Monday, January 30, 2012

“အမိုးလုံ အိမ်” နှင့် “အနာခံမှ အသာစံရ”

၂၀၁၂ ခုနှစ် ဇန်နဝါရီလ (၂၈)ရက် စနေနေ့ လောကချမ်းသာဘုရားကျောင်း၊ နယူးယောက်မြို့။

အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်း၏ အမှုဆောင်တစ်ဦးဖြစ်သူ ဦးမြင့်သိန်း၏ အစ်ကို ကွယ်လွန်ခြင်း တစ်လပြည့် ဆွမ်းအလှူကို လောကချမ်းသာဘုရားကျောင်း၌ ကျင်းပ ပြုလုပ်ရာ၊ လစဉ် နောက်ဆုံး စနေနေ့၌ ပြုလုပ်သော တစ်ရက်တရားစခန်းကို ယခုလတွင် မပြုလုပ်ဘဲ ဓမ္မသင်တန်းများနှင့် ဆည်းဆာတရားပွဲတို့ကို ကျင်းပ ပြုလုပ်၏။

မြတ်စွာဘုရားနှင့် သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ် လှူဒါန်းကြပြီး၊ ဧည့်ပရိတ်သတ်များအား မုန့်ဟင်းခါးနှင့် မြန်မာလက်ဖက်ရည်အချိုတို့ဖြင့် ကျွေးမွေး ဧည့်ခံ၏။

မွန်းလွဲ ၁ နာရီတွင် တရားတော် နာယူကာ လှူဖွယ် ဒါနဝတ္ထု အစုစုတို့ကို လှူဒါန်းကြပြီး၊ ကောင်းမှုကုသိုလ်အစုစုတို့၏ အဖို့ကို ရေစက်သွန်းချ အမျှပေးဝေကြ၏။

သံဝေဂဓမ္မတရားကို အရှင်စက္ကိန္ဒက ဟောကြား၏။

+++

ဓမ္မပဒ ဂါထာ ၁၃-၁၄၊ အရှင်နန္ဒမထေရ်ဝတ္ထု

ပါဠိ

(၁၃)

ယထာ အဂါရံ ဒုစ္ဆန္နံ၊ ဝုဋ္ဌီ သမတိ ဝိဇ္ဈတိ။

ဧဝံ အဘာဝိတံ စိတ္တံ၊ ရာဂေါ သမတိ ဝိဇ္ဈတိ။

(၁၄)

ယထာ အဂါရံ သုစ္ဆန္နံ၊ ဝုဋ္ဌီ န သမတိ ဝိဇ္ဈတိ။

ဧဝံ သုဘာဝိတံ စိတ္တံ၊ ရာဂေါ န သမတိ ဝိဇ္ဈတိ။

မင်းသုဝဏ်၏ ကဗျာ

(၁၃)

အမိုးမလုံ အိမ်အတွင်း

မိုးရေ စီးဝင် ဆင်း။

မပွားမထုံ စိတ်အတွင်း

ရာဂ စီးဝင် ဆင်း။

(၁၄)

အမိုးလုံသည့် အိမ်အတွင်း

မိုးရေ မစီးဆင်း။

ပွားထုံထားသည့် စိတ်အတွင်း

ရာဂ မစီးဆင်း။

... ‘နတ်သမီး’ဟူသော အဖိုးအခရအောင် မြတ်သောအကျင့်ဖြင့် အရင်းအနှီးပြုသည်ဟူသော အဖော်ရဟန်းတို့၏ ပြက်ရယ် စကားများကြောင့် ရဟန်းတရားကို ကြိုးစား ပွားများ အားထုတ်ရာ အရှင်နန္ဒမထေရ်သည် အရဟတ္တဖိုလ်သို့ မျက်မှောက်ပြုတော်မူခဲ့၏။

ဘုရားရှင်က ကောင်းစွာ မိုးထားသော အိမ်ကို မိုးရေပေါက်တို့ မဖောက်ဝင်နိုင်သကဲ့သို့ သမထ ဝိပဿနာ ဘာဝနာတို့ဖြင့် ကောင်းစွာ ပွားများအပ်သော စိတ်ကို ကိလေသာ ရာဂ မထိုးဖောက် မဖျက်ဆီးနိုင်ကြောင်း မိန့်ကြားတော်မူလေသည်။

+++

မွန်းလွဲ ၃ နာရီတွင် အရှင်နန္ဒမထေရ်အကြောင်း ဓမ္မပဒဂါထာ ၁၃-၁၄ တို့ကို အရှင်စက္ကိန္ဒက ပို့ချ သင်ကြားပေး၏။

+++

မွန်းလွဲ ၄ နာရီ ၁၅ မိနစ်တွင် အရှင်ဝဏ္ဏိတက အဘိဓမ္မာသင်တန်း၊ စေတသိက်-စိတ်ယှဉ် သမ္ပယောဂနည်းများကို သင်ကြား၏။

+++

ဓမ္မသင်တန်းများ အပြီးဝယ် သင်တန်းသူ သင်တန်းသားများက စုပေါင်း၍ မကြာမီ မြန်မာပြည်သို့ ခေတ္တ ကြွရောက်မည့် လောကချမ်းသာဆရာတော်အား နဝကမ္မ ကပ်လှူကြ၏။

+++

ညနေ ၆ နာရီတွင် လောကချမ်းသာ ဆည်းဆာတရားပွဲကို ကျင်းပ ပြုလုပ်ရာ အရှင်ပညာနန္ဒက “အနာခံမှ အသာစံရ တရားတော်”ကို ဓမ္မဒါနပြု ဟောကြား၏။

တရားပွဲပြီးသော် ကောင်းမှုကုသိုလ် အရပ်ရပ်တို့ကို အမျှပေးဝေကြ၏။

သာဓု ... သာဓု ... သာဓု။

နန္ဒတ္ထေရ ဝတ္ထု - သင်္ဂဇာဆရာတော်ဘုရားကြီး

မြတ်စွာဘုရားသည် ဗောဓိမဏ္ဍိုင်၌ သစ္စာလေးပါးကို သိတော်မူ၍ ‘ပဉ္စဝဂ္ဂီ’ငါးယောက်၊ ‘ယသ’အမှူးရှိသော ငါးကျိပ်ငါးယောက်သော သူတို့ကို “ဧဟိ ဘိက္ခု” ပဉ္ဇင်း ခံတော်မူ၍ မိဂဒါဝုန်တော၌ ပထမ ဝါကပ်တော်မူသည်။

ဝါကျွတ်လျှင် ရဟန်းတို့ကို ဒေသစာရီ လှည့်လည်စေ၍ တစ်ပါးတည်းသာ ဥရုဝေလတောသို့ ကြွတော်မူသည်။

ဥရုဝေလတောသို့ မရောက်မီ ကပ္ပါသိကတောအုပ်၌ ဘဒ္ဒဝဂ္ဂီမင်းသား သုံးကျိပ်တို့ကို “ဧဟိ ဘိက္ခု” ပဉ္ဇင်းပြုတော်မူသည်။

