Wednesday, August 25, 2010

ဥယျာဉ် နဲ့ စိုက်ခင်း

စစ်ကိုင်းမြို့ စီရင်စု ကျားမင်းကြီးရွာနေ မောင်သာထွန်း၏ အမေး

စစ်ကိုင်းမြို့ စီရင်စု ကျားမင်းကြီးရွာနေ မောင်သာထွန်း ရှိခိုး နားတော်လျှောက်ပါသည် ဆရာတော် အရှင်သူမြတ်ဘုရား။

(၁) ဘုံသုံးပါးမှာ ဗျာဓိတရားသည် မကင်းဘဲလျက် မီးတစ်ဆယ့်တစ်ပါးတွင် ၎င်းတရားမပါ၊ ကြွင်းကျန်ရှိသည်ကို ကျမ်းဂန်အညီ သိရပါမည့်အကြောင်း။

(၂) စိတ်, စေတသိက်, ရုပ်, နိဗ္ဗာန်, ခန္ဓာ, အာယတန, ဓာတ်, သစ္စာ, ဣနြေ္ဒ, ဗိုလ်, မဂ္ဂင်, ဈာနင် စသော အဘိဓမ္မာကျမ်းကို တတ်ကျွမ်းသည်နှင့် မဂ်လမ်းကို ပိုင်တော့မည်ဟု နေထိုင်သူတစ်ရပ်၊ ပဋိပတ်ကျင့်စဉ်ကို ကုန်စင်အောင် သိကျွမ်းမှ မဂ်လမ်းကို ရမည် ဟု ဘာဝနာမယကို အားကျသူတစ်မျိုး၊ မတိုးသာ မရှောင်သာ လူနှစ်ဦးတို့ ဆည်းပူးကြသည့်အရာမှာ ဂင်္ဂါဝါဠု သဲစုမက ပွင့်တော်မူကြသော ဘုရားရှင်တို့လက်ထက် အာသဝေါကင်းကွာ၍ ရဟန္တာယောက်ျား ရဟန္တာမိန်းမ ဖြစ်ကြသည်အနက် မည်သည့်တရားက ထက်မြက်၍ ဖိုလ်မဂ်ကို လျင်စွာ ရသည်ဟု မ,စ ချီးမြှင့်တော်မူပါမည့်အကြောင်းကိုလည်း ရှိခိုးနားတော်လျှောက်ပါသည် ဆရာတော်အရှင်သူမြတ်ဘုရား။

လယ်တီဆရာတော်ဘုရားကြီး ဖြေဆိုချက်

ပထမပုစ္ဆာအဖြေ

(၁) ဘုံးသုံးပါးမှာ ဗျာဓိတရားသည် မကင်းဘဲလျက် မီးတစ်ဆယ့်တစ်ပါးတွင် ၎င်းတရားမပါ၊ ကြွင်းကျန်ရှိသည်ကို ကျမ်းဂန်အညီ သိရပါမည့်အကြောင်း ဟူသော ပထမပုစ္ဆာ၌ -

အဖြေကား။ ။ ဇရာမီး၌ ပါဝင်သည်ဟူ၍ ကျမ်းဂန်နှင့်အညီ မှတ်ရမည်။
အကြောင်းမှာမူကား သစ်လွင် ရွှင်လန်းသော ရုပ်တရား နာမ်တရားတို့ကို ဟောင်းနွမ်း ညှိုးခြောက်စေမှုကို ဇရာမီးလောင်သည်ဟု ဆိုရသည်။
ဗျာဓိဟူသည်လည်း ခံ့ကျန်း ရွှင်လန်းသော ရုပ်တရား နာမ်တရားတို့ကို ကုန်ခန်း ညှိုးနွမ်းစေမှုမျိုး ဖြစ်၍ ဇရာမီးသဘော ရှိလေသည်။
(ပထမပုစ္ဆာအဖြေ ပြီး၏။)

ဒုတိယပုစ္ဆာအဖြေ

(၂) အဘိဓမ္မာတတ်ကျွမ်းလှ၍ မဂ်လမ်းကို ပိုင်တော့မည်ဟု နေထိုင်သူတစ်ရပ်၊
ပဋိပတ်ကျင့်စဉ်ကို ကုန်စင်အောင် သိကျွမ်းမှ မဂ်လမ်းကို ရမည်ဟု ဘာဝနာမယကို အားကိုးသူတစ်မျိုး၊
၎င်းနှစ်မျိုးတို့တွင် ဘယ်အမျိုးက သာလွန် ထက်မြက်၍ ဖိုလ်မဂ်ကို မြန်မြန် ရနိုင်မည်ဟု သိလိုပါကြောင်း ဟူသော ဒုတိယပုစ္ဆာ၌ -

အဖြေကား။ ။ သဗ္ဗညုဗုဒ္ဓပါရမီမျိုးနှင့် ပစ္စေကဗုဒ္ဓပါရမီမျိုးကဲ့သို့ မှတ်ရမည်။
အဘိဓမ္မာ တတ်ကျွမ်းလှသော သူ၏ အမှုသည် သဗ္ဗညုဗုဒ္ဓ ပါရမီဖြည့်မှုနှင့် အလားတူ၏။
မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို ဖြည်းဖြည်းနှေးနှေးသာ ရောက်တတ်၏။
ရောက်သောအခါ၌ ကြီးကျယ်စွာ ဖြစ်တတ်၏။

အဘိဓမ္မာ မတတ်ကျွမ်းလှဘဲ မိမိ၏ အတ္တဟိတ အကျိုးမျှကို ရွယ်ကိုး၍ ဘာဝနာမယကို အားကျသောသူသည် ဖြောင့်မတ်စွာ သွားပါမူ မဂ်ဉာဏ်ဖိုလ်ဉာဏ်ကို မြန်မြန် ရောက်နိုင်၏။
ရောက်သောအခါ၌ ကြီးကျယ်စွာ မဖြစ်တတ်။

အဘိဓမ္မာ တတ်ကျွမ်းလှသူ၏ အမှုသည် သရက်ဥယျာဉ်ကြီး၊ ပိန္နဲဥယျာဉ်ကြီးကို စိုက်ပျိုးသူနှင့် တူ၏။

ဘာဝနာမယသမား၏ အမှုသည် ဗူးခင်း၊ ဖရုံခင်း၊ မုန်လာခင်း စိုက်ပျိုးသူနှင့် တူ၏။

(ဒုတိယပုစ္ဆာအဖြေ ပြီး၏။)

မောင်သာထွန်း၏ ပုစ္ဆာအဖြေ ပြီး၏။

+++++
စာကိုး
လယ်တီဆရာတော်ဘုရားကြီး၏ “နိုင်ငံတွင်း ပုစ္ဆာအဖြေပေါင်းချုပ် (ပထမတွဲ)” မှ

No comments: