Friday, July 2, 2010

နည်းနည်းပါးပါး ဖြစ်သော်ငြားလည်း - အရှင်ပညာသီဟ

ပစ္စည်းဥစ္စာကြွယ်ဝချမ်းသာမှု၊ ရာထူးမြင့်မားမှု စသည်တို့ကို အစွဲပြု၍ အထက်တန်းလွှာလူတန်းစား၊ အလယ်အလတ်တန်းလွှာလူတန်းစား၊ ဆင်းရဲသားအလွှာလူတန်းစားဟု အကြမ်းဖျင်းအားဖြင့် လောကတွင် လူတန်းစား သုံးမျိုး ရှိ၏။

လူဖြစ်လာရတာချင်းတူပါလျက် ထိုသို့ လူ့အဆင့်အတန်း အမျိုးမျိုး မတူ ကွဲပြား ခြားနားရခြင်း၏ အကြောင်းရင်းကို ရှာသောအခါ ဖန်ဆင်းရှင်ကို ယုံကြည်သူများက ထိုဖန်ဆင်းရှင်၏ အလိုတော်ကြောင့်ဟု ဆို၍၊ ဖန်ဆင်းရှင်ကို မယုံ, ကံကို ယုံသူများက သူတို့ကံကြောင့်ဟု ဆိုကြပေမည်။

ရှုထောင့်အမျိုးမျိုးက ကြည့်လျှင် ထိုအဖြေနှစ်ခုစလုံးကို ကျေနပ်ကြမည် မဟုတ်ပေ။

ချမ်းသာသူ အထက်တန်းလွှာ လူတန်းစားများအနေဖြင့် ဘယ်အကြောင်းကြောင့်ပဲဆိုဆို ဆင်ခြေဆင်လက် တက်စရာ လိုမည် မဟုတ်။
ဆင်းရဲသားများအနေဖြင့်မူ ဖန်ဆင်းရှင်ကို မယုံသူများက ဘာကြောင့် သူတို့ကို ဒီလို ဆင်းရဲတဲ့ ဘဝမှာ ဖန်ဆင်းပေးရသလဲ၊ ဖန်ဆင်းရှင်သည် တရားမျှတမှု မရှိဟု ဖန်ဆင်းရှင်ကို အပြစ်တင်စရာ ဖြစ်လာသည်။
ကံကို မယုံကြည်သည့် ဆင်းရဲသူများကို မင်းတို့ရဲ့ ကောင်းမှုကံ အားနည်းမှုကြောင့် မင်းတို့ ဒီလို ဆင်းရဲနေတာဟု ပြောပါက သူတို့ကိုယ်သူတို့ အပြစ်တင်ခြင်း၊ စွပ်စွဲခြင်းသဘောမျိုး သက်ရောက်၍ ထိုအဆိုကိုလည်း လက်ခံလိုကြမည် မဟုတ်ပေ။

လက်ခံလိုသည်ဖြစ်စေ၊ လက်မခံလိုသည်ဖြစ်စေ အကြောင်းအကျိုးကို ရှာဖွေထုတ်ဖော် ဟောကြားတော်မူသော ဘုရားရှင်က လူတန်းစားအမျိုးမျိုးနှင့် ထိုသို့ အမျိုးမျိုး ကွဲပြားရခြင်း အကြောင်းရင်းများကို သဘာဝယုတ္တိနှင့် လျော်ညီစွာ ဝေဖန်ပြရာ၌ -
လောကတွင် -
  • ဆင်းရဲ ချို့တဲ့ပြီး မိတ်ဆွေသူငယ်ချင်း မရှိသူ
  • ဆင်းရဲ ချို့တဲ့သော်လည်း မိတ်ဆွေသူငယ်ချင်း ပေါများသူ
  • ချမ်းသာကြွယ်ဝသော်လည်း မိတ်ဆွေသူငယ်ချင်း မရှိသူ
  • ချမ်းသာကြွယ်ဝပြီး မိတ်ဆွေသူငယ်ချင်း ပေါများသူ ဟု လူတန်းစား လေးမျိုးရှိကြောင်းကို ခွဲခြားပြခဲ့သည်။
ထိုလူတန်းစား လေးမျိုးတွင် အဆင့်အတန်းအမြင့်ဆုံး၊ နှစ်သက်စရာအကောင်းဆုံး၊ ဖြစ်ချင်စရာအကောင်းဆုံး လူတန်းစားမှာ ချမ်းသာကြွယ်ဝပြီး မိတ်ဆွေသူငယ်ချင်း ပေါများသူ ဖြစ်သည်။

ထိုအဆင့်အတန်းမျိုးကို ရရန် ဘုရားရှင်က ကိုယ်တိုင်လည်း လှူ၊ သူတပါးကိုလည်း လှူရန် တိုက်တွန်းပေးရမည်ဟု မိန့်ကြားတော်မူသည်။

ထိုသို့ မဟုတ်ဘဲ ကိုယ်တိုင်လည်း မလှူ၊ သူတပါးကိုလည်း လှူရန် မတိုက်တွန်းသူသည် ဖြစ်လေရာ ဘဝတွင် ဆင်းရဲနွမ်းပါး၍ မိတ်ဆွေသူငယ်ချင်း နည်းပါးသူ ဖြစ်တတ်ကြောင်း၊
ကိုယ်တိုင် မလှူသော်လည်း၊ သူတပါးကို လှူရန် တိုက်တွန်းသူသည် ဆင်းရဲနွမ်းပါးသော်လည်း မိတ်ဆွေသူငယ်ချင်း ပေါများသူ ဖြစ်တတ်ကြောင်း၊
ကိုယ်တိုင် လှူသော်လည်း၊ သူတပါးကို လှူရန် မတိုက်တွန်းသူသည် ပစ္စည်းဥစ္စာ ချမ်းသာကြွယ်ဝသော်လည်း မိတ်ဆွေသူငယ်ချင်း နည်းပါးသူ ဖြစ်တတ်ကြောင်းကို ဟောကြားသည်။

အကယ်၍ နောက်ဘဝတွင် ပြန်လည် မွေးဖွားရပါက ဖြစ်လေရာရာ ဘဝတွင် ချမ်းသာကြွယ်ဝပြီး မိတ်ဆွေပေါများသည့် အဆင့်အတန်းကို ရရှိရန် ဘုရားရှင် ညွှန်ပြသည့်အတိုင်း ကိုယ်တိုင်လည်း လှူ၊ သူတပါးကိုလည်း လှူရန် တိုက်တွန်းရပေမည်။
ထိုအခွင့်အရေးကို ရရှိစေရန် နယူးဂျာစီ၊ မဟာစည်သတိပဋ္ဌာန်ရိပ်သာတွင် လေးကြိမ်မြောက် နိဗ္ဗာန်ဈေး ဖြစ်မြောက်အောင် ဆောင်ရွက်ခဲ့ကြသည်။

နိဗ္ဗာန်ဈေးဖြစ်မြောက်ရေးအတွက် စီစဉ်ဆောင်ရွက်သူများသည် ဈေးရောင်းပွဲတွင် ပါဝင်၍ အလှူပေးနိုင်စေရန် ဈေးရောင်းသူများကို လိုက်လံ ရှာဖွေ နှိုးဆော်ရသည်။
ဈေးရောင်းပွဲသို့ လာရောက် ဝယ်ယူ စားသောက်၍ အလှူပေးနိုင်စေရန် မိတ်ဆွေအပေါင်းအသင်း သူငယ်ချင်းများကို တဆင့်စကား တဆင့်နားဖြင့် ဖိတ်ကြားရပြန်သည်။
ဈေးရောင်းပွဲတွင် တဲထိုး၊ စားပွဲ, ကုလားထိုင် ခင်းခြင်း စသော ဝေယျာဝစ္စကုသိုလ်ယူမည့်သူများကိုလည်း ခေါ်ယူ စည်းရုံးရသည်။
ထို့ပြင် မိမိတို့ကိုယ်တိုင်လည်း ချက်ပြုတ်ကြော်လှော်ကာ ပါဝင်ရောင်းချ၍ ရသမျှကို အလှူဒါနပြုကြသေးသည်။

နိဗ္ဗာန်ဈေးတွင် ပါဝင်ရောင်းချသူများသည်လည်း မိမိတို့လုပ်အား ငွေအားကို အသုံးပြု၍ အစားအသောက်များကို ရောင်းချကာ ရသည့်ငွေကို လှူဒါန်းသဖြင့် မိမိတို့ကိုယ်တိုင်လည်း အလှူဒါနပြုလုပ်သည်။ မိမိတို့ရောင်းချသည့် အစားအသောက်ကို ဝယ်ယူစားသောက်၍ အလှူဒါနလုပ်စေရန် ဆောင်ရွက်ပေးခြင်းဖြင့် သူတပါးကိုလည်း လှူရန် တိုက်တွန်းအားပေးသည်။

ဝယ်ယူစားသောက်သူများသည်လည်း မိမိဝယ်ယူစားသောက်သည့်အတွက် အသုံးပြုလိုက်ရသည့် ငွေသည် အခြားစီးပွားရေးသမားများ လက်ထဲသို့ ရောက်သွားသလို ရောက်မည်မဟုတ်ဘဲ ဘုရားတည် ကျောင်းဆောက်ရာတွင် အသုံးပြုမည့် ဘဏ္ဍာငွေထဲ ရောက်မည်ဖြစ်သဖြင့် ကိုယ်တိုင် လှူဒါန်းခြင်း ဖြစ်ပါသည်။

ဝယ်ယူသူရှိမှ ရောင်းသူရှိမည်ဖြစ်ရာ ရောင်းသူများ ရောင်းချ၍ လှူနိုင်စေရန် မိမိတို့က ဝယ်ယူအားပေးသဖြင့် သူတပါးကိုလည်း လှူဒါန်းစေရန် တိုက်တွန်းပေးသကဲ့သို့ ဖြစ်ပါသည်။

ဝေယျာဝစ္စဆောင်ရွက်သူများသည် နိဗ္ဗာန်ဈေးရောင်းပွဲတွင် ပင်ပန်းစွာ တဲထိုးခြင်း၊ ကုလားထိုင်ချခြင်း၊ စားပွဲခင်းခြင်း၊ ကားရပ်နားရန် နေရာချပေးခြင်း၊ လက်မှတ်ရောင်းပေးခြင်း စသော လုပ်ဆောင်ဖွယ်ရာများကို လုံ့လစိုက်၍ လုပ်ကိုင်ပေးခြင်းဖြင့် မိမိတို့ ကိုယ်တိုင် လုပ်အားဒါနအလှူ ပေးကြပါသည်။
မိမိတို့ လုပ်အားကြောင့် ဈေးရောင်းသူ၊ ဈေးဝယ်လာသူတို့ အဆင်တပြေ စိတ်ချမ်းသာ ကိုယ်ချမ်းသာစွာ ရောင်း,ဝယ်, စားသောက်နိုင်သည့်အတွက် သူတပါးတို့ကိုလည်း အလှူပေးရန် တိုက်တွန်းပေးသကဲ့သို့ ဖြစ်ပါသည်။

ထို့ကြောင့် နိဗ္ဗာန်ဈေးတွင် ပါဝင်ဆင်နွှဲကြသော စီမံဆောင်ရွက်သူ၊ လုပ်အားပေးသူ၊ ရောင်းချသူ၊ ဝယ်ယူစားသောက်သူ အားလုံးတို့သည် မိမိတို့ကိုယ်တိုင်လည်း လှူ၊ သူတပါးတို့ကိုလည်း လှူရန် တိုက်တွန်းအားပေးသူများဖြစ်ကြသဖြင့် ဖြစ်လေရာ ဘဝတွင် ချမ်းသာကြွယ်ဝပြီး မိတ်ကောင်းဆွေကောင်း အပေါင်းအသင်းပေါများသူများ ဖြစ်ကြပေလိမ့်မည်။

နိဗ္ဗာန်ဈေးကျင်းပရာတွင် အရာရာတိုင်းကို ကိုယ့်စိတ်တိုင်းကျ ဖြစ်မည်ဟု မျှော်လင့်၍ မရနိုင်ပါ။
ရာသီဥတု အခြေအနေအရလည်းကောင်း၊ သွားလာမှုခရီးအကွာအဝေးအရလည်းကောင်း၊ အခြား အခြားသော ကိုယ်ရေးကိုယ်တာ လုပ်ငန်းဆောင်တာ ကိစ္စများကြောင့်လည်းကောင်း လူပရိသတ်လာမှု အနည်းအများရှိခြင်း၊ ပရိသတ်အပေါ်မူတည်၍ အလှူငွေရရှိမှုတွင်လည်း အနည်းအများရှိခြင်းများ ဖြစ်တတ်ပါ၏။
ဈေးရောင်းသူများအနေဖြင့်လည်း မိမိတို့ ကြိုးပမ်းအားထုတ်၍ ချက်ပြုတ်လာသော အစားအသောက်များ ရောင်းမကုန်သည့် အခြေအနေမျိုးနှင့် ကြံတွေ့ရတတ်ပါ၏။

ထိုအဖြစ်အပျက်များကို အကြောင်းပြု၍ နိဗ္ဗာန်ဈေးတွင် စိတ်ရောကိုယ်ပါ ပါဝင်ဆောင်ရွက်ကြသူတိုင်း စိတ်ပျက် အားလျှော့စရာ မလိုဘဲ မိမိတို့ ကြိုးပမ်းအားထုတ်မှုကြောင့် ရလာသည့်ငွေကို ဝမ်းမြောက်ဝမ်းသာ စိတ်ရွှင်လန်းစွာ လှူဒါန်းရပါမည်။

ဘုရားရှင်က မိမိပြုသမျှ ကုသိုလ်ကို နည်းသည်ဟု ဆိုကာ စိတ်အားမငယ်စေရန် -
“မာဝမညေထ ပုညဿ၊ န မန္ဒံ အာဂမိဿတိ။
ဥဒဗိန္ဒု ပူရတိ ပုညဿ၊ ဥဒကုမ္ဘောပိ ပူရတိ။
ဓီရော ပူရတိ ပုညဿ၊ ထောကံ ထောကံပိ အာစိနံ။” ဟု ဓမ္မပဒအဋ္ဌကထာ၊ ပါပဝဂ်၊ ဗိဠာလပဒကသူဌေးဝတ္ထုတါင် ဟောထားပါသည်။

မန္ဒံ - အနည်းငယ်မျှ ပြုလုပ်သော ကုသိုလ်ကောင်းမှုသည်၊
န အာဂမိဿတိ - အကျိုးပေးသောအားဖြင့် မရောက်လာသေး၊
ဣတိ - ဤသို့ အကျိုးမပေးသေးသဖြင့်၊
ပုညဿ - မိမိပြုသော ကုသိုလ်ကောင်းမှု အနည်းငယ်ကို၊
မာဝမညေထ - မဖြစ်စလောက်ဟု မထီမဲ့မြင် မမှတ် မထင်ရ။
ဥဒဗိန္ဒု နိပါတေန - ရေတစ်ပေါက် တစ်ပေါက်မျှ ကျခြင်းဖြင့်၊
ဥဒကုမ္ဘောပိ - ရေအိုးကြီးသည်လည်း၊
ပူရတိ ယထာ - ပြည့်သကဲ့သို့၊
ဓီရော - ပညာရှိသည်၊
ထောကံ ထောကံ - အနည်းငယ် အနည်းငယ်မျှသော ကုသိုလ်ကောင်းမှုကို၊
အာစိနံ အာစိနန္တော - ကြိုးပမ်းအားထုတ် မပြတ်ပြုလုပ်ပါက၊
ပုညဿ - ကုသိုလ်ကောင်းမှုဖြင့်၊
ပူရတိ - ပြည့်ဝ၏။

“ရွာသွန်းဖျန်းပက်
မိုးရေစက်က
အိုးထက်လျှံကျ
ပြည့်ဖြိုးရသို့။
အနည်းငယ်မျှ
မြတ်ဒါနက
ကြီးစွာ့အကျိုး
ထမ်းသည်ပိုးလိမ့်။”
အဓိပ္ပာယ်ပေါ်လွင်ပြီး ဖြစ်၍ ထပ်မံ ရှင်းပြစရာ လိုမည် မထင်ပါ။

နိဗ္ဗာန်ဈေးဖြစ်မြောက်အောင် နှိုးဆော်ဆောင်ရွက်သူများ၊ နိဗ္ဗာန်ဈေးတွင် ပါဝင်ရောင်းချသူများ၊ ဝယ်ယူစားသောက်သူများ၊ လူကိုယ်တိုင် မလာနိုင်သော်လည်း မှာယူစားသောက်သူများ၊ တဲထိုးခြင်း၊ စားပွဲ, ကုလားထိုင် ခင်းခြင်း၊ အိုးခွက်,ပန်းကန် ဆေးခြင်း၊ အမှိုက်သိမ်းခြင်း၊ လက်မှတ်ရောင်းပေးခြင်း စသော လုပ်ဆောင်ဖွယ်ရာများကို လုံ့လစိုက်ထုတ်၍ လုပ်ကိုင် ဆောင်ရွက်ကြသူများ၏ စေတနာကြောင့် ၂၀၁၀ ခု၊ ဇွန်လ ၂၇-ရက်နေ့က နယူးဂျာစီ၊ မဟာစည်သတိပဋ္ဌာန်ရိပ်သာတွင် ကျင်းပသည့် လေးကြိမ်မြောက် နိဗ္ဗာန်ဈေးတွင် အလှူငွေ ဒေါ်လာ တစ်သောင်းကျော် ရရှိပါသည်။

ထိုရရှိသော အလှူငွေအားလုံးသည် ၂၀၁၀ ခုနှစ်တွင် စတင် တည်ဆောက်တော့မည့် တရားရိပ်သာ ကျောင်းဆောင်အတွက် တစိတ်တဒေသအားဖြင့် အထောက်အကူပြုမည် ဖြစ်ပါ၍ ဝမ်းမြောက်စွာ သာဓုခေါ်နိုင်ကြပါစေကြောင်း သတင်းကောင်းပါးလိုက်ပါသည်။

နယူးဂျာစီ မဟာစည်သတိပဋ္ဌာန်ရိပ်သာ လေးကြိမ်မြောက် နိဗ္ဗာန်ဈေးတွင် ရောင်းချ၍ ဝယ်ယူ၍ အလှူပေးသည့် စာရင်း

၁။ ဒေါ်ခင်ဖုန်းကြည် - မုန့်ဟင်းခါး - ဒေါ်လာ ၃၉၅
၂။ ဦးကေနှင့် မညိုညိုကြည် မိသားစု - ဒန်ပေါက်ထမင်း - ဒေါ်လာ ၄၇၀
၃။ ဒေါ်ခင်မေပြုံးမိသားစု - ရွှေရင်အေး၊ ဘိန်းမုန့်၊ မဆလာ၊ ခရမ်းချဉ်သီးယို၊ ဟလဝါ - ဒေါ်လာ ၄၀၉
၎။ ဒေါ်မွှေး နှင့် မခင်လေးမြင့် မိသားစု - လက်ဖက်သုတ်၊ အာလူးကက်သလိပ် - ဒေါ်လာ ၂၀၇
၅။ ဦးအောင်ကျော်မိုး နှင့် ဒေါ်ဌေး မိသားစု - ပုဇွန်ခွက်ကြော်သုတ် - ဒေါ်လာ ၅၈၂
၆။ ဒေါ်ခင်မလေးမိသားစု - ဝက်သားတုတ်ထိုး၊ မုန့်ဆီကြော် - ဒေါ်လာ ၃၃၈
၇။ ကိုသက်ဝင်းမိသားစု - ရေနှင့် အချိုရည် - ဒေါ်လာ ၂၆၉
၈။ မဖြူဖြူမြင့် - ဆန်တို့ဟူး - ဒေါ်လာ ၂၆၅
၉။ ဒေါ်မေရင် - မုန်ညှင်းချဉ် - ဒေါ်လာ ၂၃၅
၁၀။ ဒေါ်စီစီချို - ပဲကြော်နှင့် သာကူယိုင် - ဒေါ်လာ ၁၇၀
၁၁။ ဦးစောနိုင်နှင့် ဒေါ်ခင်ဝင်းကြည် - ဂျလေဘီ၊ ကြက်သားပလာတာ - ဒေါ်လာ ၄၃၆
၁၂။ ကိုညွှန့်ဦးနှင့် မတင်တင် - မြန်မာလက်ဖက်ရည်ချို - ဒေါ်လာ ၈၂
၁၃။ ကိုထွန်းအေးနှင့် ဒင်ပဲလ် - ကော်ပြန့်စိမ်း - ဒေါ်လာ ၄၇
၁၄။ ကိုမောင်မောင်နှင့် မိတ်ဆွေများ - မုန့်လက်ကောက် - ဒေါ်လာ ၁၈၈
၁၅။ ဦးသန်းဝင်းနှင့် ဒေါ်အေး မိသားစု - အကြော်စုံ - ဒေါ်လာ ၂၇၀
၁၆။ မစုစုဌေး - နန်းကြီးသုတ် - ဒေါ်လာ ၁၀၈
၁၇။ မအေးအေးသိန်း - ရခိုင်မုန့်တီ၊ ကော်ပြန့်ကြော်၊ သံပုရာသနပ် - ဒေါ်လာ ၂၅၀
၁၈။ မီရှဲလ် - ကိတ်မုန့် - ဒေါ်လာ ၁၂
၁၉။ ဦးစိုးဝင်းနှင့် ဒေါ်ကြင်ရွှေ မိသားစု - ကောက်ညှင်းထုပ်၊ ဒိန်ချဉ်၊ ပဲပြုတ် - ဒေါ်လာ ၂၉၄
၂၀။ ရန်ကုန်စားသောက်ဆိုင် (ပင်ဆဲလ်ဗေးနီးယား) - ခေါက်ဆွဲသုတ် - ဒေါ်လာ ၁၉၀
၂၁။ ကိုလှရွှေနှင့် မဥမ္မာ မိသားစု - ကောက်ညှင်းပေါင်း - ဒေါ်လာ ၃၆
၂၂။ အေဘီဘီအေ ဝေယျာဝစ္စအဖွဲ့ - ငပိကြော်၊ ဘဲသားမုန့် - ဒေါ်လာ ၇၆၆
၂၃။ မမြမြခင် - စာကလေးခွေကြော် - ဒေါ်လာ ၁၅၄
၂၄။ ကိုပညာနှင့် မချယ်ရီ မိသားစု - ပုဇွန်ချဉ် - ဒေါ်လာ ၁၃၀
၂၅။ မိုးကြိုးအဖွဲ့ - ရေခဲသုတ် - ဒေါ်လာ ၃၀၈
၂၆။ မြတ်နှင်းဦး - ဖွာလူဒါ - ဒေါ်လာ ၄၇၆
၂၇။ မီးမီးမြတ်စံနှင့် မြန်မာဆရာဝန်များ - ရေမုန့် - ဒေါ်လာ ၁၀၅
၂၈။ မလှရီ နှင့် မလှကြည် - ပသျှူးမုန့်၊ မုန့်ဟင်းခါးထုပ် - ဒေါ်လာ ၃၁၂
၂၉။ မောင်မောင်သန့် နှင့် မငြိမ်းငြိမ်းအေး - မြန်မာတို့ဟူးသုတ် - ဒေါ်လာ ၂၂၀
၃၀။ ဆွေမာသန်းနှင့် မောင်နှမများ - အုန်းနို့ခေါက်ဆွဲ - ဒေါ်လာ ၂၀၄
၃၁။ စိုးဝဏ္ဏနှင့် နိုးနိုး - ငှက်ပျောပေါင်းနှင့် ပလောပီနံမုန့် - ဒေါ်လာ ၉၃
၃၂။ မပြုံးပြုံးရည် - ရှာလပတ်ရည် - ဒေါ်လာ ၁၁၄
၃၃။ ကိုခင်မောင်ဦး - ဟင်းပေါင်းထုပ် - ဒေါ်လာ ၁၁၉
၃၄။ ကိုဝင်းထွန်းနှင့် မချို - ဘုရားပူဇော်ရန် လျှပ်စစ်မီး - ဒေါ်လာ ၁၄၈
၃၅။ ဦးစိန်မြင့်နှင့် ဒေါ်လီလီဌေး - သင်္ဘောသီးသုတ် - ဒေါ်လာ ၂၂
၃၆။ ဦးယုကြိမ်နှင့် ဒေါ်သန်းမြင့် မိသားစု - ကော်ပြန့်လိပ်နှင့် ကြက်သား - ဒေါ်လာ ၂၅
၃၇။ အေဘီဘီအေ - လက်မှုပစ္စည်း - ဒေါ်လာ ၆၇
၃၈။ အေဘီဘီအေ - ပျော်စရာ ရွှင်စရာ - ဒေါ်လာ ၁၁၆
၃၉။ အေဘီဘီအေ - ကစားစရာ - ဒေါ်လာ ၁၀၀
၄၀။ အေဘီဘီအေ - ဆုလက်မှတ် - ဒေါ်လာ ၁,၆၅၄
၄၁။ ဦးဇေယျာအောင် နှင့် ဒေါ်အင်ကြူ - သင်္ဘောသီးထောင်း - ဒေါ်လာ ၈၇
၄၂။ ဦးအောင်ကျော်မိုး - ဘုရားရှင် ဒေသစာရီစက်ရုပ် - ဒေါ်လာ ၃
၄၃။ Blue Sky Dental Center - ဆုပစ္စည်းအတွက် အလှူငွေ - ဒေါ်လာ ၅၀၀
၄၄။ အေဘီဘီအေ - အထွေထွေအလှူငွေ - ဒေါ်လာ ၅၃၂

စုစုပေါင်း ရရှိငွေ - ဒေါ်လာ ၁၁,၈၃၄
အသုံးစရိတ် - ဒေါ်လာ ၁,၇၇၀



Friday, June 25, 2010

ရုပ် ၂၈-ပါး

၂၀၁၀ ခုနှစ် ဇွန်လ ၁၉ ရက် စနေနေ့တွင် လောကချမ်းသာဘုရားကျောင်း၌ အရှင်သီလာနန္ဒာဘိဝံသ၏ အဘိဓမ္မာသင်တန်းပို့ချချက်များ အပတ်စဉ် (၃၇) ရုပ်ပိုင်း ပို့ချချက်များကို လေ့လာ သင်ယူကြရ၏။
ဦးစွာ လောကချမ်းသာဆရာတော်က ရုပ် ၂၈-ပါးအကြောင်းကို ရှင်းလင်း သင်ကြားပေးပြီး၊ ဆရာတော် အရှင်သီလာနန္ဒာဘိဝံသ၏ အသံသွင်းပို့ချချက်များကို နာယူ မှတ်သားကြရ၏။

+++++



ရုပ် ၂၈-ပါး


ရုပ် = မျက်မြင် ထင်ထင်ရှားရှား ဖောက်ပြန်တတ်သော သဘောတရား


“အေးတဲ့အခါ ရုပ်အစဉ်ကတစ်မျိုး မနေဘူးလား၊ ပူတဲ့အခါကျတော့ ရုပ်အစဉ်က တစ်မျိုးနေတယ်။
ဆာတဲ့အခါကျတော့ တစ်မျိုး၊
ရေငတ်နေတဲ့အချကျတော့ တစ်မျိုး၊
ပိုးကောင်တွေ အကိုက်ခံရတဲ့အခါ တစ်မျိုး နေတယ်။

အဲဒီလို ရှေ့ရုပ်အစဉ်နဲ့ မတူတဲ့ နောက်ရုပ်အစဉ်ဖြစ်တာ၊ အဲသလို ဖြစ်တာကိုပဲ ဖောက်ပြန်တယ်လို့ ခေါ်တယ်။
ဒါကြောင့် ရုပ်ဆိုတာ ဖောက်ပြန်တတ်တဲ့ သဘောတရားလို့ မှတ်ရမယ်။”


“ရုပ်ဟာ ဖောက်ပြန်တတ်တဲ့ သဘောတရားဆိုရင် စိတ်ကော မဖောက်ပြန်ဘူးလား၊ ရှေ့စိတ်အစဉ်နဲ့ မတူတဲ့ နောက်စိတ်အစဉ်တွေ ဖြစ်နေတာပဲ။ ဝီထိတွေ ဖြစ်နေတာပဲ။ ဒါပေမယ်လို့ ဒီနေရာမှာ မျက်မြင် ထင်ထင်ရှားရှား ဖောက်ပြန်တာကို ဆိုလိုတယ်။ စိတ်က လူသိတာမှ မဟုတ်ပဲ။ တစ်ထိုင်ထဲ အမျိုးမျိုး ဖြစ်နေတာ ဘယ်သူသိကြလဲ။ ရုပ်ကျတော့ သိတယ်။”


“သူများက ကြည့်လိုက်ရင် ဒီပုဂ္ဂိုလ်ဟာ ဆာလောင်နေတယ်၊ ချမ်းနေတယ်၊ အိုက်နေတယ် စသည်ဖြင့် အမျိုးမျိုး သိကြတယ်။ ဒါကြောင့်မို့ ထင်ရှားတဲ့ ဖောက်ပြန်မှုမျိုးကို ရည်ရွယ်ပြီးတော့ ဖောက်ပြန်တတ်သောကြောင့် ရုပ်လို့ ဒီလိုခေါ်ရတယ်။”


+++++


အဘိဓမ္မာသဘောအရ၊ အဘိဓမ္မာသင်ကြားချက်အရ ရုပ်ပေါင်း ၂၈-ပါး ရှိ၏။

ထို ရုပ် ၂၈-ပါးကို အစုကလေးများ ခွဲပြီး လေ့လာရ၏။


မဟာဘုတ် ၄-ပါး


အခြေခံအကျဆုံး ဖြစ်၏။ ဓာတ်ကြီး ၄-ပါးဟုလည်း ခေါ်၏။

‘ပထဝီဓာတ်’၊ ‘အာပေါဓာတ်’၊ ‘တေဇောဓာတ်’၊ ‘ဝါယောဓာတ်’ဟု ပါဠိအစဉ်အတိုင်း မှတ်သားနိုင်၏။


ပထဝီဓာတ် = မာမှု, ပျော့မှု, ကြမ်းတမ်းမှု, နူးညံ့မှု သဘော

အာပေါဓာတ် = ယိုစီး ဖွဲ့စည်းတတ်သော သဘော

တေဇောဓာတ် = ပူမှု အေးမှု သဘော

ဝါယောဓာတ် = တွန်းကန် ထောက်ကန်တတ်သော သဘော


ဤအခြေခံဓာတ်ကြီး ၄-ပါးကို အမှီပြုပြီး ဖြစ်သော ကျန်ရုပ် ၂၄-ပါးကို ‘ဥပါဒါရုပ်’ဟု ခေါ်၏။



ပသာဒရုပ် ၅-ပါး


‘ပသာဒ’ ဆိုသည်မှာ ကြည်လင်ခြင်းကို ခေါ်၏။

(၁) စက္ခုပသာဒ = မျက်စိအကြည်
(၂) သောတပသာဒ = နားအကြည်
(၃) ဃာနပသာဒ = နှာခေါင်းအကြည်
(၄) ဇိဝှါပသာဒ = လျှာအကြည်
(၅) ကာယပသာဒ = ကိုယ်အကြည်



ဝိသယရုပ် ၇-ပါး

‘ဝိသယ’ မှာ ‘အာရုံ’ကို ခေါ်၏။

အာရုံကို ပါဠိတွင် ‘ဝိသယ’၊ ‘အာရမ္မဏ’၊ ‘ဂေါစရ’ဟု သုံး၏။

(၁) ရူပါရုံ = မြင်နိုင်သော ရုပ် (ရုပ် ၂၈-ပါးတွင် တစ်ခုတည်းသော မြင်နိုင်သည့် ရုပ် ဖြစ်၏။)

(၂) သဒ္ဒါရုံ = ကြားအပ်သော ရုပ်

(၃) ဂန္ဓာရုံ = နံအပ်သော ရုပ်

(၄) ရသာရုံ = အရသာသိသော ရုပ်

ဖောဋ္ဌဗ္ဗာရုံ (ပထဝီ၊ တေဇော၊ ဝါယော) = အတွေ့အထိ

‘ဖောဋ္ဌဗ္ဗာရုံ’မှာ ပထဝီ၊ တေဇော၊ ဝါယော - မဟာဘုတ် ၃-ပါး အပေါင်းကိုပင် ခေါ်၏။ 

အဘိဓမ္မာသဘောအရ ‘အာပေါဓာတ်’ကို တွေ့ထိ၍ မရ။


“ရေကို လက်နဲ့နှိုက်လိုက်လို့ အေးတာက တေဇောသွားတွေ့တာ။ အာပေါရဲ့ ဖွဲ့စည်းမှုကို ထိလို့ တွေ့လို့ မရဘူးလို့ ဒီလို ယူဆထားတယ်။ ဒါကြောင့်မို့ ပထဝီ၊ တေဇော၊ ဝါယော ဒီ ၃-မျိုးအပေါင်းကို ဖောဋ္ဌဗ္ဗာရုံလို့ ခေါ်တယ်။

အဲဒီတော့ ဖောဋ္ဌဗ္ဗာရုံဆိုတာ သီးခြား ရှိတယ်လို့ မဆိုနိုင်ဘူး။ မဟာဘုတ် ၃-ပါးအပေါင်းပဲ။

ဒါကြောင့်မို့လို့ အဲဒီ မဟာဘုတ် ၃-ပါးအပေါင်းသည်ပင်လျှင် ဖောဋ္ဌဗ္ဗာရုံဖြစ်တဲ့အတွက်ကြောင့် ဝိသယရုပ် ၇-ပါးလို့ ပြောရင်လည်း ဟုတ်တယ်။ ၄-ပါးလို့ ပြောရင်လည်း ဟုတ်တာပဲ။ ၅-ပါးလို့ ပြောရင်လည်း ဟုတ်တယ်။

အဲဒါ တော်တော်ကြာကျတော့ သတိမေ့ပြီး ပေါင်းတာ နှုတ်တာတွေမှာ လွဲကုန်တတ်တယ်။ ဒါထည့်ပေါင်းပြီး သင်္ချာက မကိုက်ဘူး။ မနုတ်မိလို့ သင်္ချာမကိုက်ဘူး စသည်ဖြင့် အလွန်သတိထားရမယ်။ ဖောဋ္ဌဗ္ဗာရုံပါလာရင် သတိထားရမယ်။”


ဝိသယရုပ်တွေကို ပသာဒ ၅-ပါးနဲ့ စပ်ဟပ်လိုက်ရင် -
  • ရူပါရုံနဲ့ စက္ခုပသာဒ
  • သဒ္ဒါရုံနဲ့ သောတပသာဒ
  • ဂန္ဓာရုံနဲ့ ဃာနပသာဒ
  • ရသာရုံနဲ့ ဇိဝှါပသာဒ
  • ဖောဋ္ဌဗ္ဗာရုံနဲ့ ကာယပသာဒ တို့ တိုက်ဆိုင်တယ်။


ဘာဝရုပ် ၂-ပါး


ဣတ္ထိဘာဝရုပ် = မိန်းမသဘောဖြစ်သော ရုပ်

ပုမ္ဘာဝရုပ် = ယောက်ျားသဘောဖြစ်သော ရုပ်


အဲဒီ ဣတ္ထိဘာဝရုပ်၊ ပုမ္ဘာဝရုပ်ဟာ တစ်ကိုယ်လုံးမှာ ပျံ့နှံ့ပြီး တည်တယ်။



ဟဒယရုပ်

နှလုံးအိမ်အတွင်း ကံကြောင့်ဖြစ်သော သွေးတစ်မျိုး။



ဇီဝိတရုပ်

ရုပ်တရားတို့ မပုပ်သိုးအောင် မဆွေးမြေ့အောင် စောင့်ရှောက်တတ်သော သဘောတရား (အသက်)။

(နာမ်တရားတို့ကို စောင့်ရှောက်သော သဘောတရားမှာ ‘နာမ်ဇီဝိတ’ ဖြစ်၏။)

ဇီဝိတရုပ်သည် သက်ရှိသတ္တဝါသန္တာန်မှာသာ ဖြစ်နိုင်၏။ ပြင်ပဗဟိဒ္ဓမှာ မဖြစ်နိုင်။



အာဟာရရုပ်

စားသောက်စရာထဲတွင် ပါသော သြဇာဓာတ်။


ဤ “မဟာဘုတ် ၄ + ပသာဒ ၅ + ဝိသယ ၄ + ဘာဝ ၂ + ဟဒယ + ဇီဝိတ + အာဟာရ” ရုပ် ၁၈-ပါးတို့ကို -
သဘာဝရုပ်ဟုလည်း ခေါ်၏။ (တကယ့်သဘောဟုတ်သော ရုပ်)

သလက္ခဏရုပ်ဟုလည်း ခေါ်၏။ (သဘောလက္ခဏာရှိသော ရုပ်)

နိပ္ဖန္နရုပ်ဟုလည်း ခေါ်၏။ (ကံ၊ စိတ်၊ ဥတု၊ အာဟာရတို့က ဖြစ်စေအပ်သော ရုပ်)

ရူပရုပ်ဟုလည်း ခေါ်၏။ (တကယ်ဖောက်ပြန်သော ရုပ်၊ လေးနက်စေလို၍ ရုပ်,ရုပ် ဟု ဆို၏။)

သမ္မသနရုပ်ဟုလည်း ခေါ်၏။ (အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာရေး ၃-ပါး ဆင်ခြင်သုံး၍ ရသော ရုပ်)

ဤရုပ်များမှာ ပရမတ္ထအားဖြင့် တကယ် ထင်ရှားရှိသော ရုပ်များ ဖြစ်၏။



အာကာသရုပ်

ဟင်းလင်းပြင်ဖြစ်နေသော သဘော။



ဝိညတ်ရုပ် ၂-ပါး

ဝိညတ် (ဝိညတ္တိ=ပါဠိ) = သိစေခြင်း

ကာယဝိညတ် = ကိုယ်ဖြင့် သိစေတတ်သော သဘော

ဝစီဝိညတ် = နှုတ်ဖြင့် သိစေတတ်သော သဘော



ဝိကာရရုပ် ၅-ပါး

ဝိကာရ = ဖောက်ပြန်ခြင်း (အခြေအနေ အခြင်းအရာ တစ်မျိုး)

ကာယဿလဟုတာ = ပေါ့ပါးသည့်သဘော

ကာယဿမုဒုတာ = နူးညံ့မှုသဘော

ကမ္မညတာ = အမှု၌ခန့်သောသဘော

ကာယဝိညတ် (ဝိညတ်ရုပ်)

ဝစီဝိညတ် (ဝိညတ်ရုပ်)




လက္ခဏရုပ် ၄-ပါး

အမှတ်အသားဖြစ်သော သဘောတရား


ဥပစယ = ပထမဖြစ်သော သဘော

သန္တတိ = ပထမဖြစ်ပြီး ဖြစ်သောအခိုက်အတန့် သဘော

ဇာတိရုပ်တစ်ခုကိုပင် အဘိဓမ္မာ၌ ဥပစယ၊ သန္တတိ ဟူ၍ ၂-မျိုးခွဲ ဟော၏။

ဇရတာ = အိုမင်းရင့်ရော်ခြင်းသဘော

အနိစ္စတာ = မမြဲခြင်း သေခြင်း သဘော


ဖြစ်သောအခိုက်အတန့်မှာ ဥပစယနှင့် သန္တတိ၊ ရင့်ရော်နေသော အခိုက်အတန့်မှာ ဇရတာ၊ ချုပ်သွားသည့် အခိုက်အတန့်မှာ အနိစ္စတာ ဟူ၍ မှတ်သားကြောင်း၊ အမှတ်အသား သဘောတရား ဖြစ်၍ လက္ခဏရုပ် ၄-ပါးဟု ခေါ်၏။


ဤ “အာကာသရုပ် + ဝိညတ်ရုပ် ၂ + ဝိကာရ ၃ + လက္ခဏရုပ် ၄” ရုပ် ၁၀-ပါးတို့ကို -

အသဘာဝရုပ်ဟုလည်း ခေါ်၏။

အလက္ခဏရုပ်ဟုလည်း ခေါ်၏။

အနိပ္ဖန္နရုပ်ဟုလည်း ခေါ်၏။

အရူပရုပ်ဟုလည်း ခေါ်၏။

အသမ္မသနရုပ်ဟုလည်း ခေါ်၏။



+++++



အဘိဓမ္မာသင်တန်းပြီးသော် လောကချမ်းသာ စနေနေ့ ဆည်းဆာတရားပွဲကို အရှင်စက္ကိန္ဒက “သေဘေးကို ရင်ဆိုင်ဝံ့သူများ” တရားတော် ဟောကြား ဓမ္မဒါနပြု၏။





တရားပွဲပြီးလျှင် ၁၀-မိနစ်ခန့် တရားရှုမှတ်ကြကာ ကုသိုလ်ကောင်းမှုတို့ကို အမျှပေးဝေကြပါသည်။


သာဓု ... သာဓု ... သာဓု။