ဥရုဝေလတောသို့ ရောက်လျှင် ဥရုဝေလ ကဿပ စသော တစ်ထောင်သော ရသေ့တို့ကို “ဧဟိ ဘိက္ခု” ပဉ္ဇင်းပြုတော်မူပြီးမှ ရဟန္တာတစ်ထောင် ခြံရံလျက် ရာဇဂြိုဟ်ပြည်သို့ ကြွတော်မူ၍ ဗိမ္ဗိသာရမင်းကြီးကို တစ်သိန်းတစ်သောင်းသော ပုဏ္ဏား သူကြွယ်တို့နှင့်တကွ သောတာပတ္တိဖိုလ်၌ တည်စေ၍ ဥပတိဿ၊ ကောလိတ စသော များစွာသော သူတို့ကို “ဧဟိ ဘိက္ခု” ပဉ္ဇင်းခံတော်မူ၍ ဝေဠုဝန်ကျောင်း၌ ဒုတိယဝါကပ်လေသည်။

ဝါကျွတ်တော်မူလျှင် ခမည်းတော် သုဒ္ဓေါဒနမင်းကြီး ပင့်အပ်သည် ဖြစ်၍ ကာလုဒါယီမထေရ်ကို လမ်းညွှန်ပြုလျက် နှစ်သောင်းသော ရဟန္တာတို့နှင့်တကွ တပေါင်းလဆန်း တစ်ရက်နေ့မှ စ၍ တစ်နေ့လျှင် တစ်ယူဇနာ ကြွ၍ (တန်ခူးလကွယ်နေ့) စိတြအမာဝါသီ နေရီရီ၌ ကပိလမြို့သို့ ရောက်တော်မူသည်။

ရောက်သည့်နေ့ ဆွေတော် မျိုးတော် အစည်းအဝေး၌ ပေါက္ခရဝဿမိုးကို ရွာစေသော အတ္ထုပ္ပတ္တိ၌ ဝေဿန္တရာ ဇာတ်တော်ကို ဟောတော်မူ၍ နှစ်ရက်မြောက်သောနေ့၌ ဆွမ်းခံဝင်ရာတွင် “ဥတ္တိဋ္ဌေနပ္ပမဇ္ဇေယျ” စသော ဂါထာဖြင့် ခမည်းတော်ကို သောတာပတ္တိဖိုလ်၌ တည်စေ၍ နန်းတော်သို့ ရောက်လျှင် “ဓမ္မဉ္ဇရေ” စသော ဂါထာဖြင့် မိထွေးတော် ဂေါတမီကို သောတာပတ္တိဖိုလ်၊ ခမည်းတော်ကို သကဒါဂါမိဖိုလ်၌ တည်စေတော်မူ၍ ဆွမ်းစားပြီးသာ အဆုံး၌ ရာဟုလာမယ်တော် ယသော်ဓရာ၏ ကျေးဇူးစကားကို အမှီပြု၍ စန္ဒကိန္နရီဇာတ်ကို ဟောတော်မူသည်။

ကပိလဝတ်ပြည်သို့ ရောက်၍ သုံးရက်မြောက်သော နေ့၌ အဘိသိက်မင်္ဂလာ, အိမ်တက်မင်္ဂလာ, ထိမ်းမြားမင်္ဂလာ ပြုမည်ရှိသော ညီတော်မင်းနန်ကို သပိတ်ထမ်းခိုင်း၍ ကျောင်းတော်သို့ ရောက်လျှင် ရဟန်းပြု၏။

ကပိလဝတ်ပြည်သို့ ရောက်၍ ခုနစ်ရက်မြောက်သော နေ့၌ သားတော်ရာဟုလာကို ရှင်ပြုတော်မူသည်။

တစ်နေ့သ၌ ခမည်းတော်အား မဟာဓမ္မပါလဇာတ်ကို ဟောတော်မူ၍ အနာဂါမိဖိုလ်၌ တည်စေတော်မူပြီး ရာဇဂြိုဟ်ပြည်မှ သာဝတ္ထိမြို့သို့ ကြွတော်မူ၍ ဇေတဝန်ကျောင်း၌ နေတော်မူသည်။

ထိုအခါ ကပိလဝတ်ပြည် ရွှေနန်းတော်ပြတင်းက ဖြည်းညင်းသော အသံဖြင့် “တုဝဋံ ခေါ အယျပုတ္တ အာဂစ္ဆေယျာသိ”ဟု ဇနပဒကလျာဏီမင်းသမီး မှာလိုက်သော စကားကြောင့် သာသနာတော်၌ ငြီးငွေ့သော ညီတော်မင်းနန်ကို အထူးထူးသော အကြောင်းဥပါယ်တို့ဖြင့် ဆုံးမ၍ ရဟန္တာအဖြစ်သို့ ရောက်စေတော်မူသည်။

တပါးသော ရဟန်းတို့သည် ငါ့ရှင် နန္ဒ - သာသနာတော်၌ ငြီးငွေ့သလောဟု မေးသည်ရှိသော် မငြီးငွေ့ဟု ဆို၏။ ယမန်နေ့ကပင် ငြီးငွေ့လှသည် ပြော၍ ယခု မငြီးငွေ့ဟု ပြောပြန်သည်တကားဟု ဘုရားကို လျှောက်ကုန်၏။

ဘုရားရှင်လည်း ချစ်သားတို့ - ရှေးအခါက ဤရဟန်း၏ အတ္တဘောသည် မကောင်းသဖြင့် မိုးအပ်သော အိမ်နှင့် တူ၏။ ယခုကား ကောင်းမွန်စွာ မိုးအပ်သော အိမ်နှင့် တူ၏ဟု မိန့်တော်မူ၍ -

၁၃။ ယထာ အဂါရံ ဒုစ္ဆန္နံ၊ ဝုဋ္ဌီ သမတိ ဝိဇ္ဈတိ။

ဧဝံ အဘာဝိတံ စိတ္တံ၊ ရာဂေါ သမတိ ဝိဇ္ဈတိ။

၁၄။ ယထာ အဂါရံ သုစ္ဆန္နံ၊ ဝုဋ္ဌီ န သမတိ ဝိဇ္ဈတိ။

ဧဝံ သုဘာဝိတံ စိတ္တံ၊ ရာဂေါ န သမတိ ဝိဇ္ဈတိ။

ဤနှစ်ဂါထာကို ဟောတော်မူသည်။

ဒုစ္ဆန္နံ - ကျဲကျဲဟောင်းလောင်း မကောင်းသဖြင့် မိုးအပ်သော။

အဂါရံ - ဇရပ် တန်ဆောင်း အိမ် ကျောင်း မဏ္ဍပ်ကို။

ဝုဋ္ဌီ - မိုးရေ မိုးပေါက်သည်။

သမတိ ဝိဇ္ဈတိယထာ - ထွင်းလျှိုယိုကျလေသကဲ့သို့။

ဧဝံတထာ - ထို့အတူ။

အဘာဝိတံ - သမထ ဝိပဿနာဖြင့် မပွားစေအပ်သော။

ဝါ - မထုံအပ်သော။

စိတ္တံ - စိတ်ကို။

ရာဂေါ - ရာဂဖြင့် မှတ်အပ်သော ကိလေသာသည်။

သမတိ ဝိဇ္ဈတိ - ထိုးကျင့် နှိပ်စက်လေ၏။

သုစ္ဆန္နံ - ကောင်းမွန်သေချာ လုံခြုံစွာ မိုးအပ်သော။

အဂါရံ - ဇရပ် တန်ဆောင်း အိမ် ကျောင်း မဏ္ဍပ်ကို။

ဝုဋ္ဌီ - မိုးရေ မိုးပေါက်သည်။

န သမတိဝိဇ္ဈတိယထာ - မထွင်းမလျှို မယိုကျသကဲ့သို့။

ဧဝံတထာ - ထို့အတူ။

သုဘာဝိတံ - သမထ ဝိပဿနာဖြင့် ကောင်းစွာ ပွားစေအပ်သော။

ဝါ - ကောင်းစွာ ထုံအပ်သော။

စိတ္တံ - စိတ်ကို။

ရာဂေါ - ရာဂဖြင့် မှတ်အပ်သော ကိလေသာသည်။

န သမတိဝိဇ္ဈတိ - မထိုး မကျင့်နိုင်။

ပြီး၏။

Sunday, January 22, 2012

`စိတ်ရောဂါကင်းစင်ရေး´နှင့် `လူလေးမျိုး´

၂၀၁၂ ခုနှစ် ဇန်န၀ါရီလ (၂၁)ရက် စနေနေ့

လောကချမ်းသာဘုရားကျောင်း၊ နယူးယောက်မြို့။

သောကြာနေ့ ညဥ့်နက်ပိုင်းမှ စ၍ နှင်းများ ၅ လက်မခန့် ကျကာ ရာသီဥတု မကောင်းသဖြင့်လည်းကောင်း၊ တရုတ်နှစ်သစ်ကူး နီးသဖြင့် မအားလပ်သူများ ရှိသောကြောင့်လည်းကောင်း သင်တန်းသူ သင်တန်းသား နည်း၏။

လောကချမ်းသာဆရာတော်က ငါးမိနစ်တရားအဖြစ် တရားနာယူနည်း၊ ရောဂါနှစ်မျိုးနှင့် ဗောဇ္ဈာင်ခုနစ်ပါး မြတ်တရားအကြောင်းကို ဟောကြား ချီးမြှင့်၏။

ယခုအပတ်တွင် ဓမ္မပဒသင်တန်းပြဆရာတော် အရှင်စက္ကိန္ဒ အပြင်သို့ ကြွရောက်နေရသဖြင့် ဓမ္မပဒသင်တန်း မရှိဘဲ၊ မွန်းလွဲ ၃ နာရီခွဲတွင် ဆရာတော် အရှင်ဝဏ္ဏိတက စေတသိက် ၅၂-ပါး အဆုံးသတ်နှင့် စေတသိက်-စိတ်ယှဉ် သမ္ပယောဂနည်းကို သင်ကြား ပို့ချပေး၏။

လောကချမ်းသာ ဆည်းဆာတရားပွဲဝယ် နယူးယောက်မြို့သို့ ခေတ္တရောက်ရှိနေသော အရှင်ဇာဂရ (ကလောင်အမည် - ကံထွန်းသစ်)က `အင်္ဂုတ္တိုရ်ပါဠိတော်၊ စတုက္ကနိပါတ်၊ ဒုတိယပဏ္ဏာသက၊ မစလ၀ဂ်၊ တမောတမသုတ်´လာ လူလေးမျိုးအကြောင်း ဓမ္မဒါနပြု ဟောကြား၏။

တရားပွဲပြီးသော် ကုသိုလ်ကောင်းမှုတို့ကို အမျှပေးဝေကြ၏။

သာဓု ... သာဓု ... သာဓု။

+++++

တမောတမသုတ်

ရဟန်းတို့ ... လောက၌ ဤပုဂ္ဂိုလ်လေးမျိုးတို့သည် ထင်ရှားရှိကုန်၏။

အဘယ်လေးမျိုးတို့နည်းဟူမူ -

  • အမှောင်၌ ဖြစ်၍ အမှောင်လျှင် လည်းလျောင်းရာရှိသော ပုဂ္ဂိုလ်၊
  • အမှောင်၌ ဖြစ်၍ အလင်းလျှင် လည်းလျောင်းရာရှိသော ပုဂ္ဂိုလ်၊
  • အလင်း၌ ဖြစ်၍ အမှောင်လျှင် လည်းလျောင်းရာရှိသော ပုဂ္ဂိုလ်၊
  • အလင်း၌ ဖြစ်၍ အလင်းလျှင် လည်းလျောင်းရာရှိသော ပုဂ္ဂိုလ်တို့တည်း။

ရဟန်းတို့ ... အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် အမှောင်၌ ဖြစ်၍ အမှောင်လျှင် လည်းလျောင်းရာ ရှိသနည်း?

ရဟန်းတို့ ... ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ယုတ်နိမ့်သော အမျိုးဟု ဆိုအပ်သော ဒွန်းစဏ္ဍားမျိုး၌သော်၎င်း၊ နှီးသမားမျိုး၌သော်၎င်း၊ တံငါမုဆိုးမျိုး၌သော်၎င်း၊ သားရေလုပ်သမားမျိုး၌သော်၎င်း၊ ပန်းမှိုက်သွန်မျိုး၌သော်၎င်း ဖြစ်၏။ ဆင်းရဲ၏။ ထမင်းအဖျော် စားသောက်ဖွယ် နည်းပါး၏။ ငြိုငြင်သဖြင့် အသက်မွေးရ၏။ ယင်းအမျိုး၌ အစားကို ငြိုငြင်စွာ အ၀တ်ကို ငြိုငြင်စွာ ရ၏။

ထိုသူသည် အဆင်းလည်း မလှ၊ ရှုချင်ဖွယ်လည်း မရှိ၊ ပုကွလည်း ပုကွ၏။ အနာလည်း များ၏။ ကန်းသူသော်၎င်း၊ ကောက်သူသော်၎င်း၊ ခွင်သူသော်၎င်း၊ ဆွံ့သူသော်၎င်း ဖြစ်ရ၏။ ထမင်း အဖျော် အ၀တ် ယာဉ် ပန်း နံ့သာပျောင်း အိပ်ရာ နေရာ ဆီမီး အဆောက်အဦကို ရသူ မဟုတ်။

ထိုသူသည် ကိုယ် နှုတ် စိတ်ဖြင့် မကောင်းသော အကျင့်ကို ကျင့်၏။ မကောင်းသောအကျင့်ကို ကျင့်၌ ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသော လားရာ၊ ပျက်စီး၍ ကျရောက်ရာဖြစ်သော ငရဲ၌ ဖြစ်ရ၏။

ရဟန်းတို့ ... ဤသို့လျှင် ပုဂ္ဂိုလ်သည် အမှောင်၌ ဖြစ်၍ အမှောင်လျှင် လည်းလျောင်းရာ ရှိ၏။

ရဟန်းတို့ ... အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် အမှောင်၌ ဖြစ်၍ အလင်းလျှင် လည်းလျောင်းရာ ရှိသနည်း?

ရဟန်းတို့ ... ဤလောက၌ အချို့သောပုဂ္ဂိုလ်သည် ယုတ်နိမ့်သော အမျိုးဟု ဆိုအပ်သော ဒွန်းစဏ္ဍားမျိုး၌သော်၎င်း၊ နှီးသမားမျိုး၌သော်၎င်း၊ တံငါမုဆိုးမျိုး၌သော်၎င်း၊ သားရေလုပ်သမားမျိုး၌သော်၎င်း၊ ပန်းမှိုက်သွန်မျိုး၌သော်၎င်း ဖြစ်ရ၏။ ဆင်းရ၏။ ထမင်းအဖျော် စားသောက်ဖွယ် နည်းပါး၏။ ငြိငြင်သဖြင့် အသက်မွေးရ၏။ ယင်းအမျိုး၌ အစားကို ငြိုငြင်စွာ အ၀တ်ကို ငြိုငြင်စွာ ရ၏။

ထိုသူသည် အဆင်းလည်း မလှ၊ ရှုချင်ဖွယ်လည်း မရှိ၊ ပုကွလည်း ပုကွ၏။ အနာလည်း များ၏။ ကန်းသူသော်၎င်း၊ ကောက်သူသော်၎င်း၊ ခွင်သူသော်၎င်း၊ ဆွံ့သူသော်၎င်း ဖြစ်၏။ ထမင်းအဖျော် အ၀တ် ယာဉ် ပန်း နံ့သာ နံ့သာပျောင်း အိပ်ရာ နေရာ ဆီမီး အသုံးအဆောင်ကို ရသူ မဟုတ်။

ထိုသူသည် ကိုယ် နှုတ် စိတ်ဖြင့် ကောင်းသော အကျင့်ကို ကျင့်၏။ ကောင်းသောအကျင့်ကို ကျင့်၍ ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသောလားရာဖြစ်သော နတ်ပြည်မှာ ဖြစ်ရ၏။

ရဟန်းတို့ ... ဤသို့လျှင် ပုဂ္ဂိုလ်သည် အမှောင်၌ ဖြစ်၍ အလင်းလျှင် လည်းလျောင်းရာ ရှိ၏။

ရဟန်းတို့ ... အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် အလင်း၌ ဖြစ်၍ အမှောင်လျှင် လည်းလျောင်းရာ ရှိသနည်း?

ရဟန်းတို့ ... ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် မြင့်မြတ်သော အမျိုးဟု ဆိုအပ်သော ခတ္တိယမဟာသာလမျိုး၌သော်၎င်း၊ ဗြာဟ္မဏမဟာသာလမျိုး၌သော်၎င်း၊ ဂဟပတိမဟာသာလမျိုး၌သော်၎င်း ဖြစ်ရ၏။ ကြွယ်ဝ၏။ များသော ဥစ္စာ ရှိ၏။ များသော စည်းစိမ် ရှိ၏။ များသော ရွှေငွေ ရှိ၏။ များသော နှစ်သက်ဖွယ် အသုံးအဆောင် ရှိ၏။ များသော ဥစ္စာ စပါး ရှိ၏။

ထိုသူသည် အဆင်းလည်း လှ၏။ ရှုချင်ဖွယ်လည်း ရှိ၏။ ကြည်ညိုဖွယ်လည်း ရှိ၏။ ကောင်းမြတ်သော အဆင်းသဏ္ဌာန်နှင့် ပြည့်စုံ၏။ ထမင်း အဖျော် အ၀တ် ယာဉ် ပန်း နံ့သာ နံ့သာပျောင်း အိပ်ရာ နေရာ ဆီမီး အသုံးအဆောင်ကို ရသူ ဖြစ်၏။

ထိုသူသည် ကိုယ် နှုတ် စိတ်ဖြင့် မကောင်းသော အကျင့်ကို ကျင့်၏။ မကောင်းသော အကျင့်ကို ကျင့်၍ ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသော လားရာ၊ ပျက်စီး၍ ကျရောက်ရာဖြစ်သော ငရဲ၌ ဖြစ်ရ၏။

ရဟန်းတို့ ... ဤသို့လျှင် ပုဂ္ဂိုလ်သည် အလင်း၌ ဖြစ်၍ အမှောင်လျှင် လည်းလျောင်းရာ ရှိသည် မည်၏။

ရဟန်းတို့ ... အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် အလင်း၌ ဖြစ်၍ အလင်းလျှင် လည်းလျောင်းရာ ရှိသနည်း?

ရဟန်းတို့ ... ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် မြတ်သော အမျိုးဟု ဆိုအပ်သော ခတ္တိယမဟာသာလမျိုး၌သော်၎င်း၊ ဗြာဟ္မဏမဟာသာလမျိုး၌သော်၎င်း၊ ဂဟပတိမဟာသာလမျိုး၌သော်၎င်း ဖြစ်ရ၏။ ကြွယ်ဝ၏။ များသော ဥစ္စာ ရှိ၏။ များသော စည်းစိမ် ရှိ၏။ များသော ရွှေငွေ ရှိ၏။ များသော နှစ်သက်ဖွယ် အသုံးအဆောင် ရှိ၏။ များသော ဥစ္စာ ရှိ၏။

ထိုသူသည် အဆင်းလှ၏။ ရှုချင်ဖွယ် ရှိ၏။ များသော ဥစ္စာ ရှိ၏။ ကြည်ညိုဖွယ် ရှိ၏။ ကောင်းမြတ်သော အဆင်း သဏ္ဌာန်နှင့် ပြည့်စုံ၏။ ထမင်း အဖျော် အ၀တ် ယာဉ် ပန်း နံ့သာ နံ့သာပျောင်း အိပ်ရာ နေရာ ဆီမီး အသုံးအဆောင်ကို ရသူ ဖြစ်၏။

ထိုသူသည် ကိုယ် နှုတ် စိတ်ဖြင့် ကောင်းသော အကျင့်ကို ကျင့်၏။ ကောင်းသော အကျင့်ကို ကျင့်၍ ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာ ဖြစ်သော နတ်ပြည်၌ ဖြစ်ရ၏။

ရဟန်းတို့ ... ဤသို့လျှင် ပုဂ္ဂိုလ်သည် အလင်း၌ ဖြစ်၍ အလင်းလျှင် လည်းလျောင်းရာ ရှိ၏။

ရဟန်းတို့ ... လောက၌ ဤပုဂ္ဂိုလ်လေးမျိုးတို့သည် ထင်ရှားရှိကုန်၏ ဟု (မိန့်တော်မူ၏)။

(အဂုင်္တ္တိုရ်ပါဠိတော် မြန်မာပြန်)

Wednesday, January 18, 2012

Monday, January 16, 2012

`သောဘဏစေတသိက်များ´နှင့် `ခြေတစ်လှမ်း ကုဋေတစ်သန်း´

၂၀၁၂ ခုနှစ် ဇန်နဝါရီလ (၁၄)ရက် စနေနေ့၊
လောကချမ်းသာဘုရားကျောင်း၊ နယူးယောက်မြို့။

“တရားအားထုတ်ဖို့ အချိန်ရောက်ပြီ” ဟူသော လောကချမ်းသာဆရာတော်၏ ‘လောကချမ်းသာ ၅-မိနစ်တရား’ အစပျိုးဝယ် အဓိပ္ပာယ် နှစ်မျိုး ပါသည်ဟု ယူနိုင်၏။

ယခုအခါ စနေနေ့ ပြုမြဲဖြစ်သော မွန်းလွဲ ၂-နာရီမှ ၃-နာရီ တရားအားထုတ် ရှုမှတ် ပွားများရန် အချိန်ရောက်ပြီဖြစ်ကြောင်း ဆိုသည်လည်း တစ်ရပ်၊

အသေမဦးခင် တရားရှုမှတ်ရင်း သေတတ်အောင်၊ အချိန်မရွေး နေရာမရွေး တရားနှင့် နေတတ်အောင် သတိပေးသည်လည်း တစ်ဖုံ နှစ်မျိုးစုံ အဓိပ္ပာယ်ရလေ၏။

သမထဘာဝနာ (သမထကမ္မဋ္ဌာန်း)၊ ဝိပဿနာဘာဝနာ (ဝိပဿနာကမ္မဋ္ဌာန်း) နှစ်မျိုးရှိရာ သမထကမ္မဋ္ဌာန်းကို အားထုတ်ရန် သီးသန့် အချိန် နေရာ သတ်သတ်မှတ်မှတ် ထားရှိ ပြုလုပ်ရပြီး၊ ဝိပဿနာကမ္မဋ္ဌာန်း အားထုတ်ရန်အတွက်မူ အချိန် နေရာ သတ်မှတ်ရန် မလိုအပ်ဘဲ ထင်ရှား ပေါ်ရာ အာရုံဟူသမျှကို သတိထား စောင့်ကြည့်ရန်၊ သတိဖြင့် နေထိုင်ရန် လိုအပ်ကြောင်း၊ မည်သူမဆို အချိန်အခါ နေရာမရွေး သေနိုင်သဖြင့် အချိန်တိုင်း တရားနှင့် နေမှသာ တရားနှင့် သေနိုင်မည်ဖြစ်ကြောင်း လောကချမ်းသာဆရာတော်က အလေးတယူ မိန့်ကြားသွား၏။





မွန်းလွဲ ၃း၁၅ နာရီမှ ၄း၁၅ နာရီထိ ပြုလုပ်သော ဓမ္မပဒသင်တန်းဝယ် ‘ဆရာတော်အရှင်စက္ကိန္ဒ’က အရှင်သာရိပုတ္တရာထေရ်လောင်း ‘အရှင်ဥပတိဿ’အား “အရှင်အဿဇိထေရ်” ဟောကြားတော်မူသည့် “ယေ ဓမ္မာ ဟေတုပ္ပ ဘဝါ” ဂါထာကို ဟောကြား သင်ပြပေး၏။

“ယေ ဓမ္မာ ဟေတုပ္ပ ဘဝါ
တေသံ ဟေတုံ တထာဂတော အာဟ။
တေသဉ္စ ယော နိရောဓော
ဧဝံ ဝါဒီ မဟာသမဏော။”

ယေ ဓမ္မာ = အကြင် ဒုက္ခသစ္စာတရားတို့သည်
ဟေတုပ္ပ ဘဝါ = တဏှာဟူသော သမုဒယသစ္စာလျှင် အစအမွန် ရှိကုန်၏။
တေသံ = ထို ‘ဒုက္ခ’ ‘သမုဒယ’ သစ္စာနှစ်ပါးတို့၏
ဟေတုံ = ချုပ်ရာချုပ်ကြောင်းဖြစ်သော ‘မဂ္ဂသစ္စာ’ကိုလည်း
တထာဂတော = မြတ်စွာဘုရားသည်
အာဟ = ဟောတော်မူ၏
တေသဉ္စ = ထိုအလုံးစုံသော တရားတို့၏
နိရောဓော = ချုပ်ရာအမှန် နိရောဓတရားဟု ဆိုအပ်သော ‘နိရောဓသစ္စာ’ကိုလည်း
အာဟ = ဟောတော်မူ၏။
မဟာသမဏော = ရဟန်းမြတ်ဖြစ်တော်မူငြား မြတ်စွာဘုရားသည်
ဧဝံ ဝါဒီ = ဤသို့ အယူရှိတော်မူ၏။
(ဝါ)
ဧဝံ ဝါဒီ = ဤသို့ ပိုင်းခြား ဟောကြားတော်မူလေ့ရှိ၏။






မွန်းလွဲ ၄း၃၀ နာရီမှ ၅း၃၀ နာရီအထိ ပြုလုပ်သော အဘိဓမ္မာသင်တန်းဝယ် ‘ဆရာတော်အရှင်ဝဏ္ဏိတ’က စိတ်ဖြူစင်စေမှု အင်အားစုများဖြစ်သော ‘သောဘဏစေတသိက်များ’အကြောင်း သင်ကြား ပို့ချပေး၏။

“သောဘဏစေတသိက် ၂၅-ပါး”

‘သောဘဏသာဓာရဏစေတသိက် ၁၉-ပါး’

‘သဒ္ဓါ’‘သတိ’၊ ‘ဟိရီ’‘သြတ္တပ်’၊ ‘ဟိတ်နှစ်ရပ်’၊ ‘တတြမဇ္ဈတ္တတာ’။

‘ပဿဒ္ဓိ’‘လဟု’၊ ‘မုဒု’‘ကမ္မဉ်’၊ ‘ပါဂုညင်’နှင့်၊ ထို့ပြင် ‘ဥဇုက’၊ ခြောက်ဓမ္မ၊ ‘ကာယ’‘စိတ်’နှင့်နှော။

‘ငြိမ်း’‘ပေါ့’‘နူးညံ့’၊ ‘ကျန်းခံ့’‘လေ့လာ’၊ ‘ဖြောင့်စင်း’စွာ၊ ခြောက်ဖြာ ကိစ္စဟော။

သောဘဏတွင်၊ အကုန်ယှဉ်၊ ဤလျှင် ‘ဆယ့်ကိုး’‘သော’။

‘ဝိရတီစေတသိက် ၃-ပါး’

‘ဝါစာ’‘ကမ္မံ’၊ ‘အာဇီဝံ’၊ သုံးတန် ဝိရတီ။
‘သမ္မာဒါန’၊ ‘သမ္ပတ္တ’၊ ‘ဆေဒ’ သုံး,သုံးလီ။

‘အပ္ပမညာစေတသိက် ၂-ပါး’

‘ကရု’‘မုဒု’၊ ဤနှစ်ခု၊ ခေါ်မှု ‘ပမညာ’။

‘အမောဟစေတသိက် ၁-ပါး’

အသိ အလိမ်မာ၊ ဉာဏ်ပညာ၊ ဝိဇ္ဇာ ‘အမောဟ’။

(လယ်တီဆရာတော်ဘုရားကြီး)





လောကချမ်းသာဆည်းဆာတရားပွဲတွင် ‘အရှင်ပညာဇောတ’က သုတ္တန္တပိဋက၊ ခုဒ္ဒကနိကာယ်၊ ထေရာပဒါန်ပါဠိတော်၊ သေရေယျဝဂ်၊ ပုပ္ဖထူပိယတ္ထေရအပါဒါန် ကို ‘မြင့်မြတ်အာရုံ စိတ်မှာထုံတရားတော်’ အမည်ဖြင့် ဓမ္မဒါနပြု ဟောကြား၏။

ပုပ္ဖထူပိယထေရ်လောင်း ဈာန်အဘိညာဉ်ရ ရသေ့သည် မြတ်စွာဘုရားကို ဖူးမြော်ရန် ဈာန်အဘိညာဉ်တန်ခိုးဖြင့် မသွားဘဲ ဘုရားရှင်၏ ဂုဏ်တော် ကျေးဇူးတော် ကုသိုလ်အာရုံတို့ဖြင့် ထုံမွှမ်းသော၊ ခြေတစ်လှမ်းလျှင် ကုဋေတစ်သန်းမကတန်သော ခြေလျင်ခရီးဖြင့် သွားလေ၏။

လမ်းခရီးဝယ် သက်ရွယ်ကြီးရင့် မကျန်းမမာဖြစ်၍ မြတ်စွာဘုရားကို ပန်းစေတီဖြင့် ကြည်ညို ပူဇော်ခဲ့ပြီး သေလွန်ကာ အပါယ်မလား, စကြဝတေးမင်းဘဝ အကြိမ်ကြိမ်နှင့် ဂေါတမမြတ်စွာဘုရားရှင်လက်ထက်ဝယ် အရှင်ပုပ္ဖထူပိယထေရ်ဖြစ်လေသည်။





+++++

ပုပ္ဖထူပိယတ္ထေရအပါဒါန်

ဟိမဝန္တာတောင်၏ အနီးအရပ်၌ ‘ကုက္ကုရ’မည်သော တောင်သည် ရှိ၏။ ထိုတောင်၏ အလယ်၌ ဗေဒင်သုံးပုံတို့၌ တဖက်ကမ်းရောက် တတ်မြောက်သော ပုဏ္ဏားသည် နေ၏။

ငါးထောင်သော တပည့်တို့သည် ငါ့ကို အခါခပ်သိမ်း ခြံရံကုန်၏။ ထိုတပည့်တို့သည် ရှေးဦးစွာ ထလေ့ရှိကုန်သည်လည်း ဖြစ်ကုန်၏။ ဗေဒင်သုံးပုံတို့၌လည်း ရဲရင့်ကုန်၏။

လောက၌ မြတ်စွာဘုရားသည် ပွင့်တော်မူ၏။ အရှင်သည် ထိုမြတ်စွာဘုရားကို သိပါ၏လော၊ ထိုမြတ်စွာဘုရား၏ လက္ခဏာတော်ငယ်တို့သည် ရှစ်ဆယ်ရှိကုန်၍ လက္ခဏာတော်ကြီးတို့သည်ကား သုံးဆယ့်နှစ်ပါး ရှိကုန်၏။

မြတ်စွာဘုရားသည် တလံမျှသော ရောင်ခြည်တော်ရှိသည်ဖြစ်၍ နေမင်းကဲ့သို့ တင့်တယ် တောက်ပတော်မူ၏။ (ဤသို့) တပည့်တို့ လျှောက်ကြားသော စကားကို ကြားရ၍ ဗေဒင်သုံးပုံတို့၌ တဖက်ကမ်းရောက် တတ်မြောက်သော ပုဏ္ဏားသည် -

နေရာသင်္ခမ်းကျောင်းမှ ထွက်လတ်၍ တပည့်တို့ကို ဘုရားရှိရာအရပ်ကို မေးလေ၏။
အကြင်အရပ်၍ ကြီးသော လုံ့လရှိတော်မူသော လူတို့၏ရှေ့သွား မြတ်စွာဘုရားသည် နေတော်မူ၏။

ငါသည် ထိုအရပ်ကို ရှိခိုးအံ့။ တုဘက်ကင်းသော မြတ်စွာဘုရားကို ရှိခိုးအံ့။ တက်ကြွ ဝမ်းမြောက်သော စိတ်ရှိသည်ဖြစ်၍ ငါသည် မြတ်စွာဘုရားကို ပူဇော်အံ့။

တပည့်တို့ လာကြကုန်လော့။ သွားကြကုန်အံ့။ မြတ်စွာဘုရားကို ဖူးမြင်ကုန်အံ့။ မြတ်စွာဘုရား၏ ခြေတော်တို့ကို ရှိခိုး၍ မြတ်စွာဘုရား အဆုံးအမတော်ကို နာကြကုန်အံ့။ (ဤသို့ ပြောကြား၍) တရက်မျှ ထွက်ခဲ့လေသော် ဖျားနာခြင်းကို ရ၏။ ဖျားနာခြင်းသည် နှိပ်စက်အပ်သည်ဖြစ်၍ စရပ်သို့ နေထိုင်ရန် ကပ်ရောက်ခဲ့၏။

အလုံးစုံသော တပည့်တို့ကို တပေါင်းတည်း စည်းဝေးစေ၍ လွန်ကဲသည့် ပညာရှိသော လူတို့၏ရှေ့သွား မြတ်စွာဘုရားဂုဏ်တော်သည် အဘယ်သို့သဘောရှိသနည်းဟု ထိုတပည့်တို့အား မြတ်စွာဘုရားအကြောင်းအရာကို မေး၏။

(ဤသို့) ငါသည် မေးလတ်သော် ထိုတပည့်တို့သည် ဖူးမြင်ရသည့်အတိုင်း ပြန်ကြားကုန်၏။ ထိုမြတ်စွာဘုရား (အကြောင်းအရာကို) ငါ၏မျက်မှောက်၌ ရိုသေစွာ ပြောကြားကုန်၏။

ငါသည် ထိုတပည့်တို့၏ စကားကို ကြားရသောကြောင့် မိမိစိတ်ကို ကြည်လင်စေ၏။ ပန်းတို့ဖြင့် ပုထိုးစေတီတော် ပြုလုပ်၍ ထိုအရပ်၌ပင် ငါသည် သေလွန်ခဲ့ရ၏။

ထိုတပည့်တို့သည် ငါ၏အလောင်းကို မီးသင်္ဂြိုဟ်၍ မြတ်စွာဘုရားထံတော်သို့ သွားကုန်၏။ မြတ်စွာဘုရားကို လက်အုပ်ချီလျက် ရှိခိုးကုန်၏။

ကောင်းသောစကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရား၏ ပုထိုးတော်ကို ပန်းတို့ဖြင့် မွမ်းမံပြုလုပ်ရသောကြောင့် ငါသည် ကမ္ဘာတသိန်းပတ်လုံး အပါယ်လေးပါးသို့ မလားမရောက်ရပေ။

ကမ္ဘာလေးသောင်းထက်၌ များမြတ်လှသည့် ဗိုလ်ပါအင်အားရှိသော အမည်အားဖြင့် ‘အဂ္ဂိသမ’ဟု ထင်ရှားကုန်သော စကြဝတေးမင်းတို့သည် တဆယ့်ခြောက်ကြိမ် ဖြစ်ဖူးကုန်၏။

ကမ္ဘာနှစ်သောင်းထက်၌ မြေကြီးအရှင်ဖြစ်သော ‘ဃတာသန’ဟု တူသော အမည်ရှိကုန်သော စကြဝတေးမင်းတို့သည် သုံးဆယ့်ရှစ်ကြိမ် ဖြစ်ဖူးကုန်၏။

လေးပါးသော ပဋိသမ္ဘိဒါတို့ကို၎င်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကို၎င်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကို၎င်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။
မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာ ကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ပုပ္ဖထူပိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။

(ထေရာပဒါန်ပါဠိတော် မြန်မာပြန်)

+++++

တရားပွဲပြီးသော် ကောင်းမှုကုသိုလ်အစုစုတို့ကို အမျှပေးဝေကြ၏။

သာဓု ... သာဓု ... သာဓု။

Monday, January 9, 2012

“အကုသိုလ်စေတသိက်များ”နှင့် “အရှင်အာနန္ဒာ၏အတွေး”

လောကချမ်းသာဘုရားကျောင်း၊
၂၀၁၂ ခု ဇန်နဝါရီလ (၇)ရက် စနေနေ့။

နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၏ ၂၀၁၂ ခုနှစ် ပထမဦး စနေနေ့ တရားရှုမှတ်ခြင်း၊ ဓမ္မသင်တန်းနှင့် တရားပွဲ အစီအစဉ်များတွင် အစီအစဉ်သစ်တစ်ရပ်အဖြစ် “လောကချမ်းသာ ငါးမိနစ်တရား” အစီအစဉ်ကို တရားရှုမှတ်ခြင်း အစီအစဉ် မစမီ ပြုလုပ်ရာ လောကချမ်းသာဆရာတော်က ဟောကြား ချီးမြှင့်၏။

အစီအစဉ်အရ ငါးမိနစ်မျှသာ ဟောကြားရန်ဖြစ်သော်လည်း ဘော်စတွန်မြို့မှ ဗီယက်နမ်လူမျိုး ဧည့်သည်များလည်း ပါဝင် တရားရှုမှတ်ကြရာ လောကချမ်းသာဆရာတော်က မိနစ်နှစ်ဆယ်ခန့် အင်္ဂလိပ်ဘာသာဖြင့် ဟောကြား ချီးမြှင့်ပေးလေသည်။



ဓမ္မပဒသင်တန်းပြဆရာတော် အရှင်စက္ကိန္ဒမှာ လောကချမ်းသာဆရာတော်နှင့်အတူ အသုဘရှု-မရဏာနုဿတိဘာဝနာပွားများရာသို့ ကြွရောက်ရန် ရှိသဖြင့် ယခုအပတ်တွင် ဓမ္မပဒသင်တန်း မရှိပေ။

ထို့ကြောင့် ဆရာတော် အရှင်ဝဏ္ဏိတက မွန်းလွဲ ၃ နာရီခွဲမှ ညနေ ၅ နာရီခွဲထိ “အကုသိုလ်စေတသိက်များ”အကြောင်းကို အားပါးတရ ရှင်းလင်း သင်ကြား ပို့ချပေး၏။



ညနေ ၆ နာရီ လောကချမ်းသာ ဆည်းဆာတရားပွဲတွင် ဆရာတော် အရှင်ဝိမလက မဟာဝဂ္ဂသံယုတ်ပါဠိတော်၊ မဂ္ဂသံယုတ်၊ အဝိဇ္ဇာဝဂ်မှ ‘ဇာဏုသောဏိဗြာဟ္မဏသုတ်’ကို “အရှင်အာနန္ဒာ၏အတွေး”ဟူ၍ တရားတော် အမည်ပေးကာ ဓမ္မဒါနပြု ဟောကြား၏။

ဇာဏုေဿာဏိဗြာဟ္မဏသုတ်

သာဝတ္ထိနိဒါန်း။
ထိုအခါ အသျှင်အာနန္ဒာသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ဆောင်ယူပြီးလျှင် သာဝတ္ထိပြည်သို့ ဆွမ်းခံဝင်၏။

အသျှင်အာနန္ဒာသည် အလုံးစုံ ဖြူသော ‘မြင်းမ’က,သော ရထားဖြင့် သာဝတ္ထိပြည်မှ ထွက်လာသော ဇာဏုေဿာဏိပုဏ္ဏားကို မြင်လေ၏။

က,ထားသော မြင်းမတို့သည်လည်း ဖြူကုန်၏။
ရထားတန်ဆာတို့သည်လည်း ဖြူကုန်၏။
ရထားသည်လည်း ဖြူ၏။
ဖြူသော အခြံအရံလည်း ရှိ၏။
ဇက်ကြိုးတို့သည်လည်း ဖြူကုန်၏။
နှင်တံသည်လည်း ဖြူ၏။
ထီးသည်လည်း ဖြူ၏။
သင်းကျစ်သည်လည်း ဖြူ၏။
အဝတ်တို့သည်လည်း ဖြူကုန်၏။
ဘိနပ်တို့သည်လည်း ဖြူကုန်၏။
ဖြူသော သားမြီးယပ်ဖြင့် ယပ်ခပ်စေ၏။

လူအများသည် ထိုရထားကို တွေ့မြင်ကြ၍ - “အချင်းတို့၊ ရထားသည် ကောင်းမြတ်လှပေစွတကား။ အချင်းတို့၊ ဗြဟ္မယာဉ်နှင့် တူပေစွတကား”ဟု ပြောဆို၏။

ထိုအခါ အသျှင်အာနန္ဒာသည် သာဝတ္ထိပြည်မှ ဆွမ်းခံ လှည့်လည်ပြီး၍ ဆွမ်းစားပြီးသည့်နောက် ဆွမ်းစားရာမှ ဖဲခဲ့၍ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ရှိခိုးလျက် တခုသော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်ထား၏။

အသျှင်ဘုရား၊ အကျွန်ုပ်သည် ဤနေ့ နံနက်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူဆောင်ပြီးလျှင် သာဝတ္ထိပြည်သို့ ဆွမ်းခံဝင်ပါ၏။
အသျှင်ဘုရား၊ အကျွန်ုပ်သည် အလုံးစုံဖြူသော ‘မြင်းမ’က,သော ရထားဖြင့် သာဝတ္ထိပြည်မှ ထွက်လာသော ဇာဏုေဿာဏိပုဏ္ဏားကို တွေ့မြင်ခဲ့ပါ၏။
က,ထားသော မြင်းမတို့သည်လည်း ဖြူပါကုန်၏။
ရထားတန်ဆာတို့သည်လည်း ဖြူပါကုန်၏။
ရထားသည်လည်း ဖြူပါ၏။
ဖြူသော အခြံအရံလည်း ရှိပါ၏။
ဇက်ကြိုးတို့သည်လည်း ဖြူပါကုန်၏။
နှင်တံတို့သည်လည်း ဖြူပါကုန်၏။
ထီးသည်လည်း ဖြူပါ၏။
သင်းကျစ်သည်လည်း ဖြူပါ၏။
အဝတ်တို့သည်လည်း ဖြူပါကုန်၏။
ဘိနပ်တို့သည်လည်း ဖြူပါကုန်၏။
ဖြူသော သားပြီးယပ်ဖြင့် ယပ်ခပ်စေပါ၏။
လူအများသည် ထိုရထားကို တွေ့မြင်ကြ၍ “အချင်းတို့၊ ရထားသည် ကောင်းမြတ်လှပေစွတကား။ အချင်းတို့ ဗြဟ္မယာဉ်နှင့် တူပေစွတကား”ဟု ပြောဆိုပါကုန်၏။
အသျှင်ဘုရား၊ ဤသာသနာတော်၌ ဗြဟ္မယာဉ်ကို ပညတ်ခြင်းငှါ စွမ်းနိုင်ပါမည်လောဟု လျှောက်၏။

“အာနန္ဒာ စွမ်းနိုင်၏”ဟု မြတ်စွာဘုရားသည် မိန့်တော်မူ၏။
အာနန္ဒာ - ဗြဟ္မယာဉ်ဟူသော ဤအမည်သည်၎င်း၊ ဓမ္မယာဉ်ဟူသော ဤအမည်သည်၎င်း၊ အတုမရှိမူ၍ (ကိလေသာ)စစ်ပွဲ၌ အောင်မြင်နိုင်သော ယာဉ်ဟူသော ဤအမည်သည်၎င်း “အင်္ဂါရှစ်ပါးရှိသော အရိယမဂ်၏ အမည်”သာ ဖြစ်၏။

