Sunday, October 9, 2011

နှလုံးသွင်းမှန်ကာ ဟုတ်တိုင်းမှန်စွာ သိ

၂၀၁၁ ခုနှစ် အောက်တိုဘာလ ၈ ရက် စနေနေ့တွင် နယူးယောက်မြို့၊ လောကချမ်းသာဘုရားကျောင်း၌ ပြုလုပ် ကျင်းပမြဲဖြစ်သော တရားရှုမှတ်ခြင်း၊ အဘိဓမ္မာသင်တန်းနှင့် ဆည်းဆာတရားပွဲတို့ကို ကျင်းပ ပြုလုပ်၏။

မွန်းလွဲ ၂ နာရီမှ ၃ နာရီထိ တရားရှုမှတ်ပြီးသောအခါ လောကချမ်းသာဆရာတော်က နာရီဝက်မျှ သြ၀ါဒစကား ချီးမြှင့်၏။

ဆရာတော်က ... ဓမ္မပဒသင်တန်း (ဓမ္မပဒ)မှာ ဘုရားရှင်လက်ထက် ရဟန္တာမထေရ်ကြီးများ၊ တရားထူးရရှိသွားကြသူ ပုဂ္ဂိုလ်များအကြောင်း အတုယူဖွယ် အားကျဖွယ် ဖော်ပြထားရာ မိမိတို့လည်း အတုယူ နည်းယူ စိတ်အားတက်ဖွယ် လိုက်နာကျင့်သုံးရန် ကောင်းကြောင်း ဦးစွာ အမိန့်ရှိ၏။

အဘိဓမ္မာသင်တန်းမှာ လက်တွေ့ စမ်းသပ် သိရှိနိုင်သော စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန် ပရမတ္ထတရားများအကြောင်း လေ့လာ သင်ကြားသင်ယူကြရရာ အထူးပင် တန်ဖိုးရှိလှကြောင်း။

သို့သော် ဤသို့ စာသိ အသိတရားများမှာ နိဗ္ဗာန်နှင့်ဝေးသောအကြောင်း ဖြစ်နေသေးကြောင်း၊ လက်တွေ့ ကိုယ်တွေ့ ရှုမှတ် ပွားများမှုကသာ နိဗ္ဗာန်နှင့်နီးသောအကြောင်း ဖြစ်ကြောင်း၊ စနေနေ့တိုင်း လောကချမ်းသာဘုရားကျောင်းသို့ လာရောက်ကြ၍ ဓမ္မစာပေသင်တန်းများ တက်ရောက် သင်ယူခြင်း၊ တရားဓမ္မများ နာကြားခြင်း၊ သင်တန်းမစမီ တရားထိုင် တရားရှုမှတ်ခြင်းတို့ ပြုလုပ်ကြရာ၌ တကယ် ထိထိမိမိ အကျိုးရှိအောင် ပြုလုပ်ကြစေလိုကြောင်း။

အထူးအားဖြင့် သင့်တင့် လျော်ကန်သော နှလုံးသွင်းမှန်မှု ရှိရန် အလေးထား ဂရုပြုကြပြီး၊ ဟုတ်တိုင်းမှန်စွာ သိရန် ကြိုးစား အားထုတ်သွားကြစေလိုကြောင်း အလေးထား တိုက်တွန်း မိန့်ကြား ချီးမြှင့်သွား၏။

ယခုအပတ်တွင် ဓမ္မပဒသင်တန်းပြ ဆရာတော် အရှင်စက္ကိံဒ ဘော်စတွန်မြို့သို့ ကြွရောက်သွား၍ မွန်းလွဲ ၃ နာရီခွဲမှ ညနေ ၅ နာရီထိ အဘိဓမ္မာသင်တန်း၊ စိတ်သရုပ်ခွဲကို အရှင်ဝဏ္ဏိတက အမေးအဖြေများ ပြုလုပ်ကာ သင်ကြား ပို့ချ၏။



အဘိဓမ္မာသင်တန်းပြီးသော် လာမည့်ပတ် စနေနေ့တွင် ကျင်းပပြုလုပ်မည့် အဘိဓမ္မာအခါတော်နေ့တွင် ရွတ်ဆို ပူဇော်ကြမည့် အဘိဓမ္မာ ခုနစ်ကျမ်း ကောက်နုတ်ချက် ပါဠိတော်များကို မှန်ကန်စွာ အသံထွက်နိုင်အောင်လည်း အရှင်ဝဏ္ဏိတကပင် သင်ပြပေး၏။



ညနေ ၆ နာရီ လောကချမ်းသာ ဆည်းဆာတရားပွဲတွင် အရှင်ဝိမလက `ပြုလုပ်တိုင်းမှာ ဆင်ခြင်ပါ´တရားတော်ကို ဟောကြား ချီးမြှင့် ဓမ္မဒါနပြုပြီး၊ တရားပွဲပြီးသောအခါ ကောင်းမှု ကုသိုလ်တို့ကို အမျှပေးဝေကြပါသည်။




သာဓု ... သာဓု ... သာဓု။

No comments: