Pages

Wednesday, January 16, 2008

ဆရာတော်ဦးကေလာသ - ၃


(ဆရာတော်ဦးကေလာသ၏ ဘ၀ဖြစ်စဉ်အကျဉ်းကို ဆရာတော်၏ ဈာပနအခမ်းအနားနေ့က ဝေငှခဲ့ပြီး၊ ၁၉၉၆-ခုနှစ် ဇူလိုင်-သြဂုတ်လထုတ် မင်္ဂလာဂျာနယ် အတွဲ(၁) အမှတ်(၂)တွင်လည်း အများသူငါ ကြည်ညိုနိုင်ရန်အတွက် ထပ်မံ ထည့်သွင်း ဖော်ပြခဲ့ပါသည်။)

ဒီဃဘာဏက၊ သာသနဓဇ သိရီပ၀ရ ဓမ္မာစရိယ မင်္ဂလာရာမကျောင်းဆရာတော်

အရှင်ကေလာသ၊ သက်တော် (၆၀) သိက္ခာတော် (၄၀)၏ ထေရုပ္ပတ္တိအကျဉ်းချုပ်

အရှင်ကေလာသသည် မိတ္ထီလာခရိုင်၊ သာစည်မြို့အပိုင်၊ သဲပုံရွာ၊ ခမည်းတော် ဦးကောင်းငြိမ်း-မယ်တော် ဒေါ်ချောတို့မှ ၁၂၉၈-ခုနှစ် သီတင်းကျွတ်လဆန်း (၇)ရက် (၁၉၃၆-ခုနှစ် စက်တင်ဘာလ ၂၁-ရက်) တနင်္လာနေ့ နံနက် ၅ နာရီခွဲအချိန်တွင် ဖွားမြင်သည်။ အစ်ကိုတဦးနှင့် နှမနှစ်ဦး ရှိ၍ ဒုတိယမြောက် သားရတနာ ဖြစ်သည်။

သဲပုံရွာကျောင်းဆရာတော်ထံ ၁၁-နှစ်သားအရွယ်မှ စ၍ ပိဋကတ်အခြေခံ ကျမ်းစာများကို စတင် သင်ယူခဲ့သည်။ ထို့နောက် မန္တလေးမြို့အနောက်ပြင် မဟာဝိသုဒ္ဓါရုံတိုက်သစ် စည်ရှင်ကျောင်းသို့ သဲပုံရွာကျောင်းဆရာတော် ဦးတေဇ၀န္တက အပ်နှံ၍ အထက်တန်းပညာရပ်များကို ဆက်လက် သင်ယူစေခဲ့သည်။

မဟာဝိသုဒ္ဓါရုံတိုက်သစ်တွင် အထက်တန်းပညာများ သင်ကြား၍ စာမေးပွဲများ ၀င်ရောက် ဖြေဆိုရာ အစိုးရ အငယ်၊ အလတ်၊ အကြီးနှင့် စာချတန်းစာမေးပွဲများကို ဂုဏ်ထူးဆောင်ကျမ်းများနှင့်တကွ သာမဏေဘ၀ကပင် အောင်မြင်၍ “သာသနဓဇ သိရီပ၀ရ ဓမ္မာစရိယ”ဘွဲ့ကို ရရှိခဲ့သည်။

၁၃၁၉-ခုနှစ် ကဆုန်လဆန်း (၈)ရက်နေ့တွင် မန္တလေးမြို့ မဟာဝိသုဒ္ဓါရုံတိုက်သစ် ခဏ္ဍသိမ်တော်ကြီး၌ အဘိဓဇမဟာရဋ္ဌဂုရု ရွှေကျင်သာသနာပိုင် သက်တော်ရှည် စံကင်းဆရာတော်ဘုရားကြီးကို ဥပဇ္ဈာယ်ပြု၍ မန္တလေးမြို့ ၈၂-လမ်းနေ ဒေါ်ထွန်း၊ (မောင်) ကိုစံညွန့်၊ (တူ) မောင်ထွန်းဝင်း၊ (တူမ) အမာဌေး တို့၏ ပစ္စယာနုဂ္ဂဟ ခံယူလျက် မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်ရှိခဲ့သည်။

ရဟန်းဖြစ်ပြီးနောက် မဟာဝိသုဒ္ဓါရုံတိုက်သစ် စည်ရှင်ကျောင်း ပိုက်ကျုံးဆရာတော် ဦးဇာနေယျဗုဒ္ဓိ (အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ တွဲဘက် ရွှေကျင်သာသနာပိုင်) အထံတော်တွင် နိကာယ်ကျမ်းကြီးများကို အဋ္ဌကထာ၊ ဋီကာအဖွင့်များနှင့်တကွ ထပ်မံ သင်ယူ၍ ရဟန်းသိက္ခာ ၃-၀ါအရတွင် ‘တိပိဋကဓရ ရွေးချယ်ပွဲ’၌ သုတ္တန်သုံးကျမ်းလုံးကို အာဂုံပြန်စွမ်းနိုင်သဖြင့် “ဒီဃဘာဏက”ဘွဲ့ကို ရရှိခဲ့ပါသည်။ ထို့နောက် ရေးဖြေစာမေးပွဲကြီးကို ၀င်ရောက်ဖြေဆိုရာ “ဒီဃနိကာယကောဝိဒ”ဘွဲ့တံဆိပ်တော်ကိုပါ ရရှိသဖြင့် ပိဋကတပုံဆောင် တပုံအောင် ပုဂ္ဂိုလ်အဖြစ် ထင်ရှားတော်မူခဲ့ပါသည်။

အရှင်ကေလာသသည် စာသင်စာချ ပရိယတ္တိတာဝန် ထမ်းဆောင်ရုံမျှဖြင့် အားမရသေးဘဲ ပဋိပတ္တိတာဝန်ကိုလည်း ထမ်းဆောင်လိုပြန်သဖြင့် ရန်ကုန် မဟာစည် သာသနာ့ရိပ်သာ၌ အဂ္ဂမဟာပဏ္ဍိတ မဟာစည်ဆရာတော်ဘုရားကြီး၏ အရိပ်အာဝါသ ခိုလှုံ၍ သတိပဋ္ဌာန်တရား ပွားများ အားထုတ်ခဲ့ပါသည်။ ဉာဏ်စဉ်တရား နာကြားခွင့်ရခဲ့ရုံမျှမက ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရားကြီး ချီးမြှောက်မှုဖြင့် မဟာစည်သာသနာကျယ်ပြန့်အောင် ထမ်းဆောင်နိုင်ခဲ့ပါသည်။ ဆရာတော်ကြီး၏ ဓမ္မကျမ်းစာများကို သူတော်စင်တို့လက်ဝယ် ရောက်ရှိအောင် ကြိုးစား ရိုက်နှိပ် ဖြန့်ချိပေးခဲ့လေသည်။

အရှင်ကေလာသသည် အနေအထိုင် ကျစ်လစ်သိပ်သည်း၍ ကြည်ညိုဖွယ်ရာ ဥပဓိသမ္ပတ္တိနှင့် ပြည့်စုံသည်။ မဟာစည်ဆရာတော်ကြီးနှင့် ပုံပန်းသဏ္ဌာန် အလွန်တူ၍ အရပ်မှာ ငါးပေနှင့်ဆယ်လက်မခွဲမျှ ရှိသဖြင့် အရပ်အမောင်းကောင်းလှသည်။

၁၉၇၉-ခုနှစ်က မဟာစည်ဆရာတော်ကြီး နိုင်ငံရပ်ခြားသို့ သာသနာပြုခရီး ကြွရောက်ရာတွင် အရှင်ကေလာသလည်း နောက်ပါ တပည့်ရဟန်းတပါး (ပစ္ဆာသမဏ)အနေဖြင့် အနီးကပ် လိုက်ပါခွင့် ရရှိခဲ့ပါသည်။ မဟာစည်ဆရာတော်သည် အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိသောအခါ အရှင်သီလာနန္ဒာဘိဝံသ (အဂ္ဂမဟာပဏ္ဍိတ)နှင့် အရှင်ကေလာသတို့အား ထေရ၀ါဒသာသနာတော် ထွန်းသစ် ပြန့်ပွားရေးအတွက် တာဝန်ပေးတော်မူခဲ့ပါသည်။

ထိုတာဝန်ပေးချက်အရ မေရီလင်းပြည်နယ်၊ ဆေးလ်ဗားစပရင်းမြို့ရှိ မင်္ဂလာရာမကျောင်း၌ သီတင်းသုံး သာသနာပြုလာခဲ့သည်မှာ (၁၇)နှစ်တာမျှ ရှိခဲ့လေသည်။

အရှင်ကေလာသသည် ‘ရှင်ကျင့်ဝတ်နှင့် အခြေပြုဗုဒ္ဓဘာသာ’၊ ‘အလယ်တန်းဗုဒ္ဓဘာသာ’၊ ‘အခြေခံအဘိဓမ္မာ’၊ ‘သြ၀ါဒကထာပေါင်းချုပ်’တို့အပါအ၀င် ကျမ်းစာအုပ် ခြောက်အုပ်ကို မြန်မာနိုင်ငံ၌လည်းကောင်း၊ ‘အရှင်ကေလာသနှင့်အမေရိကန်သာသနာပြုခရီး’၊ ‘အမေရိကန်သာသနာပြုနှင့် အရှင်ကေလာသ’၊ ‘မင်္ဂလာရာမ အခြေခံသာသနာရေး (၁) (၂) (၃)’တို့ကို အမေရိကန်နိုင်ငံ၌လည်းကောင်း စုစုပေါင်း ကျမ်းစာ (၁၁)အုပ်ကို ရေးသား ပြုစုတော်မူခဲ့ပါသည်။

ဆရာတော်အရှင်ကေလာသသည် သာသနာပြုလုပ်ငန်းကို အစဉ်တစိုက် အားသွန်ခွန်စိုက် ကြိုးပမ်းရင်း လွန်ခဲ့သည့် ၁၉၉၅-ခုနှစ် စက်တင်ဘာလမှ စတင်၍ ရောဂါဝေဒနာ စွဲကပ်လာခဲ့ရာ ပါရဂူဆရာဝန်ကြီးများ၏ ကုသမှု ခံယူရင်း ၁၉၉၆-ခုနှစ် သြဂုတ်လ (၂၈)ရက် ညနေ ၃-နာရီ ၃၅-မိနစ်တွင် တဘ၀တာ အပန်းအနွမ်းများကို ဖြေဖျောက်လျက် ခန္ဓာဇာတ်သိမ်း အငြိမ်းယူတော်မူခဲ့ပါသည်။

No comments:

Post a Comment