Thursday, September 20, 2012

သိကြားမင်း၊ ဘုံ၌စိတ်ရ နှင့် `မာရ်မင်းကျော့ကွင်း လွတ်ကင်းရအောင်´

သိကြားမင်း

ဝေသာလီမြို့တော် ကုဋာဂါရကျောင်းတော်၌ ဘုရားရှင် သီတင်းသုံးတော်မူစဉ် မဟာလိမည်သော လိစ္ဆဝီမင်းသားကို အကြောင်းပြု၍ ဤဒေသနာတော်ကို ဟောကြားတော်မူလေသည်။

တနေ့သ၌ မဟာလိသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် `အရှင်ဘုရား၊ သိကြားမင်းကို မြင်ရပါသလော´ဟု မေးလျှောက်၏။ ဘုရားရှင်က `မဟာလိ၊ ငါဘုရားသည် သိကြားမင်းကို မြင်ရ၏´ဟု ဖြေကြားတော်မူလေရာ -

`အရှင်ဘုရား၊ အရှင်ဘုရားမြင်ရသော သိကြားမင်းသည် သိကြားမင်းအတု ဖြစ်ရာ၏။ သိကြားမင်းကို မြင်ရန် ခဲယဉ်းလှပါသည်ဘုရား´

`မဟာလိ ငါဘုရားသည် သိကြားမင်းကိုလည်းကောင်း၊ သိကြားမင်းဖြစ်ကြောင်း တရားကိုလည်းကောင်း သိ၏။

မဟာလိ၊ သိကြားမင်းသည် ရှေးအခါက လူဖြစ်စဉ်တုန်းက မာဃမည်သော လုလင် ဖြစ်ခဲ့ဖူး၏။ ထို့ကြောင့် မဃဝ ဟုလည်း ခေါ်ရ၏။

မဟာလိ၊ သိကြားမင်းသည် ရှေးအခါ လူဖြစ်စဉ်တုန်းက ရှေးဦးစွာ အလှူကို ပေးလှူခဲ့၏။ ထို့ကြောင့် ပုရိန္ဒရ ဟုလည်း ခေါ်ရ၏။

မဟာလိ၊ သိကြားမင်းသည် ရှေးအခါ လူဖြစ်စဉ်တုန်းက အလှူကို ရိုရိုသေသေ ပေးလှူခဲ့၏။ ထို့ကြောင့် သက္က ဟုလည်း ခေါ်ရ၏။

မဟာလိ၊ သိကြားမင်းသည် ရှေးအခါ လူဖြစ်စဉ်တုန်းက တည်းခိုစရာ ဇရပ်ကို ပေးလှူခဲ့၏။ ထို့ကြောင့် ဝါသဝ ဟုလည်း ခေါ်ရ၏။

မဟာလိ၊ သိကြားမင်းသည် တစ်ထောင်မကသော အကျိုးအကြောင်းကို တခဏချင်း တွေးတော ကြံစည်နိုင်၏။ ထို့ကြောင့် သဟဿနေတ္တ ဟုလည်း ခေါ်ရ၏။

မဟာလိ၊ သိကြားမင်း၏ မယားသည် သုဇာတာ မည်သော အသုရာတို့၏ သမီးပျို ဖြစ်၏။ ထို့ကြောင့် သုဇမ္ပတိ ဟုလည်း ခေါ်ရ၏။

မဟာလိ၊ သိကြားမင်းသည် တာဝတိံသာနတ်တို့ကို အစိုးရ၏။ ထို့ကြောင့် ဒေဝါနမိန္ဒ ဟုလည်း ခေါ်ရ၏။

မဟာလိ၊ သိကြားမင်းသည် ရှေးအခါ လူဖြစ်စဉ်တုန်းက ခုနစ်ပါးသော အကျင့်တို့ကို စွမ်းနိုင်သည့် အားလျော်စွာ ကောင်းစွာ ကျင့်ခြင်းကြောင့် သိကြားမင်းအဖြစ်သို့ ရ၏။ ထိုကျင့်ဝတ်ခုနစ်ပါးတို့ကား -

၁။ အသက်ထက်ဆုံး မိဘကို လုပ်ကျွေး၏။

၂။ အသက်ထက်ဆုံး မိမိတို့၏ ဆွေမျိုးထဲမှ ကြီးသူတို့ကို ရိုသေခြင်း။

၃။ အသက်ထက်ဆုံး ချိချိုသာသာ ပြောဆိုခြင်း။

၎။ အသက်ထက်ဆုံး ကုန်းချောစကားကို မဆိုခြင်း။

၅။ အသက်ထက်ဆုံး ဝန်တိုခြင်းကင်းသော စိတ်ဖြင့် နေထိုင်ခြင်း။

၆။ လွတ်လွတ်ကျွတ်ကျွတ် ပေးကမ်း စွန့်ကြဲခြင်း။

၇။ အသက်ထက်ဆုံး မှန်ကန်သော စကားဆို၍ အမျက်မထွက်ခြင်းတို့ ဖြစ်ပေသည်။´

ဤသို့ မိန့်တော်မူပြီးလျှင် မဟာလိ၏ တောင်းပန်ချက်အရ မာဃလုလင် ဘဝတုန်းက ကျင့်ဝတ်တည်ဆောက်ခဲ့ပုံ အကျယ်ကို ဟောကြားတော်မူကာ ထိုမာဃလုလင်၏ အကြောင်းနှင့် ဆက်စပ်လျက် အထက်ပါ ဒေသနာတော်ကို ဟောကြားတော်မူလေသည်။

ဤဒေသနာတော်၏ အဆုံး၌ လိစ္ဆဝီမင်းသား မဟာလိသည် သောတာပတ္တိဖိုလ်၌ တည်လေ၏။

(မာဏဝ ပြုစုသော ဓမ္မပဒ မှ)

+++++

၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၅-ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ စနေနေ့ ဓမ္မသင်တန်းများကို ပြုလုပ်ရာ မွန်း ၂ နာရီမှ ၃ နာရီ တရားရှုမှတ်ခြင်း အစီအစဉ်တွင် လောကချမ်းသာဆရာတော်က ဝိပဿနာဆိုင်ရာ တရားတော်ကို ဟောကြား ချီးမြှင့်၏။

+++++

မွန်းလွဲ ၃ နာရီ ၁၅ မိနစ်တွင် အရှင်ဥဂ္ဂပဏ္ဍိတက ဓမ္မပဒ၊ အပ္ပမာဒဝဂ်၊ ဂါထာအမှတ် ၃၀ - မဃဝတ္ထုအကြောင်း ဟောကြား သင်ပြ၏။

+++++

မွန်းလွဲ ၄ နာရီခွဲတွင် အရှင်ဝဏ္ဏိတက ဝီထိပိုင်းအဆုံးသတ် ဘုံ၌စိတ်ရအကြောင်း ရှင်းလင်း သင်ကြား၏။

+++++

ညနေ ၆ နာရီ လောကချမ်းသာ ဆည်းဆာတရားပွဲဝယ် အရှင်ဝိမလက `မာရ်မင်းကျော့ကွင်း လွတ်ကင်းရအောင်´တရားတော်ကို ဟောကြား ဓမ္မဒါနပြု၏။

တရားလင်္ကာ

မာရ်မင်းကျော့ကွင်း လွတ်ကင်းရအောင်

ကြိုးစားပွားများ အားထုတ်ပါ မောင်

လွတ်မြောက်ရ မာရ်မင်းနယ်မှ ဘောင်

ဆိုက်ရောက်ရ လွန်မြတ် နိဗ္ဗာန်သောင်။

တရားပွဲပြီးသော် ကောင်းမှုကုသိုလ် အဝဝတို့ကို အမျှပေးဝေကြ၏။

သာဓု ... သာဓု ... သာဓု။

Friday, September 14, 2012

မိတ်ဆွေရဟန်းနှစ်ပါး၊ ပုဂ္ဂိုလ်အပြားနှင့် `အန္တရာယ်က လွတ်ပါစေ´

၂၀၁၂ ခုနှစ် စက်တင်ဘာလ ၈-ရက် စနေနေ့၊ နယူးယောက်မြို့ လောကချမ်းသာဘုရား၏ အပတ်စဉ် ဓမ္မသင်တန်းများဝယ် မွန်းလွဲ ၁း၅၅ နာရီ၌ လောကချမ်းသာဆရာတော်က ဝိပဿနာတရားတော်ကို ဟောကြား ချီးမြှင့်၏။

+++++

မွန်းလွဲ ၃း၁၅ နာရီတွင် အရှင်ဥဂ္ဂပဏ္ဍိတက ဓမ္မပဒ၊ အပ္ပမာဒဝဂ်၊ ဂါထာ ၂၉၊ မိတ်ဆွေရဟန်းနှစ်ပါးဝတ္ထုအကြောင်း သင်ပြ ပို့ချ၏။

+++++

ညနေ ၄ နာရီခွဲတွင် အရှင်ဝဏ္ဏိတက အဘိဓမ္မာသင်တန်း၊ ဝီထိပိုင်း၊ `ပုဂ္ဂိုလ်အပြား၊ ဘုံပုဂ္ဂိုလ်ရ´၊ `ပုဂ္ဂိုလ်စိတ်ရ´၊ `စိတ်-ပုဂ္ဂိုလ်ရ´တို့ကို ရှင်းလင်း သင်ကြား၏။

+++++

ညနေ ၆ နာရီ လောကချမ်းသာဆည်းဆာတရားပွဲအဖြစ် အရှင်ဝိမလက ခေမာထေရီအကြောင်း၊ `အန္တရာယ်က လွတ်ပါစေ´တရားတော်ကို ဓမ္မဒါနပြု ဟောကြား၏။

တရားပွဲပြီးသော် ကုသိုလ် အပေါင်းအစုတို့ကို အမျှပေးဝေကြကုန်၏။

သာဓု ... သာဓု ... သာဓု။

Thursday, September 13, 2012

အရှင်မဟာကဿပထေရ်၊ မနောဒွါရဝီထိများနှင့် `ငယ်သေးတယ်ရယ်လို့´

၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁ ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ အပတ်စဉ် ဓမ္မသင်တန်းများကို ပြုလုပ်ရာ ရှေးဦးစွာ လောကချမ်းသာဆရာတော်က ဝိပဿနာတရားတော်ကို ဟောကြား ချီးမြှင့်၏

+++++

မွန်းလွဲ ၃ နာရီ ၁၅ မိနစ်တွင် အရှင်ဥဂ္ဂပဏ္ဍိတက ဓမ္မပဒ၊ အပ္ပမာဒဝဂ်၊ ဂါထာ ၂၈-အရှင်မဟာကဿပထေရ်အကြောင်း ပို့ချပေး၏။

+++++

ညနေ ၄ နာရီတွင် အရှင်ဝဏ္ဏိတက ဝီထိပိုင်း မနောဒွါရဝီထိများအကြောင်းကို ဆက်လက် သင်ကြား ပို့ချပေး၏။

+++++

ညနေ လောကချမ်းသာဆည်းဆာတရားပွဲတွင် အရှင်ဝိမလက ကောသလသံယုတ်၊ ဒဟရသုတ်နှင့် ဓမ္မပဒမှ သာမဏေလေးပါးဝတ္ထုတို့ကို အခြေခံ၍ `ငယ်သေးတယ်ရယ်လို့´တရားတော်ကို ဓမ္မဒါနပြု ဟောကြား၏။

တရားပွဲပြီးသာ် ကောင်းမှုကုသိုလ် အစုစုတို့ကို အမျှပေးဝေကြ၏။

သာဓု ... သာဓု ... သာဓု။