Tuesday, July 1, 2008

အေဘီဘီအေရဲ့ ပထမအကြိမ် နိဗ္ဗာန်ဈေး - အရှင်ပညာသီဟ

“အရှင်ဘုရား၊ စေတီတော်နဲ့ကျောင်းတည်ဆောက်ရေးအတွက် အလှူငွေရအောင် နိဗ္ဗာန်ဈေးလုပ်ပါလားဘုရား။ တခြားပြည်နယ်က ကျောင်းတိုင်းလိုလိုမှာ လုပ်နေကြတယ်။ အရှင်ဘုရားတို့ အေဘီဘီအေက ကျောင်းတည်ထောင်တာလဲ ကြာလှပြီ၊ ဘာဖြစ်လို့မလုပ်တာလဲ ဘုရာ့”

“အေး .. ငါလဲ ဖြစ်အောင်တိုက်တွန်းနေတာပဲဟ ‘မတိုး’ ရ။ လုပ်မယ် လုပ်မယ်နဲ့ အသံပေးနေတာ သုံးနှစ်လောက်တောင် ရှိသွားပြီ။ ခုထိတော့ အကောင်အထည် မပေါ်သေးဘူး။ ဖြစ်လိုဖြစ်ငြားဆိုပြီး အစပျိုးတဲ့အနေနဲ့ ပြီးခဲ့တဲ့ ၂၀၀၈-ခု မေလ ၂၅-ရက်မှာ နယူးဂျာစီ လောကချမ်းသာစေတီတော် ပထမအကြိမ် ဗုဒ္ဓပူဇနိယ ဘုရားပွဲ ကျင်းပဖို့ ဆွေးနွေးကြတုန်းက စတုဒိသာကျွေးဖို့ အစီအစဉ်တခုပါတယ်။ အဲဒီ အစီအစဉ်ကို နိဗ္ဗာန်ဈေးအစပျိုးတဲ့အနေနဲ့ စတုဒိသာလှူမယ့်သူတွေကို အစားအစာရောင်းဖို့ ငါအကြံပေးခဲ့တယ်။ ဒါပေမယ့် ဖြစ်မလာပါဘူး။ ဒါကြောင့် ဖြစ်ချင်ဖြစ် မဖြစ်ချင်နေဆိုပြီး ငါလဲ စိတ်လျော့လိုက်တော့တယ်”

“အရှင်ဘုရား ခွင့်ပြုမယ်ဆိုရင် တပည့်တော်တို့ နိဗ္ဗာန်ဈေးလုပ်ဖို့ ကြိုးစာားကြည့်ချင်တယ်”

“အေး .. ကြိုးစားကြည့်လေ၊ ဖြစ်ရင် ကောင်းတာပေါ့”

“ဒီလိုဆို ဘုန်းဘုန်းက ကျောင်းထဲမှာ လုပ်ခွင့်ပေးမှာလား”

“ဟေ ... အဲဒီလိုတော့ မဖြစ်ဘူးထင်တယ် ‘ညိုညိုကြည်’ ရ။ လုပ်ချင်ရင် အပြင်မှာ လုပ်ကြ။ နေရာရှာကြ။ ကျောင်းထဲမှာဆိုတော့ သိတ်မလွတ်လပ်ဘူး။ အပြင်မှာဆို နင်တို့ကြိုက်သလို ပျော်ပွဲရွှင်ပွဲလဲ ထည့်လို့ရတယ်”

“ဒီလိုဆို တပည့်တော်တို့ ကြိုးစားပြီး နေရာရှာကြည့်ပါမယ်”

“အေး ... ကောင်းတာပေါ့၊ ‘မတိုး’ ‘ညိုညိုကြည်’ ‘မအုံး’ ‘အိသက်’တို့၊ နင်တို့ ဝိုင်းပြီး လက်လှမ်းမီသလောက် နေရာရှာကြလေ”

“အရှင်ဘုရား ... တပည့်တော်တို့ Park တွေကို လိုက်မေးကြည့်တယ်ဘုရား။ အစားအသောက် ရောင်းမှာဆိုရင် မရဘူးလို့ ပြောတယ်”

“အိသက် .. ရေ၊ ဒီလိုဆို ကျောင်းနားက Flee Market ကို သွားမေးကြည့်ကွာ။ အဲဒီမှာ နေရာအပိုတွေ ရှိတယ်။ သူတို့ မသုံးတဲ့နေရာဆို တို့အတွက် နေရာ ရနိုင်လောက်ပါတယ်”

“အရှင်ဘုရား၊ တပည့်တော် သွားမေးကြည့်တယ်ဘုရား။ အစားအသောက်ရောင်းမယ်ဆိုရင် Food Certificate ရှိမှ။ နောက်ပြီး အစားအသောက်ကို ခုလို အဖုံးအကာ မပါဘဲ ရောင်းတာကို ခွင့်မပြုဘူးလို့ ပြောတယ် ဘုရာ့။ တချို့နေရာတွေကို မေးကြည့်တော့ ရတော့ ရနိုင်တယ်။ ဒါပေမယ့် ဈေးအလွန်ကြီးတယ် ဘုရာ့”

“ဟေ ... ဈေးကြီးလွန်းရင်တော့ မဖြစ်ဘူးဟ။ နေရာငှားရတာနဲ့ပဲ အလှူငွေမကျန်ဘဲ ဖြစ်သွားမယ်”

“တပည့်တော် အရှင်ဘုရားကျောင်းနဲ့ ကပ်နေတဲ့ ဒီနားက ကျောင်းကို မေးကြည့်ဦးမယ်ဘုရာ့။ စားသောက်ခန်းနဲ့ အိမ်သာအသုံးပြုလို့ရမလား။ အခကြေးငွေ ပေးလို့ရရင်လဲ ကျောင်းနဲ့ ကပ်နေတော့ ပိုကောင်းတာပေါ့ဘုရား”

“မေးကြည့်တာ မမှားပါဘူး ‘မတိုး’ရ။ အဆင်ပြေရင် နောင်နှစ်တွေမှာလဲ နေရာရှာရတာ သက်သာတာပေါ့”

“အရှင်ဘုရား၊ ဒါလဲ အဆင်မပြေဘူးဘုရာ့။ အရှင်ဘုရား ကိုယ့်ကျောင်းထဲမှာ ဘာဖြစ်လို့ မလုပ်စေချင်တာလဲ”

“ပြဿနာဖြစ်မှာ စိုးလို့ဟ။ ငါနေခဲ့တဲ့ လန်ဒန်ကကျောင်းမှာ နိဗ္ဗာန်ဈေးကျင်းပတယ်။ ဈေးရောင်းပွဲမှာ လူတွေပျော်အောင်လို့ ကက်ဆက်နဲ့ သီချင်းဖွင့်ပြီး ကကြတယ်။ လူတွေလဲ သဘောကျ ပျော်ကြတာပေါ့။ တနှစ်ထက်တနှစ် လူသိများလာတော့ ဈေးရောင်းပွဲက စည်လာတယ်။ အလှူငွေတွေလဲ ရပါရဲ့။ ဒါနဲ့ ကက်ဆက်ဖွင့်ပြီး ကရ ခုန်ရတာထက် လူကိုယ်တိုင် အသံချဲ့စက်နဲ့ ဆိုရ ကရတာက ပိုပြီး ဆွဲဆောင်မှုရှိတယ်၊ ပျော်စရာကောင်းတယ်ဆိုပြီး တီးမှုတ် ကခုန်ကြတာပေါ့။ ပွဲနေ့မတိုင်မီ အကြိုနေ့မှာလဲ သီချင်းတိုက်ရ အသံညှိရ လုပ်ကြတာပေါ့။ အဲဒီတော့ ပတ်ဝန်းကျင်မှာ အသံဆူညံမှု ဖြစ်တော့တာပဲ။ ပွဲက တဖြည်းဖြည်း လူသိများလာတော့ လာတဲ့လူတွေ များလာတယ်။ ကားတွေများလာတယ်။ ဈေးရောင်းပွဲကို လာသူတွေက သူတို့ကားတွေကို အိမ်နီးနားချင်းက အိမ်တွေရှေ့မှာ လမ်းပေါက်ပိတ် ရပ်တာတို့၊ အော်ကြီးဟစ်ကျယ် စကားပြောတာတို့၊ အမှိုက်ပစ်တာတို့ကို မဆင်မခြင် ကိုယ်ထင်သလို လုပ်ကြတော့ အိမ်နီးနားချင်းတွေက ပုလိပ်ကို ခေါ်တိုင်ပါလေရော။ ပုလိပ်ရောက်လာတဲ့အခါ ဘာလုပ်တာလဲလို့ မေးတယ်။ ပါတီလုပ်တယ်ပေါ့။ ကိုယ့်ခြံထဲမှာ ကိုယ်လုပ်တာ ဘာဖြစ်လဲ၊ ဘာတိုင်စရာလိုလဲလို့ ပြောတဲ့အခါ ပုလိပ်က အေး...လုပ်ပေါ့လို့ပဲ ပြောပြီး ပြန်သွားတယ်။ နောက်နေ့မနက်ကျတော့ မြို့နယ်ရုံးက တာဝန်ရှိသူ ရောက်လာပြီး မနေ့က ဘာလုပ်တာလဲလို့ မေးတဲ့အခါ အလှူငွေအတွက် ဈေးရောင်းပွဲလုပ်တာလို့ ဖြေလိုက်တယ်။ ဒီလိုလုပ်လို့ မရဘူး။ အသံဆူညံမှုဥပဒေ ရှိတယ်။ နောက်ပြီး ခွင့်ပြုချက်ယူရမယ်လို့ ပြောသွားတယ်။ မြို့နယ်ရုံးကို ခွင့်ပြုချက်သွားတောင်းတဲ့အခါ နောက်ကို ဘာသာရေးဆိုင်ရာဌာနအဖြစ် ခွင့်ပြုချက် မရသေးခင် လူ(၁၅)ယောက်ထက် ပိုပြီး လူစုလူဝေးမလုပ်ရဘူးလို့ ပြောလိုက်တယ်။ အဲဒီလို ပြဿနာတွေဖြစ်မှာစိုးလို့ ငါ့အနေနဲ့တော့ ကျောင်းဝိုင်းထဲမှာ မလုပ်စေချင်တာ ‘အိသက်’ရ။ ဖြစ်နိုင်ရင် အခြားနေရာမှာ လွတ်လွတ်လပ်လပ် လုပ်စေချင်တယ်။ နောက်ပြီး အိမ်သာကလဲ ကျောင်းမှာ နှစ်လုံးထဲရှိတာ။ လူများရင် အဆင်မပြေဘူး”

“အရှင်ဘုရား၊ မေရီလင်းကျောင်းက အရှင်ဘုရားကျောင်းအောက် ကျဉ်းပါတယ်ဘုရာ့။ သူတို့လဲ အိမ်သာ အများကြီး မရှိပါဘူး။ နိဗ္ဗာန်ဈေးလုပ်တာ အောင်မြင်နေတာပါပဲ”

“ကဲ ဒါလောက် စိတ်ထက်သန်နေလဲ စမ်းလုပ်ကြည့်ချင် ကျောင်းဝိုင်းထဲမှာပဲ လုပ်ပေါ့ကွာ။ ပြဿနာဖြစ်လာရင်လဲ နောက်မှ ကြည့်ရှင်းကြတာပေါ့”

“ဒီလိုဆို တပည့်တော်မတို့ ရက်သတ်မှတ်တော့မယ် ဘုရား။ ကလေးတွေ ကျောင်းပိတ်ရက်လဲဖြစ်၊ အခြားပွဲတွေနဲ့ မတိုက်တဲ့ရက်လဲ ဖြစ်အောင် တပည့်တော်တို့ ရက်ရွေးရမယ် အရှင်ဘုရား။ ဇွန်လ ၂၂-ရက်နေ့ဆို အဆင်ပြေမလား ဘုရား”

“အေး ... လုပ်လေ၊ အဆင်ပြေမှာပါ”

“အရှင်ဘုရား၊ တပည့်တော်တို့ ဖိတ်စာပို့ဖို့တော့ အချိန်မရတော့ဘူး ဘုရား။ E-mail နဲ့ပဲ နိဗ္ဗာန်ဈေးကို လာဖို့ ဖိတ်ရတော့မှာပဲ။ တဆင့်စကား တဆင့်နားနဲ့လဲ အဖိတ်ခိုင်းရတော့မှာပဲ”

“အေး … ကောင်းပါတယ်”

“အရှင်ဘုရား၊ လက်ကမ်းကြော်ငြာတော့ လုပ်ဦးမှပဲ ဘုရား”

“ဟေ .. လုပ်ဦးမှာလား၊ ဘယ်လိုလုပ်မလဲ ‘အိသက်’ရ”

“တပည့်တော်ဆီမှာ ကျောင်းတကျောင်းက ဖိတ်စာ နမူနာရှိတယ်ဘုရာ့။ အဲဒါကို နည်းယူပြီး လုပ်ရမှာပဲ”

“အေး … ကောင်းတယ်”

“အရှင်ဘုရား၊ ဖိတ်စာလုပ်တာ အင်္ဂလိပ်လိုကတော့ တပည့်တော်ရေးပြီးပြီဘုရား။ ဗမာလို တပည့်တော်ရိုက်ဖို့ အခက်အခဲတွေ့နေတယ်။ အရှင်ဘုရား ကူညီပါဦး”

“ဟေ … ကဲ .. ကဲ .. ငါ့ဆီပို့လိုက်၊ ငါရိုက်ပေးမယ်”

“အရှင်ဘုရား၊ ပွဲကနီးနေပြီ … နှေးနေလို့ မဖြစ်ဘူးနော်။ မြန်မြန်ရိုက်ပြီး တပည့်တော်ဆီ E-mail ပို့လိုက်ပါ”

“အရှင်ဘုရား၊ တပည့်တော်တို့ ကံစမ်းမဲလဲ ထည့်ရဦးမယ်ဘုရား။ အဲဒါ အရှင်ဘုရား ရင်းနှီးတဲ့ ဒကာ ဒကာမတွေဆီက အလှူခံပေးပါဦး”

“ဟေ .. ဒီလိုလား၊ ဘာတွေဝယ်မှာလဲ”

“အနည်းဆုံး တီဗွီတလုံးလောက်တော့လဲ ပါမှ ဖြစ်မှာဘုရာ့။ တခြားကျောင်းတွေမှာဆို ကားတွေ ဘာတွေတောင် ပါတာဘုရာ့။ အဲဒီလောက် မတတ်နိုင်တောင် ကင်မရာတို့ အိုင်ပေါ့တို့ ပါရမှာပေါ့ဘုရာ့”

“ကဲ .. ဒီလိုဆို ငါက GPS တခု လှူပါ့မယ်ကွာ။ ကျန်တာတော့ ဒီလိုပဲ တတ်နိုင်မယ့်လူကို အလှူခံကြည့်တာပေါ့”

“အရှင်ဘုရား၊ ဒေါက်တာကြည်စိုး-ဒေါက်တာမော်လီတို့က ဒေါ်လာ ငါးရာ လှူတယ်ဘုရာ့။ နောက်ပြီး မလော်ရင်းက ပြောတယ် .. ဒေါက်တာနိုင်သူလင်းကလဲ ငါးရာ လှူတယ်လို့။ ဒါကြောင့် တပည့်တော်တို့ ဆုပစ္စည်းအတွက် စီစဉ်လို့ ရပြီ။ အရှင်ဘုရား၊ ဈေးရောင်းမယ့်လူတွေ ရှာပါဦးဘုရား။ ဘုရားပွဲတုန်းက စတုဒိသာ ကျွေးတဲ့ ဒကာ ဒကာမတွေ အရှင်ဘုရား သိရင် မေးကြည့်ပေးပါဦး”

“ဟေ … ငါလဲ သူတို့ကို အကုန်လုံး မသိဘူးဟ။ ဦးစောဝင်းတော့ သိလိမ့်မယ် ထင်တယ်”

“မှန်ပါ။ သူ့ဖုန်းနံပါတ်ကော သိလားဘုရား”

“အေး … ဒီနံပါတ်တွေ ဆက်ကြည့်ကွာ”

“အရှင်ဘုရား၊ တဲထိုးဖို့ ကိစ္စအတွက် တပည့်တော်အမျိုးတွေကို ခေါ်ထားတယ်ဘုရာ့။ အရှင်ဘုရားလဲ တခြားကူညီမယ့်လူတွေကို ခေါ်ပေးပါဦး”

“အေး .. ကိုစောကြင်၊ ကိုသန်းဝင်း၊ ကိုကျော်သူမြတ်၊ ထွန်းထွန်း၊ ဇော်လေး၊ အောင်ကျော် စတဲ့သူတွေကို ခေါ်လိုက်မယ်လေ။ ဖိုးသားတော့ လက်နာနေတယ် ပြောတယ်။ အဆင်ပြေမှာပါ”

“အရှင်ဘုရား၊ အိမ်သာ နှစ်လုံးလောက်တော့ ငှားရဦးမယ် ထင်တယ် ဘုရား”

“ဟေ .. ဒါလဲ ငါစီစဉ်လိုက်ပါမယ်ကွာ”

“အရှင်ဘုရား၊ Car Parking အတွက် ဟိုဘက်ကျောင်းကို ခွင့်တောင်းရဦးမယ် ထင်တယ်”

“ဟေ .. အဲဒါမှ ဒုက္ခပဲ။ ခါတိုင်း ဒီအလုပ်ကို ‘မတိုး’က လုပ်ပေးတာဟ။ ခု ‘မတိုး’ကလဲ နေမကောင်းဖြစ်နေလို့ လုပ်နိုင်မှာ မဟုတ်ဘူး။ ‘အိသက်’ပဲ လုပ်လိုက်ဟာ”

“မှန်ပါ .. တပည့်တော် ‘မတိုး’ကို မေးပြီး လုပ်လိုက်ပါမယ်ဘုရား”

“အရှင်ဘုရား … အစားအသောက်စာရင်းရေးတာ ဗမာလို မရေးတတ်လို့ ရေးပေးပါဦးဘုရား”

“အေး … အေး … စာရင်းပို့လိုက်၊ လုပ်ပေးရမှာပေါ့”

“အစားအသောက်ရောင်းမယ့် လူစာရင်းမှာ နာမည်တွေမှားနေလို့ ပြင်ပေးပါဦးဘုရား”

“ဟေ … ဘာတွေမှားနေလဲ။ ပို့လိုက် ပို့လိုက် ပြင်ပေးရတာပေါ့”

“အရှင်ဘုရား၊ တချို့ ဈေးရောင်းမယ့်သူတွေက မလုပ်ဖြစ်လို့ ဖျက်ပြီး စာရင်းအသစ်ရေးပို့ပေးပါဦးဘုရား”

“ဟေ … နင်တို့ဥစ္စာ မောလိုက်တာဟာ၊ ပြီးပဲ မပြီးနိုင်ဘူး။ ဒါလောက် ပင်ပင်ပန်းပန်းလုပ်ပြီး စားတဲ့လူ မလာရင်တော့ မောရကျိုးနပ်ပါ့မလား”

“အရှင်ဘုရား … မပူပါနဲ့။ တပည့်တော်မရဲ့ အမျိုးတွေ ရှိပါတယ်ဘုရား။ နောက်ဆုံး လာဝယ်စားမယ့် လူမရှိလဲ ရောင်းတဲ့လူအချင်းချင်း ဝယ်စားတာပေါ့ဘုရား”

“အရှင်ဘုရား .. နိဗ္ဗာန်ဈေးအတွက် အားလုံးစီစဉ်ပြီးသလောက် ဖြစ်နေပြီဘုရာ့။ ဒါပေမယ့် အဲဒီနေ့မှာ မိုးရွာမယ်လို့ တီဗွီက ကြေညာနေတယ်”

“ဟေ .. ဒီလိုဆို ရက်ရွှေ့ဖို့ စဉ်းစားကြဦးမှပဲ”

“အရှင်ဘုရား၊ ရက်ရွှေ့လို့တော့ မဖြစ်တော့ဘူးဘုရား။ အရှင်ဘုရားပဲ မိုးကို တားပေတော့”

“အေး .. ဒီမှာ ပွဲလုပ်သမျှရက်တွေမှာတော့ ရာသီဥတုကောင်းတာ များပါတယ်။ ဒီတခါလဲ မိုးတွေ လွင့်သွားအောင် ပွဲလာတဲ့ လူတွေကို မိုးပေါ်မော့ပြီး ပါးစပ်နဲ့ လေမှုတ်ခိုင်းလိုက်မယ်။ မပူနဲ့ မိုးမရွာစေရဘူး”

“အရှင်ဘုရား၊ တယ်ဟုတ်ပါလားဘုရာ့။ ဒီနေ့ ဒီနေရာမှာ မိုးမရွာဘူးဘုရာ့။ ဘုရားတန်ခိုးလို့ ပြောရမှာပဲ။ လူတွေလဲ မထင်မှတ်လောက်အောင် ရောက်လာကြတယ်။ အလှူငွေလဲ ဒေါ်လာ ရှစ်ထောင်နီးပါးလောက် ရတယ်။ အရင်းရော အမြတ်ပါ လှူကြပါတယ်။ ပထမအကြိမ် စပြီးလုပ်တဲ့ပွဲမှာ ဒါလောက်ရတာ မဆိုးပါဘူး ဘုရား။ ဒါတောင် တပည့်တော်တို့ အချိန်တိုလေးအတွင်းမှာ ကမန်းကတန်း စီစဉ်ဆောင်ရွက်ရတာ ဖိတ်စာပို့ဖို့ အချိန်မရတော့လို့ လူတွေအားလုံးကို အသိမပေးနိုင်လိုက်ဘူး ဘုရာ့။ စီစဉ်ဆောင်ရွက်သူ၊ ရောင်းတဲ့သူ၊ လုပ်အားပေးသူ၊ နိဗ္ဗာန်ဈေးကို လာပြီး စားသောက်ကြတဲ့လူတွေပါ ပျော်ကြတယ်ဘုရား။ ပွဲပြီးပြီးချင်းပဲ နောက်တပွဲ ထပ်လုပ်ဖို့ ပြောနေကြတယ် ဘုရာ့။ နောက်ပွဲလုပ်ရင်တော့ အချိန်ယူပြီး လူတွေကို ပြောရမယ်။ ပိုပြီး စနစ်ကျအောင် စီစဉ်ရမယ်”

“ဟေ .. နောက်တပွဲ လုပ်ချင်ကြသေးတယ်။ ပွဲလုပ်ရတာ ပင်ပန်းတယ်ဟ”

“အရှင်ဘုရား၊ ပျော်လဲပျော်ရ .. ကုသိုလ်လဲရမို့ ပင်ပန်းရကျိုးနပ်ပါတယ်ဘုရာ့။ တပည့်တော် ညီမ ‘စုသက်’ကတောင် သူ့အမေကို ပြောသေးတယ်။ ငွေလေး တရာ့ငါးဆယ် နှစ်ရာလောက် ရမှာ ဒါလောက် အပင်ပန်းခံ လုပ်မနေပါနဲ့ … အဲဒီငွေကို သူလှူပါ့မယ် ပြောလို့။ ဟဲ့ … ဒီလောက်ငွေကြောင့် လုပ်နေတာ မဟုတ်ဘူး။ ပျော်လဲပျော်ရ ကုသိုလ်လဲရလို့ တို့လုပ်တာလို့ ပြန်ပြောရတယ်”

“အေး … အဲဒီ ကုသိုလ်မျိုးကို မဟာကုသိုလ်စိတ် ရှစ်မျိုးထဲက ပထမ မဟာကုသိုလ်စိတ် (သောမနဿ သဟဂတ ဉာနသမ္ပယုတ္တ အသင်္ခါရိက စိတ္တ)လို့ ခေါ်သကွ။ ဘာကြောင့်လဲဆိုတော့ ဘယ်သူမှ မတိုက်တွန်းရဘဲ ကိုယ့်စိတ်နဲ့ကိုယ် ကုသိုလ်ရမယ်ဆိုတဲ့ အသိစိတ်နဲ့ ဈေးရောင်းပွဲ စီစဉ်ကြ၊ ရောင်းကြ၊ လုပ်အားပေးကြ၊ အလှူငွေထည့်ကြ၊ အစားအသောက်ဝယ်ယူပြီး အလှူပေးကြ ဆိုတဲ့ ကောင်းတဲ့အလုပ် (ကုသိုလ်)ကို လုပ်ပြီးတဲ့နောက် ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြရတယ် မဟုတ်လား။ အဲဒီစိတ်က နိဗ္ဗာန်ရဖို့ အထောက်အကူဖြစ်စေတဲ့ မြင့်မြတ်တဲ့အကျိုးကို ပေးမှာမို့ ဆက်ပြီး ကုသိုလ်စိတ်ဖြစ်အောင် ကြိုးစားကြပေါ့ကွာ”

“မှန်ပါဘုရား။ တပည့်တော်တို့ ကြိုးစားပါမယ်။ သာဓု .. သာဓု … သာဓု”

+ + + + + + + + + + + + + + + + + + + + + + + + +

၂၀၀၈-ခု ဇွန်လ (၂၂)ရက် တနင်္ဂနွေနေ့တွင် ကျင်းပသည့်

ပထမအကြိမ်မြောက် လောကချမ်းသာစေတီတော် ရန်ပုံငွေအတွက် ဈေးရောင်းပွဲတွင်

ရောင်းချ လှူဒါန်းသည့် အလှူငွေစာရင်း

ဒေါ်ခင်မေပြုံးနှင့် စုသက်

ရွှေရင်အေး

ဒေါ်လာ ၂၈၄

ကိုချို၊ ကိုဌေးကျော်၊ မယုဇန

အကြော်စုံ-အသုတ်စုံ

ဒေါ်လာ ၃၅၀

အေဘီဘီအေ

မုန့်ဟင်းခါး-ငါးပိကြော်

ဒေါ်လာ ၆၄၅

ကိုသက်ဝင်း-မမိုးစံအောင်

ရေနှင့်အချိုရည်

ဒေါ်လာ ၂၉၃

မတင်တင်

မြန်မာလက်ဖက်ရည်

ဒေါ်လာ ၈၄

မဒင်ပယ်လ်

ဆီချက်ခေါက်ဆွဲ

ဒေါ်လာ ၁၈၂

ကိုထွန်းတင်-မညိုညိုကြည်

ဒန်ပေါက်ထမင်း

ဒေါ်လာ ၄၄၁

မမေခင်

ရေခဲသုတ်

ဒေါ်လာ ၆၇

မဖြူဖြူမြင့်

ရှမ်းတို့ဖူးသုတ်

ဒေါ်လာ ၁၈၀

၁၀

ဒေါ်မွှေး-ခင်လေးမြင့်

ဗယာကြော်-ဆမူဆာသုတ်

ဒေါ်လာ ၂၂၀

၁၁

ကိုထွန်းမင်း

ပဲပြုတ်

ဒေါ်လာ ၄၈

၁၂

မဂရေ့စ်

ဝက်သားကောက်ညှင်းထုပ်

ဒေါ်လာ ၁၁၅

၁၃

မိုးကြိုးစာနာထောက်ပံ့ရေးအဖွဲ့

ရှမ်းခေါက်ဆွဲ

ဒေါ်လာ ၃၈၇

၁၄

မကြူကြူခင်ရှိန်

ခေါက်ဆွဲသုတ်

ဒေါ်လာ ၂၀၉

၁၅

ဒေါ်မေရင်း

မုန်ညှင်းချဉ်

ဒေါ်လာ ၁၅၀

၁၆

ဒေါ်ဌေးဌေးအောင်

ပုစွန်ခွက်ကြော်၊ အုန်းနို့ခေါက်ဆွဲ

ဒေါ်လာ ၃၅၀

၁၇

မီးရှယ်လ်

ပုတီး

ဒေါ်လာ ၄၇

၁၈

ဦးစိုးဝင်း-ဒေါ်ကျင်ဆွေ

မုန့်ကြာစိ

ဒေါ်လာ ၆၀

၁၉

စတီဗင်ချို

ဝက်သားတုတ်ထိုး၊ ကြာဆံ

ဒေါ်လာ ၁၃၇

၂၀

ဒေါ်ခင်ဝင်းကြည်

ဇီးယို၊ မုန်လာချဉ်

ဒေါ်လာ ၂၄၅

၂၁

ဇင်မေထွန်း

ဖယောင်းတိုင်

ဒေါ်လာ ၂၆၉

၂၂

ဒေါ်စီစီချို

ထမနဲ

ဒေါ်လာ ၁၈၉

၂၃

ဆဘရီနာမေ

ပုတီးကြိုး

ဒေါ်လာ ၁၈




ပထမအကြိမ်မြောက် လောကချမ်းသာစေတီတော် ရန်ပုံငွေ ဈေးရောင်းပွဲမြင်ကွင်း













































No comments: