Wednesday, December 31, 2008

အာနန္ဒာဗောဓိပင် သမိုင်း



(image source: http://www.panoramio.com/photo/4286032)




(image source: http://commons.wikimedia.org/wiki/File:Anandabodhi.jpg)


တချိန်က မြတ်စွာဘုရား သာဝတ္ထိပြည်မွန် ဇေတဝန်ကျောင်းတော်မှာ ကိန်းအောင်းမွေ့လျော် သီတင်းသုံးတော်မူစဉ်တုန်းက၊ အမှန်တော့ သာဝတ္ထိပြည်မွန် ဇေတဝန်ကျောင်းဆိုတာ မြတ်စွာဘုရား အများဆုံး သီတင်းသုံးတဲ့ ကျောင်းတော်ကြီး ဖြစ်ပါတယ်။
သာဝတ္ထိမြို့ဟာလည်း မြတ်စွာဘုရား အများဆုံး သီတင်းသုံးတဲ့ မြို့တော်ကြီး ဖြစ်ပါတယ်။

ဇေတဝန်ကျောင်းတော်ကြီးရဲ့ ဒကာ အများကြားဖူးတဲ့ အနာထပိဏ်သူဌေးကြီး၊ အဲဒီ ဇေတဝန်ကျောင်းမှာ မြတ်စွာဘုရား သီတင်းသုံးတော်မူစဉ်တုန်းက၊ သီတင်းသုံးတယ်ဆိုပေမယ့် မြတ်စွာဘုရားဟာ ဘယ်ကျောင်းမှာမှ အမြဲ မနေနိုင်ပါဘူး။
သတ္တဝါများအတွက် တရားဟောဖို့ ဒေသစာရီ ကြွချီပြီးတော့ သွားနေရစမြဲပါ။
အေးအေးချမ်းချမ်း အေးအေးဆေးဆေး ကျောင်းမှာထိုင်ပြီး သီတင်းသုံးနေတယ်ဆိုတာ အင်မတန်မှ နည်းပါတယ်။

ဇေတဝန်ကျောင်းတော်မှာ သီတင်းသုံးသော်လည်းပဲ ကျွတ်ထိုက်တဲ့ ဝေနေယျသတ္တဝါများ နေ့တိုင်းနေ့တိုင်း ဉာဏ်မျက်စိမှာ ဖြန့်ကြည့်ပြီးတော့ ဉာဏ်ထဲမှာ ကျွတ်ထိုက်တဲ့ ပုဂ္ဂိုလ်များ၊ ဘုရားရဲ့ ကျေးဇူးပြုခံထိုက်တဲ့ ပုဂ္ဂိုလ်များ ပေါ်လာတယ်ဆိုရင် ဘယ်လောက်ပဲ ဝေးဝေး၊ တယောက်တည်းဖြစ်ပါစေ ဆင်းရဲချမ်းသာမရွေး၊ အယုတ်အလတ် အမြတ်မရွေး ကြွရောက်ပြီးတော့ တရားဟောရတယ်။ တခါတရံလည်း နေ့ချင်းပြန်ပေါ့။ တခါတရံလည်း ရက်ရှည် ခရီးကြွနေရတာပဲ။

အဲဒီလို မြတ်စွာဘုရား သတ္တဝါများအတွက် တရားဟောဖို့ ခရီးဒေသစာရီ ကြွချီတဲ့အခါ မြို့ထဲမှာ ရှိတဲ့ ဒကာ ဒကာမတွေကတော့ နေ့တိုင်းနေ့တိုင်း ကျောင်းသို့ လာနေကျပါ။
ဘုရားရှိလည်း လာတာပဲ။ ဘုရားမရှိလည်း လာကြတာပဲ။
မနက်ပိုင်းလာလည်း မနက်ပိုင်း လှူဖွယ်တန်းဖွယ်တွေနဲ့။
နေ့လည်ပိုင်းလာလည်း နေ့လည်ပိုင်းအလျောက် လှူဒါန်းဖွယ်တွေနဲ့။
ညနေပိုင်းရောက်တော့လည်း ပန်းတို့ ဆီမီးတို့ စတဲ့ လှူဖွယ်တန်းဖွယ်တွေနဲ့ ကျောင်းလာကြတယ်။

အထူးအားဖြင့် မြတ်စွာဘုရားအား ပူဇော်ဖို့ ဖူးဖို့ဆိုပြီးတော့ ပန်းစသည် ယူပြီးတော့ ဒကာ ဒကာမတွေ ဇေတဝန်ကျောင်းလာကြတော့ မြတ်စွာဘုရား ဒေသစာရီ ကြွချီခိုက်နဲ့ ကြုံကြိုက်တဲ့အခါမှာ ဘုရားနှင့် မတွေ့ကြရဘူး။
သူတို့ ရည်ရွယ်ချက်က ဘုရားပူဇော်မယ်ဆိုတဲ့ ရည်ရွယ်ချက်နှင့် ပန်းစသည် လှူဒါန်းဖွယ်မျိုးစုံ ယူလာကြတယ်။ လှူဖို့ ယူလာကြတယ်။

ကျောင်းရောက်တော့ ဘုရားနဲ့ မတွေ့တော့ စိတ်ထဲမှာ ဟာခနဲ ဖြစ်သွားကြတယ်။
စိတ်ထဲမှာ ဟာခနဲဖြစ်တော့ ဘုရားကို ပူဇော်ဖို့ ယူခဲ့တာ ဘုရားနှင့်က မတွေ့၊ ဘုရားကိုယ်စား ဘယ်အနား သွားပူဇော်ရမယ်လို့လည်း အသိတရားက မရှိသေး။
ဒီလိုဆိုတော့ ယူလာခဲ့တဲ့ ပန်းစတဲ့ လှူတန်းဖွယ်တွေကို မြတ်စွာဘုရား သီတင်းသုံးတဲ့ ဂန္ဓာကုဋိကျောင်းတံခါးဝနား စွန့်ထားခဲ့ပြီးတော့ အားငယ်တဲ့စိတ်ကလေးတွေနဲ့ အိမ်ပြန်,ပြန်သွားကြရတယ်။
တစ်ခါ မဟုတ်ဘူး၊ နှစ်ခါ မဟုတ်ဘူး။ အကြိမ်ကြိမ်ပဲ အဲဒီလို ဖြစ်ကြတယ်။
ဘုရားကလည်း ကျောင်းမှာ အမြဲတမ်း သီတင်းသုံးနေနိုင်တာ မဟုတ်ဘူး။ ဒေသစာရီ ကြွချီရတာက အများကြီး။

အဲဒီလို ဘုရား ဒေသစာရီ ကြွချီခိုက်နဲ့ ကြုံရတဲ့အခါများမှာ ဘုရားဖူးလာတဲ့ ပုဂ္ဂိုလ်တွေ၊ ဘုရားနှင့် မတွေ့ကြရတော့ အားငယ်ကြတယ်တဲ့။
ဆောက်တည်ရာ မရှိသလိုလို ကိုးကွယ်ရာ မရှိသလိုလို အဲလို ဖြစ်ကြတယ်။
လှူဖို့တန်းဖို့ ယူခဲ့ကြတဲ့ ပန်းစတဲ့ လှူဒါန်းဖွယ်များကိုလည်းပဲ ပူဇော်စရာ နေရာက မသိသေးတော့ ဂန္ဓကုဋိကျောင်းတံခါးဝ စသည်မှာ ပစ်ထားခဲ့ကြတယ် တဲ့။

အဲဒါနဲ့ မြတ်စွာဘုရား ဒေသစာရီ ကြွချီရာက ပြန်လာတဲ့အခါ အရှင်အာနန္ဒာလည်း ပါလာတယ်။
ဘုရားကြွသွားရင် အရှင်အာနန္ဒာလည်း လိုက်သွားရသဖြင့် ဘုရားပြန်ကြွလာရင် အရှင်အာနန္ဒာလည်း ပါလာစမြဲ။

ဒီတော့ ဒကာ ဒကာမတွေက ဒီအကြောင်းကို ပဓာနကျောင်းဒကာကြီးဖြစ်တဲ့ အနာထပိဏ်သူဌေးကြီးကို ပြောကြတာပေါ့။
မြတ်စွာဘုရားဖူးဖို့ မြတ်စွာဘုရားထံ လှူဖို့တန်းဖို့ ပူဇော်ဖို့ သွားတဲ့အခါ ဘုရားနဲ့ မတွေ့ရလို့ အားငယ်တဲ့အကြောင်း၊ ပူဇော်စရာ မတွေ့လို့ ပန်းစသည်ကို ဂန္ဓကုဋိကျောင်းတံခါးမှာ စွန့်ပစ်ထားခဲ့ရတဲ့အကြောင်း၊ ဒါကြောင့် တကယ်လို့များ ဘုရားရှင် ဒေသစာရီ ကြွချီတဲ့အခါမှာ ဘုရားအား ပူဇော်စရာ ဘုရားကိုယ်စား ပူဇော်စရာလေးများ ရှိရင် ကောင်းမှာ၊ မြတ်စွာဘုရားအား လျှောက်ပေးပါဦးလို့ လူတွေက ကျောင်းဒကာ အနာထပိဏ်သူဌေးကြီးကို ပူဆာကြ ပြောကြတယ်။

အဲဒါနဲ့ မြတ်စွာဘုရား ဒေသစာရီ ကြွချီရာက ပြန်ကြွလာတဲ့အခါ အရှင်အာနန္ဒာလည်း ပါလာတော့ အရှင်အာနန္ဒာထံ သွားပြီးတော့ အနာထပိဏ်သူဌေးကြီးက လျှောက်တယ်။
အရှင်ဘုရား .. မြတ်စွာဘုရားက ဇေတဝန်ကျောင်း သီတင်းသုံးတယ်ဆိုပေမယ့် အမြဲတမ်း သီတင်းသုံးနိုင်တာ မဟုတ်တော့ သတ္တဝါများအတွက် တရားဟောဖို့ သွားရတယ်ဆိုတော့၊ မြတ်စွာဘုရား ဒေသစာရီ ကြွချီတဲ့အခါ ဟောဒီ ဇေတဝန်ကျောင်းထဲမှာ ဘုရားဆိတ်သုဉ်းသလိုပဲ ဖြစ်နေပါတယ်ဘုရား။ ဘုရားဖူးဖို့ လှူဖို့ တန်းဖို့ လာတဲ့ ပုဂ္ဂိုလ်များ ဘုရားနဲ့ မတွေ့တော့ အားငယ်ကြတယ် ဘုရား။ ဘုရားကိုယ်စား ကိုးကွယ်စရာကလည်း မရှိတော့ လှူဖို့ တန်းဖို့ ယူခဲ့တဲ့ ဥစ္စာတွေကို ဂန္ဓကုဋိကျောင်းတိုက်တံခါးနားမှာ ဒီအတိုင်းပဲ ချထားခဲ့ စွန့်ထားခဲ့ရတယ် ဘုရား။

ဒါကြောင့် မြတ်စွာဘုရားကို လျှောက်ပေးပါပေါ့။
ဘုရားမရှိတဲ့အခါ ဘုရားကိုယ်စား ကိုးကွယ်စရာ ပူဇော်စရာများ မြတ်စွာဘုရား မိန့်ကြားပေးပါဘုရား၊ ညွှန်ကြားပေးတော်မူပါဘုရား။
အဲဒီလို အရှင်ဘုရားက မြတ်စွာဘုရားကို လျှောက်ပေးပါဦးဘုရားလို့ ကျောင်းဒကာ အနာထပိဏ်သူဌေးကြီးက (အရှင်အာနန္ဒာ၊ လောကအပြောတော့ ဘုရားရဲ့ ကိုယ်ရေးအရာရှိပေါ့။ ဘုရားရဲ့ ကိုယ်ရေးအရာရှိလို့ ခေါ်ဆိုရမယ့်) အရှင်အာနန္ဒာကို လျှောက်တော့ -
အရှင်အာနန္ဒာက မြတ်စွာဘုရားထံ သွားလျှောက်။

မြတ်စွာဘုရားထံ သွားလျှောက်တော့ အရှင်အာနန္ဒာက မေးခွန်းပဲ လျှောက်ပါတယ်။

“မြတ်စွာဘုရား၊ လောကမှာ စေတီဘယ်နှမျိုး ရှိပါသလဲ ဘုရား”

“သုံးမျိုးရှိတယ် အာနန္ဒာ”

သုံးမျိုးဆိုတာက ‘ဓမ္မစေတီ’မပါဘဲနဲ့ သုံးမျိုးပြောတာပါ။
တချို့နေရာမှာ လေးမျိုးဆိုတာက ‘ဓမ္မစေတီ’ထည့်ပြီးတော့ လေးမျိုးလို့ ပြောတာ။
အခု မြတ်စွာဘုရားက -

“သုံးမျိုးရှိတယ် အာနန္ဒာ”

“အဲဒီ သုံးမျိုးက ဘာတွေလဲဘုရား”

“သုံးမျိုးဆိုတာ ‘ပရိဘောဂစေတီ’၊ ‘ဥဒ္ဒိဿစေတီ’၊ ‘ဓာတုစေတီ’ပေါ့”

ဓာတုစေတီကို ‘သရီရစေတီ’လို့လည်း ခေါ်တယ်။
မြတ်စွာဘုရားရဲ့ ခန္ဓာကိုယ်မှ ဖြစ်ပေါ်လာသောကြောင့် ဓာတုစေတီကို သရီရစေတီလို့လည်း ခေါ်တယ်။
ဒါကြောင့် -
“ပရိဘောဂစေတီရယ်၊ ဥဒ္ဒိဿစေတီရယ်၊ ဓာတုစေတီရယ်လို့ သုံးမျိုးရှိတယ် အာနန္ဒာ၊ အဲဒီသုံးမျိုးရှိတယ် အာနန္ဒာ”

အဲဒီ သုံးမျိုးထဲမှာ ‘ဓမ္မစေတီ’ထည့်လိုက်ရင် စေတီလေးမျိုးဆိုတာ ပေါ်လာတယ်။

စေတီဆိုတာ ပါဠိလို ‘စေတိယ’။
စေတိယဆိုတာ မြတ်နိုးထိုက်တယ်၊ ပူဇော်ထိုက်တယ်၊ လေးစားထိုက်တယ်၊ မြတ်မြတ်နိုးနိုး အားကိုးထိုက်တယ် အဲဒါကို စေတီလို့ ခေါ်ပါတယ်။

အဲဒီ သုံးမျိုးရှိတယ်လို့ မြတ်စွာဘုရားက မိန့်ကြားတော့ အရှင်အာနန္ဒာက -

“မြတ်စွာဘုရား .. အဲဒီ စေတီသုံးမျိုးကို မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်မှာပဲ တည်လို့ ဖြစ်ပါသလား ဘုရား”လို့ အရှင်အာနန္ဒာက ပညာရှိပီပီ လျှောက်တယ်။
ဒကာ ဒကာမတွေက ဘယ်လို လျှောက်ခိုင်းလို့ဘုရား၊ အနာထပိဏ်သူဌေးကြီးက ဒီလိုလျှောက်ခိုင်းလို့ဘုရား တလုံးမှ မပြောဘူး။
ပညာရှိကြီးပီပီပဲ လိမ္မာပါးနပ်စွာ စေတီတည်လို့ ဖြစ်ပါမယ့်အကြောင်းကို လမ်းခင်းပြီးတော့ အရှင်အာနန္ဒာ လျှောက်နေပုံကလေး။

အဲဒီ စေတီသုံးမျိုး ပရိဘောဂစေတီ၊ ဥဒ္ဒိဿစေတီ၊ ဓာတုစေတီဆိုတဲ့ စေတီသုံးမျိုး။
“မြတ်စွာဘုရား သက်တော်ထင်ရှားရှိနေစဉ်မှာပဲ တည်လို့ ဖြစ်ပါသလားဘုရား”ဆိုတော့

“နှစ်မျိုးတည်လို့ ဖြစ်တယ် အာနန္ဒာ”

ဓာတုစေတီဆိုတာကတော့ ဘုရား ပရိနိဗ္ဗာန် စံမှပဲ တည်လို့ ဖြစ်တယ်။
ဓာတုစေတီဆိုတာ ဘုရားရဲ့ အရိုးဓာတ်တော်ကို ခေါ်တာ။
အရိုးဓာတ်တော်ဆိုတာကတော့ ဘုရားမရှိတဲ့နောက် ပရိနိဗ္ဗာန်စံပြီးမှပဲ ရမှာပေါ့။

ပရိဘောဂစေတီနဲ့ ဥဒ္ဒိဿစေတီဆိုတာကတော့ ငါဘုရား သက်တော်ထင်ရှားရှိနေစဉ်မှာပဲ တည်လို့ ဖြစ်ပါတယ် အာနန္ဒာဆိုတော့ အရှင်အာနန္ဒာက ဒီလိုဆို မြတ်စွာဘုရား၊ မြတ်စွာဘုရား သက်တော်ထင်ရှားရှိနေစဉ်မှာပဲ ပရိဘောဂစေတီနှင့် ဥဒ္ဒိဿစေတီ တည်လို့ဖြစ်တယ်ဆိုရင် တပည့်တော် စေတီတည်ချင်ပါတယ်ဘုရား ဆိုတော့ -

မြတ်စွာဘုရားက ပရိဘောဂစေတီဆိုတာ ငါဘုရား အသုံးအဆောင် သဗ္ဗညုတရွှေဉာဏ်ကို ထိုးထွင်း၍ သိရာဖြစ်တဲ့ ဗောဓိပင်ပေါ့။

ဗောဓိပင်လို့ ပြောလိုက်ရင် သပိတ်တော်တို့၊ သင်္ကန်းတော်တို့ စတဲ့ ဘုရား အသုံးအဆောင်၊ ပြီးတော့ စေတီကြီးတွေပေါ့။
မြေပေါက်စေတီဆိုတာ အမှန်တော့ ဘုရားရဲ့ သီတင်းသုံးရာ ကျောင်းဆောင်ကြီးတွေပါ။
ကျောင်းဆောင်ကြီးတွေဆိုတာကလည်း အသုံးအဆောင်တွေမို့လို့ ပရိဘောဂစေတီပဲ။
စေတီကြီးတွေမှန်သမျှအားလုံး ဘုရားရဲ့ သီတင်းသုံးရာ အုတ်ဂူ၊ အုတ်ကျောင်းကြီးများသဖွယ် တည်ဆောက်ထားတာ ဖြစ်သောကြောင့် ပရိဘောဂစေတီအရာမှာ တည်တယ်။
ဗောဓိပင်တို့ဆိုတာလည်းပဲ မြတ်စွာဘုရားရဲ့ အသုံးအဆောင် ပရိဘောဂစေတီလို့ပဲ ခေါ်တယ်။
ဘုရားရဲ့ အသုံးအဆောင် သပိတ်တော်တို့၊ သင်္ကန်းတော်တို့ စတဲ့ ဥစ္စာအားလုံး၊ အသုံးအဆောင်အားလုံးကို ပရိဘောဂစေတီ။

ဒါကြောင့် -
“ငါဘုရား သဗ္ဗညုတဉာဏ် ထိုးထွင်းသိရာဖြစ်တဲ့ ဗောဓိပင်ဆိုတာ ပရိဘောဂစေတီပဲ ချစ်သား အာနန္ဒာ”

ဥဒ္ဒိဿစေတီဆိုတာကတော့ ငါဘုရားရဲ့ ဂုဏ်တော်ကို အာရုံပြုပြီးတော့ ကြည်ညိုမြတ်နိုးစွာ ကိုးကွယ်ရတဲ့ အလုပ်ပါ။
အဓိကတော့ အာရုံပြုတတ်ဖို့ စိတ်အားထက်သန်ဖို့သာ ပဓာနပါ။

အဲဒီလိုဆိုတော့ မြတ်စွာဘုရား အဲလို မိန့်ကြားတော်မူတော့ အရှင်အာနန္ဒာက အဲလိုဆိုလို့ရှိရင် တပည့်တော် ဟောဟိုက ဇေတဝန်ကျောင်းတံခါးပေါက်မှာ မြတ်စွာဘုရား သဗ္ဗညုတဉာဏ်ကို ထိုးထွင်းသိမြင်ရာဖြစ်တဲ့ မဟာဗောဓိပင်က ဗောဓိစေ့ကို ယူပြီးတော့ ဗောဓိပင် စိုက်ပျိုးချင်ပါတယ် ဘုရား တဲ့။

မြတ်စွာဘုရား ကျောင်းမှာ မရှိတဲ့အခါမှာ ဒကာ ဒကာမတွေ ပူဇော်ဖို့ လာတဲ့အခါမှာ မြတ်စွာဘုရားနဲ့ မတွေ့တော့ ပူဇောစရာနေရာ မတွေ့တော့ အားငယ်ကြတယ် ဘုရား။
ဒါကြောင့် မြတ်စွာဘုရား မရှိတဲ့အခိုက် ဒကာ ဒကာမတွေ ပူဇော်ဖို့ လှူတန်းဖို့ လာကြတဲ့အခါ ပူဇော်စရာ လှူတန်းစရာ ဘုရားကို အာရုံပြု ပူဇော်လှူတန်းစရာအဖြစ်ဖြင့် ရအောင် ပရိဘောဂစေတီအဖြစ် ဇေတဝန်ကျောင်းတံခါးပေါက်မှာ ဗောဓိပင် စိုက်ချင်တယ်ဘုရား၊ ဗောဓိပင်ကလည်း မြတ်စွာဘုရား သဗ္ဗညုတဉာဏ်ကို ထိုးထွင်း၍ သိရာဖြစ်တဲ့ မဟာဗောဓိပင်က ဗောဓိညောင်စေ့ကို ယူပြီးတော့ စိုက်ပျိုးမှာပါဘုရားလို့ အရှင်အာနန္ဒာက လျှောက်တော့ မြတ်စွာဘုရားက -

ကောင်းတာပေါ့ အာနန္ဒာ၊ ဇေတဝန်ကျောင်း တံခါးပေါက်မှာ ဗောဓိပင်ကြီး စိုက်ပျိုးလိုက်တော့ ဟောဒီ ဇေတဝန်ကျောင်းကြီးဟာ ငါဘုရား အမြဲသီတင်းသုံးသလို ဖြစ်သွားမှာပေါ့။
ဒီဇေတဝန်ကျောင်းထဲမှာ ငါဘုရား အမြဲသီတင်းသုံးနေသလို ဖြစ်တော့မှာ။
လာသမျှလူတွေ လှူဖို့တန်းဖို့ ပူဇော်ဖို့ အားကိုးဖို့ လာကြတဲ့ ပုဂ္ဂိုလ်အားလုံး ဘုရားရဲ့ဂုဏ် အာရုံပြုပြီးတော့ လှူကြတန်းကြ ပူဇော်ကြမယ်ဆိုရင် ကုသိုလ်တွေ ပွားကြမှာပေါ့။
ငါဘုရားနဲ့ အမြဲတွေ့နေသလိုပဲ နေမှာပေါ့ အာနန္ဒာ။
ဘုရားက ကောင်းတယ်လို့ ထောက်ခံတယ်။ ခွင့်လည်း ပြုတယ်။

အဲဒီ အကြောင်းအရာကို အရှင်အာနန္ဒာက ပသေနဒီကောသလမင်းကြီးထံလည်း အကြောင်းကြားတယ်။
ကျောင်းဒကာ အနာထပိဏ်သူဌေးကြီးထံလည်း အကြောင်းကြားတယ်။
ပုပ္ဖါရုံကျောင်းအမကြီး ဝိသာခါထံလည်း အကြောင်းကြားတယ်။
ဒီအပြင် အရေးပါ အရာရောက်တဲ့ ဒကာ ဒကာမတွေထံလည်း အကြောင်းကြားတယ်။

ပြီးတော့ အရှင်အာနန္ဒာက အရှင်မဟာမောဂ္ဂလာန်ထံ သွားအကူအညီတောင်း။
“အရှင်ဘုရား .. တပည့်တော် ဇေတဝန်ကျောင်းတံခါးပေါက်မှာ ဗောဓိပင် စိုက်ပျိုးချင်တယ် ဘုရား၊ အရှင်ဘုရားရဲ့ တန်ခိုးနှင့် မဟာဗောဓိပင်က ဗောဓိညောင်စေ့ရအောင် ဆောင်ရွက်ပေးတော်မူစေချင်ပါတယ်ဘုရား” ဆိုတော့ -

အရှင်မဟာမောဂ္ဂလာန်က “ဟာ လွယ်ပါတယ် အာနန္ဒာ၊ ဗောဓိညောင်စေ့ရဖို့ မခက်ပါဘူး၊ ငါ တာဝန်ယူပါတယ်” ဆိုပြီးတော့ အရှင်မဟာမောဂ္ဂလာန်က တန်ခိုးနဲ့ ကောင်းကင်ခရီးကနေ မြတ်စွာဘုရား ပွင့်ခဲ့တဲ့ မဟာဗောဓိပင်ကို ကြွ၊ အဲဒီကို ကြွပြီးတော့ ဗောဓိညောင်သီးတစ်လုံးဟာ အညှာကနေ ကြွေကျခိုက် အရှင်မဟာမောဂ္ဂလာန်က ဟိုအောက်က မြေကြီးပေါ် မရောက်မီ ကြွေကျလျှင် ကြွေကျချင်း သင်္ကန်းနဲ့ လှမ်းခံယူလိုက်တယ်။

သင်္ကန်းနဲ့ လှမ်းခံယူပြီးတော့ ကောင်းကင်ခရီးနဲ့ပဲ ဇေတဝန်ကျောင်းကို ပြန်ကြွခဲ့တယ်။
ဗောဓိညောင်သီးတစ်လုံး ပါလာခဲ့တယ်။

အဲဒီထဲမှာ ညောင်စေ့တွေ မျိုးစေ့တွေ ပါလာတယ်ပေါ့။
အရှင်အာနန္ဒာက ဒကာ ဒကာမတွေ အသိပေးပြီးတော့ စေခိုင်းသင့်တဲ့ ပုဂ္ဂိုလ်များကို ကျောင်းတံခါးပေါက်မှာ မြေရှင်း၊ တွင်းများတူးခိုင်းပေါ့။
အားလုံး ကိစ္စပြီးပြီဆိုတဲ့အခါမှာ ရွှေပေါင်းချောင်ထဲမှာ နံ့သာနဲ့ထုံထားတဲ့ မြေများ ထည့်ပြီးတော့ အဲဒီ ဗောဓိညောင်စေ့များကို ချပြီးတော့ ပသေနဒီကောသလမင်းကြီးကို စိုက်ပျိုးခိုင်း။
ပသေနဒီကောသလမင်းကြီးကလည်း ကျောင်းဒကာ အနာထပိဏ်သူဌေးကြီးလက်ထဲ လွှဲ။
အနာထပိဏ်သူဌေးကြီးက ဗောဓိညောင်စေ့ကို အဲဒီထဲမှာ ကြဲချ စိုက်ပျိုးလိုက်တယ်ဆိုရင်ပဲ အံ့သြစရာကောင်းလောက်အောင်တဲ့ ဗောဓိညောင်ပင်ကြီး ဘွားခနဲဆို ချက်ချင်း ပေါ်ပေါက်လာသတဲ့။

စေတနာအားတွေ၊ သဒ္ဓါအားတွေ၊ တန်ခိုးအားတွေ အကုန်လုံးပေါ့။ နှလုံးသာ တရားတည်ဆိုတဲ့အတိုင်း ဘုရားယုံကြည်မှုက သိပ်အားကောင်း၊ တရားယုံကြည်မှုက သိပ်အားကောင်း၊ စွမ်းအားတွေက အင်မတန် အားကောင်းလွန်းလို့ ယုံနိုင်စရာ မရှိဘူးတဲ့။

တခါတည်း ဘွားခနဲဆို ဗောဓိညောင်ပင်ကြီး ချက်ချင်း ထပေါက်လာ။
ပေါက်လိုက်တာ အထက်ကို အတောင်ငါးဆယ်၊ ဘေးလေးဖက်လေးတန်ကိုလည်း အတောင်ငါးဆယ်၊ အကိုင်းအခက်တွေ တခါတည်း ရှုမငြီး အံ့မခန်းနိုင်လောက်အောင် ဗောဓိပင်ကြီး ဘွားခနဲ ပေါက်လာသတဲ့။

အဲဒါနဲ့ အရှင်အာနန္ဒာက ဘုရားထံ သွားလျှောက် -
“ဗောဓိပင် စိုက်ပျိုးပြီးပါပြီ ဘုရား၊ အဲဒီ ဗောဓိပင်မှာ မြတ်စွာဘုရား ဖလသမာပတ် ဝင်စားတော်မူပါဘုရား၊ အသုံးချတော်မူပါ ဘုရား” ဆိုတော့ မြတ်စွာဘုရားလည်း အဲဒီ စိုက်ပျိုးထားတဲ့ ဗောဓိပင်အောက်သွား။ အဲဒီမှာပဲ တစ်ညလုံး ဖလသမာပတ်ဝင်စားပြီးတော့ အသုံးချတော်မူတယ်။ ပရိဘောဂစေတီပေါ့။

အရှင်အာနန္ဒာကို အကြောင်းပြုပြီးတော့ စိုက်ပျိုးတဲ့ ဗောဓိပင်ဖြစ်လို့ “အာနန္ဒာဗောဓိ”လို့ အဲလို ခေါ်တယ်။

အဲလိုဆိုရင် ဘုရားဂုဏ်ကို အာရုံပြုတာ အဓိကပါ။
အဓိကအားဖြင့် နှလုံးသားမှာ တရားတည်တာပါ။ နှလုံးသား တရားတည်တဲ့ စွမ်းအားကြောင့်မို့လို့ ဇေတဝန်ကျောင်းတံခါးပေါက်မှာ ဘုရားကိုယ်စား ဘုရားရဲ့ အသုံးအဆောင် မဟာဗောဓိပင်မှ အပွားဖြစ်တဲ့ ဗောဓိပင်ဆိုတာ ပေါ်လာရတယ်။
ဘုရားကိုယ်တိုင် ခွင့်ပြုထားတယ်။

ဒါကြောင့် စေတီဆိုတာ ဘုရားရှိကတည်းက ပေါ်လာတဲ့ ဥစ္စာပါ။
ဘုရားကိုယ်တိုင်လည်း ခွင့်ပြုထားတယ်။
ကောင်းတယ်တဲ့။
ငါဘုရား မရှိတဲ့နောက် ငါဘုရား မရှိတဲ့အခါ ငါဘုရားကိုယ်စား ဖြစ်တာပေါ့။
ဘုရားကို အာရုံပြု ပူဇော်ရင် တကယ့်ဘုရားနဲ့ တွေ့ရသလိုပဲ ပူဇော်ရသလို အကျိုးဟာ ရပါတယ်လို့ ဘုရားကလည်းပဲ ချီးမွှမ်းဂုဏ်တင်ထားတာပဲ။


(တိပိဋကဓရ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ သိရိန္ဒာဘိဝံသ, ယောဆရာတော် ၏ ၁၉၉၈-ခုနှစ် ဖေဖော်ဝါရီလတွင် ပထမအကြိမ် ထုတ်ဝေသည့်
“နှလုံးသားဝယ် ဘုရားတည် - ဓမ္မစာစုများ အမှတ် (၁)” စာအုပ်တွင် ပါရှိသော သာသနာတော်သက္ကရာဇ် ၂၅၃၉-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၅၇-ခုနှစ် တန်ဆောင်မုန်းလဆန်း ၁၁-ရက်၊ ခရစ်သက္ကရာဇ် ၁၉၉၅-ခုနှစ် နိုဝင်ဘာလ ၂-ရက် ကြာသပတေးနေ့ ညအချိန် ကလေးမြို့နယ် အင်ဒိုင်းကြီးရွာ မဟာအာယုဒီဃကျောင်းကြီးအတွင်း၌ ဟောကြားတော်မူသော “နှလုံးသားဝယ် တရားတည် တရားတော်” မှ)

Friday, December 26, 2008

မင်းကွန်းဆရာတော်ဘုရားကြီးနှင့် မလွန်ဆန်လှူအသင်းကြီး


သာသနာ့မိခင် ကျေးဇူးဆပ်ရန် ကြံခြင်း


မြန်မာနိုင်ငံ ဗုဒ္ဓသာသနာသမိုင်း၌ အာဒိ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တ ဝိစိတ္တသာရာဘိဝံသ ဆရာတော်ဘုရားသည် -

မြန်မာနိုင်ငံတော်၏ ဦးဆုံး တိပိဋကဓရ ဖြစ်အောင် အားထုတ်ခြင်း၊
ဆဋ္ဌသင်္ဂါယနာ ဝိဿဇ္ဇက(အဖြေ)ဆရာတော်အဖြစ် ဆောင်ရွက်တော်မူခြင်း၊
မဟာဗုဒ္ဓဝင်ကျမ်းကြီး ၆-တွဲ (၈-အုပ်) ပြုစုတော်မူခြင်း - ဟူသော ရှေ့ပိုင်း သာသနာပြု လုပ်ငန်း သုံးသွယ်တို့ကို ဆောင်ရွက်တော်မူပြီးသည့်နောက် ဖော်ပြလတ္တံ့ပါအတိုင်း ဆင်ခြင်တော်မူခဲ့ပါသည်။

..... မန္တလေးမြို့ ပရိယတ္တိသာသနဟိတ (သကျသီဟ) အသင်းကြီးသည် မြန်မာနိုင်ငံရှိ ရဟန်း သာမဏေတို့၏ ဖခင်ကြီးနှင့် တူ၏။
နှစ်စဉ် နှစ်စဉ် ပရိယတ္တိ စာလျှောက်မေးပွဲများ ကျင်းပ၍ ပရိယတ္တိသာသနာတော်ကို ထွန်းလင်းစေ၏။
ဤသို့ ဗုဒ္ဓသာသနာတော်နှင့် စပ်၍ ဖခင်ကြီးနှင့်တူသော ပရိယတ္တိ သာသနဟိတအသင်းကြီး၏ ကျေးဇူးကို တိပိဋကဓရ ပုဂ္ဂိုလ်ဖြစ်အောင် အားထုတ်မှုဖြင့် ကျေးဇူးဆပ်ရချေပြီ။

ပရိယတ် ပဋိပတ် သာသနာတော် နှစ်ရပ် အရှည်တည်တံ့အောင် ကြိုးပမ်း အားထုတ်တော်မူကြသော ရဟန်း သာမဏေ သာသနာနွယ်ဝင် သီလရှင် သူတော်စင်တို့အား ဆွမ်းပစ္စည်းဖြင့် မပင်ပန်းရအောင် နှစ်စဉ် နှစ်စဉ် ဆွမ်းဆန်တော်များ လှူ၍ မလွန်ဆန်လှူအသင်းကြီးသည် ဗုဒ္ဓသာသနာတော်၏ မိခင်ကြီးသဖွယ် ဖြစ်ပေ၏။
ဤ မိခင်ကြီး၏ ကျေးဇူးကိုကား မဆပ်ရသေး။
ဖခင်နှင့်တူသော ပရိယတ္တိ သာသနဟိတအသင်းကြီးအတွက် အခါအားလျော်စွာ ပရိယတ္တိတာဝန်ကို ထူးချွန်အောင် ထမ်းဆောင်ခြင်းဖြင့် ကျေးဇူးဆပ်ခွင့် ရရှိခဲ့သည့်နည်းတူ မိခင် မလွန်ဆန်လှူအသင်းကြီး၏ ကျေးဇူးကို ဆပ်ရပါမူ ကောင်းလေစွ ..... ဟု ဆင်ခြင် တောင့်တခဲ့ပါသည်။

ဤသို့ တောင့်တခဲ့သည့်အတိုင်း မိခင် မလွန်ဆန်လှူအသင်းကြီး၏ ကျေးဇူးဆပ်ရန် အခွင့်ဖန်ခဲ့ပါသည်။


မလွန်ဆန်လှူအသင်းကြီး


ကုန်းဘောင် ၁၁-ဆက် မြန်မာမင်းများ လက်ထက်၌ စစ်ကိုင်း၊ မင်းဝံ၊ မင်းကွန်းတောင်ရိုး သုံးဌာနတို့၏ အရညဝါသီ သံဃာတော်များ၊ သီလရှင်၊ သူတော်စင်တို့အား လစဉ် လစဉ် ဆွမ်းဆန်တော် လှူဒါန်း ထောက်ပံ့ခဲ့ရာ ၁၂၄၇-ခုနှစ် သီပေါမင်းတရား ပါတော်မူပြီးနောက် ဆယ်နှစ်ကြာမျှ တိုင်းပြည် မငြိမ်မသက် ဖြစ်ပြီး တိုင်းပြည် ငြိမ်သက်စ ၁၂၅၇-ခုနှစ်တွင် “မလွန်ဆန်လှူအသင်း” စတင် ပေါ်ပေါက်လာခဲ့ပါသည်။

မန္တလေးမြို့ အနောက်ပြင် မလွန်မင်းသားကြီး နေသွားခဲ့ဖူးသည့် ရပ်ကွက်ဖြစ်၍ မလွန်ရပ်ဟု ခေါ်သည့် ထိုရပ်ကွက်မှ လူကြီးများသည် “မန္တလေးမြို့ မလွန်ဈေး ဆန်လှူအသင်းကြီး”ကို တည်ထောင်ခဲ့ကြပါသည်။

ထိုအသင်းကြီးက မန္တလေးမြို့နှင့်တကွ ပတ်ဝန်းကျင် မြို့ရွာတို့၌ သင်းထောက်များ ဖွဲ့စည်း၍ ဆွမ်းဆန်များ အလှူခံပြီး ပို့သမျှသော ဆွမ်းဆန်များကို လက်ခံ ရယူပြီး နှစ်စဉ် နှစ်စဉ် တော်သလင်းလပြည့်နေ့၌ စစ်ကိုင်း၊ မင်းဝံ၊ မင်းကွန်းတောင်ရိုး သုံးဌာန ရဟန်း သာမဏေ သီလရှင် သူတော်စင်တို့အား ဆွမ်းဆန်တော်အလှူပွဲ ကျင်းပခဲ့ပါသည်။

ဤ မလွန်ဆန်လှူအသင်းကြီးက ဆွမ်းဆန်လှူပုံ၊ တိပိဋကဓရ ဆရာတော် တာဝန်ယူ၍ လှူခဲ့ရပုံကို သက္ကရာဇ် ၁၃၄၁-ခုနှစ်က သာစည်မြို့နယ်လုံးဆိုင်ရာ တိပိဋကဓရ မထေရ်တို့အား ပူဇော်ပွဲ၍ မင်းကွန်း တိပိဋကဓရ ဆရာတော်ဘုရား ဟောကြားတော်မူသည်ကို ကောက်နုတ် တင်ပြလိုပါသည်။

..... အဲဒီ မလွန်ဆန်လှူအသင်းကြီးက တိုင်းပြည်ရဲ့ကိုယ်စား တာဝန်ယူပြီးတော့ လှူတဲ့ ဆွမ်းဆန်ကို ဘုန်းကြီးတို့ တောင်ရိုးမှာတော့ ‘ဆန်တော်အလှူ’လို့ ခေါ်တယ်။
အဲဒီမှာ မလွန်ဆန်လှူအသင်းကြီးက လှူခဲ့တာ။ ဟို .. ဗြိတိသျှခေတ်တုန်းက .. ရဟန်းတစ်ပါးလျှင် ဆွမ်းဆန် ၂-တင်း လှူခဲ့တယ်။ သာမဏေတစ်ပါးလျှင် ဆွမ်းဆန် ၁-တင်းစီ လှူခဲ့တယ်။
သီလရှင်နှင့် သူတော်တစ်ပါးလျှင် ဆွမ်းဆန် တစ်ခွဲစီ လှူခဲ့တယ်။
ဒါ ဗြိတိသျှလက်ထက်က လှူခဲ့တဲ့ အလှူနှုန်းထား ဖြစ်တယ်။


ပြည်ထောင်စုခေတ် လှူခဲ့သောနှုန်း


ယခု ပြည်ထောင်စုခေတ်ရောက်တော့ စိတ်ဓာတ်တွေ တခါတည်း တက်ကြွလာပြီး ‘ဘယ်မှာ ၂-တင်း၊ ၁-တင်း၊ ၁-ခွဲနဲ့ စားလောက်မှာလဲ၊ မစားလောက်ဘူး။ ဒီတော့ တစ်နှစ်စာ လောက်အောင် လှူမယ်’ ဆိုပြီးတော့ မလွန်ဆန်လှူအသင်း လူကြီးတွေက ကြိုးစားပြီး အထက် အောက် မြို့ရွာတွေမှာ လိုက်လံ နှိုးဆော်၊ အားလုံး နှိုးဆော်တော့ အထက် အောက် ဆန်လှူသင်းထောက်တွေက တိုးပြီး ဂရုတစိုက် ဆွမ်းဆန်များကို ပို့ကြတော့ ဒီ ပြည်ထောင်စုခေတ်မှာ -

ရဟန်း = ၄-တင်း
သာမဏေ = ၃-တင်း
သီလရှင် + သူတော် = ၂-တင်းစီ လှူနိုင်ခဲ့ပါတယ်။


ဘွဲ့ရပုဂ္ဂိုလ်များ သီးခြားလှူ


ဒီလို လှူသော်လည်းပဲ ဆွမ်းဆန်တော်က အထက် အောက် မြို့ရွာတို့မှ မြောက်မြားစွာ တိုး၍ တိုး၍ လှူလာကြလို့ မကုန်ဘူး။
မကုန်တော့ အသင်းလူကြီးများက “ဘယ်လိုလုပ်မလဲ ဆရာတော်တို့” လို့ လျှောက်ထားကြတဲ့အတွက် “ဒါယကာကြီးတို့ ဘယ်လို စီမံချင်ကြသတုန်း”လို့ ဘုန်းကြီးများက ပြန်မေးတဲ့အခါ -
“ဘွဲ့ရအရှင်တွေကို ထူးပြီး လှူချင်တယ် ဘုရား”လို့ လျှောက်ထားလို့ ဘုန်းတော်ကြီးများက “ကောင်းတာပေါ့”လို့ ပြန် အမိန့်ရှိရပါတယ်။

စစ်ကိုင်းတောင်ရိုး၊ မင်းဝံတောင်ရိုး၊ မင်းကွန်းတောင်ရိုးတို့မှာ နေတော်မူကြတဲ့ အဂ္ဂမဟာပဏ္ဍိတ ဆရာတော်တွေ၊ ဓမ္မာစရိယဘွဲ့ရ ဆရာတော်တွေ၊ ရဟန်းတော်တွေ၊ သီလရှင်ဆရာတွေ၊ ပဌမကျော်ဘွဲ့ရ ဆရာတော်များ၊ သီလရှင်ဆရာကလေးများ၊ အဲဒီလို ဘွဲ့ရပုဂ္ဂိုလ်များအား ဘွဲ့ထူးတစ်ခုလျှင် ၃-တင်းဝင် ဆွမ်းဆန်တစ်အိတ် တစ်အိတ်ကျစီ သီးခြား ဆွမ်းဆန်အလှူရယ်လို့ လှူပါတယ်။


တိပိဋကဓရ ဆရာတော်အား လှူပုံ


ကဲ ဆိုကြပါစို့။
ဘုန်းကြီးကျတော့ အများနဲ့ ပေါင်းလှူတာက ဆွမ်းဆန် ၄-တင်း၊ ဘုန်းကြီးမှာက .. ဟို ဗြိတိသျှလက်ထက်က ပဌမကျော် ဖြစ်တယ်။ အစိုးရဓမ္မာစရိယ၊ သကျသီဟ ဓမ္မာစရိယ ဖြစ်တယ်။
ပြီးတော့ ပြည်ထောင်စုခေတ်မှာ တိပိဋကဓရ ဖြစ်တယ်ဆိုတော့ ပဌမကျော်အတွက် သီးခြား ၃-တင်းဝင် ဆန် ၁-အိတ်၊ အစိုးရနှင့် သကျသီဟ ဓမ္မာစရိယအတွက်က (ဓမ္မာစရိယချည်းဖြစ်လို့ တစ်ဘွဲ့ပဲထားပြီး) သီးခြား ဆန် ၁-အိတ်၊ တိပိဋကဓရအတွက်က (ပထမပိုင်းမှာ ပိဋက တစ်ပုံ တစ်ပုံလျှင် ဆန်တစ်အိတ်ကျစီ ထားပြီး) ၃-အိတ် လှူပါတယ်။ ယခု တစ်ပုံ တစ်ပုံမှာ အာဂုံရော သဘောရေးဖြေပါ အောင်တာဖြစ်လို့ တစ်ပုံအတွက် ၁-အိတ်သာ လှူလို့ ဖြစ်ပါရိုးလား ဆိုပြီး တိုးလှူလို့ တိပိဋကဓရအတွက် ၃-အိတ်၊ ၂-ရပ်ပေါင်း ၆-အိတ် လှူပါတယ်။
အဂ္ဂမဟာပဏ္ဍိတအတွက်က ၁-အိတ်၊ အဘိဓဇဘွဲ့တံဆိပ်အတွက်က ၁-အိတ် လှူပါတယ်။
အားလုံးပေါင်းလိုက်လျှင် ဘွဲ့ထူးအတွက်ပင် သီးခြားအလှူ ၃-တင်းဝင် ဆွမ်းဆန်အိတ် ၁၀-အိတ် (တင်းပေါင်း သုံးဆယ်) ရရှိပါတယ်။


ဆန်အခက်အခဲ ကြုံ၍ တစ်ခွဲသာ လှူရပုံ


အဲဒီလို လှူလာရင်းက ယမန်တလတ် ဆန်ပြဿနာရယ်လို့ ပေါ်လိုက်တော့ ၄-တင်း၊ ၃-တင်း၊ ၂-တင်း မလှူနိုင်တော့ဘဲ ၄-တင်း လှူခဲ့တဲ့ ရဟန်းတော်အားလည်း တစ်ခွဲပဲ လှူနိုင်တော့တယ်။
၃-တင်း လှူခဲ့တဲ့ သာမဏေ၊ ၂-တင်းစီ လှူခဲ့တဲ့ သီလရှင် သူတော်စင်များအားလည်းပဲ တစ်ခွဲစီသာ လှူနိုင်တော့တယ်။

အဲဒီ တစ်ခွဲ သံသရာရောက်လာတဲ့အခါကျတော့ ဟို ... စစ်ကိုင်း၊ မင်းဝံ၊ မင်းကွန်းတောင်ရိုးကြီး ၃-ဌာနမှာ ဝါဆို သီတင်းသုံးကြတဲ့ ရဟန်း၊ သာမဏေ၊ သီလရှင်၊ သူတော်စင်တို့လည်းပဲ ငါးထောင် (၅,၀၀၀)ကျော် ရှိတယ်နော်။
ရဟန်းတော်နှင့် သာမဏေက ၃,၀၀၀ ကျော်လောက်၊ သီလရှင်နှင့် သူတော်စင်တို့က ၂,၀၀၀ ကျော်လောက် ရှိတယ်။

အဲဒီ ရဟန်း သာမဏေတွေမှာ ဂေါစရဂါမ်ရွာကလေးတွေကလည်း ငယ်တယ်။
ငယ်တဲ့အပေါ် သူတို့ကလည်း စီးပွားရေး ကြပ်တယ်။
သူတို့ကိုယ်နှိုက်က နပ်ကျော် စားနေကြရတော့ ဒီကိုယ်တော်တွေကို ဘယ်မှာ ဆွမ်းလောင်းနိုင်ပါ့မလဲ။

အရေအတွက်များတဲ့ ဆွမ်းခံ သံဃာတော်တွေ။
ဒါယကာ ဒါယိကာမတွေကလည်း ဆွမ်းမလောင်းနိုင်။
ပြီးတော့ မလွန်ဆန်လှူအသင်းကလည်းပဲ ၄-တင်း၊ ၃-တင်းကနေပြီး ၁-ခွဲသာ လှူနိုင်တော့ သံဃာများမှာ ဘောဇနသပ္ပါယအတွက် တော်တော် ဆင်းရဲကြပါတယ်။


တိပိဋကဓရ ဆရာတော် တာဝန်ယူခဲ့ရပုံ


တစ်နှစ်လာလည်း တစ်ခွဲ၊ တစ်နှစ်လာလည်း တစ်ခွဲ ဖြစ်နေလို့ သုံးနှစ်လောက်ရှိတော့ ဘုန်းကြီးက ပြောတယ်။
“ဒီအတိုင်းနေလို့ မဖြစ်ဘူး”
အသင်းကလည်းပဲ စိတ်အား ငယ်လာတယ်။

ထိုအခါ ဘုန်းကြီးက “ဒီလို ဒါယကာကြီးတို့ စိတ်အားငယ်နေလို့ ဘယ်ဖြစ်မလဲ၊ ဟို .. အထက် အောက် မြို့ရွာတွေမှာ ဆန်လှူအသင်းထောက်အဖွဲ့တွေ ဖွဲ့ရမယ်။ အဲဒီ အသင်းထောက်တွေက လှူတဲ့ ဆွမ်းဆန်များ ရေစက်ချတရားပွဲများ ကျင်းပပေးရင် ဆန်အလှူဟာ တိုးတက်တာပေါ့”လို့ ဘုန်းကြီးက အကြံပေးပြီး တာဝန်ယူလိုက်ပါတယ်။

သာသနာ ဘာသာရေးကိစ္စမို့ အပင်ပန်းခံရပါတယ်။


အစိုးရက စရိတ်တစ်ဝက် လှူ


ဟုတ်တယ်။ နိုင်ငံတော်အစိုးရ အနေနဲ့လည်းပဲ ဖြုန်းခနဲဆိုတော့ အလုပ်ခက်သွားတယ်။
ဒီ မလွန်ဆန်လှူအသင်းက ဆွမ်းဆန်တော်များကို နိုင်ငံတော်အစိုးရက သိလာတဲ့အခါကျတော့ “ကိုင်း .. ဒို့ အစိုးရက စရိတ်အကုန် မလှူနိုင်သော်လည်းပဲ တစ်ဝက်လှူမယ်” ဆိုတဲ့ မူနဲ့ ဘုန်းကြီးတို့ ဆောင်ရွက်လို့ တစ်နှစ် နှစ်နှစ်အတွင်းမှာ နိုင်ငံတော်အစိုးရ ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေးသင်္ဘောနဲ့ မလွန်ဆွမ်းဆန်တော်များကို အထက်မြန်မာပြည်ကပဲ သယ်သယ်၊ အောက်မြန်မာပြည်ကပဲ သယ်သယ် ရာခိုင်နှုန်း ၅၀ လှူပါတယ်။ ၅၀-ရာခိုင်နှုန်းပဲ စရိတ်ယူပါတယ်။
ဤနည်းဖြင့် အစိုးရကလည်း အသိအမှတ်ပြုပါတယ်။


မူလအခြေအနေ ပြန်ရောက်လာပုံ


ဘုန်းကြီးများ ဒီလို ရှေ့က မားမားမတ်မတ် ရပ်ပြီးတော့ မလွန်ဆန်လှူအသင်းထောက် အဖွဲ့ခွဲတို့ရဲ့ ဆွမ်းဆန်အလှူတော်များကို ရေစက်ချ ဓမ္မသဘင်များ ဆင်ယင်ကျင်းပပေးတော့ ၁-နှစ် ၂-နှစ် ၃-နှစ်မှာ နဂိုမူအတိုင်း -

ရဟန်း = ၄-တင်း
သာမဏေ = ၃-တင်း
သီလရှင်နှင့် သူတော် = ၂-တင်းစီ
ဘွဲ့ထူးတစ်ခုခုအတွက် အသီးသီး ၃-တင်းစီ လှူနိုင်လာပြန်ပါတယ်။


မူလထက် တိုး၍ လှူနိုင်ခြင်း


ဘုန်းကြီးများ ဆောင်ရွက်လို့ ၄-နှစ်၊ ၅-နှစ် ရောက်တဲ့အခါကျတော့ -

ရဟန်းတော်တစ်ပါး အား = ၄-တင်း တစ်စိတ်
သာမဏေတစ်ပါးအား = ၃-တင်း တစ်စိတ်
သီလရှင်နှင့် သူတော်တစ်ပါးအား = ၂-တင်း တစ်စိတ်စီ လှူနိုင်ခဲ့ပါတယ်။

ဒါ ဘုန်းကြီးများ ရှေ့က မားမားမတ်မတ် ရပ်တည် ဆောင်ရွက်လို့ ၄-နှစ်မြောက်မှာ တွေ့ရတဲ့ လက်တွေ့ပဲ။

၅-နှစ်မြောက်ကျတော့ “ရဟန်းတော်အား ၄-တင်း တစ်စိတ်၊ သာမဏေအား ၃-တင်း တစ်စိတ် လှူရတာ မနည်းပါဘူး။
သီလရှင်များအား ၂-တင်း တစ်စိတ်က နည်းပါးသေးတယ်။
မာတုဂါမ မင်းမိန်းမဆိုတာ လာဘ်=လာဘ ဆင်းရဲငြိုငြင်ကြပါတယ်။
ကိစ္ဆာလာဘော မာတုဂါမော တဲ့။
ဒီတော့ သီလရှင်များအား ၂-တင်း တစ်စိတ်အစား ၂-တင်းခွဲစီ လှူပါ” အဲဒီလို ဘုန်းကြီးတို့ အကြံပေးလို့ အသင်းကြီးက ယမန်နှစ် (၁၃၄၀-ပြည့်နှစ်)ကဆိုလျှင် -

ရဟန်းတော်တစ်ပါးအား = ၄-တင်း တစ်စိတ်
သာမဏေတစ်ပါးအား = ၃-တင်း တစ်စိတ်
သီလရှင်နှင့် သူတော်စင်တစ်ပါးအား = ၂-တင်းခွဲစီ လှူခဲ့ပါတယ်။

အဲဒီတော့ ရဟန်းသံဃာများမှာ ထောက်ရာ တည်ရာ ရသွားကြတာပ။


တိပ်ဘဏ္ဍာတိုက်


ဤသို့ မိခင် မလွန်ဆန်လှူအသင်းကြီး၏ ကျေးဇူးကို ဆပ်သောအားဖြင့် (မင်းကွန်းဆရာတော်ဘုရားကြီးသည်) အထက် အောက် မြန်မာပြည် မလွန်ဆန်လှူသင်းထောက် ဆွမ်းဆန်တော် ရေစက်ချ တရားပွဲများကို နေရာအနှံ့ ဟောကြားခဲ့ပါသည်။

ဤတရားဟောစဉ်များကို အသံဖမ်းယူခဲ့၍ ဤဖမ်းယူထားသော တရားဟောစဉ်များကိုလည်းကောင်း၊ ယခင့် ယခင် သင်္ဂါယနာတင်စဉ်က သင်္ဂါယနာတင် ဒေသနာများကိုလည်းကောင်း အရပ်ရပ် စုပေါင်း၍ ရန်ကုန်မြို့ တိပိဋက နိကာယ သာသနာပြုအဖွဲ့က တိပ်ဘဏ္ဍာတိုက် ဖွင့်လှစ်၍ သိမ်းဆည်းထားပါသည်။

သာသနာ့မိခင် မလွန်ဆန်လှူအသင်း၏ တာဝန်များကို ကျေပွန်အောင် ဆောင်ရွက်ပြီး ဖြစ်၍ တကြောင်း၊ တိပိဋက နိကာယ သာသနာပြုအဖွဲ့၏ တာဝန်များကို ရွက်ဆောင်နေရ၍ တကြောင်း၊ အသက်လည်း ကြီးလာပြီဖြစ်၍ တကြောင်း၊ ဤအကြောင်းများကြောင့် မလွန်ဆန်လှူ ရေစက်ချ တရားပွဲများမှ အနားယူကာ ပျိုလည်း ပျိုရွယ်၊ စွမ်းလည်း စွမ်းဆောင်နိုင်သော သပိတ်အိုင်ဆရာတော် စသည်တို့အား တောင်းပန်လျှောက်ထားက နောင်တွင် တာဝန် လွှဲအပ်ခဲ့ပါသည်။

(မင်းကွန်းဆရာတော် အရှင်ဝိစိတ္တသာရာဘိဝံသ၏ ဟောစဉ်တရားတော်များ - ပဉ္စမတွဲ ‘သာသနာ့ချိန်ခွင်ကြီး လေးလက် တရားတော်’ နိဒါန်း မှ)