Friday, July 6, 2012

မသိမှာ စိုးမိသည်

၂၀၁၂ ခုနှစ် ဇွန်လနောက်ဆုံးပတ် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ တစ်ရက်တရားစခန်း ပြုလုပ်ရန်ဖြစ်သော်လည်း နောက်ရက်တွင် ဝါဆိုပွဲပြုလုပ်မည်ဖြစ်သောကြောင့် တရားစခန်း မပြုလုပ်ဖြစ်တော့ချေ။

ဆရာတော် အရှင်စက္ကိန္ဒက ဓမ္မပဒ ဂါထာ (၂၄)ကို သင်ကြားပေးပြီး၊

အရှင်ပညာဇောတက သံယုတ်ပါဠိတော်၊ သက္ကသံယုတ်၊ ဒုတိယဝဂ်၊ ဂဟဋ္ဌဝန္ဒနာသုတ်ကို “မသိမှာ စိုးမိသည်” တရားခေါင်းစဉ် အမည်ပေး၍ ဓမ္မဒါနပြု ဟောကြား၏။

+++++

လင်္ကာများ

ဒါနတရား၊ ကောင်းမှုပွား၊ သိကြားရှိခိုးသည်။

သီလတရား၊ ကောင်းမှုပွား၊ သိကြားရှိခိုးသည်။

ရတနာသုံးပါး၊ ဆည်းကပ်ငြား၊ သိကြားရှိခိုးသည်။

သမီးနှင့်သား၊ ပြုစုငြား၊ သိကြားရှိခိုးသည်။

+++++

ဂဟဋ္ဌဝန္ဒနာသုတ်

သာဝတ္ထိနိဒါန်း။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့”ဟူ၍ ခေါ်တော်မူ၏။ “အသျှင်ဘုရား”ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြား လျှောက်ထားကုန်၏။ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏။

ရဟန်းတို့၊ ရှေးက ဖြစ်ဖူးသည်ကား နတ်တို့အရှင် သိကြားမင်းသည် အကူအညီဖြစ်သော မာတလိနတ်သားအား “အချင်း မာတလိ၊ အာဇာနည်မြင်းတစ်ထောင်ကသော ရထားကို ပြင်လော့၊ မြေကောင်းရာ အရပ်ကို ကြည့်ရှုခြင်းငှါ ဥယျာဉ်မြေသို့ သွားကုန်အံ့”ဟု ဆို၏။

“အရှင်သိကြားမင်း၊ ကောင်းပါပြီ”ဟု မာတလိနတ်သားသည် နတ်တို့အရှင် သိကြားမင်းအား ဝန်ခံ၍ အာဇာနည်မြင်းတစ်ထောင်ကသော ရထားကို ပြင်ဆင်ပြီးလျှင် နတ်တို့အရှင် သိကြားမင်းအား လျှောက်၏။ “အရှင်သိကြားမင်း၊ အရှင်၏ အာဇာနည်မြင်းတစ်ထောင်ကသော ရထားကို ပြင်ဆင်ပြီးပါပြီ။ သွားရန် အချိန်ကို သိ၏။ (သွားရန်မှာ အရှင်သိကြားမင်း အလိုအတိုင်း ဖြစ်ပါသည်)”ဟု ဆို၏။

ရဟန်းတို့၊ ထိုအခါ နတ်တို့အရှင် သိကြားမင်းသည် ဝေဇယန္တာပြာသာဒ်မှ ဆင်းသက်သည်ရှိသော် လက်အုပ်ချီ၍ အရပ်လေးမျက်နှာတို့ကို ရှိခိုး၏။ ရဟန်းတို့၊ ထိုအခါ၌ အကူအညီဖြစ်သော မာတလိသည် နတ်တို့အရှင် သိကြားမင်းကို ဂါထာဖြင့် ရွတ်ဆို၏။

“သိကြားမင်း၊ ဗေဒင်သုံးပုံတတ်သူ ဗြာဟ္မဏတို့သည်လည်းကောင်း၊ မြေ၌နေသူ အားလုံးတို့သည်လည်းကောင်း၊ မင်းတို့သည်လည်းကောင်း၊ နတ်မင်းကြီး လေးယောက်တို့သည်လည်းကောင်း များသော အခြံအရံရှိသော တာဝတိံသာနတ်တို့သည်လည်းကောင်း အရှင်သိကြားမင်းကို ရှိခိုးကုန်၏။ သိကြားမင်း၊ ထိုသို့ဖြစ်ပါလျက် အရှင်သိကြားမင်း ရှိခိုးသော နတ်မင်းကြီးသည်ကား အဘယ်အမည်ရှိသော နတ်မင်းနည်း”ဟု (ရွတ်ဆို၏)။

မာတလိ၊ ဗေဒင်သုံးပုံတတ်သော ဗြာဟ္မဏတို့သည်လည်းကောင်း၊ မြေ၌နေသူ အားလုံးတို့သည်လည်းကောင်း၊ မင်းတို့သည်လည်းကောင်း၊ နတ်မင်းကြီးလေးယောက်တို့သည်လည်းကောင်း၊ များသော အခြံအရံရှိကုန်သော တာဝတိံသာနတ်တို့သည်လည်းကောင်း ငါ့ကို ရှိခိုးကြကုန်၏။

ငါသည်ကား သီလနှင့် ပြည့်စုံကုန်သော၊ ရှည်စွာသော ညဥ့်တို့ပတ်လုံး တည်ကြည်ခြင်း ရှိကုန်သော၊ မြတ်သောအကျင့်လျှင် လည်းလျောင်းရာ ရှိကုန်သော ရဟန်းတော်တို့ကို ကောင်းစွာ ရှိခိုး၏။

မာတလိ၊ အကြင်သူတို့သည် အိမ်၌ တည်ကုန်၍ ကောင်းမှုကို ပြုကုန်၏။ သီလရှိကုန်၏။ ရတနာသုံးပါးကို ဆည်းကပ်ကုန်၏။ တရားနှင့်အညီ သားမယားကို မွေးမြူကုန်၏။ ထိုသူတို့ကို (ငါသည်) ရှိခိုး၏ဟု (မိန့်ဆို၏)။

သိကြားမင်း၊ အရှင်သိကြားမင်းသည် အကြင်သူတို့ကို ရှိခိုး၏။ ထိုသူတို့သည် လောက၌ မြတ်ကုန်သတတ်။ သိကြားမင်း (အရှင်သိကြားမင်းသည်) အကြင်သူတို့ကို ရှိခိုး၏။ ထိုသူတို့ကို အကျွန်ုပ်သည်လည်း ရှိခိုးပါ၏ဟု ပြောဆို၏။

မဃလုလင် ဖြစ်ဖူးသော၊ သုဇာ၏ခင်ပွန်းဖြစ်သော၊ အကြီးအမှူးဖြစ်သော သိကြားမင်းသည် ဤစကားကို ဆိုပြီး၍ အရပ်လေးမျက်နှာတို့ကို ရှိခိုးပြီးလျှင် ရထားထက်သို့ တက်စီးလေ၏။

+++++

တရားပွဲပြီးသော် ကောင်းမှုကုသိုလ်တို့ကို အမျှပေးဝေကြလေသည်။

သာဓု ... သာဓု ... သာဓု။

ဘာကြောင့် ကျင့်တာလဲ?

၂၀၁၂ ခုနှစ် ဇွန်လ ၂၃ ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ ဓမ္မသင်တန်းနှင့် တရားပွဲများကို ပြုလုပ်ရာ မွန်းလွဲ ၁း၅၅ နာရီတွင် လောကချမ်းသာဆရာတော်က ဉာဏ်စဉ် ဆယ်ပါးနှင့် ဝေဒနာနုပဿနာအကြောင်းတို့ကို အကျဉ်း မိန့်ကြား ဟောကြား၏။

+++++

ဓမ္မပဒသင်တန်းပြဆရာတော် အရှင်စက္ကိန္ဒ ခရီးသွားနေသဖြင့် အရှင်ပညာဇောတက ဓမ္မပဒဂါထာ (၂၄)ကို သင်ပြပေး၏။

+++++

အဘိဓမ္မာသင်တန်းပြဆရာတော် အရှင်ဝဏ္ဏိတလည်း ခရီးသွားနေရာ အဘိဓမ္မာသင်တန်း မရှိဘဲ ဆရာတော် အရှင်ဝိမလက ‘ကဏှဇာတ်’ကို “ဘာကြောင့်ကျင့်တာလဲ?”ဟု အမည်ပေး၍ ဓမ္မဒါနပြု ဟောကြားလေသည်။

တရားပွဲပြီးသော် ကောင်းမှု အစုစုတို့ကို အမျှပေးဝေကြလေသည်။

သာဓု ... သာဓု ... သာဓု။