Friday, August 31, 2012

နိဗ္ဗာန်ရောက်ကြောင်းတရားတော် - အောင်ဆန်းဆရာတော်

အမေရိကန်နိုင်ငံသို့ ဓမ္မဒူတခရီး ကြွရောက်လျက်ရှိသော အောင်ဆန်းဆရာတော် ဘဒ္ဒန္တသဒ္ဓမ္မကိတ္တိသာရ (အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ)သည် ၂၀၁၂ ခုနှစ် သြဂုတ်လ ၂၉-ရက် ဗုဒ္ဓဟူးနေ့ညနေတွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ `နိဗ္ဗာန်ရောက်ကြောင်းတရားတော်´ကို ဓမ္မဒါနပြု ဟောကြားခဲ့၏။


+++++

တရားတော်ဆောင်ပုဒ်များ

  • ဒေါသနဲ့သေ၊ ငရဲပြည်၊ ရောက်လေဧကန်ပါ။
  • မောဟနဲ့သေ၊ တိရစ္ဆာန်ပြည်၊ ရောက်လေဧကန်ပါ။
  • လောဘနဲ့သေ၊ ပြိတ္တာပြည်၊ ရောက်လေဧကန်ပါ။
  • မာနနဲ့သေ၊ အသူရကာယ်ပြည်၊ ရောက်လေဧကန်ပါ။

တရားနာလျှင်၊ သဒ္ဓါရွှင်၊ ပညာအသိတိုး။
သိတာကျင့်က၊ နိဗ္ဗာန်ရ၊ မုချကိုယ့်အကျိုး။

  • သစ္စာလေးပါးကို မသိသော ပုဂ္ဂိုလ်များ၏ နေမြဲအိမ်သည် အပါယ်လေးပါး ဖြစ်သည်။

မနေရလို့ သေရသောခါ၊ ကိုယ့်နောက်ကိုများ၊ ဘာများပါမှာ
ပစ္စည်းစုစု၊ တစ်ခုမပါ၊ ကိုယ်ပြုငြား ကံများ ကိုယ့်နောက်ပါ။

  • ကမ္ဘာမီးထက် ပူချက်ပြင်းထန်၊ ဘယ်မီးတွေလဲ ဉာဏ်နဲ့ဝေဖန်၊ ကိလေသာမီး ထိန်ညီးဝင်းလျှံ၊ ဘဝတိုင်း မဆိုင်းလောင်နေပြန်။

မနောဒွါရဝီထိများ၊ ဗာလနက္ခတ်ပွဲကြွေးကြော်သံများနှင့် မိမိကိုယ်ကို စောင့်ရှောက်ပါ

၂၀၁၂ ခုနှစ် သြဂုတ်လ ၂၅-ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ တစ်နာရီ တရားရှုမှတ် ပွားများခြင်း၊ ဓမ္မသင်တန်းများနှင့် ဆည်းဆာတရားပွဲတို့ကို ကျင်းပ ပြုလုပ်၏။ လ၏ နောက်ဆုံး စနေနေ့ တစ်ရက်တရားစခန်း ကျင်းပ ပြုလုပ်ရန် ဖြစ်သော်လည်း ယခုလအတွက် မပြုလုပ်ဖြစ်သောကြောင့် ဓမ္မသင်တန်းများနှင့် တရားပွဲများ ပြုလုပ်ဖြစ်၏။

မွန်းလွဲ ၂ နာရီမှ ၃ နာရီအထိ တရားရှုမှတ်ခြင်း မပြုလုပ်မီ လောကချမ်းသာဆရာတော်က မိနစ်အနည်းငယ်မျှ တရားချီးမြှင့်၏။ နယူးဂျာစီမှ ကိုးရီးယားအမျိုးသားတစ်ဦး လာရောက် တရားရှုမှတ်သဖြင့် ဆရာတော်က အင်္ဂလိပ်ဘာသာဖြင့် ဟောကြား၏။

+++++

ယခုအပတ်တွင် အဘိဓမ္မာသင်တန်းကို ရှေးဦးစွာ ပြုလုပ်ရာ ဆရာတော် အရှင်ဝဏ္ဏိတက မနောဒွါရဝီထိများအကြောင်းကို ရှင်းလင်း သင်ကြား၏။

+++++

ဓမ္မပဒသင်တန်းတွင် ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတက ဓမ္မပဒ၊ အပ္ပာမာဒဝဂ်၊ ဂါထာ ၂၆-၂၇၊ ဗာလနက္ခတ်ပွဲကြွေးကြော်သောဝတ္ထုအကြောင်း သင်ကြား ပို့ချ၏။

+++++

လောကီရတနာ (၇)ပါး

(၁) သုဝဏ္ဏ = ရွှေ

(၂) ရဇတ = ငွေ

(၃) မုတ္တ = ပုလဲ

(၄) မဏိ = ပတ္တမြား

(၅) ဝေဠုရိယ = ကြောင်မျက်ရွဲ

(၆) ဝဇိရ = စိန်

(၇) ပဝါဠ = သန္တာ

လောကုတ္တရာရတနာ (၇)ပါး

(၁) သဒ္ဓါ

(၂) သတိ

(၃) ဝီရိယ

(၄) ပညာ

(၅) ဗာဟုသစ္စ

(၆) ဟိရီ

(၇) သြတ္တပ္ပ

+++++

ပဋိသမ္ဘိဒါ (၄)ပါး

(၁) အတ္ထပဋိသမ္ဘိဒါ = အကျိုးကို သိသောဉာဏ်။

(၂) ဓမ္မပဋိသမ္ဘိဒါ = အကြောင်းကို သိသောဉာဏ်။

(၃) နိရုတ္တိပဋိသမ္ဘိဒါ = သဒ္ဒါကို သိတတ်သောဉာဏ်။

(၄) ပဋိဘာနပဋိသမ္ဘိဒါ = သစ္စာလေးပါးကို ထိုးထွင်း၍ သိတတ်သောဉာဏ်။

ပဋိသမ္ဘိဒါဉာဏ်ရကြောင်းတရား (၈)ပါး

(၁) ပုဗ္ဗယောဂ = ရှေးဘဝ၌ ၎င်းဉာဏ်မျိုးစေ့ ထူထောင် ဆုတောင်း စိုက်ပျိုးခဲ့ခြင်း။

(၂) ဗာဟုသစ္စ = အကြားအမြင်များခြင်း။

(၃) ဒေသိယဘာသာဆေက = ဒေသအမျိုးမျိုးတို့၌ ပြောကြားသော ဘာသာစကားအမျိုးမျိုးတို့ကို တတ်သိလိမ္မာခြင်း။

(၄) အာဂမ = မြတ်စွာဘုရား၏ ပါဠိတော်ကို အာဂုံဆောင်ခြင်း။

(၅) ပရိပုစ္ဆာ = ပါဠိတော် အဋ္ဌကထာတို့၌ မေးမြန်းလေ့ရှိခြင်း။

(၆) အဓိဂမ = ဈာန် မဂ် ဖိုလ်တရားကို ရခြင်း။

(၇) ဂုရုသန္နိဿယ = ဗဟုသုတပြည့်စုံသော ဆရာ့ထံပါး၌ ဆည်းကပ် ခစားခြင်း။

(၈) မိတ္တသမ္ပတ္တိ = ပညာရှိ မိတ်ဆွေကောင်းတို့နှင့် ပြည့်စုံခြင်း။

+++++

လောကချမ်းသာဆည်းဆာတရားပွဲကို ဆက်လက် ကျင်းပ ပြုလုပ်ရာ ဆရာတော် အရှင်ဝိမလက ကောသလသံယုတ်၊ ဝင်္ဂီသသံယုတ်ကို အခြေခံ၍ ``မိမိကိုယ်ကို စောင့်ရှောက်ပါ´´တရားတော်ကို ဟောကြား၏။

တရားပွဲပြီးသော် ကုသိုလ်ကောင်းမှုတို့ကို အမျှပေးဝေကြ၏။

သာဓု ... သာဓု ... သာဓု။

Thursday, August 30, 2012

လူ့အဖြစ်ရခဲတယ်လည်း ဆိုတယ်၊ လူတွေလည်း များလှပါလား ဘုရား (ဓမ္မဒူတ အရှင်ပညာဇောတ)

စူဠပန္ထကမထေရ်၊ ဝီထိများနှင့် ``ကြုံခဲလှစွာ တရားငါးဖြာ´´

နွေရာသီပိတ်ရက်များ၊ မဟာစည်ဆရာတော်ဘုရားကြီး၏ ဂုဏ်ရည်ပူဇော်ပွဲနှင့် စုပေါင်း ရှင်ပြု ရဟန်းခံပွဲအပြီး ဒုလ္လဘရဟန်းတော်များ၏ ၇-ရက် တရားစခန်းတို့ကြောင့် အဆက်ပြတ်နေသော ဓမ္မသင်တန်းများနှင့် လောကချမ်းသာ ဆည်းဆာတရားပွဲတို့ကို ၂၀၁၂ ခုနှစ် သြဂုတ်လ ၁၈-ရက် စနေနေ့တွင် ပြန်လည် ကျင်းပ ပြုလုပ်၏။

ဓမ္မပဒသင်တန်းပြဆရာတော် အရှင်စက္ကိန္ဒမှာ ပင်ဆယ်ဗေးနီးယားပြည်နယ်၊ ဖီလာဒဲဖီးယားမြို့၊ သိရီရတနာဘုန်းတော်ကြီးကျောင်း၌ ယခုနှစ် ဝါမဆိုမီမှ စ၍ ကျောင်းထိုင်ဆရာတော်အဖြစ် ကြွရောက် သီတင်းသုံးရာ၊ ဘော်စတွန်မြို့ မဟာသတိပဋ္ဌာန်ကျောင်းမှ နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ ယခုနှစ် ဝါဆိုသော ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတက ဓမ္မပဒသင်တန်းကို သင်ကြား ပို့ချပေး၏။

+++++

အဘိဓမ္မသင်တန်း ဝီထိပိုင်းကို ဆရာတော် အရှင်ဝဏ္ဏိတက သင်ပြ၏။

+++++

လောကချမ်းသာ ဆည်းဆာတရားပွဲတွင် ဘော်စတွန်မြို့ မဟာသတိပဋ္ဌာန်ကျောင်း ဆရာတော် အရှင်အဘယာလင်္ကာရက ``ကြုံခဲလှစွာ တရားငါးဖြာ´´ကို ဓမ္မဒါနပြု ဟောကြား၏။

+++++

တရားတော်ဆောင်ပုဒ်များ

(၁) ဘုရားပွင့်ရာ၊ သာသနာ၊ လွန်စွာခဲယဉ်းသည်။

(၂) သာသနာတွင်း၊ လူဖြစ်ခြင်း၊ လွန်မင်းခဲယဉ်းသည်။

(၃) ရတနာသုံးတန်၊ ယုံကြည်ရန်၊ အမှန်ခဲယဉ်းသည်။

(၄) သာသနာ့ဝန်ထမ်း၊ ရှင်ရဟန်း၊ ဆင်မြန်းဝတ်ဖို့ခဲယဉ်းသည်။

(၅) နိဗ္ဗာန်ရောက်ရန်၊ တရားမှန်၊ နာခံကျင်ဖို့ခဲယဉ်းသည်။

တရားပွဲပြီးသော် တစ်နေ့တာ ကောင်းမှုကုသိုလ် အစုစုတို့ကို အမျှပေးဝေကြ၏။

သာဓု ... သာဓု ... သာဓု။

Tuesday, August 14, 2012

ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ ဂုဏ်ရည်ပူဇော်ပွဲနှင့် စုပေါင်း ရှင်ပြု ရဟန်းခံပွဲ

အမေရိကန်နိုင်ငံ နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်းတွင် နှစ်စဉ် ကျင်းပ ပြုလုပ်မြဲဖြစ်သော `ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ ဂုဏ်ရည်ပူဇော်ပွဲနှင့် စုပေါင်း ရှင်ပြု ရဟန်းခံပွဲ´ကို ၂၀၁၂ ခုနှစ် သြဂုတ်လ ၅-ရက် တနင်္ဂနွေနေ့တွင် ကျင်းပ ပြုလုပ်၏။

နံနက် ၉-နာရီတွင် စုပေါင်း ရဟန်းခံပွဲကို ကျင်းပ ပြုလုပ်ပြီး၊ မြတ်စွာဘုရားရှင်အား ပန်း, ရေချမ်း, ဆီမီး, ဆွမ်းတို့ ကပ်လှူ ပူဇော်ကြကာ၊ နံနက် ၁၁-နာရီတွင် သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ် လှူဒါန်းကြ၏။ ကြွရောက်လာကြသော ဧည့်ပရိတ်သတ်များအားလည်း မြန်မာထမင်းဟင်း မြန်မာမုန့်များဖြင့် ဧည့်ခံ ကျွေးမွေးကြ၏။

အလှူရှင်များမှာ ကိုထွန်းအေး + ဒင်ပယ် (Cindy) နှင့် သား မောင်မြတ်ကျော် (Ritchie) မိသားစုတို့ ဖြစ်၏။

မွန်းလွဲ ၁-နာရီတွင် အနုမောဒနာတရား နာယူပွဲ ပြုလုပ်ရာ လောကချမ်းသာဆရာတော်က ကျေးဇူးရှင်မဟာစည်ဆရာတော်ဘုရားကြီး၏ ဂုဏ်ရည်ပူဇော်ပွဲ ကျင်းပရခြင်းအကြောင်းကို မိန့်ကြားပြီး၊ ပုသိမ် သဒ္ဓမ္မသီတဂူဆရာတော် ရေးဖွဲ့သော မဟာစည်ဂုဏ်ရည်ဘွဲ့ လင်္ကာများကို ရွတ်ဆို ပူဇော်ကြ၏။

နယူးဂျာစီ မဟာစည်သတိပဋ္ဌာန်ရိပ်သာကျောင်း ဆရာတော် အရှင်ပညာသီဟက အနုမောဒနာတရား ဟောကြားပြီး၊ ဘော်စတွန် မဟာသတိပဋ္ဌာန်ကျောင်း ဆရာတော် အရှင်အဘယာလင်္ကာရက ရေစက်ချ ဆောင်ရွက်ပေး၏။

+++++

+++++

ဆဋ္ဌသင်္ဂီတိပုစ္ဆက အဂ္ဂမဟာပဏ္ဍိတ ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ အတ္ထုပ္ပတ္တိအကျဉ်း

ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးသည် ၁၂၆၆-ခုနှစ် ဒုတိယ ၀ါဆိုလပြည့်ကျော် (၃)ရက် သောကြာနေ့ (၂၉-ဇူလိုင်-၁၉၀၄)၌ ရွှေဘိုမြို့ ဆိပ်ခွန်ရွာတွင် ခမည်းတော် ဦးကံတော်နှင့် မယ်တော် ဒေါ်ရွှေအုပ်တို့မှ ဖွားမြင်သော သားရတနာ ဖြစ်သည်။

ငယ်မည်မှာ `မောင်သွင်´ ဖြစ်သည်။

အသက် (၁၂)နှစ်သားအရွယ်တွင် ရှင်သာမဏေပြုသည်။ ဘွဲ့အမည်မှာ `ရှင်သောဘန´ ဖြစ်သည်။

၁၂၈၅-ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် (၄)ရက်နေ့တွင် ရဟန်းအဖြစ်သို့ ရောက်တော်မူသည်။

၁၂၈၆-ခုနှစ်တွင် ပထမငယ်၊ ၁၂၈၈-ခုနှစ်တွင် ပထမလတ်၊ ၁၂၈၉-ခုနှစ်တွင် ပထမကြီး အောင်မြင်တော်မူ၍ ၁၃၀၃-ခုနှစ်တွင် သာသနဓဇသိရီပ၀ရဓမ္မာစရိယဘွဲ့တံဆိပ်တော်ကို ဆက်ကပ် ခံယူ ရရှိတော်မူသည်။

၁၃၁၁-ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် (၆)ရက်နေ့ (၁၆-နိုဝင်ဘာ-၁၉၄၉)တွင် ရန်ကုန်မြို့ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်မှ ပင့်ဆောင် ကိုးကွယ်၍ သာသနာ့ရိပ်သာသို့ ကြွရောက်တော်မူကာ သာသနာပြုသည်။

၁၃၁၆-ခုနှစ် ကဆုန်လပြည့်နေ့မှ စတင်၍ ကျင်းပခဲ့သော ဆဋ္ဌသင်္ဂါယနာတင်ပွဲကြီးတွင် ဆဋ္ဌသင်္ဂီတိပုစ္ဆကဆရာတော်၊ သြသာနသောဓကဆရာတော်၊ သြသာနသောဓေယျပတ္တပါဌကဆရာတော်အဖြစ် ဆောင်ရွက်ခဲ့သည်။

၁၃၁၃-ခုနှစ်တွင် အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော်ကို ဆက်ကပ် ခံယူရရှိတော်မူသည်။

မဟာစည်သာသနာ့ရိပ်သာ၌ (၄-ဒီဇင်ဘာ-၁၉၄၉)နေ့မှ စ၍ ၀ိပဿနာတရား ဟောကြား ပြသတော်မူခဲ့ရာ ယောဂီပေါင်း တစ်သန်းနှစ်သိန်းကျော် တရားအားထုတ်ခဲ့သည်။ ပြည်တွင်း၌ ရိပ်သာခွဲပေါင်း ၃၀၀ ကျော်နှင့် ပြည်ပနိုင်ငံအများအပြားတွင်လည်း ရိပ်သာများစွာ တည်ထောင် သာသနာပြုခဲ့သည်။

၁၃၄၄-ခုနှစ် ဒုတိယ၀ါဆိုလပြည့်ကျော် (၁၀)ရက် စနေနေ့ (၁၄-သြဂုတ်-၁၉၈၂)၊ သက်တော် (၇၈)နှစ်၊ သိက္ခာတော် (၅၈)၀ါတွင် ပျံလွန်တော်မူသည်။

+++++

မဟာစည်ဂုဏ်ရည်ဘွဲ့

(၁)

စည်တော်သံများ၊ နားကြားရွှင်ကြည်

သဒ္ဓါတရား၊ ပြည့်ထွားစုံညီ

ဘးရန်ခပ်သိမ်း၊ အေးငြိမ်းစေမည်။

ကမ္ဘာဟိန်း အေးငြိမ်းမဟာစည်။

(၂)

ကမ္ဘာပျံ့အောင်၊ ဖြန့်ဖို့ကြံစည်

အမှတ်လုပ်ငန်း၊ ကြိုးပမ်းခဲ့သည်

သတ္တိတော်ထူး၊ ထွတ်ဖူးဂုဏ်ရည်

တရားရေး၊ အားပေးမဟာစည်။

(၃)

အာဂုမ်ယုတ္တိ၊ နှိုင်းညှိစုံညီ

လက်တွေ့တရား၊ စာသွားနဲ့ညီ

စွယ်စုံအံ့လောက်၊ ထွန်းပေါက်ဂုဏ်ရည်

တရားရေး၊ အားပေးမဟာစည်။

(၄)

ကြေညာထက်အောက်၊ အံ့လောက်ပေသည်

ကျော်သတင်းနှင့်၊ ထိန်လင်းလို့ကြည်

လူရှင်အများ၊ အားထားကြသည်

တရားရေး၊ အားပေးမဟာစည်။

(၅)

သာသနာတွင်း၊ ကြုံလျင်းခဲ့သည်

မေ့တဲ့သူများ၊ ပယ်ရှားဖို့ရည်

အပ္ပမာဒ၊ ၀ါဒဖြန့်ချီ

တရားရေး၊ အားပေးမဟာစည်။

(၆)

ဝိသေသဓာတ်၊ ထူးမြတ်ပေသည်

ဇာနည်ယောက်ျား၊ ပေါက်ဖွားပါသည်

သမာဓိနှင့်၊ က၀ိဂုဏ်ရည်

တရားရေး၊ အားပေးမဟာစည်။

(၇)

ယောဂီအများ၊ စိတ်ထားရွှင်ကြည်

အရှင့်ဂုဏ်ပေါင်း၊ ခညောင်းအဉ္ဇလီ

ဆယ်ဖြာစုပေါင်း၊ လက်ချောင်းတင်ချီ

ရွှင်ကြည်ဖြိုး၊ ရှိခိုးစုံအညီ။

(ပုသိမ်) သဒ္ဓမ္မသီတဂူဆရာတော်