Pages

Wednesday, October 28, 2009

မကွေးမြို့ဆရာတော်ကြီး၏ သြဝါဒ (၂၇-ဇွန်-၀၉)


ပြည်ထောင်စုမြန်မာနိုင်ငံတော် ဆဋ္ဌအကြိမ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (၄၇)ပါးစုံညီ အဋ္ဌမအစည်းအဝေး၌ မိန့်ကြားတော်မူအပ်သော သဘာပတိ ဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ မကွေးမြို့ မဟာဝိသုတာရာမတိုက်သစ် ဆရာတော် ဘဒ္ဒန္တကုမာရ မဟာထေရ်မြတ်၏ သာရဏီယသြဝါဒကထာ -

၁၃၇၁ ခုနှစ်၊ ဝါဆိုလဆန်း ၆-ရက် (၂၇-၆-၂၀၀၉) စနေနေ့

ဆဋ္ဌအကြိမ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (၄၇)ပါးစုံညီ အဋ္ဌမအစည်းအဝေးသို့ သာသနာတော် သန့်ရှင်း တည်တံ့ ပြန့်ပွားရေးကို အလေးဂရုပြုကာ ကြွရောက်တော်မူလာကြသော နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဝင် ဆရာတော် အရှင်မြတ်တို့ ဘုရား။

ဆရာတော် အရှင်မြတ်တို့ ကိုယ်၏ ကျန်းမာခြင်း၊ စိတ်၏ ချမ်းသာခြင်းနှင့် ပြည့်စုံတော်မူကြလျက် ဗုဒ္ဓမြတ်စွာ သာသနာတော်မြတ်ကြီး သန့်ရှင်း စင်ကြယ်အောင်၊ အရှည်ခံ၍ တည်တံ့အောင်၊ စည်ပင်ပြန့်ပွား ထွန်းကားတိုးတက်အောင် ဆောင်ရွက်တော်မူနိုင်ကြပါစေဟု အာသီသ ပတ္ထနာပြုလျက် နှုတ်ခွန်းဆက်စကား ရှေးဦးစွာ လျှောက်ထားပါသည် ဘုရား။

နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဝင် ဆရာတော်အရှင်မြတ်တို့ဘုရား။

ဆရာတော်အရှင်မြတ်တို့နှင့် ယခုလို လေးလတစ်ကြိမ် မျက်နှာစုံညီ တွေ့ဆုံကြ၍ သာသနာရေးရာ အဖြာဖြာသော ကိစ္စတို့ကို လျှောက်ထား တင်ပြ ဆွေးနွေး တိုင်ပင်ခွင့်ရသည့်အတွက် နှစ်သက်အားရ ရွှင်လန်းဝမ်းမြောက်ရပါသည် ဘုရား။

နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဝင် ဆရာတော်အရှင်မြတ်တို့ဘုရား -

“ဒွေ မာ ဘိက္ခဝေ ပရိသာ။ ကတမာ ဒွေ ? ပရိသာကသဋော စ ပရိသာမဏ္ဍော စ” (အံ၊ ၁၊ ၇၂) စသည်ဖြင့် အနှစ်ကင်း၍ သိမ်ဖျင်းသော အမှိုက်သရိုက်နှင့်တူသော ‘ကသဋ’ပရိသတ်နှင့် ကြည်လင်သော ‘မဏ္ဍ’ပရိသတ်ဟူ၍ ပရိသတ်နှစ်မျိုးကို မြတ်စွာဘုရား ဟောကြားတော်မူခဲ့ပါသည် ဘုရား။

ထိုနှစ်မျိုးတို့တွင် -
အကြင်ပရိသတ်၌ ရဟန်းတို့သည်
ချစ်သဖြင့် မလားအပ်သောအရာသို့ လားခြင်း ဆန္ဒာဂတိ၊
မုန်းသဖြင့် မလားအပ်သောအရာသို့ လားခြင်း ဒေါသာဂတိ၊
တွေဝေသဖြင့် (မသိနားမလည်သဖြင့်) မလားအပ်သောအရာသို့ လားခြင်း မောဟာဂတိ၊
ကြောက်သဖြင့် မလားအပ်သောအရာသို့ လားခြင်း ဘယာဂတိ ဟူသော အဂတိလေးပါးသို့ လိုက်ကုန်၏။
ဤပရိသတ်သည် အနှစ်ကင်း၍ သိမ်ဖျင်းသော အမှိုက်သရိုက်နှင့်တူသော ကသဋပရိသတ် မည်ပါသည်။

အကြင်ပရိသတ်၌ ရဟန်းတို့သည်
ဆန္ဒာဂတိ၊ ဒေါသာဂတိ၊ မောဟာဂတိ၊ ဘယာဂတိ ဟူသော အဂတိလေးပါးသို့ မလိုက်ကုန်။
ဤပရိသတ်သည် အနှစ်ရှိ၍ ကြည်လင်သော မဏ္ဍပရိသတ် မည်ပါသည် ဘုရား။

ဤပရိသတ်နှစ်မျိုးတို့တွင် အနှစ်ရှိ၍ ကြည်လင်သော မဏ္ဍပရိသတ်သည် မြတ်၏ ဟု မြတ်စွာဘုရား ဟောကြားတော်မူခဲ့ပါသည် ဘုရား။

ဆရာတော် အရှင်မြတ်တို့ ဘုရား -
ဘုရားတပည့်တော်တို့၏ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ကြီးသည် နိုင်ငံတော်တစ်ဝန်းလုံးရှိ ဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူ အားလုံးတို့၏ ယုံကြည်ကိုးစား အားထားရသော အမြင့်ဆုံး အဖွဲ့ကြီး ဖြစ်ပါသည်။
ထို့ကြောင့် မြတ်စွာဘုရား ဟောကြားတော်မူအပ်သော ပရိသတ်နှစ်မျိုးတို့တွင် အနှစ်ကင်း၍ သိမ်ဖျင်းသော အမှိုက်သရိုက်နှင့်တူသော ကသဋပရိသတ်မျိုး မဖြစ်စေဘဲ၊
အနှစ်ရှိ၍ ကြည်လင်သော မြတ်သော မဏ္ဍပရိသတ်မျိုး ဖြစ်အောင် သတိဆောင်တော်မူကြပါရန် သာသနာ့အရေး မျှော်တွေးလျက် လျှောက်ထားပါသည် ဘုရား။

ဆရာတော်အရှင်မြတ်တို့ ဘုရား -
ထို့ပြင် “ဒွေ မာ ဘိက္ခဝေ ပရိသာ။ ကတမာ ဒွေ ? အဓမ္မဝါဒိနီ စ ပရိသာ၊ ဓမ္မဝါဒိနီ စ ပရိသာ” (အံ၊ ၁၊ ၇၅) စသည်ဖြင့် အမှန်တရားကို ဆိုလေ့မရှိသော အဓမ္မဝါဒီပရိသတ်နှင့်
အမှန်တရားကို ဆိုလေ့ရှိသော ဓမ္မဝါဒီပရိသတ် ဟူ၍ ပရိသတ် နှစ်မျိုးကိုလည်း မြတ်စွာဘုရား ဟောကြားတော်မူခဲ့ပါသည် ဘုရား။

ထိုနှစ်မျိုးတို့တွင် အကြင်ပရိသတ်၌ ရဟန်းတို့သည် တရားလမ်းကြောင်းကျသော အဓိကရုဏ်းကိုဖြစ်စေ၊ တရားလမ်းကြောင်းမကျသော အဓိကရုဏ်းကိုဖြစ်စေ စွဲကိုင်ပြီး အချင်းချင်း နားလည်သဘောပေါက်အောင် ပြောဆိုဆွေးနွေးခြင်း မပြုကြကုန်။
ထိုရဟန်းတို့သည် အချင်းချင်း နားလည်သဘောပေါက်အောင် မပြောခြင်းဟူသော အားရှိကုန်လျက် (သူတို့ သဘောမပေါက်လည်း အရေးမစိုက်ပါဘူးဟု သဘောထားကုန်လျက်) အယူမှားကို စွန့်လွှတ်ရန် တိုင်ပင် ဆွေးနွေးခြင်း မရှိကုန်ဘဲ ထိုအဓိကရုဏ်းကိုပင် မှားသော အမြင်၊ မှားသော သုံးသပ်ခြင်းဖြင့် သက်ဝင်စွဲလမ်း၍ “ငါ့အယူသာ မှန်၏။ တစ်ပါးသော အယူသည် အချည်းနှီးသာတည်း”ဟု ပြောဆိုကုန်၏။
ထိုပရိသတ်သည် အမှန်တရားကို ဆိုလေ့မရှိသော အဓမ္မဝါဒီပရိသတ် မည်ပါသည်။

အကြင်ပရိသတ်၌ ရဟန်းတို့သည် တရားလမ်းကြောင်းကျသော အဓိကရုဏ်းကိုဖြစ်စေ၊ တရားလမ်းကြောင်းမကျသော အဓိကရုဏ်းကိုဖြစ်စေ စွဲကိုင်ပြီး အချင်းချင်း နားလည်သဘောပေါက်အောင် ပြောဆိုဆွေးနွေးခြင်း ပြုကြကုန်၏။
ထိုရဟန်းတို့သည် အချင်းချင်း နားလည်သဘောပေါက်အောင် ပြောဆိုခြင်းဟူသော အားရှိကုန်လျက် (အချင်းချင်း နားလည်သဘောပေါက်အောင် ဆွေးနွေးပြီးမှ အဓိကရုဏ်းကို ဖြေရှင်းမည်ဟု သဘောထားကုန်လျက်) အယူမှားကို စွန့်လွှတ်ရန် တိုင်ပင်ဆွေးနွေးခြင်း ရှိကြကုန်လျက် ထိုအဓိကရုဏ်းကို မှားသောအမြင်၊ မှားသော သုံးသပ်ခြင်းဖြင့် သက်ဝင် စွဲလမ်း၍ “ငါ့အယူသာ မှန်၏။ တစ်ပါးသော အယူသည် အချည်းနှီးသာတည်း” ဟု မပြောဆိုကြကုန်။
ဤပရိသတ်သည် အမှန်တရားကို ဆိုလေ့ရှိသော ဓမ္မဝါဒီပရိသတ် မည်ပါသည်။

ဤပရိသတ်နှစ်မျိုးတို့တွင် အမှန်တရားကို ဆိုလေ့ရှိသော ဓမ္မဝါဒီပရိသတ်သည် မြတ်၏ဟု မြတ်စွာဘုရား ဟောကြားတော်မူခဲ့ပါသည် ဘုရား။

ဆရာတော်အရှင်မြတ်တို့ ဘုရား -
ဘုရားတပည့်တော်တို့၏ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ကြီးသည် မြန်မာနိုင်ငံတော် တစ်ဝန်းလုံးရှိ တိုင်းနှင့်ပြည်နယ် အသီးသီး၌ ဖြစ်ပေါ်လာသမျှ ဝိနိစ္ဆယရေးကိစ္စ၊ သာသနာရေးကိစ္စ၊ ပညာရေးကိစ္စ ဟူသမျှတို့ကို ဖြေရှင်း ဆောင်ရွက်နေရသော အမြင့်ဆုံး အဖွဲ့အစည်းကြီးဖြစ်သဖြင့် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူ အားလုံးတို့၏ ယုံကြည်ကိုးစား အားထားလောက်သော အမြင့်ဆုံး အဖွဲ့အစည်းကြီး ဖြစ်ရန် အမှန်တရားကို ဆိုလေ့ရှိသော ဓမ္မဝါဒီပရိသတ်ဖြစ်အောင် သတိဆောင်တော်မူကြပါရန်လည်း ထပ်မံ လျှောက်ထားပါသည် ဘုရား။

ဆရာတော်အရှင်မြတ်တို့ဘုရား -
ဘုရားတပည့်တော် အထူးလျှောက်ထားလိုသည်မှာ ဆဋ္ဌအကြိမ် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ဒုတိယအစည်းအဝေး၌ “နိုင်ငံတော်မှ စ၍ ရပ်/ကျေးအထိ သံဃာ့အဖွဲ့အစည်းများ ကျစ်လျစ်စွာ တည်တံ့နိုင်အောင် ‘သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်း’နှင့် ‘လုပ်ထုံးလုပ်နည်းများ’၌ ပျော့ကွက် ဟာကွက် လိုအပ်ချက်များကို လေ့လာစိစစ်၍ ဖြည့်စွက် ပြင်ဆင် ဖြုတ်ပယ်သင့်သည်များကို ဖြည့်စွက် ပြင်ဆင် ဖြုတ်ပယ်လျက် သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်တို့ ယခုထက် ကျစ်လစ်ခိုင်မာစွာ တည်တံ့နိုင်အောင် ပြုလုပ်သင့်ပါသည်”ဟုလည်းကောင်း၊ ဆဋ္ဌအကြိမ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (၄၇)ပါးစုံညီ သတ္တမအစည်းအဝေး၌ “ဆရာတော်အရှင်မြတ်တို့ဘုရား - သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်း ပြင်ဆင် ဖြည့်စွက် နုတ်ပယ်ရန်ကိစ္စသည် သာသနာတော်အတွက် အလွန်အရေးကြီးသော ကိစ္စဖြစ်သဖြင့် တပည့်တော်တို့ နိုင်ငံတော် သံဃမဟာနာယက ဆရာတော်များချည်း ညှိနှိုင်းတိုင်ပင် ပြင်ဆင် ဖြည့်စွက် နုတ်ပယ်ခြင်းများကို မပြုသေးဘဲ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော်များထဲမှ သင့်လျော်သော ဆရာတော်များ၊ မူလဝန်ဆောင် (၆၆)ပါးတွင် ပါဝင်၍ သက်တော်ထင်ရှားပြီး ဆောင်ရွက်နိုင်မည့် ဆရာတော်များ၊ အခြားပညာရှင်များနှင့်ပါ သေချာစေ့စပ်စွာ ညှိနှိုင်းတိုင်ပင်ပြီး ဂိုဏ်းပေါင်းစုံ သမ္မုတိရ သံဃာ့ကိုယ်စားလှယ် သံဃာထုအများစု၏ ဆန္ဒဖြင့်သာ ဆောင်ရွက်သင့်သည်”ဟုလည်းကောင်း ဘုရားတပည့်တော် လျှောက်ထားတင်ပြခဲ့ပါသည် ဘုရား။

ယခုအခါ ဘုရားတပည့်တော်၏ ထိုလျှောက်ထားချက်ကို အကောင်အထည်ဖော်သည့်အနေဖြင့် ဆဋ္ဌအကြိမ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (၄၇)ပါးစုံညီ ပဉ္စမအစည်းအဝေးက သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်းနှင့် လုပ်ထုံးလုပ်နည်းများ၊ နာယကလက်စွဲ၊ ညွှန်ကြားလွှာများ ပြင်ဆင်ရန်ကိစ္စကို စိစစ်ရေးအဖွဲ့ ဖွဲ့စည်းဆောင်ရွက်နေသည်ကို သိရပါသဖြင့် လွန်စွာ ဝမ်းမြောက်ပါသည်ဘုရား။

ထိုသံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်း၊ နာယကလက်စွဲ၊ ညွှန်ကြားလွှာများအနက် သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်းပါ အပိုဒ်များကို ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီးကသာ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ နုတ်ပယ်ခြင်း ပြုလုပ်နိုင်သည်ဖြစ်၍ ဂိုဏ်းပေါင်းစုံ သံဃာ့အဖွဲ့အစည်း အထူးအစည်းအဝေး ခေါ်ယူရန် လိုအပ်ပါသည် ဘုရား။
ယင်းဂိုဏ်းပေါင်းစုံ သံဃာ့အဖွဲ့ အထူးအစည်းအဝေး ခေါ်ယူရန် ကိစ္စသည် လွယ်ကူသော ကိစ္စ မဟုတ်ပါ။
နိုင်ငံတော်အစိုးရ၏ ကူညီထောက်ပံ့မှုကို ရမှသာ ပြုလုပ်နိုင်မည့်ကိစ္စ ဖြစ်ပါသည်။

ယခု နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အစိုးရသည် သာသနာတော်ကို အထူးအလေးပေးကာ အားပေး ချီးမြှောက် ထောက်ပံ့နေသော အစိုးရဖြစ်၍ ဂိုဏ်းပေါင်းစုံ သံဃာ့အဖွဲ့ အထူးအစည်းအဝေး ခေါ်ယူရန် ကိစ္စကိုလည်း ဆောင်ရွက်ပေးလိမ့်မည်ဟု ယုံကြည် ယူဆပါသည်။

ယင်းသို့ ဂိုဏ်းပေါင်းစုံ သံဃာ့အဖွဲ့ အထူးအစည်းအဝေး ခေါ်ယူကျင်းပခြင်းသည် အလွန်ရခဲသော အခွင့်အရေး ဖြစ်ပါသည်။
ထိုရခဲသော အခွင့်အရေးကို ရရှိခိုက် ယင်းအခွင့်အရေးကို ပီပီပြင်ပြင် ထိုက်ထိုက်တန်တန်ဖြစ်အောင် အထူးအလေးထားကာ အသုံးချ ဆောင်ရွက်တော်မူကြရန် လိုအပ်ပါသည် ဘုရား။

ဆရာတော်အရှင်မြတ်တို့ဘုရား -
“ဝိနယောနာမ ဗုဒ္ဓသာသနဿ အာယု၊ ဝိနယေ ဌိတေ သာသနံ ဌိတံ ဟောတိ” (ဝိဋ္ဌ, ၁၊ ၁၁၊) ဟူသော ပါရာဇိက ကဏ္ဍ အဋ္ဌကထာ မိန့်မှာအပ်သည်နှင့်အညီ ဝိနည်းတော်မည်သည် ဘုရားရှင်သာသနာတော်၏ အသက်သွေးကြောဖြစ်သကဲ့သို့ သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်း လုပ်ထုံးလုပ်နည်း စသော စည်းကမ်းဥပဒေများသည် သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်၏ အသက်သွေးကြော ဖြစ်ပါသည်။
ဝိနည်းတော်တည်တံ့မှ သာသနာတော် တည်တံ့သကဲ့သို့ သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်း စသော စည်းကမ်းဥပဒေများ ပီပီပြင်ပြင် ကျစ်လျစ်ခိုင်မာစွာ တည်တံ့နေမှသာ သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်လည်း တည်တံ့ခိုင်မြဲနေနိုင်ပါသည်။

သို့ဖြစ်၍ သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်း စသည်တို့ကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ နုတ်ပယ်ခြင်း စသည်တို့ကို ပြုလုပ်တော်မူကြရာ၌ အခြားပုဂ္ဂိုလ်များက မလှုပ် မချောက်ချားနိုင်လောက်အောင် ပျော့ကွက် ဟာကွက် ချို့ယွင်းချက်များ ကင်းစင်နိုင်သမျှ ကင်းစင်စေ၍ ဒေသစွဲ ဂိုဏ်းဂဏစွဲ ပုဂ္ဂိုလ်စွဲ စသည့် အစွဲအလမ်းတို့ကို ပယ်ရှားကာ သာသနာတော်၏ ရှေ့ရေးကိုသာ အလေးဂရုပြုတော်မူကြလျက် မိမိတို့ အချင်းချင်း စေ့စပ်သေချာစွာ ညှိနှိုင်းတိုင်ပင်၍လည်းကောင်း၊ ပညာရှင် ရဟန်း ရှင်လူတို့၏ အကြံဉာဏ်များကို ရယူ၍လည်းကောင်း၊ အဖန်ဖန် အထပ်ထပ် စိစစ်သုံးသပ်၍လည်းကောင်း သာသနာပြုစိတ်ဓာတ် ထက်သန်ပြည့်ဝစွာဖြင့် ပြင်ဆင် ဖြည့်စွက် နုတ်ပယ်ချက်များ ပြုလုပ်ဆောင်ရွက်တော်မူကြပါဟု အကြံပြုလျက် ဘုရားတပည့်တော်၏ သာရဏီယ သြဝါဒကထာကို နိဂုံးကမ္ပတ် အဆုံးသတ်ပါသည် နိုင်ငံတော် သံဃမဟာနာယက ဆရာတော် အရှင်မြတ်တို့ ဘုရား။

ဘဒ္ဒန္တကုမာရ
ဥက္ကဋ္ဌ
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့


+++++
စာညွှန်း
မြန်မာအလင်းသတင်းစာ၊ ၂၈-ဇွန်-၂၀၀၉

No comments:

Post a Comment