၂၀၁၂ ခုနှစ် ဇွန်လ ၁၆ ရက် စနေနေ့တွင် လောကချမ်းသာဆရာတော်က ဝိသုဒ္ဓိ ၇-ပါးအနက် နောက်ဆုံးဖြစ်သော ဉာဏဒဿနဝိသုဒ္ဓိအကြောင်း အကျဉ်း ဟောကြား၏။

+++++
ဓမ္မပဒသင်တန်းဝယ် ဆရာတော် အရှင်စက္ကိန္ဒက ဓမ္မပဒဂါထာ အမှတ် ၂၁-၂၃ သာမာဝတီဝတ္ထုအကြောင်း ဟောကြား သင်ပြ၏။


+++++
မွန်းလွဲ ၄ နာရီခွဲတွင် ဆရာတော် အရှင်ဝဏ္ဏိတက အဘိဓမ္မာသင်တန်း ဝီထိပိုင်းကို ဆက်လက် သင်ကြား ပို့ချပေး၏။


+++++
ညနေ ၆ နာရီ လောကချမ်းသာဆည်းဆာတရားပွဲ၌ ဆရာတော် အရှင်ဝိမလက မဟာဝဂ္ဂသံယုတ်ပါဠိတော်၊ ၁.မဂ္ဂသံယုတ်၊ ၁.အဝိဇ္ဇာဝဂ်၊ ၅.ကိမတ္ထိယသုတ်ကို “ဘာကြောင့်လာတာလဲ”ဟု တရားခေါင်းစဉ်ပေး၍ ဓမ္မဒါနပြု ဟောကြား၏။

+++++
ကိမတ္ထိယသုတ်
သာဝတ္ထိနိဒါန်း။
ထိုအခါ များစွာသော ရဟန်းတို့သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ကုန်၍ တခုသော နေရာ၌ ထိုင်နေကြပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်ကြကုန်၏။
အသျှင်ဘုရား၊ အယူတပါးရှိကုန်သော ပရိဗိုဇ်တို့သည် အကျွန်ုပ်တို့အား “ငါ့သျှင်တို့၊ အဘယ်အကျိုးကို လို၍ ရဟန်းဂေါတမ၏ထံ၌ မြတ်သောအကျင့်ကို ကျင့်သုံးဘိသနည်း”ဟု မေးကုန်၏။
အသျှင်ဘုရား၊ ဤသို့ အမေးခံရသော အကျွန်ုပ်တို့သည် အယူတပါးရှိကုန်သော ပရိဗိုဇ်တို့အား “ငါ့သျှင်တို့၊ ဆင်းရဲကို ပိုင်းခြား၍ သိခြင်းငှါ မြတ်စွာဘုရား၏အထံ၌ မြတ်သောအကျင့်ကို ကျင့်သုံး၏”ဟု ဤသို့ ဖြေကြားပါကုန်၏။
အသျှင်ဘုရား အသို့ပါနည်း။ ဤသို့ အမေးခံရ၍ ဤသို့ ဖြေခဲ့ကုန်သော အကျွန်ုပ်တို့သည် မြတ်စွာဘုရား ဟောတော်မူတိုင်း ဖြေခဲ့ကြသူများ ဟုတ်ပါ၏လော၊ မြတ်စွာဘုရားကို မဟုတ်မမှန်သော စကားဖြင့် စွပ်စွဲရာ မရောက်ဘဲ ရှိပါကုန်၏လော၊ တရားတော်အား လျော်သည်ကို ဖြေဆိုခဲ့ကြသူများ ဖြစ်ပါကုန်၏လော၊ အကျွန်ုပ်တို့၏ ဝါဒ အနုဝါဒသည် အကြောင်းနှင့်တကွ ဖြစ်၍ အကဲ့ရဲ့ခံရခြင်းသို့ အနည်းငယ်မျှ မရောက်ဘဲ ရှိပါ၏လောဟု လျှောက်ကြကုန်၏။
ရဟန်းတို့၊ ဤသို့ အမေးခံရ၍ ဤသို့ ဖြေဆိုခဲ့ကုန်သော သင်တို့သည် စင်စစ် ငါဘုရားဟောကြားတော်မူတိုင်း ဖြေဆိုသူများ ဖြစ်ကုန်၏။ ငါဘုရားကိုလည်း မဟုတ်မမှန်သော စကားဖြင့် စွပ်စွဲရာ မရောက်ကုန်။ တရားတော်အား လျော်သည်ကိုသာ ဖြေဆိုသူများ ဖြစ်ကြကုန်၏။ သင်တို့၏ဝါဒ အနုဝါဒသည် အကြောင်းနှင့်တကွ ဖြစ်၍ အကဲ့ရဲ့ခံရခြင်းသို့ အနည်းငယ်မျှ မရောက်ပေ။
မှန်၏။ ဒုက္ခကို ပိုင်းခြား၍ သိခြင်းငှါ ငါ့ထံ၌ မြတ်သောအကျင့်ကို ကျင့်သုံး၏။
ရဟန်းတို့၊ အကယ်၍ အယူတပါးရှိကုန်သော ပရိဗိုဇ်တို့သည် “ငါ့သျှင်တို့ ဤဆင်းရဲ‘ဒုက္ခ’ကို ပိုင်းခြား၍ သိခြင်းငှါ လမ်းစဉ်ရှိပါသလော၊ အကျင့်ရှိပါသလော”ဟု သင်တို့ကို ဤကဲ့သို့ မေးမြန်းကုန်ငြားအံ့။
ရဟန်းတို့၊ ဤသို့ အမေးခံရသော သင်တို့သည် အယူတပါးရှိကုန်သော ပရိဗိုဇ်တို့အား “ငါ့သျှင်တို့ ဤဆင်းရဲ‘ဒုက္ခ’ကို ပိုင်းခြား၍ သိခြင်းငှါ လမ်းစဉ်သည် ရှိ၏၊ အကျင့်သည် ရှိ၏”ဟု ဤသို့ ဖြေဆိုကြကုန်လော့။
ရဟန်းတို့၊ ဤဆင်းရဲ‘ဒုက္ခ’ကို ပိုင်းခြား၍ သိခြင်းငှါ လမ်းစဉ်သည် အဘယ်နည်း၊ အကျင့်သည် အဘယ်နည်း။
အင်္ဂါရှစ်ပါးရှိသော ဤ အရိယမဂ်ပင်တည်း။
ဤသည်တို့ကား အဘယ်တို့နည်း။
မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ’
မှန်ကန်သောအကြံ ‘သမ္မာသင်္ကပ္ပ’
မှန်ကန်သောစကား ‘သမ္မာဝါစာ’
မှန်ကန်သောအလုပ် ‘သမ္မာကမ္မန္တ’
မှန်ကန်သောအသက်မွေးမှု ‘သမ္မာအာဇီဝ’
မှန်ကန်သောအားထုတ်မှု ‘သမ္မာဝါယာမ’
မှန်ကန်သောအောက်မေ့မှု ‘သမ္မာသတိ’
မှန်ကန်သောတည်ကြည်မှု ‘သမ္မာသမာဓိ’တို့တည်း။
ရဟန်းတို့၊ ဤသည်ကား ဤဆင်းရဲ‘ဒုက္ခ’ကို ပိုင်းခြား၍ သိခြင်းငှါ လမ်းစဉ်တည်း၊ အကျင့်တည်း။
ရဟန်းတို့၊ ဤသို့ အမေးခံရသော သင်တို့သည် အယူတပါးရှိကုန်သော ပရိဗိုဇ်တို့အား ဤအတိုင်း ဖြေဆိုကြကုန်လော့ဟု (မိန့်တော်မူ၏)။
++++
တရားပွဲပြီးသော် ကောင်းမှုကုသိုလ်တို့ကို အမျှပေးဝေကြကုန်၏။
သာဓု ... သာဓု ... သာဓု။