Pages

Thursday, January 10, 2008

လောကချမ်းသာဘုရားကျောင်း၊ နယူးယောက်မြို့



ကာလ်တန်ရိပ်သာလမ်းနှင့် ဘားဂင်းလမ်းထောင့်သို့ ရောက်သောအခါ လိုက်ပို့သူ ၀မ်းကွဲအဒေါ်က ..ဟိုမှာတွေ့လား၊ ခေါင်မိုးပေါ်မှာ ရေစင်နဲ့ အဆောက်အဦကြီး၊ အဲဒါ ဘုန်းကြီးကျောင်းပဲ .. ဟု ဆိုသည်။ ဘားဂင်းလမ်းအတိုင်း ၀င်လာရာ လူနေအိမ် ၁၀-အိမ်ခန့်မျှ ဖြတ်ကျော်လာပြီးနောက် စီးပွားရေးဆိုင်ရာ စက်ရုံ အဆောက်အဦများ တွေ့ရ၏။ ဘုန်းကြီးကျောင်းသည်ပင်လျှင် စက်ရုံတခု၏ အစိတ်အပိုင်းတခု လေးထပ်တိုက်အဆောက်အဦ ဖြစ်လေသည်။


အပေါ်ဆုံး လေးထပ်တွင် ပလ္လင်တော်ထက်၌ စံပယ်နေသောလောကချမ်းသာဘုရားကြီးကို ကြည်ညိုဖွယ် ဖူးမြော်ရ၏။ ဘုရား၏နောက်ဘက် အခန်းငယ်လေးထဲတွင် လောကချမ်းသာဆရာတော် အရှင်ဣန္ဒက သီတင်းသုံး၏။

+ + + + + + + + + + + + + + + + + + + + + + + + + + + + + + + + +

အင်္ဂလန်နိုင်ငံမှ ဦးရေ၀တဓမ္မနှင့် အမေရိကန်နိုင်ငံမှ မစ္စတာ ဂျိုးဇက်ဂိုးလ်စတိန်းတို့၏ အတန်တန် ပင့်ဖိတ်ချက်အရ ၁၉၇၉-ခုနှစ်တွင် မဟာစည်ဆရာတော်ဘုရားကြီးသည် နောက်ပါဆရာတော်များဖြစ်ကြသော အရှင်သီလာနန္ဒာဘိဝံသ၊ အရှင်ဇနကာဘိဝံသ(ချမ်းမြေ့ဆရာတော်)၊ အရှင်ကေလာသ၊ အရှင်အဂ္ဂဓမ္မ၊ ကပ္ပိယ ဦးမြသိန်းတို့နှင့်အတူ ယိုးဒယား၊ ဂျပန်၊ အမေရိကန်၊ အင်္ဂလန်၊ ပြင်သစ်၊ ဆွစ်ဇာလန်၊ အီတလီ၊ ဟော်လန်၊ ဂျာမဏီနိုင်ငံများသို့ ဓမ္မဒူတခရီး ကြွချီတော်မူခဲ့ပါသည်။

၁၉၇၉-ခုနှစ် မေလ ၁၅-ရက်မှ ၂၀-ရက်ထိ နယူးယောက်မြို့တွင် သီတင်းသုံး နေထိုင်ခဲ့စဉ် မြန်မာမိသားစုများအား ဗုဒ္ဓဘာသာအသင်းအဖွဲ့တခု၊ ဘုန်းတော်ကြီးကျောင်းတခုရှိသင့်ကြောင်း သြ၀ါဒစကား မြွက်ကြားခဲ့သည်ဟု ဆို၏။ အမေရိကန်ပြည်ရှိ မြန်မာမိသားစုများ၏ လိုလားတောင့်တချက်အရ ဆရာတော်ဦးသီလာနန္ဒနှင့် ဆရာတော်ဦးကေလာသတို့ကို အမေရိကန်တွင် တနှစ်တာ သာသနာပြုရန် ထားရစ်ခဲ့လေသည်။

ဆရာတော်ဦးသီလာနန္ဒသည် အမေရိကန်ပြည်အနောက်ပိုင်းတွင်လည်းကောင်း၊ ဆရာတော်ဦးကေလာသသည် အမေရိကန်ပြည်အရှေ့ပိုင်းတွင်လည်းကောင်း အမေရိကန်ပြည်၌ပင် ပျံလွန်တော်မူကြသည်တိုင်အောင် ထေရ၀ါဒဗုဒ္ဓသာသနာပြန့်ပွားရေး သာသနာပြုလုပ်ငန်းများကို စွမ်းစွမ်းတမံ ထမ်းဆောင်တော်မူသွားခဲ့ကြပါသည်။

မဟာစည်ဆရာတော်ဘုရားကြီး၏ သြ၀ါဒ၊ ဆရာတော်ဦးကေလာသ၏ လမ်းညွှန်မှု၊ ဦးဟန်ကြူ၊ ဒေါက်တာဦးအောင်သိန်း၊ ဒေါက်တာဦးလှဖေ၊ ဦးပေါ်ဦး၊ ဦးဌေး၊ ဦးအေးကြူတို့၏ ဦးဆောင်မှုဖြင့် ၁၉၈၁-ခုနှစ် သြဂုတ်လ (၂၁)ရက်နေ့တွင် အမေရိကန်-မြန်မာ ဗုဒ္ဓဘာသာအသင်း ပေါ်ထွန်းလာခဲ့ပါသည်။

ဆရာတော်ဦးကေလာသသည် ၀ါရှင်တန်ဒီစီ (မေရီလင်းပြည်နယ်) မင်္ဂလာရာမဘုန်းတော်ကြီးကျောင်းတွင် သီတင်းသုံးပြီး၊ ၀ါရှင်တန် မြန်မာ-အမေရိကန် ဗုဒ္ဓဘာသာအသင်းကြီး၏ ပဓာန နာယကဆရာတော်နှင့် နယူးယောက်မြို့ အမေရိကန်-မြန်မာ ဗုဒ္ဓဘာသာအသင်းကြီး၏ အမြဲတမ်း သြ၀ါဒါစရိယဆရာတော် ဖြစ်လေသည်။

၁၉၈၃-ခုနှစ် ဇူလိုင်လ (၁၆)ရက်နေ့တွင် အမေရိကန်-မြန်မာ ဗုဒ္ဓဘာသာအသင်းကြီးက နယူးယောက်မြို့ ဘရောင့်အရပ်ရှိ ထိုင်းဘုန်းတော်ကြီးကျောင်းတွင် ပထမအကြိမ် ၀ါဆိုသင်္ကန်းကပ်ရန် စီစဉ်သောအခါ ဆရာတော်ဦးကေလာသသည် တင်နက်ဆီပြည်နယ် နက်ရှ်ဘီးမြို့သို့ ရောက်ရှိနေသော ဆရာတော် ဦးဣန္ဒကအား ပင့်ဖိတ်ခဲ့လေသည်။

ထိုင်းဘုန်းတော်ကြီးများသည် နယူးယောက်ပြည်နယ် အထက်ပိုင်းတွင် ဘုန်းတော်ကြီးကျောင်းအသစ်တခုကို ၀ယ်ယူခဲ့ပြီးဖြစ်ရာ လက်ရှိကျောင်းကို အေဘီဘီအေအား ဈေးသက်သာစွာဖြင့် ရောင်းချခဲ့သည်။ ၀ယ်ယူပြီးနောက် အသင်းအမှုဆောင်လူကြီးများက ရပ်ကွက်အခြေအနေ၊ လူအများ သွားလာရန် ခက်ခဲမှုအခြေအနေတို့ကြောင့် ကျောင်းဝယ်ယူမှုကို ဖျက်သိမ်းခဲ့သည်။ ထိုင်းဘုန်းတော်ကြီးများက ဆရာတော်ဦးဣန္ဒကတို့အား ၀ါကျွတ်သည်အထိ ဤကျောင်း၌ပင် သီတင်းသုံးခွင့်ပြုခဲ့ပြီး၊ အသင်းအမှုဆောင်လူကြီးများကလည်း ခြောက်လအတွင်း ဘုန်းတော်ကြီးကျောင်းအသစ်တခု ၀ယ်ယူရန် သဘောတူညီခဲ့ကြသည်။

အေဘီဘီအေအသင်းကြီးသည် ခြောက်လအတွင်း ယခုလက်ရှိ အမှတ်(၆၁၉) ဘားဂင်းလမ်း၊ ဘရုတ်ကလင်ရှိ ကျောင်းကို ၀ယ်ယူနိုင်ခဲ့ပြီး၊ အဆောက်အဦကို ပြင်ဆင်နေချိန်ကာလ၌ ဆရာတော်ဦးဣန္ဒကသည် မင်ဟတ်တန် ဘရုမ်းလမ်း အမှတ်(၄၅၀) ဦးဟန်ကြူ၏ ပဲပြားစက်ရုံအထက်ထပ်၌ ခေတ္တ သီတင်းသုံးခဲ့ရပါသေးသည်။

ဘုရားတကာ တကာမများဖြစ်ကြသော ပြည်မြို့မှ ဗူးစိမ်းကြီး လက်ဖက်ခြောက်ကုန်သည်ကြီး ဦးဘဦးနှင့် ဇနီးဒေါ်ခင်ရီ၊ မန္တလေးမြို့မှ လက်ဖက်ခြောက်ကုန်သည်ကြီး ဦးယောက်ကြည်နှင့် ဇနီးဒေါ်လှရင်၊ နယူးဂျာစီမှ ဦးတင်မောင်နှင့် ဇနီးဒေါ်ရွှေဥမိသားစုတို့နှင့်တကွ အရပ်ရပ်မှ အလှူရှင် မိသားစုများတို့၏ ကောင်းမှုကြောင့် ၁၉၈၅-ခုနှစ်တွင် လောကချမ်းသာဘုရားကြီး ကြွရောက် သီတင်းသုံးတော်မူသည့်အချိန်မှ စ၍ လောကချမ်းသာဘုရားကျောင်း ဟူ၍ အမည်တွင်ခဲ့လေသည်။

No comments:

Post a Comment