Friday, August 6, 2010

လောကချမ်းသာဆရာတော်၏ သက်တော် ၇၀ ပြည့် မွေးနေ့ပူဇော်ပွဲ

နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း ပဓာနနာယကဆရာတော် ဘဒ္ဒန္တဣန္ဒက၏ သက်တော် ၇၀ ပြည့် မွေးနေ့ပူဇော်ပွဲကို ၂၀၁၀ ခုနှစ် သြဂုတ်လ ၁ ရက် တနင်္ဂနွေနေ့တွင် လောကချမ်းသာဘုရားကျောင်း၌ ကျင်းပခဲ့၏။

နံနက် ၁၀ နာရီခွဲတွင် မြတ်စွာဘုရားရှင်အား ပန်း၊ ရေချမ်း၊ ဆီမီး၊ ဆွမ်း၊ သစ်သီး၊ အချိုမုန့်များဖြင့် ဆက်ကပ် လှူဒါန်းကြပြီး ပူဇော်ကြ၏။




နံနက် ၁၁ နာရီတွင် သံဃာတော်များအား ဒန်ပေါက်နေ့ဆွမ်း၊ အချိုမုန့်များ၊ သစ်သီးများဖြင့် ဆက်ကပ် လှူဒါန်းကြ၏။




နေ့လယ် ၁၂ နာရီခွဲတွင် လောကချမ်းသာဆရာတော်၏ သက်တော် ၇၀ ပြည့် မွေးနေ့ပူဇော်ပွဲ အခမ်းအနားကို ကျင်းပ ပြုလုပ်ရာ -

အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်း၏ အတွင်းရေးမှူး ဦးစောဝင်းက လောကချမ်းသာဆရာတော်၏ ထေရုပ္ပတ္တအကျဉ်းကို ဖတ်ကြား၏။



+++++

လောကချမ်းသာဆရာတော်၏ ထေရုပ္ပတ္တိအကျဉ်း

လောကချမ်းသာဆရာတော် အရှင်ဣန္ဒကကို ၁၉၄၀ ခုနှစ် သြဂုတ်လ ၁၁ ရက်နေ့တွင် မြောင်းမြမြို့နယ်၊ အညာစုကျေးရွာ၌ ခမည်းတော် ဦးဘ နှင့် မယ်တော် ဒေါ်ဖွားသင်တို့မှ မွေးဖွားသည်။ မွေးချင်း သားသမီး ငါးယောက်တွင် အငယ်ဆုံး သားရတနာ ဖြစ်သည်။

အသက် (၇)နှစ်အရွယ်တွင် ဒရယ်ပေါက်ကျောင်း ဆရာတော် ဦးခေမိန္ဒကို ဥပဇ္ဈာယ်ပြု၍ ရှင်သာမဏေအဖြစ်ကို ခံယူခဲ့သည်။ ဆရာတော် ဦးခေမိန္ဒထံ၌ အခြေခံမြန်မာစာ၊ သင်္ချာနှင့် ပါဠိစာပေများကို ငါးနှစ်တိုင်တိုင် သင်ယူခဲ့သည်။

အသက် တစ်ဆယ့်နှစ်နှစ်သားအရွယ်တွင် မြောင်းမြမြို့၊ ရိုးကူးရပ်၊ ပညာဇေယျုံကျောင်းတိုက်သို့ ပြောင်းရွှေ့ကာ ဆရာတော်ကြီး ဦးပညာထံ၌ လောကီလောကုတ္တရာပညာရပ်များကို သုံးနှစ်ကြာမျှ ဆက်လက် သင်ယူခဲ့သည်။

ထို့နောက် မြောင်းမြမြို့၊ ပဇ္ဇောတာရုံ ပါဠိတက္ကသိုလ်ကျောင်းတိုက်ကြီးသို့ ပြောင်းရွှေ့ကာ လောကုတ္တရာ ပါဠိစာပေများကို ရှစ်နှစ်တိုင်တိုင် သင်ယူခဲ့ပါသည်။

 ၁၉၆၀ ခုနှစ် အသက် (၂၀) အရွယ်တွင် မြောင်းမြမြို့ ပဇ္ဇောတာရုံပါဠိတက္ကသိုလ်ကျောင်းတိုက် ခဏ္ဍသိမ်၌ ကျွန်းကုန်းဆရာတော်ဘုရားကြီး ဦးနာယကကို ဥပဇ္ဈာယ်ပြု၍ မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်ရှိခဲ့သည်။

ဆရာတော်သည် ပထမငယ်၊ ပထမလတ်၊ ပထမကြီးတန်းများကို အဆင့်မြင့်မြင့်ဖြင့် အောင်မြင်ခဲ့ပြီး ဓမ္မာစရိယဘွဲ့နှင့် ပါဠိပါရဂူဘွဲ့တို့ကို ၁၉၆၂-၆၃ ခုနှစ်တွင် ရရှိခဲ့သည်။

မြောင်းမြမြို့ ပဇ္ဇောတာရုံ ပါဠိတက္ကသိုလ်၌ပင် စာချဆရာတော်အဖြစ် သုံးနှစ်ခန့် သင်ကြားခဲ့သည်။
၁၉၆၆ ခုနှစ်တွင် ရန်ကုန်မြို့သို့ ကြွရောက်ခဲ့ပြီး အင်္ဂလိပ်စာ၊ တိုင်းရင်းဆေးပညာနှင့် ဗေဒင်ပညာတို့ကို လေ့လာ သင်ယူခဲ့သည်။
၁၉၆၉ ခုနှစ်တွင် တိုင်းရင်းဆေးပညာစာမေးပွဲကို အောင်မြင်ခဲ့သည်။

၁၉၇၀ ခုနှစ်တွင် ရှမ်းပြည်နယ် တာချီလိတ်မြို့သို့ ကြွရောက် သီတင်းသုံးပြီး ငွေတောင်ဦးကမ္မဋ္ဌာန်းကျောင်း တိုက်ကို တည်ထောင်ကာ ဘုန်းတော်ကြီးကျောင်းပညာရေးနှင့် ကမ္မဋ္ဌာန်းတရားအားထုတ်နည်းများကို ၁၀-နှစ်ခန့် သင်ကြားပေးခဲ့သည်။

၁၉၈၀ ခုနှစ်တွင် ရန်ကုန်မြို့ မဟာစည်သာသနာ့ရိပ်သာသို့ ကြွရောက်ပြီး ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ ထံမှောက်ဝယ် ရက်ရှည် ကမ္မဋ္ဌာန်းတရား ပွားများ အားထုတ်ခဲ့သည်။
ထိုနောက် ကမ္မဋ္ဌာန်းနည်းပြဆရာဖြစ်သင်တန်းသို့ တက်ရောက်ခဲ့ပြီး ကမ္မဋ္ဌာန်းနည်းပြဆရာအဖြစ် မဟာစည်ဆရာတော်ဘုရားကြီး၏ အသိအမှတ်ပြုခြင်းကို ခံခဲ့ရသည်။

ထိုမှ တာချီလိတ်မြို့သို့ ပြန်လည် ကြွရောက်ခဲ့ပြီး မဟာစည်ဆရာတော်ကြီး၏ နည်းစနစ်ဖြင့် ကမ္မဋ္ဌာန်းအားထုတ်နည်းကို သင်ကြားပေးခြင်း၊ ဆင်းရဲနွမ်းပါးသော ကလေးသူငယ်များ၏ ပညာရေးနှင့် လိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ရာ အချိန်အနည်းငယ်အတွင်း အထူးအောင်မြင်သော ကျောင်းတိုက်တစ်ခု ဖြစ်လာခဲ့သည်။

ဤအတွေ့အကြုံများမှ “သူတပါးကို ကူညီခြင်းဖြင့်သာ စစ်မှန်သော ပျော်ရွှင်မှုကို ရရှိစေကြောင်း”နှင့် “အောင်မြင်မှုကို ရရှိရန် ပညာစွမ်းအားသာမက လုံ့လဝိရိယလည်း အရေးပါကြောင်း” လက်တွေ့အသိကို ရရှိခဲ့သည်။

မဟာစည်ဆရာတော်ဘုရားကြီးက ရွေးချယ် စေလွှတ်သဖြင့် ၁၉၈၂ ခုနှစ်တွင် အမေရိကန်နိုင်ငံသို့ ဓမ္မဒူတခရီး ကြွရောက်ခဲ့သည်။

ရှေးဦးစွာ တင်နက်ဆီပြည်နယ် နက်ရှ်ဗီးလ်မြို့တွင် တစ်နှစ်ခန့် သီတင်းသုံး နေထိုင်ခဲ့ပြီး၊ ၁၉၈၃ ခုနှစ်တွင် နယူးယောက်မြို့သို့ ပြောင်းရွှေ့ သီတင်းသုံးကာ နယူးယောက်၊ နယူးဂျာစီ၊ ကွန်နက်တီကက်ပြည်နယ် သုံးခုနေ မြန်မာမိသားစုများ၏ ဆရာရင်း ဖြစ်လာခဲ့သည်။

၁၉၈၄ ခုနှစ်တွင် နယူးယောက်မြို့၌ “လောကချမ်းသာဘုရားကျောင်း”၊ ၁၉၉၅ ခုနှစ်တွင် နယူးဂျာစီပြည်နယ် မနာလပန်၌ “မဟာစည်သတိပဋ္ဌာန်ရိပ်သာကျောင်း”၊ ၁၉၉၉ ခုနှစ်တွင် မက်ဆာချူးဆက်ပြည်နယ် ဘော်စတွန်မြို့၌ “မဟာသတိပဋ္ဌာန်ရိပ်သာကျောင်း”တို့ကို တည်ထောင်ခဲ့သည်။

နယူးဂျာစီပြည်နယ် မဟာစည်သတိပဋ္ဌာန်ရိပ်သာကျောင်းတွင် ရွှေတိဂုံစေတီတော်ပုံစံတူ၊ လောကချမ်းသာ စေတီတော်ကို တည်ထား ကိုးကွယ်ခဲ့ရာ ၂၀၀၆ ခုနှစ် ဧပြီလ ၃၀ ရက်နေ့တွင် စေတီတော် ပန္နက်ချ အုတ်မြစ်စီ ပထမဆင့် ဌာပနာပိတ်ပွဲကိုလည်းကောင်း၊ ၂၀၀၆ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့တွင် စေတီတော် ဒုတိယဆင့် ဌာပနာပိတ်ပွဲကိုလည်းကောင်း၊ ၂၀၀၇ ခုနှစ် မေလ ၂၇ ရက်နေ့တွင် ရွှေထီးတော်တင် အခမ်းအနားကိုလည်းကောင်း အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။

ထိုနောက် နှစ်စဉ် မေလတွင် လောကချမ်းသာစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်ကို ကျင်းပခဲ့ရာ ၂၀၁၀ ခုနှစ်တွင် တတိယအကြိမ် ဗုဒ္ဓပူဇနိယပွဲတော်ကို ကျင်းပခဲ့ပြီး ဖြစ်ပါသည်။

နယူးဂျာစီပြည်နယ် မဟာစည်သတိပဋ္ဌာန်ရိပ်သာ၌ပင် “လောကချမ်းသာ ဓမ္မာရုံ ယောဂီဆောင် ကျောင်းဆောင်ကြီး”ကို ဆောက်လုပ်ရန် စီစဉ် ခွင့်ပြုချက် ရရှိပြီးဖြစ်ရာ ၂၀၁၀ ခုနှစ်တွင် စတင် ဆောက်လုပ်ရန် ကြိုးစား ဆောင်ရွက်လျက် ရှိ၏။

ဆရာတော်သည် လူမှုရေးဆိုင်ရာ လုပ်ငန်းများအဖြစ်လည်း ၂၀၀၈ ခုနှစ် မေလတွင် နာဂစ်မုန်တိုင်းဘေး ခံရသော မြန်မာနိုင်ငံဒုက္ခသည်များအတွက်လည်းကောင်း၊ ၂၀၁၀ ခုနှစ် ဇန်နဝါရီလတွင် ငလျင်ဘေးခံရသော ဟေတီဒုက္ခသည်များအတွက်လည်းကောင်း ကူညီ ထောက်ပံ့ပေးမှုများကို ဆောင်ရွက်ပေးခဲ့၏။

၂၀၀၅ ခုနှစ်တွင် ဇာတိမြေ၌ ပေ ၁၀၀-ရှည်သော ဒရယ်ပေါက်-ပြင်ရွာ ချောင်းကူးတံတားကို ဆောက်လုပ်ခဲ့ခြင်း၊ ၂၀၀၇ ခုနှစ်တွင် မူလတန်းကျောင်း ၄-ကျောင်းကို ဆောက်လုပ်ခဲ့ခြင်းတို့ကိုလည်း ဆောင်ရွက်ပေးခဲ့သည်။

ပညာတတ်မှသာ အောင်မြင်သော ဘဝတစ်ခုကို ဖန်တီးနိုင်မည်ဖြစ်သောကြောင့် မြန်မာနိုင်ငံရှိ ဆင်းရဲနွမ်းပါးသော ကျောင်းသားကျောင်းသူများကို ပညာသင်စရိတ် ထောက်ပံ့ပေးခဲ့ရာ ဆရာဝန်များ၊ အင်ဂျင်နီယာများ ပေါ်ပေါက်ခဲ့ပြီး ဖြစ်သည်။

ဆရာတော်သည် ဘုရားလောင်းတို့၏ ထုံးဖြစ်သော အများအကျိုး၊ ဆွေမျိုးဉာတကာအကျိုး၊ မိမိအကျိုးတို့ကို ပြီးစီး အောင်မြင်စေရန် အရိုးကြေကြေ အရေခန်းခန်း လုံ့လကြိုးကုတ် အားထုတ်မှုကို အထူး နှစ်သက် အားကျ၏။

ဆရာတော်သည် အများချမ်းသာ၊ သူလည်းချမ်းသာ၊ မိမိလည်းချမ်းသာခြင်းဖြင့် လောကကြီးတစ်ခုလုံး ချမ်းသာစေလိုပြီး၊ နယူးယောက်မြို့ “လောကချမ်းသာဘုရားကျောင်း”၊ နယူးဂျာစီပြည်နယ် အင်္ဂလစ်ရှ်တောင်း “မဟာစည်သတိပဋ္ဌာန်ရိပ်သာကျောင်း”၊ မက်ဆာချူးဆက်ပြည်နယ် ဘော်စတွန်မြို့ “မဟာသတိပဋ္ဌာန်ရိပ်သာ ကျောင်း”များ၏ ပဓာနနာယကဆရာတော်အဖြစ် ဦးဆောင်ကာ ယခုတိုင် သာသနာပြုလုပ်ငန်းများကို ကြိုးစား သည်ပိုး ဆောင်ရွက်လျက် ရှိပါသည်။

+++++

ထိုနောက် ပရိသတ်များအားလုံးက အရှင်စက္ကိန္ဒ ရေးသား ပူဇော်သော လောကချမ်းသာဆရာတော်၏ သက်တော် ၇၀ ပြည့် ဝိဇာတမင်္ဂလာ ရှစ်လုံးဖွဲ့ လင်္ကာများကို ရွတ်ဆို ပူဇော်ကြပြီး ဆရာတော်အား ရှိခိုး ကန်တော့ကြ၏။





+++++

လောကချမ်းသာဆရာတော်ဘုရား၏ သက်တော်  ‘၇၀’  ပြည့်  ဝိဇာတမင်္ဂလာ ရှစ်လုံးဘွဲ့ကဗျာ

၁။    မဟာစည်ထေရ်ရ  ရှုဆရွှေဉာဏ်
       အနာဂတံသ ဉာဏဝေဖန်
       ရှင်တော်ဗုဒ္ဓ သာသနာ့အောင်လံ
       စိုက်ထူရေး မနှေးကြိုးစားပြန်။
   
၂။    ဒေသနာခရီး  ဦးစီးမဏ္ဍိုင်
       မဟာစည်ထေရ်ရ  မြန်းကြွကိုယ်တိုင်
       ပင်ပန်းခက်ခဲ စိတ်ထဲမယိုင်
       တရားရေး အားပေးကိုယ်တော်တိုင်။

၃။    အမေရိက ဌာနမြေပေါ်
       သာသနာရောက်ရေး  မြော်တွေးရှုမျှော်
       တပည့်ကြီးများ နောက်ပါးအဖော်
       မျိုးစေ့ချ ဓမ္မဒေသနာတော်။

၎။    ဗုဒ္ဓ ဓမ္မ သံဃာ့ရတနာ
       အမေရိက ဌာနမြေမှာ
       ဖြစ်ပေါ်လာရေး တည်ရေးတစ်ဖြာ
       ပြန့်ပွားရေး  အားပေးသာသနာ။

၅။    မဟာစည်ထေရ်ရ မြန်းကြွကမ္ဘာ
       ချမ်းသာရကြောင်း လမ်းကောင်းညွှန်ကာ
       တပည့်ကြီးများ နေကြားစေကာ
       အနှိုင်းမဲ့ ရှုငဲ့ကရုဏာ။

၆။    လောဘဒေါသ မောဟ ကိလေ
       ကမ္ဘာတဝှမ်း လောင်ကျွမ်းမြိုက်နေ
       ဓမ္မရေအေး တိုက်ကျွေးကာလေ
       ငြှိမ်းသတ်ပေး ငြိမ်းအေးကမ္ဘာမြေ။
၇။    သာသနာရေး မြော်တွေးဆင်ခြင်
       တပည့်ကြီးများ အမေရိကားတခွင်
       အရှေ့ခြမ်း အနောက်ခြမ်း ခွဲခြမ်းကာပင်
       တာဝန်ပေး ဆောင်ရေးထာဝစဉ်။

၈။    ဓမ္မဒူတ တရားတမာန်
       အရှည်မြော်တွေး လွှတ်ရေးကြုံပြန်
       မထေရ်နှစ်ပါး ကြွသွားဘို့ရန်
       ရွေးချယ်ပေး ကြွရေးအမေရိကန်။

၉။    အရှင်ဣန္ဒက ထေရ်ရမဟာ   
       ထိုထေရ်နှစ်ပါး တစ်ပါးအဝင်ပါ
       သာသနာရေး အားပေးကူကာ
       ထိုခါမှ ယနေ့တိုင်အောင်သာ။

၁၀။  နယူးယောက်ဌာန ပင်မအခြေတည်
       နယူးဂျာစီတဝ သာစွမဟာစည်
       ဘော်စတွန်မည်ရ  ဌာနသုံးလီ
       ဦးဆောင်ပြီး ပြုပြီးနှစ်ကြာရှည်။

၁၁။  “၇၀” ပြည့် မွေးနေ့မှသည်
       ရာကျော်သက်တမ်း ကျော်လွှမ်းကာတည်
       ဘေးဘယ ဝေးကြ အေးမြစိတ်ကြည်
       တပည့်ပေါင်း  ဆုတောင်းပူဇော်သည်။   ။

+++++

ဆရာတော်က သြဝါဒစကား မြွက်ကြား၏။



ထိုနောက် ဘော်လ်တီမိုး အရှင်ကေလာသဝိဟာရ ဆရာတော် အရှင်ကစ္စာယနက မွေးနေ့တရား ဟောကြားပြီး ကောင်းမှုကုသိုလ်တို့ကို ရေစက်သွန်းချ အမျှပေးဝေကြ၏။



သာဓု ... သာဓု ... သာဓု။

Thursday, August 5, 2010

သမုစ္စည်းပိုင်း - မိဿကသင်္ဂဟ

၂၀၁၀ ခုနှစ် ဇူလိုင်လ ၃၁ ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ အပတ်စဉ် ပြုလုပ်သော ဆရာတော်အရှင်သီလာနန္ဒာဘိဝံသ၏ အဘိဓမ္မာသင်တန်းပို့ချချက်များသင်တန်း ဒုတိယသင်ခန်းစာအဖြစ် အပတ်စဉ် (၄၄) သမုစ္စည်းပိုင်း - မိဿကသင်္ဂဟအကြောင်း လေ့လာ သင်ယူ နာယူ မှတ်သားကြရ၏။

မိဿကသင်္ဂဟ

ကုသိုလ်၊ အကုသိုလ်၊ အဗျာကတဖြစ်သော တရားတို့ကို ရောနှော သိမ်းယူ၍ အကျဉ်းပြဆိုခြင်း ဖြစ်၏။

မိဿကသင်္ဂဟ၌ -
(၁) ဟိတ် ၆-ပါး
(၂) ဈာနင် ၇-ပါး
(၃) မဂ္ဂင် ၁၂-ပါး
(၄) ဣနြေ္ဒ ၂၂-ပါး
(၅) ဗိုလ် ၉-ပါး
(၆) အဓိပတိ ၄-ပါး
(၇) အာဟာရ ၄-ပါး အားဖြင့် ဝေဖန် ပြဆို၏။

+++++

(၁) ဟိတ်

အာရုံ၌ မိမိနှင့် ယှဉ်ဘော်ယှဉ်ဘက် ဖြစ်ကုန်သော ပစ္စယုပ္ပန် အကျိုးတရားတို့ကို ကောင်းစွာ တည်တံ့စေတတ်သော အကြောင်းတရားသည် ‘ဟိတ်’ မည်၏။
၎င်းဟိတ်တရားတို့သည် သစ်မြစ်နှင့် တူကုန်၏။
သစ်မြစ်တို့သည် ပင်စည်ကို ကြီးပွား ခိုင်ခံ့ တည်တံ့စေကုန်သကဲ့သို့ ဟိတ် ၆-ပါးသည် မိမိနှင့် ယှဉ်ဘော်ယှဉ်ဘက် ဖြစ်ကုန်သော စိတ် စေတသိက်တရားတို့ကို အာရုံ၌ စွဲမြဲ တည်တံ့ ခိုင်ခန့် ကြီးပွားစေကုန်၏။

ထို့ကြောင့် “ရေသောက်မြစ်နှယ်၊ ကျေးဇူးကြွယ်၊ ကြီးကျယ်ကြောင်းရင်းများ”ဟု ဆို၏။

ဟိတ်တရားတို့သည်
‘လောဘဟိတ်’
‘ဒေါသဟိတ်’၊
‘မောဟဟိတ်’၊
‘အလောဘဟိတ်’၊
‘အဒေါသဟိတ်’၊
‘အမောဟဟိတ်’ ဟူ၍ ၆-ပါး အပြားရှိကုန်၏။

(၂) ဈာနင်

 ကောင်းသော အာရုံ၌ ဖြစ်စေ၊ မကောင်းသော အာရုံ၌ ဖြစ်စေ၊ စူးစူးစိုက်စိုက် စွဲစွဲမြဲမြဲ ကပ်၍ ရှုတတ်သောကြောင့် ဈာန် မည်၏။

 ထို့ကြောင့် “စိုက်စိုက်စူးစူး၊ အထူးမြဲမြံ၊ ရှုအားသန်၊ ဈာန်ဟု ခေါ်သတတ်” ဟု ဆို၏။
ထို ဈာန်၏ အစိတ်အစိတ်ဖြစ်သော အင်္ဂါတို့သည် ဈာနင် မည်၏။

ဈာနင်တို့သည် 
ဝိတက်ဈာနင်၊ 
ဝိစာရဈာနင်၊ 
ပီတိဈာနင်၊ 
ဧကဂ္ဂတာဈာနင်၊ 
သောမနဿဈာနင်၊ 
ဒေါမနဿဈာနင်၊ 
ဥပေက္ခာဈာနင် ဟူ၍ ၇-ပါး အပြားရှိကုန်၏။

(၃) မဂ္ဂင်

ခရီးလမ်းကို မဂ္ဂဟူ၍ ဆိုအပ်၏။
စိတ်၏ ဖြောင့်ဖြောင့်သွားရန်၊ ကောက်ကောက်ကွေ့ကွေ့သွားရန် ခရီးစဉ်လည်း မဂ်မည်၏။
အကုသိုလ်မဂ္ဂင်သည် အပါယ်သို့ လားကြောင်းဖြစ်၍ ကုသိုလ်မဂ္ဂင်သည် နတ်ရွာသုဂတိ နိဗ္ဗာန်ချမ်းသာသို့ ရောက်ခြင်း၏ အကြောင်းဖြစ်သောကြောင့် ခရီးကောက် ခရီးဖြောင့် နှစ်ပါးတို့၏ အင်္ဂါအဆောက်အဦးတို့သည် မဂ္ဂင်မည်ကုန်၏။

မဂ္ဂင်တို့သည် 
သမ္မာဒိဋ္ဌိ၊ 
သမ္မာသင်္ကပ္ပ၊ 
သမ္မာဝါစာ၊ 
သမ္မာကမ္မန္တ၊ 
သမ္မာအာဇီဝ၊ 
သမ္မာဝါယာမ၊ 
သမ္မာသတိ၊ 
သမ္မာသမာဓိ၊ 
မိစ္ဆာဒိဋ္ဌိ၊ 
မိစ္ဆာသင်္ကပ္ပ၊ 
မိစ္ဆာဝါယာမ၊ 
မိစ္ဆာသမာဓိ ဟူ၍ ၁၂-ပါး အပြားရှိကုန်၏။

(၄) ဣနြေ္ဒ

သမ္ပယုတ်တရားတို့ကို အစိုးရသောကြောင့် ဣနြေ္ဒ မည်၏။
အစိုးရဟူသည်ကား မိမိတို့၏ ဆိုင်ရာ ဆိုင်ရာ ဌာနကိစ္စတို့၌ သမ္ပယုတ်တရားတို့ကို မိမိအလိုသို့ လိုက်စေခြင်း၊ မိမိသဘောအတိုင်း ဖြစ်ရခြင်းကို ဆိုလိုသည်။

ဣနြေ္ဒတို့သည်
(၁) စက္ခုပသာဒရုပ်သည် စက္ခုနြေ္ဒ၊
(၂) သောတပသာဒရုပ်သည် သောတိနြေ္ဒ၊
(၃) ဃာနပသာဒရုပ်သည် ဃာနိနြေ္ဒ၊
(၄) ဇိဝှါပသာဒရုပ်သည် ဇိဝှိနြေ္ဒ၊
(၅) ကာယပသာဒရုပ်သည် ကာယိနြေ္ဒ၊
(၆) ဣတ္ထိဘာဝရုပ်သည် ဣတ္ထိနြေ္ဒ၊
(၇) ပုမ္ဘာဝရုပ်သည် ပုရိသိနြေ္ဒ၊
(၈) ရုပ်ဇီဝိတ၊ နာမ်ဇီဝိတ ၂-ပါးသည် ဇီဝိတိနြေ္ဒ၊
(၉) စိတ်တစ်ခုယုတ်ကိုးဆယ်သည် မနိနြေ္ဒ၊
(၁၀) သုခဝေဒနာသည် သုခိနြေ္ဒ၊
(၁၁) ဒုက္ခဝေဒနာသည် ဒုက္ခိနြေ္ဒ၊
(၁၂) သောမနဿဝေဒနာသည် သောမနဿိနြေ္ဒ၊
(၁၃) ဒေါမနဿဝေဒနာသည် ဒေါမနဿိနြေ္ဒ၊
(၁၄) ဥပေက္ခာဝေဒနာသည် ဥပေက္ခိနြေ္ဒ၊
(၁၅) သဒ္ဓါစေတသိက်သည် သဒ္ဓိနြေ္ဒ၊
(၁၆) ဝီရိယစေတသိက်သည် ဝီရိယိနြေ္ဒ၊
(၁၇) သတိစေတသိက်သည် သတိနြေ္ဒ၊
(၁၈) ဧကဂ္ဂတာစေတသိက်သည် သမာဓိနြေ္ဒ၊
(၁၉) လောကီဉာဏသမ္ပယုတ်စိတ် ၃၉ ခု၌ ယှဉ်သော အမောဟစေတသိက်သည် ပညိနြေ္ဒ၊
(၂၀) သောတာပတ္တိမဂ်၌ ယှဉ်သော အမောဟစေတသိက်သည် အနညာတညဿာမီတိနြေ္ဒ၊
(၂၁) အထက်မဂ် ၃-ခု၊ အောက်ဖိုလ် ၃-ခု၌ ယှဉ်သော အမောဟစေတသိက်သည် အညိနြေ္ဒ၊
(၂၂) အရဟတ္တဖိုလ်၌ ယှဉ်သော အမောဟစေတသိက်သည် အညာတာဝိနြေ္ဒ။

ဤဣနြေ္ဒ ၂၂-ပါးတို့တွင် သုခိနြေ္ဒ၊ ဒုက္ခိနြေ္ဒ၊ သောမနဿိနြေ္ဒ၊ ဒေါမနဿိနြေ္ဒ၊ ဥပေက္ခိနြေ္ဒ ၅-ပါးတို့သည် တရားကိုယ်အားဖြင့် ဝေဒနာစေတသိက် ၁-ပါးသာ ဖြစ်၏။

ပညိနြေ္ဒ၊ အနညာတညဿာမီတိနြေ္ဒ၊ အညိနြေ္ဒ၊ အညာတာဝိနြေ္ဒ ၄-ပါးတို့သည် တရားကိုယ်အားဖြင့် ပညာစေတသိက် တစ်ခုသာတည်း။

နာမ်ဣနြေ္ဒ ၈-ပါး၊ ရုပ်ဣနြေ္ဒ ၈-ပါး ဖြစ်၏။

အနညာတညဿာမီတိနြေ္ဒ စသော ဣနြေ္ဒ ၃-ပါး အထူး

အနညာတံဥဿာမီတိ ပဋိပန္နဿဣန္ဒြိယံ။ 

ံအနညာတံ - မသိအပ်ဖူးသော နိဗ္ဗာန် (ဝါ) သစ္စာ ၄-ပါး တရားကို။
ဥဿာမီတိ - သိအောင် အားထုတ်အံ့ ဟူ၍။
ပဋိပန္နဿ - ကျင့်သော ပုဂ္ဂိုလ်၏။
ဣန္ဒြိယံ - ဣနြေ္ဒသည်။
အနညာတညဿာမီတိန္ဒြိယံ - အနညာတညဿာမီတိနြေ္ဒ မည်၏။

အဓိပ္ပာယ်ကား ရှေးဦးစွာ သင်္ခါရတရားတို့ကို လက္ခဏာရေးသုံးပါးသို့ တင်၍ နှလုံးသွင်းသည်မှ စ၍ မသိအပ်သေးသော သစ္စာလေးပါးတရားတို့ကို မသိလျှင် ငါမနေ၊ သိအောင် ကျင့်ကြံ အားထုတ်သော ပုဂ္ဂိုလ်အား ထိုကြိုးစားမှု မငြိမ်းမစဲမီပင်လျှင် သောတပတ္တိမဂ်ကို ရဆဲဖြစ်သော သောတာပန်ပုဂ္ဂိုလ်၏ ပညိနြေ္ဒသည် အနညာတညဿာမီတိနြေ္ဒ မည်၏။

အာဇာနာတီတိ အညံ။

အာဇာနာတိ - ထင်ရှားစွာ ထပ်၍ သိတတ်၏။
ဣတိ - ထို့ကြောင့်။
အညံ - အည မည်၏။

အညံဧဝ ဣန္ဒြိယံ။

အညံဧဝ-ထင်ရှားစွာ ထပ်၍ သိတတ်သော တရားသည်ပင်လျှင်။
ဣန္ဒြိယံ - ဣနြေ္ဒတည်း။
ဣတိ - ထို့ကြောင့်။
အညိန္ဒြိယံ - အညိန္ဒြိယ မည်၏။

အဓိပ္ပာယ်ကား သောတာပတ္တိမဂ်ဖြင့် သိအပ်ပြီးသော သစ္စာလေးပါး နိဗ္ဗာန်တရားတို့ကို အဖန်ဖန် အဆင့်ဆင့် ထပ်၍ သိသောကြောင့် အထက်မဂ် ၃-ပါး၊ အောက်ဖိုလ် ၃-ပါး၌ ရှိသော ပညိနြေ္ဒသည် ပညိနြေ္ဒ မည်၏။

အညာယိတ္ထာတိ အညာတာဝီ။

အညာယိတ္ထ - အလုံးစုံ သိပြီ။
ဣတိ - ထို့ကြောင့်။
အညတာဝီ - အညာတာဝီ မည်၏။

သိသင့် သိအပ်သော တရားများကို သိရှိပြီးဖြစ်သော ရဟန္တာပုဂ္ဂိုလ် ရ၏။

အညာတာဝီနောဣန္ဒြိယန္တိ အညာတာဝိန္ဒြိယံ။

အညာတာဝိနော - သစ္စာ ၄-ပါး နိဗ္ဗာန်တရားကို သိပြီးသော ရဟန္တာပုဂ္ဂိုလ်၏။
ဣန္ဒြိယံ - ဣနြေ္ဒတည်း။
ဣတိ - ထို့ကြောင့်။
အညာတာဝိန္ဒြိယံ - အညာတာဝိနြေ္ဒ မည်၏။

အဓိပ္ပာယ်ကား သိမှုကိစ္စ အပြီးသို့ ရောက်သော ရဟန္တာပုဂ္ဂိုလ်၏ အရဟတ္တဖိုလ်၌ တည်ရှိသော ပညိနြေ္ဒသည် အညာတာဝိနြေ္ဒ မည်၏။

ဣနြေ္ဒ ၂၂-ပါးကို ဘုံအားဖြင့် ဝေဖန်ခြင်း

စက္ခု၊ သောတ၊ ဃာန၊ ဇိဝှာ၊ ကာယ၊ ဣတ္ထိဘာဝ၊ မုမ္ဘာဝ၊ သုခ၊ ဒုက္ခ၊ ဒေါမနဿိနြေ္ဒ၊ ဤဣနြေ္ဒ ၁၀-ပါးတို့သည် ကာမဘုံ၌ ဖြစ်ကုန်၏။

မနိနြေ္ဒ၊ ဇီဝိတိနြေ္ဒ၊ ဥပေက္ခိနြေ္ဒ၊ သဒ္ဓိနြေ္ဒ၊ ဝိရိယိနြေ္ဒ၊ သတိနြေ္ဒ၊ သမာဓိနြေ္ဒ၊ ပညိနြေ္ဒ၊ ဤဣနြေ္ဒ ၈-ပါးတို့သည် စတုဘူမိကဘုံ ၄-ပါး၌ ဖြစ်ကုန်၏။

သောမနဿိနြေ္ဒသည် ကာမ၊ ရူပ၊ လောကုတ္တရာ တေဘူမိကဘုံ ၃-ပါး၌ ဖြစ်ကုန်၏။

အနညာတညဿာမီတိနြေ္ဒ၊ အညိနြေ္ဒ၊ အညာတာဝိနြေ္ဒ၊ ဤဣနြေ္ဒ ၃-ပါးတို့သည်ကား လောကုတ္တရာဘုံ၌သာ အကျုံးဝင်၏။

(၅) ဗိုလ်

ကြံ့ခိုင် မြဲမြံသောကြောင့် ဗိုလ် မည်၏။
လောက၌ ဗိုလ်အခေါ်ခံသော လူတို့သည် ထိုထိုကိစ္စကို ပြုလုပ်ရာ၌ မယိမ်းမယိုင် မြဲခိုင်ကြသကဲ့သို့၊ ထို့အတူ သဒ္ဓါအစရှိသော တရားများသည် ယုံကြည်ခြင်းစသော ကိစ္စ၌ မယိမ်းမယိုင် မြဲခိုင်ကြသဖြင့် ဗလဟူသော အမည်ကို ရ၏။

ဗိုလ်တို့သည်
သဒ္ဓါဗိုလ်၊
ဝီရိယဗိုလ်၊
သတိဗိုလ်၊
သမာဓိဗိုလ်၊
ပညာဗိုလ်၊
ဟိရိဗိုလ်၊
သြတ္တပ္ပဗိုလ်၊
အဟိရိကဗိုလ်၊
အနောတ္တပ္ပဗိုလ် ဟူ၍ ၉-ပါး အပြားရှိကုန်၏။

(၆) အဓိပတိ

အတူပြိုင်ဘက်မရှိ စိုးမိုးကြီးကဲသော တရား။
မိမိနှင့် ဆက်သွယ်လျက် တကွဖြစ်ဘက်တရားတို့ကို လွှမ်းမိုး အုပ်ချုပ် အရှင်သခင်လုပ်ပြီးလျှင် တကွဖြစ်ဘက် တရားစုကို ထိုထိုကိစ္စ၌ မိမိအလိုကျအောင် လိုက်ပါစေနိုင်သော တရားကို အဓိပတိ ခေါ်သည်။

အဓိပတိတို့သည်
(၁) ဆန္ဒာဓိပတိ = သာဓိပတိဇော ၅၂-ခု၌ ရှိသော ဆန္ဒစေတသိက်။
(၂) ဝီရိယာဓိပတိ = သာဓိပတိဇော ၅၂-ခု၌ ရှိသော ဝီရိယစေတသိက်။
(၃) စိတ္တာဓိပတိ = သာဓိပတိဇောစိတ် ၅၂-ခု။
(၄) ဝီမံသာဓိပတိ = တိဟိတ်ဇော ၃၄-ခု၌ ရှိသော ပညာစေတသိက်။

အဓိပတိ နှင့် ဣနြေ္ဒ အထူး

တစ်ပါးကုန်သော တရားတို့၏ အစိုးရသည်၏ အဖြစ်ကို တားမြစ်၍ မိမိတစ်ပါးတည်းသာ အစိုးရခြင်းသည် အဓိပတိ မည်၏။
တစ်ပါးကုန်သော ဣနြေ္ဒတို့သည် ရှိကုန်သော်လည်း သက်သက် မြင်ခြင်း အစရှိသည်တို့၌ စက္ခုဝိညာဏ် အစရှိသည်တို့သည် မိမိအလိုသို့ လိုက်စေခါမျှကို ဣနြေ္ဒ မည်၏။

အဓိပတိသည် စကြဝတေးမင်းကြီးနှင့် တူ၏။
ဣနြေ္ဒသည် ပဒေသရာဇ်မင်းငယ်တို့နှင့် တူကုန်၏။

(၇) အာဟာရ

မိမိဆိုင်ရာ အကျိုးတရားများကို ဆောင်တတ်သော တရားကို အာဟာရ ခေါ်၏။
ဆောင်ဟူသည် ဖြစ်စေခြင်း ထောက်ပံ့ခြင်းတည်း။

ဆောင်ပုံ

(၁) ကဗဠီကာရ အာဟာရသည် သြဇဋ္ဌမရုပ်ကို ဆောင်၏။
(၂) ဖဿာဟာရသည် ဝေဒနာ ၃-ပါးကို ဆောင်၏။
(၃) မနေသဉ္စေတနာဟာရသည် သုံးပါးသော ဘဝ၌ ပဋိသန္ဓေကို ဆောင်၏။
(၄) ဝိညာဏာဟာရသည် မိမိနှင့် အတူတကွ ဖြစ်သော နာမ်ရုပ်တို့ကို ဆောင်၏။

အာဟာရ ၄-ပါးကား -
(၁) သြဇာရုပ်သည် ကဗဠီကာရ အာဟာရ မည်၏။
(၂) ဖဿစေတသိက်သည် ဖဿအာဟာရ မည်၏။
(၃) စေတနာစေတသိက်သည် မနောသဉ္စေတနာဟာရ မည်၏။
(၄) စိတ်တစ်ခုယုတ် ကိုးဆယ်သည် ဝိညာဏာဟာရ မည်၏။

အာဟာရ ၄-ပါးကို ဘုံပုဂ္ဂိုလ်အားဖြင့် ဝေဖန်ပြခြင်း

ကာမဘုံ၌ အာဟာရ ၄-ပါးလုံးကို ရ၏။
အသညသတ်ကြဉ်သော ရူပဘုံ၊ အရူပဘုံတို့၌ အာဟာရ ၃-ပါးကိုသာ ရ၏။
အသညသတ်ဘုံ၌ ပစ္စယာဟာရကို ရသည်။
အသညသတ်ဗြဟ္မာတို့အား မိမိရအပ်ပြီးသော ပဉ္စမဈာန်သည်ပင်လျှင် အာဟာရဖြစ်၍ ပစ္စယာဟာရကို ရသည်ဟု ဆို၏။

ပုဂ္ဂိုလ်အားဖြင့် “သဗ္ဗေသတ္တာ အာဟာရ ဌိတိကာ” ဆိုခြင်းကြောင့် အလုံးစုံသော ပုထုဇဉ် အရိယာတို့မှာ ရကြသည်။

+++++

ဈာနင်၊ ဗိုလ်၊ မဂ္ဂင်၊ ဣနြေ္ဒကိစ္စ မတတ်သော တရားများ

ဒွေးပဉ္စဝိညာဏ် ၁၀ တို့၌ ဈာနင်တို့ကို မရအပ်ကုန်။
ဝီရိယမယှဉ်သော စိတ် ၆-ခုတို့၌ ဗိုလ်တို့ကို မရအပ်ကုန်။
ထို့အတူ ဝိစိကိစ္ဆာသဟဂုတ်စိတ်၌ ဧကဂ္ဂတာစေတသိက်သည် မဂ္ဂင်၊ ဣနြေ္ဒ၊ ဗိုလ်အဖြစ်သို့ မရောက်။

ဒွေးပဉ္စဝိညာဏ် ၁၀ ၌ ယှဉ်သော ဥပေက္ခာဝေဒနာနှင့် ဧကဂ္ဂတာတို့သည် ဈာနင်မျိုးဖြစ်သော်လည်း ဝိတက်ကင်းသောကြောင့် အာရုံ၌ ရှေးရှုကာမျှ ဖြစ်၍ အားနည်းသောကြောင့် ဈာနင်ကိစ္စ မတတ်။

ဝီရိယ မယှဉ်သောစိတ် ၁၆-ခု၌ ရှိသော ဧကဂ္ဂတာသည် ဗိုလ်မျိုးဖြစ်သော်လည်း ဝီရိယမကင်းသောကြောင့် အားနည်းသဖြင့် ဗိုလ်ကိစ္စ မတတ်။

အဟိတ်စိတ် ၁၈-ခုတို့၌ ရှိသော ဝိတက်၊ ဝီရိယ၊ ဧကဂ္ဂတာတို့သည် မဂ္ဂင်မျိုးဖြစ်သော်လည်း ဟိတ်ကင်းသောကြောင့် အားနည်းသဖြင့် မဂ္ဂင်ကိစ္စ မတတ်။

ဝိစိကိစ္ဆာ၌ ရှိသော ဧကဂ္ဂတာသည် ဗိုလ်မျိုး၊ ဣနြေ္ဒမျိုး၊ မဂ္ဂင်မျိုး ဖြစ်သော်လည်း အဓိမောက္ခကင်းသောကြောင့် ဆုံးဖြတ်ခြင်း မရှိသဖြင့် ဗိုလ်ကိစ္စ၊ ဣနြေ္ဒကိစ္စ၊ မဂ္ဂင်ကိစ္စ မတတ်။

သမ္ပယုတ်ဟိတ်အားဖြင့်လည်းကောင်း၊ ဇောတည်းဟူသော ကိစ္စအားဖြင့်လည်းကောင်း၊ လွန်စွာ အားရှိကြကုန်သော ဒွိဟိတ်ဇော ၁၈-ခု၊ တိဟိတ်ဇော ၃၄-ခုတို့သည်သာလျှင် အဓိပတိကိစ္စကို တစ်ခုစီ တစ်ခုစီ ရအပ်၏။

ဧကဟိတ်ဇော မောဟမူဒွေး၊ အဟိတ်ဇော ဟသိတုပ္ပါဒ်၊ လောကီဝိပါက် ၃၂-ပါးတို့၌ အချင်းခပ်သိမ်း အဓိပတိ မဖြစ်။

+++++

တရားကိုယ်ကောက်နည်း

..... ‘ဟိတ်’ ‘ဈာ’ ‘မဂ္ဂ’၊ ‘ဣံ’ ‘ဗလ’၊ ‘ဓိ’ ‘အာ’ ခုနစ်မည် ဆိုတဲ့ တရား ၇-မျိုးကို မိဿကသင်္ဂဟမှာ ပြဆိုတယ်။
တစ်ခေါက် ပြန်လိုက်စမ်း။
ဟိတ် ၆-ပါး၊
ဈာန် ၇-ပါး၊
မဂ္ဂင် ၁၂-ပါး၊
ဣနြေ္ဒ ၂၂-ပါး၊
ဗိုလ် ၉-ပါး၊
အဓိပတိ ၄-ပါး၊
အာဟာရ ၄-ပါး။

ကောင်းပြီ ... အခု ဘာလာမလဲဆိုတော့ တရားကိုယ်ကောက်နည်းပေါ့လေ။
ဈာန်, ဗိုလ်, မဂ္ဂင်, ဣနြေ္ဒ ကိစ္စမတတ်သော တရားများတဲ့၊ ဒါက အရေးကြီးတယ်။

သာမညအားဖြင့် ပြောမယ်ဆိုရင် ဒွေးပဉ္စဝိညာဏ် ၁၀ မှာ စေတသိက် ၇-ပါးပဲ ယှဉ်တယ်။ သဗ္ဗစိတ္တသာဓာရဏ စေတသိက် ၇-ပါးပေါ့။

အဲဒီ သဗ္ဗစိတ္တသာဓာရဏစေတသိက် ၇-ပါးကို သေသေချာချာ ကြည့်လိုက်စမ်း။
ဖဿ၊
ဝေဒနာ၊
သညာ၊
စေတနာ၊
မနသိကာရ၊
ဧကဂ္ဂတာ၊
ဇီဝိတိနြေ္ဒ ... ၇-ခု။

အဲဒီ စေတသိက် ၇-ခုထဲမှာ ဈာနင်ဧကန်ဖြစ်တဲ့ စေတသိက်များ ပါသလား?
ဖဿဟာ ဈာန်အင်္ဂါ မဟုတ်ဘူး။
ဝေဒနာဟာ ဈာန်အင်္ဂါ။
သညာ, စေတနာ မပါဘူး။
ဧကဂ္ဂတာ = ဈာန်အင်္ဂါထဲ ပါတယ်။
မနသိကာရ = ဈာန်အင်္ဂါထဲ မပါဘူး။
ဇီဝိတိနြေ္ဒ မပါဘူး။
ဒါကြောင့် ဒွေးပဉ္စဝိညာဏ် ၁၀ ထဲမှာ ဝေဒနာယှဉ်တယ်။ ဧကဂ္ဂတာ ယှဉ်တယ်။

အဲဒီ ဒွေးပဉ္စဝိညာဏ် ၁၀ ထဲမှာ ပါတဲ့ ဝေဒနာသည် ဈာနင်အမည်ရသလား၊ ဧကဂ္ဂတာသည် ဈာနင်အမည်ရသလား၊ ဒီမှာ ဖြေထားတယ်။

ဒွေးပဉ္စဝိညာဏ် ၁၀ တို့၌ ဈာန်တို့ကို မရအပ်ကုန်တဲ့။
ဈာန်တို့ကို မရဘူးဆိုတာ ဒွေးပဉ္စဝိညာဏ် ၁၀ နဲ့ ယှဉ်တဲ့ စေတသိက်ထဲမှာ သာမညအားဖြင့် ပြောမယ်ဆိုရင် ဈာန်အင်္ဂါပါတယ်။ ဒါပေမယ့် သူတို့ကို အဲဒီအခါကျ ဈာန်အင်္ဂါလို့ မခေါ်နိုင်ဘူး။
ဈာန်အင်္ဂါကောက်ပါဆိုရင် ဒွေးပဉ္စဝိညာဏ် ၁၀ မှာ ယှဉ်တဲ့ ဝေဒနာ မထည့်နဲ့၊ ဧကဂ္ဂတာ မထည့်နဲ့လို့ ဆိုတယ်။
ဒါကြောင့် ဒွေးပဉ္စဝိညာဏ် ၁၀ တို့၌ ဈာန်တို့ကို မရအပ်ကုန်လို့ ဆိုတာ။

ဘာကြောင့်တုန်း ... ဝီရိယ မယှဉ်သောစိတ် စသည်ဖြင့် လာတယ်။ အမှန်ကတော့ ဝိတက် မပါလို့။
ဝိတက်ပါမှ၊ ဝိတက်က အာရုံကို ပို့ပေးမှ၊ အာရုံကို စူးစူးစိုက်စိုက် မြဲမြဲမြံမြံ ရှုရမှာကိုး။
အခုတော့ ဝိတက် မပါဘူး။ ဒါကြောင့်မို့ ဈာန်အင်္ဂါ မထိုက်ဘူး။

အဲဒီတော့ ဝေဒနာနဲ့ ဧကဂ္ဂတာဟာ ဒွေးပဉ္စဝိညာဏ် ၁၀ မှာ ယှဉ်ပေမယ်လို့ ဈာန်ကို အရကောက်တဲ့အခါမှာ သူတို့ကို ချန် ကောက်ရမယ်။

+++

“ဝီရိယ မယှဉ်သော စိတ် ၁၆-ခုတို့၌ ဗိုလ်တို့ကို မရအပ်ကုန်” တဲ့။

ဗိုလ်ဆိုတာ ကြံ့ကြံ့ခံရမယ်။ အားရှိရမယ်။ ဝီရိယမရှိတဲ့သူ ဗိုလ် မဖြစ်နိုင်ဘူး။
ဒါကြောင့်မို့ ဝီရိယနဲ့ မယှဉ်တဲ့ စိတ်မှာ ဗိုလ်အမည်ရတဲ့ တရားတွေ ပါပေမယ်လို့ အဲဒီအခါကျတော့ သူတို့ ဗိုလ်မထိုက်ဘူး။

ဝီရိယမယှဉ်တဲ့စိတ်ဆိုတာ (ဇယားမှာ ပြန်ကြည့်ရင်) ဘာတွေတွေ့လဲ။
ဒွေးပဉ္စဝိညာဏ် ၁၀ မှာ ဝီရိယ မယှဉ်ဘူး။
သမ္ပဋိစ္ဆိုင်းမှာ ဝီရိယ မယှဉ်ဘူး။
သန္တီရဏမှာ ဝီရိယ မယှဉ်ဘူး။
ပဉ္စဒွါရာဝဇ္ဇာန်းမှာ ဝီရိယ မယှဉ်ဘူး။

အဲဒီ ဝီရိယမယှဉ်တဲ့ စိတ်တွေမှာ စေတသိက်တွေ ယှဉ်လိမ့်ဦးမယ်။
အဲဒီစေတသိက်တွေထဲမှာ သာမညအားဖြင့် ပြောမယ်ဆိုရင် ဗိုလ်ဆိုတဲ့ တရားတွေ ပါချင်ပါလိမ့်မယ်။
ဒါပေမယ်လို့ ဗိုလ်ကို အရကောက်တဲ့အခါကျတော့ အဲဒီစိတ်တွေမှာ ယှဉ်တဲ့ ဗိုလ်တရားတွေကို ထည့်ကောက်လို့ မရဘူး။
ဝီရိယ မယှဉ်လို့ကို ဗိုလ်မထိုက်တော့ဘူး။

ဒါက တရားကိုယ်ကောက်နည်းတွေကို ပြောနေတာ ဆိုပါတော့။
ဗိုလ်တို့မှာ သဒ္ဓါဗိုလ်၊ ဝီရိယဗိုလ်၊ သတိဗိုလ်၊ သမာဓိဗိုလ်၊ ပညာဗိုလ်ဆိုပြီး ရှိတယ် မဟုတ်လား။
အဲဒီမှာ သမာဓိဗိုလ်ကို ကြည့်လိုက်။
သမာဓိဆိုတာ ဧကဂ္ဂတာ။

အဲဒီတော့ ဝီရိယနဲ့ မယှဉ်တဲ့စိတ်ဆိုရင် ဒွေးပဉ္စဝိညာဏ် ၁၀ ပဲ ပြန်သွားကြစို့။
ဒွေးပဉ္စဝိညာဏ် ၁၀ မှာ ဝီရိယ မယှဉ်ဘူး။
အဲဒီ ဒွေးပဉ္စဝိညာဏ်မှာ ဧကဂ္ဂတာ ယှဉ်တယ်။ ဧကဂ္ဂတာက သဗ္ဗစိတ္တသာဓာရဏစေတသိက်ထဲ ပါလို့ ယှဉ်တယ်။
အဲဒီ ဧကဂ္ဂတာကို သမာဓိဗိုလ်လို့ ခေါ်ရမလား .... မခေါ်ရဘူး။
ဝီရိယနဲ့ မယှဉ်တဲ့ စိတ်မှာ ယှဉ်တဲ့ ဧကဂ္ဂတာကို သမာဓိဗိုလ်လို့ မခေါ်ရဘူး။
အဲသလို နားလည်ရမယ်။

“ဝီရိယ မယှဉ်သောစိတ် ၁၆-ခုတို့၌ ဗိုလ်တို့ကို မရအပ်ကုန်”ဆိုတာ အဲဒါ ပြောတာ။

ပြန်ပြောဦးမယ်။
ပထမဦးဆုံး ... ဝီရိယမယှဉ်တဲ့ စိတ်တွေကို (ဇယားမှာ) ကြည့်လိုက်ရင် ... အလွယ်ပြောမယ်ဆိုရင် ဒွေးပဉ္စဝိညာဏ် ၁၀ တွေ့တယ်။
အဲဒီ ဒွေးပဉ္စဝိညာဏ် ၁၀ ဟာ သဗ္ဗစိတ္တသာဓာရဏစေတသိက် ၇-ခုနဲ့ ယှဉ်တယ်။ အဲဒီ ၇-ခုထဲမှာ ဧကဂ္ဂတာ ပါတယ်။
အဲဒီ ဧကဂ္ဂတာသည် သမာဓိဗိုလ် အမည်ရလား။
မရဘူး။
အဲဒါကြောင့် သမာဓိဗိုလ် အရကောက်လိုက်စမ်းပါဆိုရင် ဒွေးပဉ္စဝိညာဏ် ၁၀ မှာ ယှဉ်တဲ့ ဧကဂ္ဂတာကို ချန်ကောက်ရလိမ့်မယ်။
ဒါတင်မကဘူး။ သမ္ပဋိစ္ဆိုင်း, သန္တီရဏ, ပဉ္စဒွါရာဝဇ္ဇန်းတို့မှာ ယှဉ်တဲ့ ဧကဂ္ဂတာကို ချန်ပြီး ကောက်ရလိမ့်မယ်။
ဒါကို ဆိုလိုတယ်။

+++

“အဟိတ်စိတ် ၁၈-ခုတို့၌ မဂ္ဂင်တို့ကို မရအပ်ကုန်”။

ခုနက မဂ္ဂင် ၁၂-ပါး တွေ့ခဲ့ပြီ။
အဟိတ်စိတ်မှာ ယှဉ်တဲ့ အဲဒါတွေကို မဂ္ဂင်လို့ မခေါ်နဲ့တော့။
အဲဒီတော့ မဂ္ဂင်တွေ ကြည့်လိုက်စမ်း။

သမ္မဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ၊ သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိတဲ့။
အဟိတ်စိတ် ၁၈-ခုထဲမှာ မနောဒွါရာဝဇ္ဇန်းကို ကြည့်လိုက်စမ်းပါ။
မနောဒွါရာဝဇ္ဇန်းဟာ ဝီရိယ ယှဉ်တယ်။

အဲဒီ မနောဒွါရာဝဇ္ဇန်းမှာ ယှဉ်တဲ့ ဝီရိယကို သမ္မာဝါယာမမဂ္ဂင်လို့ ခေါ်ရမလား။
မခေါ်ရဘူး။
အဟိတ်စိတ်မှာ ယှဉ်နေလို့။ ဘာလို့တုန်းဆိုတော့ မခိုင်မြဲလို့ပေါ့။
အမြစ်တွယ်ပြီး စွဲနေမှ ဒီလမ်း ဖြောင့်ဖြောင့် သွားလို့ရမှာ။
ခိုင်ခိုင်ခန့်ခန့် ဖြစ်နေမှ သူက လမ်းအဖြစ်နဲ့ အသုံးခံနိုင်မှာ၊ နိဗ္ဗာန်ပို့နိုင်မှာ။

ဒီလို မဟုတ်ဘဲနဲ့ သူ့မှာ အမြစ်မရှိတော့ မခိုင်မြဲဘူးပေါ့။
ဒါကြောင့်မို့ မနောဒွါရာဝဇ္ဇန်းစိတ်မှာ ဝီရိယယှဉ်သော်လည်းပဲ ထိုဝီရိယကို သမ္မာဝါယာမလို့ မခေါ်ရ။
သမ္မာဝါယာမမဂ္ဂင် မဟုတ်ဘူး။
မဂ္ဂင်မထိုက်ဘူးလို့ ဆိုလိုတယ်။

+++

“ထို့အတူ ဝိစိကိစ္ဆာသဟဂုတ်စိတ်၌ ဧကဂ္ဂတာစေတသိက်သည် မဂ္ဂင်, ဣနြေ္ဒ, ဗိုလ်အဖြစ်သို့ မရောက်။”

ဝိစိကိစ္ဆာစိတ်နဲ့ ဧကဂ္ဂတာ မယှဉ်ဘူးလား။
ဧကဂ္ဂတာကတော့ စိတ်တစ်ခုယုတ် ကိုးဆယ် အကုန် ယှဉ်နေတာပဲ။
ဒါပေမယ်လို့ အဲဒီ ဝိစိကိစ္ဆာစိတ်မှာ ရှိတဲ့ ဧကဂ္ဂတာစေတသိက်ကို သမာဓိမဂ္ဂင်လို့လည်း မခေါ်ရဘူး။
သမာဓိနြေ္ဒလို့လည်း မခေါ်ရဘူး။
သမာဓိဗိုလ်လို့လည်း မခေါ်ရဘူး။

ဒါကြောင့် သမာဓိမဂ္ဂင် အရကောက်ပါ၊ သမာဓိနြေ္ဒ အရကောက်ပါ၊ သမာဓိဗိုလ် အရကောက်ပါဆိုရင် ဝိစိကိစ္ဆာသဟဂုတ်မှာ ယှဉ်တဲ့ ဧကဂ္ဂတာကို ချန်ရလိမ့်မယ်။
ဒါက တကယ်လုပ်ရင် အတော်ရှုပ်တယ်။ ဘာကြောင့်လဲဆို အကုန်ကြည့်ရမှာကိုး။

ဝီရိယနဲ့ မယှဉ်တဲ့ စိတ် ၁၆-ခုမှာ ဗိုလ်မရဘူး။
အဟိတ်စိတ် ၁၈-ခုမှာ မဂ္ဂင် မရဘူး။
ဝိစိကိစ္ဆာသဟဂုတ်စိတ်မှာ ဧကဂ္ဂတာစေတသိက်ဟာ မဂ္ဂင်၊ ဗိုလ်၊ ဣနြေ္ဒတို့ မရဘူး တဲ့။

အောက်မှာ အဓိပ္ပာယ်လေးတွေ ပြထားတယ်။

ဒွေးပဉ္စဝိညာဏ် ၁၀ ၌ ယှဉ်သော ဥပေက္ခာဝေဒနာနှင့် ဧကဂ္ဂတာတို့သည် ဈာန်မျိုးဖြစ်သော်လည်း ဝိတက်ကင်းသောကြောင့် အာရုံ၌ ရှေ့ရှုကာမျှ ဖြစ်၍ အားနည်းသောကြောင့် ဈာန်ကိစ္စ မတတ်။

ဝီရိယ မယှဉ်သော စိတ် ၁၆-ခု၌ ရှိသော ဧကဂ္ဂတာသည် ဗိုလ်မျိုးဖြစ်သော်လည်း ဝီရိယကင်းသောကြောင့် အားနည်းသဖြင့် ဗိုလ်ကိစ္စ မတတ်။

အဟိတ်စိတ် ၁၈-ခုတို့၌ ရှိသော ဝိတက်၊ ဝီရိယ၊ ဧကဂ္ဂတာတို့သည် မဂ္ဂင်မျိုးဖြစ်သော်လည်း ဟိတ်ကင်းသောကြောင့် အားနည်းသဖြင့် မဂ္ဂင်ကိစ္စ မတတ်။

ဝိစိကိစ္ဆာ၌ ရှိသော ဧကဂ္ဂတာသည် ဗိုလ်မျိုး၊ ဣနြေ္ဒမျိုး၊ မဂ္ဂင်မျိုး ဖြစ်သော်လည်း အဓိမောက္ခကင်းသောကြောင့် ဆုံးဖြတ်ခြင်း မရှိသဖြင့် ဗိုလ်ကိစ္စ၊ ဣနြေ္ဒကိစ္စ၊ မဂ္ဂင်ကိစ္စ မတတ်။

ဒါကြောင့်မို့ ဗိုလ်အရကောက်မယ်၊ ဣနြေ္ဒအရကောက်မယ်၊ မဂ္ဂင်အရကောက်မယ်ဆိုရင် ဒီဟာကို သတိရရမယ်။
ဒီဟာကို ကြည့်ပြီး ကောက်ရမယ်။ အရမ်းသွားကောက်လို့ မရဘူး။
ဒီစေတသိက်ဟာ ဒီစိတ်မှာ ယှဉ်နေတာပဲ။ ငါတော့ ကောက်လိုက်မယ်ဆိုလို့ မရဘူး။
ခုနလို ဝိတက်မယှဉ်တဲ့ စိတ်က ဖြစ်တဲ့အတွက်ကြောင့် ဈာန်မရဘူးဆိုတာမျိုးတွေ ရှိတယ်။

+++

ကောင်းပြီ၊ နောက် ဘာလာသလဲ။

“သမ္ပယုတ်ဟိတ်အားဖြင့်လည်းကောင်း၊ ဇောတည်းဟူသော ကိစ္စအားဖြင့်လည်းကောင်း၊ လွန်စွာ အားရှိကြကုန်သော ဒွိဟိတ်ဇော ၁၈-ခု၊ တိဟိတ်ဇော ၃၄-ခုတို့သည်သာလျှင် အဓိပတိကိစ္စကို တစ်ခုစီ တစ်ခုစီ ရအပ်၏။”

ဒါက သာဓိပတိဇော ၅၂ ကို အဓိပ္ပာယ်တစ်မျိုးနဲ့ ပြောနေတာ။
ဇော ၅၅-ပါး ရှိတဲ့အနက်က ဒွိဟိတ်ဇောနဲ့ တိဟိတ်ဇောသာ အဓိပတိ ထိုက်တယ်။
အဲဒီတော့ ဒွိဟိတ်ဇော၊ တိဟိတ်ဇော ပြီးရင်၊ တခြား ဘာဇောတွေ ရှိသေးသလဲ။

ဇောဆိုတာ ကုသိုလ်, အကုသိုလ်, ဖိုလ်, ကြိယာ။
(ဇယားမှာ မြင်ရဲ့လား)။
အဲဒီထဲက ဟိတ်နဲ့ ယှဉ်တဲ့အခါမှာ တိဟိတ် - ဟိတ် ၃-ပါးနဲ့ ယှဉ်တဲ့စိတ်၊ ဒွိဟိတ် - ဟိတ် ၂-ပါးနဲ့ ယှဉ်တဲ့စိတ်၊ ဟိတ် ၁-ပါးနဲ့ ယှဉ်တဲ့စိတ် ... မရှိဘူးလား။ ဟိတ်နဲ့ မယှဉ်တဲ့စိတ်လည်း ရှိတယ်။

ဒါဖြင့် ဇောထဲမှာ ဟိတ် ၁-ပါးနဲ့ ယှဉ်တဲ့ ဇောရှိတယ်။
အကုသိုလ်ထဲ ကြည့်။
မောဟမူဒွေးဟာ မောဟနဲ့သာ ယှဉ်တယ်။ လောဘနဲ့ မယှဉ်ဘူး၊ ဒေါသနဲ့ မယှဉ်ဘူး။
သူ့ကို ဧကဟိတ်ဇောလို့ ခေါ်တယ်။ ဟိတ်တစ်ခုတည်းနဲ့သာ ယှဉ်တယ်။

ပြီးတော့ ဟသိတုပ္ပါဒ်ကို ကြည့်လိုက်စမ်း။
ဟသိတုပ္ပါဒ်ဟာ ဇောပဲ။ သူက ဟိတ်နဲ့ လုံးဝ မယှဉ်ဘူး။ အဟိတ်စိတ်ပဲ။

ဒါကြောင့်မို့ ဒွိဟိတ်ဇော၊ တိဟိတ်ဇောလို့ ပြောလိုက်ရင် အဲဒီ ၃-ခု (မောဟမူဒွေး၊ ဟသိတုပ္ပါဒ်) ကျန်ရစ်တယ်။
ဇော ၅၅-ပါးထဲက ၃-ခု နုတ်လိုက်ရင် ၅၂-ပါး ကျန်တယ်။
အဲဒီ ၅၂-ပါးကို အဓိပတိတတ်တဲ့ ဇောဖြစ်တဲ့အတွက်ကြောင့် ပါဠိလို “သာဓိပတိဇော”လို့ ခေါ်တယ်။

ဒါကြောင့်မို့ “သမ္ပယုတ်ဟိတ်အားဖြင့်လည်းကောင်း၊ ဇောတည်းဟူသော ကိစ္စအားဖြင့်လည်းကောင်း လွန်စွာ အားရှိကြကုန်သော ဒွိဟိတ်ဇော ၁၈-ခု၊ တိဟိတ်ဇော ၃၄-ခုတို့သည်သာလျှင် အဓိပတိကိစ္စကို တစ်ခုစီ တစ်ခုစီ (တစ်ကြိမ်မှာ တစ်ခုသာ) အဓိပတိ တတ်တယ်။”
ဆန္ဒက အဓိပတိတတ်တယ်ဆိုရင် ကျန် ၃-ပါးက အဓိပတိ မတတ်နိုင်တော့ဘူး။ ဝီရိယက အဓိပတိတတ်တယ်ဆိုရင် ကျန် ၃-ပါးက မတတ်နိုင်တော့ဘူး။ တစ်ကြိမ်မှာ တစ်ခုပဲ အဓိပတိတတ်မယ်၊ ဒါကို ပြောတာ။

“ဧကဟိတ်ဇော မောဟမူဒွေး၊ အဟိတ်ဇော ဟသိတုပ္ပါဒ်၊ လောကီဝိပါက် ၃၂ တို့၌ အချင်းခပ်သိမ်း အဓိပတိ မဖြစ်။”

+++

ဟိတ် ၆-ပါးမှာ တရားကိုယ် ၆-ပါး ရ၏။

ဈာန် ၇-ပါးမှာ တရားကိုယ် ၅-ပါး (သောမနဿ၊ ဒေါမနဿ။ ဥပေက္ခာတို့ကို ဝေဒနာ ၁-ပါး ယူ၏။) ရ၏။

မဂ္ဂင် ၁၂-ပါးမှာ တရားကိုယ် ၉-ပါး (ရိုးရိုး မဂ္ဂင် ၈-ပါးမှာ မိစ္ဆာဒိဋ္ဌိမှ ဒိဋ္ဌိစေတသိက် ၁-ပါးတိုး။) ရ၏။

ဣနြေ္ဒ ၂၂-ပါးမှာ တရားကိုယ် ၁၆-ပါး (သောမနဿိနြေ္ဒ, ဒေါမနဿိနြေ္ဒ, သုခိနြေ္ဒ, ဒုက္ခိနြေ္ဒ, ဥပေက္ခိနြေ္ဒ ငါးခုကို ဝေဒနာ ၁-ပါး ယူ၊ ဇီဝိတိနြေ္ဒမှာ ရုပ်ဇီဝိတ, နာမ်ဇီဝိတ ရှိသဖြင့် ၂-ပါး ယူ၊ ပညိနြေ္ဒ, အနညာတညဿာမီတိနြေ္ဒ, အညိနြေ္ဒ, အညာတာဝိနြေ္ဒ လေးခုကို ပညာ ၁-ပါး ယူ။) ရ၏။

ဗိုလ် ၉-ပါးမှာ တရားကိုယ်လည်း ၉-ပါး၊
အဓိပတိ ၄-ပါးမှာ တရားကိုယ် ၄-ပါး၊
အာဟာရ ၄-ပါးမှာ တရားကိုယ် ၄-ပါး ရကြ၏။

+++++

အဘိဓမ္မာသင်တန်းပြီးသော် လောကချမ်းသာ စနေ့နေ့ ဆည်းဆာတရားပွဲကို ဘော်လ်တီမိုး၊ အရှင်ကေလာသဝိဟာရမှ ဆရာတော်ဦးကစ္စာယနက (တရားရှုမှတ်ပွားများရန်) “အားပေးတရားတော်” ကို ဟောကြား ချီးမြှင့်၏။



တရားပွဲပြီးသော် ၁၀ မိနစ်ခန့် တရားရှုမှတ် ပွားများကြပြီး ကောင်းမှု ကုသိုလ် အစုစုတို့ကို အမျှပေးဝေကြလေသည်။

သာဓု ... သာဓု ... သာဓု။


+++++
စာကိုး
အရှင်သီလာနန္ဒာဘိဝံသ၏ “အဘိဓမ္မာသင်တန်းပို့ချချက်များ”
ဦးကျော်၏ “သင်္ဂြိုဟ်သရုပ် အခြေပြုကျမ်း”