အာနန္ဒာ - မှန်ကန်သော အမြင် ‘သမ္မာဒိဋ္ဌိ’ကို ပွားများသော်၊ ကြိမ်ဖန်များစွာ ပြုလုပ်သော် စွဲမက်မှု ‘ရာဂ’ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိ၏။ အမျက်ထွက်မှု ‘ဒေါသ’ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိ၏။ တွေဝေမှု ‘မောဟ’ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိ၏။

အာနန္ဒာ - မှန်ကန်သော အကြံ ‘သမ္မာသင်္ကပ္ပ’ကို ပွားများသော်၊ ကြိမ်ဖန်များစွာ ပြုလုပ်သော် စွဲမက်မှု ‘ရာဂ’ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိ၏။ အမျက်ထွက်မှု ‘ဒေါသ’ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိ၏။ တွေဝေမှု ‘မောဟ’ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိ၏။

အာနန္ဒာ - မှန်ကန်သော စကား ‘သမ္မာဝါစာ’ကို ပွားများသော်၊ ကြိမ်ဖန်များစွာ ပြုလုပ်သော် စွဲမက်မှု ‘ရာဂ’ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိ၏။ အမျက်ထွက်မှု ‘ဒေါသ’ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိ၏။ တွေဝေမှု ‘မောဟ’ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိ၏။

အာနန္ဒာ - မှန်ကန်သော အလုပ် ‘သမ္မာကမ္မန္တ’ကို ပွားများသော်၊ ကြိမ်ဖန်များစွာ ပြုလုပ်သော် စွဲမက်မှု ‘ရာဂ’ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိ၏။ အမျက်ထွက်မှု ‘ဒေါသ’ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိ၏။ တွေဝေမှု ‘မောဟ’ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိ၏။

အာနန္ဒာ - မှန်ကန်သော အသက်မွေးမှု ‘သမ္မာအာဇီဝ’ကို ပွားများသော်၊ ကြိမ်ဖန်များစွာ ပြုလုပ်သော် စွဲမက်မှု ‘ရာဂ’ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိ၏။ အမျက်ထွက်မှု ‘ဒေါသ’ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိ၏။ တွေဝေမှု ‘မောဟ’ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိ၏။

အာနန္ဒာ - မှန်ကန်သော အားထုတ်မှု ‘သမ္မာဝါယာမ’ကို ပွားများသော်၊ ကြိမ်ဖန်များစွာ ပြုလုပ်သော် စွဲမက်မှု ‘ရာဂ’ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိ၏။ အမျက်ထွက်မှု ‘ဒေါသ’ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိ၏။ တွေဝေမှု ‘မောဟ’ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိ၏။

အာနန္ဒာ - မှန်ကန်သော အောက်မေ့မှု ‘သမ္မာသတိ’ကို ပွားများသော်၊ ကြိမ်ဖန်များစွာ ပြုလုပ်သော် စွဲမက်မှု ‘ရာဂ’ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိ၏။ အမျက်ထွက်မှု ‘ဒေါသ’ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိ၏။ တွေဝေမှု ‘မောဟ’ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိ၏။

အာနန္ဒာ - မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ’ကို ပွားများသော်၊ ကြိမ်ဖန်များစွာ ပြုလုပ်သော် စွဲမက်မှု ‘ရာဂ’ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိ၏။ အမျက်ထွက်မှု ‘ဒေါသ’ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိ၏။ တွေဝေမှု ‘မောဟ’ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိ၏။

အာနန္ဒာ ဗြဟ္မယာဉ်ဟူသော ဤအမည်သည်၎င်း၊ ဓမ္မယာဉ်ဟူသော ဤအမည်သည်၎င်း၊ အတုမရှိ၍ (ကိလေသာ)စစ်ပွဲ၌ အောင်မြင်နိုင်သော ယာဉ်ဟူသော ဤအမည်သည်၎င်း “အင်္ဂါရှစ်ပါးရှိသော အရိယမဂ်၏ အမည်”တည်းဟူသော ဤစကားကို ဤဆိုခဲ့ပြီး အကြောင်းဖြင့် သိအပ်၏။

ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် ဤတရားစကားကို ဟောကြားပြီး၍ ထိုမှတပါး ဤဂါထာများကို ဟောတော်မူ၏။

“အကြင် မဂ္ဂင်ရထားအား ‘သဒ္ဓါ’နှင့် ‘ပညာ’တရားနှစ်ပါးတို့ကို အခါခပ်သိမ်း (‘ဥပေက္ခာ’ဟူသော) ‘ထမ်းပိုး’၌ က,အပ်ကုန်၏။
ရှက်မှု ‘ဟိရီ’သည် ‘ရထားသံ’ မည်၏။
‘ဝိပဿာနာစိတ်’ (‘မဂ်စိတ်’)သည် ‘ဇက်ကြိုး’ မည်၏။
အောက်မေ့မှု ‘သတိ’သည် စောင့်ရှောက်သော ‘ရထားထိန်း’ မည်၏။

(မဂ္ဂင်)ရထားသည် ‘သီလ’တည်းဟူသော ‘တန်ဆာ’ရှိ၏။
‘ဈာန်’တည်းဟူသော ‘ဝင်ရိုး’ရှိ၏။
‘ဝီရိယ’တည်းဟူသော ‘ဘီး’ရှိ၏။
‘ဥပေက္ခာ’သည် ရထားဦးကို တည်ငြိမ်စေ၏။
‘အလောဘ’သည် ‘အကာအရံ’ဖြစ်ပေ၏။

မပျက်စီးစေလိုမှု ‘အဗျာပါဒ’၊
မညှင်းဆဲလိုမှု ‘အဝိဟိံသာ’၊
ဆိတ်ငြိမ်မှု ‘ဝိဝေက’သည် အကြင်မဂ္ဂင်ရထား၌ တည်သူ၏ လက်နက်မည်၏။
သည်းခံခြင်းသည် ချပ်ဝတ်တန်ဆာမည်၏။
ထိုမဂ္ဂင်ရထား၌ တည်သူသည် ယောဂ၏ကုန်ရာ (နိဗ္ဗာန်)သို့ ရှေးရှူသွား၏။

ပညာရှိတို့သည် မိမိသန္တာန်၌ ဖြစ်ပေါ်လာသော အတုမရှိသော ထိုဗြဟ္မယာဉ်တည်းဟူသော မဂ္ဂင်ရထားကို (တက်စီးကြပြီးလျှင်) အောင်ပွဲမှန်သမျှကို စင်စစ် အောင်မြင်ကြ၍ လောကမှ ထွက်မြောက်ကြကုန်၏” ဟု (မိန့်တော်မူ၏)။

စတုတ္ထသုတ်၊ ဇာဏုေဿာဏိဗြာဟ္မဏသုတ်
အဝိဇ္ဇာဝဂ်၊ မဂ္ဂသံယုတ်၊ မဟာဝဂ္ဂသံယုတ်ပါဠိတော်။

+++++

တရားပွဲပြီးသော် ကောင်းမှုကုသိုလ်အစုစုတို့ကို အမျှပေးဝေကြ၏။

သာဓု ... သာဓု ... သာဓု။