Friday, January 18, 2013

သောရေယျတ္ထေရ၊ သေခြင်းလေးမျိုးနှင့် ရှောင်လွှဲ၍ မရသောလမ်း

၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁၂ ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ ဓမ္မသင်တန်းများကို ပြုလုပ်ရာ မွန်းလွဲ ၂ နာရီမှ ၃ နာရီ တရားရှုမှတ်ကြစဉ် လောကချမ်းသာဆရာတော်က ၀ိပဿနာဆိုင်ရာတရားတော်ကို ဟောကြား ချီးမြှင့်၏။

IMG_1537

+++++

မွန်းလွဲ ၃း၁၅ နာရီမှ ၄း၁၅ နာရီ ဓမ္မပဒသင်တန်းတွင် ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတက စိတ္တ၀ဂ်၊ ဂါထာ ၄၃-သောရေယျတ္ထေရ၀တ္ထုကို ပို့ချပေး၏။

IMG_1540
IMG_1541

+++++

ညနေ ၄ နာရီခွဲမှ ၅ နာရီခွဲ အဘိဓမ္မာသင်တန်းတွင် ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတကပင် ၀ီထိမုတ်ပိုင်း၊ အရူပကုသိုလ်ကံများ၏အကျိုးပေး၊ သေခြင်းလေးမျိုးတို့ကို သင်ကြား ပို့ချပေး၏။

IMG_1543
IMG_1546

+++++

ညနေ ၆ နာရီကျော် လောကချမ်းသာဆည်းဆာတရားပွဲအဖြစ် ဆရာတော် အရှင်ဝိမလက `ရှောင်လွှဲ၍ မရသောလမ်း´တရားတော်ကို ဓမ္မဒါနပြု ဟောကြား၏။

IMG_1548

တရားပွဲပြီးသော် ကောင်းမှုကုသိုလ် အ၀၀တို့ကို အမျှပေးဝေကြ၏။

သာဓု ... သာဓု ... သာဓု။

Monday, January 7, 2013

ABBA 2013 New Year Ceremony

၂၀၁၃ ခုနှစ် အေဘီဘီအေ နှစ်သစ် ဆုတောင်း မေတ္တာပို့သပွဲကို နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၆ ရက် တနင်္ဂနွေနေ့တွင် ကျင်းပ ပြုလုပ်၏။
IMG_1534
IMG_1535
HappyNY-2013

Sunday, January 6, 2013

နန္ဒဂေါပါလက၊ ရူပကုသိုလ်ကံအကျိုးပေးနှင့် လမ်းမှန်ရောက်ပြီ အိုယောဂီ (၂) - (၃)

၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၅ ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ ဓမ္မသင်တန်းများကို ပြုလုပ်ရာ မွန်းလွဲ ၂ နာရီ မှ ၃ နာရီ တရားရှုမှတ်စဉ် လောကချမ်းသာဆရာတော်က ၀ိပဿနာဆိုင်ရာ တရားတော်ကို ဟောကြား ချီးမြှင့်ပေး၏။

IMG_1521

+++++

မွန်းလွဲ ၃း၁၅ နာရီမှ ၄း၁၅ နာရီအထိ ဓမ္မပဒသင်တန်းတွင် ဆရာတော်ဦးဥဂ္ဂပဏ္ဍိတက စိတ္တ၀ဂ်၊ ဂါထာအမှတ် ၄၂ - နန္ဒဂေါပါလက၀တ္ထုကို ပို့ချပေး၏။

IMG_1524
IMG_1525

+++++

ညနေ ၄ နာရီခွဲမှ ၅ နာရီခွဲ အဘိဓမ္မာသင်တန်းဝယ် ဆရာတော်အရှင်ဥဂ္ဂပဏ္ဍိတကပင် ၀ီထိမုတ်ပိုင်း၊ ရူပကုသိုလ်ကံ၏ အကျိုးပေးများအကြောင်းကို သင်ကြား ပို့ချပေး၏။

IMG_1527
IMG_1529

+++++

ညနေ ၆ နာရီ လောကချမ်းသာဆည်းဆာတရားပွဲတွင် အရှင်ဉာဏိဿရ(မော်လူး)က ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက် စနေနေ့ လောကချမ်းသာ တစ်နေ့တာတရားစခန်းတွင် ဟောကြားခဲ့သော `လမ်းမှန်ရောက်ပြီ အိုယောဂီ အပိုင်း(၂)´ -

- ၏ အဆက်ဖြစ်သော `လမ်းမှန်ရောက်ပြီ အိုယောဂီ အပိုင်း(၃)´ကို ဓမ္မဒါနပြု ဟောကြား၏။

IMG_1532

တရားပွဲပြီးသော် တစ်နေ့တာ ကောင်းမှုကုသိုလ်အစုစုတို့ကို အမျှပေးဝေကြလေသည်။

သာဓု ... သာဓု ... သာဓု။

Thursday, January 3, 2013

စိတ်နဲ့အလုပ် အလုပ်နဲ့စိတ်

ဆရာတော်။ ။ အေး ... ဘာမှ မကုန်ဘူးဗျာ့။ ဒါကြောင့် ဘုရားရွှေလက်ထက်တော်က ဘုရားဆုံးမတဲ့ အဆုံးအမတွေကို မှတ်ပြီးတော့ သည်လို လိုက်ကြတာဗျာ့။ ရှင်ဘုရင်တွေက ရှင်ဘုရင်လုပ်ရင်း၊ သူဌေးတွေက သူဌေးလုပ်ရင်း၊ ရှင်ဘုရင် သူဌေးမဟုတ်တဲ့ အားလုံးတို့မှာလဲ သူတို့အလုပ်တွေနှင့်တကွ မပျက်ပေါင်ဗျာ။ သည်တော့ နေရာတကာမှာ ဘယ်လိုနေရာဖြစ်ဖြစ် ရှင်ဘုရင်လဲ ရှင်ဘုရင်နေရာ ထီးနှင့်နန်းနှင့် သည်လိုနေပြီး သူလဲ ရတာပဲဗျာ့။ သူဌေးလဲ သူဌေးနေရာမှာ အခြံအရံတွေနှင့် နေကြတာပဲဗျာ့။ သည်လိုနေရင်း သည်အတိုင်းယူတာ မရဘူးလား။

တရားနာခံ။ ။ ရပါတယ်ဘုရား။

ဆရာတော်။ ။ အေး ... လွယ်လိုက်တာဗျာ။ အခုလဲ ကိုယ့်နေရာမှာ ကိုယ်နေပါ။ ဘယ်မှ မသွားပါနှင့်။ ကိုယ့်အိမ်ကို နှစ်သက်သလို စီမံပြီး ဝင်းနှင့် ခြံနှင့် နေတယ်မဟုတ်လား။ အဲသည်လိုနေရာမှာ သည်လိုထားလို့မရဘူးလား။

တရားနာခံ။ ။ လူကတော့ ရပါတယ်ဘုရား။ စိတ်က ထွက်ထွက်သွားပါတယ်ဘုရား။

ဆရာတော်။ ။ ဘာကြောင့် လူက သည်လိုနေပြီး စိတ်ကိုထားလို့ မဖြစ်ရသလဲ။ စိတ်က ကဲဟဲ့ဆို ဖြစ်တာပဲဗျာ့။

တရားနာခံ။ ။ အခုလဲ တပည့်တော် လူကတော့ သည်နေရာမှာပါပဲဘုရား။

ဆရာတော်။ ။ ဒကာကြီးက ဟိုသွားချင်နေတာကိုးဗျာ့။ စိတ်ဆိုတာ ချမ်းသာကို ကြိုက်တယ်ဗျာ့။ ချမ်းသာမှန်းသိရင် နင်သွားဆိုလို့တောင် မသွားဘူးဗျာ့။ အခုသွားတယ်ဆိုတာဟာ ဘာလဲဆိုရင် ချမ်းသာချင်လို့ ဟိုနေရာရောက် ချမ်းသာမလား၊ သည်နေရာရောက် ချမ်းသာမလားနှင့် လျှောက်သွားနေတာ။ ပြီးတော့ ဒကာကြီး ဒကာမကြီးတွေက သူ့ကို မခိုင်းဘူးဗျာ့။ သည်တော့ သူက သူတို့ကမှ မခိုင်းဘဲနှင့် ဆိုပြီး လျှောက်သွားနေတာဗျာ့။ သူသွားတတ်တာ ဘယ်နေရာတွေလဲဗျာ့။

တရားနာခံ။ ။ အပါယ်ဘက် သွားပါတယ်ဘုရား။

ဆရာတော်။ ။ အေး ... အပါယ်လေးရွာဘက်ကို သွားတတ်တာဗျာ။ ဘယ်ရွာတွေလဲဗျာ့။

တရားနာခံ။ ။ ငရဲ၊ တိရိစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်ပါဘုရား။

ဆရာတော်။ ။ အဲသည်ရွာတွေကို သွားတတ်တာဗျာ့။ ဒကာကြီး ဒကာမကြီးတွေက အခု ဘုရားဆုံးမတဲ့ အဆုံးအမတွေကိုရတော့ သည်မှာ နေဟဲ့ဆိုရင် အဟုတ်သာထား နေလိမ့်မယ်ဗျ။ အဟုတ်မထားလို့ရှိရင်တော့ ငါ့ကို ကောင်းကောင်းလဲမထားဘူး၊ အဖက်လဲမလုပ်ဘူး။ သည်တော့ ငါသွားတတ်တဲ့နေရာ သွားမယ်ဆိုပြီး သွားတာဗျာ့။ သူက အအားမနေဘူးဗျာ့။ သည်တော့ ငါသွားတတ်တဲ့နေရာ သွားမယ်ဆိုပြီး သွားတာပဲဗျာ့။ သူဟာ နားနေသလား။

တရားနာခံ။ ။ အနားမနေပါဘူးဘုရား။

ဆရာတော်။ ။ သူက အင်မတန် အလုပ်ကောင်းတာဗျာ့။ ဒကာကြီးက သူ့ကို မခိုင်းဘဲကိုး။

တရားနာခံ။ ။ နေဟဲ့လို့ ပြောလဲ မနေဘူးဘုရား။

ဆရာတော်။ ။ ဒကာကြီးက အဟုတ်ခိုင်းတာမှ မဟုတ်ဘဲကိုးဗျာ့။

တရားနာခံ။ ။ တပည့်တော်ကတော့ အဟုတ်ခိုင်းတာပါပဲဘုရား။

ဆရာတော်။ ။ ဒကာကြီးမှာ သားတွေ သမီးတွေ ရှိတယ်မဟုတ်လား။ အဲသည်လို သားတွေ သမီးတွေကို ခေါ်ခိုင်းတယ် မဟုတ်လား။ အဲသည်လို ခိုင်းတော့ကို သူတို့ကလဲ သိတယ်ဗျာ့။ ငါ့ကို အဟုတ်ခိုင်းတာ မဟုတ်ဘူး ဟုတ်တယ်ဆိုတာ သိတယ်ဗျာ့။ သိတော့ ငါတို့ တော်သလို နေလိုက်မယ်ဆိုပြီး မလုပ်ဘဲ နေတယ် မဟုတ်လား။ ဒါပေမယ့် အဟုတ်ခိုင်းတော့ ဘယ်နေလဲ။

တရားနာခံ။ ။ အဟုတ်လုပ်ပါတယ်ဘုရား။

ဆရာတော်။ ။ ဒါက ရိုက်ခိုင်းတာဗျာ့။

တရားနာခံ။ ။ ဒါကတော့ လုပ်အောင် ခိုင်းရမှာပေါ့ဘုရား။

ဆရာတော်။ ။ ဖြစ်အောင် ခိုင်းရင်တော့ ဖြစ်ပါတယ်ဗျာ့။ မရိုက်ပေါင်ဗျာ။ သားငယ် သမီးငယ်တွေဟာ သူတို့ ဘာကြိုက်သလဲ။ သူတို့ဟာ တမင်းကြိုက်လိမ့်မယ်။ အဝတ်အစားကြိုက်လိမ့်မယ်။ အဲဒါက ကိုယ့်သားသမီးတွေ ဘာကြိုက်တယ်ဆိုတာလဲ သိတယ်ဗျာ့။ အဲသည်တော့ သူတို့ကြိုက်တာကို ပေးမယ်ဆိုရင် ကိုယ်ခိုင်းချင်တာ ခိုင်းလို့ မဖြစ်ဘူးလား။

တရားနာခံ။ ။ ဖြစ်ပါတယ်ဘုရား။

ဆရာတော်။ ။ အေးဗျ။ ပိုတောင် ဟုတ်ဦးမယ်။ အဲသည်တော့ ရိုက်ရသေးသလား။

တရားနာခံ။ ။ မရိုက်ရပါဘူးဘုရား။

ဆရာတော်။ ။ ကဲ ဒါဖြင့် ကနေ့ သည်လိုဆိုရင် နက်ဖြန်ခါ ဘယ့်နှယ်လဲ။

တရားနာခံ။ ။ နက်ဖြန်ခါတော့ သူတို့ လိုချင်တဲ့ဟာ ပေးရင် လုပ်မှာပါပဲဘုရား။

ဆရာတော်။ ။ အေး ... ဖြစ်ပါတယ်ဗျာ့။ အခုလဲ ဒကာကြီး ဒကာမကြီးတွေက ခိုင်းကို မခိုင်းတာဗျ။ သားသမီးတွေကို သည်လို ခိုင်းလို့ဖြစ်ရင် ကိုယ့်စိတ်ကိုတော့ သည်လိုခိုင်းလို့ မဖြစ်ဘူးလား။ လူတောင် ခိုင်းလို့ဖြစ်ရင် စိတ်ကို ခိုင်းလို့ မဖြစ်ဘူးလား။ ဒကာကြီးက စိတ်ကို မခိုင်းဘူးဗျာ့။ မခိုင်းတော့ ငါသွားတတ်တဲ့နေရာ သွားမှပဲဆိုပြီး သွားတာပဲဗျာ့။ ဟုတ်ကဲ့လား။

တရားနာခံ။ ။ ဟုတ်ပါတယ်ဘုရား။

ဆရာတော်။ ။ ဒါကြောင့် ကောင်းကောင်းခိုင်းထားဗျာ့။ ပြီးတော့ အဲသည်လို အလုပ်ခိုင်းရင် ဘယ့်နှယ်လဲ။

တရားနာခံ။ ။ အိပ်ချိန်တန်ပြီဆိုပြီး အိပ်တာပဲဘုရား။

ဆရာတော်။ ။ ကောင်းကောင်းသာ ခိုင်းထားရင် မအားဘူး ... မအားဘူးနဲ့ ငါ့ကို ခိုင်းထားတယ်ဆိုပြီး မအိပ်ဘဲ နေမှာဗျာ့။ ဒါကြောင့် ကိုယ်ကသာ ခိုင်းဖို့လိုတာဗျာ့။ စိတ်ကလေးကို မေးရင် သူတို့က သည်လိုပြောမှာဗျာ့။ မင်း ... ဘာကြောင့် ဟိုဟိုသည်သည် သွားရသလဲဆိုရင် ဒကာမကြီး ဒကာကြီးတွေက မခိုင်းဘူးလို့ ပြောမှာဗျာ့။ ဒကာကြီး ဒကာမကြီးတွေကလဲ မယ်မယ်ရရ မခိုင်းသေးလို့ပါဗျာ့။ သူတို့က အင်မတန် ချမ်းသာကြိုက်တာဗျာ့ ကြားလား။ အဲသည်လို ချမ်းသာကို မနှစ်သက်တဲ့လူ မရှိဘူးဗျာ့။ နှစ်သက်ကြတာချည်းပဲဗျာ့။ သို့သော်လည်း သည်စိတ်ကလေးကို ချမ်းသာကြိုက်တယ် ကြိုက်တယ်။ ကြိုက်ပေတဲ့ ဟိုသွား သည်သွား သွားတယ်ဆိုတာက သူ့ခမျာများမှာ ချမ်းသာမလာလို့ သွားရတာဗျာ့။ သို့သော်လဲ သူက ချမ်းသာတရားကို မသိတတ်ဘူး။ သူသွားနေကျ နေရာကိုပဲ သွားတာပဲဗျာ့။ တကယ့်ကို ထားရင်တော့ ဘယ်မှ မသွားတော့ဘူးဗျာ့။ ဒါကြောင့် ဘုရားရှင် ရွှေလက်ထက်တော်က ဘုရားထံမှောက်ရောက်၊ ဘုရားရှင်က သည်လိုသည်လိုဆိုတာကို မှတ်ထား။ မှတ်ထားပြီးတော့ကာ ဆိုက်လာရောက်လာတော့ သူတို့သွားသေးသလား။

တရားနာခံ။ ။ မသွားတော့ပါဘူးဘုရား။

ဆရာတော်။ ။ အဲဒါ အဟုတ်လုပ်တာဗျာ့။ အဲသည်မှာ အရင်ကလို လုပ်ပါဆိုတော့ကော လုပ်သေးသလား။

တရားနာခံ။ ။ မလုပ်ပါဘူးဘုရား။

ဆရာတော်။ ။ မလုပ်နဲ့လို့ ပြောရသေးသလား။

တရားနာခံ။ ။ မပြောရပါဘူး ဘုရား။

+++++

၁၉၅၅ ခု မေလ ၁၁-ရက်နေ့ည ရန်ကုန်တက္ကသိုလ်ဓမ္မာရုံတွင် ဝေဘူဆရာတော်ဘုရားကြီး ဟောကြားတော်မူသော `ထားတတ်ရင် အပါယ်မကျ´ တရားတော်မှ ကောက်နုတ်ချက်။

တရားနာခံအဖြစ် ဦးလှ ဆောင်ရွက်သည်။

Wednesday, January 2, 2013

ယူချင်ရင် ရနိုင်

အေး .. အေး ... ပစ္စည်းလဲ မကုန်ဘူး။ အလုပ်အကိုင်လဲ မပျက်ဘူး။ သူတကာလဲ မသိဘူးဆိုတော့ ကိုယ်လိုအပ်တဲ့ မှန်းထားချက်တွေဟာ မအောင်မြင်နိုင်စရာ မပြီးစီးနိုင်စရာ မရှိဘူးပေါ့ဗျာ။

သက်သာလိုက်တာ။ ရှေးက အရှင်တွေဟာလဲ အဲသည်လို တောင့်တချက်ပြီးမှုအတွက် ဘုရားရှင်ပွင့်တော်မူတဲ့အခါ ဘုရားရှင်သာသနာတော်ကို တွေ့အောင် ဆည်းပူးတော်မူကြတယ်။

တွေ့ကြသည်နှင့်တပြိုင်နက် ဘုရားပွင့်တော်မူတဲ့အခါနှင့် သိတဲ့အခါမှာ သူတို့လိုချင်တာတွေ အကုန်လုံး ရတာဗျာ။

အခုလဲပဲ ကိုယ်အလိုရှိတဲ့ဟာတွေ ရနိုင်တဲ့ အချိန်အခါ ဘဝပါပဲ။ ယူရုံကလေးပါဗျာ။

ရှေးအရှင်တွေဟာ သည်လိုအချိန်မျိုးနှင့် ကြုံကြိုက်ကြပြီဆိုတော့ စိတ်နှလုံးအလို တောင့်တတဲ့အတိုင်းဟာ အရယူကြတာဗျာ။ အနည်းငယ်မျှသော အချိန်ကိုမှ အချည်းနှီး မဖြုန်းဘူးဗျာ။ အခုလဲ အချိန်ဟာ ဘယ်လိုလိုက်ပါသလဲဆိုရင် အသီးသီးတို့ဟာ ယူမယ်ဆိုလို့ရှိရင် ဘယ်ဗောဓိမဆို အချိန်တိုင်း အချိန်တိုင်းမှာ ရနိုင်တယ်။

ဣရိယာပုတ်မှာလဲ လေးပါးရှိတယ်။ ဘယ်ဣရိယာပုတ်နှင့်မဆို ဝိရိယထူထောင်ပြီးတော့ ယူမယ်ဆိုရင် ရတယ်။ နေရာကကောဗျာ၊ ဘယ်နေရာမဆိုဗျ။ တောထဲမှာ ဖြစ်ဖြစ်၊ မြို့ထဲမှာ ဖြစ်ဖြစ်။ အဲသည်လို ယူရင် ဖြစ်နိုင်တာချည်းပဲ။

ဆရာတော်။ ။ သည်တော့ တစ်ယောက်တည်း ဘုရားဆုံးမတဲ့အတိုင်း ဘုရားအလိုတော်ကျအောင် ဝိရိယထူထောင်ယူရင် မဖြစ်ဘူးလား?

တရားနာခံ။ ။ ဖြစ်ပါတယ်ဘုရား။

ဆရာတော်။ ။ အများကြီးနဲ့ကော။

တရားနာခံ။ ။ အများကြီးနဲ့လဲ ဖြစ်ပါတယ်ဘုရား။

ဆရာတော်။ ။ သူတကာတို့က စကားတွေ ပြောနေရင်ကော ကိုယ့်ဟာကိုယ် ထူထောင်မယ်ဆိုရင် မဖြစ်ဘူးလား?

တရားနာခံ။ ။ ဖြစ်နိုင်ပါတယ်ဘုရား။

ဆရာတော်။ ။ ဖြစ်နိုင်ပါတယ်ဗျ။ လွယ်လိုက်တာ ဟင်။

တရားနာခံ။ ။ သို့ပေတဲ့ တပည့်တော် သည်နေ့ .. ငွေစာရင်းကလေး လုပ်ကြည့်ပါတယ် ဘုရား။ ငွေစာရင်းကလေး လုပ်ကြည့်တဲ့အခါကျတော့ အချက်ကလေးကလဲ တော်တော်များတယ် ဘုရား။ နှစ်ကျပ်ခွဲက တစ်ခု ... ဆယ့်သုံးကျပ်တစ်မတ်က တစ်ခု ... စသဖြင့် အတော်များတော့ ဒါကလေး ပေါင်းနေတုန်း ထိသိကို မလုပ်နိုင်ဘူးဘုရား။ ထိသိကို လုပ်ကြည့်တော့လဲ ပေါင်းတာတွေ မှားလိုက်တာ၊ ပေါင်းလို့ကို မဖြစ်ပါဘူး ဘုရား။ ဒါကြောင့် ငွေစာရင်းကလေးလဲ ပေါင်းလို့ဖြစ်အောင် ထိသိလဲ မလွတ်တဲ့နည်းကလေး သနားပါအုန်း ဘုရား။

ဆရာတော်။ ။ ဒကာကြီး စာရင်းပေါင်းတယ်ဆိုတာက ဒါဟာ ပေါင်းနေကျပဲဗျ။ ဒါကို လေ့ကျင့်ရတာ မဟုတ်ဘူး။ လုပ်နေကျ အလုပ်ပဲ မဟုတ်လား?

တရားနာခံ။ ။ လုပ်နေကျအလုပ်ပေမယ့် စိတ်အင်မတန် စိုက်ရပါတယ်ဘုရား။

ဆရာတော်။ ။ လုပ်နေကျအလုပ်ဆိုတော့ ဝန်မလေးဘူးဗျာ။ အဲသည်လို လုပ်နေကျအလုပ်ကို လုပ်ရင်း ကိုယ်အလိုရှိတဲ့ဟာကို ထားတော့ မဖြစ်ဘူးလားဗျ။

တရားနာခံ။ ။ တပည့်တော်ကတော့ ခြံထဲမှာ မော်တော်ကားတို့ ဘာတို့ မရှိတဲ့နေရာမျိုး ရောက်ရင်တော့ ရပါတယ်ဘုရား။

ဆရာတော်။ ။ ထိုင်နေရင်းကော။

တရားနာခံ။ ။ ရပါတယ်ဘုရား။

ဆရာတော်။ ။ စကားပြောရင်းကော။

တရားနာခံ။ ။ အခုပဲ စကားပြောရင်း လွတ်နေပါတယ်ဘုရား။

ဆရာတော်။ ။ စကားပြောတာနဲ့ ဒကာကြီးက ထားမှ မထားဘဲ။ မထားလို့ လွတ်တာဗျာ။ ထားရင် လွတ်ပါ့မလား။

တရားနာခံ။ ။ ထားတော့ ထားပါတယ်ဘုရား။ ဒါပေမယ့် လွတ်တာက များနေပါတယ်ဘုရား။

ဆရာတော်။ ။ အစတုန်းက ဒကာကြီးဟာ ခုလို ဘယ်အခါမှ မထားတော့ ဘယ်တော့မှ မနေဘူး မဟုတ်လား။

တရားနာခံ။ ။ အရင်တုန်းကတော့ သတိကို မရပါဘူးဘုရား။

ဆရာတော်။ ။ အခုတော့ ဘယ့်နှယ်လဲ။ တစ်နေ့လုံး နေရင်း အခုလို လောဘ ဒေါသ မောဟ ဘယ်လောက်များ စင်ကြယ်သတုန်းဗျ။

တရားနာခံ။ ။ ရှေးတုန်းကတော့ စင်ကြယ်တဲ့အခါရယ်လို့ မရှိပါဘူးဘုရား။

ဆရာတော်။ ။ သည်တော့ ဘုရားဆုံးမတဲ့ အဆုံးအမကို ထားရမယ်ဆိုရင် လိုက်နာပြီး အခုထား - အခုစင်ကြယ်နိုင်တယ် မဟုတ်လား။

တရားနာခံ။ ။ စင်ကြယ်နိုင်ပါတယ်ဘုရား။

ဆရာတော်။ ။ ဒါဖြင့် ဒကာကြီး ရှေးတုန်းကဟာက ထားလျက်သားနဲ့ မစင်ကြယ်တာလား။ မထားလို့ မစင်ကြယ်တာလား။

တရားနာခံ။ ။ ရှေးက မထားလို့ မစင်ကြယ်တာပါဘုရား။

ဆရာတော်။ ။ အခု အဟုတ်ထားလိုက်တော့ အဟုတ်စင်ကြယ်တယ် မဟုတ်လား။

တရားနာခံ။ ။ အဟုတ်ထားပေမယ့် လွတ်လွတ်သွားပါတယ်ဘုရား။

ဆရာတော်။ ။ အဟုတ်ထားတော့ မလွတ်ဘူးဗျ။ လွတ်လွတ်သွားတာဟာ အဟုတ်မထားလို့ဗျ။

တရားနာခံ။ ။ အဟုတ်ထားတယ်ဆိုတာက တခါတခါ စကားပြောရင်း မလွတ်အောင် ဘယ်လို အဟုတ်ထားရမလဲဘုရား။

ဆရာတော်။ ။ ဒကာကြီးတို့များ အဟုတ် အလေးဂရုပြုပြီး ထားရင်း သွားရင်း ဖြစ်တယ်မဟုတ်လား။

တရားနာခံ။ ။ အဟုတ် အလေးဂရုမပြုတတ်အောင် ဖြစ်နေပါတယ်ဘုရား။

ဆရာတော်။ ။ ဒကာကြီးများ ပြုတတ်ပါတယ်ဗျာ။ သည့်ပြင်ဟာ မပြောပါနဲ့။ အဖိုးထိုက်တန်ကြီး မဟုတ်ပါဘူး။ ကဲ ... ဒကာကြီး ဒကာမကြီးများတို့ အသီးသီးကို ဆီပေးမယ် ... ယူလှည့်ကြဆိုရင် ဒကာကြီး ဒကာမကြီးတွေဟာ ထည့်စရာအသီးသီး ယူခဲ့ကြရမယ် မဟုတ်လား။

တရားနာခံ။ ။ ယူခဲ့ကြရမှာပါ ဘုရား။

ဆရာတော်။ ။ အေး ယူခဲ့တော့ ... ပါသလောက် ခွက်တွေကို အကုန်ပြည့်အောင် ထည့်ပေးလိုက်မယ်။ ယူကြမယ် မဟုတ်လား။

တရားနာခံ။ ။ ယူကြမှာပါ ဘုရား။

ဆရာတော်။ ။ အဲသည်လို ယူတဲ့အခါကျတော့ မဖိတ်အောင် ယူကြမှာပဲ မဟုတ်လား။

တရားနာခံ။ ။ မဖိတ်အောင် ယူမှာပါဘုရား။

ဆရာတော်။ ။ သည်တော့ တို့က ပြောရဦးမလား။ ထည့်ပေးလိုက်တာကလေးတွေ မဖိတ်အောင် ယူကြလို့ ပြောရဦးမလား။

တရားနာခံ။ ။ မပြောဘဲနဲ့ မဖိတ်အောင် ယူမှာပါဘုရား။

ဆရာတော်။ ။ သည်တော့ ဘယ်လိုယူမလဲ။ ယူရမှာက လူတွေ အများကြီး။ အလယ်က ယူရမှာ မဟုတ်လား။

တရားနာခံ။ ။ ဟုတ်ပါတယ်ဘုရား။

ဆရာတော်။ ။ သည်တော့ သတိဆောင်ပြီး မဖိတ်အောင် ယူရမယ်မဟုတ်လား။ သည်လိုယူတော့ လူတွေက ဖယ်ပေးကြမှာလား။

တရားနာခံ။ ။ တပည့်တော်က ရှောင်ပြီး သွားရမှာပါဘုရား။

ဆရာတော်။ ။ သည်တော့ လူတွေကိုလဲ ရှောင်ရသေးတယ်။ ဆီကိုလဲ အဟုတ် မဖိတ်စေရအောင် စိတ်ကထားတော့ ဘယ့်နှယ်လဲ။

တရားနာခံ။ ။ အဟုတ် မဖိတ်ပါဘူး ဘုရား။

ဆရာတော်။ ။ ရှောင်တယ်ဆိုတာက ဘယ်လိုလဲ။ ကျော်တန် ကျော်ရမယ်။ ကွေ့တန် ကွေ့ရမယ်။ ကောက်တန် ကောက်ရမယ် မဟုတ်လား။ သည်နေရာမှာ တို့က ပြောရဦးမလား။ ဒီနေရာမှာ ကျော်လိုက်ဦး၊ ဟိုနေရာကျတော့ ကွေ့လိုက်ဦး၊ ဒီနေရာကျတော့ ဒီဘက်ကို ကောက်လိုက်ဦးလို့ ပြောရဦးမလား။

တရားနာခံ။ ။ မပြောရပါဘူး ဘုရား။

ဆရာတော်။ ။ ခြေလှမ်းကကော ပကတိလှမ်းတာထက် တခါတလေကျရင် ခပ်များများ ပိုလှမ်းရတဲ့အခါလဲ မရှိဘူးလား။

တရားနာခံ။ ။ ရှိပါတယ်ဘုရား။

ဆရာတော်။ ။ တိမ်းတတ် ရှောင်တတ်ဆိုတာကလဲ ကိုယ်အခါခပ်သိမ်း လှမ်းနေကျအတိုင်း မဟုတ်ဘဲ နည်းနည်းလှမ်းရတဲ့အခါ ကြဲကြဲလှမ်းရတဲ့အခါကော မရှိဘူးလား။

တရားနာခံ။ ။ ရှိပါတယ်ဘုရား။

ဆရာတော်။ ။ ဒါတွေကိုလဲ ပြုပြင်ရမယ် မဟုတ်လား။

တရားနာခံ။ ။ ဒါတွေကိုလဲ အကုန်လုံး လျှောက်ပြုရမှာပါဘုရား။

ဆရာတော်။ ။ သည်တော့ စိတ်က ဘယ်လိုထားရမလဲဆိုတော့ အခုန ထည့်ပေးလိုက်တဲ့ ဆီလဲ မဖိတ်စေရဘူးဆိုတဲ့ စိတ်လဲ ထားရမယ် မဟုတ်လား။

တရားနာခံ။ ။ ဆီမဖိတ်အောင် အင်မတန် လုံ့လဝိရိယစိုက်သွားရမှာပါဘုရား။

ဆရာတော်။ ။ သည်လို စိတ်က စိုက်ပြီး သွားတော့ အခုနက ကွေ့ရမယ့် နေရာကို စောစောက တင်ကြိုပြီး ကွေ့ဖို့ မသိဘူးလား။

တရားနာခံ။ ။ စောစောက တင်ကြိုပြီး သိပါတယ်ဘုရား။

ဆရာတော်။ ။ သိတော့ ဆီဖိတ်သေးသလား။

တရားနာခံ။ ။ ဆီမဖိတ်အောင် ထားတာလဲ စိတ်ပဲ။ လူတွေကို ဖယ်ရ ရှောင်ရ ကွေ့ရတာလဲ စိတ်ပဲ ဘုရား။

ဆရာတော်။ ။ သည်တော့ စိတ်က တပြိုင်နက်တည်း တစ်ခုလား နှစ်ခုလားဗျ။

တရားနာခံ။ ။ တစ်ခုပြီးမှ တစ်ခုပါဘုရား။

ဆရာတော်။ ။ အေး သို့သော်လဲ ဝိရိယထားသွားပြီဆိုတော့ စိတ်က အင်မတန် မြန်တယ်ဗျ။ စိတ်မြန်ပုံဟာ ဘယ်လိုလဲဆိုတော့ လျှပ်တပြက်မှာကိုပဲ ကုဋေတစ်သိန်းဆိုတာ မှန်တယ်မဟုတ်လား။

တရားနာခံ။ ။ မှန်ပါတယ် ဘုရား။

ဆရာတော်။ ။ သည်တော့ ဒကာကြီးလဲ အလုပ်လုပ်ရင်း သည်လိုလုပ်ပါ။

တရားနာခံ။ ။ သည်လိုမှတ်ပြီး လုပ်ပါ့မယ်ဘုရား။

ဆရာတော်။ ။ အခုနလို ကြားထဲ လပ်သွားမှာလား။

တရားနာခံ။ ။ မလပ်ပါဘူး ဘုရား။

ဆရာတော်။ ။ အခုန ထားတယ်ဆိုတာက ဒကာကြီးက အဟုတ်ထားလျက်နဲ့ မဖြစ်တာလား။ မထားလို့လား။

တရားနာခံ။ ။ မထားလို့ ဆီဖိတ်တာပါဘုရား။

ဆရာတော်။ ။ အခုတော့ ထားလျက်သားနဲ့ မဖြစ်ဘူးလို့ ပြောတယ်။ အခုတော့ အဟုတ်ထားလို့ အဟုတ်သိပြီ မဟုတ်လား။

တရားနာခံ။ ။ နားလည်ပါပြီဘုရား။

ဆရာတော်။ ။ အဟုတ်သိတော့ အဟုတ်လုပ်ဖြစ်တယ် မဟုတ်လား။

တရားနာခံ။ ။ ဖြစ်ပါတယ်ဘုရား။

ဆရာတော်။ ။ အခုန ဆီယူသွားရတာလို ဆီလဲ မဖိတ်ရအောင် စိတ်ကထားပြီး သွားရတယ်။ အသွားလဲ မပျက်ဘူး။ သည်နေရာကျတော့ ခြေလှမ်းကြဲကြဲ လှမ်းရဦးမယ်။ ဟိုနေရာကျတော့လဲ ကိုယ်လှမ်းချင်သလို လှမ်းလို့ မဖြစ်ဘူး။ ဟိုရှေ့ကို သိပ်လှမ်းလို့ မဖြစ်ဘူး။ သည်လောက်ကလေး လှမ်းမှာနဲ့ ပြီးတော့ ဟိုနေရာကျရင် ကွေ့ရဦးမယ်။ သည်နေရာကျတော့ ကျော်ရဦးမယ်နဲ့ စိတ်က သည်လိုထားပြီး သွားရတယ်မဟုတ်လား။ အဲဒါ ဘာလဲဆိုရင် စိတ်ကို အတင်းထားပြီး ကိုယ်လိုချင်တဲ့ ဆီကိုလဲ မဖိတ်အောင်၊ လူတွေကိုလဲ ရှောင်လို့ လွတ်အောင် အတင်းထားတာဗျ။ အေး ... အခုလဲ ဘုရားဆိုဆုံးမတဲ့ဟာနဲ့ ဆီဟာ ဘယ်ဒင်းက အဖိုးထိုက်တန်သလဲဗျ။

တရားနာခံ။ ။ ဘုရား ဆိုဆုံးမတဲ့ဟာက အဆမတန် အဖိုးထိုက်တန်ပါတယ်ဘုရား။

ဆရာတော်။ ။ ဆီကို ယူသွားတဲ့အခါကျတော့ မဖိတ်စေနဲ့ ဘာနဲ့လို့ မှာရဦးမလား။ ကွေ့တန်ကွေ့၊ ကောက်တန်ကောက်၊ ကွင်းတန်ကွင်းလို့ မှာရဦးမလား။ ကွင်းပုံက ဘယ်လိုလုပ်ရမှာလို့ သည်လို လျှောက်ပြောရမယ်ဆိုရင် ဘယ်လောက် ကြာကြာ မှာရမလဲ။

တရားနာခံ။ ။ အကြာကြီးပါဘုရား။

ဆရာတော်။ ။ စာအုပ်ရေးရင် ဘယ်လောက်ရေးရမလဲ။

တရားနာခံ။ ။ စာအုပ်ရေးရင် စက္ကူမလောက်ပါဘူးဘုရား။

ဆရာတော်။ ။ လျှောက်ဖတ်ရင်ကောဗျာ။

တရားနာခံ။ ။ တစ်နေ့လုံး တစ်ညလုံး ဖတ်လဲ အတော်ကြာကြာကြီး ဖတ်ရမှာပါဘုရား။

ဆရာတော်။ ။ ဟုတ်တယ်ဗျ။ သို့သော်လည်း စင်စစ်မှာတော့ ဘယ်လိုဟာတုန်းဆိုရင် ဒါဟာ ဆီမဖိတ်ဖို့ကလေးပါပဲဗျ။

တရားနာခံ။ ။ တင်ပါ့ဘုရား။

ဆရာတော်။ ။ အေး ဆီမဖိတ်အောင်ဟာ သည်လိုလဲ မပြောလိုက်ဘူး။ မပြောလိုက်ပေမယ့် မဖိတ်အောင် ယူရမှာမဟုတ်လား။

တရားနာခံ။ ။ မဖိတ်အောင် ယူရမှာပါဘုရား။

ဆရာတော်။ ။ အေး ဒကာကြီး ဒကာမကြီးတွေကိုလဲ အခု သတိပေးတယ်။ ဘုရားဆုံးမတဲ့ အဆုံးအမကို ရပြီး ဒါကို မလွတ်စေနဲ့။ တဆက်တည်းသာ ယူကြလို့ဆိုရင် ဒီက ပြီးလို့ အိမ်ပြန်တော့၊ အိမ်ရောက်အောင် တဆက်တည်း ပါရဲ့လား။

တရားနာခံ။ ။ မပါပါဘူးဘုရား။

ဆရာတော်။ ။ ဒါဖြင့် ဆီနှင့် ဘုရားဆုံးမတဲ့ အဆုံးအမဟာ ဘယ်ဒင်းက အဖိုးတန်သလဲဗျ။

တရားနာခံ။ ။ ဘုရားရှင်ဆုံးမတဲ့ အဆုံးအမဟာ အဆပေါင်း မရေမတွက်နိုင်အောင် သာလွန် အဖိုးထိုက်တန်ပါတယ်ဘုရား။

ဆရာတော်။ ။ ဆီကို မဖိတ်အောင် ဧရာမခွက်ကြီးနဲ့ ထည့်ပြီး ယူရင် ဘယ်လောက်ပါသလဲ။

တရားနာခံ။ ။ နှစ်ပိသာအပြင် တိုးမပါပါဘူးဘုရား။

ဆရာတော်။ ။ မဖိတ်အောင် ယူသွားရင် ဆီနှစ်ပိသာရဲ့ တန်ဖိုးဟာ ဘယ်လောက်ရှိမလဲ။

တရားနာခံ။ ။ သုံးကျပ် လေးကျပ်လောက် တန်ပါတယ်ဘုရား။

ဆရာတော်။ ။ ဒီသုံးကျပ် လေးကျပ်တန်ကို မဖိတ်အောင် ယူသွားလို့ မမှာဘဲနဲ့ မဖိတ်အောင် ယူမှာဗျ။ ဟုတ်ကဲ့လား။

တရားနာခံ။ ။ တင်ပါ့ဘုရား။ ဒါက လောဘကလေးနဲ့ကိုးဘုရား။

ဆရာတော်။ ။ ကဲ ဒါဖြင့် ဒါကို တဆက်တည်းပါအောင် ဆောင်ကြဆိုတော့ တဆက်တည်း ပါရဲ့လားဗျာ။

တရားနာခံ။ ။ မပါပါဘူးဘုရား။

ဆရာတော်။ ။ ဘယ်ကျန်ရစ်ခဲ့သလဲ။

တရားနာခံ။ ။ ကားပေါ်အတက်မှာ ကျန်ရစ်ခဲ့ပါတယ်ဘုရား။ ကားပေါ်အတက်မှာ လူတွေက ကျိတ်ကျိတ်တိုးပြီးနေတော့ တပည့်တော်က မစ္ဆရိယစိတ်ကြီးနဲ့ နင်တို့ မတက်နဲ့အုန်း။ ငါဦးဆုံး တက်အုန်းမယ်ဆိုတဲ့ စိတ်ကြီးနဲ့ဆိုတော့ ကျန်ရစ်ခဲ့ပါတယ်ဘုရား။

ဆရာတော်။ ။ ဆီလိုယူရင် ဖိတ်ပါ့မလား။

တရားနာခံ။ ။ မဖိတ်ပါဘူးဘုရား။

ဆရာတော်။ ။ ဒါဖြင့် ဘုရားဟောတာနဲ့ ဆီနဲ့ ဘယ်ဟာက တန်ဖိုးရှိသလဲဗျ။

တရားနာခံ။ ။ ဘုရားဟောတာက အဆမတန် တန်ဖိုးရှိပါတယ်ဘုရား။

ဆရာတော်။ ။ အေး သည်လောက်သိရင် တော်ပါပြီ။ ဒါကတော့ မမှန်တတ်စရာ မလုပ်တတ်စရာ မရှိပါဘူးဗျ။ ဆီကတော့ ယူနေကျမဟုတ်လား။

တရားနာခံ။ ။ ယူနေကျပါဘုရား။

ဆရာတော်။ ။ ရေတွင်းထဲက ရေခပ်မယ်ဆိုရင် ရေခပ်တဲ့အခါမှာ မဖိတ်ရအောင် ယူရတယ်မဟုတ်လား။ သည်လိုယူတော့ မဖိတ်မယိုဘဲနဲ့ ဘယ်လောက်ထိအောင် ပါသလဲဗျ။

တရားနာခံ။ ။ မဖိတ်မယိုဘဲနဲ့ ကိုယ်လိုချင်တဲ့အထိ ရောက်အောင် ပါပါတယ်ဘုရား။

ဆရာတော်။ ။ မြတ်စွာဘုရားရဲ့ တရာတော်တော့ကော။

တရားနာခံ။ ။ မြတ်စွာဘုရားရဲ့ တရားတော်ကတော့ တယ် မကြာဘူးဘုရား။ အဟုတ်ကို မလိုချင်လို့ပါဘုရား။

ဆရာတော်။ ။ ဒါပေမယ့် ဆုတောင်းတော့ ဘယ်လိုတောင်းသလဲ။

တရားနာခံ။ ။ ဒါကတော့ အမေသင်ပေးတဲ့ သြကာသကို လျှောက်ဆိုတာပဲဘုရား။

ဆရာတော်။ ။ လိုတော့ မလိုချင်ဘူးလား။

တရားနာခံ။ ။ လိုတော့ လိုချင်ပါတယ်ဘုရား။ ဒါပေမယ့် နိဗ္ဗာန်ဆိုတာလဲ သေသေချာချာ မသိတော့ လိုချင်တယ်ဆိုတာလဲ ပါးစပ်ပြောပါဘုရား။

ဆရာတော်။ ။ ကဲ လိုချင်တာ မလိုချင်တာ နေပေ့စေ။ လိုချင်သည်ဖြစ်ဖြစ် မလိုချင်သည်ဖြစ်ဖြစ် ဒါလုပ်ဆိုရင် လုပ်သာလုပ်။ အဲသည်အတိုင်းဆိုရင် ရမှာပါပဲဗျ။ လိုချင်လဲ လုပ်၊ မလိုချင်လဲ လုပ်။ ကြားလား။

တရားနာခံ။ ။ မလိုချင်လို့ လုပ်ရင် ရလိမ့်မယ် မထင်ပါဘူးဘုရား။

ဆရာတော်။ ။ ဒါတွေကို စဉ်းစားမနေနဲ့။ အခုန လုပ်ဆိုတာသာ လုပ်ဗျာ။

+++++

၁၉၅၅ ခုနှစ် မေလ ၁၀ ရက်နေ့ည ၇-နာရီခွဲတွင် ရန်ကုန်တက္ကသိုလ်ဓမ္မာရုံ၌ ဝေဘူဆရာတော်ဘုရားကြီး ဟောကြားတော်မူသော `သည်းခံလျှင် လိုသောဆု ပြည့်မည်´ တရားတော်မှ ကောက်နုတ်ချက်။

တရားနာခံအဖြစ် ဦးလှက ဆောင်ရွက်သည်။

Tuesday, January 1, 2013

လှေကားဓုတင်

ဆရာတော်။ ။ ပြောတော့ ... ဒကာကြီးက ဘယ့်နှယ်တုန်း။ သူတို့လိုဖြစ်အောင် လုပ်သလားဗျာ့။

တရားနာခံ။ ။ တပည့်တော်ကတော့ လုပ်မယ် .. လုပ်မယ်နဲ့ ... နေပါအုန်း ... မနက်ဖြန်မှ ... ဒီလိုနဲ့ပဲ ဒီနေ့ရောက်လာပါတယ်ဘုရား။

ဆရာတော်။ ။ လုပ်မယ် ... လုပ်မယ်ဆိုတာ လိမ်တာလား?

တရားနာခံ။ ။ လိမ်တော့ မလိမ်ပါဘုရား။ လုပ်မယ့်ဆန္ဒတော့ ရှိပါတယ်ဘုရား။ ဝိရိယနည်းလို့ပါဘုရား။

ဆရာတော်။ ။ အဲဒါ လိုချင်လို့ နေတာလား၊ မလိုချင်လို့ နေတာလား?

တရားနာခံ။ ။ အမှန်စင်စစ်တော့ မလိုချင်သေးဘူးလို့ ဆိုရမှာပဲဘုရား။

ဆရာတော်။ ။ အဟုတ်ကို မလိုချင်တာလား?

တရားနာခံ။ ။ လိုတော့ လိုချင်ပါတယ်ဘုရား။ တပည့်တော်လိုချင်တာက ဒီနေ့ ထီနှစ်ကျပ်ဖိုးထိုး မနက်ဖြန် တစ်သိန်းပေါက် ... ဒီလိုဟာ လိုချင်နေတာဘုရား။

ဆရာတော်။ ။ ထီထိုးတာလဲ ဒီကနေ့ထိုးရင် မနက်ဖြန် ပေါက်ပါ့မလား?

တရားနာခံ။ ။ ထီဖွင့်နေတုန်း ထိုးရင် တခါတလေ ထိုးနေတုန်း ဟိုက ပေါက်ချင် ပေါက်မှာပဲဘုရား။

ဆရာတော်။ ။ နို့ ဒကာကြီး ယခုကော ထီဖွင့်တဲ့အချိန်ပါပဲဗျာ့။ ဒကာကြီးက ထိုးရုံပဲ ရှိပါတယ်ဗျာ့။

တရားနာခံ။ ။ တပည့်တော်က ဒီထိတော့ လက်နှေးနေပါတယ်ဘုရား။

ဆရာတော်။ ။ ဒါ အဟုတ်ကို ထီဖွင့်တဲ့အချိန် မဟုတ်လား။ ငွေနှစ်ကျပ် မပေးပါနဲ့ဗျာ။ ငွေနှစ်ကျပ် မပေးဘဲနဲ့ ဒီထီက ထိုးလို့ ရပါတယ်ဗျာ့။ မလွယ်ဘူးလား။ ဒကာကြီးက အလွယ်လိုက်တာနဲ့ နေရာကျတာပေါ့။ ဒါဖြင့် ယခု ထိုးတော့မလား။

တရားနာခံ။ ။ ထိုးပါမယ် ဘုရား။

ဆရာတော်။ ။ အဟုတ်လုပ်မှာ ဟုတ်ကဲ့လား?

တရားနာခံ။ ။ တပည့်တော်က အရှင်ဘုရားကို မလိမ်ဝံ့ပါဘုရား။ ထိုးပါ့မယ် လုပ်ပါ့မယ်ဘုရား။

ဆရာတော်။ ။ ယခု လုပ်ပါ့မယ်ဆိုတာ အဆင်သင့်လား?

တရားနာခံ။ ။ အဆင်သင့်ပါဘုရား။

ဆရာတော်။ ။ အားထုတ်တဲ့အခါကျတော့ ထိုင်ရင်း ဘယ့်နှယ်ဖြစ်သလဲ?

တရားနာခံ။ ။ ထိုင်ရင်းက ပျင်းပျင်းလာပြီး အိပ်ငိုက်လာပြီး အိပ်ပျော်သွားပါတယ်ဘုရား။

ဆရာတော်။ ။ ဒကာကြီးက အိပ်ကောင်းတဲ့ နေရာမျိုးမို့ အိပ်ငိုက်တာဗျာ့။ ဘယ်လိုနေရာမျိုးမှာ လုပ်ရမလဲဆိုရင် အိပ်ငိုက်လိုက်ရင် လိမ့်ကျမယ့် နေရာမျိုးမှာ လုပ်ရင် ဒကာကြီး အိပ်ငိုက်မှာ မဟုတ်ဘူး။ ဟုတ်ကဲ့လား။

တရားနာခံ။ ။ မှန်ပါ့ဘုရား။ ဒီလိုနေရာမျိုးဆိုရင် လိမ့်ကျမှာစိုးလို့ အိပ်ငိုက်မှာ မဟုတ်ပါဘူးဘုရား။

ဆရာတော်။ ။ အေး ဒါဖြင့် အဲဒါလုပ်။ ဒကာကြီးက သေမှာကြောက်ရင် ဘယ်တော့မှ အိပ်ပျော်မှာ မဟုတ်ဘူး။ ကျမှာ ကြောက်တာနဲ့ ဒကာကြီး အိပ်ငိုက်မှာ မဟုတ်ဘူး။

တရားနာခံ။ ။ မှန်ပါ့ဘုရား။

ဆရာတော်။ ။ အေး ... ဒါဖြင့် ခပ်မြင့်မြင့် နေရာကလေးမှာ ထိုင်မယ်ဆိုတော့ ဘယ်နေရာမှာ ထိုင်မလဲ?

တရားနာခံ။ ။ လှေကားပေါ်မှာ ထိုင်မှ ထင်ပါရဲ့ ဘုရား။

ဆရာတော်။ ။ အေး အဲဒါလုပ်ရင် ဒကာကြီး သေသေချာချာ မငိုက်ဘူးဗျာ့။

တရားနာခံ။ ။ မငိုက်ပါဘူး ဘုရား။ ဘာလို့လဲဆိုရင် လိမ့်ကျရင် ခြေထောက်တို့ လက်တို့ ကျိုးမှာစိုးတာနဲ့ မငိုက်ဝံ့ပါဘူး ဘုရား။

ဆရာတော်။ ။ အဲဒါ ထိနမိဒ္ဓ ချက်ချင်း နိုင်တာပဲဗျာ့။ အဲဒါနဲ့သာ လုပ်ကြ၊ ကြားလား?

တရားနာခံ။ ။ တင်ပါ့ ဘုရား။

ဆရာတော်။ ။ လုပ်ပါ ... လုပ်ပါဆိုရင်လဲ အဲဒါနဲ့သာ လုပ်ကြ။ ရှေး အရှင်တွေက ဒီလိုလုပ်တာဗျာ့။ သေမှာတော့ သိတယ် မဟုတ်လား?

တရားနာခံ။ ။ သိပါ ဘုရား။

ဆရာတော်။ ။ ဒါဖြင့် အိပ်ပျော်သေးသလား?

တရားနာခံ။ ။ အိပ်ပျော်တာပဲ ဘုရား။

ဆရာတော်။ ။ ဒါဖြင့် မသိလို့နေမှာပါဗျာ။

တရားနာခံ။ ။ တပည့်တော်တို့အရွယ်ကတော့ မသာပို့ချည်းပါပဲ ဘုရား။ မသာပို့တဲ့အခါ သင်းချိုင်းရောက်ရင် ရယ်လို့ မောလို့။ သူသာသေတာ ငါမသေဘူး ဆိုပြီး အဲဒီလိုနဲ့ အချိန်ကုန်တာပါပဲ ဘုရား။

ဆရာတော်။ ။ အဲဒီတော့ ယခုန သေမှာကို အဟုတ်သိသလား?

တရားနာခံ။ ။ အဟုတ် မသိဘူးလို့ ပြောရမှာပဲ ဘုရား။

ဆရာတော်။ ။ အဟုတ်သိရင် အဟုတ်ကို အိပ်လို့ ပျော်မှာ မဟုတ်ဘူးဗျာ့။

တရားနာခံ။ ။ မပျော်နိုင်ပါဘူး ဘုရား။

ဆရာတော်။ ။ ဘယ်လိုလဲဆိုရင် ရှေးက ဓမ္မာသောကမင်းကြီးရဲ့ညီတော် အိမ်ရှေ့မင်းဟာ တိဿဆို ထင်ပါရဲ့ ... ဟုတ်ကဲ့လား?

တရားနာခံ။ ။ တင်ပါ့ ဘုရား။

ဆရာတော်။ ။ ဓမ္မာသောကမင်းကြီးကတော့ ဘုရားရှင်သာသနာ ဘုရားအဆုံးအမတွေ ရလို့ ပါရမီရှိတော့ ကြည်ညိုပြီး ... ပြုလိုက်တာ တကျွန်းလုံး မဟုတ်လား။ အကုန်လုံးမှာ အတုအတူမရှိအောင် အဲဒီလို ပြုပါတယ်။

ဒါပေမယ့် ညီတော် အိမ်ရှေ့မင်းသားကတော့ ဖာသိဖာသာ နေတာဗျာ့။ နောက်နေ့မှာ သူဟာ ညည်းငွေ့လို့ တောထဲကို လျှောက်ပြီး သွားတဲ့အခါကျတော့ သမင်တွေ ပျော်လို့ ရွှင်လို့ မြူးလို့နေတာကို သူမြင်တယ်။ မြင်တဲ့အခါမှာ သူ့စိတ်မှာ အကြံတစ်ခုဖြစ်တယ်။ ဘယ်လို အကြံတစ်ခုဖြစ်သလဲဆိုရင် သူတို့တတွေဟာ မြက်သစ်ရွက်တွေကို စားပြီးတော့ မြူးကြ ပျော်ကြ ရွှင်ကြတယ်။ နောင်တော်ဘုရားဟာ မြင့်မြတ်ပေ့ဆိုတဲ့ ခဲဖွယ်ဘောဇဉ်တွေနဲ့ အတုအတူမရှိအောင် ဒီလိုပူဇော်တယ်။ နေရာထိုင်ခင်းကလဲ မြင့်မြတ်ပေ့ဆိုတဲ့ နေရာထိုင်ခင်းတွေနဲ့ ချီးမြှောက်ပူဇော်တယ်။ အဲဒီလို ချီးမြှောက် ပူဇော်တဲ့ အမြင့်မြတ်ဆုံးဟာတွေနဲ့၊ အကောင်းဆုံး အမြင့်မြတ်ဆုံးနေရာမှာ ဒီလိုနေတဲ့ ရဟန်းတွေလဲ မြူးမှာ ပျော်မှာပါပဲတဲ့ဗျာ။

ဘာကြောင့်လဲဆိုရင် မြက်သစ်ရွက်တွေ စားပြီးနေကြတဲ့ တောသမင်တွေတောင်မှပဲ ဒီလို မြူးကြ ပျော်ကြ ရွှင်ကြသေးတယ်ဆိုပြီး စိတ်ထဲမှာ တခါတည်း ဒီလိုဖြစ်တာပဲတဲ့ဗျာ။

ဖြစ်တော့မှ ... နန်းတော်ပြန်ရောက်တဲ့အခါမှာ နောင်တော်ဘုရားကို ဒီအတိုင်းပဲ သံတော်ဦးတင်တယ်တဲ့ဗျာ။

တင်တော့မှ ... နောင်တော်က ငါ့ညီတော်ကိုဖြင့် ဒီအတိုင်းတိုင်း ပြန်ပြီး ပြောလို့တော့ သိမှာ မဟုတ်သေးဘူး။ နေပါစေဦး။ တဖြည်းဖြည်းတော့မှပဲ သိစေရတော့မှာပဲလို့ ဆိုပြီး အသာသာ နေတယ်တဲ့ဗျာ။

နောက်တော့ အကြောင်းတစ်ခု ပေါ်ပေါက်လာတဲ့အခါကျတော့ စိတ်ထဲ သဘောမကျပုံ ဒေါသဖြစ်ဟန်နဲ့ အပြစ်ကလဲ ပြောလောက်အောင်နဲ့ပေါ့ဗျာ။ အဲဒီလိုဖြစ်တဲ့အခါမှာ ညီတော်ကို ခေါ်ဟေ့ ဆိုပြီးတော့ အဲဒီမှာ နောင်တော်ဘုရားက မင်းဟာ ငါ့ညီတော်ဖြစ်သည့်အားလျော်စွာ ဧကရာဇ်မင်းရဲ့ စည်းစိမ်ချမ်းသာနဲ့ ခုနစ်ရက် နေတော့။ နေလို့ ခုနစ်ရက်စေ့ပြီဆိုရင် ညီတော်ကို သတ်ရမယ်ဆိုပြီး အမိန့်ချမှတ်လိုက်တယ်။

အဲဒီလို အမိန့်ချမှတ်ပြီးတဲ့နောက် ဧကရာဇ်မင်းရဲ့ စည်းစိမ်ချမ်းသာတွေကို လွှဲအပ်ပေးတယ်ဗျာ့။ ခုနစ်ရက်စေ့တဲ့အခါကျရင် မင်းကိုတော့ မထားတော့ဘူး။ သတ်ရမယ်လို့ အဲဒီလို အမိန့်တော်ထားလိုက်တယ်။

ဒီအိမ်ရှေ့မင်းဟာ ခုနစ်ရက်စေ့တဲ့အခါကျရင် သေတော့မှာဗျာ့။ ဘယ်လိုလဲဆိုရင် သူ့မှာ အပြစ်နဲ့ပြပြီး အမိန့်ချမှတ်တာကိုဗျာ့။

အဲဒီလို အာဏာထားလိုက်ကတည်းက ဒီအိမ်ရှေ့မင်းဟာ ခုနစ်ရက်လည်ရင် သေတော့မှာဆိုပြီး တခါတည်း ကြောက်ပြီး နေတော့တာပဲတဲ့ဗျာ။ အဲဒီတော့ နောက်ခုနစ်ရက်နေပြီးရင် သတ်တော့မှာကို ကြောက်တာနဲ့ စားလို့လဲ မဝင်၊ အိပ်လို့လဲ မပျော်၊ တကြောက်တည်း ကြောက်နေတော့တာပဲ။ ခုနစ်ရက်စေ့ရင် သေမှာကိုးဗျာ့။ ကြောက်တာပေါ့။

အဲဒါနဲ့ ခုနစ်ရက်လဲ စေ့ရော ... ညီတော် ခေါ်ဟဲ့လို့ ဆိုပြီးတော့ ... ရောက်လာတဲ့အခါမှာ အမယ်မင်း သူ့မှာ ပိန်လို့ ချုံးလို့နဲ့ အကြောအပြိုင်းပြိုင်း ထလို့။ အဲဒီလို ဖြစ်နေတာကိုးဗျာ့။

ဒီတော့မှ နောင်တော်ဘုရားက ဘယ့်နှယ် မင်းဟာ ရှေးအခါကလို မဟုတ်ပါလား။ မင်းမှာ အရင်ကတော့ အလွန်ပဲ အားအင်နှင့်တကွ ကြည်လင်တောက်ပလို့ ရှုချင်စဖွယ်အဆင်းနဲ့ တင့်တယ်၊ ယခုတော့ မင်းဟာ ဧကရာဇ်မင်းရဲ့ စည်းစိမ်ချမ်းသာနဲ့ နေတဲ့အခါကျတော့မှ မင်း .. ဘယ့်နှယ်ဖြစ်ရသလဲလို့ မေးတော့၊ မှန်လှပါဘုရား ... ညီတော်ကြောက်လှပါပြီဘုရား။

ဒီတော့ နောင်တော်က ယခု မင်းဟာ ဧကရာဇ်မင်းရဲ့ စည်းစိမ်ချမ်းသာနဲ့ ရွှင်ရွှင်ပျော်ပျော်ကြီး နေရတော့မှာပဲ ... ဒီလိုဖြစ်ရသလား မေးတော့၊ မှန်လှပါ မပျော်နိုင် မရွှင်နိုင်ပါဘူး ဘုရား။ ညစဉ်ညတိုင်း မအိပ်နိုင်ပါဘုရား။ ဘာကြောင့်လဲဆိုတော့ဘုရား .. ညီလေးမှာ ခုနစ်ရက်စေ့တဲ့အခါ ဧကန္တ သေတော့မှာပဲလို့ဆိုတာ ကြောက်နေပါတယ်ဘုရား။ အဲဒီလို ကြောက်တာနဲ့ သူ့မှာ အိပ်လို့လဲ မပျော်၊ စားလို့လဲ မဝင်၊ ဘယ်လိုမှ မပျော်နိုင်၊ မရွှင်နိုင်ပါဘူးလို့ လျှောက်သတဲ့။

အဲဒီလောက်အထိ ကြောက်တာဗျာ့။ ဘယ်လောက်ကြောက်သလဲဆိုရင် အိပ်လို့လဲ မပျော်ဘူးတဲ့။ ကြောက်လွန်လွန်းလို့ မြင့်မြတ်တဲ့ ဧကရာဇ်မင်းရဲ့ စည်းစိမ်တွေ ရထားတော့ အစစအရာရာ အမြင့်မြတ်ဆုံး အကောင်းဆုံးတွေချည်း မဟုတ်လား။ ထီးပွဲ နန်းပွဲတွေနဲ့။ ဒါပေမယ့် သူမပျော်နိုင်ပေါင်တဲ့ဗျာ။ ဘယ်လိုလဲဆိုတော့ သေရမှာကို ကြောက်လွန်လွန်းလို့တဲ့ဗျာ။

အဲဒီလိုဘုရား ညီတော်မှာ သေရမှာ ကြောက်လွန်လွန်းလို့ဘုရားလို့ လျှောက်တော့မှ ဟဲ့ ညီတော် ... မင်းဟာ ခုနစ်ရက်နေပြီးမှ သေရမှာ ဒီလောက်ကြောက်ရသလားလို့ ဆိုတယ်။ ဒီတော့ မှန်လှပါ ကြောက်လှပါပြီဘုရား တဲ့။

ဒီတော့ နောင်တော်ဘုရားက အေး ... အခု မင်းဟာ ဧကရာဇ်မင်းရဲ့ စည်းစိမ်တွေကို ခံစားစံစားပြီးတော့ ခုနစ်ရက်နေပြီးမှ သေမှာကိုတောင် မင်းယခုလောက်အထိ ကြောက်နေတယ်။ ငါရဲ့ အရှင်သခင်များဟာဆိုရင် တစ်နေ့ကလေးကိုပင်လျှင်ပဲ ယခုနပြောတဲ့ လက်ဖျစ်တစ်တွက်မှာဆိုရင် ဒီရုပ်နာမ်ဟာ ဖြစ်ပျက်ပြီးနေတာ ... ဘယ်လောက်တဲ့ ... လက်ဖျစ်တစ်တွက်မှာဆိုရင် ကုဋေပေါင်း တစ်သိန်း ... ဟုတ်ကဲ့လား?

(ဟုတ်ပါတယ် ဘုရား)

အေး ... အဲဒါတွေကို မြင်ပြီးတော့ ဒါတွေကို တကြောက်တည်း ကြောက်နေတာ။ မင်းကမှ ခုနစ်ရက် နေပြီး သေရမှာကို ဒီလောက်တောင် ကြောက်ရသလား။ ငါ့အရှင်များမှာတော့ ဘယ်လိုတုန်းဆိုတော့ ယခုနလိုဗျာ့။ လျှပ်တပြက် လက်ဖျစ်တစ်တွက်မှာဆိုရင် ရုပ်နာမ်ဟာ ဖြစ်ပြီးတော့ ပျက်နေတာ။ ဒီလို ဖြစ်ပြီးတော့ ပျက်နေတာဟာ တခြားမဟုတ်ဘူး။ ဒါတွေကို သိပြီးတော့ မြင်ပြီးတော့ အဲဒါကို ကြောက်နေတာဗျာ့။ အဲဒီတော့ ဘယ်ကသွားပြီး ရွှင်နိုင်ပျော်နိုင်လိမ့်မလဲလို့ ဆိုတော့မှ သူ့မှာ သိသတဲ့ဗျာ့။

နင်ကမှ ခုနစ်ရက် နေပြီးမှ သေမှာ။ ဟိုကတော့ ဒီလို မဟုတ်ဘူး။ တသေတည်း သေနေတာ။ အဲဒါတွေကို မြင်နေတော့ ငါ့အရှင်သခင်တွေဟာ နင်လောက် ဘယ်ကမလဲ ဆိုတော့ ... အဲဒီကျတော့မှ မှားပြီဆိုပြီး သိတော့မှ ကြည်ညိုလာသတဲ့ဗျာ။ အဲဒီကျတော့မှ နားလည်တာကိုးဗျာ့။ နို့မဟုတ်ရင် ယခုနလို သူက တွေးတောမှာပဲဗျာ့။ အဲဒီလိုဗျာ့။

ယခုလဲ ဒီလိုပြောလို့တော့ တကာကြီး မကြောက်ဘူးပေါ့လေ။

တရားနာခံ။ ။ ဒီလိုပြောလို့တော့ သိပ်မကြောက်သေးပါဘူး ဘုရား။

ဆရာတော်။ ။ သိပ်မကြောက်ရင် ယခုနဟာနဲ့မှ တော်မယ်ဗျာ့။ လှေကားထောင်ပြီးတော့ အဲဒီပေါ်မှာသာ လုပ်။ အိပ်သာ အိပ်ဗျာ ... ငိုက်ပါလို့ ဘေးက ပြော၊ ဘယ့်နှယ်လဲ?

တရားနာခံ။ ။ ဘယ် ငိုက်ဝံ့ အိပ်ဝံ့မလဲ ဘုရား။

ဆရာတော်။ ။ ဘယ်သူမကြောက်သေးသလဲ? ဒကာကြီး တစ်ယောက်တည်းလား?

တရားနာခံ။ ။ ကြောက်တဲ့လူ လာဆိုရင် လှေကားကျိုးကျပါလိမ့်မယ်ဘုရား။ ယခု ပရိသတ်တွေ အကုန်လုံး တက်လိမ့်မယ် ထင်တယ် ဘုရား။

ဆရာတော်။ ။ ဒကာကြီးကသာ မကြောက်တာ။ ကြောက်ပြီးသားတွေကတော့ မတက်ပါဘူးဗျာ့။ ဒကာကြီးတစ်ယောက်တည်းပါပဲ။ ဟုတ်ကဲ့လား?

တရားနာခံ။ ။ ဟုတ်ပါတယ် ဘုရား။

ဆရာတော်။ ။ အေး ... အဲဒါ သေတော့ မသေပါဘူး။ လှေကားပေါ်က ကျရုံနဲ့တော့ မသေနိုင်ပါဘူး။ ဒါဖြင့် အဲဒါက အလုပ်ဗျာ့။ နိသဇ္ဇိဓုတင်တွေ ဘာတွေ လုပ်မနေနဲ့။ အဲဒါပဲ လုပ်။

တရားနာခံ။ ။ လှေကားဓုတင်လား ဘုရား။

ဆရာတော်။ ။ အေး ... ဒါသာလုပ်ရင် ဒကာကြီး သေသေချာချာကို ငိုက်မှာ မဟုတ်ဘူး။

တရားနာခံ။ ။ မငိုက်ဝံ့တော့ပါဘူး ဘုရား။

ဆရာတော်။ ။ အေး ... အဲဒါ အကောင်းဆုံးပဲ။ ဒါတောင် မဖြစ်ဘူးဟဲ့လို့ လုပ်နေဦးမလား။ အခု ဒီပရိသတ်ထဲမှာ တူမဒကာမကြီးတွေ ပါလား။ ပါရင် သူတို့ကို အဲဒါသာ လုပ်ပေးလိုက် ကြားလား။ တခြား မသွားချင်ရင်လဲ ခုံခပ်ငယ်ငယ်ကလေးတစ်ခု ထုတ်ပေး ... အဲဒီအပေါ်မှာ ထိုင်ပစေ။

တရားနာခံ။ ။ စားပွဲခုံပေါ်မှာ ခွေးခြေကလေး တင်လိုက်ရင် တော်လောက်ပါပြီ ဘုရား။

ဆရာတော်။ ။ အေးဗျာ့။ အဲဒါသာ လုပ်။ တကယ်လုပ်မှာလား? တော်တော်ကြာ မလုပ်ခင် အိပ်ပျော်သွားဦးမယ် ထင်တယ်။

တရားနာခံ။ ။ မအိပ်ပါဘူး ဘုရား။

ဆရာတော်။ ။ အေး အဲဒါဆိုရင် ထိနမိဒ္ဓ နိုင်တန်ကောင်းပါရဲ့။

တရားနာခံ။ ။ နိုင်ကောင်းပါတယ် ဘုရား။

ဆရာတော်။ ။ သို့သော်လဲပဲ မအိပ်ဘဲ နေရုံ၊ ကြောက်ရုံနဲ့ မဖြစ်ဘူး။ မအိပ်ဘဲနေတာက ယခုန ထားဆိုတဲ့ နေရာကလေးမှာ ထားလို့ နေပြီဆိုရင် နေတဲ့အချိန်က စပြီး ဒီထက်ဒီ အချိန်ကြာသလောက် တိုးတက်လာမှာပဲဗျာ့။ ယခုနဟာတွေကို မြင်လာမယ်။ မြင်လို့ရှိရင် ယခုန တိဿကြောက်သလောက် မကဘူး ထင်တယ်။

တရားနာခံ။ ။ သူ့ထက် ကြောက်လာပါလိမ့်မယ် ဘုရား။

ဆရာတော်။ ။ ယခုန အိမ်ရှေ့မင်းလို ဧကရာဇ်မင်းရဲ့ စည်းစိမ်နဲ့ နေစမ်းပါဆိုရင် ဒကာကြီး ဘယ့်နှယ်လဲ?

တရားနာခံ။ ။ မအိပ်နိုင်ပါဘူး ဘုရား။

ဆရာတော်။ ။ ဧကရာဇ်မင်းရဲ့ စည်းစိမ်နဲ့တောင်မှ မအိပ်နိုင်ဘူးဆိုရင် ယခု အိမ်ပြန်သွားရုံနဲ့တော့ ဘယ်နည်းနဲ့မှ အိပ်မှာ မဟုတ်ဘူး ထင်တယ်။

တရားနာခံ။ ။ ဟုတ်ပါတယ် ဘုရား။

ဆရာတော်။ ။ အေး ... ဒါဖြင့် ဒိပြင်ဟာတွေ ပြောရတာထက် ယခုလိုဆိုရင် စောစောတုန်းကပဲ ပြောပါတော့ဗျာ။

တရားနာခံ။ ။ တင်ပါ့ဘုရား။ စားပွဲပေါ် ခွေးခြေတင်ထားလိုက်တာနဲ့ပဲ တော်ပါပြီဘုရား။

ဆရာတော်။ ။ ဒကာကြီးလို အိပ်ပျော်တဲ့လူ ရှိသေးသလား?

တရားနာခံ။ ။ ရှိပါလိမ့်မယ် ထင်ပါရဲ့ဘုရား။

+++++

ဝေဘူဆရာတော်ဘုရားကြီး၏ ၁၉၅၅ ခုနှစ် မေလ ၉ ရက်နေ့ညတွင် ရန်ကုန်တက္ကသိုလ် ဓမ္မာရုံ၌ ဟောကြားတော်မူသော `အချိန်ရှိတုန်း ကြိုးစားကြ´ တရားတော် မှ ကောက်နုတ်ချက်။

တရားနာခံအဖြစ် ဦးလှက ဆောင်ရွက်သည်။