Monday, August 9, 2010

မဟာစည်သာသနာနှင့် အမေရိက

၂၀၁၀ ခုနှစ် ဇူလိုင်လ ၁၁ ရက် တနင်္ဂနွေနေ့။
နယူးယောက်မြို့၊ လောကချမ်းသာဘုရားကျောင်း၏ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းအပြီးတွင် ဆရာတော် သံဃာတော်များနှင့် အေဘီဘီအေ အလုပ်အမှုဆောင်အဖွဲ့ လပတ်အစည်းအဝေး ပြုလုပ်ရာ ဆုံးဖြတ်ချက်တစ်ခု ပါသည်။

ယင်းမှာ လောကချမ်းသာဘုရားကျောင်း ပဓာနနာယက လောကချမ်းသာဆရာတော်၏ သက်တော် ၇၀ ပြည့် မွေးနေ့ (ဝိဇာတမင်္ဂလာ)ပွဲ ကျင်းပမည်ဟူသော အချက် ဖြစ်၏။

စာရေးသူ၏ စိတ်အစဉ်သည် အတိတ်ဖြစ်စဉ် တစ်ခုဆီသို့ ပြေးဝင်သွားခဲ့သည်။

+++++

ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ အရှည်မျှော်တွေး သာသနာပြုရေး အစီအစဉ်များကို မြင်ယောင်လာခဲ့ပေသည်။ မဟာစည်ဆရာတော်ဘုရားကြီး၏ အမေရိကမြေပေါ်သို့ ဗုဒ္ဓသာသနာတော်မျိုးစေ့ ချပေးတော်မူခဲ့ပုံ ဓမ္မဒူတခရီးစဉ်များ၊ ကိုယ်တော်တိုင် ကြွရောက်ကာ သာသနာပြုလုပ်ငန်းများ ဆောင်ရွက်တော်မူခဲ့ပုံများ၊ သာသနာပြု ဓမ္မဒူတ ရဟန်းတော်များ စေလွှတ်တော်မူခဲ့ပုံများကို မြင်ယောင် ထင်ဟပ်လာခဲ့ပေသည်။

ဆရာတော်ဘုရားကြီး၏ အမေရိကခရီးစဉ်တွင် နောက်ပါ ဓမ္မဒူတရဟန်းတော်များအဖြစ် ဆရာတော် ဘဒ္ဒန္တသီလာနန္ဒာဘိဝံသ၊ ဆရာတော် ဘဒ္ဒန္တကေလာသ၊ ဆရာတော် ဘဒ္ဒန္တဇနကာဘိဝံသတို့ လိုက်ပါခဲ့ကြသည်။ ခရီးစဉ်ပြီးဆုံးသည့်အခါ ဘဒ္ဒန္တသီလာနန္ဒာဘိဝံသနှင့် ဘဒ္ဒန္တကေလာသ ဆရာတော် ၂-ပါးတို့ကို အမေရိကန်ပြည်၌ သာသနာပြုတာဝန်များ ထမ်းဆောင်ရန် နေရစ်စေတော်မူခဲ့ပေသည်။

ထိုဆရာတော် ၂-ပါးသည် အမေရိကပြည်၏ အရှေ့ခြမ်း၊ အနောက်ခြမ်းကို တာဝန် ခွဲဝေ ယူသကဲ့သို့ ဆရာတော်ဘုရားကြီး ပေးအပ်တော်မူခဲ့သော သာသနာပြု တာဝန်များကို ဦးလည်မသုန် အသက်ထက်ဆုံး ဆောင်ရွက်သွားတော်မူကြပေသည်။

ထို တပည့်ကြီး ၂-ပါး၏ အမေရိကပြည် အရှေ့ခြမ်း အနောက်ခြမ်း သာသနာပြုလုပ်ငန်းများသည် အဓိကရ ထင်ရှားသည့် မဟာစည်သာသနာပြုဌာနကြီးများ ဖြစ်လာကြပေသည်။ အရှေ့ဘက်ခြမ်း၏ အဓိက ထင်ရှားသည့် ဌာနတစ်ခုမှာ မြန်မာ အမေရိကန် ဗုဒ္ဓဘာသာအသင်း (မင်္ဂလာရာမကျောင်းတိုက်) ဖြစ်၍ အနောက်ခြမ်း၏ အဓိကရ ထင်ရှားသည့် ဌာနတစ်ခုမှာ ထေရဝါဒဗုဒ္ဓဘာသာအသင်း (ဓမ္မနန္ဒဝိဟာရ) ဖြစ်ပေသည်။

ဒုတိယအကြိမ် သာသနာပြုခရီး စေလွှတ်တော်မူသော သာသနာပြုရဟန်းတော်များမှာ ဘဒ္ဒန္တဝိမလ (မုံရွာလယ်တီဆရာတော်)နှင့် ဘဒ္ဒန္တဣန္ဒက (လောကချမ်းသာဆရာတော်၊ နယူးယောက်)တို့ ဖြစ်ကြသည်။
ဤဆရာတော် ၂-ပါး အမေရိကားရောက်လာသည့်အခါ တင်နက်ဆီပြည်နယ်တွင် သီတင်းသုံးတော်မူကြသည်။

နောင်အခါ ဘဒ္ဒန္တဝိမလ (မုံရွာလယ်တီဆရာတော်)က ဖလော်ရီဒါပြည်နယ်၌လည်းကောင်း၊ လောကချမ်းသာဆရာတော် ဘဒ္ဒန္တဣန္ဒကသည် နယူးယောက်မြို့၌လည်းကောင်း အသီးသီး  သီတင်းသုံးတော်မူကြသည်။

၁၉၇၉ ခုနှစ်၌ မဟာစည်ဆရာတော်ဘုရားကြီး အမေရိကကြွစဉ်က နယူးယောက်မြို့ရှိ မြန်မာများကို မြန်မာဘုန်းတော်ကြီးကျောင်းတစ်ကျောင်း တည်ထောင်ရန်နှင့် ဗုဒ္ဓဘာသာအဖွဲ့အစည်းတစ်ခု ဖွဲ့ရန် သြဝါဒပေးတော်မူခဲ့သည်။

ထိုသြဝါဒတော်ကို ဦးထိပ်ရွက် ပန်ဆင်၍ ဝါရှင်တန် ဒီစီ၊ မင်္ဂလာရာမဆရာတော် ဘဒ္ဒန္တကေလာသ၏ အနီးကပ် ညွှန်ကြားမှုကို ခံယူကာ အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်း (အေဘီဘီအေ)ကို တည်ထောင် ဖွဲ့စည်းခဲ့ကြသည်။

လွန်ခဲ့သော အနှစ် ၃၀ ကျော်က မဟာစည်ဆရာတော်ဘုရားကြီး အမေရိကန်ပြည်၌ သာသနာပြုတာဝန် ပေးအပ်တော်မူခဲ့သော မဟာစည်ဆိုင်ရာ သာသနာပြုဆရာတော်ကြီးများမှာ -

ပထမအသုတ်အဖြစ် မဟာစည်ဆရာတော်ဘုရားကြီး ကိုယ်တော်တိုင် ဦးဆောင်လျက် လိုက်ပါလာခဲ့ကြသော
၁။ ဘဒ္ဒန္တသီလာနန္ဒာဘိဝံသ (ဓမ္မနန္ဒဆရာတော်)
၂။ ဘဒ္ဒန္တကေလာသ (မင်္ဂလာရာမဆရာတော်)
၃။ ဘဒ္ဒန္တဇနကာဘိဝံသ (ချမ်းမြေ့ဆရာတော်) တို့ ဖြစ်သည်။

ဒုတိယအသုတ်အဖြစ် မဟာစည်ဆရာတော်ဘုရားကြီး ရွေးချယ် စေလွှတ်တော်မူခဲ့သော
၁။ ဘဒ္ဒန္တဝိမလ (မုံရွာလယ်တီဆရာတော်)
၂။ ဘဒ္ဒန္တဣန္ဒက (လောကချမ်းသာဆရာတော်)တို့ ဖြစ်သည်။

ဤသို့ အမေရိကမြေပေါ်၌ ချပေးတော်မူခဲ့သော မဟာစည်သာသနာ့မျိုးစေ့တို့ကို အခြေခံ၍ ယခုအခါ အမေရိကန်နိုင်ငံ တဝှမ်း၌ မဟာစည်ဆိုင်ရာ ရိပ်သာဌာန အများအပြား ပေါ်ထွက်လာပါပြီ။

+++++

ဤမွေးနေ့ရှင် လောကချမ်းသာဆရာတော် ဘဒ္ဒန္တဣန္ဒက၏ နှစ်ပေါင်း ၃၀ ဝန်းကျင်အတွင်း သာသနာပြုလုပ်ငန်းများအဖြစ် ပင်မ နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်းနှင့် နယူးဂျာစီ မဟာစည်ရိပ်သာကျောင်း၊ ဘော်စတွန်မြို့ မဟာသတိပဋ္ဌာန်ရိပ်သာကျောင်းတို့ကို ဆင့်ပွားကျောင်းများအဖြစ် တွေ့ရှိနိုင်ပါသည်။

ဆရာတော်သည် နှစ်ပေါင်း ၃၀ ဝန်းကျင်အတွင်း ဘုရားတည် ကျောင်းဆောက်လုပ်ငန်းများအပြင် သာသနာတော်၏  အနှစ်သာရဖြစ်သော ရောက်လာသမျှသော ပုဂ္ဂိုလ်တို့ကို တရားဟော တရားပြ၍လည်းကောင်း၊ မွေးနေ့ရက်များတွင် စုပေါင်း ဒုလ္လဘရဟန်းခံပွဲ ပြု၍လည်းကောင်း၊ နှစ်လုံးပေါက် အဘိဓမ္မာသင်တန်းနှင့် နွေရာသီ ကျောင်းပိတ်ရက်များတွင် ကလေးငယ်များအတွက် ယဉ်ကျေးမှုသင်တန်းဖွင့်၍လည်းကောင်း သာသနာရေး အားပေး ချီးမြှင့်သည့်အပြင် အမိမြန်မာနိုင်ငံမှ ကြွရောက်လာကြသော ဆရာတော်တို့အား ဂိုဏ်းဂဏမရွေးဘဲ တရားပွဲများ တရားစခန်းပွဲများ ပြုလုပ်ပေးခြင်းဖြင့်လည်းကောင်း သာသနာရေး အားပေး ချီးမြှင့်တော်မူပါသည်။

မွေးနေ့ရှင် ဆရာတော်သည် ဤသက်တော် ၇၀ ပြည့် မွေးနေ့မင်္ဂလာ ရက်မြတ်မှသည် သက်ရှည်ကျန်းမာ ဘေးရန်ကွာလျက် သာသနာအကျိုး ဆထက်ထမ်းပိုး ရွက်ဆောင်တော်မူနိုင်ပါစေရန် ဆုတောင်း ပတ္တနာပြုအပ်ပါသည်။

အမေရိကမြေပေါ်၌ မဟာစည်ဆရာတော်ဘုရားကြီး မျိုးစေ့ချပေးခဲ့တော်မူသော မဟာစည်သာသနာသည် ယခုအခါ အမေရိကန်နိုင်ငံ၌ အမြစ်တွယ်လျက် ရှင်သန်နေပါပြီ။

မဟာစည်သာသနာ စည်ပင် ပြန့်ပွား ခိုင်မာအောင် သာသနာကို ချစ်မြတ်နိုးသော ရဟန်းရှင်လူများ အားလုံး ဝိုင်းဝန်း၍ သာသနာပြုလုပ်ငန်းများကို ဆရာ-တကာ လက်တွဲကာ ပြုလုပ် အားထုတ်ကြပါစို့။

“မဟာစည်ထေရ၊ မျိုးစေ့ချ၊ အမေရိက သာသနာ။
ခိုင်မာရှင်သန်၊ ကြီးထွားရန်၊ ပြုရန် ဒို့ဝန်တာ။”

အရှင်စက္ကိန္ဒ
လောကချမ်းသာဘုရားကျောင်း၊ နယူးယောက်မြို့

Friday, August 6, 2010

လောကချမ်းသာဆရာတော်၏ သက်တော် ၇၀ ပြည့် မွေးနေ့ပူဇော်ပွဲ

နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း ပဓာနနာယကဆရာတော် ဘဒ္ဒန္တဣန္ဒက၏ သက်တော် ၇၀ ပြည့် မွေးနေ့ပူဇော်ပွဲကို ၂၀၁၀ ခုနှစ် သြဂုတ်လ ၁ ရက် တနင်္ဂနွေနေ့တွင် လောကချမ်းသာဘုရားကျောင်း၌ ကျင်းပခဲ့၏။

နံနက် ၁၀ နာရီခွဲတွင် မြတ်စွာဘုရားရှင်အား ပန်း၊ ရေချမ်း၊ ဆီမီး၊ ဆွမ်း၊ သစ်သီး၊ အချိုမုန့်များဖြင့် ဆက်ကပ် လှူဒါန်းကြပြီး ပူဇော်ကြ၏။




နံနက် ၁၁ နာရီတွင် သံဃာတော်များအား ဒန်ပေါက်နေ့ဆွမ်း၊ အချိုမုန့်များ၊ သစ်သီးများဖြင့် ဆက်ကပ် လှူဒါန်းကြ၏။




နေ့လယ် ၁၂ နာရီခွဲတွင် လောကချမ်းသာဆရာတော်၏ သက်တော် ၇၀ ပြည့် မွေးနေ့ပူဇော်ပွဲ အခမ်းအနားကို ကျင်းပ ပြုလုပ်ရာ -

အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်း၏ အတွင်းရေးမှူး ဦးစောဝင်းက လောကချမ်းသာဆရာတော်၏ ထေရုပ္ပတ္တအကျဉ်းကို ဖတ်ကြား၏။



+++++

လောကချမ်းသာဆရာတော်၏ ထေရုပ္ပတ္တိအကျဉ်း

လောကချမ်းသာဆရာတော် အရှင်ဣန္ဒကကို ၁၉၄၀ ခုနှစ် သြဂုတ်လ ၁၁ ရက်နေ့တွင် မြောင်းမြမြို့နယ်၊ အညာစုကျေးရွာ၌ ခမည်းတော် ဦးဘ နှင့် မယ်တော် ဒေါ်ဖွားသင်တို့မှ မွေးဖွားသည်။ မွေးချင်း သားသမီး ငါးယောက်တွင် အငယ်ဆုံး သားရတနာ ဖြစ်သည်။

အသက် (၇)နှစ်အရွယ်တွင် ဒရယ်ပေါက်ကျောင်း ဆရာတော် ဦးခေမိန္ဒကို ဥပဇ္ဈာယ်ပြု၍ ရှင်သာမဏေအဖြစ်ကို ခံယူခဲ့သည်။ ဆရာတော် ဦးခေမိန္ဒထံ၌ အခြေခံမြန်မာစာ၊ သင်္ချာနှင့် ပါဠိစာပေများကို ငါးနှစ်တိုင်တိုင် သင်ယူခဲ့သည်။

အသက် တစ်ဆယ့်နှစ်နှစ်သားအရွယ်တွင် မြောင်းမြမြို့၊ ရိုးကူးရပ်၊ ပညာဇေယျုံကျောင်းတိုက်သို့ ပြောင်းရွှေ့ကာ ဆရာတော်ကြီး ဦးပညာထံ၌ လောကီလောကုတ္တရာပညာရပ်များကို သုံးနှစ်ကြာမျှ ဆက်လက် သင်ယူခဲ့သည်။

ထို့နောက် မြောင်းမြမြို့၊ ပဇ္ဇောတာရုံ ပါဠိတက္ကသိုလ်ကျောင်းတိုက်ကြီးသို့ ပြောင်းရွှေ့ကာ လောကုတ္တရာ ပါဠိစာပေများကို ရှစ်နှစ်တိုင်တိုင် သင်ယူခဲ့ပါသည်။

 ၁၉၆၀ ခုနှစ် အသက် (၂၀) အရွယ်တွင် မြောင်းမြမြို့ ပဇ္ဇောတာရုံပါဠိတက္ကသိုလ်ကျောင်းတိုက် ခဏ္ဍသိမ်၌ ကျွန်းကုန်းဆရာတော်ဘုရားကြီး ဦးနာယကကို ဥပဇ္ဈာယ်ပြု၍ မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်ရှိခဲ့သည်။

ဆရာတော်သည် ပထမငယ်၊ ပထမလတ်၊ ပထမကြီးတန်းများကို အဆင့်မြင့်မြင့်ဖြင့် အောင်မြင်ခဲ့ပြီး ဓမ္မာစရိယဘွဲ့နှင့် ပါဠိပါရဂူဘွဲ့တို့ကို ၁၉၆၂-၆၃ ခုနှစ်တွင် ရရှိခဲ့သည်။

မြောင်းမြမြို့ ပဇ္ဇောတာရုံ ပါဠိတက္ကသိုလ်၌ပင် စာချဆရာတော်အဖြစ် သုံးနှစ်ခန့် သင်ကြားခဲ့သည်။
၁၉၆၆ ခုနှစ်တွင် ရန်ကုန်မြို့သို့ ကြွရောက်ခဲ့ပြီး အင်္ဂလိပ်စာ၊ တိုင်းရင်းဆေးပညာနှင့် ဗေဒင်ပညာတို့ကို လေ့လာ သင်ယူခဲ့သည်။
၁၉၆၉ ခုနှစ်တွင် တိုင်းရင်းဆေးပညာစာမေးပွဲကို အောင်မြင်ခဲ့သည်။

၁၉၇၀ ခုနှစ်တွင် ရှမ်းပြည်နယ် တာချီလိတ်မြို့သို့ ကြွရောက် သီတင်းသုံးပြီး ငွေတောင်ဦးကမ္မဋ္ဌာန်းကျောင်း တိုက်ကို တည်ထောင်ကာ ဘုန်းတော်ကြီးကျောင်းပညာရေးနှင့် ကမ္မဋ္ဌာန်းတရားအားထုတ်နည်းများကို ၁၀-နှစ်ခန့် သင်ကြားပေးခဲ့သည်။

၁၉၈၀ ခုနှစ်တွင် ရန်ကုန်မြို့ မဟာစည်သာသနာ့ရိပ်သာသို့ ကြွရောက်ပြီး ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ ထံမှောက်ဝယ် ရက်ရှည် ကမ္မဋ္ဌာန်းတရား ပွားများ အားထုတ်ခဲ့သည်။
ထိုနောက် ကမ္မဋ္ဌာန်းနည်းပြဆရာဖြစ်သင်တန်းသို့ တက်ရောက်ခဲ့ပြီး ကမ္မဋ္ဌာန်းနည်းပြဆရာအဖြစ် မဟာစည်ဆရာတော်ဘုရားကြီး၏ အသိအမှတ်ပြုခြင်းကို ခံခဲ့ရသည်။

ထိုမှ တာချီလိတ်မြို့သို့ ပြန်လည် ကြွရောက်ခဲ့ပြီး မဟာစည်ဆရာတော်ကြီး၏ နည်းစနစ်ဖြင့် ကမ္မဋ္ဌာန်းအားထုတ်နည်းကို သင်ကြားပေးခြင်း၊ ဆင်းရဲနွမ်းပါးသော ကလေးသူငယ်များ၏ ပညာရေးနှင့် လိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ရာ အချိန်အနည်းငယ်အတွင်း အထူးအောင်မြင်သော ကျောင်းတိုက်တစ်ခု ဖြစ်လာခဲ့သည်။

ဤအတွေ့အကြုံများမှ “သူတပါးကို ကူညီခြင်းဖြင့်သာ စစ်မှန်သော ပျော်ရွှင်မှုကို ရရှိစေကြောင်း”နှင့် “အောင်မြင်မှုကို ရရှိရန် ပညာစွမ်းအားသာမက လုံ့လဝိရိယလည်း အရေးပါကြောင်း” လက်တွေ့အသိကို ရရှိခဲ့သည်။

မဟာစည်ဆရာတော်ဘုရားကြီးက ရွေးချယ် စေလွှတ်သဖြင့် ၁၉၈၂ ခုနှစ်တွင် အမေရိကန်နိုင်ငံသို့ ဓမ္မဒူတခရီး ကြွရောက်ခဲ့သည်။

ရှေးဦးစွာ တင်နက်ဆီပြည်နယ် နက်ရှ်ဗီးလ်မြို့တွင် တစ်နှစ်ခန့် သီတင်းသုံး နေထိုင်ခဲ့ပြီး၊ ၁၉၈၃ ခုနှစ်တွင် နယူးယောက်မြို့သို့ ပြောင်းရွှေ့ သီတင်းသုံးကာ နယူးယောက်၊ နယူးဂျာစီ၊ ကွန်နက်တီကက်ပြည်နယ် သုံးခုနေ မြန်မာမိသားစုများ၏ ဆရာရင်း ဖြစ်လာခဲ့သည်။

၁၉၈၄ ခုနှစ်တွင် နယူးယောက်မြို့၌ “လောကချမ်းသာဘုရားကျောင်း”၊ ၁၉၉၅ ခုနှစ်တွင် နယူးဂျာစီပြည်နယ် မနာလပန်၌ “မဟာစည်သတိပဋ္ဌာန်ရိပ်သာကျောင်း”၊ ၁၉၉၉ ခုနှစ်တွင် မက်ဆာချူးဆက်ပြည်နယ် ဘော်စတွန်မြို့၌ “မဟာသတိပဋ္ဌာန်ရိပ်သာကျောင်း”တို့ကို တည်ထောင်ခဲ့သည်။

နယူးဂျာစီပြည်နယ် မဟာစည်သတိပဋ္ဌာန်ရိပ်သာကျောင်းတွင် ရွှေတိဂုံစေတီတော်ပုံစံတူ၊ လောကချမ်းသာ စေတီတော်ကို တည်ထား ကိုးကွယ်ခဲ့ရာ ၂၀၀၆ ခုနှစ် ဧပြီလ ၃၀ ရက်နေ့တွင် စေတီတော် ပန္နက်ချ အုတ်မြစ်စီ ပထမဆင့် ဌာပနာပိတ်ပွဲကိုလည်းကောင်း၊ ၂၀၀၆ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့တွင် စေတီတော် ဒုတိယဆင့် ဌာပနာပိတ်ပွဲကိုလည်းကောင်း၊ ၂၀၀၇ ခုနှစ် မေလ ၂၇ ရက်နေ့တွင် ရွှေထီးတော်တင် အခမ်းအနားကိုလည်းကောင်း အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။

ထိုနောက် နှစ်စဉ် မေလတွင် လောကချမ်းသာစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်ကို ကျင်းပခဲ့ရာ ၂၀၁၀ ခုနှစ်တွင် တတိယအကြိမ် ဗုဒ္ဓပူဇနိယပွဲတော်ကို ကျင်းပခဲ့ပြီး ဖြစ်ပါသည်။

နယူးဂျာစီပြည်နယ် မဟာစည်သတိပဋ္ဌာန်ရိပ်သာ၌ပင် “လောကချမ်းသာ ဓမ္မာရုံ ယောဂီဆောင် ကျောင်းဆောင်ကြီး”ကို ဆောက်လုပ်ရန် စီစဉ် ခွင့်ပြုချက် ရရှိပြီးဖြစ်ရာ ၂၀၁၀ ခုနှစ်တွင် စတင် ဆောက်လုပ်ရန် ကြိုးစား ဆောင်ရွက်လျက် ရှိ၏။

ဆရာတော်သည် လူမှုရေးဆိုင်ရာ လုပ်ငန်းများအဖြစ်လည်း ၂၀၀၈ ခုနှစ် မေလတွင် နာဂစ်မုန်တိုင်းဘေး ခံရသော မြန်မာနိုင်ငံဒုက္ခသည်များအတွက်လည်းကောင်း၊ ၂၀၁၀ ခုနှစ် ဇန်နဝါရီလတွင် ငလျင်ဘေးခံရသော ဟေတီဒုက္ခသည်များအတွက်လည်းကောင်း ကူညီ ထောက်ပံ့ပေးမှုများကို ဆောင်ရွက်ပေးခဲ့၏။

၂၀၀၅ ခုနှစ်တွင် ဇာတိမြေ၌ ပေ ၁၀၀-ရှည်သော ဒရယ်ပေါက်-ပြင်ရွာ ချောင်းကူးတံတားကို ဆောက်လုပ်ခဲ့ခြင်း၊ ၂၀၀၇ ခုနှစ်တွင် မူလတန်းကျောင်း ၄-ကျောင်းကို ဆောက်လုပ်ခဲ့ခြင်းတို့ကိုလည်း ဆောင်ရွက်ပေးခဲ့သည်။

ပညာတတ်မှသာ အောင်မြင်သော ဘဝတစ်ခုကို ဖန်တီးနိုင်မည်ဖြစ်သောကြောင့် မြန်မာနိုင်ငံရှိ ဆင်းရဲနွမ်းပါးသော ကျောင်းသားကျောင်းသူများကို ပညာသင်စရိတ် ထောက်ပံ့ပေးခဲ့ရာ ဆရာဝန်များ၊ အင်ဂျင်နီယာများ ပေါ်ပေါက်ခဲ့ပြီး ဖြစ်သည်။

ဆရာတော်သည် ဘုရားလောင်းတို့၏ ထုံးဖြစ်သော အများအကျိုး၊ ဆွေမျိုးဉာတကာအကျိုး၊ မိမိအကျိုးတို့ကို ပြီးစီး အောင်မြင်စေရန် အရိုးကြေကြေ အရေခန်းခန်း လုံ့လကြိုးကုတ် အားထုတ်မှုကို အထူး နှစ်သက် အားကျ၏။

ဆရာတော်သည် အများချမ်းသာ၊ သူလည်းချမ်းသာ၊ မိမိလည်းချမ်းသာခြင်းဖြင့် လောကကြီးတစ်ခုလုံး ချမ်းသာစေလိုပြီး၊ နယူးယောက်မြို့ “လောကချမ်းသာဘုရားကျောင်း”၊ နယူးဂျာစီပြည်နယ် အင်္ဂလစ်ရှ်တောင်း “မဟာစည်သတိပဋ္ဌာန်ရိပ်သာကျောင်း”၊ မက်ဆာချူးဆက်ပြည်နယ် ဘော်စတွန်မြို့ “မဟာသတိပဋ္ဌာန်ရိပ်သာ ကျောင်း”များ၏ ပဓာနနာယကဆရာတော်အဖြစ် ဦးဆောင်ကာ ယခုတိုင် သာသနာပြုလုပ်ငန်းများကို ကြိုးစား သည်ပိုး ဆောင်ရွက်လျက် ရှိပါသည်။

+++++

ထိုနောက် ပရိသတ်များအားလုံးက အရှင်စက္ကိန္ဒ ရေးသား ပူဇော်သော လောကချမ်းသာဆရာတော်၏ သက်တော် ၇၀ ပြည့် ဝိဇာတမင်္ဂလာ ရှစ်လုံးဖွဲ့ လင်္ကာများကို ရွတ်ဆို ပူဇော်ကြပြီး ဆရာတော်အား ရှိခိုး ကန်တော့ကြ၏။





+++++

လောကချမ်းသာဆရာတော်ဘုရား၏ သက်တော်  ‘၇၀’  ပြည့်  ဝိဇာတမင်္ဂလာ ရှစ်လုံးဘွဲ့ကဗျာ

၁။    မဟာစည်ထေရ်ရ  ရှုဆရွှေဉာဏ်
       အနာဂတံသ ဉာဏဝေဖန်
       ရှင်တော်ဗုဒ္ဓ သာသနာ့အောင်လံ
       စိုက်ထူရေး မနှေးကြိုးစားပြန်။
   
၂။    ဒေသနာခရီး  ဦးစီးမဏ္ဍိုင်
       မဟာစည်ထေရ်ရ  မြန်းကြွကိုယ်တိုင်
       ပင်ပန်းခက်ခဲ စိတ်ထဲမယိုင်
       တရားရေး အားပေးကိုယ်တော်တိုင်။

၃။    အမေရိက ဌာနမြေပေါ်
       သာသနာရောက်ရေး  မြော်တွေးရှုမျှော်
       တပည့်ကြီးများ နောက်ပါးအဖော်
       မျိုးစေ့ချ ဓမ္မဒေသနာတော်။

၎။    ဗုဒ္ဓ ဓမ္မ သံဃာ့ရတနာ
       အမေရိက ဌာနမြေမှာ
       ဖြစ်ပေါ်လာရေး တည်ရေးတစ်ဖြာ
       ပြန့်ပွားရေး  အားပေးသာသနာ။

၅။    မဟာစည်ထေရ်ရ မြန်းကြွကမ္ဘာ
       ချမ်းသာရကြောင်း လမ်းကောင်းညွှန်ကာ
       တပည့်ကြီးများ နေကြားစေကာ
       အနှိုင်းမဲ့ ရှုငဲ့ကရုဏာ။

၆။    လောဘဒေါသ မောဟ ကိလေ
       ကမ္ဘာတဝှမ်း လောင်ကျွမ်းမြိုက်နေ
       ဓမ္မရေအေး တိုက်ကျွေးကာလေ
       ငြှိမ်းသတ်ပေး ငြိမ်းအေးကမ္ဘာမြေ။
၇။    သာသနာရေး မြော်တွေးဆင်ခြင်
       တပည့်ကြီးများ အမေရိကားတခွင်
       အရှေ့ခြမ်း အနောက်ခြမ်း ခွဲခြမ်းကာပင်
       တာဝန်ပေး ဆောင်ရေးထာဝစဉ်။

၈။    ဓမ္မဒူတ တရားတမာန်
       အရှည်မြော်တွေး လွှတ်ရေးကြုံပြန်
       မထေရ်နှစ်ပါး ကြွသွားဘို့ရန်
       ရွေးချယ်ပေး ကြွရေးအမေရိကန်။

၉။    အရှင်ဣန္ဒက ထေရ်ရမဟာ   
       ထိုထေရ်နှစ်ပါး တစ်ပါးအဝင်ပါ
       သာသနာရေး အားပေးကူကာ
       ထိုခါမှ ယနေ့တိုင်အောင်သာ။

၁၀။  နယူးယောက်ဌာန ပင်မအခြေတည်
       နယူးဂျာစီတဝ သာစွမဟာစည်
       ဘော်စတွန်မည်ရ  ဌာနသုံးလီ
       ဦးဆောင်ပြီး ပြုပြီးနှစ်ကြာရှည်။

၁၁။  “၇၀” ပြည့် မွေးနေ့မှသည်
       ရာကျော်သက်တမ်း ကျော်လွှမ်းကာတည်
       ဘေးဘယ ဝေးကြ အေးမြစိတ်ကြည်
       တပည့်ပေါင်း  ဆုတောင်းပူဇော်သည်။   ။

+++++

ဆရာတော်က သြဝါဒစကား မြွက်ကြား၏။



ထိုနောက် ဘော်လ်တီမိုး အရှင်ကေလာသဝိဟာရ ဆရာတော် အရှင်ကစ္စာယနက မွေးနေ့တရား ဟောကြားပြီး ကောင်းမှုကုသိုလ်တို့ကို ရေစက်သွန်းချ အမျှပေးဝေကြ၏။



သာဓု ... သာဓု ... သာဓု။