Friday, September 26, 2008

ဖရဏာပီတိ ဂွမ်းဆီထိ - အရှင်ပညာသီဟ




ဖြစ်လေ့ဖြစ်ထ ရှိမှု၊ မှန်ကန်မှုတို့အပေါ် အခြေခံ၍ ယဉ်ကျေးမှု ဓလေ့ထုံးစံအလိုက် လူမျိုးအသီးသီးတွင် လူမှုရေး၊ ပညာရေး၊ နိုင်ငံရေး စသည့် နယ်ပယ်အသီးသီးအတွက် ဆိုရိုးစကားပုံ ဆိုရိုးစကား အမျိုးမျိုး ထားရှိကြသည်။ ဥပမာအားဖြင့် - ဘဝတိုးတက်ရေးအတွက် ရှာဖွေရာတွင် အောင်မြင်မှု မအောင်မြင်မှုအပေါ် မူတည်၍ “တရွာမပြောင်း သူကောင်းမဖြစ်”၊ “ရေကြည်ရာ မြက်နုရာ”၊ “သေချင်တဲ့ကျား တောပြောင်း” စသည်တို့ကို ဆိုရိုး ပြုထားသည်။

စာရေးသူသည် အသက် ၁၁-နှစ်အရွယ်တွင် မိမိမွေးဖွားရာ ဒေသက ထွက်ခွာခဲ့သည်။
ရွာဦးကျောင်းတွင် ကျောင်းထိုင်ဆရာတော် အပြောင်းအလဲ ကြားကာလ၌ ဆရာတော် လစ်လပ်နေစဉ် ဦးလေးတော်သူ ဆရာတော်ရှိရာ အခြားရွာကျောင်းသို့ ပြောင်းရွှေ့ခဲ့သည်။ ထိုမှတဆင့် ၁၂-နှစ်အရွယ်တွင် မြို့တွင် စာသင်နေကြသည့် ထိုကျောင်းမှ ဆရာတော်များ၏ အကူအညီဖြင့် ချောက်မြို့ အနောက်ငွေတောင် စာသင်တိုက်သို့ ပြောင်းရွှေ့ စာသင်ခဲ့သည်။

ကျေးရွာမှ မြို့ပြသို့ ရောက်သောအခါ တောရွာတွင် မမြင်ဖူးသည့် အသစ်အဆန်းများကို စတင် ခံစားရတော့၏။
ရေနံဆီမီးခွက် အလင်းရောင် မှိတ်တုတ်မှိတ်တုတ်ဖြင့် နေခဲ့ရသည့်ဘဝမှ လက်ညှိုးနှင့် တွန်းဖိလိုက် နှိပ်လိုက်ရုံဖြင့် ဖျတ်ခနဲ မီးလင်းလာသည်ကို တွေ့ရသောအခါ တအံ့တသြ ဖြစ်ရ၏။
သောက်သုံးရေအတွက် လက်အံသေလောက်အောင် အားစိုက်ဆွဲငင်ယူမှ ရေရရှိခဲ့သည့် ဘဝမှ ရေပိုက်ခေါင်းပေါ်က ဘီးဝိုင်းကလေးကို လှည့်လိုက်ရုံဖြင့် ရေအလိုလို ထွက်ကျလာသည်ကို တွေ့ရသောအခါ အလွန်သဘောကျ၏။
ဖုန်တထောင်းထောင်းထနေသည့် မြေလမ်းတွင် လှည်းကြမ်းစီး၍ ခရီးနှင်ခဲ့ရသည့် ဘဝမှ ပြောင်ပြောင်မည်းမည်း ကတ္တရာလမ်းမည်းပေါ်တွင် တဝီဝီ ပြေးသွားနေသည့် ကားများကို တွေ့ရသောအခါ ရင်သပ်ရှုမော တအံ့တသြ ဖြစ်ရ၏။
အဆင့်ဆင့် တရွာပြောင်းခဲ့သဖြင့် မြို့ပြ၏ တိုးတက်မှုကို စတင် ခံစားရခြင်း ဖြစ်၏။

ရဟန်းလောက၏ အထက်တန်းပညာစနစ်တွင် စတင်ဖြေရသည့် ပထမငယ်တန်းကို အသက် ၁၄-နှစ် အရွယ်တွင် အောင်မြင်ခဲ့သည်။
အသက် ၁၆-နှစ် အရွယ်တွင် ချောက်မြို့မှ ပြည်မြို့သို့ ပြောင်းရွှေ့နေထိုင်၍ စာသင်ခဲ့သည်။
ဆယ်နှစ်ကြာသောအခါ မန္တလေးသို့ ပြောင်းရွှေ့ နေထိုင် စာသင်ခဲ့ပြန်သည်။
မန္တလေးတွင် ဆယ်နှစ်နေပြီးသောအခါ ရဟန်းလောကတွင် အခက်ဆုံးဟု ဆိုရသည့် တိပိဋကစာမေးပွဲမှ သုတ် ၃-ကျမ်းကို အောင်မြင်ကာ အစိုးရဆက်ကပ်သည့် ရထားနှင့် သဘောင်္ခရီးတွင် အထက်တန်းခန်းမှ အချိန်မရွေး ဒေသမရွေး အခမဲ့ စီးနင်းသွားလာခွင့် လက်မှတ်ကို ရယူနိုင်ခဲ့သည်။
လူ့လောကတွင် သင်ကြားရယူရသည့် တက္ကသိုလ်ဘွဲ့တခုကိုလည်း ရယူနိုင်ခဲ့သည်။

မြန်မာနိုင်ငံ၏ မြို့တော် ရန်ကုန်မြို့တွင် ကျင်းပသည့် နိုင်ငံတော်ပရိယတ္တိတက္ကသိုလ် ဆရာဖြစ် ခြောက်လသင်တန်းတွင် တက်ရောက် သင်ယူအပြီး ကျန်ရှိနေသည့် မိမိဘဝအစိတ်အပိုင်းအတွက် မရှိမဖြစ် လိုအပ်သော တရားရှုမှတ်နည်းကို အခြေခံကျကျ စနစ်တကျ ရှုမှတ်နိုင်ရန် မဟာစည်ရိပ်သာကြီးတွင် ဝါတွင်းသုံးလ တရားထိုင်သည်။ မဟာစည်ရိပ်သာကြီးတွင် ယောဂီဟောင်းအဖြစ် နှစ်နှစ်ခန့် နေပြီး အင်္ဂလန်နိုင်ငံတွင် သာသနာဖြန့်ဝေရန် ရိပ်သာကြီးမှ စေလွှတ်ခံခဲ့ရသည်။

