေးဇူး ကြီးမားလှသောကြောင့် ပစ္စည်းဥစ္စာကို လှူသည်ထက် အဆများစွာ လေးနက်သော အသက်လှူခြင်းကို ပြုခဲ့ကြောင်း၊ ဆရာတော်၏ ကျေးဇူး ကြီးမားလှကြောင်းကို အားပါးတရ ပြောပြခဲ့ပါသည်။
ထိုဦးပဉ္စင်းကြီးမှာ အခြားမဟုတ်၊ မဟာစည်ဆရာတော်ကို သူဌေးကြီး ဆာဦးသွင်နှင့် ဆက်သွယ်ပေးခဲ့သော ရေဦးမြို့ စက်သူဌေးကြီး ‘ဦးဘသင်’ပင် ဖြစ်ပါသည်။

ဆရာတော် ဦးသုဇာတနှင့် ဦးပဉ္စင်းကြီး ဦးဘသင်တို့ ပြောကြားသော စကားများကို ထောက်လျှင် မဟာစည်ဆရာတော်သည် ထို ၂-ပါး၏ ကျေးဇူးရှင် အစစ်ဖြစ်ကြောင်း ထင်ရှားပါသည်။
မိမိ၌ မရှိသော၊ နှစ်သက်စရာလည်း ကောင်းသော ပစ္စည်းတစ်ခုခုကို ပေးလာသူအား မိမိက လွန်စွာ ကျေးဇူးတင်မည်မှာ ဓမ္မတာပင် ဖြစ်ပေသည်။
ထိုထက် မိမိ မသိ နားမလည်သော အဓိပ္ပါယ်တစ်ခုခုကို ရှင်းလင်း ပြောပြနိုင်ပါလျှင် ထိုသူကိုလည်း လွန်စွာ ကျေးဇူးတင်မည်ပင် ဖြစ်ပါသည်။
ထိုထက် မိမိသန္တာန်၌ တစ်ကြိမ်တစ်ခါမျှ မဖြစ်ဖူးခဲ့သော ဝိပဿနာဉာဏ်များ ဖြစ်ပေါ်လာသော အခါမှာမူ အလွန် ဝမ်းမြောက်ခြင်း ဖြစ်သည်နှင့်အမျှ ဤနည်းလမ်းတို့ကို ဟောတော်မူခဲ့သော မြတ်စွာဘုရားကိုလည်းကောင်း၊ နည်းလမ်း ညွှန်ပြသော ဆရာကိုလည်းကောင်း ကျေးဇူးတင် မဆုံးအောင် ရှိရသည်။ ရှိခိုးကန်တော့၍ မဆုံးအောင် ရှိရသည်။
ဤသို့သော အဖြစ်မျိုးကို (လက်တွေ့ တရားအားထုတ်၍ ရုပ်နာမ်ကွဲ အဖြစ်အပျက် မြင်၍) သြဘာသစသည် ဖြစ်ပေါ်လာသည့်အခါ ယောဂီတိုင်းပင် တွေ့ကြရသည်။

မဟာစည်ဆရာတော်၏ သြဝါဒအတိုင်း တရားအားထုတ်၍ ထိုအဆင့်တို့ကိုလည်းကောင်း၊ ထိုထက်မြင့်သော အဆင့်တို့ကိုလည်းကောင်း ရောက်ခဲ့သော ယောဂီတို့မှာ ဆရာတော် ဦးသုဇာတနှင့် ဦးပဉ္စင်းကြီး ဦးဘသင်တို့ ၂-ပါးသာ မဟုတ်ပါ။
ထိုသို့သော ယောဂီများမှာ ငါးသိန်းကျော်ပင် ရှိနေပြီ ဖြစ်ပါသည်။
ထို့ကြောင့် မဟာစည်ဆရာတော်သည် ထိုငါးသိန်းကျော်မျှသော ယောဂီတို့၏ ကျေးဇူးရှင် အစစ်ပင် ဖြစ်ပါတော့သည်။
ဤသို့ တရားနှင့်စပ်သော လက်တွေ့ကျေနပ်မှုကို ပေးတော်မူနိုင်သောကြောင့်ပင် မဟာစည်ဆရာတော်သည် သူမတူသော လေးစားမှုကို ခံယူရရှိတော်မူပါသည်။

ဆရာတော်၏ ယောဂီများက ဆရာတော်ကို လေးစားပုံမှာ ဟန်ဆောင်မှု မပါသော တကယ့်လေးစားမှုပင် ဖြစ်ကြောင်း တွေ့သိနိုင်ပါသည်။
မြတ်စွာဘုရားလက်ထက်က ဘုရားရှင်ကို လေးစားကြသည် ဆိုသည်မှာ ဤလိုလေးစားမှုမျိုးပင် ဖြစ်ပေလိမ့်မည်ဟု တွေးထင်စေနိုင်လောက်အောင် ဖြစ်ပါသည်။
ဤပုဂ္ဂိုလ်တို့အဖို့ မဟာစည်ဆရာတော်ကို ကျေးဇူးရှင်ဟု ခေါ်ဝေါ် သုံးနှုန်းရသည်ကိုပင် အားရနိုင်ကြမည် မဟုတ်ပါ။
ထို့ကြောင့် “ကျေးဇူးရှင် ဆရာတော်ဘုရားကြီး”ဟူသော အသုံးအနှုန်းများမှာ သုံးရိုးသုံးစဉ် ဖြစ်၍ မဟုတ်။ တကယ် နှစ်နှစ်ကာကာ လေးစား ကြည်ညိုမှုကြောင့် နှလုံးမဆန့် ပြန့်နှံ့ထွက်ပေါ်လာသော သုတိ သာယာလှသည့် စကားလုံး ဖြစ်ပါတော့သည်။

ထို့ပြင် မဟာစည်ဆရာတော်သည် ဆဋ္ဌသံဂါယနာ၌ ဆောင်ရွက်တော်မူခဲ့ခြင်း စသည်ဖြင့်လည်းကောင်း၊ တရားဟောတော်မူခြင်း၊ တရားကျမ်းဂန်များကို ရေးသားတော်မူခြင်းဖြင့်လည်းကောင်း၊ ဗုဒ္ဓသာသနာတော်၏အကျိုး၊ ဗုဒ္ဓသာသနာဝင်တို့၏အကျိုး၊ ဗုဒ္ဓသာသနာနှင့် စပ်သော တိုင်းပြည်၏ အကျိုးကို ဆောင်ရွက်တော်မူခဲ့ပါသည်။
ထို့ကြောင့်လည်း မဟာစည်ဆရာတော်ကို ယောဂီတို့၏ ကျေးဇူးရှင်သာမက ဗုဒ္ဓသာသနာဝင် အားလုံး၏ ကျေးဇူးရှင်ဟူ၍လည်း ဆိုထိုက်ပါတော့သည်။

+++++

အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်း၏ ၂၀၀၉ ခုနှစ် ‘မဟာစည်ဆရာတော်ဘုရားကြီး၏ ဂုဏ်ရည် ပူဇော်ပွဲနှင့် စုပေါင်း ရဟန်းခံ ရှင်ပြုပွဲ’ကို သြဂုတ်လ ၂ ရက် တနင်္ဂနွေနေ့တွင် လောကချမ်းသာဘုရားကျောင်း၌ ကျင်းပ ပြုလုပ်ပါသည်။

မနက်ပိုင်းတွင် ဒုလ္လဘရဟန်းတော်များအား သိမ်ဆင်းလောင်းလှူပွဲ ပြုလုပ်၍ နေ့ခင်းတွင် သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ် လှူဒါန်းကြပါသည်။
ကြွရောက်လာကြသော ဧည့်ပရိတ်သတ်များအားလည်း မြန်မာ ထမင်းဟင်း၊ မြန်မာမုန့်များဖြင့် ကျွေးမွေး ဧည့်ခံပါသည်။
အလှူရှင်များမှာ ဦးသိန်းဝင်း-ဒေါ်စန်းစန်းဌေး မိသားစု ဖြစ်၏။

မွန်းလွဲပိုင်းတွင် လောကချမ်းသာဆရာတော် ဦးဆောင်၍ မဟာစည်ဆရာတော်ဘုရားကြီး၏ ဂုဏ်ရည် ရှစ်လုံးဘွဲ့ ကဗျာများကို ယောဂီများ၊ တရားနာ ပရိတ်သတ်များက ရွတ်ဖတ် ပူဇော်ကြပါသည်။

မဟာစည်ဘုန်းတော်ဘွဲ့

+ စည်တော်သံများ မကြား,ကြာပြီ၊ လူရှင်အများ လိုလားကြသည်။
ဘုန်းတော်မြူး၍ အထူးပေါ်သည်၊ တရားကိန်း အေးငြိမ်း မဟာစည်။

+သိက္ခာသုံးပါး ကြီးမားပေသည်၊ အတ္တ,ပရ ပြည့်ဝစုံညီ။
ဘုန်းတော်မြူး၍ အထူးပေါ်သည်၊ တရားကိန်း အေးငြိမ်း မဟာစည်။

+စွယ်စုံပါမောက် ထွန်းတောက်ပါပြီ၊ လူရောနတ်ရော သဘောတူညီ။
ဘုန်းတော်မြူး၍ အထူးပေါ်သည်၊ တရားကိန်း အေးငြိမ်း မဟာစည်။

+မကြုံစဖူး အထူးပေါ်သည်၊ ဇာနည်ယောက်ျား ပေါက်ဖွားပါပြီ။
ဘုန်းတော်မြူး၍ အထူးပေါ်သည်၊ တရားကိန်း အေးငြိမ်း မဟာစည်။

+အပါယ်ဘေးကြီး တားဆီးဖို့ရည်၊ တရားစည်ကြီး ရိုက်တီးနေပြီ။
ဘုန်းတော်မြူး၍ အထူးပေါ်သည်၊ တရားကိန်း အေးငြိမ်း မဟာစည်။

+မထိုက်သူများ ရှောင်သွားလိမ့်မည်၊ တရားစည်ကြီး ရိုက်တီးနေပြီ။
ဘုန်းတော်မြူး၍ အထူးပေါ်သည်၊ တရားကိန်း အေးငြိမ်း မဟာစည်။

+နိဗ္ဗာန်လူနတ် အမြတ်ကိုရည်၊ တရားစည်ကြီး ရိုက်တီးနေပြီ။
ဘုန်းတော်မြူး၍ အထူးပေါ်သည်၊ တရားကိန်း အေးငြိမ်း မဟာစည်။

+နှစ်ဖြာဓူရ ပြည့်ဝစုံညီ၊ ဇာနည်မုန်သောက် ပြောင်မြောက်ပေသည်။
ဘုန်းတော်မြူး၍ အထူးပေါ်သည်၊ တရားကိန်း အေးငြိမ်း မဟာစည်။

+အပါယ်တံခါး ပိတ်သွားစေမည်၊ လူနတ်အများ ညွှတ်တွားယုံကြည်။
နိဗ္ဗာန်တံခါး ဖွင့်ထားလေသည်၊ တရားကိန်း အေးငြိမ်း မဟာစည်။

+သိက္ခာသုံးပါး ပြည့်ထွားစုံညီ၊ နိဗ္ဗာန်အောင်မြို့ ဆောင်ပို့ပါသည်။
ကိုယ်ကျိုးသူကျိုး သယ်ပိုးခဲ့သည်၊ တရားကိန်း အေးငြိမ်း မဟာစည်။

+ကမ္ဘာတလွှား နာကြားရွယ်ရည်၊ နတ်လူကြည်နူး အထူးရွှင်ကြည်။
တရားလမ်းပြ ဆုံးမနေသည်၊ တရားကိန်း အေးငြိမ်း မဟာစည်။

+ကမ္ဘာအတွင်း ပျံ့သင်းယုံကြည်၊ ဇာနည်ပါမောက် အံ့လောက်ပေသည်။
မကြုံစဖူး အထူးပေါ်သည်၊ တရားကိန်း အေးငြိမ်း မဟာစည်။

+နိဗ္ဗာန်မြိုက်သီး ဖွင့်နည်းကြံစည်၊ မဂ်ဖိုလ်အောင်ပန်း ပြောင်လျှမ်းစုံညီ။
တရားစည်ကြီး ရိုက်တီးနေပြီ၊ တရားကိန်း အေးငြိမ်း မဟာစည်။

+စည်တော်သံများ နာကြားရွှင်ကြည်၊ သဒ္ဓါတရား ပြည့်ထွားစုံညီ။
ဘေးရန်ခပ်သိမ်း ကင်းငြိမ်းစေမည်၊ တရားကိန်း အေးငြိမ်း မဟာစည်။

+ကမ္ဘာအနှံ့ ဖြန့်ဖို့ကြံစည်၊ အမှတ်လုပ်ငန်း ကြိုးပမ်းခဲ့သည်။
သတ္တိတော်ထူး ထွတ်ဖူးဂုဏ်ရည်၊ တရားရေး အားပေး မဟာစည်။

+အာဂုံယုတ္တိ နှိုင်းညှိစုံညီ၊ လက်တွေ့တရား စာသွားနှင့်ညီ။
စွယ်စုံထွန်းပေါက် အံ့လောက်ဂုဏ်ရည်၊ တရားရေး အားပေး မဟာစည်။

+ဝိသေသဓာတ် ထူးမြတ်ပေသည်၊ ဇာနည်ယောက်ျား ပေါက်ဖွားလာသည်။
သမာဓိနှင့် ကဝိဂုဏ်ရည်၊ တရားရေး အားပေး မဟာစည်။

+ယောဂီအများ စိတ်ထားရွှင်ကြည်၊ အရှင့်ဂုဏ်ပေါင်း ခညောင်းအဉ္ဇလီ။
ဆယ်ဖြာစုပေါင်း လက်ချောင်းတင်ချီ၊ ရွှင်ကြည်မိုး ရှိခိုး စုံအညီ။

+++++

ကောင်းခြင်းတေဇ မဟာစည်

ဗုဒ္ဓမြတ်စွာ ရောင်ဝါလင်းဖို့ ကောင်းခြင်းတေဇ မဟာစည်။
သုံးပါးသိက္ခာ ပြည့်စုံခြင်းကြောင့် ဂုဏ်သင်းပြန့်နှံ့ မဟာစည်။
မြန်ပြည်ဆိုတာ ကမ္ဘာတလွှားမှာ ကျော်ကာကြားတဲ့ မဟာစည်။
ရွှေဘိုစည်သံ အမှန်ကြားက ကောင်းစားမည်ပ ဆိုကြသည်။
လူ့ပြည်နတ်ရွာ မျှော်ကာစ၍ ပေါ်လာသပ မဟာစည်။
ကမ္ဘာတုန်ခါ သမ္ဘာကြီး၍ မြည်ကာဟီးတဲ့ မဟာစည်။
မဟာစည်ကြီး ရိုက်ဆော်တီး မြည်ဟီးနေပါပြီ။
စည်တော်သံကြား နန်းအပါး ရောက်ငြားပုံသို့မှီ။
အဲဒါကြောင့် နိဗ္ဗာန်မြို့နန်း အရောက်လှမ်း ဆော်ရွှမ်း မဟာစည်။ ။

+++++

မဟာစည် ရွှေလမင်း

မဟာစည် ရွှေလမင်း နယူးယောက်မြို့အတွင်း လင်းတော့မည်။
သတိပဋ္ဌာန် ရွှေလမင်း နယူးယောက်မြို့အတွင်း လင်းတော့မည်။
နယူးယောက်မြို့သူ ရှင်လူအများတို့ တရားအားထုတ်ဖို့ ချိန်တန်ပြီ။
နယူးယောက်မြို့နေ မြန်မာအများတို့ တရားအားထုတ်ဖို့ ချိန်တန်ပြီ။
အားထုတ်ပါလျှင် အဓိဋ္ဌာန်မြောက်လို့ နိဗ္ဗာန်ရောက်ဖို့ သေချာပြီ။
နိဗ္ဗာန်လိုလား ယောဂီများ ရှုပွားကြရမည်။
အဲဒါကြောင့် တရားအမြိုက်ကို အားစိုက်ထုတ်ရမည်။ ။

+++++

ထိုနောက် စိန်စီဆရာတော်မှ အနုမောဒနာတရား ဟောကြား၍ ရေစက်ချ ကောင်းမှုကုသိုလ်အမျှ ပေးဝေကြပါသည်။

ပူဇော်ပွဲအပြီး ညနေမှ စ၍ ၇-ရက် တရားစခန်းကို ပြုလုပ်ရာ ဒုလ္လဘရဟန်းတော်များနှင့် ယောဂီများ တရားစခန်း ဝင်ရောက်ကြပါသည်။

ပူဇော်ထိုက်သူကို ပူဇော်သည့် ပွဲ ...
ရတောင့် ရခဲ ရှင်,ရဟန်းဖြစ်ရသည့် ပွဲ ...
သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်အောင် အားထုတ်သည့် ပွဲ ... ဖြစ်ရာ မင်္ဂလာအပေါင်းနှင့် ပြည့်စုံနေပါတော့သည်။ ။












No comments: