Wednesday, September 30, 2009

ကိုးကွယ်တည်ထား ရုပ်ပွားစေတီ - အရှင်ပညာသီဟ


တည်ဆောက်မည့် အစီအစဉ်ရှိသည်ဟု သိရသလို တည်ဆောက်တော့မည်ဖြစ်ကြောင်း ကြေညာချက်ကိုလည်း ရရှိခဲ့သည်။
ဆင်းတုတော် စတင်တည်ဆောက်နေပြီဖြစ်ကြောင်း သတင်းရသည့်အခါ သွားရောက်လေ့လာရန် ဆန္ဒ္ဒရှိခဲ့သည်။ သွားကြည့်မည် … သွားကြည့်မည်ဟု စိတ်က ရည်ရွယ်ခဲ့သော်လည်း ဆင်းတုတော် တည်ဆောက်နေဆဲကာလတွင် မရောက်ဖြစ်ခဲ့၍ ဘယ်သူတည်ဆောက်နေပြီး ဘယ်လိုတည်ဆောက်သည်ကို မသိခဲ့။

ဆင်းတုတော်ဖွင့်ပွဲဖိတ်စာ ရောက်လာမှ အော် .. ပြီးပြီပဲ၊ မသွားလို့ မဖြစ်၊ သွားဖြစ်အောင် သွားရမည်ဟု ဆုံးဖြတ်ကာ ဦးသောဘန၊ ကားမောင်းပို့သူ ကေဗင်တို့နှင့်အတူ စက်တင်ဘာလ ၂၆ ရက်နေ့က ဆင်းတုတော်ဖွင့်ပွဲသို့ သွားရောက်ခဲ့သည်။
ကျောင်းမှ ၃၅ မိနစ်ခန့် ကားမောင်းပြီးနောက် ဆင်းတုတော်တည်ရှိရာ ၁၀-ဧကခန့် ကျယ်ဝန်းသော ကျောင်းဝင်းအဝင်ဝသို့ ရောက်ရှိသည်။

ကျောင်းဝင်းအတွင်း၌ သာသနာ့အလံများဖြင့် ဝေဝေဆာဆာ တန်ဆာဆင်ထားသည်ကို တွေ့ရသည်။
မြေလမ်း ခပ်ကြမ်းကြမ်းကို သတိထား မောင်းစဉ် မျက်လွှာပင့်ကြည့်လိုက်သည့်အခါ ဖြူဖြူဖွေးဖွေး ပိတ်ကားကြီး၏နောက်က ဆင်းတုတော်ကြီးကို လှမ်းမြင်လိုက်ရာ အံ့ဩစိတ် ကြည်ညိုစိတ်များ ဘွားကနဲ ပေါ်မိသည်။





ကားကို သင့်တော်ရာ နေရာတွင် ရပ်ပြီး သံဃာအများ စုဝေးရာသို့ သွားရောက်ကာ ကျောင်းထိုင်ဆရာတော်ကို နှုတ်ဆက်သည်။
ထိုနောက် ချထားပေးသည့်နေရာတွင် သွားရောက် ထိုင်ပြီး အခမ်းအနား အပြင်အဆင်ကို ကြည့်ရှု အကဲခတ်မိသည်။
ဆင်းတုတော်ရှေ့က ပိတ်ကားကြီးမှာ ဖွင့်ပွဲအတွက် တပ်ဆင်ထားခြင်း ဖြစ်သည်။
စက်ခလုတ်ဖြင့် ပိတ်ကားကို ရုပ်သိမ်း၍ ဆင်းတုတော်ကြီးကို ဖွင့်မည် ဖြစ်သည်။
ရာသီဥတုမှာ အေးမြပြီး လေပြေလေညှင်း ခပ်တင်းတင်းလေး တိုက်ခတ်နေသဖြင့် ဆင်းတုတော်ရှေ့က ပိတ်ကားကြီးမှာ လှေတွင် တပ်ဆင်ထားသည့် ရွက်သဖွယ် လွင့်နေသည်။

ဆင်းတုတော်ကြီးသည် ၂၅ ပေ မြင့်၍ ကြာရွက်ပုံ ပလ္လင်ပေါ်တွင် သီတင်းသုံးနေသည်။
ကြာရှိလျှင် ရေရှိရမည် ဖြစ်၍ ကြာပလ္လင်အောက်ခြေပတ်လည်တွင် ရေကန်လေး ဖန်တီး တည်ဆောက်ထားသည်။
ရေကန်၏ အောက်မျက်နှာပြင်ကို အပြာရောင်ဆေးသုတ်ထားသဖြင့် ဆင်းတုတော်၊ ကြာပလ္လင်နှင့် ရေကန်တို့မှာ သဘာဝကျကျ အလွန်ပင် လှပ ကျက်သရေ ရှိလှသည်။

ဖွင့်ပွဲ အခမ်းအနားတွင် သီရိလင်္ကာကလေးများက ရေကန်အတွင်းသို့ ကြာပန်းများ မျှော၍ ပူဇော်ရန် အစီအစဉ် ရှိဟန် တူသော်လည်း အခြားအစီအစဉ်များ များပြားနေသဖြင့် စနစ်တကျ မလုပ်ဖြစ်သည်ကို တွေ့ရသည်။
အခမ်းအနားကို သီရိလင်္ကာ အမျိုးသမီး ဘင်ခရာအဖွဲ့က စတင် တီးမှုတ် ဖွင့်လှစ်သည်။
ထို့နောက် သာသနာ့အလံ တင်ခြင်း၊ အမေရိကန်အလံ တင်ခြင်း၊ သီရိလင်္ကာနိုင်ငံအလံ တင်ခြင်းများကို နိုင်ငံတော်သီချင်းများ ဖွင့်၍ ပြုလုပ်သည်။
သာသနာ့အလံ လွှင့်တင်စဉ် ဘာအသံမှ မကြားရ။
ထို့ကြောင့် …သာသနာ့အလံ လွှင့်တင်တဲ့အခါ သံဃာတော်များက အလံတိုင်ရှေ့တွင် ရပ်ပြီး ‘ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု၊ ဇယန္တေတော ဗောဓိယာ မူလေ’ .. စသည့် ဂါထာများ ရွတ်လျှင် ကောင်းပေမည် … ဟု ခံစားမိသည်။

ထိုနောက် နယူးဂျာစီပြည်နယ် အုပ်ချုပ်ရေးမှူး၏ ကိုယ်စားလှယ်က စက်ခလုတ်နှိပ်၍ ပိတ်ကားကို ရုပ်ကာ ဆင်းတုတော်ကြီးကို ဖွင့်ပေးသည်။
သံဃာတော်များက ဆီမီး ညှိထွန်း၍ ဘုရားရှင်ကို ပူဇော်သည်။
ဒကာ ဒကာများက ပန်းအိုးများ သယ်ယူ၍ ကပ်လှူ ပူဇော်ကြသည်။
ဘုရားရှေ့တွင် ဆီမီးပူဇော်ရန် မှန်အိမ်ကလေး နှစ်ခု ဆောက်လုပ်ထားသည်ကု တွေ့ရသဖြင့် ဒီအစီအမံလည်း ကောင်း၏၊ နည်းယူသင့်၏ဟု မှတ်ချက်ချမိသည်။

မီးအိမ်များ၏ လက်ရာမှာ သိပ်သပ်ယပ်မှု မရှိလှ။
အပြီးမသပ်သေး၍ ဖြစ်မည် ထင်သည်။
ဘုန်းကြီးများ ကိုယ်တိုင် လုပ်ထားသည်ဟုလည်း ခန့်မှန်းမိသည်။
တခါက နယူးဂျာစီကျောင်းထပ်ခိုးကလေး၏ မျက်နှာကြက်ကို ဘိလပ်မြေပြားများ ကပ်ရာ အခန်းမှာ ကျဉ်းလွန်းသဖြင့် ခက်ခက်ခဲခဲ လုပ်ရသည်။
အတူ သီတင်းသုံးနေသော အရှင်ဣန္ဒာစာရနှင့်အတူ စကားတပြောပြောဖြင့် လုပ်ကြရာ တချို့နေရာတွင် စရွေးမကိုက် အစပ်အဟပ် မညီမညာ ဖြစ်သည်ကို စာရေးသူက စိတ်တိုင်းမကျ ဖြစ်နေရာ ဦးဣန္ဒာစာရက ..လုပ်ဖူးကြတာမှ မဟုတ်ဘဲ၊ အတွေ့အကြုံမရှိတဲ့ ဘုန်းကြီးလုပ်တာ တစ်ထွာတစ်ညိုတော့လဲ လွဲမှာ ကွာမှာပေါ့၊ လက်သမားတွေလိုတော့ ဘယ်သပ်သပ်ရပ်ရပ် ဖြစ်မလဲ ..ဟု ပြောရာ .. အင်း၊ ဒါလဲ ဟုတ်တာပဲ .. ဟု သဘောပေါက်ကာ ပြုံးမိသည်။

စာရေးသူလည်း လက်သမားအလုပ် မလုပ်ခဲ့ဖူးပါ။
အမေရိကားရောက်လာသောအခါ နယူးဂျာစီကျောင်းအသစ်က မြင်းဇောင်းအဟောင်းကြီးကို ဆရာတော်ဦးဣန္ဒက၊ ဦးအဘယာလင်္ကာရတို့နှင့် ဖျက်ထုတ် သန့်ရှင်းရာက စပြီး ဟိုလုပ်ဒီလုပ် လုပ်ရင်း လွှ၊ ဆောက် စသည်တို့ကို ကိုင်ဖြစ်သည်။
ကိုယ်နေတဲ့နေရာကို သပ်ရပ်သန့်ရှင်းအောင် ဖြစ်စေချင်၍ အမြင်မတော်တာ လိုအပ်တာတွေ့တိုင်း စိတ်ထဲ ရှိသလို တစ်ခုခုတော့ လုပ်မိသည်။
ထို့ကြောင့် ဒကာမတစ်ယောက်က ဘာစိတ်ကူးပေါက်သည် မသိ။
.. ဘုန်းဘုန်း၊ လက်သမားအတတ်ကို ဘယ်တုန်းက တတ်ခဲ့တာလဲ ..လို့ မေးတယ်။
ရီစရာ မောစရာအနေနဲ့ .. အေး၊ ဗမာပြည်နေခဲ့တုန်းကလဲ ကိုယ်ပိုင်ကျောင်း မရှိလို့ ဘာမှ လုပ်စရာ မလိုတော့ ဘာမှ မလုပ်တတ်ခဲ့ဘူး။ အင်္ဂလန်နေတုန်းကလဲ မလုပ်ဖြစ်ခဲ့တော့ ဘာမှ မလုတ်တတ်ဘူး။ အဲ၊ အမေရိကားရောက်ပြီး ကျောင်းစုတ်နဲ့ နေရတော့မှ လုပ်တတ်ကိုင်တတ် ဖြစ်လာတာပေါ့ ဟာ… ဟု ပြောမိသည်။

ဘုန်းကြီးလုပ်တာ တစ်ထွာ တစ်ညိုတော့လဲ အပိုအလို ရှိမှာပေါ့ .. ဆိုတဲ့ စကား တရားသေ မှတ်လို့ မရသည်ကို ယခု ဆောင်းပါးနှင့်အတူ ပူးတွဲပါ ဓာတ်ပုံထဲက ဗုဒ္ဓရုပ်ပွား ဆင်းတုတော်ကြီးက သက်သေပြနေပါသည်။
ထိုဆင်းတုတော်ကြီးကို သီရိလင်္ကာရဟန်းတော်များကိုယ်တိုင် တည်ဆောက်ပါသည်။
ရဟန်းတော်များ တည်ဆောက်သော ဗုဒ္ဓရုပ်ပွားတော်မှာ အပိုအလို မရှိ၊ ရင်သပ် ရှုမော အံ့ဩဖွယ်ရာ သပ္ပာယ်လှပါဘိ။

ရုပ်ပွားတော်၏ ဦးခေါင်းကို ကြည့်ပါ။
ရှေးခေတ် မြန်မာအမျိုးသမီးများ၏ ဆံပင်အလှဆင်မှုတွင် တစ်ခုအပါအဝင်ဖြစ်သည့် ဘီးစပတ်ပုံ မောက်မောက်ခုံးခုံး လုံးလုံးကြီး ဖြစ်မနေပါ။
ဘုရားရှင် တောထွက်ပြီး ရဟန်းအသွင် စတင်ယူစဉ်က ဆံပင်ကို ရိတ်ဖြတ်သည့်အခါ လက်ဝဲလက်ဖြင့် ဆံပင်ကို စုကိုင်၍ နန်းတွင်းသုံး ဓားကို အသုံးပြုကာ လက်ယာလက်ဖြင့် တိုနိုင်သမျှ တိုအောင် ဆံပင်ကို ရိတ်ဖြတ်ခဲ့သည်။
သို့သော် ယခုခေတ် ဆံပင်ရိတ်ဓားဖြင့် ရိတ်သကဲ့သို့ မပြောင်ဘဲ ဆံပင်ငုတ်တိုများ ကျန်ခဲ့သည်။ ထိုကျန်ခဲ့သော ဆံပင်များမှာ ဘုရားရှင်၏ ဦးခေါင်းတော်ပေါ်တွင် လက်ယာရစ်ခွေ စုပုံ တည်ရှိခဲ့သည်။
ဘုန်းကံတော်ကြောင့် ဆံပင်မှာ တစ်သက်လုံး ထပ်၍ ရှည်ထွက်မလာတော့ဘဲ ထိုအတိုင်းပင် ဆက်လက် တည်ရှိနေခဲ့သည်။

နားရွက်တော်ကို ကြည့်ပြန်တော့ အတော်အတန် ရှည်ချင်ရှည်မည် ဖြစ်သော်လည်း လည်ဂုတ်ထောက် (သို့မဟုတ်) လည်ဂုတ်အထိရောက်အောင် ရှည်လျားမနေပါ။
ဘုရားရှင်၏ လက္ခဏာတော် ကြီးငယ်တို့တွင် နားရွက် ဒီလောက်ရှည်သည် ကြီးသည်ဟု မတွေ့မိပါ။
သို့သော် မြန်မာ့ဟန် ဗုဒ္ဓရုပ်ပွားတော်များတွင် နားရွက်တော်သည် ဂုတ်အထိ ကျရောက်နေသည်က များပါသည်။
ရှေးယခင်က ထုလုပ်ခဲ့သော ရုပ်ပွားဆင်းတုတော်များတွင် နားရွက် မရှည်ပါ။ သာမန်နားရွက်လောက်ပင် ဖြစ်သည်ကို တွေ့ရပါသည်။

ရှေးရုပ်ပွားတော်များကို ကြည့်ပါက နားရွက်နှင့် ဂုတ်အကြား အဖုအလုံးတစ်ခုခု ရှိနေသည်ကို တွေ့ရပါမည်။
ထိုအဖုအလုံးကို ထည့်သွင်း ထုလုပ်ရခြင်းမှာ နားရွက်ကျိုးမသွားစေရန် ထောက်ခံထားခြင်းမျှသာ ဖြစ်ဟန် ရှိပါသည်။
နောက်ပိုင်း ဘုရားဆင်းတု ထုလုပ်သူ ပန်းပုပညာရှင်များက ထိုအဖုအလုံးကို နားရွက်မှ အသားတော်ပဲဟု ထင်ကာ ချောအောင် လုပ်လိုက်သောအခါ နားရွက်တော်မှာ ဂုတ်အထိထောက်အောင် ရှည်လျားသွားတော့သည်။
အမှန်မှာ သာမန်ထက် ထူး၍ ဤမျှလောက် ရှည်စရာ မလိုပါ။
သို့သော် အမှားကြာလျှင် အမှန်ထင်တတ်သည့် သဘာဝတရားအရ နားရွက်တော် တိုလျှင်ပင် ဗုဒ္ဓရုပ်ပွားတော်နှင့် မတူသလိုလို စိတ်ထဲတွင် ထင်ကောင်း ထင်နိုင်သည်။

သီရိလင်္ကာကျောင်းတွင် တည်ထားသည့် ဉာဏ်တော်အမြင့် ၂၅ ပေရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး ဘယ်လောက် အချိုးကျသလဲ သပ္ပာယ်သလဲဆိုတာ သိရအောင် အောက်ပါ လိပ်စာအတိုင်း သွားရောက် ကြည်ညိုကြပါရန် ညွှန်းပြုကာ ကုသိုလ်ယူလိုက်ပါတော့မည်။


New Jersey Buddhist Vihara
4299 Route 27
Princeton, NJ 08540
Telephone: (732) 821-9346