Friday, July 9, 2010

ရူပဝိဘာဂနှင့် ရူပသမုဋ္ဌာန

၂၀၁၀ ခုနှစ် ဇွန်လ ၂၆ ရက် စနေနေ့တွင် အဘိဓမ္မာသင်တန်း ၂-ပတ်စာ၊ အပတ်စဉ် (၃၈)နှင့် (၃၉) သင်ကြားပို့ချချက်များကို လေ့လာ သင်ယူကြခဲ့ရာ အပတ်စဉ် (၃၉) သင်ခန်းစာအဖြစ် ရူပဝိဘာဂနှင့် ရူပသမုဋ္ဌာနဆိုင်ရာ အကြောင်းအရာများကို နာယူ မှတ်သားကြရ၏။

+++++

စက္ခုနှင့် သောတတို့ အသမ္ပတ္တဂ္ဂါဟက ဖြစ်ပုံ

အသမ္ပတ္တ = မရောက်သေးသော
ဂဟာက = ယူတတ်ခြင်း

“စက္ခုနှင့် သောတတို့ မရောက်သေးသော အာရုံကို ယူတတ်ပုံ”

‘စက္ခုနှင့် သောတတို့က မိမိထံ မရောက်မထိသော အာရုံကို ယူ၏။ ဃာန၊ ဇိဝှါ၊ ကာယတို့က မိမိထံ ရောက်ထိသော အာရုံကို ယူ၏’ ဟု ယူဆကြ၏။

အချို့က ‘စက္ခု၊ သောတတို့လည်း မိမိထံ ရောက်ထိသော အာရုံကို ယူ၏’ ဟူ၍ ရှေးကပင် အယူအဆ ကွဲပြားမှု ရှိ၏။

အဋ္ဌကထာသစ်တို့၏ ဆရာဖြစ်သော ‘အရှင်မဟာဗုဒ္ဓဃောသ’က စက္ခုနှင့် သောတတို့သည် မရောက်သေးသော အာရုံကို ယူ၏ဟု ဆုံးဖြတ်၏။

  • ဝေးသောအရပ်၌ ရှိသော နေ,လ စသည်တို့၏ အဆင်းကိုလည်းကောင်း၊ ဖလ်မှန်တို့ ခြားကွယ်အပ်သော အဆင်းကိုလည်းကောင်း၊ ကြီးမားသော တောင် စသည်တို့၏ အဆင်းကိုလည်းကောင်း မြင်နိုင်ခြင်း။

  • ဝေးသောအရပ် ကောင်းကင်၌ တည်သော မိုးခြိမ်းသံ စသည်ကိုလည်းကောင်း၊ ဝမ်းရေခြားနေသော ဝမ်းဗိုက်အတွင်းမှ အသံစသည်ကိုလည်းကောင်း၊ ကျယ်လောင်ကြီးမားသော ခေါင်းလောင်းသံ စသည်ကိုလည်းကောင်း ကြားနိုင်ခြင်းတို့ကို ထောက်၍ စက္ခုနှင့် သောတတို့သည် မိမိထံ မရောက်မထိသော အာရုံကို ယူ၏ဟု ဆို၏။

  • ရူပါရုံ-အဆင်း၊ သဒ္ဒါရုံ-အသံတို့သည် မဟာဘုတ်အဆက်ဆက်ဖြင့် စက္ခုပသာဒ၊ သောတပသာဒတို့၏ တည်ရာသို့ ရောက်လာနိုင်သည်မဟုတ်လောဟု မေးသော် ကံ, စိတ်, အာဟာရတို့ကြောင့်ဖြစ်သော အဆင်းနှင့် စိတ်ကြောင့်ဖြစ်သော အသံတို့သည် ခန္ဓာကိုယ်၏ ပြင်ပ၌ မဖြစ်ကြသောကြောင့် မဟာဘုတ်အဆက်ဆက်ဖြင့် ရောက်လာသည်ဟု မဆိုနိုင်။

(မိမိတို့ စကားပြောဆိုရာ အပြင်သို့ ထွက်သွားသောအသံမှာ ပထမ စိတ်ကြောင့်ဖြစ်သော အသံမှတဆင့် ဥတုကြောင့်ဖြစ်သော အသံအဖြစ် အဆက်ဆက် ဖြစ်သွားခြင်း ဖြစ်၏။ ‘စိတ္တပစ္စယဥတုဇ’ဟု ခေါ်၏။)

  • စက္ခု၊ သောတ ၂-ပါးသည် မိမိအနီးရှိ အာရုံကိုသာ ယူနိုင်သည်ဟု ဆိုပြန်ကလည်း စက္ခုပသာဒနှင့် အနီးဆုံးဖြစ်သော မျက်လုံး၏အဆင်း၊ မျက်ခုံး၏အဆင်းတို့ကို မမြင်နိုင်ခြင်း။ အရှေ့ကလာသော အသံ၊ အနောက်ကလာသော အသံ၊ အဝေးကလာသော အသံ၊ အနီးကလာသော အသံဟု ပိုင်းခြား သိနိုင်ခြင်းတို့ကြောင့် အနီးရှိအာရုံကိုသာ ယူနိုင်သည်ဟု ဆိုခြင်းမှာလည်း မဖြစ်နိုင်။

  • စက္ခု၊ သောတ ၂-ပါးသည် ရူပါရုံ၊ သဒ္ဒါရုံရှိရာအရပ်သို့ သွားပြီး အာရုံပေါ်၌ ဖြန့်အုပ်၍ ယူသည်ဟု ဆိုပြန်ကလည်း ဒိဗ္ဗစက္ခု၊ ဒိဗ္ဗသောတအရာတို့၌ အဘိညာဏ်ရအောင် လုပ်စရာလိုတော့မည်မဟုတ်သောကြောင့် မဖြစ်နိုင်။

ထို့ကြောင့် စက္ခုနှင့် သောတတို့သည် မိမိထံမှောက်သို့ မရောက်သေးသော အာရုံကို ယူတတ်၏ဟု အရှင်မဟာဗုဒ္ဓဃောသ၏ အယူအဆအတိုင်း နောက်ဆရာများက လက်ခံ ယူဆကြ၏။

+++++

သိပ္ပံပညာနည်းဖြင့် ပြောသောအခါ အသံ၏သွားနှုန်းက အလင်းရောင်၏သွားနှုန်းအောက် နှေးသောကြောင့် လျှပ်စီးလက်ခြင်းကို ဦးစွာ မြင်ရပြီးမှ မိုးခြိမ်းသံကို ကြားရခြင်း ဖြစ်သည်ဟု ဆို၏။

အဘိဓမ္မာသဘောတွင် ဆင်ခြင်သောအသိ ဦးစွာဖြစ်ခြင်း နောက်ကျဖြစ်ခြင်းအပေါ် အခြေခံ၍ တွေးခေါ် သုံးသပ်ကြောင်း တောင်မြို့ဆရာတော်၏ ဘာသာဋီကာ၌ ပါရှိကြောင်း မှတ်သားဖွယ် သိရှိရ၏။

အဝေးတွင် အဝတ်ကို ရိုက်ပြီး လျှော်ဖွပ်နေသော သူကို ကြည့်သောအခါ အဝတ်ရိုက်နေသည်ကို မြင်ပြီး ခဏနေမှ ရိုက်သံကြားရခြင်းသည် ဆင်ခြင်မှုနောက်ကျ၍ ကြားခြင်း နောက်ကျရသည်ဟု အကြောင်းပြ၏။

+++++

ရူပသမုဋ္ဌာန

ရုပ်ဖြစ်ခြင်း၏ အကြောင်း

ရုပ်ဖြစ်ခြင်း၏အကြောင်း လေးပါး ရှိ၏။

ကံ၊ စိတ်၊ ဥတု၊ အာဟာရတို့မှာ ရုပ်ဖြစ်ခြင်းအကြောင်း လေးပါး ဖြစ်၏။

အချို့ရုပ်သည် ကံကြောင့်ဖြစ်၏။ အချို့ရုပ်သည် စိတ်ကြောင့် ဖြစ်၏။ အချို့ရုပ်သည် ဥတုကြောင့် ဖြစ်၏။ အချို့ရုပ်သည် အာဟာရကြောင့် ဖြစ်၏။ အချို့ရုပ်သည် ကံ, စိတ် အကြောင်း ၂-မျိုးကြောင့်၊ အချို့ရုပ်သည် အကြောင်း ၃-မျိုးကြောင့်၊ အချို့ရုပ်သည် အကြောင်း ၄-မျိုးလုံးကြောင့် ဖြစ်၏။

ကံ

ရုပ်ကို ဖြစ်စေနိုင်သော ကံမှာ အကုသိုလ်စိတ် ၁၂၊ မဟာကုသိုလ်စိတ် ၈၊ ရူပကုသိုလ်စိတ် ၅ = အားလုံးပေါင်း ၂၅ ခု ရှိ၏။

ဤစိတ် ၂၅-ခုတွင် ယှဉ်သော စေတနာစေတသိက်ကို ကံဟု ခေါ်၏။

ဤကံက ကမ္မဇရုပ်(ကံကြောင့်ဖြစ်သော ရုပ်)ကို အဇ္ဈတ္တသန္တာန်၌ ဖြစ်စေ၏။ သက်ရှိသန္တာန်၌ ဖြစ်စေ၏။

သက်မဲ့သန္တာန်၌ မဖြစ်စေနိုင်။

ဤသို့ အဇ္ဈတ္တသန္တာန်၌ ဖြစ်စေရာ၌ ပဋိသန္ဓေစိတ်၏ ဥပါဒ်ခဏမှ စ၍ ဖြစ်၏။ ဘဝ စ,စချင်း ကမ္မဇရုပ် ဖြစ်၏။ ထိုနောက် တစ်ဘဝလုံး စိတ်၏ ဥပါဒ်, ဌီ, ဘင် ခဏတိုင်း အမြဲဖြစ်နေတော့၏။


စိတ်

အရူပဝိပါက်စိတ် ၄-ခုနှင့် ဒွေးပဉ္စဝိညာဏ် ၁၀ တို့ ကြဉ်သော ကျန်စိတ် (၈၉-၁၄=) ၇၅ ပါးတို့သည် ရုပ်ကို ဖြစ်စေနိုင်၏။

ပဋိသန္ဓေစိတ်အခိုက်အတန့်၌ အားနည်းသေးသောကြောင့် စိတ္တဇရုပ်တို့ မဖြစ်နိုင်သေး။

ပဋိသန္ဓေနောက် ပထမဘဝင်၏ ဥပါဒ်မှ စ၍ စိတ္တဇရုပ်ကို ဖြစ်စေ၏။

ဥပါဒ်အခိုက်မှာသာ စိတ်က စိတ္တဇရုပ်ကို ဖြစ်စေ၏။ ဌီ-ဇရာအခိုက်၊ ဘင်-ပျောက်သွားသည့်အခိုက်တို့မှာ အားနည်းသောကြောင့် စိတ္တဇရုပ်ကို မဖြစ်စေနိုင်။

ထို့ကြောင့် ပထမဘဝင်၏ ဥပါဒ်မှ စ၍ ဥပါဒ်တိုင်း ဥပါဒ်တိုင်း စိတ္တဇရုပ်တို့ ဖြစ်၏။

  • ရုပ်ကို ဖြစ်စေနိုင်သော စိတ်များအနက် အပ္ပနာဇော ၂၆ (ရူပါဝစရ ကုသိုလ် ၅ + ရူပါဝစရ ကြိယာ ၅ + အရူပါဝစရ ကုသိုလ် ၄ + အရူပါဝစရကြိယာ ၄ + လောကုတ္တရာ ၈)သည် ရုပ်သာမညအပြင် ဣရိယာပုတ်ကိုလည်း ထောက်ပံ့နိုင်၏။

(ဈာန်ဝင်စားနေသောအခါ တင်ပလ္လင်ခွေလျက် ၇-ရက်လုံး နေနိုင်ခြင်း၊ အပ္ပနာဇောမဟုတ်သည့် ကာမာဝစရဇောပင်လျှင် ၂-နာရီ ၃-နာရီကြာအောင် တရားထိုင်နိုင်ခြင်း, အချို့ တစ်ညလုံး မအိပ်ဘဲ နေနိုင်ခြင်း။)

  • ဝုဋ္ဌော၊ ကာမဇော ၂၉၊ အဘိညာဏ် ၂ = ပေါင်း ၃၂-ပါးသော စိတ်တို့သည် ရုပ်သာမညနှင့် ဣရိယာပုတ်အပြင် ကာယဝိညတ်, ဝစီဝိညတ် ၂-ပါးကိုလည်း ဖြစ်စေနိုင်၏။

တဖန် ထို ၃၂-ပါးသော စိတ်တို့အနက် လောဘမူသောမနဿဇော ၄၊ ဟသိတုပ္ပါဒ်ဇော ၁၊ မဟာကုသိုလ်သောမနဿဇော ၄၊ မဟာကြိယာသောမနဿဇော ၄ = ပေါင်း ၁၃-ပါးသော စိတ်တို့သည် ပြုံးရွှင်ခြင်းကိုလည်း ဖြစ်စေနိုင်၏။

ဤ ရယ်ရွှင်ခြင်းကို ဖြစ်စေနိုင်သော ၁၃-ပါးသော စိတ်တို့ကို ပုထုဇဉ်တို့က ဘယ်စိတ်၊ သေက္ချပုဂ္ဂိုလ်တို့က မည်သည့်စိတ်၊ ဘုရား,ရဟန္တာတို့က မည်သည့်စိတ်များဖြင့် ပြုံးရယ်နိုင်ကြောင်း ထပ်မံ ခွဲခြားပြ၏။

လင်္ကာ

“ရှစ်ပုထုဇန်၊ ခြောက်သေက္ခန်၊ ငါးတန် ရဟန္တာ။
ဟာသအကြောင်း၊ ထူးပြားရှောင်း၊ စိတ်ပေါင်း တေရသာ။”

ပုထုဇဉ်ပုဂ္ဂိုလ်တို့၌ ပြုံးရယ်ခြင်းကို ဖြစ်စေနိုင်သော စိတ်များ = လောဘမူသောမနဿ ၄ + မဟာကုသိုလ်သောမနဿ ၎

သေက္ချပုဂ္ဂိုလ်တို့၌ ပြုံးရယ်ခြင်းကို ဖြစ်စေနိုင်သော စိတ်များ = လောဘမူ ဒိဋ္ဌိဂတဝိပ္ပယုတ် သောမနဿ ၂ + မဟာကုသိုလ်သောမနဿ ၎

(သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်တို့၌ ဒိဋ္ဌိနှင့် ဝိစိကိစ္ဆာ မရှိတော့သောကြောင့် လောဘမူ ဒိဋ္ဌိဂတသမ္ပယုတ် သောမနဿဖြင့် မပြုံးရယ်နိုင်တော့ပေ။)

ဘုရား၊ ရဟန္တာတို့၌ ပြုံးရယ်ခြင်းကို ဖြစ်စေနိုင်သော စိတ်များ = ဟသိတုပ္ပါဒ် + မဟာကြိယာသောမနဿ ၎

အချို့က ဟသိတုပ္ပါဒ်စိတ်သည် အဟိတ်စိတ်ဖြစ်သောကြောင့် (ဉာဏ်နှင့် မယှဉ်သောကြောင့်) မြတ်စွာဘုရားရှင်၏ သန္တာန်၌ မဖြစ်ထိုက်ဟု ယူဆကြ၏။

အဋ္ဌကထာ ဋီကာဆရာ အများက မြတ်စွာဘုရားရှင်သည် တစ်စုံတစ်ခုကို မြင်တော်မူပြီး ပြုံးတော်မူရာ၌၊ ဥပမာ ... ဝက်မငယ်ကို မြင်ပြီး ပြုံးတော်မူရာ၌ ရှေးဦးစွာ ဉာဏ်ဖြင့် ဆင်ခြင်သော စိတ်ဖြစ်ပြီး (ပုဗ္ဗေနိဝါသဉာဏ်ဖြင့် ဝက်မငယ်၏ အတိတ်ဘဝများကို သိမြင်ပြီး)မှ ဟသိတုပ္ပါဒ်နှင့် ပြုံးရယ်ခြင်းလည်း ဖြစ်နိုင်သည်ဟု ယူဆကြ၏။


+++++
စာကိုး
အရှင်သီလာနန္ဒာဘိဝံသ၏ “အဘိဓမ္မာသင်တန်းပို့ချချက်များ”
တောင်မြို့ဆရာတော်၏ “သင်္ဂြိုဟ်ဘာသာဋီကာ”

Tuesday, July 6, 2010

ဟဒယဝတ္ထုနှင့် ရူပဝိဘာဂ

၂၀၁၀ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် လောကချမ်းသာဘုရားကျောင်း၌ အရှင်သီလာနန္ဒာဘိဝံသ၏ အဘိဓမ္မာသင်တန်းပို့ချချက်များသင်တန်း အပတ်စဉ် (၃၈)နှင့် (၃၉) သင်ခန်းစာများကို လေ့လာသင်ယူကြရသည်။


ရှေးလာမည့် ဇူလိုင်လ ပထမပတ်မှာ လောကချမ်းသာဘုရားကျောင်း၌ မဇ္ဈိမဂုဏ်ရည်ဆရာတော်၏ တရားစခန်း ကျင်းပပြုလုပ်မည်ဖြစ်ရာ အဘိဓမ္မာသင်တန်း ပြုလုပ်နိုင်မည်မဟုတ်သဖြင့် ၂-ပတ်စာ သင်ခန်းစာများကို လေ့လာ သင်ယူကြရခြင်း ဖြစ်၏။


ဦးစွာ လောကချမ်းသာဆရာတော်က သင်ခန်းစာမိတ်ဆက်နှင့် ဘာသာရေးဆိုင်ရာ ဗဟုသုတဖြစ်ဖွယ် အကြောင်းအရာများကို ရှင်းလင်း သင်ပြပေး၏။




+++++


ဟဒယဝတ္ထု


နှလုံးသား၏အလယ် ပုန်းညက်စေ့ခန့် ပမာဏရှိသော တွင်းငယ်လေးအတွင်းရှိ သွေးများအပေါ် ပျံ့နှံ့ပြီး တည်သောရုပ်ကို ဟဒယဝတ္ထုဟု ခေါ်၏။


ဤရုပ်ကို ဟဒယဝတ္ထုဟု နာမည်တပ်၍ တိုက်ရိုက်ဟောထားအပ်သော ပါဠိတော် မရှိ။


သို့သော် ထိုထိုပါဠိတော်များကို သဲနွံစပြု၍ ဟဒယဝတ္ထုရုပ် ရှိထိုက်ကြောင်းကို အဋ္ဌကထာ၊ ဋီကာတို့ ယူဆကြလေသည်။


ဥပမာအားဖြင့် - ပဋ္ဌာန်းပါဠိတော်တွင် “အကြင်ရုပ်ကို မှီ၍ မနောဓာတ်နှင့် မနောဝိညာဏဓာတို့ ဖြစ်ကြကုန်၏။ ထိုမနောဓာတ်၊ မနောဝိညာဏဓာတ်နှင့် စေတသိက်တို့အား ထိုရုပ်က နိဿယသတ္တိဖြင့် ကျေးဇူးပြုသည်။” (ယံ ရူပံ နိဿာယ မနောဓာတု စ, မနောဝိညာဏဓာတု စ ပဝတ္တန္တိ, တံ ရူပံ မနောဓာတုယာ စ မနောဝိညာဏဓာတုယာ စ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ နိဿယပစ္စယေန ပစ္စယော) ဟု ပါရှိ၏။


ဤပါဠိတော်ကို ထောက်ထားလျှင် စက္ခုဝိညာဏ်တို့၏ မှီရာ စက္ခုဝတ္ထု၊ သောတဝိညာဏ်, ဃာနဝိညာဏ်, ဇိဝှါဝိညာဏ်, ကာယဝိညာဏ်တို့၏ မှီရာ သောတ, ဃာန, ဇိဝှါ, ကာယ ဝတ္ထုများ ရှိသကဲ့သို့ ထို့အတူ မနောဓာတ်, မနောဝိညာဏဓာတ်တို့၏ မှီရာ ဝတ္ထုရုပ်တစ်မျိုး ရှိသည်ဟု ယူဆရပေမည်။


မဖြစ်နိုင်သည်များကို တစ်ခုပြီးတစ်ခု ပယ်ဖြုတ်သွားသောနည်း (Law of Elimination)ဖြင့် စိစစ်သော် -

ရုပ် ၂၈-ပါးအနက်
  • မဟာဘုတ်ကြီး ၄-ပါးမှာ ဥပါဒါရုပ် ၂၄-ပါး၏ မှီရာဖြစ်သောကြောင့် မနောဓာတ်၊ မနောဝိညာဏဓာတ်တို့၏ မှီရာ မဖြစ်နိုင်တော့ပေ။
  • ဥပါဒါရုပ် ၂၄-ပါးတွင်လည်း အနိပ္ဖန္နရုပ် ၁၀-ပါး (အာကာသ၊ ကာယဝိညတ်၊ ဝစီဝိညတ်၊ ကာယဿလဟုတာ၊ ကာယဿမုဒုတာ၊ ကာယဿကမ္မညတာ၊ ဥပစယ၊ သန္တတိ၊ ဇရတာ၊ အနိစ္စတာ)တို့မှာ အထည်ကိုယ် ထင်ရှားရှိသော ရုပ်အစစ်များ မဟုတ်၍ စိစစ်စရာ မလို။
  • ထို့ကြောင့် “ပသာဒရုပ် ၅ + ဝိသယရုပ် ၄ + ဘာဝ ၂ + ဟဒယ + ဇီဝိတ + အာဟာရ” ဟူသော နိပ္ဖန္နဥပါဒါရုပ် ၁၄-ပါးသာ စဉ်းစားဖွယ် ရှိတော့သည်။
  • နိပ္ဖန္နဥပါဒါရုပ် ၁၄-ပါးတွင် စက္ခု၊ သောတ၊ ဃာန၊ ဇိဝှါ၊ ကာယ ဟူသော ပသာဒရုပ် ၅-ပါးမှာ စက္ခုဝိညာဏ် စသော ဝိညာဏဓာတ် ၅-ပါး၏ မှီရာဖြစ်သောကြောင့် မနောဓာတ်၊ မနောဝိညာဏဓာတ်တို့က ပသာဒရုပ် ၅-ပါးကို မမှီနိုင်။
  • ရူပ၊ သဒ္ဒ၊ ဂန္ဓ၊ ရသ (ဝိသယ ၄)နှင့် သြဇာ (အာဟာရ)ကိုလည်း မမှီနိုင်။ ထိုရုပ်တို့ကား ခန္ဓာကိုယ်မှ အပြင်ပ၌ ဖြစ်ကြသောကြောင့် ဖြစ်၏။
  • ဇီဝိတိနြေ္ဒမှာလည်း တကွဖြစ်ဘက် ရုပ်များကို စောင့်ရှောက်ရခြင်းကိစ္စတစ်မျိုး ရှိပြီး ဖြစ်သောကြောင့် မနောဓာတ်နှင့် မနောဝိညာဏဓာတ် ၂-ပါးသည် ဇီဝိတိနြေ္ဒကိုလည်း မမှီ။
  • ဘာဝရုပ် ၂-ပါး မရှိသော နပုံးပဏ္ဍုတ်တို့၏ သန္တာန်မှာလည်း ဤမနောဓာတ် မနောဝိညာဏဓာတ်များ ဖြစ်နေသောကြောင့် ဘာဝရုပ် ၂-ပါးကို မမှီကြောင်းမှာ သိသာ၏။
  • ထို့ကြောင့် မနောဓာတ် မနောဝိညာဏဓာတ် ၂-ပါး၏ မှီရာဝတ္ထုရုပ်သည် ဟဒယဝတ္ထုသာ ဖြစ်ကြောင်း သိနိုင်၏။


+++++


ဓမ္မသင်္ဂဏီပါဠိတော် ရူပကဏ္ဍ၌ ဟဒယဝတ္ထု မဟောခြင်းအကြောင်း


“မြတ်စွာဘုရား တရားဟောတယ်ဆိုတာ သဗ္ဗညုတဉာဏ်အစွမ်း ပြဖို့ ဟောတာ မဟုတ်ဘူး။
တရားနာတဲ့ ဝေနေယျပုဂ္ဂိုလ်တွေ တရားထူးရဖို့ ဟောတာ။
ဒါကို ဝေနေယျအလိုကို လိုက်တယ်လို့ ဦးဇင်းတို့ ပါဠိကျမ်းဂန်တွေမှာ သုံးတယ်။
ဝေနေယဇ္ဈာသယ လို့ သုံးတယ်။”

(အရှင်သီလာနန္ဒာဘိဝံသ)


ဓမ္မသင်္ဂဏီပါဠိတော် ရူပကဏ္ဍပါဠိတော်၌ ရုပ်များကို ၁-ခု (ဧကက)၊ ၂-ခု (ဒုက)၊ ၃-ခု (တိက)၊ ၄-ခု (စတုက္က) စသည်ဖြင့် ၁၁-ခု (ဧကာဒသက)တိုင်အောင် မြတ်စွာဘုရားရှင် ဟောတော်မူ၏။


ထိုသို့ ဟောကြားရာတွင် ၂-ခုတွဲများအကြောင်း ဟောကြားတော်မူသော ဒုကဒေသနာ၌ ရှေ့နောက် အသွားအလာ တူညီအောင် ဟောကြားတော်မူလိုရင်းကြောင့် ဟဒယဝတ္ထုရုပ် မပါရှိကြောင်း အဋ္ဌကထာ ဋီကာဆရာများ၊ ရှေးဆရာတော်များ ယူဆကြ၏။


+++++


ဓမ္မသင်္ဂဏီပါဠိတော် ဝတ္ထုဒုက်နှင့် အာရမ္မဏဒုက်


ဝတ္ထုဒုက်


၁။ စက္ခုဝိညာဏ်၏ မှီရာဖြစ်သော ရုပ်သည် ရှိ၏။ (စက္ခုဝတ္ထု)
၂။ စက္ခုဝိညာဏ်၏ မှီရာမဟုတ်သော ရုပ်သည် ရှိ၏။ (စက္ခုမှအပ ကျန်ရုပ်များ)


၁။ သောတဝိညာဏ်၏ မှီရာဖြစ်သော ရုပ်သည် ရှိ၏။ (သောတဝတ္ထု)
၂။ သောတဝိညာဏ်၏ မှီရာမဟုတ်သော ရုပ်သည် ရှိ၏။ (သောတမှအပ ကျန်ရုပ်များ)


၁။ ဃာနဝိညာဏ်၏ မှီရာဖြစ်သော ရုပ်သည် ရှိ၏။ (ဃာနဝတ္ထု)
၂။ ဃာနဝိညာဏ်၏ မှီရာမဟုတ်သော ရုပ်သည် ရှိ၏။ (ဃာနမှအပ ကျန်ရုပ်များ)


၁။ ဇိဝှါဝိညာဏ်၏ မှီရာဖြစ်သော ရုပ်သည် ရှိ၏။ (ဇိဝှါဝတ္ထု)
၂။ ဇိဝှါဝိညာဏ်၏ မှီရာမဟုတ်သော ရုပ်သည် ရှိ၏။ (ဇိဝှါမှအပ ကျန်ရုပ်များ)


၁။ ကာယဝိညာဏ်၏ မှီရာဖြစ်သော ရုပ်သည် ရှိ၏။ (ကာယဝတ္ထု)
၂။ ကာယဝိညာဏ်၏ မှီရာမဟုတ်သော ရုပ်သည် ရှိ၏။ (ကာယမှအပ ကျန်ရုပ်များ)


ဖြစ်သင့်သော ဆဋ္ဌဝတ္ထုဒုက်


၁။ မနောဝိညာဏ်၏ မှီရာဖြစ်သော ရုပ်သည် ရှိ၏။ (ဟဒယဝတ္ထု)
၂။ မနောဝိညာဏ်၏ မှီရာမဟုတ်သော ရုပ်သည် ရှိ၏။ (ဟဒယမှအပ ကျန်ရုပ်များ)



+++

အာရမ္မဏဒုက်


၁။ စက္ခုဝိညာဏ်၏ အာရုံဖြစ်သော ရုပ်သည် ရှိ၏။ (ရူပါရုံ)
၂။ စက္ခုဝိညာဏ်၏ အာရုံမဟုတ်သော ရုပ်သည် ရှိ၏။ (ရူပါရုံမှအပ ကျန်ရုပ်များ)


၁။ သောတဝိညာဏ်၏ အာရုံဖြစ်သော ရုပ်သည် ရှိ၏။ (သဒ္ဒါရုံ)
၂။ သောတဝိညာဏ်၏ အာရုံမဟုတ်သော ရုပ်သည် ရှိ၏။ (သဒ္ဒါရုံမှအပ ကျန်ရုပ်များ)


၁။ ဃာနဝိညာဏ်၏ အာရုံဖြစ်သော ရုပ်သည် ရှိ၏။ (ဂန္ဓာရုံ)
၂။ ဃာနဝိညာဏ်၏ အာရုံမဟုတ်သော ရုပ်သည် ရှိ၏။ (ဂန္ဓာရုံမှအပ ကျန်ရုပ်များ)


၁။ ဇိဝှါဝိညာဏ်၏ အာရုံဖြစ်သော ရုပ်သည် ရှိ၏။ (ရသာရုံ)
၂။ ဇိဝှါဝိညာဏ်၏ အာရုံမဟုတ်သော ရုပ်သည် ရှိ၏။ (ရသာရုံမှအပ ကျန်ရုပ်များ)


၁။ ကာယဝိညာဏ်၏ အာရုံဖြစ်သော ရုပ်သည် ရှိ၏။ (ဖောဋ္ဌဗ္ဗာရုံ)
၂။ ကာယဝိညာဏ်၏ အာရုံမဟုတ်သော ရုပ်သည် ရှိ၏။ (ဖောဋ္ဌဗ္ဗာရုံမှအပ ကျန်ရုပ်များ)


ဖြစ်သင့်သော ဆဋ္ဌအာရမ္မဏဒုက်


၁။ မနောဝိညာဏ်၏ အာရုံဖြစ်သော ရုပ်သည် ရှိ၏။ (ရုပ်အားလုံး)
၂။ မနောဝိညာဏ်၏ အာရုံမဟုတ်သော ရုပ်သည် ရှိ၏။ (မရှိ)


ဤဖြစ်သင့်သော ဆဋ္ဌအာရမ္မဏဒုက်၌ ၂-ခုအနက် တစ်ခုသာ အဖြေပေးနိုင်တော့သဖြင့် ဒုက်ကျိုး ဒုက်ပျက်လေ၏။


+++++


“အဲဒါကြောင့်မို့ အဋ္ဌကထာ ဋီကာဆရာများရဲ့ အယူအဆအရ၊ သို့မဟုတ် ရှေးဆရာတော်တို့ရဲ့ အယူအဆအရ မြတ်စွာဘုရားက သာမညအကျဉ်းချုပ်လို့ ဟောခဲ့ပေမယ့် အဲဒါသည် ဟဒယဝတ္ထုဟူ၍ မှတ်ရမယ်။
ဒါဟာ တစ်ချက်လွှတ်တော့ ကျတယ်။ ကျပေမယ်လို့ ဒီလိုပဲ မှတ်ရမယ်။ 

ဒါကြောင့်မို့ ဟဒယဝတ္ထုဆိုတာ ရှိပါတယ်။


ဒါဖြင့် ဓမ္မသင်္ဂဏီမှာ ဘာကြောင့် မဟောတာတုန်းဆိုရင် ဝတ္ထုဒုက် အာရမ္မဏဒုက် ပျက်မှာစိုးလို့။ ပျက်မှာဆိုတာ ရှေ့နောက်မညီတာ မလိုက်လျောမှာ စိုးလို့ မဟောတာပါ။ မရှိလို့ မဟောတာ မဟုတ်ပါဘူး။


ဘာကြောင့် ဝတ္ထုဒုက်ပျက်မှာ ကြောက်ရတာတုန်း စိုးရိမ်ရတာတုန်း?
ဝေနေယျတွေ နားမလည်မှာ စိုးလို့။
နားမလည်ရင် တရားမရမှာ စိုးလို့။

တခါတလေ ဝေနေယျတွေ အလိုလိုက်ပြီး ဟောရတာတွေ ရှိတယ်။
အဘိဓမ္မာမှာတောင်မှ ရှိတယ်။ သုတ္တန်မှာဆို ပြောစရာ မလိုတော့ဘူး။


ဒါကြောင့်မို့ ဒီတရားတွေကိုပဲ ခန္ဓာဆိုတဲ့ နာမည်နဲ့ ဟောထားတယ်။
တော်တော်ကြာ ... အာယတနဆိုတဲ့ နာမည်နဲ့ ဟောထားတယ်။ ဒါတွေပဲ။ အာယတန ၁၂-ပါးဆိုတာလည်း ခန္ဓာ ၅-ပါးပဲ။ ခန္ဓာ ၅-ပါးထဲကဟာတွေကို အာယတနနဲ့ တစ်မျိုး လှည့်ဟောလိုက်တာ။
ဓာတ် ၁၈-ပါးဆိုတာလည်း ဒီခန္ဓာ ၅-ပါးပဲ။
နိဗ္ဗာန်တော့ ပါတယ်ပေါ့လေ။
ဒါတွေပဲ။ ဣနြေ္ဒ ၂၂-ပါးဆိုတာလည်း ဒါတွေပဲ။
အဲဒီလို အမည်အမျိုးမျိုးနဲ့ မြတ်စွာဘုရားက ဟောတော်မူတယ်။


တချို့က ခန္ဓာဆိုတဲ့ နာမည်နဲ့ ရင်းနှီးပြီးသားဖြစ်ရင် ခန္ဓာဆိုတဲ့ စကားလုံးလေး ကြားလိုက်ရင် သူတို့မှာ တရားနားလည်သွားမယ်။ တရားထူး ရမယ်။

တချို့က အာယတနဆိုတဲ့ နာမည်နဲ့ ရင်းနှီးထားတဲ့သူတွေကျတော့ အာယတနဆိုတဲ့ အသံလေး ကြားလိုက်ရရင် (ကိုယ်ရင်းနှီးထားတဲ့ အသံလေး ကြားလိုက်ရရင်) နားလည်တာပေါ့။

အဲဒီလို ဝေနေယျအလိုလိုက်ပြီးတော့ ဟောရတာတွေ အဘိဓမ္မာမှာတောင်မှ ရှိတယ်။
အဲသလို မှတ်ရမယ်။


ယေဘုယျအတိုင်း ပြောရမယ်ဆိုရင် အဘိဓမ္မာမှာ အရှိကို အရှိအတိုင်း ဟောတာ၊ ဝေနေယျအလိုကို လိုက်နေတာမဟုတ်ဘူးလို့ ယေဘုယျ ပြောမယ်ဆိုရင် ရတယ်။
သို့သော် ဒီတစ်နေရာမှာတော့ မရဘူး။

ဒီနေရာမှာ တကယ့်ကို ဝေနေယျရဲ့ အလိုလိုက်ပြီးတော့ နားထောင်တဲ့ ပုဂ္ဂိုလ်တွေ တရားထူးမရမှာ စိုးလို့၊ ဒုက်အပျက်မခံဘဲနဲ့ လုံးဝ ဒီဒုက်ကို ချန်ထားခဲ့တယ်။
ဒီဒုက်ချန်ထားလိုက်တော့ ဟဒယဝတ္ထုလည်း ဓမ္မသင်္ဂဏီပါဠိတော်မှာ ဖော်ပြခြင်း မခံရတော့ဘူးပေါ့။
သို့သော် ခုန ထောက်ထားတဲ့ အထောက်အထားတွေအရ ဝတ္ထုရုပ်တစ်ခုကတော့ ရှိထိုက်တယ်။
အဲဒီ ဝတ္ထုရုပ်တစ်ခုဟာ ဘာလဲဆိုရင် ဟဒယရုပ်ပဲ။


အခုခေတ်လူတွေကတော့ ဘာပြောသလဲ။
မြတ်စွာဘုရားက ဟဒယဆိုတဲ့ နာမည်နဲ့ ဟောခဲ့တာမှ မဟုတ်ဘဲ။
အဲဒီတော့ ဟဒယဝတ္ထုမဟုတ်ဘဲနဲ့ ဦးနှောက်ကော မဖြစ်နိုင်ဘူးလားပေါ့လေ။
ဒါတော့ တိကျပြတ်သားတဲ့အဖြေ ထွက်မယ့်အရာမျိုးတော့ မဟုတ်ဘူးပေါ့။
သူကြိုက်တာ သူလက်ခံ၊ ငါကြိုက်တာ ငါလက်ခံပေါ့။


ဘာသာဋီကာမျာတော့ အဲဒါလေးနဲ့ ပတ်သက်ပြီး ပြောထားတာ ရှိသေးတယ်။
စာမျက်နှာ ၄၀၀ မှာ ထင်တယ်။


..... ဤပြခဲ့သော ပါဠိတော်နှင့် ယုတ္တိများအရ ဝတ္ထုရုပ်တစ်မျိုး ရှိထိုက်ကြောင်းကား ထင်ရှားလေသည်။
ထိုဝတ္ထုရုပ်သည် နှလုံးအိမ်အတွင်းမှာ တည်ရှိကြောင်းကိုလည်း ဤသို့ သိရာ၏ ... တဲ့။ ဒါက ဆရာတော်ရဲ့ အကြောင်းပြချက်ပေါ့လေ။


..... တစ်စုံတစ်ခုသော အကြံကို စူးစူးစိုက်စိုက် ကြံစည်သည့်အခါ၊ တစ်စုံတစ်ခု စိတ်မချမ်းမြေ့ဖွယ် ဖြစ်သည့်အခါတို့၌ စိတ်မှ အပူဓာတ်သည် မှီရာဝတ္ထုသို့ ကူးစက်၍ ထိုဝတ္ထုရုပ်မှ အပူဓာတ်လည်း ဝတ္ထုရုပ်တည်ရာ သွေးများနှင့်တကွ နှလုံးအိမ်မှာ ကူးစက်သဖြင့် ရင်ပူလာပုံကိုလည်းကောင်း၊


ထို့ပြင် ပြင်းထန်သော အမြောက်သံ စသည်ကို ကြားရာ၊ တစ်စုံတစ်ယောက်က ခြောက်လှန့်သည်အခါတို့၌ စိတ်ဓာတ်တုန်လှုပ်သဖြင့် နှလုံးသွေးနှင့် ရင်များခုန်နေပုံကိုလည်းကောင်း၊


အပြင်းအထန် သောကနှိပ်စက်သည့်အတွက် နှလုံးကွဲ (ရင်ကွဲ)ပုံကိုလည်းကောင်း၊


အလွန်ပျော်ရွှင်သည့်အခါ ရင်ထဲမှာ တစ်မျိုးတစ်ဖုံဖြစ်နေပုံကိုလည်းကောင်း ထောက်၍ စိတ်၏ မှီရာ ဝတ္ထုရုပ်သည် နှလုံးအိမ်အတွင်းမှာ တည်ရှိသည်ဟု ယုံကြည်ထိုက်လှပြီ။


ဤသို့ နှလုံးအိမ် ဟဒယအတွင်းမှာ တည်ရှိသောကြောင့်ပင်လျှင် ဤဝတ္ထုရုပ်ကို ဟဒယဝတ္ထုဟု နာမည်တပ်ရလေသည်။

ယခုခေတ် လောကဓာတ်ဆရာအချို့တို့ကား နှလုံးအိမ်မှ သွေးပူလေပူတို့ အထက်သို့ ပြန်တက်သဖြင့် ဦးခေါင်း၌ နောက်ကျုရှုပ်ထွေးလျက်ရှိသည်ကို အထောက်အထားပြုပြီးလျှင် စိတ်ဝိညာဏ်သည် ဦးနှောက်မှာ တည်ရှိ၏ဟု ပြောဆိုမိကြလေသည်။


+++++


ရုပဝိဘာဂ

ရုပ် ၂၈ ပါးကို အမျိုးမျိုး ခွဲခြားပြခြင်း။


တစ်မျိုးတည်းသော ရုပ်အဖြစ် သတ်မှတ် ခွဲခြားခြင်း။


ရုပ်မှန်လျှင် -
  • ‘အဟေတုက’သာ ရှိ၏။ ‘သဟေတုက’ဟု မရှိ။
  • ‘သပ္ပစ္စယ’သာ ရှိ၏။ ‘အပ္ပစ္စယ’ဟု မရှိ။
  • ‘သာသဝ’သာ ရှိ၏။ ‘အနာသဝ’ဟု မရှိ။
  • ‘သင်္ခတ’သာ ရှိ၏။ ‘အသင်္ခတ‘ဟု မရှိ။
  • ‘လောကိယ’သာ ရှိ၏။ ‘လောကုတ္တရ’ဟု မရှိ။
  • ‘ကာမာဝစရ’သာ ရှိ၏။ ‘ရူပါဝစရ’ စသည် မရှိ။
  • ‘အနာရမ္မဏ’သာ ရှိ၏။ ‘သာရမ္မဏ’ဟု မရှိ။
  • ‘အပ္ပဟာတဗ္ဗ’သာ ရှိ၏။ ‘ပဟာတဗ္ဗ’ဟု မရှိ။


အဟေတုက = လောဘစသော ဟိတ်များနှင့် မယှဉ်။
သပ္ပစ္စယ = ကံ, စိတ်, ဥတု, အာဟာရ အကြောင်းကြောင့် ဖြစ်၏။
သာသဝ = အာသဝေါတရားတို့၏ အာရုံ ဖြစ်၏။
သင်္ခတ = ကံစသော အကြောင်းတစ်ခုခုက ပြုစီမံအပ်၏။
လောကိယ = လောကီတရားဖြစ်၏။
ကာမာဝစရ = ကာမတဏှာ၏ ကျင်လည်ရာ (အာရုံပြုရာ) ဖြစ်၏။
အနာရမ္မဏ = အာရုံကို မယူတတ်။
အပ္ပဟာတဗ္ဗ = အကုသိုလ်ကိလေသာကဲ့သို့ ပယ်၍ မရ။


+++


နှစ်မျိုးသော ရုပ်အဖြစ် ခွဲခြားခြင်း။

  • အဇ္ဈတ္တိကရုပ် (အတွင်းကျသော ရုပ်) - ပသာဒရုပ် ၅-ပါး နှင့် ဗာဟိရရုပ် (အပြင်အပရုပ်) - ကျန် ရုပ် ၂၃-ပါး ဟု နှစ်မျိုး ရှိ၏။
  • ဝတ္ထုရုပ် (မှီရာဖြစ်သော ရုပ်) - ပသာဒရုပ် ၅ + ဟဒယ (=ပေါင်း ၆ ပါး) နှင့် အဝတ္ထုရုပ် (မှီရာမဟုတ်သော ရုပ်) - ကျန် ရုပ် ၂၂-ပါး ဟု နှစ်မျိုး ရှိ၏။
  • ဒွါရရုပ် (ဒွါရဖြစ်သော ရုပ်) - ပသာဒရုပ် ၅ + ဝိညတ် ၂ (=ပေါင်း ၇ ပါး) နှင့် အဒွါရရုပ် (ဒွါရမဖြစ်သော ရုပ်) - ကျန် ရုပ် ၂၁-ပါး ဟု နှစ်မျိုး ရှိ၏။
  • ဣန္ဒြိယရုပ် (အစိုးရသော ရုပ်) - ပသာဒရုပ် ၅ + ဘာဝ ၂ + ဇီဝိတ (=ပေါင်း ၈ ပါး) နှင့် အနိန္ဒြိယရုပ် (အစိုးမရသော ရုပ်) - ကျန် ရုပ် ၂၀ ဟု နှစ်မျိုး ရှိ၏။
  • သြဠာရိကရုပ် (ကြမ်းသောရုပ်/ဉာဏ်၌ သိလွယ် မြင်လွယ်သော ရုပ်) - ပသာဒ ၅ + ဝိသယ ၇ (=ပေါင်း ၁၂ ပါး) နှင့် သုခုမရုပ် (သိမ်မွေ့သောရုပ်/ဉာဏ်မှာ သိလွယ် မြင်လွယ် မဟုတ်သော ရုပ်) - ကျန် ရုပ် ၁၆-ပါး ဟု နှစ်မျိုး ရှိ၏။
  • သန္တိကေရုပ် (နီးသော ရုပ်)၊ ဒူရေရုပ် (ဝေးသော ရုပ်) ဟု နှစ်မျိုး ရှိ၏။ (သြဠာရိက-သုခုမ နှင့် တူ၏)
  • သပ္ပဋိဃရုပ် (ထိခိုက်မှုရှိသော ရုပ်)၊ အပ္ပဋိဃရုပ် (ထိခိုက်မှု မရှိသော ရုပ်) ဟု နှစ်မျိုး ရှိ၏။ (သြဠာရိက-သုခုမ နှင့် တူ၏။)
  • ဥပါဒိန္နရုပ် (ကံ၏ အကျိုးဖြစ်သော ရုပ်/ကံကြောင့်ဖြစ်သော ရုပ်) - ကမ္မဇရုပ် ၁၈ ပါး နှင့် အနုပါဒိန္နရုပ် (ကံ၏အကျိုးမဟုတ်သော ရုပ်/ကံကြောင့်မဖြစ်သော ရုပ်) ဟူ၍ နှစ်မျိုး ရှိ၏။
     အနုပါဒိန္နရုပ်ကို စိတ်, ဥတု, အာဟာရ အကြောင်းသုံးမျိုးကြောင့် ဖြစ်သောကြောင့် တိဇရုပ်ဟု ခေါ်၏။
    (အချို့နေရာများ၌ သုတ္တန်နည်းအရ သက်ရှိကို ဥပါဒိန္န၊ သက်မဲ့ကို အနုပါဒိန္နဟု သုံး၏။)
  • သနိဒဿနရုပ် (မြင်ကောင်းသော ရုပ်) - ရူပါရုံ နှင့် အနိဒဿနရုပ် (မမြင်ကောင်းသော ရုပ်) - ကျန် ရုပ် ၂၇-ပါး ဟူ၍ နှစ်မျိုး ရှိ၏။
  • ဂေါစရဂ္ဂါဟကရုပ် (အာရုံကို ယူတတ်သော ရုပ်) - ပသာဒရုပ် ၅ ပါး နှင့် အဂေါစရဂ္ဂါဟကရုပ် (အာရုံကို မယူတတ်သော ရုပ်) - ကျန် ရုပ် ၂၃-ပါး ဟူ၍ နှစ်မျိုး ရှိ၏။
  • အဝိနိဗ္ဘောဂရုပ် (တစ်ခုစီ ခွဲ၍ မရသော ရုပ်) - မဟာဘုတ် ၄ + ရူပ + ဂန္ဓ္ဓ + ရသ + အာဟာရ (သြဇာ) (=ပေါင်း ၈ ပါး) နှင့် ဝိနိဗ္ဘောဂရုပ် - ကျန် ရုပ် ၂၀ ဟူ၍ နှစ်မျိုး ရှိ၏။

+++++


အဘိဓမ္မာသင်တန်း အပတ်စဉ် (၃၈)နှင့် (၃၉) သင်ခန်းစာပို့ချချက်များ ပြီးသော် လောကချမ်းသာ စနေနေ့တရားပွဲအဖြစ် အရှင်ဝိမလက “ကလေးငယ်အသွင်”ဟူသော တရားတော်ကို ဓမ္မဒါနပြု ဟောကြား ချီးမြှင့်၏။




တရားပွဲပြီးသော ၁၀-မိနစ်ခန့် တရားရှုမှတ်ကြပြီး ကုသိုလ်အစုစုတို့ကို အမျှပေးဝေကြလေသည်။


သာဓု ... သာဓု ... သာဓု။