Tuesday, September 28, 2010

ကမ္မဋ္ဌာန်းပိုင်း (၂)

၂၀၁၀ ခုနှစ် စက်တင်ဘာလ ၁၈ ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ အပတ်စဉ် အဘိဓမ္မာသင်တန်းကို ဆက်လက် သင်ကြားပို့ချရာ ဆရာတော် အရှင်သီလာနန္ဒာဘိဝံသ၏ အဘိဓမ္မာပို့ချချက်များ အပတ်စဉ် (၅၃)နှင့် (၅၄) ကမ္မဋ္ဌာန်းပိုင်းဆိုင်ရာ သင်ခန်းစာများ သင်ယူ နာယူ မှတ်သားကြရ၏။

ကမ္မဋ္ဌာန်း ၄၀ ကို ဘာဝနာ ၃-ပါးနှင့် တွဲစပ်ပုံ

ဘာဝနာသည် (၁) ပရိကမ္မဘာဝနာ၊ (၂) ဥပစာရဘာဝနာ၊ (၃) အပ္ပနာဘာဝနာ ဟု ၃-ပါး အပြားရှိ၏။

(၁) ပရိကမ္မဘာဝနာ

ကသိုဏ်းဝန်းပရိကမ္မနိမိတ်ကို အာရုံပြု၍ အကြိမ်များစွာ “ပထဝီ .. ပထဝီ” စသည်ဖြင့် မှန်းဆ ကြည့်ရှုပွားများသော ဘာဝနာ။

(၂) ဥပစာရဘာဝနာ

ထင်လာသော ဥဂ္ဂဟနိမိတ်ကို အာရုံပြု၍ ရှေးကထက် တည်တည်ကြည်ကြည် သမာဓိရစွာ ပွားများသော ဘာဝနာ။

(၃) အပ္ပနာဘာဝနာ

ပဋိဘာဂနိမိတ်ပေါ်လာသောအခါ နီဝရဏတရားများ ကင်းကွာကာ ဝိတက်စသော ဈာန်အင်္ဂါတို့ မိမိတို့ဆိုင်ရာ ကိစ္စကို ဆောင်ရွက်နိုင်သော ဘာဝနာ။

ပရိကမ္မဘာဝနာသည် အလုံးစုံသော သမထကမ္မဋ္ဌာန်း ၄၀ တို့၌ ဖြစ်နိုင်၏။ တစ်စုံတစ်ခုသော သမထမျှသည် ပရိကမ်နှင့် ကင်း၍ မဖြစ်နိုင်သောကြောင့် ဖြစ်၏။

ဗုဒ္ဓါနုဿတိ၊ ဓမ္မာနုဿတိ၊ သံဃာနုဿတိ၊ သီလာနုဿတိ၊ စာဂါနုဿတိ၊ ဒေဝတာနုဿတိ၊ ဥပသမာနုဿတိ၊ မရဏာနုဿတိ ဟူသော အနုဿတိ ၈-ပါးနှင့်
အာဟာရေပဋိကူလသညာ၊ စတုဓာတုဝဝတ္ထာန်အားဖြင့်
ပေါင်း ၁၀-ပါးတို့သည် ပရိကမ္မဘာဝနာနှင့် ဥပစာရဘာဝနာ ၂-ပါး ရ၏။
အပ္ပနာဘာဝနာကို မရနိုင်။

အကြောင်းမှာ ဗုဒ္ဓါနုဿတိ၊ ဓမ္မာနုဿတိ၊ သံဃာနုဿတိ၊ သီလာနုဿတိ၊ စာဂါနုဿတိ၊ ဒေဝတာနုဿတိ၊ ဥပသမာနုဿတိဟူသော အနုဿတိ ၇-ပါးတို့သည် အလွန်တရာ နက်နဲသော ဂုဏ်တော်စသော အာရုံရှိသောကြောင့် တည်တံ့ခြင်းငှာ မစွမ်းနိုင်အောင် နက်နဲသောကြောင့် အပ္ပနာဘာဝနာ မဖြစ်နိုင်။
မရဏာနုဿတိသည် ထိတ်လန့် ကြောက်ရွံ့အပ်သော သဘောတရားဖြစ်သောကြောင့် အပ္ပနာကို မဖြစ်စေနိုင်။
အာဟာရေပဋိကူလသညာနှင့် စတုဓာတုဝဝတ္ထာန်တို့သည်ကား တရားသဘောအားဖြင့် အလွန်တရာ နက်နဲသောကြောင့် အပ္ပနာကို မဖြစ်နိုင်။

ကြွင်းကမ္မဋ္ဌာန်း ၃၀ သည် ဘာဝနာ ၃-ပါးစလုံး ရ၏။

ထိုကမ္မဋ္ဌာန်း ၃၀ တွင် ကသိုဏ်း ၁၀-ပါးနှင့် အာနာပါနဿတိ ပေါင်း ၁၁-ပါးသည် ဈာန် ၅-ပါးစလုံးကို ရနိုင်၏။
အသုဘ ၁၀-ပါးနှင့် ကာယဂတာသတိ ပေါင်း ၁၁-ပါးသည် ပထမဈာန်ကိုသာ ရနိုင်၏။
မေတ္တာ, ကရုဏာ, မုဒိတာ ပေါင်း ၃-ပါးသည် စတုတ္ထဈာန်တိုင်အောင် ရနိုင်၏။
ဥပေက္ခာကမ္မဋ္ဌာန်းသည် ပဉ္စမဈာန်ကိုသာ ရနိုင်၏။
ဤကား ရူပါဝစရဈာန်ကို ရနိုင်သော ကမ္မဋ္ဌာန်း ၂၆-ပါးတည်း။

အာရုပ္ပကမ္မဋ္ဌာန်း ၄-ပါးတို့သည် အစဉ်အတိုင်း အရူပဈာန် ၄-ပါးကို ရစေနိုင်၏။

+++++

ကမ္မဋ္ဌာန်း ၄၀ ကို နိမိတ် ၃-ပါးနှင့် တွဲစပ်ပုံ

နိမိတ်သည် ပရိကမ္မနိမိတ်၊ ဥဂ္ဂဟနိမိတ်၊ ပဋိဘာဂနိမိတ် ဟူ၍ ၃-ပါး အပြားရှိ၏။

(၁) ပရိကမ္မနိမိတ်

ကသိုဏ်းဝန်းစသော အာရုံတစ်ခုခုရအောင် အားထုတ်ရာ၌ စစွာ ရှုမြင်သော အာရုံ။

(၂) ဥဂ္ဂဟနိမိတ်

မျက်စိဖွင့်၍ ကြည့်ရာ၌ မြင်ရသလို စိတ်ထဲမှာ ထင်ရှားစွာ ပေါ်လာသော အာရုံ။

(၃) ပဋိဘာဂနိမိတ်

ဥဂ္ဂဟနိမိတ်နှင့် သဏ္ဍာန်တူစွာ ၎င်းထက် အဆပေါင်းများစွာ ကြည်နူးဖွယ် ကြည်လင်စွာ ပေါ်လာသော အာရုံ။

နိမိတ် ၃-ပါးနှင့် ဘာဝနာ ၃-ပါး တွဲစပ်ပုံမှာ -
ပရိကမ္မနိမိတ်၊ ဥဂ္ဂဟနိမိတ် ၂-ပါးကို ပရိကမ္မဘာဝနာနှင့် တွဲရပြီး၊
ပဋိဘာဂနိမိတ်ကို ဥပစာရဘာဝနာ၊ အပ္ပနာဘာဝနာ ၂-ပါးနှင့် တွဲရ၏။

ကမ္မဋ္ဌာန်း ၄၀ စလုံး၌ ပရိကမ္မနိမိတ်၊ ဥဂ္ဂဟနိမိတ်တို့ကို ရနိုင်သည်။
ကသိုဏ်း ၁၀-ပါး၊ အသုဘ ၁၀-ပါး၊ ကာယဂတာသတိ၊ အာနာပနဿတိ - ပေါင်း ၂၂-ပါးသော ကမ္မဋ္ဌာန်းတို့၌ ပဋိဘာဂနိမိတ်ကို ရနိုင်သည်။

ဈာန်ဖြစ်ပေါ်ပုံ

ဥဂ္ဂဟနိမိတ် ထင်ပြီးနောက် ၎င်းနိမိတ်ကို အဖန်ဖန် အထပ်ထပ် ဆင်ခြင်ပွားများသော ယောဂီပုဂ္ဂိုလ်အား အစဉ်အတိုင်း နီဝရဏတရားတို့သည် ကင်းကွာကုန်၏။
ထိုအခါ ဥဂ္ဂဟနိမိတ်ထက် အဆများစွာ စင်ကြယ်သော ပဋိဘာဂနိမိတ်သည် ထင်ရှားစွာ ဖြစ်ပေါ်လာ၏။
ထိုပဋိဘာဂနိမိတ် ထင်ပြီး ၎င်းနိမိတ်ကိုပင် အဖန်ဖန် အထပ်ထပ် ပွားများသော ယောဂီပုဂ္ဂိုလ်အား ရူပါဝစရပထမအပ္ပနာဈာန်သည် ဖြစ်ပေါ်လာ၏။

ထိုသို့ ပထမဈာန်ကို ရပြီးသော ပုဂ္ဂိုလ်သည် မိမိရရှိသောဈာန်၌ ပိုင်နိုင်ခြင်းစသည်ဖြစ်အောင် ဝသီဘော်ငါးပါးဖြင့် လေ့လာရသည်။

ဝသီဘော် ၅ ပါး

(၁) အာဝဇ္ဇနဝသီဘော် = ဈာန်အင်္ဂါကို ဘဝင်အနည်းငယ် ခြား၍ ပိုင်ပိုင်နိုင်နိုင်ဖြစ်အောင် ဆင်ခြင်မှု။

(၂) သမာပဇ္ဇနဝသီဘော် = ဈာန်ဝင်စားလိုလတ်သော် လျင်မြန်စွာ ဝင်စားခြင်းငှာ စွမ်းနိုင်မှု။

(၃) အဓိဋ္ဌာနဝသီဘော် = မိမိအလိုရှိသမျှ ကာလကြာအောင် ဈာန်အစဉ်ကို ထားနိုင်မှု။

(၄) ဝုဋ္ဌာနဝသီဘော် = ဝင်စားသောဈာန်မှ မိမိထလိုသောအခါ၌ မိမိအလိုရှိတိုင်း ထခြင်းငှာ စွမ်းနိုင်မှု။

(၅) ပစ္စဝေက္ခဏာဝသီဘော် = ဈာန်အင်္ဂါတို့ကို လျင်မြန်စွာ အထပ်ထပ် ဆင်ခြင်သော မနောဒွါရာဝဇ္ဇန်း၏ အခြားမဲ့၌ ဇောစိတ်ဖြင့် ဈာန်အင်္ဂါကို ဆင်ခြင်မှု။

အာဝဇ္ဇဝသီဘော်မြောက်လျှင် ပစ္စဝေက္ခဏာဝသီဘော်လည်း ပြီးစီးတော့၏။
အမြန်ဆုံး ဆင်ခြင်နိုင်သော မနောဒွါရာဝဇ္ဇန်း၏ သတ္တိကို အာဝဇ္ဇနဝသီဘော်ဟု ဆို၏။
ပစ္စဝေက္ခဏာဇော၏ သတ္တိကို ပစ္စဝေက္ခဏာဝသီဘော်ဟု ဆို၏။

မှတ်ချက်။ ။ အာဒိကမ္မိကဝီထိ၊ ဝသီဘော်ဝီထိများ ကျပုံကို ဝီထိပိုင်း၌ လေ့လာခဲ့ပြီး ဖြစ်၏။

ဒုတိယဈာန် စသည် ရပုံ

ဝိတက်စသော ရှေးရှေးသော ဈာနင်ကို ပယ်စွန့်၍ အဖန်ဖန်တလဲလဲ ပွားများ ဆင်ခြင်သည်ရှိသော် ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန်၊ ပဉ္စမဈာန်စသည်တို့ ဖြစ်ပေါ်လာကုန်၏။

အထက်ဈာန်သို့ တက်လိုသော ယောဂီသည် ရအပ်ပြီးသော ဈာန်ကို ဝသီဘော်ပေါက်အောင် လေ့လာအားထုတ်ရသည်။
ထိုကဲ့သို့ မလေ့လာဘဲ နေက ရပြီးသော ဈာန်သည်ပင် အသားမကျခင် ပစ်ထားမိသဖြင့် ပျောက်ကွယ်သွားတတ်သည်။

အာရုပ္ပဈာန် တက်ခန်း

ကရဇကာယရုပ်တရားအပေါ်၌ အပြစ်မြင်၍ အရူပဘုံသို့ ရောက်ရန် အာကာသာနဉ္စာယတနဈာန်ကို အလိုရှိသော ယောဂီသည် ရူပဈာန်၏ အာရုံဖြစ်သော ကသိုဏ်းရုပ်ကိုပင် စက်ဆုတ်လေတော့၏။

ဤသို့ ကရဇကာယနှင့် ကသိုဏ်းကိုပါ ကြောက်ရွံ့မုန်းတီးသော ယောဂီသည် ရူပပဉ္စမဈာန်ကို ဝသီဘော်မြောက်အောင် လေ့လာဝင်စားပြီးနောက် အာကာသကသိုဏ်းမှ တပါးသော ကသိုဏ်း ၉-ပါးတို့တွင် တစ်ပါးပါးကို ပဋိဘာဂနိမိတ်ထင်အောင် နှလုံးသွင်း၏။ ထိုအခါ ထင်နေသော ကသိုဏ်းဝန်းကို အာရုံမပြုတော့ဘဲ ကသိုဏ်းဝန်းပျံ့နှံ့ရာအရပ်ကို “အာကာသောအနေန္တော, အာကာသောအနန္တော”ဟု ကောင်းကင်ကိုသာ အာရုံပြုလျက် ပရိကမ္မဘာဝနာဖြင့် အထပ်ထပ် နှလုံးသွင်းလတ်သော် ပဌမာရုပ္ပဝိညာဏ်ခေါ်သော အာကာသာနဉ္စာယတနဈာန် အပ္ပနာ ဖြစ်ပေါ်လာလေသည်။

အာကာသာနဉ္စာယတနဈာန်ကို အဖန်ဖန် ဝင်စား၍ အသားကျသည့်အခါ ဝိညာဏဉ္စာယတနဈာန်ကို အလိုရှိသော ယောဂီသည် ပဌမာရုပ္ပဈာန်ကို အပြစ်ရှုပြီးလျှင် ကောင်းကင်ပညတ်ကို အာရုံမပြုတော့ဘဲ ပဌမာရုပ္ပဝိညာဏ်ကို အာရုံပြုကာ “ဝိညာဏအနန္တ”ဟု အဖန်ဖန် ပွားများလတ်သော် ဒုတိယာရုပ္ပိဝိညာဏ် ခေါ်သော ဝိညာဏဉ္စာယတနဈာန် ဖြစ်ပေါ်လာ၏။

ဝိညာဏဉ္စာယတနဈာန်ကို အဖန်ဖန် ဝင်စား၍ အသားကျသည့်အခါ အာကိဉ္စညာယတနဈာန်ကို အလိုရှိသော ယောဂီသည် ဒုတိယာရုပ္ပဈာန်ကို အပြစ်ရှုပြီးလျှင် ဝိညာဏဉ္စာယတနဈာန်၏ အာရုံဖြစ်သော အကာသာနဉ္စာယတနဝိညာဏ်၏ မရှိခြင်းတည်းဟူသော နတ္ထိဘောပညတ်ကို အာရုံပြု၏။ “နတ္ထိကိဉ္စိ, နတ္ထိကိဉ္စိ”ဟု စီးဖြန်းဖန်များလတ်သော် တတိယာရုပ္ပဝိညာဏ် ခေါ်သော အာကိဉ္စညာယတနဈာန် ဖြစ်ပေါ်လာ၏။

အာကိဉ္စညာယတနဈာန်ကို အဖန်ဖန် ဝင်စား၍ အသားကျသည့်အခါ နေဝသညာနာသညာယတနဈာန်ကို အလိုရှိသော ယောဂီသည် တတိယာရုပ္ပဈာန်ကို အပြစ်ရှုပြီးလျှင် နတ္ထိဘောပညတ်ကို အာရုံမပြုတော့ဘဲ တတိယာရုပ္ပဈာန်ကို အာရုံပြုကာ “သန္တမေတံ, ပဏိတမေတံ”ဟု အဖန်ဖန် ပွားများအပ်သော် စတုတ္ထာရုပ္ပဝိညာဏ် ခေါ်သော နေဝသညာနာသညာယတနဈာန် ဖြစ်ပေါ်လာ၏။

(အဘိညာဉ်ဝင်စားပုံနှင့် ဝီထိကျပုံတို့ကို ဝီထိပိုင်း၌ ပြဆိုခဲ့ပြီး ဖြစ်၏။)

+++++

၂၆-ဘုံ၌ ရကြသော သမထကမ္မဋ္ဌာန်းများ

လူ့ဘုံ၌ သမထကမ္မဋ္ဌာန်း ၄၀ စလုံးရ၏။

နတ်ပြည် ၆-ထပ်၌ အသုဘ ၁၀-ပါး၊ ကာယဂတာသတိ၊ အာဟာရေပဋိကူလသညာ၊ ပေါင်း ၁၂-ပါး ကြဉ်သော သမထကမ္မဋ္ဌာန်း ၂၈-ပါး ရ၏။

အသညသတ်ကြဉ်သော ရူပ ၁၅-ဘုံ၌ အသုဘ ၁၀-ပါး၊ ကာယဂတာသတိ၊ အာနာပါနသတိ၊ အာဟာရေပဋိကူလသညာ၊ ပေါင်း ၁၃-ပါး ကြဉ်သော သမထကမ္မဋ္ဌာန်း ၂၇-ပါး ရ၏။

(သင်္ခါရ၊ ယမိုက်အရ အဿာသ, ပဿာသသည် ရူပဗြဟ္မာများမှာ မဖြစ်။)

အာကာသာနဉ္စယတနဘုံ၌ အာရုပ္ပကမ္မဋ္ဌာန်း ၄-ပါး ရ၏။

ဝိညာဏဉ္စာယတနဘုံ၌ အာကာသာနဉ္စယတနဈာန်ကြဉ် ၃-ပါး ရ၏။

အာကိဉ္စညာယတနဘုံ၌ အာကာသာနဉ္စယတနဈာန်, ဝိညာဏဉ္စာယတနဈာန်ကြဉ် ၂-ပါး ရ၏။

နေဝသညာနာသညာယတနဘုံ၌ နေဝသညာနာသညာယတနဈာန် ၁-ပါးသာ ရ၏။

+++++

အဘိညာဉ်

အဘိညာဉ်ဆိုသည်မှာ ပဉ္စမဈာန်အထူးကို ခေါ်၏။ ရိုးရိုး ပဉ္စမဈာန်နှင့် မတူဘဲ အထူးလေ့လာပွားများရ၏။

အဘိညာဉ်ကို ရူပါဝစရဈာန် ၅-ပါး ရရုံနှင့် မရနိုင်ဘဲ အရူပါဝစရဈာန် ၄-ပါးကိုလည်း ရရှိထားရ၏။

အဘိညာဉ် ၅-မျိုး၊ (သို့မဟုတ်) ၆-မျိုး၊ (သို့မဟုတ်) ၇-မျိုး ရှိ၏။

သင်္ဂြိုဟ်၌ အဘိညာဏ် ၅-မျိုးကို ပြ၏။

(၁) ဣဒ္ဓိဝိဓအဘိညာဏ် = တန်ခိုးအမျိုးမျိုး ဖန်ဆင်းနိုင်သော (မြေလျှိုးမိုးပျံ စသည်) အဘိညာဉ်။

(၂) ဒိဗ္ဗသောတအဘိညာဏ် = နတ်နားကဲ့သို့ တိုးသောအသံ, အဝေးမှအသံ စသည် ကြားနိုင်သော အဘိညာဉ်။

(၃) ပရစိတ္တဝိဇာနနအဘိညာဏ် = သူတပါး၏ စိတ်ကို သိသော အဘိညာဏ်။

(၄) ပုဗ္ဗေနိဝါသာနုဿတိအဘိညာဏ် = ရှေးဘဝများကို ပြန်အောက်မေ့နိုင်သော အဘိညာဏ်။

(၅) ဒိဗ္ဗစက္ခုအဘိညာစ် = နတ်မျက်စိကဲ့သို့ သေးငယ်သောအရာ, အဝေးမှအရာ, ဖုံးကွယ်နေသောအရာများကို မြင်နိုင်သော အဘိညာဏ်။

ဒိဗ္ဗစက္ခုအဘိညာဏ် အထူးအပြား အမျိုးအစားတစ်ခုမှာ သတ္တဝါများ ဘဝတစ်ခုက သေပြီး တခြားဘဝတစ်ခု၌ ဖြစ်သည်ကို မြင်စွမ်းနိုင်သော ယထာကမ္မူပဂညာဏ် (သို့မဟုတ်) စတုပပါတညာဏ် ဖြစ်၏။
ဤညာဏ်ကို သီးခြားညာဏ်တစ်ခုအဖြစ် (အဘိညာဏ် ၆-ပါးဟု)ယူနိုင်သကဲ့သို့ ဒိဗ္ဗစက္ခုအဘိညာဏ်ထဲလည်း ထည့်သွင်းနိုင်၏။

မြတ်စွာဘုရားတို့မှာသာရှိသော အနာဂတ်ကို မြင်နိုင်သောညာဏ်ဖြစ်သည့် အနာဂတံသညာဏ်ကိုလည်း သီးခြားညာဏ်တစ်ခုအဖြစ် ယူပါက အဘိညာဏ် ၇-ပါးဟု ဆိုနိုင်၏။ ထိုညာဏ်မှာလည်း ဒိဗ္ဗစက္ခုကို အခြေခံပြီး ရအောင် လုပ်ရခြင်းဖြစ်၍ ဒိဗ္ဗစက္ခုအဘိညာဏ်ထဲလည်း ထည့်သွင်းနိုင်၏။

တချို့က အာသဝက္ခယညာဏ်ကိုလည်း အဘိညာဏ်ဟု ခေါ်သေး၏။ အာသဝက္ခယညာဏ်မှာ အရဟတ္တမဂ်ညာဏ် ဖြစ်၏။

ထို့ကြောင့် ရိုးရိုးဈာန်ရရုံမျှဖြင့် ကောင်းကင်ပျံ မြေလျှိုးမိုးပျံ မပြုလုပ်နိုင်ဘဲ အဘိညာဏ်ရမှသာ ပြုလုပ်နိုင်ကြောင်း မှတ်သားရ၏။

ဝိဇ္ဇာ ၃-ပါး (ပုဒိအာ)

အဘိညာဏ်ထဲမှ ပုဗ္ဗေနိဝါသအဘိညာဏ်၊ ဒိဗ္ဗစက္ခုအဘိညာဏ်၊ အာသဝက္ခယညာဏ် (အရဟတ္တမဂ်ညာဏ်)တို့ကို ဝိဇ္ဇာ ၃-ပါးဟု ခေါ်၏။

+++++

No comments: