Thursday, August 29, 2013

အာနန္ဒတ္ထေရပဉှာဝတ္ထု၊ ဗောဓိပက္ခိယသင်္ဂဟနှင့် ဗဟုကာရသုတ္တန်တရားတော်

၂၀၁၃-ခုနှစ် သြဂုတ်လ (၁၇)ရက် စနေနေ့၊ လောကချမ်းသာ ဓမ္မသင်တန်းများအဖြစ် မွန်းလွဲ ၃-နာရီ ၁၅-မိနစ်တွင် ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတက ဓမ္မပဒ၊ ပုပ္ဖ၀ဂ်၊ ဂါထာ ၅၄-၅၅ `အာနန္ဒတ္ထေရပဉှာဝတ္ထု´ကိုလည်းကောင်း၊ မွန်းလွဲ ၄ နာရီခွဲမှ ၅း၁၅ နာရီထိ အရှင်ဉာဏိဿရ(မော်လူး)က အဘိဓမ္မာခုနစ်ကျမ်းအနက် ဓမ္မသင်္ဂဏီကျမ်း ကောက်နုတ်ချက်ကိုလည်းကောင်း၊ ညနေ ၅ နာရီခွဲမှ ၆း၁၅ နာရီထိ ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတက အဘိဓမ္မာသင်တန်း၊ သမုစ္စည်းပိုင်း၊ ဗောဓိပက္ခိယသင်္ဂဟကိုလည်းကောင်း သင်ကြား ပို့ချပေးကြ၏။

လောကချမ်းသာဆရာတော်က မွန်းလွဲ ၂ နာရီမှ ၃ နာရီ၊ တရားရှုမှတ်စဉ် ၀ိပဿနာဆိုင်ရာတရားတော်ကို ဟောကြား ချီးမြှင့်ပြီး၊ ညနေ ၆ နာရီခွဲ လောကချမ်းသာဆည်းဆာတရားပွဲတွင် အရှင်ဉာဏိဿရ(မော်လူး)က `ဗဟုကာရသုတ္တန်တရားတော်´ကို ဓမ္မဒါနပြု ဟောကြား၏။

DSC00185
DSC00187
DSC00190
DSC00193
DSC00188
DSC00218

Sunday, August 18, 2013

ဗုဒ္ဓသာသနာ ထွန်းဖို့ဆို၊ `အမာရီလို´မှ ကမ်းလင့်ကြို

နားလည်ချိန်သို့ ရောက်ခဲ့ပြီ

စာရေးသူတို့ ငယ်စဉ်တုန်းက ..စရထ ဘိက္ခဝေ စာရိကံ ဗဟုဇန ဟိတာယ.. အစရှိသည်ဖြင့် ဒေသနာပါဠိတော်တွေ ကျက်ခဲ့ဖူး မှတ်ခဲ့ဖူးပါရဲ့။

ကိုယ်တွေ့မပါသော စာတွေ့သက်သက်တွေမို့ ဆိုလိုရင်းအချက်တွေကို ထိုစဉ်က သဘောမပေါက်ခဲ့ပေမဲ့ အသက်အရွယ်ရလာ အခုအချိန်အခါမှာတော့ ဒီစာသဘော ဘုရားဟောကို စောကြောနားလည်လို့လာခဲ့ပါပြီ။

အဝိဇ္ဇာအမှောင်ကြီး ကျပြီးတော့ တစ်လောကလုံး အိပ်မောကျနေတဲ့ ကမ္ဘာလောကကြီးကို တရားစည်ကြီး ဆော်တီးပြီး ရိုက်နှိုးပေးခဲ့တဲ့ ဗုဒ္ဓမြတ်စွာသည် သူရဲ့ တပည့်သား သာဝကတွေကိုလည်းပဲ ကိလေသာ အမှောင်အောက် လမ်းလျှောက်နေကြတဲ့သူတွေ၊ လမ်းလျှောက်ရင်း လမ်းမပျောက်ကြအောင်လို့ လမ်းပြကြယ်တွေ အနေနဲ့ ခရီးတွေ ထွက်ကြ၊ ဝေနေယျအများ အကျိုးတရား ပွားများပါစေခြင်းအကျိုးငှာ တရားတွေ ဟောကြ စတဲ့ အပြောကျယ်လှတဲ့ အနက်အဓိပ္ပါယ်တွေဟာ ဒီစာပိုဒ်တွေရဲ့ နောက်ကွယ်မှာ တည်ရှိနေပါလားလို့ နားလည်သင့်တဲ့အချိန်သို့ ခုတော့ ရောက်ခဲ့ရပါပြီ။

မီးဝေးချိပ်အသွင် မဖြစ်စေချင်၍

မီးနဲ့ ဝေးတဲ့ ချိပ်များဟာ တဖြည်းဖြည်း မာကျောလာတတ်သလို ဗုဒ္ဓရဲ့ ဓမ္မတွေနဲ့ အတွေ့ အထိ အကြား နည်းပါးကြသူတွေရဲ့ စိတ်များဟာလည်း တဖြည်းဖြည်းနဲ့ ခက်ထန် မာကျောလာနိုင်ပါတယ်။ ဓမ္မလမ်းက သွေခွာပြီး ကာမလမ်းပေါ်တွင်သာ လျှောက်လှမ်း ပျော်ရွှင်နေကြလေတော့ ပူလောင်မှုဗလပွနဲ့ ဖြစ်နေကြရပါတယ်။

ဓမ္မလမ်းက အေးချမ်းသလောက် အကျိုးများတာကို တွေးသိတော်မူကြလို့ ဝေနေယျတွေကို အကျိုးများစေချင်လို့ ပြည်တွင်းပြည်ပ ဒေသအသီးသီးမှ သီလ သမာဓိ ပညာ သိက္ခာသုံးပါး မြင့်မားတော်မူကြသည့် သံဃာတော်အရှင်မြတ်တို့ဟာ ကမ္ဘာအရပ်ရပ်သို့ လှည့်ပတ်ပြီး မြဗုဒ္ဓရဲ့ မြတ်ဓမ္မတွေကို ဖြန့်ဝေနေကြတာပါလားလို့လဲ ဆင့်ပွားလို့ တွေးမိပါတယ်။

အမျိုးပျောက်မှာ စိုးကြောက်စရာ

တိုင်းတပါးယဉ်ကျေးမှုတွေ အားကောင်းလေလေ ကိုယ်ပိုင်ယဉ်ကျေးမှုတွေ အားနည်းလေလေဆိုတာ မြန်မာပြည်တွင်း ပြန်ကြည့်ရင်ပဲ သိသာလှနေပါပြီ။ အမေရိကန် အစရှိတဲ့ အနောက်နိုင်ငံ အသီးသီး ရောက်နေသူတွေအဖို့တော့ အနောက်တိုင်း ယဉ်ကျေးမှု ဓလေ့စရိုက် ရေစီးချောင်းမှာ မျောပါလိုက်မယ်ဆိုရင်ဖြင့် ခေတ်လှိုင်းတိုက်စားလို့ ဘဝကမ်းပါးတွေ ပြိုလဲကုန်ကာ ကိုယ်ပိုင်ယဉ်ကျေးမှု စရိုက်လက္ခဏာတို့ ပျောက်ကွယ်လွယ်မှာ သေချာနေပါပြီ။

ရှေးလူကြီး သူမတွေက...တောတိုးတော့ ပုဆိုးစုတ်၊ မြို့တိုးတော့ အမျိုးယုတ်၊ ပြည်ပရောက်တော့ အမျိုးပျောက်...လို့ ဆိုခဲ့ကြတာကို နားမှာ ပြန်ကြားယောင်မိသည့်အခါ ကိုယ့်အမျိုးဘာသာ သာသနာ ပျောက်မှာ စိုးကြောက်လာမိပါတော့တယ်။

s2 1716 s2 1730 s2 1791

ရွာကျော်ခဲပစ် ထုံးစံဖြစ်နေ

တကယ်တော့ မြန်မာဆိုတာ ကိုယ်ပိုင်ယဉ်ကျေးမှု မြင့်မားတဲ့ နိုင်ငံပါ။ ရှေးကတည်းက ကိုယ့်ထီး ကိုယ့်နန်း ကိုယ့်စာပေ ကိုယ့်ယဉ်ကျေးမှုတွေနဲ့ ပြည့်နေတဲ့ နိုင်ငံဖြစ်သလို ဗုဒ္ဓဘာသာ အခြေခံသည့် စာရိတ္တ အသိပညာတို့ဖြင့် တင့်တယ် ဝင့်ထယ်ခဲ့တဲ့ နိုင်ငံပါ။ အုပ်ချုပ်သူ မကောင်းတာနဲ့ နိုင်ငံအထိ လိုက်ပြီး အပြစ်မတင်သင့်ဘူးလို့ ထင်မိပါတယ်။

အမိမြန်မာနိုင်ငံမှာ ပေါက်ဖွားခဲ့ကြတဲ့ မိမိတို့ဟာလည်း အမိနိုင်ငံရဲ့ ဂုဏ်သိက္ခာနဲ့အညီ ကိုယ်ပိုင် အမျိုးသား ယဉ်ကျေးမှု ဓလေ့ထုံးစံတွေကို ထိမ်းသိမ်းထားနိုင်ဖို့ ကြိုးစားသင့်ကြပါတယ်။

ထို့အပြင် မိမိတို့ရဲ့ သားသမီးများကိုလဲ လက်ဆင့်ကမ်း အမွေ ပေးထားသင့်တဲ့အထဲမှာ မြန်မာတို့ရဲ့ အစဉ်အလာ ယဉ်ကျေးမှု ဓလေ့ ထုံးစံတွေနဲ့ ကိုးကွယ်ရာ ဘာသာတရားဟာ ထိပ်ဆုံးနားက ပါသင့်တယ်လို့ ထင်မိပါတယ်။

ဒါပေမဲ့ မြင်ရတဲ့ မြင်ကွင်းတွေကတော့ သားသမီိးတွေ အင်္ဂလိပ်ဘာသာ ကျွမ်းကျင်နေတာကိုပဲ တကယ့်ဂုဏ်ယူစရာလို့ ထင်နေကြခြင်းပါ။ စာရေးသူအမြင်မှာတော့ ဒီ နိုင်ငံမှာ ကျောင်းတက် နေထိုင်နိုင်ခွင့် ရနေမှတော့ အင်္ဂလိပ်ဘာသာစကားနဲ့ စာပေတွေကို တတ်မြောက်နေခြင်းကို အထူးပြု ဂုဏ်ယူဖွယ်တစ်ခုဟု မထင်တော့ပါဘူး။ မိခင်ဘာသာ စကားကို များများ ပြောဆိုနိုင်ပြီး မိခင်ဘာသာကို အလေးထားနိုင် စာပေကို ရေးနိုင် ဖတ်နိုင်တာမှ ဂုဏ်ယူစရာလို့ ထင်ပါတယ်။

အကျိုးမရှုံးအောင် အကျိုးဆောင်နေ

မြန်မာစစ်စစ် ဖြစ်ပြီး မြန်မာစကားမှ မပြောတတ် မြန်မာစာမှ မရေးတတ် မဖတ်တတ်ဘူးဆိုရင် မြန်မာဖြစ်ရကျိုး နပ်မည် မထင်ပါ။ မြန်မာကွန်မြူနတီအတွင်း ကျင်းပလေ့ရှိတဲ့ သာရေးနာရေး လူမှုရေးပွဲတွေမှာလည်း မြန်မာစာနဲ့ မြန်မာစကားကိုပဲ အဓိကထား အသုံးပြုနေကြတာပါ။

ထို့အပြင်ကမ္ဘာအရပ်ရပ်မှ သာသနာပြုအကျော် သံဃာတော်တွေ ကြွလာတဲ့အခါမှလည်း သိသင့် သိထိုက်ရာ ဗုဒ္ဓဒေသနာတော်တွေကို မြန်မာစကားတွေနဲ့ပဲ ဟောကြားပြသကြားတာ များပါတယ်။ ဒီ ဗုဒ္ဓဒေသနာတွေမှာ ပစ္စုပ္ပန် ဘဝနေနည်းများစွာ ပါဝင်နေသလို သံသရာဒုက္ခခပ်သိမ်းမှ လွတ်ငြိမ်းကြောင်း နည်းလမ်းကောင်းတို့လည်း ပါဝင်နေပါတယ်။ မြန်မာစာ မတတ် မြန်မာစကားနားမလည်လို့ ဒီတရားတွေနဲ့ သွေဖယ်နေခဲ့မယ်ဆိုရင် ဗုဒ္ဓဘာသာ ဖြစ်ရကျိုးလဲ ရှိနိုင်မည် မထင်ပါ။

ဒါတွေကို သိနေတဲ့ အမေရိကန်ရောက် သံဃာတော်များသည်လည်း မိမိတို့ လက်လှမ်းမှီရာ မျိုးဆက်သစ်တွေကို စာပေ ယဉ်ကျေးမှု သင်တန်းတွေပေးပြီး အကျိုးဆောင်နေပါတယ်။ နယ်လှည့် ဓမ္မကထိကတွေ ကြွလာ တရားဟောပေးတာဟာလည်း ဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ်သူတွေရဲ့ အကျိုးတွေ မဆုံးရှုံးဆောင် အကျိုးဆောင်ပေးနေကြခြင်း တမျိုးလို့ပဲ တွေးမြင်မိပါတယ်။

လသာတုန်းမှာ ဗိုင်းငင်ပါ

အချိန်ဆိုတဲ့ သဘောဟာ ကုန်လွယ်တဲ့ သဘောရှိပါတယ်။ လျင်မြန်လှတဲ့ ဒီအချိန်ကို တန်ဖိုးသိသိ အကျိုးရှိရှိ အသုံးချနိုင်သူတွေမှာတော့ အချိန်ကို အနိုင်ရပြီး တန်ဖိုးရှိတဲ့ သူတွေ ဖြစ်လာရပါတယ်။ အပြန်လှန်အားဖြင့် အချိန်ကို ဖြုန်းနေသူတွေမှာတော့ အချိန်ရဲ့ ဝါးမျိုခြင်းကို ခံရပြီး အချည်းအနှီး တန်ဖို့မဲ့တဲ့ ဘဝပိုင်ရှင်တွေ ဖြစ်သွားရပါတယ်။ ဒီလို အဓိပ္ပါယ်မဲ့ ဘဝကို မရချင်ကြဘူးဆိုရင်ဖြင့် မိုးရွာတုန်း ရေခံ၊ လသာတုန်း ဗိုင်းငင် ဆိုသလို မြန်မာစာပေနဲ့ စကားတွေကို သင်ယူခွင့်သာတုန်း သင်လိုက်ပြီး နာမည်ကျော် ဆရာတော်တွေ မိမိဒေသ ကြွလာသည့်အခိုက်မှာလည်း သွားရောက်ပြီး တရားဓမ္မတွေ နာယူ မှတ်သားသင့်လှပါတယ်။

s2 1806 s2 1863 s2 1897

သာသနာရောက် ဘေးဆိုးပျောက်နိုင်

ဆရာတော် သံဃာတော်များ ကြွလာသည့်အခါမှာ များစွာသော လောကီ လောကုတ္တရာ နှစ်ဖြာသော ဗဟုသုတတွေ၊ အသိအလိမ်မာ ဉာဏ်ပညာကြီးကြောင်း တရားတွေ၊ ကိုယ်စိတ်အေးကြောင်း ဝဋ်ဆင်းရဲမှ လွတ်မြောက်ကြောင်း တရားတွေ၊ နာကြားရမှာ မလွဲပါဘူး ။ ထို့ပြင် သီလ သမာဓိ ပညာလို့ဆိုတဲ့ ဗုဒ္ဓသာသနာရဲ့ အနှစ်သာရများကိုလဲ ပွားများဆည်းပူးခွင့်ရနိုင်မှာ ဖြစ်ပါတယ်။

ကိုယ့်မြို့ကိုယ့်ရွာကို ကြွလာတဲ့ဆရာတော်တွေသည် သူတို့၏ နှလုံးသားမှာ သာသနာရဲ့ အနှစ်သာရတွေ ထည့်ထားပြီး သာသနာတော်ကြီး ပြန့်ပွားအောင် စွမ်းဆောင်နေတဲ့ သံဃာတော်ဖြစ်တဲ့အလျှောက် သူတို့နဲ့အတူ သာသနာဆိုတာလဲ ကပ်ပါလာမှာပါ။ အဓိကတော့ မြတ်စွာဘုရားရဲ့ သွန်သင်ညွှန်ပြ တရားဓမ္မတွေပေါ့။ ဒီ တရားဓမ္မတွေဟာ လိုက်နာကျင့်သုံးသူတွေကို ဘေးကင်းစေ ရန်ကင်းစေပြီး ကောင်းကျိုးတွေ ဝေစေတာမျိုးပါ။

ဒီတော့ သာသနာရောက်ရှိပြန့်ပွားတဲ့ဒေသဆိုရင် ဘေးရန်ကင်းကွာပြီး လောကီ လောကုတ္တရာ ချမ်းသာအမျိုးမျိုး တိုးပွားလာစေမှာ မလွဲပါဘူးလို့ ယုံကြည်မိပါတယ်။

မင်္ဂလာအပေါင်း ခညောင်းစေနိုင်

ဒေသအတွင်း မှီနေသူတို့ရဲ့ ပုဗ္ဗေစ ကတပုညတာ မင်္ဂလာ အရှိန်အဝါကြောင့် သာသနာပြုဆရာတော်တွေ ကြွလာပြီဆိုရင်ဖြင့် အနည်းဆုံး သာမဏာနဉ္စ ဒဿန မင်္ဂလာတော့ ဖြစ်မှာ မလွဲပါဘူး။ ဒီမှ တဆင့်တက်လိုက်ရင် ဒါနဉ္စမင်္ဂလာ၊ ကာလေနဓမ္မသဝနမင်္ဂလာ၊ ဓမ္မသာကစ္စာမင်္ဂလာ စသည် စသည်ဖြင့် ပြောမကုန်သော မင်္ဂလာတရားတွေ တိုးပွားလာမှာ သေချာပါတယ်။

ဒီ မင်္ဂလာတရားတို့ နောက်ကွယ်မှာတော့ အဆွယ်အပွားအနေဖြင့် ကောင်းကျိုးချမ်းသာ ကျက်သရေအဖြာဖြာတို့ဟာ တက်နေအလား တိုးတက်လာတော့မှာ မလွဲဧကန် ဖြစ်ပါတော့တယ်။

သာသနာပြန့်ရန် စိတ်ရည်သန်

စာရေးသူ အမေရိကန် ရောက်ရှိနေခဲ့တာ သုံးနှစ်ရှိပါပြီ။ ခဏဆိုသော ဒီအချိန်သည် မျှော်နေသူအတွက် ကြာလွန်းတယ် ထင်ရပေမဲ့ ပရဟိတအလုပ်တွေနဲ့ ပျော်နေသူအတွက်တော့ မြန်လွန်းနေပါတယ်။

သာသနာမရှိသေးတဲ့ အရပ်မှာ သာသနာရှိအောင်၊ ရှေးဆရာတော်များ မျိုးစေ့ချထားသွားတဲ့ သာသနာတော်ကို ထွန်းကားအောင် စွမ်းဆောင်ရင်းနေလာခဲ့ခြင်းမို့ ပျင်းချိန်ကို မရခဲ့ပါဘူး။

ဗုဒ္ဓသာသနာ ပြန့်ပွားရန် ရည်သန်လျှက် အမျိုး ဘာသာ သာသနာအတွက် ဂုဏ်ရောင်တက်အောင် အဘက်ဘက်က ကြိုပမ်းခဲ့လို့ အောင်ပန်းတွေလဲ ဆင်ခဲ့နိုင်ပါပြီ။

s2 1658 s2 1672 s2 1695

ရင်ထဲဖြေတွေး စိတ်ကိုအေးစေ

သို့သော်လည်း မိမိလို သာမာန် ရဟန်းငယ်တစ်ပါး ဟောပြော သာသနာပြုနေခြင်းထက် တိုင်းသိပြည်ကျော် ဆရာတော်တွေ ကြွလာချီးမြှောက်မည်ဆိုပါလျှင် ဗုဒ္ဓဘာသာဝင်တွေအတွက် များစွာအကျိုးဖြစ်ထွန်းနိုင်မှာ သေချာပါတယ်။ ဒါပေမဲ့ စာရေးသူတို့မြို့နေသူတွေရဲ့ ကံဇာတာပဲ အားနည်းနေသလား မသိပါဘူး။ တိုင်းနိုင်ငံ ဒေသအသီးသီးမှ နိုင်ငံကျော် ဓမ္မကထိကဆရာတော်ပေါင်းများစွာ အမေရိကန်သို့ ကြွလာသော်ငြား စာရေးသူရဲ့ တောမြို့လေးဆီကိုတော့ ကျော်သွားလေ့ရှိတာ သတိပြုမိပါတယ်။ မြို့ကြီးပြကြီးနဲ့ အလှမ်းဝေးတာက တစ်ကြောင်း၊ ဆက်သွယ်မှု မကောင်းတာ တစ်ကြောင်း၊ နာမည်ကြီးတို့ရဲ့ ဂုဏ်ရှိန်ကျော်ဇောမှုနဲ့ လိုက်ဖက်ညီအောင် မစွမ်းဆောင်နိုင်တာတွေက တစ်ကြောင်း စသည် စသည် အကြောင်းကြောင်းတွေကြောင့် ကိုယ်ဘက်ကလဲ မပင့်ဖိတ်နိုင်သလို ဆရာတော်တို့ကလဲ မကြွရောက် မချီးမြှောက်နိုင်ကြတာ ဖြစ်မယ်လို့ ဖြေတွေး တွေးရပါတယ်။

ကူညီဖေးမ ဓမ္မဒါန

ပြည်တွင်းပြည်ပ နိုင်ငံဒေသအသီသီးက နာမည်ကျော် ဓမ္မကထိကကြီးတွေ ဆရာတော်ကြီးတွေကို အဓိက စပွန်ဆာပေးပြီး ပင့်ဆောင်ကြသည်က နယူးယောက်၊ ကာလီဖိုးနီးယား အစရှိသည့် ဒေသကြီးတွေမှာ နှစ်ပေါင်းများစွာ အခြေချနေထိုင်ကြပြီး စေတနာ သဒ္ဓါအား ကြီးမားကြတဲ့ ပုဂ္ဂိုလ်များပါ။ ဒီလို ပင့်ဆောင်ကြခြင်းသည် ဆရာတော်များ၏ သာသနာပြု လုပ်ငန်းများကို အားပေးထောက်ပံ့ရင်း အမေရိကန်ရှိ ဗုဒ္ဓဘာသာဝင် အပေါင်းတို့ကို တရားအလှူ ပေးလှူနိုင်ဖို့လို့ ယုံကြည်မိပါတယ်။

ဒီလိုဆိုရင်ဖြင့် ဒီဆောင်းပါးလေးနဲ့ပဲ တိုက်တွန်းလိုက်ပါရစေ။

မိမိတို့ အမာရီလိုမြို့လေးမှာလဲ များစွာသော မြန်မာနိုင်ငံဖွားတွေ ရှိပါတယ်၊ တရားတော်များကိုလဲ နာယူ မှတ်သားလိုပါတယ်၊ တရားပွဲတွေကို အကျိုးဆောင် ကုသိုလ်ယူ ကျင်းပပူဇော်လှူဒါန်းလိုတဲ့ မြန်မာထေရဝါဒ ဗုဒ္ဓဘာသာ အသင်းလဲ ရှိနေသလို သာသနာအတွက် သဒ္ဓါလက်ဖြင့် စွမ်းနိုင်ရာဝန် ကျေပွန်ကြမည့် အကျိုးဆောင်ကုသိုလ်ရှင်တွေကလဲ အားခဲလို့ စောင့်ကြိုနေကြပြီ ဖြစ်ပါကြောင်း သတင်းကောင်းပါးလိုက်ပါရစေ။

စွမ်းနိုင်ကြသူ ရဟန်းရှင်လူများက ကူညီဖေးမ ဓမ္မဒါန ပြုနိုင်ကြပါကြောင်း တိုက်တွန်းနှိုးဆော်လိုက်ပါရစေ။

s2 1952
သာသနာပြုရန် ဖိတ်မာန်ပါသည်

ယခုတော့ဖြင့်မူ စာရေးသူနေတဲ့ ဓမ္မရိပ်သာလေးသည် အမာရီလိုနဲ့ ဒေသ ပတ်ဝန်းကျင်မှာ တည်မှီ နေကြတဲ့ များစွာသော စေတနာရှင်တွေရဲ့ ပံ့ပိုးမှုကြောင့် ကြီးငယ်မဟူ ကြွလာသူ ထေရ်သံဃာတို့၏ ဆွမ်း သင်္ကန်း ကျောင်း ဆေးအတွက် မပူမပင်ရ၊ အေးမြချမ်းသာ လိုအင်ဆန္ဒပြည့်အောင် စုပေါင်းဆွမ်းဆောင်လို့ နိုင်ပါပြီ။ လေးဧကနီးပါး ကျယ်ပြန်တဲ့ ကျောင်းဝန်းအတွင်းမှာ ဘုရားဆောင်၊ သံဃာဆောင်နဲ့အတူ ပရိတ်သတ် တစ်ရာကျော်ကို တရားဟော တရားပြနိုင်လောက်တဲ့ ဓမ္မာရုံလေးလဲ ရှိခဲ့ပြီမို့ အမေရိကန်သို့ သာသနာပြုရန်အတွက် ကြွရောက်လာကြသော အမိမြန်မာပြည်ဒေသအသီးသီးမှ သာသနာပြု နည်လှည့် ဓမ္မကထိကအကျော် ဆရာတော် အသီးသီးတို့အားလဲ ဒီဆောင်းပါးလေးဖြင့် ဖိတ်မာန် ပင့်လျှောက်လိုက်ပါရစေ။

s2 1975

ဗုဒ္ဓသာသနာ ထွန်းဖို့ဆို၊ `အမာရီလို´က ကမ်းလင့်ကြို

ဗုဒ္ဓ သာသနံ စိရံ တိဋ္ဌတု ဟု အာရုံပြုပြီး ဝေနေယျများ အကျိုးစီးပွား ထွန်းကားစေဖို့အတွက် အမေရိကန် နိုင်ငံဆီ ကြွရောက်လာဖြစ်ခဲ့ရင်ဖြင့် တက္ကဆက်ပြည်နယ်အတွင်းက အမာရီလိုမြို့လေးဆီသို့လဲ သာသနာပြုကြွရောက် ချီးမြှောက်တော်မူကြပါရန်နှင့် အမာရီလိုဒေသဝန်းကျင်ရှိ များစွာသော မြန်မာထေရဝါဒ ဗုဒ္ဓဘာသာဝင်များအပေါင်းအား သာသနာတော်၏ အနှစ်သာရ ဒါန သီလ ဘာဝနာအမှုများ ပြုလုပ်အားထုတ်ခွင့် ပေးတော်မူကြမည်ဆိုရင်ဖြင့် မည်သည့်ပြည်တွင်း ပြည်ပ သာသနာပြု ဆရာတော်ကိုမဆို အမာရီလိုမြို့လေးဆီမှ သဒ္ဓါလက်များဖြင့် ကမ်းလင့်လို့ ကြိုဆိုနေမည်သာ ဖြစ်ပါကြောင်း ဒီဆောင်းပါးလေးဖြင့် သတင်းကောင်းပါးရင်း စာရေးသူရဲ့ ရင်တွင်းက ချဉ်ခြင်းဆန္ဒကို ဒီမျှဖြင့်ရပ်နားလိုက်ပါရစေ။

မေတ္တာသီသေန စိတ္တေန

ဇေယျသုခ အရှင်နန္ဒဝံသ

(Amarillo,TX,U.S.A)

လောကချမ်းသာဆရာတော်ကြီး၏ (၇၃)နှစ်မြောက် မွေးနေ့ပူဇာမင်္ဂလာ

အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်း၊ နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း ပဓာနနာယကဆရာတော် လောကချမ်းသာဆရာတော်ကြီး၏ (၇၃)နှစ်မြောက် မွေးနေ့မင်္ဂလာ ပူဇော်ပွဲကို ၂၀၁၃-ခုနှစ် သြဂုတ်လ (၁၁)ရက် တနင်္ဂနွေနေ့တွင် လောကချမ်းသာဘုရားကျောင်းတော်၌ ကျင်းပ ပြုလုပ်ရာ ဘုရားအမှူးရှိသော သံဃာတော်များကို စုပေါင်း၍ နေ့ဆွမ်း ဆက်ကပ် လှူဒါန်းကြ၏။

မွန်းလွဲ (၁)နာရီတွင် လောကချမ်းသာဆရာတော်ကြီးအား စုပေါင်း ကန်တော့ကြပြီး၊ ဆရာတော်က မွေးနေ့မင်္ဂလာ သြ၀ါဒစကား ချီးမြှင့်လေသည်။

DSC00084
DSC00085 DSC00088 DSC00089 DSC00130
DSC00133

Wednesday, August 14, 2013

(၁၀)ကြိမ်မြောက် မဟာစည်ဆရာတော်ဘုရားကြီး ဂုဏ်ရည်ပူဇော်ပွဲနှင့် စုပေါင်း ရှင်ပြု ရဟန်းခံပွဲ

၂၀၁၃-ခုနှစ် သြဂုတ်လ (၄)ရက် တနင်္ဂနွေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ (၁၀)ကြိမ်မြောက် မဟာစည်ဆရာတော်ဘုရားကြီး၏ ဂုဏ်ရည် ပူဇော်ပွဲနှင့် စုပေါင်း ရှင်ပြု ရဟန်းခံပွဲကို ကျင်းပ၏။

ရှေးဦးစွာ `နမော တဿ´ဘုရားရှိခိုးကို သုံးကြိမ် ရွတ်ဆို ပူဇော်၍ အခမ်းအနား ဖွင့်လှစ်ပြီး ငါးပါးသီလခံယူဆောက်တည်ခြင်းနှင့် ပရိတ်တရားတော် နာယူခြင်းတို့ကို ပြုလုပ်၏။

အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်း အတွင်းရေးမှူး ဦးစောဝင်းက သာသနာလျှောက်စာတန်း ဖတ်ကြားပြီး၊ လောကချမ်းသာဆရာတော်က သြ၀ါဒစကား မိန့်ကြား၏။

ထိုနောက် ဆရာတော် ဦးဝိမလနှင့် ဆရာတော် ဦးဉာဏိဿရ (မော်လူး)တို့က မဟာစည်ထေရ ၀န္ဒနာပူဇာများ ရွတ်ဆို ပူဇော်ခြင်း၊ ဦးစောဝင်းက မဟာစည်ထေရ ဂုဏကထာ ဖတ်ကြား ပူဇော်ခြင်း၊ ဓမ္မမိတ်ဆွေ ဧည့်ပရိတ်သတ်အပေါင်းက မဟာစည်ဘုန်းတော်ဘွဲ့ လင်္ကာများ ရွတ်ဆိုပူဇော်ကြ၏။

ယင်းနောက် မုံရွာမြို့ ချမ်းအေးမဟာစည်ရိပ်သာဆရာတော် ဘဒ္ဒန္တနာရဒဓဇ (ဓမ္မကထိက ဗဟုဇနဟိတဓရ) အရှင်သူမြတ်က မဟာစည်ထေရ ဂုဏကထာ ဒေသနာ ဟောကြား ချီးမြှင့်ပြီး၊ အလှူရှင်မိသားစုဖြစ်သော ဦးထွန်းထွန်းလေး + ဒေါ်ဆွေဝင်းမာ၊ သမီး ဇွန်မေခင် မိသားစုနှင့် ဧည့်ပရိသတ်အပေါင်းတို့က ကောင်းမှုကုသိုလ်တို့ကို ရေစက်သွန်းချ အမျှပေးဝေကြကာ `ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု´ သုံးကြိမ် ပြိုင်တူ ညီညာ ရွတ်ဆိုကြပြီး အခမ်းအနားကို အဆုံးသတ်ကြ၏။

IMG_1815
(အခမ်းအနားဖွင့်၊ သီလယူ၊ ပရိတ်တရားနာ)
IMG_1822 IMG_1823
(သာသနာလျှောက်)
IMG_1824
(လောကချမ်းသာဆရာတော်၏ သြ၀ါဒ)
IMG_1825
(ဆရာတော် ဦးဝိမလ၏ မဟာစည်ထေရ ၀န္ဒနာပူဇာ)
IMG_1826
(ဆရာတော် ဦးဉာဏိဿရ၏ မဟာစည်ထေရ ၀န္ဒနာပူဇာ)
IMG_1827
(ဦးစောဝင်း၏ မဟာစည်ထေရ ဂုဏကထာ ပူဇာ)
(ဓမ္မမိတ်ဆွေ ဧည့်ပရိတ်သတ်အပေါင်း၏ မဟာစည်ဘုန်းတော်ဘွဲ့ ပူဇာ)
IMG_1828
(မုံရွာမြို့ ချမ်းအေးမဟာစည်ရိပ်သာဆရာတော်၏ မဟာစည်ထေရ ဂုဏကထာ ဒေသနာနှင့် ရေစက်ချ)
IMG_1831

Thursday, August 1, 2013

ပိုင်းလော့ဆရာတော် တရားပွဲ (၃၀-ဇူလိုင်-၂၀၁၃)

IMG_1809

၂၀၁၃ ခု ဇူလိုင်လ (၃၀)ရက် အင်္ဂါနေ့ ညနေတွင် လောကချမ်းသာဘုရားကျောင်းတော်၌ ပိုင်းလော့ဆရာတော်၏ တရားပွဲကို ကျင်းပပြုရာ ဘုရားရှင်တို့၏ အဆုံးအမဖြစ်သော `မကောင်းမှု ရှောင်၊ ကောင်းမှု ဆောင်၊ ဖြူအောင် စိတ်ကိုထား´ တရားတော်ကို ဓမ္မဒါနပြု ချီးမြှင့်သွားလေသည်။

IMG_1811