လန်ဒန်မြို့တွင် ဆယ်နှစ်ခန့် သီတင်းသုံးနေထိုင်ပြီး ဆရာတော်ဦးဣန္ဒကနှင့် အေဘီဘီအေအသင်းတို့၏ ပင့်ဖိတ်မှုအရ အမေရိကန်နိုင်ငံ၊ နယူးယောက်၊ နယူးဂျာစီပြည်နယ်သို့ ပြောင်းရွှေ့ နေထိုင်ခဲ့သည်။
မိတ်ဆွေကြီး ဦးအဘယာသည် စာရေးသူကို အမေရိကန်သို့ ပြောင်းရွှေ့နေထိုင်ရန် တိုက်တွန်း ကူညီခဲ့သူ ဖြစ်သည်။
အမေရိကန်နိုင်ငံ နယူးဂျာစီသို့ ရောက်သောအခါ ဆရာတော် ဦးအဘယာနှင့် အတူ နေရ၏။
အမေရိကန်နိုင်ငံရှိ ရဟန်းတော် အများစုသည် မြန်မာနိုင်ငံမှာလို အကူအညီ ကပ္ပိယ မထားနိုင်သဖြင့် ကျောင်းရှိ လုပ်ဆောင်စရာများကို အစစ အရာရာ ကိုယ်တိုင် လုပ်ကြရ၏။
ထို့ကြောင့် ဆရာတော်ဦးအဘယာက စက်ဘီးစီး သင်ပေး၏။ ခြေဖဝါးသာ ကွဲသွားသည်။ မတတ်မြောက်ခဲ့၊ မစီးတတ်ခဲ့။
ထိုအချိန်တွင် ဦးဟန်ကြူက ကားအဟောင်းတစီးကို ကျောင်းပို့ထားသဖြင့် ဆရာတော်ဦးအဘယာမှာ မောင်ဖေဝင်းနှင့် ကားမောင်းသင်နေ၏။
“တရွာမပြောင်း သူကောင်းမဖြစ်”ဆိုရိုးနှင့်အညီ သူကောင်းဖြစ်အောင်ဆိုသည့် ရည်ရွယ်ချက် မပါခဲ့သော်လည်း အခြေအနေအရ ကျေးလက်တောရွာတရွာမှ မြန်မာနိုင်ငံမြို့ပြကြီးများ၊ မြန်မာနိုင်ငံမှ အင်္ဂလန်နိုင်ငံ၊ အင်္ဂလန်မှ အမေရိကန်သို့ အဆင့်ဆင့် ပြောင်းရွှေ့လာခဲ့ရာ ၁၅-နှစ်သားအရွယ်အထိ ကားမစီးခဲ့ဖူးသော စာရေးသူမှာ ဆရာတော်ဦးအဘယာ နောက်ပြောင်ပြောလေ့ရှိသည့် ငယ်သက်၏ ဂဏန်းပြောင်းပြန် ၅၁-နှစ်အရွယ်တွင် ကိုယ်တိုင် ကားမောင်းရသည့် ဘဝသို့ ရောက်ရတော့၏။
ကားမောင်းရသည်ကို အမေရိကန်ရောက်ရသည်ကို ဂုဏ်ယူ ဝင့်ကြွားလို၍ ရေးပြသည် မဟုတ်။
တောနေဒေသမှ ပြောင်းရွှေ့ပြီး တစတစ တိုးတက်မှု ရလာသည်ကို ဖော်ပြကာ မြန်မာတို့၏ ဆိုရိုးစကား မမှားသည်ကို ထောက်ပြလိုခြင်းသာ ဖြစ်ပါသည်။

စာဖတ်သူတို့လည်း “ရေကြည်ရာ မြက်နုရာ” ဆိုသည့်အတိုင်း မိမိတို့မွေးရာ ဇာတိထက် စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး စသည်တွင် အဖက်ဖက်က သာလွန်သည့် ရေ၊ မီး၊ တယ်လီဖုန်း စသည် အခြေခံလိုအပ်ချက်များအတွက် မတောင့်မတ မကြောင့်မကြ အေးချမ်းစွာ နေထိုင်ရသည့် အမေရိကန်တွင် အခြေချ နေထိုင်ကြရာ အပြည့်စုံကြီး အပျော်ကြီး ဟုတ်ချင်မှ ဟုတ်ပေမည်။
သို့သော်လည်း “ပျော်ရာမှာ မနေ၊ တော်ရာမှာ နေ” ဆိုသည့်အတိုင်း မိမိမွေးရာဇာတိထက် အစစ အရာရာ အနေသာသဖြင့် ဆက်လက် နေထိုင်နေကြခြင်းပင် ဖြစ်ပါလိမ့်မည်။
စကားစပ်မိ၍ ထွေရာလေးပါး ပြောကြရာ တချို့က “အမေရိကန်ကို အထင်မကြီးပါဘူး၊ ပျော်လည်း မပျော်ပါဘူး” ဟု ပြောကြသည်။
“အထင်လည်း မကြီးဘူး၊ ပျော်လည်း မပျော်ဘူး” ဆိုရင် ဘယ်သူက ဆွဲထားလို့ ဘာကြောင့် အမေရိကန်မှာ နေသလဲ၊ ပြန်ပါလား လို့ ပြောသောအခါ အသံမထွက်တော့။
မပြန်နိုင်ခြင်း၊ ဆက်လက်ပြီး အမေရိကန်တွင် ရှိနေခြင်းကပင် အမေရိကန်သည် ထိုသူတို့အတွက် “ရေကြည်ရာ၊ မြက်နုရာ” ဖြစ်နေသည် မဟုတ်ပါလော။


ပီတိကို စား အားရှိပါ၏


“-----------၊ -----------၊ ပီတိကို စား အားရှိပါ၏” ဟု ဆိုရိုးစကား တခု နှောင်းခေတ်ကာလတွင် ပေါ်ထွက်လာ၏။
ဖြစ်နိုင်ပါ့မလားဟု မေးစရာ ရှိ၏။
မေးငေါ့စရာ မဲ့စရာ ရှိ၏။
ရှေးစာနှစ်ပိုက်ဒ်ကို ဘေးဖယ်ထားပြီး “ပီတိကို စား၊ အားရှိပါ၏”ဟု ဆိုလျှင် မှားမည် မဟုတ်ပါ။
အဘယ်ကြောင့်ဆိုသော် ပီတိကို စား၍ အားရှိခဲ့သည့် သာဓကများ ဘုရားရှင်သာသနာတွင် ရှိခဲ့သည်။

ဖြစ်ပေါ်လာသည့် ပီတိကို အခြေခံ၍ ထိုပီတိကိုပင် အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဟူသော လက္ခဏာသုံးပါး မြင်အောင် ဝိပဿနာရှုလိုက်ရာမှ ရဟန္တာဖြစ်သွားသူများ ရှိခဲ့ဖူးပါ၏။
ဤသည်မှာ ပီတိကို စား၍ အားရှိသည် မဟုတ်ပါလော။

ဤနေရာတွင် ဗဟုသုတအဖြစ် ပီတိအမျိုးအစားများကို ဖော်ပြရသော် ဖြစ်မှုအနုအရင့်အလိုက် -
(၁) ခုဒ္ဒိကာ ပီတိ=အနည်းငယ် ဝမ်းမြောက်မှု၊
(၂) ခဏိကာ ပီတိ=ခဏ ခဏ ဆင့်၍ဖြစ်သော ဝမ်းမြောက်မှု၊
(၃) သြက္ကန္တိကာ ပီတိ=လှိုက်လှိုက်လှဲလှဲဖြစ်သော ဝမ်းမြောက်မှု၊
(၄) ဥဗ္ဗေဂါ ပီတိ=ကိုယ်မြောက်ကြွစေအောင်ဖြစ်သော ဝမ်းမြောက်မှု၊
(၅) ဖရဏာ ပီတိ=တကိုယ်လုံး ပျံ့နှံ့စေလျက်ဖြစ်သော ဝမ်းမြောက်မှု ဟု ပီတိ ငါးမျိုး ရှိသည်။

နယူးဂျာစီ မဟာစည်သတိပဋ္ဌာန်ရိပ်သာအတွင်း တည်ထားကိုးကွယ်သည့် စေတီတော်နှင့် ကျောင်းဆောင် ဖြစ်မြောက်ရေးအတွက် အလှူငွေလိုအပ်နေသဖြင့် အလှူငွေရရှိရေးအတွက် ပထမအကြိမ် နိဗ္ဗာန်ဈေးပွဲကို ၂၀၀၈-ခှုနှစ် ဇွန်လ ၂၂-ရက်နေ့တွင် စတင် စမ်းသပ် ကျင်းပရာ အလှူငွေ ဒေါ်လာ ၈,၀၀၀ ကျော် အလှူရရှိခဲ့သည်။ ပထမအကြိမ်ဖြစ်၍ ပင်ပန်းသော်လည်း အောင်မြင်မှုကို အကြောင်းပြုကာ စီစဉ်သူ၊ လုပ်အားပေးသူ၊ ရောင်းချသူ၊ ဝယ်သူ၊ အားပေးသူ၊ သတင်းစကားကြားရသူတို့ ပျော်ကြသည်။ ဝမ်းသာ ပီတိ ဖြစ်ကြသည်။

ဝမ်းသာပီတိ ဖြစ်ရသည့် အားကြောင့် ပင်ပန်းရသည်ကို မေ့ကာ ပွဲပြီးပြီးချင်း ပျော်စရာကောင်းလိုက်တာ “နောက်တပွဲ လုပ်ကြရအောင်၊ နောက်တပွဲ လုပ်ကြရအောင်”ဟု တောင်းဆိုကြသည်။
ထို့ကြောင့် တနှစ်ထဲတွင်ပင် ဒုတိယအကြိမ် နိဗ္ဗာန်ဈေးပွဲကို စက်တင်ဘာလ ၂၁-ရက်နေ့တွင် ကျင်းပခဲ့သည်။
ဤပွဲတွင် ပါဝင်ရောင်းချသူ လူဦးရေများလာသလို အစားအစာလည်း စုံလှသည်။
ကြိုတင် စီစဉ်ထားသဖြင့် အစားအသောက် မလောက်မင ပြတ်လပ်မှု မဖြစ်ခဲ့။
ပထမပွဲမှ အတွေ့အကြုံပေါ် မူတည်၍ ကလေးများအတွက် အစီအစဉ်တခု ထည့်ပေးထားရာ ကလေးများလည်း ပျော်ကြသည်။

ဤဒုတိယပွဲတွင် အသားတင် အလှူငွေ ၁၁,၂၂၅ ဒေါ်လာ ရရှိသည်။
ဆုမဲလက်မှတ် ရောင်းရငွေမှာ ဒေါ်လာ ၂,၈၆၈ ဖြစ်ပြီး၊ အစားအစာ ရောင်းရငွေမှာ ဒေါ်လာ ၉,၂၅၁ ဖြစ်ပါသည်။
ကုန်ကျစရိတ် ၁,၅၉၄ ဒေါ်လာကိုပါ ပေါင်းထည့်ပါက အလှူငွေ စုစုပေါင်း ၁၂,၈၁၉ ဒေါ်လာ ဖြစ်ပါသည်။
ထို့ကြောင့် စီစဉ်သူ၊ လုပ်အားပေးသူ၊ ရောင်းချသူ၊ ဝယ်ယူအားပေးသူ၊ သတင်းစကားကြားရသူတို့ ပျော်ကြသည်။ ဝမ်းသာပီတိ ဖြစ်ကြသည်။

အလှူပွဲပြီး၍ မိမိတို့ ပြုသမျှ ကုသိုလ်ကို သီလပေး ရေစက်ချသောအခါ ခါတိုင်းဘာသာရေးပွဲများတွင် ဆုပေး၊ သီလတောင်း၊ သရဏဂုံဆောက်တည်၊ ငါးပါးသီလခံယူသည့်အခါ ကြားရသည့်အသံနှင့်မတူ တမူထူးခြားနေသည်ကို စာရေးသူ သတိထားမိသည်။

အလှူရှင်အချို့ ပြန်သွားသည့်အတွက် တရားနာပရိသတ် နည်းသော်လည်း သာမန်ပွဲများထက် အဆပေါင်းများစွာ ပရိတ်သတ်၏ သာယာနာပျော်ဖွယ်အသံက ဟိန်းထွက်နေသည်။ ပင်ပန်းပေမယ့် ရွှင်လန်းတဲ့စိတ်၊ ကြည်နူးတဲ့စိတ်(ပီတိ) အဟုန်ကြောင့် အသံမှာ အားမာန်အပြည့် ပါနေသည်။
ရေစက်ချ၊ အမျှဝေပြီးသည့်အခါ ကြားရသည့်အသံမှာ “အမလေး၊ ခုမှပဲ ဗိုက်ဆာတော့တယ်၊ ဈေးရောင်းနေတုန်းက ဆာရမှန်းတောင် မသိဘူး” ဟု ဖြစ်သည်။

ကုသိုလ်ရေးကို အားပေးလုပ်ဆောင်နေစဉ် ဆာရမှန်း မသိခြင်းသည် အမှန်တကယ်ပင် ပီတိကို စားပြီး အားရှိနေကြခြင်းပါလားဟု မှတ်ချက်ချမိပါသည်။

အနုမောဒနာတရား ဟောကြားရာတွင် -

အပြစ်မရှိသော ကောင်းမှုသည် ----- စိတ်နှလုံး ရွှင်လန်းမှုကို ဖြစ်စေကြောင်း။
စိတ်နှလုံး ရွှင်လန်းမှုသည် ----- ဝမ်းမြောက်မှုကို ဖြစ်စေကြောင်း။
ဝမ်းမြောက်မှုသည် ----- နှစ်သက်မှု(ပီတိ)ကို ဖြစ်စေကြောင်း။
နှစ်သက်မှု(ပီတိ)သည် ----- ငြိမ်းချမ်းမှု(ပဿဒ္ဓိ)ကို ဖြစ်စေကြောင်း။
ငြိမ်းချမ်းမှု(ပဿဒ္ဓိ)သည် ----- ချမ်းသာမှု(သုခ)ကို ဖြစ်စေကြောင်း။
ချမ်းသာမှု(သုခ)သည် ----- တည်ကြည်မှု(သမာဓိ)ကို ဖြစ်စေကြောင်း။
တည်ကြည်မှု(သမာဓိ)သည် ----- ဟုတ်တိုင်းမှန်စွာ သိမြင်မှု(ယထာဘူတဉာဏ်အမြင်)ကို ဖြစ်စေကြောင်း။
ဟုတ်တိုင်းမှန်စွာ သိမြင်မှု(ယထာဘူတဉာဏ်အမြင်)သည် -----ငြီးငွေ့မှုကို ဖြစ်စေကြောင်း။
ငြီးငွေ့မှုသည် ----- တပ်စွန်းခြင်း ကင်းမှုကို ဖြစ်စေကြောင်း။
တပ်စွန်းခြင်း ကင်းမှုသည် ----- လွတ်မြောက်မှု(ဝိမုတ္တိ)နှင့် လွတ်မြောက်မှုကို သိသော ဉာဏ်အမြင်(ဝိမုတ္တိဉာဏဒဿန)ရမှုကို ဖြစ်စေကြောင်း။

ဤသို့လျှင် အပြစ်မရှိသော ကောင်းမှုသည် အစဉ်အတိုင်း အရဟတ္တဖိုလ်သို့ ရောက်စေနိုင်ကြောင်း။ ထို့ပြင် ဝမ်းမြောက်မှု(ပီတိ)ကို အခြေခံ၍ တရားရှုမှတ် ပွားများပါက တရားလျင်မြန်စွာရသည့် သာဓကများ ရှိ၍ မိမိတို့၏ ဝမ်းမြောက်မှု ပီတိကို တရားရှုမှတ်ရန်၊ ယခုနှစ်တွင် ရရှိသည့် အတွေ့အကြုံများကို လေ့လာ၍ နောင်နှစ်များတွင်လည်း ဆက်လက်၍ ပူးပေါင်း ဆောင်ရွက် သာသနာပြုကုသိုလ် ပြုလုပ်ကြရန် တိုက်တွန်း အားပေးလိုက်သည်။



ဤကုသိုလ်တွင် အစဉ်အမြဲ သင်လဲ ပါဝင်


ပထမအကြိမ် နိဗ္ဗာန်ဈေးမှ ရရှိသော အလှူငွေ ရှစ်ထောင်သည်လည်းကောင်း၊ ဒုတိယအကြိမ် နိဗ္ဗာန်ဈေးမှ ရရှိသော အလှူငွေ တစ်သောင်းကျော်သည်လည်းကောင်း ဈေးရောင်းသူတို့၏ အလှူဒါနချည်းသက်သက် မဟုတ်ပါ။
ဝယ်ယူ စားသောက်သူ၊
တဲထိုး တဲဖျက်၊ စားပွဲ ကုလားထိုင်ခင်း၊ ပြန်သိမ်းသူ၊
ကားနေရာချသူ၊
ဆုမဲလက်မှတ် ရောင်းပေးသူ၊ ဝယ်ယူသူ၊
ဆုမဲအလှူရှင်၊
ပွဲဖြစ်မြောက်ရေး စီစဉ်သူ၊
အိုးခွက်ပန်းကန်ဆေးခြင်း စသည့် သန့်ရှင်းရေး ဆောင်ရွက်ပေးသူတို့၏ အလှူဒါနလည်း ဖြစ်ပါ၍ နိဗ္ဗာန်ဈေးတွင် အဖက်ဖက်မှ ပါဝင်ဆင်နွှဲကြသူတိုင်း၏ ကုသိုလ်စေတနာကို ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ကာ မှတ်တမ်းတင်ကြောင်း သတင်းကောင်း ပြောကြားပါရစေ။











၂၀၀၈-ခုနှစ် စက်တင်ဘာလ (၂၁)ရက် တနင်္ဂနွေနေ့တွင် ကျင်းပသည့်
ဒုတိယအကြိမ်မြောက် ဈေးရောင်းပွဲတွင် ရောင်းချ လှူဒါန်းသည့် အလှူငွေစာရင်း


၁ ဒေါ်ခင်မေပြုံး နှင့် စုသက် - ရွှေရင်အေး - ၂၈၅ ဒေါ်လာ
၂ အေဘီဘီအေ - မုန့်ဟင်းခါး၊ မုန့်ဖက်ထုပ်၊ ငါးပိကြော်၊ ဘူးသီးကြော် - ၁,၃၆၀ ဒေါ်လာ
၃ ကိုသက်ဝင်း-မမိုးစံအောင် - ရေနှင့် အချိုရည် - ၂၀၆ ဒေါ်လာ
၎ ကိုညွန့်ဦး-မတင်တင် - မြန်မာလက်ဖက်ရည် - ၁၈၅ ဒေါ်လာ
၅ ကိုထွန်းအေး-မဒင်ပယ်လ် - ကြက်သားပလာတာ - ၂၃၅ ဒေါ်လာ
၆ ကိုထွန်းတင်-မညိုညိုကြည် - ဒါန်ပေါက် - ၅၀၀ ဒေါ်လာ
၇ ဒေါ်အေး - မန္တလေးပဲကြော် - ၃၅၁ ဒေါ်လာ
၈ မဖြူဖြူမြင့် - ငါးထမင်းချဉ် - ၁၉၀ ဒေါ်လာ
၉ မမာ - ရှမ်းထမင်းချဉ်၊ ငပိကြော်၊ ငါးပိထောင်း - ၂၀၉ ဒေါ်လာ
၁၀ ဒေါ်မွှေး၊ ခင်လေးမြင့် - နန်းကြီးသုတ်၊ အာလူးကက်သလိပ်၊ စာကလေးခွေ၊ အမဲခြောက်ကြော် - ၆၀၂ ဒေါ်လာ
၁၁ ကိုထွန်းမင်း-မအုန်း - ကျောက်ကျောရည် - ၁၅၀ ဒေါ်လာ
၁၂ ဒေါ်ဂရေ့စ် - ကော်ပြန့်ကြော်သုတ် - ၁၁၂ ဒေါ်လာ
၁၃ ကိုဘွန်ဇာ-မချိုတူး - အုန်းနို့ခေါက်ဆွဲ - ၃၅၀ ဒေါ်လာ
၁၄ မအေးအေးသိန်း၊ ဒေါ်မူမူရှိန်၊ မသန်းသန်းရီ - ရခိုင်မုန့်တီ၊ ဆူရှီ - ၁၁၂ ဒေါ်လာ
၁၅ ဒေါ်မေရင်း - မုန်ညှင်းချဉ် - ၃၅၀ ဒေါ်လာ
၁၆ ဒေါ်ဌေးဌေးအောင် - ပုဇွန်ခွက်ကြော် - ၄၁၈ ဒေါ်လာ
၁၇ မီးရှယ်လ် - ပုတီး - ၁၃၁ ဒေါ်လာ
၁၈ ဦးစိုးဝင်း-ဒေါ်ကျင်ဆွေ - ကောက်ညှင်းထုပ် - ၄၀၂ ဒေါ်လာ
၁၉ စတီဗင်ချို - ဆီချက်ခေါက်ဆွဲ - ၄၅ ဒေါ်လာ
၂၀ ဒေါ်ခင်ဝင်းကြည် - ဇီးယို၊ ဂျလေဘီ - ၂၇၃ ဒေါ်လာ
၂၁ ဇင်မေထွန်း - ဖယောင်းတိုင် - ၂၆၅ ဒေါ်လာ
၂၂ ဒေါ်စီစီချို - ပဲပြုတ်၊ ပဲကြော်၊ မြိတ်ကတ်ကြေးကိုက် - ၃၀၈ ဒေါ်လာ
၂၃ ဆဘရီနာမေ - ပုတီးကြိုး - ၃၁ ဒေါ်လာ
၂၄ ဒေါ်ကင်း - မုန့် - ၃၅ ဒေါ်လာ
၂၅ မဥမ္မာဝင်း၊ မမြမြစန်း - ဖွာလူဒါ - ၁၁၃ ဒေါ်လာ
၂၆ ဟင်နရီ-အယ်လီလီး - တို့ဟူး - ၁၂၂ ဒေါ်လာ
၂၇ ကိုကျော်လွင်ထွန်း-မစုစုမော် - အုန်းကျောက်ကျော - ၇၂ ဒေါ်လာ
၂၈ ကိုခင်မောင်ဝင်း-ဒေါ်မာစွမ် - အသုတ်စုံ၊ ငှက်ပျောကောက်ညှင်းထုပ် - ၂၄၂ ဒေါ်လာ
၂၉ မဆွေမာသန်း - ဆနွင်းမကင်း၊ ငှက်ပျောမုန့် - ၈၈ ဒေါ်လာ
၃၀ ဦးဘော်ယုံ - မြိတ်ကောက်ညှင်းထုပ်၊ ဆီထမင်း - ၄၅၀ ဒေါ်လာ
၃၁ ဒေါ်ခင်မလေး - ဝက်သားတုတ်ထိုး - ၃၂၂ ဒေါ်လာ
၃၂ မလှလှရီ - မန္တလေးကြာဆံချက် - ၇၃ ဒေါ်လာ
၃၃ မမြမြခိုင် (ရှင်းရှင်) - ရှမ်းတို့ဟူးသုတ် - ၁၇၇ ဒေါ်လာ
၃၄ မစုစုဌေး- မြီးရှည် - ၁၅၄ ဒေါ်လာ
၃၅ အေဘီဘီအေ - အထွေထွေရောင်းရငွေ - ၃၃၃ ဒေါ်လာ

Monday, September 22, 2008

ကထိန်တရားတော်-မြောင်းမြဆရာတော်အရှင်ဉာနိက


ကထိန


အားလုံးသိကြတဲ့အတိုင်းပဲ မြန်မာ့ပွဲတော်တွေထဲက အတော်လေး အရေးပါတဲ့ပွဲ ဖြစ်တယ်။
လောကီလူတို့ရဲ့ ဓလေ့ထုံးတမ်းစဉ်အလာနဲ့ မပတ်သက်တဲ့ ဘာသာရေးပွဲတော်တခု ဖြစ်တယ်။
ဘာသာရေးမှာလည်း အခြားအခြားသော ဘာသာရေးပွဲတော်နဲ့မတူ ဝိနည်းတရားတော်နဲ့ ပတ်သက်နေတဲ့ ဘာသာရေးပွဲတော်တခု ဖြစ်တယ်။
ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေဆိုရင် ကထိန်ပွဲတော်ဆိုတာ ဘာကို ဆိုလိုတယ်ဆိုတာ အားလုံးသိပြီး ဖြစ်ကြပါတယ်။
ကထိန်သင်္ကန်းကို ဘယ်လိုလုပ်ပြီး ခွင့်ပြုတယ်ဆိုတာ ခုနကပြောခဲ့တဲ့ အင်္ဂလိပ်ဘာသာကိုပဲ မြန်မာပြန်ပြီး အတိုချုပ်ပြောပါအုန်းမယ်။


ရဟန်းတော်များ၏ အခက်အခဲ


ဗုဒ္ဓဘုရားရှင် လက်ထက်တော်က ဘဒ္ဒဝဂ္ဂီညီနောင် သုံးကျိပ်တို့ဟာ ဘုရားဖူးရအောင် တရားနာရအောင်ဆိုပြီး ‘သာဝတ္ထိမြို့’ကို ကြွလာခဲ့ကြတယ်။ ဒါပေမယ့် သာဝတ္ထိမြို့မရောက်မီ ဝါဆိုနေ့ဟာ ကပ်သွားပြီ။ သူတို့လမ်းခရီးမှာ လေးမြင့်ဖင့်နွှဲသွားတဲ့အတွက်ကြောင့် အချိန်မီ သာဝတ္ထိမြို့ကို မရောက်နိုင်ဘူး။ သာဝတ္ထိမြို့နဲ့ အလွန်နီးကပ်နေတဲ့ ‘သာကေတ’ဆိုတဲ့မြို့လေးမှာ ... မျှော်လင့်ခြင်းကြီးစွာနဲ့ လာလိုက်ရတာ ... မျှော်လင့်ချက် မပြည့်လို့ စိတ်ထဲမှာ အာသာမပြေတဲ့အနေနဲ့ အဲဒီ သာကေတမြို့မှာ ဝါမဆိုချင် ဆိုချင်နဲ့ ဆိုလိုက်ရတယ်။

ဆိုကြပါစို့ ... ထိုပုဂ္ဂိုလ်များဟာ ရဟန်းတရား အားထုတ်ထားကြတဲ့အတွက်ကြောင့် အနည်းဆုံးက သောတာပန်ဖြစ်ပြီး အရင့်ဆုံးက အနာဂါမ်ဖြစ်တယ်။
ရဟန္တာလဲ မပါ၊ ပုထုဇဉ်လဲ မနှော၊ အဲဒီလို ဖြစ်ကြတဲ့ ရဟန်းတော် တရားရှာဖက် ညီနောင်သုံးကျိပ်။

အဲဒီပုဂ္ဂိုလ်တွေ ဝါဆိုတဲ့အခါမှာလဲ တရားလေးနှလုံးသွင်းနေကြပေမယ့် ဗုဒ္ဓဘုရားရှင်ကို ဖူးမြော်ချင်တဲ့ စိတ်ဇောက အင်မတန် ပြင်းထန်နေကြတော့ တရားမတက် ဖြစ်နေကြပုံ ရတယ်။

ဘာပြုလဲဆိုတော့ ဒါလေးက အားလုံးသိကြပြီးတဲ့အတိုင်းပါပဲ။
တရားတော်ကို အသင့်အတန် ရထားပြီးတဲ့ ပုဂ္ဂိုလ်များဟာ ဘုရားရှင်ကို ကိုယ်ရထားတဲ့တရားတော်ကို ပြောချင်တာ အလွန်ပဲ ဇောသန်နေတတ်ကြတယ်။
ရတနာလေးတခု ထူးထူးခြားခြား ရလာလို့ရှိရင် အဲဒီရတနာကို ရလာတဲ့သူဟာ မိမိရဲ့ အမိ အဖ ဆွေမျိုးတို့အား ပြောပြချင်တဲ့ ဆန္ဒ သိပ်ပြင်းထန်သလိုပါပဲ။
အဲဒီလိုပဲ ထိုပုဂ္ဂိုလ်တွေဟာ မိမိတို့ ရထားတဲ့ လောကုတ္တရာဓမ္မကို ပြောချင်လွန်းလို့ ဗုဒ္ဓဘုရားရှင်ကို ဖူးမြင်ချင်နေတာ။

အာသာမပြေဘဲနဲ့ အဲဒီလိုပဲ နေလိုက်ရတော့ ဝါလဲကျွတ်ရော ဘာမှ မပြောနဲ့၊ ဒီနေ့ ဝါကျွတ်၊ ပဝါရဏာပြုပြီးတယ်ဆိုရင်ပဲ နက်ဖြန်ခါမှာ တခါတည်း ဗုဒ္ဓဘုရားရှင် ရှိတော်မူရာ သာဝတ္ထိမြို့ဘက်ကို သွားကြတယ်။ ခြောက်ယူဇနာဆိုတာ မဝေးလှပါဘူး။

အဲဒီနေရာကို သွားလိုက်တဲ့အခါ ဒီအချိန်မှာ ဘာဖြစ်သလဲဆိုတော့ မိုးတွင်းကလဲ မိုးလမကုန်သေးဘူး။ လမ်းခရီးကလဲ တခါတည်း ရွှံ့ရေတွေနဲ့ အဲဒီလို ဖြစ်နေတဲ့အတွက်ကြောင့် ပင်ပင်ပန်းပန်း သွားကြရတယ်။

ဒီအထဲမှာလဲ ဗုဒ္ဓဘုရားရှင်က သင်္ကန်းသုံးထည်ကို ဘယ်နေရာမှ ထားမပစ်ခဲ့ရဘူး၊ ခရီးသွားရင် ယူသွားရမယ်၊ ဒီသင်္ကန်းတွေထဲက တထည်ကို ထားပစ်ခဲ့ရင် ဒါ နိဿဂ္ဂိဖြစ်တယ်၊ အာပတ်သင့်တယ်။
ဒီလို သိက္ခာပုဒ်ရှိနေတဲ့အတွက် ဒီသိက္ခာပုဒ်ကို အင်မတန် ရိုရိုသေသေ လေးလေးမြတ်မြတ် ထိန်းသိမ်းကြတဲ့ ပုဂ္ဂိုလ်မြတ်တွေလဲ ဖြစ်တဲ့အတွက်ကြောင့် အာပတ်လဲ မသင့်ရအောင် ဗုဒ္ဓဘုရားရှင် ခွင့်ပြုတော်မူထားတဲ့ ဒီဝိနည်း သိက္ခာပုဒ်တော် တရားတော်များကိုလဲ ရိုသေစွာ လိုက်နာသည်မည်ရအောင် သင်္ကန်းကြီးတွေကို ထမ်းပိုးပြီး ယူသွားကြတယ်။
အခုခေတ်မှာ ဘုန်းကြီးတို့ နှစ်ထပ်သင်္ကန်းတွေလို ပေါ့ပေါ့ပါးပါးလေး ချုပ်ထားသလို မဟုတ်ဘူး။ ရှေးတုန်းက အများအားဖြင့်ဆိုရင် ပံ့သူကူသင်္ကန်းကြီးတွေ။ ဟိုအရပ် ဒီအရပ်က စုဆောင်းပြီး ကောက်ထားတဲ့ ပံ့သူကူသင်္ကန်းကြီးတွေ။ အဲဒီသင်္ကန်းကြီးတွေနဲ့ နှစ်ထပ်သင်္ကန်းကြီးချုပ်ထားတော့ လေးလေးကြီးပေါ့။
အဲဒါ ရေမစိုရအောင်ဆိုပြီး သပိတ်ကို တဖက်က လွယ်ရသေးတယ်။ သင်္ကန်းကြီးကလဲ ပခုံးပေါ်မှာ တင်ထားရသေးတယ်။
အဲဒီလို ပင်ပင်ပန်းပန်း သွားကြရတယ်။


ရဟန္တာလဲ မပါ၊ ပုထုဇဉ်လဲ မနှော


ဗုဒ္ဓဘုရားရှင်က သာဝတ္ထိပြည်၊ ဇေတဝန်ကျောင်း ရောက်တဲ့အခါကျတော့ မေးမြန်းရိုး ထုံးတမ်းစဉ်လာအားဖြင့် မေးပါတယ်။
တပည့်တို့ ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ ဝါဆိုကြရဲ့လား၊ တရားများ အသားတက်ကြရဲ့လား၊ ပြီးတော့ သင်တို့လာခဲ့ကြတဲ့ ခရီးလမ်းကြီးက ချောချောမောမောကော ရှိရဲ့လား ... အဲဒီလို မေးတယ်။

မေးတဲ့အခါကျတော့ ဗုဒ္ဓဘုရားရှင်ရဲ့ မေးခွန်းကို ပြန်ဖြေတယ်။
မှန်လှပါ ဘုရား၊ တပည့်တော်များ တရားအားထုတ်ရတာ ကျေနပ်ပါတယ်ဘုရား၊
တပည့်တော်ဟာဖြင့် ဘယ်အဆင့် ရောက်ပါတယ်ဘုရား၊ ဟိုပုဂ္ဂိုလ်တွေက ဘယ်အဆင့်ရောက်ပါတယ်ဘုရား .. နဲ့ပေါ့။
ခုနက ပြောသလို ပုထုဇဉ်လဲ မနှော၊ သောတာပန်, သကဒါဂါမ်, အနာဂါမ်သာဖြစ်ပြီး ရဟန္တာတော့မပါကြောင်း အဲဒီလို အသီးသီး လျှောက်ကြတယ်။
ဝမ်းမြောက်ဝမ်းသာနဲ့ ကိုယ်ရတဲ့ ဒီလောကုတ္တရာတရားတွေကို လျှောက်ကြတယ်။

ဗုဒ္ဓဘုရားရှင်က သာဓုခေါ်တယ်။ အဲဒီလို ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်တော်မူပြီးတဲ့အခါကျ တပည့်တော်များ ပြင်းထန်သော အာသီသဇောနဲ့ လာခဲ့ရတာ လမ်းခရီးတော့ မလွယ်လှပါဘုရား။ မိုးကလဲ ရွာတယ်။ ရွှံ့တွေ ညွန်တွေနဲ့ ဖြစ်နေပါတယ်။ ယခုခေတ်လို လမ်းတွေက ကောင်းတာ မဟုတ်ဘူး။ အဲဒါကြောင့်မို့ ဒီအထဲမှာ သင်္ကန်းကြီးတွေ မိုးမစိုရအောင် ရွှံ့တွေ မပေရအောင် သတိထားပြီးတော့ ဆောင်လာရခဲ့တဲ့အတွက်ကြောင့် အလွန် ပင်ပန်းလှပါတယ်ဘုရားလို့ လျှောက်ထားကြတယ်။


ကထိန်သင်္ကန်း ခွင့်ပြုခြင်း


အဲဒီလို လျှောက်ထားတော့မှ ဗုဒ္ဓဘုရားရှင်က ကဲ .. ကောင်းပြီ၊ ဒီနေ့ကစ၍ ငါဘုရား ကထိန်သင်္ကန်းဆိုတာ ခွင့်ပြုတော်မူမယ်။ ကထိန်ခင်းလို့ရှိရင် ဘယ်လိုလုပ်ရမယ်ဆိုတာ ဒါ ဝိနည်းနဲ့ပတ်သက်တာတွေ အကျယ်မပြောတော့ဘူး။
ဘယ်လိုလုပ်ရမလဲ။
ကထိန်သင်္ကန်းဟာ သံဃာကိုလှူတော့ သံဃာက အဲဒီသင်္ကန်းကို ကထိန်ခင်းထိုက်တဲ့ပုဂ္ဂိုလ်ကို ပေးရမယ်။
အဲဒီပုဂ္ဂိုလ်က ကမ္မဝါဖတ်ရမယ်။ ကမ္မဝါဖတ်ပြီးတော့မှ ကထိန်ခင်းရမယ်။
ကထိန်ခင်းတဲ့အခါကျတော့ ဒီနည်း ဒီနည်း၊ ဒီစည်းကမ်း ဒီစည်းကမ်းတွေနဲ့ ကထိန်ခင်းရမယ်။
အဲဒါ ကထိန်နဲ့ပတ်သက်လို့ ဝိနည်း မဟာဝါပါဠိတော်မှာ ကထိနက္ခန္ဓက ဆိုတာ သီးသန့် ခပ်ကျယ်ကျယ်ပြန့်ပြန့် ဟောထားတော်မူတာ ရှိတယ်။


ရဟန်းတော်များအတွက် ကထိန်အကျိုး ငါးမျိုး


အဲဒီ အစီအစဉ်တွေနဲ့ အကုန်လုံးပြည့်စုံအောင် လုပ်ဆောင်သွားမယ်ဆိုလို့ရှိရင်တဲ့ နောက်ဆုံးကျတော့ “အတ္ထတ ကထိနာနံ ဝေါ ဘိက္ခဝေ ပဉ္စာနိသံသာ ကပ္ပဿန္တိ=ငါးမျိုးသော ကထိန်ရဲ့ အကျိုးအာနိသင်တွေ ရသွားမယ်။ ငါးပါးသော အကျိုးတွေ ရကြမယ်”။

နံပါတ် (၁)က - ဟောဒီလို ခက်ခက်ခဲခဲ သင်္ကန်းကြီးတွေ မင်းတို့ ယူမသွားချင်ရင် ထားပစ်လို့ရတယ်။ တန်ဆောင်မုန်းလပြည့်မှ တပေါင်းလပြည့်နေ့အထိ ငါးလအတွင်းမှာ ထားပစ်ခဲ့လို့ ရတယ်။ ဒီအကျိုးတချက် ရမယ်။

(၂) နောက်တခါ ရဟန်းတို့ ထုံးတမ်းစဉ်လာအတိုင်းက ကျောင်းမှာ သံဃာလေးပါးရှိရင် တပါးက အပြင်ထွက်မယ့်အခါ သုံးပါးကို ပန်ကြားပြီးတော့ သွားရတယ်။ အဲဒါ မပန်ကြားဘဲ သွားလို့ရှိရင် ပါစိတ်ဆိုတဲ့ အာပတ် သင့်တယ်။ အဲဒီ အာပတ်လဲ ဒီနေ့ကစ၍ ငါးလအတွင်းမှာ လွတ်ကင်းကြမယ်။ ပန်ကြားနေစရာ မလိုဘူး။

(၃) ပြီးတော့ ရဟန်းတော်များမှာ စားဖွယ်သောက်ဖွယ်များကို ကပ္ပိယဝေါဟာရနဲ့ ပြောဆိုပြီး လှူမှ ဝိနည်းတော်နဲ့ အပ်စပ်တယ်။
မြန်မာတွေကတော့ အချို့ ခေါ်တတ်တယ်။ အပ်စပ်တဲ့ အခေါ်အဝေါ်နဲ့ ခေါ်တတ်တယ်။
စကားပမာ တခုမှာ - ဆွမ်းကို ထမင်းလို့ မခေါ်ရဘဲ ဆွမ်းလို့ ခေါ်ရတယ်။ ဟင်းလို့ မခေါ်ရဘဲ ဆွမ်းဟင်းလို့ ခေါ်ရတယ်။ ကောက်ညှင်းဆိုလဲ ကောက်ညှင်းဆွမ်းလို့ ခေါ်ရတယ်။ ယာဂုဆိုလဲ ယာဂုဆွမ်းလို့ ခေါ်ရတယ်။ ကြာဆံဟင်းခါးကို ကြာဇံဟင်းခါးဆွမ်းလို့ ခေါ်ရတယ်။ ဆွမ်းမပါလို့ရှိရင် အပ်တာ မဟုတ်ဘူး။
နောက်နောင် ဒကာတွေလဲ မှတ်ထားကြအုန်း။
အဲဒီ ဆွမ်းဆိုတာ မပါလို့ရှိရင် ဒီစကားလုံးဟာ အပ်စပ်တဲ့ ဝေါဟာရ မဖြစ်ဘူးတဲ့။
အဲဒါကြောင့်မို့လို့ မအပ်စပ်တဲ့ ဝေါဟာရဆိုလို့ရှိရင် ရဟန်းတွေဟာ တပါး နှစ်ပါး သုံးပါး သွားပြီးတော့ အလှူခံလို့ရှိရင် ဒီဆွမ်းဟာ မစားကောင်းတော့ဘူး။
စားလိုက်လို့ရှိရင် အာပတ်က ဒက်ကနဲ သင့်တယ်။
ဒီကထိန်အာနိသင်ရလိုက်တဲ့ ရဟန်းတော်များဟာ ငါးလအတွင်းမှာ ဒီကထိန်အာနိသင်တွေကြောင့် ဒီလို အာပတ်မျိုးမှ လွတ်စေလို့ ခွင့်ပြုတော်မူလိုက်တယ်။
ဒီလို သိက္ခာပုဒ်တွေကို ဘယ်လူ ဘယ်နတ် ဘယ်ဗြဟ္မာကမှ ဖျက်ပစ်လို့ မရကောင်းဘူး။ ဗုဒ္ဓဘုရားရှင်က ဟောဒီ ကထိနကံနဲ့ ဖျက်ပြီးတော့ ရုပ်သိမ်းပြီးတော့ ပေးတော်မူလိုက်တဲ့အတွက်ကြောင့် ရဟန်းတွေမှာ တဖက် သက်သာသွားသလောက် အခြားတဖက်က ဒီဝိနည်းပညတ်ချက်တွေဟာ တို့ရဲ့အသက်ပဲ၊ အသက်ပမာ စောင့်ရှောက်ရမယ့် ဝိနည်းတရားတွေပဲလို့ ဝိနည်းရဲ့အပေါ်မှာလဲ အင်မတန် ရိုသေလေးစားတဲ့စိတ်တွေ ဝင်စားသွားတယ်။
အဲဒါကြောင့် ဒီသိက္ခာပုဒ်တွေကို မြတ်စွာဘုရားက ခေတ္တခဏ ရုပ်သိမ်းတယ်ဆိုသော်လဲပဲ ရဟန်းတွေအဖို့မှာတော့ လေးလေးစားစားပဲ ကျင့်ရ သုံးရ ဆောက်တည်ရတယ်။

(၄) ပြီးတော့ နောက်တခုက ယာဝဒတ္ထစီဝရံတဲ့။ သင်္ကန်းတွေထဲက သုံးထည်ဆိုတဲ့ သင်္ကန်းတွေဟာ ကိုယ့်နာမည်နဲ့ကိုယ် အများအားဖြင့် အဓိဋ္ဌာန် တင်ထားရတယ်။ အကယ်၍ အပိုရလာတယ်ဆိုလို့ရှိရင်လဲ ရလာတဲ့သင်္ကန်းတွေကို ၁၀-ရက်အတွင်းမှာ အဓိဋ္ဌာန်တင်ထားရတယ်။ ဝိကပ္ပနာ ပြုထားရတယ်။ ဝိနည်းထုံးတမ်းစဉ်လာအရ အဲဒါမလုပ်ဘဲနဲ့ ၁၀-ရက်လွန်သွားလို့ရှိရင် အာပတ်သင့်တယ်။
အဲဒီ အာပတ်ကိုလဲပဲ ဗုဒ္ဓဘုရားရှင်က ဒီကထိနကံနဲ့ ခေတ္တခဏ ရုပ်သိမ်းပေးတော်မူလိုက်တယ်။ ကထိန်ခင်းတဲ့နေ့ကစပြီး တပေါင်းလပြည့်နေ့အထိ ငါးလအတွင်းမှာ လွတ်လပ်စွာ ထားလို့ရတယ်။

(၅) နောက်ဆုံး အရေးကြီးတဲ့ကိစ္စတခုကို ပြောပြမယ်။ ခါတိုင်း သံဃိကပစ္စည်းဆိုလို့ရှိရင် သံဃာအားလုံးနဲ့ ဆိုင်တယ်။ တကမ္ဘာလုံးမှာ ရှိနေတဲ့ သံဃာတွေ အကုန်လုံးနဲ့ ဆိုင်တယ်။ အကယ်၍များ ပစ္စည်းကို ဝေငှနေတဲ့အခါမှာ သံဃာတပါးရောက်လာတယ်၊ နှစ်ပါးရောက်လာတယ်၊ ငါးပါးရောက်လာတယ်၊ ဆယ်ပါးရောက်လာတယ်၊ အကုန်လုံး အစေ့ ဝေငှရမယ်၊ အကုန်လုံး ပေးရမယ်။ အဲဒီဟာက သာသနာတော်ရဲ့ စည်းကမ်းပါ။

ဒါကြောင့်မို့လို့ ဘုန်းကြီးတို့ရထားတဲ့ သင်္ကန်းတွေဟာ သံဃိကတွေဖြစ်လို့ သံဃာအားလုံး ဆိုင်တယ်။ ကျောင်းကို သံဃာအားလုံး ဆိုင်တယ်။ ကျန်တဲ့ ပစ္စည်းလေးပါးတွေလဲ သံဃာအားလုံး ဆိုင်ကြတာတွေချည်းပဲ။

အဲဒီလို ဆိုင်နေတဲ့အထဲမှာ ကထိန်နဲ့ ပတ်သက်လာတော့ အဲဒီကထိန်အာနိသင်ကို ရထားတဲ့ ပုဂ္ဂိုလ်ဟာ အကယ်၍များ သံဃိကပစ္စည်းရလာလို့ရှိရင် တခြား သံဃာတွေနဲ့ ဆိုင်သာဆိုင် မပိုင်စေရ။ သံဃိကဖြစ်လို့ ဆိုင်တော့ ဆိုင်၏တဲ့၊ မပိုင်စေရဘူးတဲ့။ ဒီကျောင်းမှာ ပုရိမဝါဆို၍ ဝါကျွတ်ပြီးသော ရဟန်းတော်များနှင့်သာ ဆိုင်စေ ပိုင်စေဆိုပြီးတော့ အဲဒီလို ဘုရားရှင်က ထူးခြားတဲ့ အကျိုးငါးပါးကို ခွင့်ပြုတော်မူတယ်။


ကထိန်သင်္ကန်းအလှူရှင်များ ရရှိသော အကျိုးငါးမျိုး


အဲဒီ အကျိုးထူးငါးပါးနဲ့ ထပ်တူပဲ ကထိန်သင်္ကန်းလှူကြတဲ့ ဒကာ ဒကာမတွေမှာလဲပဲ ခုနတုန်းက မအပ်မစပ်တဲ့ ဝေါဟာရဖြင့် ခေါ်ဝေါ်ပြောဆိုပေမယ့် အာပတ်မသင့်သလို မလျော်သော အသုံးအနှုန်း၊ မလျော်သော စကား၊ မလျော်သော ဂါထာမန္တာန်တွေပေါ့။ ခုခေတ်မှာဆိုလို့ရှိရင် ဂါထာ မန္တာန်တွေ ရွတ်ပြီးတော့ လူတဖက်သားကို ကိုးရိုးကားယားဖြစ်အောင် ပြုလုပ်ထားတာတွေ ရှိတယ်မဟုတ်လား။ အဲဒါမျိုးတွေ လုပ်ထားပေမယ့် မထိခိုက်တော့ဘူး။

ပြီးတော့ အစားအစာတွေထဲမှာ အကယ်၍များ အဆိပ်တွေ ဘာတွေ ပါလာမယ်ဆိုလို့ရှိရင် ထိုပုဂ္ဂိုလ်များဟာ အဆိပ်မသင့်တော့ဘူး။
ပစ္စည်းတွေဟာ ရေ၊ မီး၊ မင်း၊ ခိုးသူ စတဲ့ ရန်သူမျိုးငါးပါးကြောင့် မပျက်စီးနိုင်ဘူး။
ဒီ ကထိန်ဒကာဖြစ်ခဲ့ဖူးတဲ့ ပုဂ္ဂိုလ်တွေဟာ ဒီအကျိုးတွေကို ဒီကထိန်ခင်းတဲ့နေ့က စပြီး ဘဝသံသရာမှာ ရနိုင်ပါတယ်တဲ့။

ပြီးတော့ အမွေဆိုင် အမွေခံစသည်ဖြင့် ဖြစ်ပေါ်လာလို့ ပစ္စည်းတခုခုကို ဝေငှတော့မယ်ဆိုလို့ရှိရင် ဟောဒီ ကထိနဒါန ဒါယကာဖြစ်ခဲ့ဖူးတဲ့ ပုဂ္ဂိုလ်တွေဟာ သူတကာတွေထက် အခွင့်အရေး ပိုရတတ်ပါတယ်။ ဆိုပါတော့ - ရှေးတုန်းက မင်းညီမင်းသားတွေဆိုလို့ရှိရင် ဘုရင်ကြီးနတ်ရွာစံသွားတဲ့အခါ သားကြီးမရှိမှ သားလတ်၊ သားလတ်မရှိမှ သားငယ် ဒီလို အစဉ်အတိုင်း သွားရတယ်။ ဒီလိုအခါမျိုးမှာ ကထိနဒါယကာဖြစ်ခဲ့ဖူးတဲ့ ပုဂ္ဂိုလ်မှာ သားငယ်ဖြစ်နေအုန်းတော့ အဲဒီ မင်းသားငယ်လေးဟာ သားကြီးတွေ သားလတ်တွေကို ကျော်လွန်ပြီးတော့ သူပဲ ထီးရိပ်နန်းရာကို ရတတ်ပါတယ်တဲ့။ အကြောင်းအမျိုးမျိုးနဲ့ ဖန်တီးပြီးတော့ ရတတ်ပါတယ်။ ဒါ ကထိနဒါနရဲ့ အကျိုးဆက်တွေပဲ။ ဘဝသံသရာမှာ ကျင်လည်လို့ရှိရင်လဲ ဒီလို အကျိုးတွေ ရတတ်ပါတယ်။

ဒါကြောင့်ပဲ ဘုန်းကြီးတို့ မြန်မာပြည်မှာဆိုလို့ရှိရင် ကထိနဒါနဆိုရင် လူတွေက အလုအယက်ပဲ လှူကြ တန်းကြတယ်။ အနည်းဆုံးအားဖြင့် ကထိန်ဉတ်ထဲမှာ နည်းနည်းပါးပါး ပါပါရစေဆိုပြီး တခါတည်း ဉတ်သင်္ကန်းထဲမှာ ဝိုင်းထည့်တတ်ကြတယ်။

မြန်မာတွေက ဉတ်လို့ မခေါ်ဘူး။ ညှပ်သင်္ကန်းတဲ့။ အဲဒီ ညှပ်သင်္ကန်းထဲမှာ ပါပါရစေဆိုပြီး ထည့်ဝင်လှူဒါန်းကြတယ်။ ဉတ်ကမ္မဝါနဲ့ ဖတ်ပြီး ညှပ်ရတာကိုး။ အဲဒီလို ညှပ်သင်္ကန်းထဲမှာ ပါပါရစေဆိုပြီး ညှပ်ကြတာဟာ ဒီလို အကျိုးတွေ မျှော်လို့ပါပဲ။ ဒီတော့ ဒီနေ့ ကထိနကံပြုဖို့ရန် ဒါယကာ ဒေါက်တာဦးစိုးလွင်နဲ့ တူ,တူမများက ယနေ့ဆိုရင် အနာဂတ်နဲ့ ပစ္စုပ္ပန်အကျိုးတရားတွေ မျှော်လို့လည်းတကြောင်း၊ ဘုရားမြတ်စွာ သာသနာတော်ကြီး ကြီးပွားရာ ကြီးပွားကြောင်းလည်း ဖြစ်စေလို့တကြောင်းပေါ့လေ .. ဒီနေ့ ကထိနကံမြောက်အောင်လို့ ဒါနပွဲကြီး ပြုလုပ်ကြတယ်။ ဒီအခါမှာ အားလုံးသော မိတ်ဆွေ ဒကာ ဒကာမအပေါင်း သူတော်ကောင်းတို့ကလဲ ဝိုင်းဝန်းလို့ ကူညီပြီးသကာလ ဒီအထဲမှာ ထိုက်သင့်သည်အားလျော်စွာ ပါဝင်ကြတယ်။ အဲဒါကြောင့် ဒီနေ့ပြုရသော ကုသိုလ်ကောင်းမှုသည် ဗုဒ္ဓဘာသာတို့ရဲ့ မျှော်မှန်းတောင့်တတဲ့ အစဉ်အလာအားဖြင့် အိုခြင်း နာခြင်း သေခြင်း ကင်းသော အသင်္ခတဓာတ် မြတ်သော နိဗ္ဗာန်၏ အကြောင်း အထောက်အပံ့ ဖြစ်ပါစေလို့ အားလုံးက ဒီလို မျှော်မှန်း ရည်စူးရမယ်။

ကျန်နေတဲ့ အကျိုးတွေဟာ မတောင်းဘဲနဲ့ ရတယ်။
ဒါတွေ မျှော်လင့်နေရင် တဏှာဖြစ်တတ်တယ်။ တောင့်တတော့ မနေနဲ့။ “ဘာ ဖြစ်ပါရစေ၊ ဘာ ဖြစ်ရပါလို၏”ဆိုတာ ဆုမတောင်းနဲ့။
“ဣဒံ မေ ပုညံ အာသဝက္ခယာဝဟံ ဟောတု၊ ဣဒံ မေ ပုညံ နိဗ္ဗာနဿ ပစ္စယော ဟောတု = ယနေ့ ပြုတဲ့ ဒါန၊ ယနေ့ပြုတဲ့ သီလ၊ ယနေ့ပြုတဲ့ ဘာဝနာကုသိုလ် ကောင်းမှုသည် ကိလေသာတို့၏ ကုန်ရာ ကုန်ကြောင်းဖြစ်သော အရဟတ္တမဂ် အရဟတ္တဖိုလ်ဉာဏ်၏ အကြောင်းအထောက်အပံ့ ဖြစ်ပါစေ၊ နိဗ္ဗာန်၏ အကြောင်း အထောက်အပံ့ ဖြစ်ပါစေ”လို့ အဲဒီလို မှန်းထားပြီး မိမိပြုအပ်သော ကုသိုလ်ကောင်းမှု အစုစုကို စာဂါနုဿတိမြောက်အောင် ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်နိုင်ကြပါစေကုန်သတည်း။

သာဓု ... သာဓု ... သာဓု။


ကထိန်သင်္ကန်း ကပ်လှူပုံ


မယံ ဘန္တေ သံသာရဝဋ္ဋဒုက္ခတော မောစနတ္ထာယ ဣမံ ကထိနစီဝရံ သံဃဿ ဒေမ၊ သံဃော ဣမိနာ စီဝရေန ဝိနယာနုရုပံ ဝိနယကမ္မံ ကတွာ ကထိနံ အတ္ထရတု။
သံဃာတော် အရှင်မြတ်တို့ဘုရား၊ ဘုရားတပည့်တော်တို့သည် သံသရာဝဋ်ဆင်းရဲမှ ထွက်မြောက်ပါရခြင်းအကျိုးငှာ ဤကထိန်လျာသင်္ကန်းကို သံဃာတော် အရှင်မြတ်တို့အား လှူဒါန်းပါ၏အရှင်ဘုရား။ သံဃာတော်အရှင်မြတ်တို့သည် ဝိနည်းကံအားလျော်စွာ သင့်လျော်သော ကထိနာရဟပုဂ္ဂိုလ်ကို ရွေးကောက်၍ ကထိနကံမြောက်အောင် ကထိန်ခင်းတော်မူပါ အရှင်မြတ်တို့ဘုရား။

(၁၉၉၆-ခုနှစ် အောက်တိုဘာလ ၁၂-ရက်နေ့တွင် ကျေးဇူးတော်ရှင် မြောင်းမြဆရာတော်ဘုရားကြီး၏ လန်ဒန်မြို့ သန္တိသုခဝိဟာရကျောင်း ကထိန်၌ ဆရာတော်ဘုရားကြီး ဟောကြားတော်မူခဲ့သော တရားတော်ဖြစ်ပါသည်။)